Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ထာဝရ မြို့တော် သို့မဟုတ် ကိုနေဘုန်းလတ်
Tuesday, February 5, 2008
ထာဝရ မြို့တော် သို့မဟုတ် ကိုနေဘုန်းလတ်

ကျနော် ဘလော့ဂ်စရေးတော့ ကိုယ့်အရှေ့မှာ ရေးခဲ့ကြတဲ့သူတွေရဲ့ နည်းပညာအရ၊ အနုပညာအရဖန်တီးမှု တွေကို လေ့လာပြီး ဘလော့်ဂ်လေးကို ပြင်ဆင်မွမ်းမံရတာပါ။ နည်းပညာအရဆိုရင် ကိုရန်အောင်တို့၊ ကိုဈာန်တို့၊ ကိုမောင်လှတို့ စသဖြင့်ကို ဖတ်ရပါတယ်။ အနုပညာအရဆိုရင်တော့ ကိုနေဘုန်းလတ် ဘလော့်ဂ်အပါအ၀င်၊ နိုင်းနိုင်းစနေ၊ ကိုယောဟန်အောင်၊ မမေငြိမ်း၊ ကိုမောင်ရင်၊ ကိုပုထုဇဉ် စသဖြင့် (အများကြီး ကျန်ပါသေးတယ်၊ မဖော်ပြနိုင်တာ နားလည်ပါ)။

သူ့ဘလောဂ့်ကတော့ ခေါင်းစဉ်လေးကအစ ကျနော်သဘောကျပါတယ်။ ဘလော့ဂ်ပါစာအရေးအသား တွေကလည်း လေးနက်ပါတယ်။ ကျနော့်ကို အတွေးပွားစေတာက Title Heading ကစပါတယ်။ ဒါကြောင့် ဘာတွေကို အတွေးပွားစေခဲ့တာလည်း ဆိုတာကို သူ့ဘလော့ဂ် တနှစ်ပြည့်အမှတ်တရမှာ ရေးလိုက်ပါတယ်။
နာမည်ပေးတာကိုက သူ့ဘလော့ဂ်နာမည်က လှပါတယ်။ “ကျနော်လွတ်ကျခဲ့တဲ့ မြို့တော်”… တဲ့။

အဲဒီ Title Heading အောက်မှာ ပါတဲ့ ကဗျာ အပိုင်းအစလေးဟာလည်း လှလှပပနဲ့ တွေးစရာတွေပေးပါ တယ်။
..ဖွဲ့ဆိုချင်နေတဲ့ သံစဉ်ချိုချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မျိုထားရတဲ့
ကြိုးပျက်နေတဲ့ ဂစ်တာတလက်ဟာ ကျနော်ဖြစ်တယ်..။

လွတ်ကျခဲ့တဲ့မြို့တော်…
သူ့ရဲ့လွတ်ကျခဲ့တဲ့ မြို့တော် ထဲမှာ ဘာတွေပါသွားခဲ့လဲ။ ပုဂ္ဂလိကခံစားချက်တွေလား၊ ပရဟိတ အနှောင့်အဖွဲ့ တွေလား။ ကျနော်အဲလို စဉ်းစားမိတယ်။ နောက် ဘယ်လို သံစဉ်ချိုချိုတွေကို ဖွဲ့မဆိုရက်ဘဲ တီးခတ်ချင် လျက်နဲ့ ဂစ်တာကို ကိုယ့်ကိုယ်ကိုယ် ကြိုးများဖြတ်တာလား။ အလိုအလျောက်ကြိုးပျက်သွားတာလား။ ဒါကတော့ ကိုနေဘုန်းလတ် တယောက်ထဲဘဲ ဖွင့်ဆိုနိုင်မှာပါ။

ကျနော်ကတော့ ကိုယ့်ဘာသာ အတွေးပွားနေမိတာတွေ ရှိတယ်။ ဖွဲ့ဆိုချင်နေတာက နှလုံးသားရေးရာလား။ မွန်းကျပ်မှုတွေလား။ အဖြစ်အပျက်တွေကိုဘဲလား။ မှောင်မှိုင်းနေတဲ့ ကောင်းကင်ကိုလား။ မရောက်နိုင် သေးတဲ့ နွေဦးကိုလား…။ ဒါမှမဟုတ်ရင် သူတောက်လျှောက် စွဲလမ်းခဲ့ရတဲ့ အနုပညာလား။ သူ့ရဲ့ စာအရေး အသားက မေးခွန်းများစွာ ပေးခဲ့တယ်။

အခုတော့ လွတ်ကျခဲ့တဲ့မြို့တော်ဟာ ပိုင်ရှင်ပါ ပျောက်ဆုံးခဲ့ရပြန်ပြီ။ ပိုင်ရှင်ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ သိရက်နဲ့ မဲ့နေရတဲ့ အဖြစ်မျိုး။ ဟောဒီခေတ်ရဲ့ အကွဲအကွာဖြစ်ရမှုတွေဟာ မြန်ဆန်ကျယ်ပြန့်လွန်းလှ၊ မှောင်မိုက်လွန်းလှ … ရက်စက်မှုလေစိမ်းတွေက အရှိန်ပြင်းပြင်းနဲ့ နေရာအနှံ့တောက်လောင်ဆဲဘဲ။ ဒါကြောင့်ဘဲ မိသားစုဆန်မှုတွေ ပြိုလဲခဲ့ရတယ်။ မိတ်ဆွေတွေ ပျောက်ရှခဲ့ရတယ်။ သံယောဇဉ်တွေ တံတိုင်းအခြားခံခဲ့ရတယ်။ နှလုံးသားတွေ တဝေးတမြေ ဖြစ်ခဲ့ရတယ်။

ဘာဘဲဖြစ်ဖြစ်ပါ။ ခင်ဗျားဖန်တီးခဲ့တဲ့ ဘလော့ဂ် တနှစ်ပြည့်တဲ့နေ့မှာ အဝေးရောက်နေတဲ့ ခင်ဗျားကိုယ်စား ကျန်တဲ့ဘလော့ဂ်မောင်နှမတွေက ဂုဏ်ယူပီတိဖြစ်မှုတွေနဲ့ မွေးနေ့ပွဲကို ဖန်တီးကျင်းပနေခဲ့ကြတယ်။ ပြီးတော့ လွတ်ကျခဲ့တဲ့ မြို့တော်ဟာ ပျောက်ဆုံးသွားမှာ မဟုတ်ဘဲ ဘလော့ဂ်ဂါ မောင်နှမတွေ အပါအ၀င် အမှန်တရားချစ်တဲ့ ပြည်သူတွေရဲ့ သမိုင်းရင်ပြင်ထဲမှာ ထာဝရတည်တံ့တဲ့ မြို့တော်အဖြစ် ကျန်ခဲ့မှာပါ။

ပြီးတော့ ခင်ဗျားကလည်း ကျနော်တို့ လေးစားဦးညွှတ်တန်ဘိုးထားရတဲ့ သူရဲကောင်းအဖြစ် တည်တံ့နေ မှာပါ။

အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ။

(ကိုနေဘုန်းလတ်အကြောင်းကို ရေးသားနိုင်သူတွေ အကြားမှာ ကျနော်က မရင်းနှီးတော့ မပြည့်မစုံဘဲ ရေးလိုက်ရတာပါ။ ဒါပေမယ့် သူပြန်လည်ဖတ်ခွင့်ရတဲ့အချိန်မှာ နေရာအနှံ့၊ နယ်ပယ်အနှံ့၊ အမှန်တရားချစ်တဲ့သူတွေကြားမှာ သူကို ခင်မင်ခဲ့သူရော၊ မခင်မင်ခဲ့ရသူတွေရော ရှိခဲ့တယ် ဂုဏ်ယူခဲ့ကြ တယ် ဆိုတာ သူသိစေဘို့က အဓိကပါ။)

Labels:

posted by မြင့်ဇေ @ 11:58 PM   0 comments
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၄)
Thursday, December 6, 2007

အဲဒီလိုနဲ့ ကျနော် ပြန်လာခဲ့ရတယ်။

တောင်ယာမီးရှို့ပြီး ကျွန်းခွေရတဲ့ ၂၀၀၁ ခုနှစ်မှာပေါ့။ အဖွားလေးတော့ မရှိပါဘူး။ သူက မြို့ကြီးသူ ဖြစ်နေတဲ့ အချိန်။ သူက ရုတ်တရက် ပြန်လာတယ်။ ကျနော်က ဆေးမှူး တပိုင်း ကျောင်းဆရာတပိုင်း လုပ်ရချိန်။ ကျနော်က ကျောင်းဆ၇ာသာ လုပ်တာ အစိုးရ အသိအမှတ်ပြု မဟုတ်။(သူပုန်တော့ ကျောင်းဆရာ ခန့်ရိုးလား)။ ဖြစ်ချင်တော့ အဖွားလေး ပြန်ရောက်တဲ့အချိန်မှာ မူလတန်း ကျောင်းဆရာမလေးက ဖျားနေရှာတယ်။ ကျနော် သွားကုရတာပေါ့။ အဲဒီမူလတန်းကျောင်းဆရာမလေးကလည်း နဂိုကတည်းက ခင်ရှာ တယ်။ ရုပ်ရည်ကလေးကလည်း တော်တော်ကြည့်ကောင်းပါတယ်။

အဲဒီမှာတင် ကျနော့်ရဲ့ မတော်ခဲ့ရတဲ့ မဟေသီက မပြန်တော့ဘူး။ အိမ်ရှေဝရန်တာပေါ် မေးတင်ပြီးစောင့်နေတယ်။ ကျနော့်မှာတော့ ဆေးကု ရလည်း ခက်၊ ဟိုဆရာမလေးလည်း မျက်နှာပူနဲ့..

ဒါပေမယ့် အဲဒါက ကျနော်တို့ နှစ်ယောက်တွေ့ဆုံခဲ့ရခြင်း နောက်ဆုံးပါ။

အဲဒါပြီးတော့ ကျနော်တို့နှစ်ယောက် ဇာတ်လမ်းသိမ်းဖို့ဖြစ်လာတယ်။ ကျနော်နဲ့ အတူ နေတဲ့ ရဲဘော်ဆီကို အကြောင်းကြားစာ ရောက်လာတယ်။ သူပုန်ဟာ သူပုန်ဘဲဖြစ်ရမယ် ဆိုတဲ့ဟာပါ။ အဲဒီစာ ရောက်ပြီး ကျနော်တို့ ပြင်ဆင်နေတဲ့အချိန်မှာ အဖွားလေး မရှိပါ။ သူက သူ့ရဲ့ မွေးစားဖခင်ဆီရောက်နေခဲ့။

ကျနော်တို့ သွားမယ့်နေ့ရောက်တော့ တကယ့်ကို ဗြုန်းစားကြီး … အဲဒါနဲ့ အတူနေတဲ့ တယောက် ကို ရွာကလူတွေတော့ နှုတ်ဆက်ဖို့လိုမယ်ဆိုပြီး ရွာကိုသွားနှုတ်ဆက်တယ်။ အမှန်က အဓိက နှုတ်ဆက်ချင်တာ အဖွားလေးပါ။ သူက အဲဒီနေ့ ပြန်ရောက်မယ် ကြားမိတယ်။ အဲဒါနဲ့ သူအိမ်သွားကြည့်တော့ သူ့အမေနဲ့ သူမောင်လေး ညီမလေးတွေထိုင်လို့….။

သူ့အမေကို ပြောတယ်။ “အမိုး… ကျနော်သွားရတော့မယ်…” ဆိုတော့ ။ “ဆရာ လိုချင်တာယူသွားပါ” လို့ အဖွားကြီးက ပြောရှာတယ်။ ကျနော်တွေတွေဝေေ၀ တချက်ဖြစ်သွားတယ်။ ဘာယူသွားရမှာလဲပေါ့။ ကျနော်ယူသွားခွင့်ရှိရင်တောင်မှ ချစ်ခြင်း အပါအ၀င် ကျနော် ရင်းနှီးတည်ဆောက်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ရပ်တွေ ကျန်ခဲ့ပြီ။ ဒါပေမယ့် ကျနော်က ငြင်းလို့မှ မရဘဲ။ ကိုယ်ရွေးခဲ့တာက တော်လှန်ရေးသမားဘ၀..။

အဲဒါနဲ့ သူ့အမေဆီက ခွင့်ပန်ပြီး အဖွားလေးရဲ့ ဓာတ်ပုံတပုံ ယူခဲ့ပါတယ်။ ကျနော့် တဦးတည်း အတွက်ဆိုရင် မလိုပါဘူး။ အစဉ် အမှတ်သညာထဲမှာ စွဲမြဲခဲ့တဲ့ ပိုင်ဆိုင်ရယူလိုမှု တခု မဟုတ်လား။ ။

မြင့်ဇေ

Labels:

posted by မြင့်ဇေ @ 11:11 PM   1 comments
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၂)
Friday, November 16, 2007
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၂)

အဲဒါနဲ့ ရွာသူကြီးများကလည်း ဒီကောင်တော့ လုပ်လို့ မနိုင်လောက်ဘူးထင်ပါရဲ့ ဘာပဲဖြစ်ဖြစ် နားအေးအောင် တောင်ယာတခင်း ပေးလိုက်မယ်ဆိုပြီး စဉ်းစားကြပုံထင်ပါတယ်။ ။ ကျနော်ကလည်း ခြံစည်းရိုးမကာ ရမယ့် နေရာကို ရွေးတောင်းတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ယာ ခုတ်တယ်ဆိုတာက ပေါင်းပြီးခုတ်ရတာ။ ကိုယ့်ဘာသာကိုယ် ရွေးခုတ်လို့တော့ ရနိုင်တဲ့ သက်တမ်းရင့်တဲ့ တောတွေရှိပေမယ့် အများနဲ့ခုတ်ရင် ကိုယ့်တော င်ယာ ကိုယ်မသွားနိုင်ရင်တောင်မှ ကြည့်ရှုစောင့်ရှောက်နိုင်သူ က ရှိသားမဟုတ်လား။ ကျနော့်ကိုတော့ နေရာရွေူးပေးတာက လူတကာ တောင်ယာရဲ့ အလယ်မှာ ။ အဲဒိတော့ ဇိမ်နဲ့နှပ်ပေါ့ခင်ဗျာ။ သူများတွေ ခြံစည်းရိုးကာရင် ကိုယ်က အလိုလို လုံခြုံပြီး ဖြစ်နေတာ မို့လား။

တောင်ယာစခုတ်တော့ စတွေ့တဲ့ ပြဿနာက ဓားမ ။ ဓားမကလည်း ကောင်းမှ မဟုတ်လား။ ကံကောင်းချင်တော့ ကျနော် တောင်ယာခုတ်တဲ့ သက်တမ်းမှာ ကျနော်ဝယ်သမျှ ဓားမတွေက ဒေါင်ဒေါင်မြည်ချည်းဘဲ။ ရွာသားတွေကတောင် ချီးကျူးတယ်။ မလုပ်တတ်ဘူး မလုပ်တတ်ဘူးနဲ့ ၀ယ်တာကတော့ သူတို့ထက် သာတယ်ပေါ့။ အမှန်က ဘာမှ မဟုတ်ဘူး။ ရမ်းသမ်း မှန်းသမ်း ၀ယ်တာတွေချည်းဘဲ၊ ဓားမအသစ် စရတော့ ဓား ကျင့်ရတယ်။ ဓားကျင့်တယ်ဆိုတာက ရရချင်း သွေး.. ပြီးရင် ခုတ် စမ်း ကြည့် (စမ်းခုတ်ရတာကို ဆိုလိုတာပါ)။ ပြန်သွေး ။ ပြန်ခုတ်။ နောက်ဆုံး ညအိပ်ရင် ငှက်ပျောပင် တပင်မှာ ခုတ်ထား…. စသဖြင့်ပေါ့။

အဲဒါနဲ့ တောင်ယာခုတ်တဲ့ရာသီရောက်တော့ ကျနော်ရတဲ့ တောင်ယာခုတ်ကွက်က ၃ပုံးဝင် (မျိုးတတင်းခွဲ) တောင်ယာပါ။ ကိုယ်လည်း မာနနဲ့ ခုတ်တယ်ဆိုပေမယ့် စွန့်စားမှုကို အဲသလောက် မလုပ်ရဲဘူး။ တောင်ယာခုတ်တယ်ဆိုတာက စကတည်းကနေ ပြီးတဲ့ စပါးသိမ်းတဲ့အချိန်အထိ ပင်ပန်းတဲ့လုပ်ငန်းဆိုတော့..။ စခုတ်တယ် ဆိုပါတော့။ ကျနော်နဲ့ အတူနေ ရဲဘော်တွေ.. ကျနော့်ရဲ့ ကျောင်းသားများ.. လာပြီးဝိုင်းခုတ်တော့ ၂ ရက် လောက်နဲ့ ပြီးသွားတယ်။

ကျနော်တယောက်တည်း ခုတ်မယ်ဆိုရင်တော့ နှစ်ပေါက်အောင်တောင် ပြီးမှာ မဟုတ်ဘူး။ တောင်ယာခုတ်တယ်ဆိုတာ ဘ၀ပေးအသိ ရှိဘို့လိုတယ်။ သဘာဝရဲ့ လျှို့ဝှက်မှုကို ရှာရတာ။ တပင်ချင်းလည်း ခုတ်လို့မရဘူး။ သစ်ပင်တွေ၊ ၀ါးရုံတွေဆိုတာ ရောယှက်နေတာက အောက်ခြေမှာရော၊ အပင်ဖျားမှာရောပါ။ လိုအပ်ရင် သစ်ပင်တက်ပြီး သစ်ကိုင်းတွေကို ဖဲ့ရတယ်။ အဲဒီလို မဖဲ့တတ်လို့ ဂေဟဗေဒရဲ့ လက်စားချေမှုအောက်မှာ ပျောက်ဆုံးသွားခဲ့ရသူတွေ အများကြီး။ ဥပမာ… ၀ါးရုံတရုံတွေ့ရင် ဘယ်လိုခုတ်မလဲဆိုတာ စစဉ်းစားရတယ်။ သူ့ရဲ့ ပျော့ပြောင်းမှုက ဘယ်ဘက်ကိုလဲ။ ကိုယ်ခုတ်ရင် ကိုယ့်ကို ပြန်ထိုးမလား။ ဒါတွေကိုတွက်ရတယ်။ နောက်အရာပေးပြီးခုတ်မှာလား။ အဲဒီလို ခုတ်မယ်ဆိုရင် ဘယ်သစ်ပင်က အဲဒီသစ်ပင် ၀ါးရုံတွေ ကျိုးကျအောင် ဖိချနိုင်မလဲ။ ကိုယ်မှန်းတဲ့ဘက်လဲမလား..။ ဒါမှမဟုတ် ကိုယ့်အန္တရာယ် ရှိနိုင်တဲ့ ဘက်လဲမလား။ စတာတွေ အားလုံးကို မှန်းပြီးခုတ်ရတာပါ။ အနည်းဆုံး ၀ါးစိမ်း ကွဲပြီး ရင်ဘတ်ပြေးစိုက်တာဘဲဖြစ်ဖြစ်..။ မျက်နှာကို ရိုက်တာဘဲဖြစ်ဖြစ်..။ သေချာတာက ကိုယ်ဒဏ်ရာရပြီ။

ထားပါတော့ အဲဒါနဲ့ တောင်ယာခုတ်တာက ပြီးသွားတယ်။ သူကလည်း ဟုတ်မှဟုတ်ပါ့မလား။ မယုံတ၀က်.. ယုံတ၀က်မျက်နှာပေးနဲ့ တွေ့တိုင်း အမြဲကြည့်တယ်။ တဆင့်တော့ အောင်မှတ်ပေးပုံရပါတယ်။

ပြီးတော့ တောင်ယာမီးရှို့ ကျွန်းခွေ( မီးမလောင်ဘဲ ကျန်ခဲ့တဲ့ သစ်ပင် ၀ါးပင်တွေကို ပြန်ပုံမီးရှို့ရတာပါ)။ အဲဒီအချိန်မှာ ကိုမောင်မောင်ညွန့် သီချင်းကလည်း လာပြီပေါ့။ အနောက်တောင်ဆီက…ရွာမယ်ဟန်ပြင် ဆိုတဲ့အတိုင်း။ ကျွန်းခွေပြီးရင် စပါးစူးထိုးရတယ်။ စူးထိုးတယ်ဆိုတာက ကိုယ့်တောင်ယာမှာ တချို့ေ၇တိုသီးနှံတွေ(ပြောင်းဖူးတို့ဘာတို့) စိုက်ပြီးရင်စပါးစိုက်ရတာပါ။ အဲဒီအချိန်မှာ တောင်ယာထဲမှာ ကိုယ်တခါတလေသွားနေဖို့ တောင်ယာတဲကလည်း အဆင်သင့် ဖြစ်ပြီ။ နံဘေးမှာ မုန်ညင်းခါး၊ ငရုတ်၊ ရွှေဖရုံ၊ ခရမ်းချဉ်သီး သေးသေးလေးထွက်တဲ့အပင်၊ နောက် ပင်စိမ်း၊ ဂျူးမြစ် နည်းနည်းက ပျိုးပြီး သား။ ဆူးထိုးတယ်ဆိုတာက နှစ်ယောက် လိုတယ်။ တယောက်က ၀ါးခပ်ရင့်ရင့် ကို မြေကြီးထိုးစိုက်နိုင်တဲ့ ပုံစံသွင်းထားတဲ့ ၀ါးလုံးအရှည် ဒါမှမဟုတ် သံတူးရွင်း ပုံစံမျိုး သံနဲ့လုပ်ထားတဲ့ ကရိယာကို ၀ါးတံမှာ စွပ်ပြီး တောင်ကြောတလျှော်က အလျားလိုက် တဆတ်ဆတ်နဲ့ထိုးပေးသွားရတာ။ နောက်ကျန်တဲ့ တယောက်က နောက်လွယ်ပလိုင်း အသေးထဲမှာမျိုးစေ့ထည့်ထားပြီး အရှေ့ကလူ ထိုးသွားတဲ့ကျင်းလေးတွေထဲ အမှီလိုက်ထည့်ရတာ။ နှစ်ဦးစလုံးက လက်မှန်ဖို့လိုပါတယ်။ ထိုးတဲ့သူက အကွာအဝေး ညီအောင်ထိုးဖို့လိုအပ်ပြီး ထည့်တဲ့သူကလည်း တကျင်းကို လေးငါးရှစ်စေ့လောက်ဘဲ ၀င်အောင်ထည့်ရတယ်။

အဲဒီအချိန်မှာ အဖွားလေးက လိပ်သိုသွားနေတယ်။ သူ့အဖေနဲ့ သူ့အမေ လာပြီးဝိုင်းလုပ်ပေးတယ်။ နောက်ရွာသားတွေ..။ နှမ်းတွေလည်း ကြဲပေါ့…။ အဲဒီလိုနဲ့ စပါးပင်တွေ စအညှောင့်ထွက်လာတော့ သူပြန်ရောက်လာတယ်။ ကျနော်လည်း သွားတွေ့ဖြစ်တဲ့အချိန်က ခပ်နည်းနည်းပါ။ မနက်ဆို စာသင်။ ကျောင်းဆင်းရင် တောင်ယာကို ပေါင်းလိုက် (နာမည်ကတော့ အပျက်ခံလို့မရဘူးမဟုတ်လား။ )အဲဒါနဲ့ တောင်ယာတခင်း အတွက် လုပ်ဆောင်ရမယ့် ၀တ္တရားတွေ အားလုံးကုန်ပြီး စပါးတွေ ဘာတွေ သိမ်းပြီးသွားတော့ ကျနော့်တောင်ယာက ရွာသားတွေ မှန်းတာတာထက် ပိုရတယ်။

အဲဒီကျမှ အဖွားလေးဆီက စကားကြားရတယ်။ `မဆိုးပါဘူးလေ။ မြို့သားတယောက်က ဒီလောက် လုပ်နိုင်မယ်မှ မထင်တာ´ ဆိုတာမျိုး။

တခေါက်ကြုံသေးတယ်။ တောင်ယာခင်းမှာ ငြုတ် (ကုလားအော်)လို့ ခေါ်တဲ့ သေးသေးမျိုးလေးတွေ ကို စိုက်ကြတယ်။ တောင်ယာလုပ်ငန်းကိစ္စပြီးတဲ့အချိန်မှာ အဲဒီ ငြုတ် သေးသေးလေးတွေကို ခူးရတယ်။ ပြီးရင် နေခြောက်လှန်း … ။ ထိုင်းနိုင်ငံမှာ ၀ယ်တဲ့အမျိုး။ ဒါပေမယ့် အညှာမပါရဘူး။ တပိဿာကို ဗမာငွေ ၇၀၀ ကျပ်လောက် ပျမ်းမျှ ရတယ်။ အဲဒါကြောင့် စခူးကတည်းက အမှည့်တွေကို အညှာမပါအောင်ခူးပြီး နေလှန်းရတယ်။ အမှန်ကတော့ ထိုင်းဘက်မှာ ပေါက်ဈေး ကိုက တော်တော်ကြီးများနေပါပြီ။ ကျနော်ကတော့ ရောင်းဖို့မဟုတ်ဘူး ။ ငြုတ်သီးလည်း ကြိုက်တယ်။ နောက် တောင်ယာခင်းထဲမှာ အားလုံးစုံစေ့အောင် စိုက်ထားတာပါ။

အဖွားလေး ကတော့ သွားလိုက်ပြန်လိုက်ပဲ။ လိပ်သိုကို။ သူ့ဆရာတော်လည်း ပြန်ရောက်မယ့် အချိန်က နီးနေပြီ။ အဲဒါနဲ့ သူပြန်လာတာတော့ ပြောတယ်။ ` ငြုတ်သီး အခြောက် တပိဿာလောက် ပြန်သယ်သွားချင်တယ်´ သူဆိုတော့ ကျနော့်ကမ္ဘာက မီးလောင်နေပြီ။ အမှန်က သူ့အမေအိမ်မှာ တောင်းလည်း ရတာပဲလေ။ ဘာဖြစ်လို့ ကျနော့်ကိုမှ လာတောင်းတာလဲပေါ့။ အတွေးတွေက ပွက်လို့။ ဒါနဲ့ အဖွားလေး မင်းလိုချင်တဲ့ ငြုတ်တပိဿာ အညှာ မပါပဲ ရစေရမယ် ဆိုလို့ပြောပြီးတော့ ချက်ချင်း တောင်ယာတဲက လှမ်းထားတဲ့ ငြုတ်ခြောက်တွေပေးလိုက်တာ။ သူ့အမေဆိုတာ ဆူလိုက်တာ လွန်ပါလေရော။ အဲဒါက ဆေးမှူးကို စနေတာ ဆိုပြီး …၊

ဆက်ရန်

Labels:

posted by မြင့်ဇေ @ 7:44 AM   2 comments
လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်စင်တစင်း
Thursday, November 15, 2007

လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်စင်တစင်း

ရွာအ၀င်တွင်တော့ ကျနော့်ခြေလှမ်းများ နှေးသွားသည်။ နောက်ကပါလာသည့် မွန်ပြည်သစ်ပါတီ ရဲဘော်လေးက `ဆေးမှူး အရှေ့ကလူတွေနဲ့ ပြတ်သွားဦးမယ်..´ သတိပေးမှ ကျနော် ခပ်သုတ်သုတ် လှမ်းမိ သည်။ ရာဘာတောမှအထွက် သူမတို့ အိမ်ရှိရာလမ်းမှ ပွိုင့် မဖြတ်ဘို့ ဆုတောင်းသော်လည်း ပွိုင့်သွားသည့် ရဲဘော်က ချိုးဝင်သွားခဲ့ပြီ။ အင်းလေ… ဒီလမ်းက ရွာလယ်ရောက်ဘို့ အနီးဆုံးလမ်းမဟုတ်လား။

သူမတို့အိမ်နားရောက်တော့ ထွက်လာသည့် လူရိပ်တခုကို တွေ့လိုက်ရသည်။ သူမ…၊ ကျနော် အကြိမ်ကြိမ် ဆုတောင်းသော်လည်း မပြည့်ခဲ့ပါလား။ စစ်ကြောင်းအရှေ့ အနောက်ကို ရှာကြည့် နေပုံရသည်။ ပြီးတော့ ကျနော်ကိုတွေ့တော့ ၀မ်းသာအားရ အပြေးကလေး ကျနော့်နားသို့ ရောက်လာခဲ့သည်။ ပြီးတော့…`ဆေးမှူး၊ သူရောဟင်.. သူဘာမှ မဖြစ်ဘူးမဟုတ်လား။ ´ `ဘုရားရေ.. သူမသိသေး ပါလား။ ´ ကျနော့် စိတ်ထဲမှ တွေးမိသည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ကို သမီးရည်းစားဖြစ်အောင် လုပ်ဆောင်ပေးခဲ့သည့် ကျနော်က သူ ကျဆုံးသွားသည့်အကြောင်းကို ပြောပြရသူဖြစ်ရဦးမည်။

ကျနော်လည်း စိတ်မသက်မသာနှင့် ကျဆုံးသွားသည့် အကြောင်းကို ခပ်တိုတိုရှင်းပြလိုက်သည်။ နားထောင်နေသော သူမကို တည့်တည့်မကြည့်ရဲ။ သူမယုံရော ယုံပါ့မလား။ ရည်းစားသက်တမ်းကို စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် ၃ ရက်သာကြာသေးသည်။ အဖြေရပြီးသည်နှင့် တခြားရွာသို့ စစ်ကြောင်း ထွက်ရသည်။ ပြန်လာတော့ သူမပါလာ။ ကျနော် ပြောနေရင်း ရှိုက်သံကြားလို့ငဲ့ကြည့်တော့ ကလေးမ ငိုနေရှာပြီ။ ငိုပါ … ညီမလေးရေ။ ငိုပါ။ ငါတို့လည်း ရင်ထဲမှာ ငိုနေကြရတာဘဲ။ အဖိုးထိုက်တဲ့ လူသားတွေ သေဆုံးမှုအတွက် ငါတို့ ရဲ့ မျက်ရည်တွေက ဂုဏ်ပြုမှုပါဘဲ။

၁။

သူဆိုသည်က မင်းလူ။ ရန်ကုန်သား ။ ဖခင်ဖြစ်သူက အစိုးရ ကြေးနန်းတပ်က။ ၈၈၈၈ ဖြစ်ပြီး အစောဆုံး တောခိုသည့် ကျောင်းသားပြည်သူများထဲတွင် မင်းလူလည်း ပါသည်။ ကျနော် ရောက်တော့ သူက လုံးလုံး ပြောက်ကျားစစ်သားကြီး ဖြစ်နေပြီ။ တပ်ရင်းရှိ အငယ်ဆုံးသူများထဲတွင် သူပါသည်။ အလုပ် လုပ်ရာတွင်လည်း တက်တက်ကြွကြွရှိသည်။ ကျနော်တခု မကြိုက်သည်က ရန်ဖြစ်တတ်ခြင်း။ မင်းလူနဲ့ စကားများ ရန်မဖြစ်ဘူးသူဆို၍ သိပ်မရှိလှ။ ဤသည်ကို ကျနော်က မကြိုက်။ တပ်ထိပ်ပိုင်းတာဝန် ရှိသူများက အစဉ်ခေါ်ယူဝေဘန်သည်။ ကျနော်တို့လို ခင်မင်ရင်းနှီးသူများက ဖျောင်းဖျဆုံးမသည်။ ထိုအချိန်တွင်တော့ သူက ပြုံးပြုံး ပြုံးပြုံးနှင့် ငြိမ်ပြီး နားထောင်နေတတ်သည်။ သို့သော် ရန်ကတော့ ဖြစ်မြဲ။

ထိုစဉ်က ဘုရားသုံးဆူ ဒေသ မကျသေး။ ကျနော်တို့ တပ်ရင်းနေရသည်က ဘုရားသုံးဆူ ရွာစွန်နား တွင် ရှိသော ဘုန်းကြီးကျောင်းကုန်းရှိ အခင်းအနည်းငယ်သာရှိသော ဇရပ်၌။ ထိုဇရပ်ကို ရောက်ပြီးနောက် ၀ါးခုတ်ပြီး အကာအခင်းအပြည့်လုပ်ရသည်။ စားဘို့အတွက် လူခွဲကာ တောင်ယာဖုန်းဆိုးဟောင်းများကို မွှေနှောက်ရသည်။ မည်မျှပင် မွှေနှောက်စေကာမူ ကျနော်တို့ ရခဲ့သည့် အသီးအနှံက ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် သဘောင်္သီးပင်။ မနက် ကျောက်ဖရုံဆိုပါက ည သဘောင်္ သို့မဟုတ် ရွှေဖရုံ။ ကျနော်တို့ ဆေးတပ်စိတ်က မှီခိုနေထိုင်ရသည့် ဘုန်းကြီးကျောင်းအား နေ့စဉ် ရေထမ်းဖြည့်ရသည်။ ကြမ်းတိုက် ပေးရသည်။ သို့အတွက် ဘုန်းကြီးများက သူတို့ ဆွမ်းစားပြီးလျှင် ကျနော်တို့အား ဆွမ်းဟင်းအကျန်များကို စွန့်လေ့ရှိသည်။ ဆွမ်းဟင်းအကျန်ဆိုသည်က ငပိရည်သာ။ ငပိရည်ကလည်း နဲသည့်အတွက် ကိုယ်နှင့် ခင်မင်သူများကို ခေါ်ကာ ဒိုင်၍ စားရသည်။ ကျနော်နှင့် အတူစားဖြစ်သည်က မင်းလူ။ ငပိရည် နှစ်ဇွန်း သုံးဇွန်းကိုက ထိုအချိန်က နတ်သုဒ္ဓါ။

နောက် ကျနော်တို့ စခန်းဆောက်ရန် မြေနေရာရသည်။ စခန်းဆောက်ပြီး၍ ပြောင်းကာစမှာပင် ဘုရားသုံးဆူ ၀န်းကျင်တခို၌ စစ်ရိပ်စစ်ငွေ့များယှက်သန်းလာသည်။ ရန်သူစစ်တပ်က ထိုးစစ်ဆင်တော့မည်။ ထိုအချိန်က ကျနော်တို့မှ ရှိသည့် သေနတ်က လူဦးရေထက်စာလျှင် အပုံကြီးနည်းလွန်းနေသည်။ ကျန်သော ကျောင်းသားတပ်များ၊ မဟာမိတ်မွန်တပ်များဖြင့် ပေါင်း၍ စစ်ကြောင်းထွက်ရန် အကြောင်းကြားစာ ရောက် လာသည်။ ရှိသည့်သေနတ်များကို တွက်ကြည့်ပြီး စခန်းတွင် အချို့တ၀က် ထားပြီး ကျန်ရှိသည့်သေနတ်နှင့် ရှေ့တန်းထွက်သွားကြသည်။ ထိုအထဲတွင် မင်းလူပါသွားသည်။ ကျနော်တို့က ဘုရားသုံးဆူကျခါနီးတွင်မှ ဆုတ်လာရသည်။

ဒီလိုနှင့် ကျနော်တို့ စခန်းအသစ်ပြောင်းဆောက်ရသည်။ ထိုနေရာက ကရိန်ကန်တွင်ဖြစ်သည်။ မအောင်မြင်သည့် ရေးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲကြသည်။ မင်းလူတို့ ပါသည်။ ကျနော်တို့ စခန်းဆောက်အပြီး ရှေ့တန်းသို့ ရိက္ခာပို့ရန် တာဝန်ကျသည်။ သေနတ် အပိုရှိရင်တော့ ရှေ့တန်းမှာနေခဲ့မယ် ဆိုသည့် စဉ်းစားမှုဖြင့် ကျနော်လိုက်သွားခဲ့သည်။ ၃ ရက်မျှ ပြင်းပြင်းထန်ထန်လျှောက်ပြီး ရေးတောင်ပိုင်းရှိ ခေါဇာ ကျေးရွာဂွင်ထဲ ရောက်သွားသည်။ ထိုအချိန်တွင်မင်းလူတို့က မြောက်ပိုင်းမှာ။ နောက်တန်းပြန်သည့်သူများ ပြန်သွားကြသဖြင့် သေနတ်တလက်ယူပြီး ရှေ့တန်းတွင် ကျနော်နေရစ်ခဲ့သည်။ ရေးတောင်ပိုင်းဂွင်အတွင်း ၇လ ခန့် လှည့်လည်နေထိုင်ပြီး ကျနော်တို့ စစ်ကြောင်း မြောက်ပိုင်းသို့သွားပေါင်း ရသည်။ ထိုသို့သွားပေါင်း မှသာ မင်းလူနှင့် ပြန်ဆုံရခြင်းဖြစ်သည်။

(၂)

တပ်ကို ပြန်လည်စုဖွဲမှုလုပ်သောအခါ မင်းလူက ကျနော်တို့တပ်စိတ်တွင် ပါလာသည်။ နဂို ကတည်းက တွဲခဲ့သူများဖြစ်နေခြင်းကြောင့်လည်း ဆိုးတိုင်ပင်ကောင်းတိုင်ပင် နေကြသည်။ အထူးသဖြင့် အချစ်ရေး။ အချစ်ရာကိစ္စတွင်ဖြစ်သည်၊ သူနှစ်ခြိုက်နေသည့် တိုင်းရင်းသူကလေးကို မည်သို့မည်ပုံချည်းကပ် သင့်သည်ကို ကျနော်က အကြံပေးရသည်။ ဤကိစ္စတွင် ကျနော်က ဖြစ်ဖြစ်ထွန်းထွန်း ရှိလှသူ မဟုတ်။ သို့သော် တခြားတပါးသော သူများအတွက်တော့ ရသည်။ အဓိက က ရည်းစားစာ ရေးပေးရခြင်းဖြစ်သည်။ ကျနော်ရေးသည့်စာကို သူက သူ့လက်ရေးနှင့် ပြန်ရေးပြီး ကျနော်က ကောင်မလေး ရေသွားခပ်ချိန်တွင် လိုက်ပေး ပေးရသည်။ ကျနော်ပေးတော့ (ကျနော်ပေးသည်ဟု ထင်ပုံရ၍) ကလေးမက မယူ။ အကျိုး အကြောင်းနှင့် ကျနော်ပေးခြင်း မဟုတ်ကြောင်း ရှင်းပြတော့လည်း မရ။ ဒါဆို ကြိုက်တဲ့သူကို လာပေးခိုင်းလိုက်ဟု စကားပြန်လိုက်သည်။ သို့သော် ဒီကောင်ကလည်း စစ်တိုက်ရင်တော့ အလွန်ရဲရင့်သူ ဖြစ်သော်လည်း ဒီကိစ္စမျိုးမှာတော့ မရဲတင်း။ သူသွားပေးတော့ ကျနော့်ကို အတင်းခေါ်သည်။ ကျနော်ကလည်း ဆေးရိုးသည် အဖြစ်မခံနိုင်။ နောက်ဆုံးတော့လည်း သူ့ဆန္ဒကို လိုက်လျောပြီး လိုက်သွားသည်။

သူသွားပေးတော့ ကောင်မလေးက ငြင်းဘို့တောင်မေ့နေပုံရသည်။ ချက်ချင်းကို စာလက်ခံလိုက် သည်။ နောက်သိပ်မကြာခင်ရက်များအတွင်းမှာဘဲ ကျနော်တို့စစ်ကြောင်း အဲဒီရွာကို ပြန်ဝင်တော့ နှစ်ရက်လောက်အနားရသည်။ ဘောလုံးကန်ကြ၊ အပျိုမလည်ကြနှင့်။ ပြောက်ကြားဒေသဖြစ်သော်လည်း လူထု အခြေခံကောင်းသောဒေသဖြစ်၍ တပ်နှင့်ပြည်သူက ရေနှင့်ငါးပမာ။ နောက်နေ့စစ်ကြောင်း ထွက်မည်ဆိုသောညတွင် မင်းလူတယောက်ပျော်လို့ မောလို့ တည်းရာအိမ်သို့ ပြန်လာသည်။ ကျနော့်စိတ်ထဲကတော့ သိနေခဲ့သည်။ ဒီကောင်လေးတော့ ရည်းစားအဖြေပြန်ပေးလိုက်ပြီ ဆိုသည်ကို။ သို့သော် မသိချင်ယောင်ဆောင်ပြီး အခြားစကားတွေလျှောက်ပြောသည်။ နောက်ဆုံးသူမနေနိုင်တော့။

`အကို သိလား.. ကျနော့်ကို အဖြေပြန်ပေးလိုက်ပြီဗျ´ သူဆိုတောာ့ ` သိပါတယ်ကွာ… မင်းပုံစံကြည့်တာနဲ့ ဒါပေမယ့် အိပ်ကြရအောင်။ မနက်ဖြန် စောစော စစ်ကြောင်းထွက်ရမယ်´ ကျနော်က ပြန်ပြောလိုက်သည်။ ထို့နောက် ကျနော်လည်း အိပ်ရာဝင်ဖြစ်ခဲ့သည်။

(၃)

နောက်နေ့မနက်စောစောပင် ကျနော်တို့ အရုတောင်ကျေးရွာဘက်သို့ ထွက်ခဲ့ကြသည်။ အရုတောင်က နာမည်ကြီး။ တလအတွင်း ကျနော်တို့ နှစ်ပွဲဆော်ထားကြသည်။ ထိုနှစ်ပွဲတွင် ရန်သူက တော်တော်အထိနာခဲ့သည်။ ဒါကို သူတို့က အခဲမကျေ။ ကျေးရွာသားများထံမှ သတင်းများအရ ကျနော်တို့ကို အပိုင်အုပ်ရန် စီစဉ်နေသည် ဟု သိရသည်။

အရုတောင်ရောက်ပြီး နောက်နေ့မနက် ရန်သူ့လှုပ်ရှားမှု သတင်းကြားရသည်။ ရွာအ၀င် နည်းနည်းလှမ်းသည့် ရာဘာတောထဲတွင် ကျနော်တို့ ခြုံခိုတိုက်ပွဲလုပ်ရန် ပြင်ရသည်။ တနေကုန်ထမင်းငတ် သွားသည်။ ညနေ လေးနာရီလောက်၌ ရွာသားများ ထမင်းလာပို့ပြီး ထွက်လာသည့် ရန်သူ ရေးမြို့ထဲသို့ ပြန်ဝင်သွားကြောင်း သတင်းပါလာသည်။ ထမင်းစားပြီး ရွာထဲသို့ပြန်ဝင်ကာ နေရာချသည်။ ထုံးစံအတိုင်း မင်းလူက ကျနော်နှင့်အတူအိပ်သည်။ ညဘက်ရောက်တော့ သူက ပြောသည်။ ` ကျနော်က သူ့ကို နှစ်ရက်လောက်ပဲ ကြာမယ် ပြောခဲ့တာဗျ။ ဒါဆို မနက်ဖြန်လောက်ဆို သူတို့ရွာကို ပြန်ရောက်လောက်ပြီပေါ့နော်။´ `အေးဖြစ်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် စစ်ရေးဆိုတာကလည်း မင်းသိတဲ့အတိုင်း အစိုးရတာမှ မဟုတ်တာ။ ခုတမျိုး.. တော်ကြာတမျိုး ပြောင်းတတ်တာဘဲ။ဘာဘဲဖြစ်ဖြစ် ပြန်ရောက်မှာပါ။ အိပ်မယ်။ ညဘက်ကျ ကင်းရှိသေးတယ်´ ဟု ကျနော်ဆိုတော့ `ဟုတ်ကဲ့´ ပြောကာ တဘက်လှည့်ပြီး အိပ်ပျော်သွားသည်။ သို့သော် သူကတိပေးခဲ့သည့် ပြန်ရောက်မည်ဆိုသောမနက်ဖြန်သည် ကျနော်တို့အား ကြေကွဲမှုများစွာပေးရန် စောင့်စားနေသည်ကို ကျနော်တို့အားလုံး မသိကြချေ။

ကျနော့်ကင်းချိန်က ညတနာရီက နှစ်နာရီ။ ကျနော်ပြီးတော့ မင်းလူ ကင်းချိန်။ မနက်လေးနာရီ ထိုးတော့ အရုဏ်ဦးတိုက်တတ်သည့်အတွက် အားလုံး နေရာယူပြီး နေရသည်။ ငါးနာရီခွဲလောက်အထိ ဘာမှ မထူးခြားသောကြောင်း ပြန်ရုတ်ပြီး ကိုယ်တည်းသည့် အိမ်ကို ပြန်ကြသည်။ စောင်ပါးလေး ခြုံပြီး ပြန်ကွေးနေတုန်း… ဆူဆူညံညံနှင့်ရွာပြင်ဘက်မှ အော်၍ ပြေးလာသော အမျိုးသမီးကြီးတယောက်၏ အသံကို ကြားရသည်။ အော်လာသည်က `ကွန်မနန်ဟမယ်(ဗမာစစ်သား)လား… ကွန်မနန်မွန် (မွန်စစ်သား) လား မသိဘူး။အများကြီးဘဲ´ ။ သေချာသည်ကတော့ ရွာပြင်မှာ ကိုယ့်လူမရှိ။ ရန်သူသာဖြစ်သည်။ ကျနော်တို့အားလုံး အီကွေးမင့်၊ သေနတ်၊ဘေးလွယ်အိတ် အားလုံး လက်တဘက်နှင့် ဆွဲပြီး ဖိနပ်ကို တဘက်မှ ကိုင်ကာ တကိုယ်စာအတွက် ပစ်ပိုင်နယ်ပေးထားသည့် နေရာသို့ အပြေးသွားချိန်တွင်ပင် ကျနော်တို့ဘက်မှ ပစ်လိုက်သော RPG အသံကို ကြားရသည်။ ထိုပစ်ခတ်မှုကပင် ကျနော်တို့ကို ကယ်လိုက်သည်။ ရန်သူက လမ်းမအတိုင်း အလုံးလိုက် အခဲလိုက် ပြေးဝင်လာစဉ် ထိုပစ်ခတ်မှုက သူတို့ ထိုးစစ်ကို နောက်ပြန်လန်သွားစေသည်။ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်တော့ ကျနော်က သတ်မှတ်ထားရာ နေရာနှင့် ၁၅ ပေမျှ ကွာနေသည်။ ကျနော့်ဘယ်ဘက်ယွန်းယွန်းတွင် မင်းလူ… ဘေးချင်းကပ်တွင် နိုင်သူ။ မင်းလူက ပစ်နေရင်း လှမ်းအော်သည်။ `အကိုတို့ အဲဒီနားမှာဘဲနေဦး ..အဲဒီနေရာက ကျည်လမ်းကြောင်း အရမ်းကျနေတယ်´ အော်ပြောရင်း တဖက်ကလည်း ပစ်နေသည်။

ဒီလိုနှင့် ကျနော်ရှေ့နားတွင်ရှိသော ဆန်နီ ခြေထောက်ထိသွားသည်။ တင်မောင်တက်ဆွဲတော့ ခြေထောက် ထပ်ထိသည်။ နောက် မောင်မောင်လတ်ထပ်တက်တော့ ဗိုက်ဘေးနားက လျှပ်ထိသွားသည်။ သူတို့သုံးယောက်ကို ဆုတ်ရန်ပြောတော့ ဆုတ်သွားကြသည်။ ကျန်သည်က ကျနော်၊ နိုင်သူ ၊မင်းလူ။ နောက် ကျနော်တို့ညာကျောတွင် ဖြန့်ယူထားသော ကျောင်းသားတပ်ရင်း ၁၀၂ မှ စစ်ကူ နှစ်ယောက် ဘရောင်နင် စက်လတ်တလက်နှင့်ရောက်လာသည်။ သူတို့လည်း ၁၅ မိနစ်ခန့်သာ တယောက်ထိသွားသည်။ တိုက်ပွဲက ကျည်ဆန် ဖြည့်ချိန်လောက်တွင်သာ တိတ်ဆိတ်သည်။ ကျန်သည့်အချိန်က မုန်တိုင်းလို။ နှစ်နာရီခန့်ကြာ သွားသည်။ မင်းလူကတော့ ရာဘာပင်လတ်လတ်တခုတွင် ငုတ်တုတ်ထိုင်ပစ်လိုက်၊ ထပစ်လိုက်။ ခဏကြာတော့ ကျနော်နှင့်နိုင်သူအကြား အမ်အေ ၉၄ တလုံးကျလာသည်။ နိုင်သူ ဗိုက်တွင် အနည်း ငယ်ထိသည်။ ကျနော်လက်မောင်းကို ပေါက်ကွဲမှုကြောင့်လွင့်လာသည့် ခဲစ အသေးလေးပွတ်သွားသည်။ မင်းလူအားလည်း အတင့်မရဲအောင် အော်ရသည်။ သူမကြားတော့။ သူ့ခန္ဓာကိုယ်တွင် လူထုအတွက် တိုက်နေရသည်ဆိုသည့် စိတ်က ပူးကပ်နေခဲ့ပြီ။ သူ့ရှေ့မှောက်မှာလည်း အခြားသော ရဲဘော်များဒဏ်ရာ ရခဲ့ကြသည် မဟုတ်လား။ သူတချက်ထပစ်သည်။ရုတ်တရက် ဖုတ်ခနဲ ထိုင်ရက်သား ပြန်ဖြစ်သွားသည်။ သူ့ဆီက သေနတ်သံ ငြိမ်သွားသည်။ နိုင်သူက သူတက်ကြည့်မယ် ကာပစ်ပေးရန် ပြောပြီး တက်သွားသည်။ တွားသွား၍ တက်သွားကာ လည်ပင်းကို သိုင်းဖက်ပြီး ကျနော့်ဘက်ကို ခေါင်းခါပြသည်။ ဆိုလိုသည်ကတော့ သူကျဆုံးသွားပြီ။ သူသေဆုံးသွားခဲ့ပြီဆိုသည့် အဓိပ္ပါယ်။ နိုင်သူက မင်းလူ၏ သေနတ်၊အီကွေးမင့်၊ ကျောပိုးအိတ်တို့ကို ဆွဲယူလာသည်။ အသက်မဲ့ခန္ဓာကိုတော့ မဆွဲနိုင်သေး။

တိုက်ပွဲက ရှည်ကြာလွန်းလှသည်။ ကျနော်တို့ ၀မ်းမနည်းအားသေး။ ကိုယ်ရှင်သန်ဘို့လည်း ပစ်ခတ်ရဦးမည်မဟုတ်လား။ နောက်ဆုံး ရန်သူထိုးစစ်က ကြီးသထက်ကြီးလာတော့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ကျနော်တို့ ဆုတ်ပေးလိုက်ရသည်။ ပြန်ဆုတ်တော့ မင်းလူအပါအ၀င် ကျဆုံးသွားသည့် ရဲဘော် ၆ဦး၏ ခန္ဓာကိုယ်များကို ကျနော်တို့ မသယ်နိုင်ခဲ့။

တိုက်ပွဲဖြစ်နေစဉ်က မရွာခဲ့သော မိုးက အပြန်လမ်းတလျှောက်တွင် သဲမဲပြင်းထန်လှစွာရွာသည်။ ကျနော်မျက်နှာသည်လည်း မိုးရေနှင့် မျက်ရည်စ ရောနေသည်။ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်နေမိသည်။ ခန္ဓာကိုယ်ကို ရအောင် မသယ်နိုင်ခဲ့သည့်အတွက်…။ နိုင်သူကတော့ ဖြေသိမ့်ပါသည်။ သို့သော် သူလည်း ၀မ်းနည်းသံနှင့်။ အဲဒီနေ့မှာ ချစ်သူနှင့် တွေ့ဖို့ မျှော်လင့်နေခဲ့တဲ့ အညတရ ပြောက်ကျားတဦးရဲ့  ကျန်ရစ်ခဲ့ သည့် ရုပ်ကြွင်းကို သူ့ချစ်သူရှိရာ ရွာမှာ မြှုပ်နှံပေးချင်တာက ကျနော့်ဆန္ဒပါ။ သူ့ မွေးဇာတိကို ပြန်ပို့ဖို့ဆိုတာကလည်း မဖြစ်နိုင်သည့် ကိစ္စမဟုတ်လား။ ကျဆုံးသွားသည့်အကြောင်း သတင်းစကားသာ ပါးနိုင်မည်လေ။

မမြင်ရသည့် သူ့ဝိဥာဉ်ကရော သေဆုံးသည်နှင့် ဘယ်ကို စီးမျောသွားခဲ့ပါသလဲ။ အမေအိမ်ကိုလား.. ဝေးကွာခဲ့တဲ့ စာသင်ခန်းကိုလား… သူ့ချစ်သူဆီလား။ ဘယ်ကိုပဲစီးသွားတာ ဖြစ်ဖြစ် လွတ်မြောက်ရေးကောင်းကင်ထဲမှာ ခေတ်အဆက်ဆက် လင်းလက်ခဲ့တဲ့ ကြယ်စင်တွေထဲက တစင်းတော့ သူ ဖြစ်သွားခဲ့ပြီ လို့ စိတ်ထဲက ပြောရင်း ငိုနေတဲ့ သူ့ချစ်သူနံဘေးက ထွက်လာခဲ့သည်။ ဒီလိုအဖြစ်မျိုးတွေ ကလည်း စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်မချင်းကြုံနေရမယ့် အဖြစ်တွေ မဟုတ်လား။

မှတ်ချက်။ ။ မင်းလူတို့ အကြောင်းကို ကဗျာဆရာ ယောဟန်အောင်က သေတမ်းစာ အမည်နဲ့ကဗျာတပုဒ်ဖွဲခဲ့သည်။ ထိုတိုက်ပွဲတွင် ကျောင်းသားတပ်မှ ၆ ဦးနှင့်မွန်ပြည်သစ်တပ်မတော်မှ ၂ ဦးကျသည်။ စုစုပေါင်း ၁၄ ဦးခန့် ဒဏ်ရာရသည်။

နအဖဘက်မှလည်း ၃၀ ၄၀ ခန့် ထိခိုက်ကျဆုံးဒဏ်ရာရသည်ဟု သိရသည်။



Labels:

posted by မြင့်ဇေ @ 10:41 PM   0 comments
စာရေးတတ်သူများကို အားကျသည့်သူတယောက် မ၀ံ့မရဲရေးထားသည့် ပိုစ်တ့်ငါးခုအကြောင်း
Monday, September 3, 2007

သူများဆိုက်တွေကိုသာ အားကျငေးမောကာ ဖတ်ခဲ့ရသူတယောက်ကို လာပြီး တဂ့်တော့ တဂ့်သူ အမ ခင်မင်းဇော်ကိုသာ အပြစ်တင်ရတော့မည်။ အမှန်ကတော့ ကျနော်က စာကို အများသူ ငါလို အဓိပ္ပါယ်ပေါ်အောင် ရေးတတ်သူ မဟုတ်။ ပြီးတော့ စာကို ဖြောင့်ဖြောင့် မှန်မှန် ဖတ်ချင်စိတ်ရှိလာအောင် စွဲခေါ်ရေးတတ်သူလည်း မဟုတ်။ ကျနော် မြင်ခဲ့သည့် အမြင်မျှကိုသာ ရေးတတ်သူ ဖြစ်သည်။ တနည်း အားဖြင့် ကိုယ့်ဘ၀အတွေ့အကြုံကို ခပ်ကြမ်းကြမ်းရေးတတ်သူတဦးသာ။ ထို့အတွက်လည်း ကျနော့်ဆိုက် သည် လူကြိုက်နည်းနေခြင်း ဖြစ်တန်ကောင်း၏။ သို့သော် အမှန်စကားကို ဖွင့်ဆိုခဲ့၏။ ထိုအမှန်စကားကို လည်း အမှန်တရားကို ကြိုက်သူတို့ကသာ လက်ခံကြသည်မဟုတ်လား။ ထို့အတွက် ကျနော့်အား မခင်မင်းဇော်မှ တဂ့်လိုက်ခြင်း ဖြစ်ဟန်တူပါသည်။

အကြိုက်ဆုံးပိုစ့်တ်ဆိုတော့ ကျနော် စဉ်းစားကြည့်မိသည်။ ကွယ်လွန်သူ ဆရာနိုင်ဝင်းဆွေ ၏ ပြောစကားကို ကြားဖူးသည်။ သူ၏ မဟူရာမေတ္တာ စာမူကြမ်းကို အကြိမ်ပေါင်းများစွာ (လေးဆယ်ကျော်ခန့်ထင်သည်) ပြန်၍ ရေးခဲ့ဖူးသည်ဟု နာကြားခဲ့ရသည်။ ကျနော်က တော့ လူပျင်း။ တပုဒ်ရေးပြီးလျှင် ပြန်တည်းဖြတ်ဖို့ ပျင်းသူဖြစ်သည်။ ထို့အတွက် ထိုထိုသော ဆရာများနှင့် ကွာဝေးလွန်းလှသည်။ ထို့ကြောင့် မခင်မင်းဇော် တဂ့်သောအရာသည် `သင်ကြိုက်ခဲ့သော ဘလော့်ဂ့်များ´ သို့မဟုတ် `သင်ဖတ်ခဲဖူ့းသော ဘလောဂ့်ဂါများ၏ ပိုစ့်တ်ငါးခု´ ဆိုလျှင် ကျနော့်အတွက် ပိုမို သင့်လျော်မည်ထင်ပါသည်။ ထိုအရာကို မဆိုင်းမတွ ရေးလိုက်မည် ဆိုလျှင်လည်း ကျနော်မှာ သိပ် ၀န်မပန်းလှပါ။ သို့သော် ကျနော်ရေးခဲ့သည့်ထဲမှ ဆို၍ ကျနော့် စိတ်ကြိုက်ကို ဖော်ပြထားပါသည်။ ကျနော် အကြိုက်ဆုံးဝတ္ထု တပုဒ်ကတော့ ပါသည့် စာစောင် တိပ်ခွေပင် ပျောက်နေသောကြောင့် မတင်ပြနိုင်ခြင်းကို စိတ်မကောင်းပါ။

၁။ တောင်ပေါ်သူ၏ ငြိမ်းချမ်းရေးပုံပြင် (၀တ္ထု)

တောင်ပေါ်သူ၏ ငြိမ်းချမ်းရေးပုံပြင်

(ဇာတ်သိမ်း)

တကယ့်အဖြစ်အပျက်များကို အခြေခံပြီး စိတ်ကူးအနည်းငယ်ထည့်ရေးသားထားခြင်း ဖြစ်ပါသည်။ ကယန်းလူမျိုးများ၏ အပစ်အခတ်ရပ်စဲရေး ကာလ( ၁၉၉၄) ကို အဓိက အခြေပြုသည်။ သို့သော် ထိုအကြောင်းအရာကို ရေးးဖြစ်သည်မှာ ၂၀၀၁ ခုနှစ်မှ ဖြစ်သည်။ ပထမစိတ်ကူးထဲတွင် ရေးသားခဲ့သည့်အတွင်း ဘာသာရေးဆိုင်ရာ ကိစ္စများပါ၍ မိမိကိုယ်ကို မကျေမနပ်ဖြစ်ခဲ့၍ မရေးဖြစ်ခဲ့ပါ။

၂။ အညတရတို့ရဲ့  အလွမ်းဇာတ် (၀တ္ထု) (အိပ်မက်အိမ်ဘလော့ဂ်မှာပါ)

ဤ ၀တ္ထု သည်လည်း ၁၉၉၂ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နယ်မြေ တပ်မဟာ ၃၊ တပ်ရင်း ၈(မုန်းမြို့နယ်)တွင် ဖြစ်ပျက်ခဲ့သော အချက်အလက်အချို့ကို အခြေခံပြီး ရေးဖွဲ့ထားခြင်းဖြစ်သည်။ အလွန်လွမ်းစရာ နာကျည်းစရာကောင်းသည့် အဖြစ်အပျက်လည်း ဖြစ်သည်။ ကျနော် ၀တ္ထုထဲတွင် တကယ့်အချက်အလက်မှန်တချို့ကို ချန်ထားခဲ့သည်။ တကယ့်အဖြစ်အပျက်အမှန်မှာ အသတ်ခံခဲ့ရသူ အမျိုးသမီးအား နအဖ စစ်သား၂၀ကျော် ၃၀ခန့်မှ မတရားပြုကျင့်ပြီး သတ်သည့်အချိန်တွင် ၀ါးလုံးအားချွန်ပြီး အမျိုးသမီးတန်ဆာထဲအား ရိုက်ထည့်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ၀တ္ထုတွင် ထိုအချက် အား ကျနော် မဖော်ပြရက်ပါ။ မဖော်ပြချင်ပါ။ ထို့ကြောင့်ချန်ထားခဲ့ပါသည်။

၃။ လူသိရှင်ကြားရည်းစားစာ (ကဗျာ)

ဤကဗျာကတော့ ကျနော်၏ အများနှင့်မဆိုင်သည့် ပုဂ္ဂလိက ခံစားမှုဝေဒနာဖြစ်သည်။ သိပ်တော့မထူးဆန်း လှပါ။ တိုင်းရင်းသူအမျိုးသမီးလေးတဦးကို ကျနော်ချစ်မိသည်။ လူမျိုးရေး ကွဲပြားမှု၊ နိုင်ငံရေး အယူအဆမတူညီမှု၊ပုဂ္ဂလိကဘ၀ကိုတဦးနှင့် တဦးကြည့်မြင့်မှုများ၊ ကြားသွေးခွဲစကား များကို ထိုကဗျာ ရေးချိန်တွင် ကျနော်မေ့ထားခဲ့သည်။ကျနော်သိသည်မှာ သူမသာ။ အဲဒီမှာပင် ထိုကဗျာကို ရေးဖြစ်သွားခဲ့သည်။ ကျနော်က ချစ်ရသူကိုး။ မိတ်ဆွေအချို့ကတော့ ကဗျာဆန်သည်ဟု ပြောသည်။ ကဗျာရွတ်ပွဲအချို့တွင် ပွဲတောင်းခံရသည်။ ထို့အတွက်တော့ ကြည်နူးပီတိဖြစ်ရသည်၊

၎။ လိပ်ပြာမလုံနိုင်တဲ့ကာလ (ကဗျာ)

ဒီကဗျာကို ကိုယ့်ကိုယ်ကိုလည်း အများတကာကိုလည်း အားမလိုအားမရဖြစ်သည့်အချိန်တွင် ရေးဖြစ်ခဲ့ သည်။ တိုက်ဆိုင်သည်က ၂၀၀၇ ခုနှစ်မတ်လတွင် ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ လူနားလည်လွယ်မည့် နိမိတ်ပုံတော်တော်များများ သုံးဖြစ်ခဲ့သည်။ ကိုယ့်အခြေအနေကို အားမရသည်ကို အားမရကြောင်း ရေးဖြစ်ခဲ့၍လည်း ကျေနပ်မိခဲ့သည်။

၅။ ပွဲတော်တွေနဲ့ ဝေးတဲ့ကောင် (ကဗျာ)

ဒီကဗျာကို တောထဲတောင်ထဲ ရောက်နေသည့် အချိန် ၂၀၀၀ခုနှစ် ဆန်းပိုင်းတွင် ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကို စာရေးဖြစ်နေခြင်းက တော်တော်ကံကောင်းသည်ဟု ပြောရမည်ထင်သည်။ ထိုကာလက အဖော်မဲ့နေရခြင်းကများသည်။ သို့သော် ကဗျာက နှုတ်ဆက်ကဗျာဖြစ်နေသည်။ နေရစ်ခဲ့တော့ ကယန်းမလေး ပေါ့။ အိပ်မက်အိမ် ဘလော့ဂ်တွင် ဖော်ပြထားပါသည်။

ဖတ်သူများကျေနပ်မည် မကျေနပ်မည်ကိုတော့ ကျနော်မသိပါ။ ကျနော် ကြိုက်နှစ်သက်သည့် ငါးပုဒ်ကို ခေါင်းစဉ် ပေးလိုက်ပါပြီ။ အမြင်များလည်း သိလိုလှပါသည်။ တဂ့်သူ မခင်မင်းဇော်လည်း ဒုက္ခပေးရခြင်း ကြောင့် ကျေနပ်သွားမည်ဟု မျှော်လင့်ပါသည်။ ကျေးဇူးတင်ပါသည်။

Labels:

posted by မြင့်ဇေ @ 1:04 AM   3 comments
လွတ်မြောက်ရေးတိုက်ပွဲတွေဆီ ကျနော်လာခဲ့တယ်…. (၆)
Tuesday, August 21, 2007
မော့ဂနင် တပ်ကုန်းက စီးမြင်နေရတဲ့ ရေး-ထားဝယ်ကားလမ်းကို ကျနော်တို့ အလျင်အမြန် ဖြတ်ပြီးတော့ ငါးနာရီခွဲလောက်ပါပြီ။ ကျနော်တို့လိုက်လာတဲ့ ကုန်သည်အုပ်က အတော်များ ပြား ပါတယ်။ အသော့နှင်လိုက်ကြတာ ကျနော်လည်း ရွာအမည်တွေမမှတ်မိတော့ပါ။ တရွာနဲ့ တရွာက တခါတလေ နီးလိုက်၊ တခါတလေ ဝေးလိုက်ပါ။ မိုးတွင်းနှောင်းပိုင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ တောင်ပိုင်းးဖြစ်တာကြောင့် မိုးကရွာဆဲ။ ဒါကြောင့် ရေစီးနေတဲ့ ချောင်းလတ်၊ ချောင်းသေးတွေ အကြိမ်ကြိမ်ဖြတ်၊ ချောင်းကြီးတွေကျရင် ကမ်းပါးတွေကို ကုတ်ကတ်တွယ် တက်ပြီး ကူးရပါတယ်။ ပုဆိုးထဲမှာ ကျောပိုးအိတ်ကို ထည့်ပြီး ခေါင်းပိုးလွယ်။ ပြီးတော့ ဘောကန်ဘောင်းဘီတိုကျပ်ကျပ်နဲ့ တရစပ်လျှောက်လိုက်ရတာ နေ့လည်စာချက်စားမယ် ဆိုတဲ့ ရွာရောက်တဲ့အထိပါဘဲ။ ကျနော်ကတော့ ဟောဟဲ လိုက်နေပါပြီ။ ကိုလင်းက ခန္ဓာကိုယ်အရရော၊ အတွေ့အကြုံအရပါ ကျနော့်ထက် တောင့်တင်းတော့ ကျန်တဲ့လူတွေနဲ့ အမှီလိုက်နိုင်တယ်။ ကျနော်ကတော့ အမျိုးသမီးများတဲ့အဖွဲ့နဲ့နောက်မှာ ကျန်ရစ်ခဲ့တယ်။

နောက်မှ သိရတာက ကျနော်တို့နဲ့အတူ ပါလာတဲ့ ကုန်သည်အုပ်က တဖွဲ့တည်းမဟုတ်ဘူး။ အစုအဖွဲ့တွေနဲ့လာကြတာ။ နေ့လည်စာ ထမင်းစားပြီးတော့ ကိုလင်းနဲ့ အတူလျှောက်နေတဲ့ အဖွဲ့က ဆက်ထွက်သွားတော့ ကိုလင်းက ညကျမှ အိပ်တဲ့နေရာမှာ တွေ့မယ်လို့ ပြောသွား တယ်။ မင်းတော့ဖြည်းဖြည်းဘဲ ဒီကုန်သည်အဒေါ်တွေနဲ့ လိုက်ခဲ့ပေါ့လို့ ပြောပြီးထွက်သွား တယ်။

ကျနော်တို့ ဆက်ထွက်လာတာ ချောင်းလတ်လတ်တခုစီးနေတဲ့ လယ်ကွင်းသေးသေးတခုကို ရောက်သွားတယ်။ တော်တော်ကြီးတဲ့ လယ်တဲလေး တလုံးရှိတယ်။ ဒီည ဒီမှာအိပ်မယ် လို့ပြောတော့ လူကထိတ်ခနဲ ဖြစ်သွားတယ်။ အရှေ့ကအဖွဲ့ကို အမှီမလိုက်တော့ဘူးလား အဒေါ်လို့ မေးတော့ သူတို့နဲ့ ငါတို့အဖွဲ့နဲ့က တူတာမဟုတ်ဘူးတဲ့။ ဘာမှ မပူပါနဲ့ ဘုရားသုံးဆူကျရင် နင့်သူငယ်ချင်းနဲ့ ပြန်ဆုံမှာပါ လို့ အဒေါ်ကြီးက ပြန်ပြောတယ်။ ဟုတ်ကဲ့ သာ ပြန်ပြောလိုက်ရတယ်။ လူ့မှာတော့ စိုးတထင့်ထင့်ပါ။ ကျနော့်ပိုးအိတ်ထဲမှာက ဆန်နဲ့ ငါးခြောက်၊ ကြက်သွန်နီပဲပါတယ်။ ကျန်တဲ့ ဆေးလိပ်တို့ ဘာတို့အားလုံးက ကိုလင်းနဲပါသွားပြီ။ ကဲ-အခုမှတော့ ပေါက်တဲ့နဖူးမထူးတော့ပါဘူးဆိုပြီး ချောင်းထဲ ရေသွားစိမ်ပြီးနေလိုက်တယ်။

ထမင်းစားသောက်ပြီး ဆေးလိပ်သောက်ချင်လာတော့ ဆေးလိပ်လည်း မရှိဘူး။ အဲဒီမှာတင် ပွတ်ချွန်းနဲ့ စတွေ့တော့တာပါဘဲ။ ဆေးရွက်ကြီးတွေကို အမျှင်လေးတွေ ဖြစ်အောင်လှီးထားပြီး သတင်းစာစက္ကူနဲ့ လိပ်သောက်ရတဲ့ ပွတ်ချွန်းကို အဲဒီမှာ စဖွာရတော့တာပါဘဲ။ အဒေါ်ကြီး ငှားလာတဲ့ ကုန်ထမ်းအငှားသမားတွေလည်း ကုန်ထမ်းရ၊ ချက်ပြုတ်ရတဲ့အပြင် ကျနော့်ကို ပွတ်ချွန်းလိပ်ပေးရတဲ့ အလုပ်ကိုပါ အပိုဆောင်းလုပ်ပေးခဲ့ရတယ်။

လမ်းမလျှောက်ဘူးတော့ နောက်နေ့မှာ ဘယ်လိုမှ လျှောက်ချင်စိတ်မရှိတော့အောင်ကို ဖြစ်ပေမယ့် လျှောက်မှ ရောက်မယ့်အဖြစ်မို့ ဆက်လျှောက်ခဲ့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ အုပ်စုထဲမှာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်မယ့် ခပ်ငယ်ငယ်မိသားစုတစုလည်း ပါတယ်။ သားအမိသားအဖ သုံးယောက်ပါ။ ယောင်္ကျားဖြစ်သူက ကျနော့်ကို အမြဲစောင့်စောင့်ခေါ်တယ်။ ကျနော်ကလည်း ကိုယ့်ကြောင့် ခရီးနှောင့်နှေးမှာစိုးပြီး မှီအောင်တော့ အမြဲလိုက်လာခဲ့ပါတယ်။ အဲဒီမိသားစုနဲ့ တော်တော်လေးလည်း ခင်သွားတယ်။

သွားနေရင်းတရက်မှာ အုန်းထမင်းစားလိုက်ရသေးတယ်။ နေ့လည်ဘက်ရွာလေးတရွာမှာ ၀င်နားတုန်း အဒေါ်ကြီးက ကြက်တကောင်ရတယ်ဆိုပြီး အုန်းသီးခူးခိုင်းပြိး အုန်းထမင်းချက် တာ၊ အဲဒီရွာမှာဘဲ သူပုန်လို့ ပြည်မကခေါ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်သား သုံးလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို ပြောပြီးနေခဲ့ရင် ရပေမယ့် ကိုလင်းနဲ့လည်း တွေ့ချင်တာကြောင့် ဘာမှ မပြောဘဲ ဆက်လာခဲ့တယ်။

သုံးရက်မြောက်နေ့ မနက်ပိုင်းကျတော့ ဇမိမြစ်ကမ်းပါးကို ကျနော်တို့ ရောက်ခဲ့ပါပြီ။ အဲဒီကနေ လှေစီးပြီးသွားရမှာပါ။ ကျနော့်မှာတော့ အခက်ကြုံရပြန်ပြီ။ ကိုလင်းနဲ့အတူ ငွေတွေအားလုံး ပါသွားခဲ့တာကြောင့် လှေစီးဘို့ မပြောနဲ့ ဆေးလိပ်ဖိုးတောင်မှ မရှိလို့ ပွတ်ချွန်းသောက်ခဲ့ရတာ မဟုတ်လား။ လှေစောင့်နေတဲ့ အဒေါ်ကြီးနားကို သွားပြီး လှေခစိုက်ထားဖို့အကြောင်း၊ ဘုရားသုံးဆူ ရောက်မှ ပြန်ပေးမယ်ဆိုတဲ့အကြောင်း ပြောတော့ သူက ဟက်ဟက်ပက်ပက် ရီပါတယ်။

`ငါသိပါတယ်.. ကောင်လေးရဲ့၊ ကျန်တဲ့လူတွေလည်း သိကြတယ်။ ပြန်မပေးလည်း ပြဿနာ မရှိဘူး။ နင်တို့ကို စတွေ့ကတည်းက အလုပ်သွားလုပ်မယ့် လူတွေ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တောခိုလာတဲ့ ကျောင်းသားတွေမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီအထိ နင့်အဖော်မရှိတာ တောင် ကောင်းကောင်းမွန်မွန် ခေါ်လာတာပေါ့။ ဟိုရောက်မှ အဆင်ပြေလည်း ပေး၊ မပြေလည်း မပေးနဲ့။ တောခိုမယ့် ကျောင်းသားတွေကို ငါခေါ်ခေါ်လာပေးတာ မနည်းတော့ပါဘူး။´လို့ ပြန်ပြောတော့ ၀မ်းလည်းဝမ်းသာသွားတယ်။ ရှက်လည်း ရှက်သွားတယ်။ ကိုယ့်မှာတော့ အလုပ်သွားလုပ်မယ်ဆိုပြီး ဟန်တွေပန်တွေ လုပ်နေရတာ။ သူတို့အားလုံးက သိနေခဲ့ပါလား ဆိုပြီး၊ နောက်တခုက လူထုရဲ့တရားကို မြင်ရလို့ပါ။ အာဏာရှင်ကို ဆန့်ကျင်ဘို့အတွက်မှာ အပြည့်အ၀မပါဝင်နိုင်သေးပေမယ့် တတ်နိုင်တဲ့ ဘက်က ၀ိုင်းလုပ်နေပါလားဆိုတာကို ကျနော်မြင်ရလို့ပါ။ အဲဒီမှာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ လှေပေါ်တက်ပြီးထွက်ခဲ့တယ်။

မြစ်သာဆိုတယ်။ ချောင်းကျယ်တခုလောက်ပါဘဲ။ တောင်ဆင်ခြေလျောတလျှောက် ရေဆင်း လာတာဆိုတော့ ရေဆန်ကအရမ်းပင်ပန်းတယ်။ စက်လှေနဲ့ တက်ပေမယ့်လည်း တချို့နေရာတွေမှာလူတွေ ဆင်းတွန်းရတယ်။ ရေကကြည်လင်လွန်းနေပြီး အနက်က ဒူးဆစ်သာသာလောက်ဘဲ။ ချောင်းလယ်နဲ့ ကမ်းပါးဘေးကျောက်ဆောင်တွေကြားမှာ မိုးမခပင်တွေ။ တခါတလေ ရေအားသန်တဲ့ နေရာတွေကျရင် လှေပေါ်ပါတဲလူအားလုံး မိုးမခပင်တွေကို ဆွဲထား၊ ပြီး ညာသံပေးပြီး လှုပ်ပေးကြ။ အဲဒါမှ မရရင် ဆင်းတွန်းကြနဲ့ ပွဲတော်တခုကို သွားနေကြသလို ပါဘဲ။

လှေ နှစ်နာရီခွဲ၊ သုံးနာရီသာသာလောက် စီးပြီးတော့ ချောင်းဆုံကို ရောက်ပါပြီ။ ချောင်းဆုံမှာက မွန်ပြည်သစ်ပါတီရဲ့ တပ်တွေရှိတယ်။ ကုန်သည်တွေအ၀င်အထွက် အရမ်းများတယ်။ လှေကပ်ပြီး အပေါ်ကို မော့ကြည့်တော့ တဲတလုံးရဲ့ ၀ရန်တာမှာ ကိုလင်း ထိုင်နေတာ တွေ့ရတယ်။ သူ့တွေ့တော့ တော်တော်လည်း ပျော်သွားတယ်။ အဲဒါနဲ့ ကိုလင်းဆီ က ငွေတောင်းပြီး အဒေါ်ကြီးကို ပေးတော့ အဒေါ်ကြီးက မယူပါဘူး။ ဒါပေမယ့် အတင်းပေး တော့မှ ယူတယ်။ နောက် ဆုပေးတယ်။ ဘေးမထိ ရန်မခပါစေကြောင်းဆိုပြီး။ သူတို့က အဲဒီမှာ နေခဲ့ဦးမယ်လေ။ ဒါနဲ့ အားလုံးကိုနှုတ်ဆက်ပြီး ဘုရားသုံးဆူကို ရောက်မယ့် လမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။ (နောက်ပိုင်းအဒေါ်ကြီးနဲ့ရော၊ ဟိုမိသားစုလေးနဲ့ပါ ဆုံဖြစ် ပါ သေး တယ်။ဘုရားသုံးဆူ မကျခင်အထိ)

ဘုရားသုံးဆူရောက်တော့ ကရင်-မွန် ပူးတွဲကော်မတီ အခြေစိုက်တဲ့ ရုံးရှိရာကိုသွားတော့ တောခိုလာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်က လာနှုတ်ဆက်တယ်။ ပြီးတော့ ကျနော်တို့ကို တပ်ရင်းအခြေစိုက်ရာကို ခေါ်သွားတယ်။ ထိုင်းမြေကို ဖြတ်ရတာမို့ ကားစီးလာခဲ့ရတယ်။ ဘုရားသုံးဆူဈေးကိုလည်း ခဏဘဲ ကြည့်ဖြစ်တယ်။ ကားပေါ်ကနေပါ။ ကားကို ၁၅ မိနစ်လောက်စီးလာတော့ နမ့်ကိတ်ဆိုတဲ့နေရာကို ရောက်သွားတယ်။ ထိုင်း-မြန်မာနယ်နိမိတ်ကို အဲဒီနေရာမှာ ကားလမ်းနဲ့ ပိုင်းထားတာပါ။ မြန်မာမြေဘက်ပြန်ကူးပြီး ၁၅ မိနစ်လောက်ထပ်လျှောက်တော့ အော်သံတချို့ကို ခပ်အုပ်အုပ်ကြားရတယ်။ သေချာနားထောင်ကြည့်တော့
`ဘာလုပ်နေလဲ ၊ လေ့ကျင့်နေတယ်´
`ဘာစိတ်ဓာတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓာတ်´ ဆိုတာပါဘဲ။

ပြီးတော့ ခွပ်ဒေါင်းအလံစိုက်ထားတဲ့ ကင်းဂိတ်တခုနဲ့ ကင်းစောင့်နေတဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ သူရဲ့ ရင်ဘတ်မှာ ကျောင်းသားတပ်မတော်ဆိုတဲ့ ရင်ဘတ်တံဆိပ်ကို တွေ့လိုက်ရပါတယ်။ သေချာပါပြီ။ ကျနော် မျှော်မှန်းရည်ရွယ်လှမ်းလျှောက်ခဲ့တဲ့ ခရီးလမ်းဆုံးကို ရောက်ခဲ့ပါပြီ။ ဒါပေမယ့် အမေ့အိမ်ကထွက်လာတဲ့ခရီးအတွက် လမ်းဆုံးပန်းတိုင်ဖြစ်ပေမယ့် တော်လှန်ရေး ပြောက်ကြား ရဲဘော်တဦးရဲ့ ဘ၀အတွက်တော့ အစပြုရာပါ။ ။

ပြီး

Labels:

posted by မြင့်ဇေ @ 2:29 AM   1 comments
အမုန်းကင်းစေတော့
Saturday, August 18, 2007
`ဟော့ဒီ တောင်ယာ၊ ဖုန်းဆိုး
ကမ်းပါး၊ ချောင်းခြောက်
တလျှောက်……
သွေးတွေ ဘယ်လောက်ထိအောင်
ပေးရမှာလဲ
အာဃာတတွေ ကျေပျက်ဖို့
မင်းတို့နင်းလိုက်
တွေ့ရမယ်။
စိတ်ကြည်လင်တဲ့ အရိုးစုဖြူဖြူများထဲက
နားလည်မှု၊ ချစ်ခင်လိုမှူ
သွေးစည်းလိုစေမှုများနဲ့
သူတို့သံသရာကို သူတို့က စိတ်ချလက်ချမရှိခဲ့ဘူး။…´
(ကျနော် ၂၅ တင်းတင်းပြည့်ခဲ့ပြီ…) (ကဗျာရှည် - မြင့်ဇေ)

တခါက ကျနော် ရေးပြီး ဘယ်မှ မဖြန့်ဖြစ်ခဲ့တဲ့ ထုတ်ဝေခွင့်မရခဲ့တဲ့ ကိုယ်တိုင်မီးရှို့ခဲ့ရတဲ့ မှတ်စုစာအုပ် ထဲမှာ ရေးဖွဲ့ခဲ့တဲ့ ကဗျာရှည်တပုဒ်ထဲက အပိုဒ်တပိုဒ်ပါ။ အဲဒီအချိန်က ကျနော်ရောက်နေတာက မြန်မာပြည်အလယ်ပိုင်းက ဒေသတခုမှာပါ။ ၁၉၉၃ မေလ ထဲမှာ ကျနော်တို့ ပါဝင်ခဲ့တဲ့ စစ်ကြောင်းက ရောက်ခဲ့တာပါ။

ကျနော် မြန်မာပြည်မကလာခဲ့တဲ့ ကျောင်းသားတယောက်ပါ။ ပြည်မမှာလည်း တိုင်းရင်းသားလူမျိုးစုံ နေထိုင်ခဲ့ကြတဲ့အတွက် တောထဲကို ရောက်လာတဲ့ ကျောင်းသားတွေဟာလည်း လူမျိုးစုံပါပါတယ်။ ဒါပေမယ့် ဗမာတွေများပါတယ်။ ပြည်မကလာတယ်ဆိုရင် ဗမာ ဆိုတဲ့ အမြင်ဟာ အခုမှ ရှိခဲ့တာ မဟုတ်ပါ။ ကြာလှပါပြီ။ စစ်တပ်က ၇ွာကို မီးရှို့ ၇င် ဒါက ဗမာစစ်တပ်လက်ချက်။ နောက် မုဒိမ်းကျင့်ရင် ဗမာ…. စသဖြင့် လူမျိုးရေးကို အညှိုးအတေး ကြီးစေမယ့် အရာတွေက ကြီးစိုးခဲ့တာကြာလှခဲ့ပါပြီ။

၈၈ အရေးတော်ပုံနောက်ပိုင်း ကျနော် အပါအ၀င် အင်အားအတော်အတန် ရှိတဲ့လူများစွာ လက်နက် ကိုင် တော်လှန်ရေးရှိရာဆီ ရောက်လာခဲ့တယ်။ ရောက်လာခဲ့တဲ့ လူများစုဟာ (ပြန်သွားကြတဲ့ လူတွေ က လွဲပြီး) ဘာမှမရှိတဲ့ အခြေအနေအောက်မှာ လက်နက်ကိုင်တော်လှန်ရေးကို ကိုင်စွဲခဲ့ကြတယ်။ ကျနော်တို့မှာ အခြေခံလူထု၊ အခြေခံနယ်မြေ မရှိခဲ့ဘူး။ ကိုယ်ပိုင်တပ်မတော်တခုဘဲ နောက် အဲ့ဒီတပ်မတော်ကို နိုင်ငံရေးအရ ဦးဆောင်ဖို့ အဖွဲ့အစည်းတခုပဲ ကျနော်တို့မှာ ရခဲ့တယ်။

ဒါပေမယ့် ကျနော်တို့ ဖြတ်သန်းခဲ့ရာ ကာလတွေမှာ တနည်းမဟုတ် တနည်းနဲ့ ကိုယ်ပိုင်လက်နက် တပ်ဆင်နိုင်ဘို့ ကြိုးစားခဲ့ကြတယ်။ ၀န်ဆောင်မှုတွေ၊ အသက်တွေ၊ သွေးတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ မျက်ရည်စများနဲ့…..

ကိုယ့်အသက်ကိုယ် ကာကွယ်ဘို့၊ ကိုယ့် ယုံကြည်ချက်ကို ဆုပ်ကိုင်ဘို့ ၊ ကိုယ့်အဖွဲ့အစည်း ကိုယ့်တပ်မတော်ရဲ့ ခွပ်ဒေါင်းအလံမြေမကျဘို့ ..အတွက် ကိုယ်ပိုင်လက်နက်တွေကို စုခဲ့ရတယ်။ ရပေမယ့်လည်း ကျနော်တို့နဲ့ ရင်ချင်းအပ်ထားတဲ့ မဟာမိတ်တွေနဲ့အတူ သူတို့ရော ကျနော်တို့ရော ကြိုးပမ်းခဲ့ရတယ်။ စစ်ပွဲတွေများမြောင်လှစွာ…။ အခက်အခဲတွေ မရေမတွက်နိုင်စရာ…..။ ဖြတ်လေးဖြတ်များက… မိုးဦးကာလ၏ မိုးစက်များလို…။

ကျနော်တို့ အခြေခံရာဒေသများမရှိခဲ့ပါ။ အခြေခံလူထုများမရခဲ့ပါ။ ဒါပေမယ့် ကျနော်တို့ ပေးဆပ်ခဲ့ကြ ပါတယ်။ မြန်မာတပြည်လုံးလွတ်မြောက်ရေးအတွက်၊ တဦးနှင့်တဦးနားလည်မယ့် ဖက်ဒရယ် ပြည်ထောင်စုအတွက်၊ နိုင်ငံတ၀ှမ်း က လူထုရဲ့ ပြည်တွင်းစစ်သောကအတွက် ငြိမ်းချမ်းရေးရစေရန် အတွက်။ ဘာလို့ကျနော်တို့ပေးဆပ်ခဲ့ကြသလဲ။ ကျနော်တို့ရဲ့ တိုင်းပြည်ညီညွတ်ရေး၊ အမျိုးသား သွေးစည်းမှု ကျစ်လစ်ရေးအတွက်ပါ။

လသာတဲ့ညတွေမှာ၊ ဒါမှမဟုတ် တောင်ယာခုတ်တဲ့အချိန်တွေမှာ မြန်မာတိုင်းရင်းသားပေါင်းစုံတွေရဲ့ ခြေလှမ်းတွေနင်းတဲ့ မြေသားမာမာတွေအောက်မှာ တိုင်းပြည်ကိုချစ်တဲ့ ဗမာလူငယ်တွေရဲ့ သွေးနဲ့ အရိုးကျ ခန္ဓာကိုယ်တွေ ဖုံးလွှမ်းနေတယ်ဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ပါဘူး။ ပြဿနာက မဟာလူမျိုးကြီးဝါဒကို မြင်ပြီး စစ်အာဏာရှင်ကို မမြင်လို့ပါ။

တကယ်က မဟာလူမျိုးကြီးပါဝင်တဲ့ စစ်အာဏာရှင်စနစ်ကြောင့်ပါ။

ဒါနဲ့ ဟိုးအထက်က အပိုဒ်ကို ကျနော် အသက် ၂၅ နှစ်ပြည့်သွားတဲ့ အချိန်က မီးရှို့ခဲ့ရတဲ့ မှတ်တမ်းစာအုပ်ထဲက ကဗျာရှည်ထဲမှာ ရေးမိတာပါ။ ကျနော်ချစ်တဲ့ ရဲဘော်တွေကလည်း တဖြုတ်ဖြုတ် ကျဆုံးနေခဲ့ချိန်ပါ။

Labels:

posted by မြင့်ဇေ @ 10:47 AM   1 comments
လွတ်မြောက်ရေးတိုက်ပွဲတွေဆီ ကျနော်လာခဲ့တယ်…. (၅)
Tuesday, July 31, 2007


သဘောင်္ဆိပ်ကမ်းက ခွာပြီးထွက်လာတာ ခရီးရဲ့တ၀က်ဖြစ်တဲ့ ချောင်းနှစ်ခွကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သဘောင်္ပေါ်ကဆင်းပြီး မုဒုံကိုဖြတ်လို့ ဖားအောက်ကို နောက်တခေါက်ထပ်ရောက်သွားပါတော့တယ်။ အရင် တည်းတဲ့အိမ်မှာ စောင့်နေတဲ့ ရဲဘော်တွေကလည်း ကျနော် ပြန်ပါလာတာတွေ့တော့ အံ့အားသင့် သွားကြပုံ ရတယ်။ သူတို့ကတော့ ရောက်လောက်ပြီထင်နေတာလေ။ အဲဒါနဲ့ သူတို့ကို အဖြစ်အပျက် ရှင်းပြတော့ထပ်ဝေဖန် ကြရော၊ ဒါမှတ်ပုံတင်ပျောက်လို့ဖြစ်တ ဆိုပြီား။ ကျနော်ကတော့ ပြန်ပြောတယ်။ ဒေါသလည်း နည်းနည်း ထွက်သွားတယ်။ တမင်သက်သက် လုပ်ပျောက်တယ်ဆိုရင်တော့ ဝေဘန်မှုက ပြဿနာမရှိပါ။ ဒါပေမယ့် အခုဟာ မတော်တဆအဖြစ်အပျက်ကြောင့် ပျောက်ရှသွားတာကိုတော့ ဒီလောက် ဝေဘန်နေရင်တော့ မဟုတ် တော့ဘူးးလို့ ပြန်ပြောလိုက်တယ်။ အဲဒီအတွက်လည်း ပထမတကြိမ် ဝေဘန်ပြီးသွားပြီပဲ။ အခုလုပ်ရမှာက ဘယ်လိုဆက်သွားမလဲဆိုတာကို ဆွေးနွေးဖို့ဖြစ်တယ်လို့ ပြောလိုက်မှ နည်းနည်းငြိမ်သွားကြတယ်။

အဲဒါနဲ့ သွားရမယ့်လမ်းကြောင်းကို ပြန်တွက်တော့ ကြာအင်းလမ်းကတော့ လုံးဝအခြေအနေမကောင်းဘူး။ ဒါကြောင့် ကျနော်တို့ တည်းတဲ့ အိမ်က ဘိုးတော်နဲ့ တိုင်ပင်တော့ သူက ရေးကို မီးရထားနဲ့ သွားဖို့ အကြံပေး တယ်။ ရေးမရောက်ခင်မှာ လမိုင်းဘူတာ ဆိုတာ ရှိတယ်။ အဲဒီမှာ သူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် လူငယ်တယောက်ရှိတယ်ပေါ့။ ပြီးတော့ အဲဒီလူကလည်း ထိုင်းဘက်သွားတဲ့လူတွေနဲရင်းနှီးတာကြောင့် အဲဒီလူ ဆီကို စာရေးပေးမယ်ဆိုပြီးပြောတယ်။ ဒါပေမယ့် တောခိုမယ့်အကြောင်းမပြောနဲ့ လို့ ဆိုတယ်။ ဟုတ်ကဲ့ပါ။

ကဲလမ်းကြောင်းကတော့ ရပြီ။ ဒါပေမယ့် ကြာအင်းခရီးစဉ်မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ ၆၀၀ ဟာ လုံးဝမရှိတော့ဘူး။ အဲဒါကြောင့် ခရီးစရိတ် ဘယ်နှယ့်လုပ်ရပ အားလုံးဝိုင်းစဉ်းစားကြတယ်။ ရှိတဲ့ ပိုက်ဆံက လမိုင်းလောက်ဘဲ ရမယ်။ ဘုရားသုံးဆူသွားဘို့ကတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ဘွားခနဲ ရောက် လာတယ်။ ပဲခူးအနောက်ခြမ်းက ကိုလင်း (ယခု ဖင်လန်တွင် နေထိုင်လျှက်ရှိ) ပါ။ သူလည်းရှောင်လာတာပါ။ ဒါပေမယ့် ခဏရှောင်ပြီး ပြည်တွင်းမှာ ဆက်လုပ်ဦးမယ်လို့ ဆိုတော့ …သူလည်း ဆက်နေဘို့ မလွယ်တဲ့ အကြောင်း ဆွေးနွေးရပါတယ်။ အဲဒါနဲ့ သူလည်း လိုက်မယ်ကွာဆိုပြီးပြောတော့ ကျနော်အတွက် ခရီးသွားဖော် အဖြစ်ရော၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်ရဲဘက် တဦးအဖြစ်ပါ အဆင်ပြေသွားပါတယ်။ နောက်တခုက လမ်းစရိတ်အဆင်ပြေသွားပါတယ်။ သူ့မှာ ရွှေဆွဲကြိုးပါလာတော့ အဲဒါကို လိုအပ်တဲ့အခါ ထုမယ်ပေါ့။

ဒါနဲ့ နောက်တရက်မှာ ကျနော်တို့ မော်လမြိုင်-ရေး ရထားနဲ့ ထွက်လာကြတယ်။ ရထားကတော့ ကျပ်လွန်းလှပါတယ်။ ကိုယ်မရောက်ဘူးတဲ့ ဒေသဆိုတော့ ဆိုင်းဘုတ်တခုချင်း ဖတ်ပြီး ရောက်မယ့် ဘူတာကို တမေးတည်း မေးရတော့တယ်။ နောက် စိုးလည်းစိုးရိမ်နေမိတယ်။ ကိုယ်တည်းမယ့်အိမ်ကရော အဆင်ပြေပါ့ မလား။

လမိုင်းဘူတာရောက်တော့ ညနေ၃ နာရီလောက်ရှိပါပြီ။ အဲဒါနဲ့ ကိုလင်းက ကျနော့်ကို တည်းမယ့် အိမ်လိုက်ပို့ တယ်။ ကို….. ရှိပါသလားဆိုတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ထွက်လာပြီး ကျနော်ပါဘဲလို့ ပြောတယ်။ အဲဒါနဲ့ ဖားအောက်က ထည့်ပေးလိုက်တဲ့ စာကိုထုတ်ပေးတော့ စာဖတ်ပြီး လာ.. လာ.. အိမ်ထဲဝင်ပါ ပြောတယ်။ ပြီးတော့ ထိုင်းကို ဘာသွားလုပ်မှာလဲ မေးတော့ ထိုင်းမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြန်ပြောလိုက်တယ်။ ဒါဆို ဒီအိမ်ကနေပြီး တပတ်လောက်စောင့်ပါ။ လူကြုံရှိရင် ထည့်ပေးပါ့မယ် ဆိုတော့ ကိုလင်းက နှုတ်ဆက်ပြီးထွက်သွားတယ်။ သူက မော့ဂနင်းရွာမှာ သွားတည်းမှာပါ။ ခရီးသွားဖို့ အဆင်ပြေမှ လှမ်းအကြောင်းကြားမယ်ပေါ့။ ဒါကလည်း လုံခြုံရေးအရ ခွဲတည်းကြတာပါ။

ညနေ ထမင်းစားသောက်ပြီး အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း ကိုလင်း ရုတ်တရက်ပြန်ရောက်လာတယ်။ ဘာများဖြစ်လို့လဲပေါ့။ ဘာမှဖြစ်တာမဟုတ်ဘူး။ သူသွားတည်းမယ့် အိမ်က အိမ်ရှင်တွေမရှိလို့ ပြန်လာတာ။ အဲဒါနဲ့ အိမ်ပိုင်ရှင် အကိုက ဒီမှာဘဲတည်းပါ။ နှစ်ယောက်တည်း လည်း အားနာစရာ မလိုဘူး။ အကိုကြီးအသိတွေဘဲလို့ ပြောတာနဲ့ နှစ်ယောက်သားတည်းဖြစ်သွားတယ်။

ဒီလိုနဲ့ စက်တင်ဘာထဲကို ၀င်လာတယ်။ အိမ်ရှင်အကိုလည်း ထိုင်းဘက်သွားမယ့် ကုန်သည်အဖွဲ့ စုံစမ်းတာက မရသေးဘူး။ တပတ်ကျော်သွားပြီ။ ကျနော်တို့လည်း အားနာလာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အခက် အခဲနဲ့ကိုယ်မဟုတ်လား။ ကျိတ်မှိတ်ပြီးနေနေရတယ်။ တနေ့ကျတော့ အိမ်ရှင်အကို က ပြောတယ်။ ညီတို့ ဒီအချိန် မိုးတွင်းမျိုးက သွားတဲ့လူရှားတယ်။ အဲဒါကြောင့် မင်းတို့ ခဏ အိမ်ပြန်လိုက်။ မိုးတွင်းကုန်ရင် ပြန်လာခဲ့။ အကို ရအောင်ပို့ပေးမယ် ဆိုတယ်။ အဲဒါနဲ့ ကျနော်တို့နှစ်ယောက်တည်း သီးသန့် တိုင်ပင်ကြတယ်။ အခြေအနေကတော့ မထူးတော့ဘူး။ သွားမယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းမယ် လို့ ဆုံးဖြတ်လိုက်တယ်။

ဆုံးဖြတ်ပြီး ကိုလင်းက အိမ်ရှင်အကိုကို အကျိုးအကြောင်း စကားပြောတယ်။ ကျနော်က ဘေးနားမှာထိုင်လို့။ တောခိုဘို့လာတဲ့ အကြောင်း ပြောလိုက်တော့ အိမ်ရှင်အကိုက ပြူးပြူးပျာပျာ ဖြစ်သွားတယ်။ ကျနော်တို့လည်း ငိုပြရတော့တာပေါ့။ သူတို့ကလည်း နိုင်ငံရေးအကြောင်းမသိတဲ့ သာမန်အရပ်သားတွေဆိုတော့ လန့်တာပေါ့။ သူကမေးတယ်။ ညီလေးတို့က ခေါင်းဆောင်တွေလား ဆိုပြီး။ ကျနော်တို့လည်း မဟုတ်ရကြောင်း နောက်လိုက်များသာ ဖြစ်ကြောင်းပေါ့။ ဒါပေမယ့် လိုက်ဖမ်းနေတဲ့ အတွက်ကြောင့် လာခြင်းဖြစ်ကြောင်း ပြန်ရှင်းပြရတာပေါ့။ အဲဒီမှာတင် ပိုဆိုးသွားတော့တယ်။

ကျနော်တို့က သာမန်ဆိုရင် ဖမ်းမှာမဟုတ်ဘူးပေါ့ဗျာ။ ဒါဆိုရင် လိုက်ဖမ်းတယ်ဆိုတာ အရေးအခင်းတုန်းက ခေါင်းဖြတ်တဲထဲ ပါလား လို့ မေးပြန်တယ်။ ကျနော်တို့လည်း ရယ်ချင်ပေမယ့် မရယ်ဖြစ်ဘူး။ ခေါင်းဖြတ်ဖို့ မပြောပါနဲ့။ ရန်တောင်မဖြစ်ရဲပါဘူး ဆိုတော့ သူက ဒါဆိုအိမ်ပြန်ပြီး ရှင်းပြလိုက်ပါ။ အေးအေးဆေးဆေး ပြန်နေပါလို့ ဆိုပြန်တယ်။ အဲဒါနဲ့ ကျနော်တို့က ငိုပြ၊ သူ့ခမျာမှာလည်း အကျပ်ရိုက်ပေါ့။ ဒါနဲ့ ကျနော်တို့က ရှင်းပြတယ်။ မကြာခင် ရွေးကောက်ပွဲ ပြီးသွားရင် (၁၉၉၀ ရွေးကောက်ပွဲကို ဆိုလိုတာပါ) ပါတီတခုခု အနိုင်ရမှာဖြစ်တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။ အခုဟာက အဖမ်းမခံချင်လို့ပါ ဆိုတော့ သူနည်းနည်းတွေတွေဝေေ၀ ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသုံးဆူသွားတဲ့ လမ်းကြောင်းပေါ်မှာ သူ့ ကရင် သူငယ်ချင်း ဆင်သမားတွေရှိကြောင်း၊ အဲဒီကို ပို့ထားပေးမယ်၊ အားလုံး အဆင်ပြေသွားတဲ့အချိန်ကျမှ အိမ်ပြန်ပေါ့လို့ ဆိုပါတယ်။ ကျနော်တို့က သုံးရက်လောက်အချိန်ပေးပါ။ ကြားမှာ ကျနော်တို့လည်း လူကြုံစုံစမ်းမယ်။ အကိုလည်း စုံစမ်းပေးပါ။ သုံးရက်မှ မဖြစ်ရင်တော့ ကျနော်တို့ အကို ပေးတဲ့ အကြံအတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြန်ပြောတယ်။ အမှန်က အဲဒီဆင်သမားတွေဆီ သွားနေရင်လည်း တောထဲရောက်မှာပါ။ ဒါနဲ့ သူကလည်း အိုကေ လို့ပြန်ပြောတယ်။

သုံးရက်အတွင်း ကျနော်နဲ့ကိုလင်းနှစ်ယောက်သား ရင်းနှီးပြီးသား ဒေသခံလူငယ်တွေကို ရသလောက် မေးမြန်းရတာပေါ့။ နှစ်ရက်ကြာတဲ့ ညမှာ ကျနော်တို့ နေတဲ့ အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေ သတင်းတခု ရလာ တယ်။ ကုန်သည်အဖွဲ့ တဖွဲ့ ဘုရားသုံးဆူဘက်တက်ဖို့ ရှိတယ်။ သန်ဘက်ခါလို့ ဆိုတယ်။ အဲဒါနဲ့ အိမ်ရှင် အကိုကို အဲဒီသတင်းပြောပြတော့ သူသွားစုံစမ်းကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ သန်ဘက်ခါမနက် ငါးနာရီ ထွက်မယ် ပြင်ထားပါ လို့ဆိုတယ်။ နောက်နေ့မနက်ကျတော့ ခရီးစဉ်မှာ လိုအပ်တာတွေ ၀ယ်ဘို့အတွက် ကိုလင်းရဲ့ ဆွဲကြိုးလေးဟာ ဆိုင်ရောက်သွားပါတယ်။ နောက်ခရီးထွက်ဖို့အတွက် ပြင်ဆင်ပေါ့။ ကိုလင်းက ငါးခြောက်၊ ဆေးလိပ်၊ ကြက်သွန်၊ဆားစသဖြင့် သယ်၊ ကျနော်ကတော့ လူနှစ်ယောက်စာအတွက် ဆန်ပေါ့။

မထွက်ခင်ညဘက် အိမ်ရှင်အကိုက ကြက်သားဟင်းနဲ့ ကျွေးပြီး စကားတော်တော်ပြောတယ်။ အတူနေတာ နည်းနည်းကြာသွားတာလည်း ပါတယ်။ နောက် တောထဲမှာ တခုခုဖြစ်တာကို စိုးရိမ်တာလည်း ပါပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ပြန်လာဖို့ကို တဖွဖွမှာတယ်။ တောထဲမှာ အဆင်မပြေဖြစ်ရင် ပြန်လာဘို့ကိုပြောတယ်။ နောက် သူကိုယ်တိုင်လည်း စစ်တပ်ကို မကြိုက်တဲ့အကြောင်း ၊ဒါပေမယ့် နိုင်ငံရေးကို နားမလည်လို့၊ မပတ်သက် ချင်လို့ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တယ်။

မနက်ကျတော့ အိမ်ရှင်အကိုက လေးနာရီလောက်လာနှိုးတယ်။ ထမင်းစားသောက်ပြီး ထမင်းထုတ်ထုတ်ပေး တယ်။ ပြီးတော့ ကုန်သည်အုပ်စုစောင့်နေတဲ့ ရွာအပြင်ကလမ်းဆုံလေးကို လိုက်ပို့တယ်။ ကုန်သည်အဖွဲ့ရောက် လာတော့ ကျနော်တို့က အလုပ်သွားလုပ်မယ်ဆိုတဲ့အကြောင်း၊ သေသေချာချာ လမ်းမှာ ဂရုစိုက်ပေးပါဆိုပြီး တဖွဖွမှာတယ်။ ကျနော်တို့ကိုလည်း သူပြောတာ၊ မှာတာတွေကို မမေ့ဘို့အကြောင်း ပြောပြီး ပြန်သွားတယ်။

အိမ်ရှင်အကိုရဲ့ ကျေးဇူးဟာ ကြီးလှပါတယ်။ သူသာ စိုးရိမ်ပြီး နယ်မြေခံတပ်တို့ ၊ ရဲတို့ကို တိုင်လိုက်ရင် ဒါမှမဟုတ် သူ့အိမ်ကနေ ကျနော်တို့အကြောင်း သိသိချင်း မနေခိုင်းတော့ရင် တကယ့်ကို အကျပ်ဆိုက်မှာပါ။ သူစိုးရိမ်ပေမယ့် ကျနော်တို့ သွားလို့ရအောင်လုပ်ပေးတာကိုက သာမန်လူတယောက်ရဲ့မသိစိတ်ထဲမှာတောင် စစ်တပ်ကိုအလိုလို ဆန့်ကျင်နေတာကြောင့် ဖြစ်မယ်လို့ ကျနော်တွေးထင်မိပါတယ်။ အဲဒီမှာတင် ကုန်သည်အုပ်စုက သွားမယ်၊ မော့ဂနင်ကို မိုးစင်စင်မလင်းခင် ဖြတ်မှ ရမယ်လို့ ပြောတာနဲ့ ကျနော်တို့ စထွက်လာကြတော့တယ်။ အရှေ့မှာတော့ အရုဏ်ပျိုးလုလု…။

Labels:

posted by မြင့်ဇေ @ 12:29 AM   1 comments
လွတ်မြောက်ရေးတိုက်ပွဲတွေဆီ ကျနော်လာခဲ့တယ်… (၄)
Wednesday, July 25, 2007


အဲဒီညတော့ ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ အဲဒါနဲ့ မနက်ခင်းကျတော့ နှစ်ယောက်သားက ဘယ်တော့ ပြန်ထွက်ရင်ကောင်းမလဲ ဆိုတာ ဆွေးနွေးဖြစ်ကြတယ်။ ရောက်ရောက်ချင်း ပြန်ထွက်ရင် ဒီကောင်တွေ ပို မသင်္ကာဖြစ်သွားနိုင်တယ်။ ဒါကြောင့် နောက် ၂ ရက်လောက် အခြေမပျက် ဆက်နေပြီးမှ ဒီကောင်တွေကို ပြောပြီးပြန်ကြတာပေါ့ ဆိုပြီး နှစ်ယောက်သဘောတူလိုက်ကြတယ်။။

အိမ်ရှင်တွေက ကျနော်တို့ကို မသိပေမယ့် တော်တော်သဘောကောင်းပါတယ်။ အဲဒီကာလက ရ၀တဥက္ကဌ ခန့်တယ်ဆိုတာလည်း သူတို့လူ ဆိုပေမယ့် အရေးတော်ပုံကလည်း တနှစ်ပြည့်ပြီးခါစပဲရှိသေးတယ်ဆိုတော့ သူတို့လည်း သိပ်တော့ သွေးက မနွေးသေးပါဘူး။ နောက် ရွေးကောက်ပွဲလည်းလုပ်မယ် ပြောထားတာဆိုတော့ သူတို့က အဲဒါပြီးရင်တော့ အခြေအနေ အပြောင်းအလဲရှိမယ်လို့ စဉ်းစားကြပုံရပါတယ်။


သူတို့သားတွေ တပည့်တွေကလည်း ကျနော်တို့နဲ့ ရွယ်တူဆိုတော့ ပေါင်းရသင်းရတာ တညအတွင်း အဆင်ပြေ သွားပါတယ်။ မနက်ဆိုရင် လက်ဖက်ရည်ဆိုင်သွားထိုင်တယ်။ အဲဒီလက်ဖက်ရည်ဆိုင်မှာတော့ အမြဲလိုလို မှတ်ပုံတင် သိမ်းထားတဲ့ ထောက်လှမ်းရေးနဲ့ ဆုံဖြစ်ပါတယ်။ သူ့ဝိုင်းသူထိုင်၊ ကိုယ့်ဝိုင်းကိုယ်ထိုင်ပါ။

အဲဒီညနေမှာ ကျနော်ပြောထားတာလည်း ယုတ္တိဖြစ်အောင်၊ နောက် တွေ့လည်းတွေ့ချင်တာနဲ့ အီစီကလီမလေးရဲ့ အိမ်ကို သွားလည်ကြတယ်။ အိမ်ရှင်သားနဲ့သွားတာပါ။ လူနဲ့ နာမည်ပဲသိပြီး လိပ်စာမသိတော့ တော်တော်ရှာရပါတယ်။ သွားတဲ့အချိန်က ၅နာရီလောက်ရှိပါပြီ။ အိမ်ရှေ့ရောက်တော့ နာမည်အော်ခေါ်တယ်။ အထဲက အသံပြန်ထွက်လာတယ်။ ဘယ်သူလဲတဲ့။ ကျနော် မြင့်ဇေပါ ပြောတော့ …. သိတယ်၊ သိတယ်၊ ၀င်လာခဲ့လို့ အော်တယ်။ ၀င်သွားတော့ မ…… ရှိလား ဆိုတော့ ရှိတယ်။ ရေချိုးနေတယ်၊ ထိုင်ဦးလေ.။ သူ့အမ ကပြောတယ်။

သိပ်မကြာပါဘူး။ ကျနော့် ပန်းကလေးထွက်လာပါတယ်။ (အခုတော့ ပန်းကြီးဖြစ်နေပြီပေါ့နော့်) ဟယ်… ဘာလာလုပ်တာလဲ၊ ဘယ်လောက်ကြာအောင်နေမှာလဲ၊ လဲပေါင်းများစွာ။ ကျနော်လည်း စိတ်မကောင်းခြင်းကြီး စွာနဲ့ လိမ်ရပါတော့တယ်။ အလည်လာတဲ့အကြောင်း၊ မကြာခင်ပြန်မယ့်အကြောင်း၊ ကျောင်းပိတ်လို့ မြန်မာပြည် တပတ်လုံး လျှောက်လည်တဲ့အကြောင်း၊ သူကတော့ တသြော်သြော်နဲ့။ ဒါပေမယ့် ယုံပုံမရပါဘူး။ ကျနော် ရှစ်လေးလုံးတုံးက လုပ်ဆောင်ခဲ့တာတွေ သူသိတာကိုး။

ဒါနဲ့ လာလည်တယ်ဆိုရင် ကြာအင်းသွားလည်မယ်လို့ သူကပြောတယ်။ ကျနော်ကတော့ မလည်တော့ဘူးလို့ ပြန်ပြောဖြစ်လိုက်တယ်။ သန်ဘက်ခါ ပြန်မယ်ဆိုတာလည်း တခါတည်း အသိပေးလိုက်တယ်။ တောထဲရောက်မှ သိရတာက ကြာအင်းရောက်ရင် (အဲဒိအချိန်က) တောထဲရောက်ပြီ။ နောက်တခုထပ်သိရတာက ကောင်မလေးရဲ့ ဦးလေးတယောက်က ကေအဲန်ယူက တပ်မှူးတဦးဆိုတာကိုပါ။ဒါနဲ့ စကားစမြည်နည်းနည်း ထပ်ပြောပြီး ပြန်လာခဲ့တယ်။

နောက်နေ့ကျတော့ ကျနော်တို့ ထောက်လှမ်းရေးကို သွားတွေ့တယ်။ မနက်ဖြန်ပြန်မယ်၊ မှတ်ပုံတင်ပြန်ပေးပါ။ ဆိုပြီး။အဲဒါနဲ့ ဒီကောင်တွေက သဘောင်္ဆိပ်ကျမှ လာပေးမယ်လို့ဆိုတယ်။ အဲဒါနဲ့ ပြန်မယ့်နေ့ရောက်တော့ သဘောင်္ဆိပ်အဆင်းမှာ ကောင်မလေးနဲ့ သူ့အမက လာနှုတ်ဆက်တယ်။ ကြာကြာမနေသွားလို့လည်း စိတ်မကောင်းဖြစ်နေပုံရတယ်။ နှုတ်ဆက်စကားပြောပြီး သဘောင်္ပေါ်တက်လာခဲ့တယ်။ ဥသြတခါဆွဲတော့မှ ကိုရွှေထောက်လှမ်းရေးများ တက်လာပြီး မှတ်ပုံတင်လာပေးတယ်။ မင်းတို့ အိမ်ကိုတန်းပြန်လို့လည်း ပြောသေးတယ်။ ဟုတ်ကဲ့ ပြန်မှာပါ၊ ကျေးဇူးပါပဲအကိုတို့ဘာတို့ အာပလာ လုပ်လိုက်ရသေးတယ်။
သဘောင်္စထွက်တော့ ကမ်းပေါ်က လက်ပြနေသူတွေက အများကြီး.. အဲဒီထဲက လက်ဖ၀ါးလေးတခုတည်းကိုပဲ ကျနော်ကရွေးမြင်နေမိတယ်။ (ဆက်ရန်)

Labels:

posted by မြင့်ဇေ @ 11:14 PM   1 comments
လွတ်မြောက်ရေးတိုက်ပွဲတွေဆီ ကျနော်လာခဲ့တယ်.. (၃)
Tuesday, July 24, 2007


သြဂုတ်လလယ်ကျော်တော့ ကျနော်တို့ စထွက်ခဲ့ပါပြီ…အဲဒီအချိန်မှာ နဂိုအတုယူလာတဲ့ မှတ်ပုံတင် မရှိတော့တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ပိုင်ကိုပဲ သုံးပါတယ်။ သွားတော့ သုံးယောက်။ တယောက်က ကျနော်တို့ကို လိုက်ပို့တာပါ။ သူက တောထဲ သွားတဲ့အတွေ့အကြုံရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် သူက ကျနော်တို့ကို ကြာအင်းဆိပ်ကြီးအထိ လိုက်ပို့ပေးပြီးပြန် ရမှာပါ။

ဖားအောက်ကနေပြီး မော်လမြိုင်ကို ပြန်သွားရပါတယ်။ အဲဒီမွာ သေဘာၤစီးရမွာပါ။ နောက်ကျမှ သိရတာပါ။ အပေါင်ဘူတာတို့၊ ကျိုက်ထိုဘူတာတို့ကနေ ဆင်းပြီး တောဘက်ကို ဆိုက်ကားတစီးငှားပြီးသွားလိုက်ရင် မြို့ပြင်ထွက်တာနဲ့ ကျနော်တို့ သွားမယ့်နေရာဆီ ရောက်သွားတာပါပဲ။ ဒါလည်း တောထဲရောက်မှ သိရတာပါ။ အခုတော့ ကုန်းတတန်၊ ရေတတန်နဲ့ အသည်းထိတ်ထိတ်သွားရတော့တာပါ။


မော်လမြိုင်ကနေ သဘောင်္စီးတော့ ကျနော်နဲ့ လိုက်ပို့တဲ့ ရဲဘော်က တစု၊ ကိုမွှေးကြိုင်က တယောက်တည်း သပ်သပ် ခြားထားတဲ့ သံဇကာကို ကျောချင်းကပ်ပြီး လူခွဲစီးပါတယ်။ တစုံတခုဖြစ်ရင် တယောက်ယောက်ု လွတ်အောင်ပါ။ ဒါနဲ့ ကျနော်တို့လည်း ဒီခရီးကိုသွားဖူးတဲ့ ဟန်ဆောင်ပေမယ့် ဘယ်လိုမှ ဒေသခံနဲ့ကို မတူနိုင်ပါဘူး။ မော်လမြိုင်နဲ့ ဆိပ်ကြီး(ကြာအင်းဆိပ်ကြီးလို့သာ တွဲခေါ်တာ၊ ဆိပ်ကြီး သတ်သတ်၊ ကြာအင်းကသပ်သပ်ပါ) ရဲ့ အလယ်ဗဟိုလောက်မှာ ဆိပ်ကမ်းတခုကို (ချောင်းနှစ်ခွဆိပ်ကမ်းထင်တယ်။) ကပ်ပါတယ်။ အဲဒီမှာတင် ရဲတွေတက်လာပါတယ်။ အဲဒီ ဘေးတလျှောက်က မွန်တပ်နဲ့ ကရင်တပ်တွေ ကြီးစိုးတဲ့ဒေသဆိုတော့ သူတို့က လုံခြုံရေးအရ လိုက်ရသလို၊ နောက် ခရီးသည်တွေကို စစ်ဖို့ပါ။ ဒီမှာတင် ကျနော်တို့ မြွေစကိုက်တော့တာပါဘဲ။

သူတို့ထုတ်ထားတဲ့ အမိန့်က ရန်ကုန်နဲ့ အထက်ဘက်ကလာတဲ့လူတွေကို စစ်ရမယ်။ မသင်္ကာရင် ဖမ်းရမယ်ဆိုပြီး ထုတ်ထားတာပါ။ အဲဒီမှာ သဘောင်္ထွက်ပြီးစစစ်တာက ရဲဘော်မွှေးကြိုင်ထိုင်တဲ့ ဘက်ခြမ်းကိုပါ။ အဲဒီမှာ သူ့မှတ်ပုံတင်က ပဲခူးအနောက်ခြမ်းဆိုတော့ ငြိသွားတယ်။ ဒါပေမယ့်ပါလာတဲ့ ရဲတပ်ကြပ်ကြီး ကပ်ပြီး ခေါ်သွားပြီး မှ ပိုက်ဆံပေးလိုက်တာ အဆင်ပြေသွားတယ်။ ဒါနဲ့ သူက နဂိုထိုင်တဲ့နေရာကိုပြန်လာပြီး ကျောချင်းကပ်အနေ အထား နဲ့ အခြေအနေကို ရှင်းပြပါတယ်။ ကျနော့်ကိုလည်း ပိုက်ဆံပေးလိုက်ဖို့ပြောတယ်။ တွက်ကြည့်တော့ ပိုက်ဆံက ၄၀၀ ကျပ်လောက်ပဲ ရှိတာ။ နောက်ကျနော်က ဒါမျိုးတခါမှ ပေးဖူးတာမဟုတ်တော့ ပေါက်တဲ့နဖူးမထူးတော့ဘူး၊ နောက်ဒီလောက်လည်း ဒီကောင်တွေ ကြည့်မှာမဟုတ်ဘူးလို့ ထင်လိုက်မိတယ်။

ကျနော်တို့အလှည့်ရောက်တော့ ရန်ကုန်မှတ်ပုံတင် ဆိုတော့ မေးတော့တာပေါ့။ဘာလုပ်မလို့လဲ၊ ဘာကိစ္စနဲ့လာတာလဲ၊ အသိရှိလား စသဖြင့်။ ကျနော်တို့က ကျောင်းပိတ်ရက်ဖြစ်နေလို့ မော်လမြိုင်က အမျိုးတွေဆီ လာလည်တာကဆက်ပြီး စိးပွားရေးလုပ်ငန်းလေးဘာလေး စနည်းနာတာလို့ ပြန်ဖြေလိုက်တယ်။ အဲဒါနဲ့ မင်းတို့က ဆိပ်ကြီးကိုလာတာ အသိရှိလို့လား မေးတော့ ဖျတ်ခနဲ သတိရလိုက်တာ ကိုးတန်းနှစ်က ကျနော်နဲ့ အီစီကလီ ဖြစ်ခဲ့တဲ့ ကောင်မလေးကိုပါ။ အဲဒါနဲ့ ရှိပါတယ်ပေါ့၊ ကျနော်နဲ့ပါလာတဲ့ ရဲဘော်ကလည်း သူလည်း ရှိပါတယ်၊ ဘယ်နေရာမှာ နေပါတယ်၊ ဘယ်လောက်ခင်ကြောင်း အာရတော့တာပေါ့။ ဒါပေမယ့် သူတို့က မင်းတို့ မှတ်ပုံတင်တွေ သိမ်းထားမယ်။ ပြီးရင် ဆိပ်ကြီးရောက်မှ ဆက်စီစဉ်မယ်ပေါ့။ ရပါတယ် ဆိုပြီး ပြန်ပြောလိုက်ရပေမယ့် ရင်ကတော့ စိုးထိတ်နေပါပြီ။

ဒီလိုနဲ့ ရဲတယောက် စောင့်ကြည့်နေတော့ ဘာမှ တိုင်ပင်လို့မရ။ သူ သတိတချက် မထားမိတဲ့အချိန်မှာ ရဲဘော်မွှေးကြိုင်ကပြောတယ်။ ရောက်ပြီး ဟိုဘက်ကမ်းက နာရီဝက်စောင့်မယ်။ မလာရင် သူတော့ သွားမယ် ဆိုပြီး ပြောတယ်။ အိုကေ.. ပေါ့လေ ကျနော်ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကျနော်တို့ ဆိပ်ကြီးကို ရောက်သွားပါပြီ။ ကျနော်တို့ကို မဆင်းခိုင်းပါဘူး။ ခရီးသည်အားလုံးကုန်တော့မှ (ရဲဘော်မွှေးကြိုင်လည်း ဆင်းသွားပါပြီ) ကျနော်တို့ကို လာခေါ်တယ်။ ပြီးတော့ ကျနော်တို့ကို သဘောင်္ဆိပ်မှာ အ၀င်အထွက်လာကြည့်တဲ့ ထောက်လှမ်းရေးနှစ်ယောက်လက်ထဲ လူရော၊ မှတ်ပုံတင်ပါ ပေးရင်း အကျိုးအကြောင်းတွေ ရှင်းပြလို့ထားခဲ့တော့တယ်။

ထောက်လှမ်းရေးနှစ်ကောင်လုံးက ခပ်ပုပု…၊ ဒါပေမယ့် တယောက်က မျက်နှာက သိပ်မဆိုးလှ။ နောက်တယောက်ကတော့ အမိန့်ပေးတိုင်း လုပ်မယ့် ရုပ်မျိုး။ အဲဒီမှာတင် မေးခွန်းပေါင်းသောင်းခြောက်ထောင် မေးတော့တာပဲ၊ ရဲတွေ မေးခဲ့တဲ့ မေးခွန်းအတိုင်းပါပဲ။ သူတို့ဆီကို ခေါ်မသွားဘူး။ သဘောင်္ဆိပ်နဲ့ သိပ်မဝေးတဲ့ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပါ။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်က တယောက်ပြောတဲ့စကားကို တယောက်ပြန် နင်းပြောရင်း လှိမ့်ရတော့တာပေါ့။ (အဲဒီနေရာမှာ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ဖောက်ဖျက်သူလို့ ကြိုက်သလို ပြောကြစေတော့၊ လိမ်ရပါတော့တယ်၊ ကိုယ်က မြင့်မြတ်သူမဟုတ်သလို၊ အနာအကျင်လဲ လိုအပ်မှ ခံမယ့်သူပါ)။ ကျနော်နဲ့ ပါလာတဲ့ ရဲဘော်က ခိုင်ပါတယ်။ သူက ၈၈၈၈ ပြီးစမှာ တောခိုသွားပြီးမှ အခြေအနေကို စိတ်ပျက်ပြီး ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်ဝင်လာခဲ့တာ၊ ၀င်တဲ့နေရာကလည်း အခု ကျနော်တို့ ရောက်နေတဲ့ ဆိပ်ကြီးမှာ။

အဲဒီတုံးက ကြိုဆိုရေးတွေဘာတွေ လုပ်ကြတဲ့အချိန်မှာ သူက အိမ်တအိမ်မှာ တည်းခဲ့ဖူးတယ်။ ဒါပေမယ့် သူ့နာမည်အစစ်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ကိုဆွဲထားတဲ့အချိန်မှာ အဲ့ဒီဘိုးတော်က ရ၀တ ဥက္ကဌ ဖြစ်နေတယ်။ သူ့နာမည်ပြောတော့ ထောက်လှမ်းရေးလည်း ကြောင်တောင်ယောင်တောင်ဖြစ်သွားတယ်။ အဲဒါနဲ့ မင်းတို့ကို အဲဒီအိမ်လိုက်ပို့မယ် ပြောပြီး လိုက်ပို့တယ်။

အိမ်ရှေ့ ရောက်တော့ ထောက်လှမ်းရေးတွေက အိမ်ရှင် အဖိုးကြီးနာမည်ကို ခေါ်တယ်။ အဖိုးကြီးထွက်လာတော့ ဥက္ကဌ ခင်ဗျားအသိတွေလို့ သူတို့ကပြောတယ်.. ဟုတ်လား .. မေးတော့ အဖိုးကြီးကလည်း မမှတ်မိဘူး။ အဲဒီမှာတင် ကျနော်နဲ့ပါလာတဲ့ ရဲဘော်က ဟာ … အဘ ကျနော့်ကို မမှတ်မိဘူးလား။ ကျနော်က ဘယ်အုပ်စုနဲ့လာပြီး အဘအိမ်မှာတည်းခဲ့တယ်လေ၊ လွန်ခဲ့တဲ့ နှစ်က…။ သူအရမ်းကောင်းလွန်းပါတယ်။ အဖိုးကြီးက တကယ်တော့ သူ့ကို မမှတ်မိပါဘူး။ ဘာလို့ဆိုတော့ အဲဒီအချိန်တုံးက ပြန်ဝင်ခဲ့တဲ့ လူတွေကများတော့ လူတိုင်းကို တဦးချင်းစီမှတ်မိဖို့က အရမ်းခက်တယ်။ နောက် နာမည်တွေကလည်း တကယ့်အစစ်မသုံးခဲ့လို့ပါ။

ဒီမှာတင် အဖိုးကြီးလည်း နဝေတိမ်တောင်နဲ့ သိသလို ဟန်ဆောင်ပြီး ကျနော်တို့ကို လက်ခံလိုက်ရတယ်။ အဲဒါနဲ့ ကျနော်တို့ကို အပ်ပြီး ပြန်မယ်လုပ်နေတဲ့ ထောက်လှမ်းရေးတွေကို အကို ကျနော်တို့ မှတ်ပုံတင်လေး ပြန်ပေးပါဦး ပြောကြည့်တယ်။ သူတို့က ဘာမှမစိုးရိမ်ပါနဲ့မင်းတို့ ပြန်ရင် ငါတို့ကိုယ်တိုင် လာပေးပါ့မယ် ဆိုပြီး ပြောပြီးပြန်သွားကြရော။

ထောက်လှမ်းရေးတွေ ပြန်သွားတော့မှ ပါလာတဲ့ ရဲဘော်က အဖိုးကြီးကို လုံးဝ စည်းရုံးရတော့တယ်။ သူ့ရဲ့သားတွေကလည်း ကျနော့်နဲ့ အသက်သိပ်မကွာတော့ ဟိုမေးဒီမေးနဲ့ ကျနော်လည်း လုံးရတယ်။ ဘယ်သူ့ကိုသိလား၊ ဘယ်ဝါ့ကို သိလားပေါ့။ ကျနော်နဲ့ အီစီကလီဖြစ်တဲ့ကောင်မလေးရဲ့ လိပ်စာကိုလည်း သူတို့ဆီကပဲ ရလိုက်ပါတယ်။

ထမင်းသာစားပေမယ့် မဖြောင့်ခဲ့ပါဘူး။ အဲဒီအိမ်ရှင်တွေက ကျနော်နဲ့ ပါလာတဲ့ ရဲဘော်ကို မမှတ်မိတော့လို့ပါ။ အဲဒီညမှာ သူပြောတဲ့ နာမည်ကို ထမင်းစားပြီး အိမ်ရှင် ဘိုးတော်က ရုံးကစာရင်းတွေထဲမှာ သွားရှာပါတယ်။ ကျနော်တို့ အိပ်လောက်ပြီလို့  ထင်တဲ့အချိန်မှာ ပြန်လာပြီး သူ့မိန်းမကို တီးတိုးပြောတာ ကြားပါတယ်။

ဘယ်ကကလေးတွေလည်း မသိပါဘူးကွာ၊ သူတို့ပြောတဲ့ နာမည်တွေလည်း မတွေ့ဘူး။

ကျနော်တို့ကလည်း တိုင်ပင်ထားတာ တခုခုဖြစ်တာနဲ့ ဘေးနားက ချောင်းကို ပြေးပြီး လွတ်လွတ်မလွတ်လွတ် ရေကူးပြေးမယ်ပေါ့။ ဒါပေမယ့် အိမ်ရှင်တွေ အရမ်းကောင်းပါတယ်။ သူတို့မသိတဲ့လူတွေကို ဘာမှ မဖြစ်စေအောင် သူတို့အကျိုးအတွက် အသုံးမချခဲ့လို့ပါ။

Labels:

posted by မြင့်ဇေ @ 7:08 AM   0 comments
လွတ်မြောက်ရေးတိုက်ပွဲတွေရှိရာဆီ ကျနော်လာခဲ့တယ် (၂)
Thursday, July 19, 2007


ရထားကလည်း တလိမ့်ချင်းပါပဲ။ သတိတရဖြစ်မှုကလည်း တလိမ့်ချင်းပါပဲ။ ကျနော် အိမ်ပေါ်ကနေ ခဏခဏ ဆင်းဖူးတယ်။ အမေကပဲ `နင့်လို့ သားမျိုး ကို မောင်းချရမယ်´ဟဲ့လို့ ခဏခဏ နှင်ချဘူးတာ။ ကျနော်ကလည်း တော်တော်ဆိုးပါတယ်။ နှင်ချတိုင်း ကျနော်ဆင်းသွားတာက နောက်ဖေးကျော ချင်းကပ်က အိမ်ကို။ အိမ်ကဆင်းတော့ ဟန်ကျပန်ကျ။ အိတ်တွေဘာတွေ ယူ၊ အ၀တ်အစားတွေ ထည့်၊ ပြီးတော့ နောက်ဖေးအိမ်မှာ သွားအိပ်နေတာ။ မနက်ကျမှ `အမေ့အိမ်လောက် ဘယ်အိမ်မှ မကောင်းဘူးဆိုတာ ကျနော်သိပါပြီ၊ အမေ´လို့ အမေ့၇င်ခွင် ခေါင်းထိုးပြောတော့ မျက်နှာက တင်းနေပေမယ့် အမေ့မျက်လုံးက အပျော်တွေနဲ့ ရွှန်းစိုနေခဲ့တယ်။

အိမ်က ကျနော်ပုံမှန်ဆင်းရရင် တညပါပဲ။ အမေလည်း ကျနော့်ကို တညထက် ပိုပြီး မျက်စေ့အောက်က အပျောက်မခံနိုင်ခဲ့ဘူး။ တခါ ကျနော်လည်း ဒေါသထွက်၊ အမေလည်း အရမ်းစိတ်ဆိုးတဲ့ အခါတုန်းကတော့ ကျနော်ထွက် သွားဖို့ စဉ်းစားသေးတယ်။ အဲဒီညတွင်းချင်းပဲ ကျနော့်သူငယ်ချင်းတွေ ကို လိုက်ရှာခိုင်းတာ ကားဂိတ်၊ ရထားဂိတ်အနှံ့ပါပဲ။ ဒါပေမယ့် ကျနော်လည်း ဘယ်ဝေးဝေးသွားနိုင်မှာ လဲ။ ဘယ်သူကများ အမေ့လောက် ကျနော့်ကို စိတ်ရှည်သည်းခံ နိုင်မှာလဲ။

ဒါပေမယ့် ဒီတခါကတော့ အိမ်ကနေ ထွက်ခဲ့ရတာ တည ထက်ပိုမယ်ဆိုတာ အမေရော၊ ကျနော်ရော သိရက်နဲ့ မေ့တိမေ့မောနေခဲ့တယ်။ ဒီတခါတော့ တဘ၀လုံးနီးနီးလောက် အိမ်ပြန်မရောက်နိုင်ဘူးဆိုတာ ကျနော်လည်း သိခဲ့ပါတယ်။ အမေလည်း သိနေပါပြီ။

ကျန်ခဲ့တဲ့ ရန်ကုန်မြို့ကို ငေးရင်းတွေးလာမိတဲ့ စိတ်ကူးအပိုင်းအစတွေပါ။ လင်းအာရုဏ် မရောက်ခင်မှာ ကျနော်တို့ ပဲခူးဘူတာကို ဖြတ်ခဲ့ပါပြီ။ ပြီးတော့ စစ်တောင်းမြစ်ကူးတံတား…ရထားက လေးလေး နှေးနှေး။

ကရင်-မွန်ပြည်နယ်အ၀င်မှာတော့ နည်းနည်းရင်ထိတ်ရပါပြီ။ရထားတဲ့ သတင်းက ရန်ကုန်နဲ့ အထက်အညာက လူတွေ လာသမျှ ဖမ်းထားဆိုတာကို ထောက်လှမ်းရေးတွေက ချပြထားတယ်ဆိုပဲ။ ဒါပေမဲ့ ကျနော်က မှတ်ပုံတင် နောက်တခု ဆောင်လာတော့ သိပ်မစိုးရိမ်လှ။ ဒီလိုစဉ်းစားတာဟာ နောက် အချိန်တချို့အတွင်းမှာပဲ မှားယွင်းသွားပြီဆိုတာကို ကျနော်သိလိုက်ရတယ်။

ဖြစ်ချင်တော့ သထုံ အကျော်မှာ ကျနော်အိမ်သာထဲဝင်မိတယ်။ ဖြစ်ချင်တော့ အိတ်ကပ်ထဲထည့်ထားတဲ့ မှတ်ပုံတင်အတုဟာ လျှောခနဲ ကျသွားလိုက်တာ အိမ်သာကမုတ်ထဲကို ကွက်တိပါပဲ။ ဘာလုပ်ရမှန်း မသိဖြစ်ပြီး ပြန်ထွက်လာ။ လိုက်ပို့သူ ရဲဘော်တွေကို ပြောတော့ အားလုံးက ဝေဖန်ရေးပေးတယ်။ အသုံးမကျဘူး.. ပေါ့ဆတယ်… စသဖြင့်။ တိုက်ဆိုင်တာ ဆိုပေမယ့်လည်း ကျနော်က ပြုလုပ်သူ ဖြစ်နေတော့ ကိုယ့်ကိုယ်ကိုပဲ ကျိန်ဆဲနေမိတယ်။ အသုံးမကျတဲ့ကောင် ဆိုပြီး … ဒါရဲ့ နောက်ဆက်တွဲက လက်မှတ်စစ်လာတိုင်း အိမ်သာထဲဝင်နေရတာပါဘဲ။

အဲဒီလို ကသိကအောက်ဖြစ်ရမယ် ကိစ္စ ကလွဲပြီး မုတ္တမရောက်သွားတယ် .. ပြီးတော့ မွန်တို့ဌာနေ ရာမညလည်း စေ့ငှအောင် မကည့်ဖြစ်တော့ဘူး။ တန်းပြီးကားပေါ်တက် မော်လမြိုင်နဲ့ သိပ်မဝေးလှတဲ့ ဖားအောက်ကျေးရွာကို ရောက်သွားတယ်။ ဒါက စခန်းတထောက်ပေါ့။

ဖြစ်ချင်တော့ ကျနော်တို့ တည်းခိုတဲ့ အိမ်နေရာက အပျိုမတွေ ချည်းသက်သက် မွေးထားတာ။ အဲဒါနဲ့ နေရေးထိုင်ရေးကို စဉ်းစားတော့ ဒီမှာတော့ နေလို့ မကောင်းလှဘူး။ ပတ်ဝန်းကျင်ကလည်း သတိထားမိ မယ်ဆိုပြီး ကျောကိုလယ်ကွင်းတွေဘက် ပေးထားတဲ့ လယ်တဲလေး (အိမ်နဲ့တော့ မဝေးလှပါ) မှာ တည်းလိုက်တယ်။

အဲဒီကာလက စီးပွားရေးကလည်း ဆိုးသထက်ဆိုးလာပြီမဟုတ်လား။ ကိုယ်တည်းမိတဲ့အိမ်ကလည်း မိသားစုများတယ်ဆိုတော့ ထမင်းစားရတာ အားနာလာတယ်။ အဲဒါနဲ့ ထွက်ရမယ့်လမ်းကို အမြန်ရှာရတော့တယ်။

လမ်းက နှစ်လမ်းစုံစမ်းရတယ်။ တခုက ကြာအင်းဆိပ်ကြီးကို ဆန်တက်ပြီး သွားတဲ့လမ်း၊ နောက်တခုက ရေးနားက ဖြတ်တဲ့လမ်း။ အဲဒါနဲ့ ဘယ်ဟာ အဆင်ပြေမလဲ မေးကြည့်တော့ ကြာအင်းဆိပ်ကြီး က ပိုလွယ်နိုင်တယ်ဆိုတဲ့ ကောက်ချက်က ထွက်လာတယ်။

တည်းတဲ့အိမ်က လူတွေလည်း ရိပ်မိတန်သလောက် ရိပ်မိနေပြီ။ ရွာထဲက တချို့လူတွေလည်း သိနေကြပြီ။ ဒါနဲ့ ကျနော်တို့ အမြန်စီစဉ်ရတော့တယ်။ ၁၉၈၉ ခုနှစ် သြဂုတ်လ နှောင်းပိုင်းကာလမှာ … ကြာအင်းဆိပ်ကြီးလမ်းက ကျနော်တို့အတွက် မြွေကိုက်တဲ့လမ်းဆိုတာ အဲဒီခရီးစဉ်မှာမှ သိရတော့တယ်။

Labels:

posted by မြင့်ဇေ @ 10:23 AM   1 comments
လွတ်မြောက်ရေးတိုက်ပွဲတွေရှိရာဆီ ကျနော်လာခဲ့တယ်.... (၁)
Monday, July 9, 2007


အိမ်ကထွက်ခဲ့ပြီ။ ကိုတိုးကြီးရဲ့ ပြန်မလှည့်တော့ဘူး သီချင်းထဲက စာသားတွေကို နာနာကျင်ကျင် ညည်းရင်းနဲ့။ စစ်အစိုးရလက်အောက်မှာ နိုင်ငံရေးနယ်ပယ်ထဲ ၀င်လုပ်တဲ့သူတဦးဟာ ပိုင်းဖြတ်ချက်တော့ ထားရတာပဲ။ ကိုယ်နောက်ဆုံးလုပ်နိုင်တဲ့ အချိန်ထိ တောင့်ခံပြီးလုပ်။ အဲဒီစိုးရိမ်ရေမှတ်ကို ကျော်သွားတာနဲ့ အဖမ်းခံမလား၊ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲမလား။ ဒါက ပြည်တွင်းမှာ လှုပ်ရှားတဲ့သူတိုင်း ရွေးချယ်ရတဲ့ လမ်း၂ကြောင်းပါ။ ကျနော်ကတော့ ဒုတိယလမ်းပဲရွေးချယ်ခဲ့တယ်။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပဲ မဟုတ်လား။

အိမ်က ထွက်ထွက်ချင်း လုပ်ဖော်ကိုင်ဘက်တဦးက ကျနော့်အမေ အမျိုးများရှိရာ ညောင်လေးပင်ဘက်ကို လိုက်ပို့ပေးတယ်။ အဲဒီကနေ အခြေ အနေကို စောင့်ကြည့်ဖို့ပါ။ တကယ်လို့ အခြေအနေကောင်းရင် ဆက်လုပ်နိုင်သမျှလုပ်ပေါ့။ မကောင်းရင်တော့ သွားမယ်။ တလလောက်ပါပဲ။ မိုးတွင်း ကာလ လယ်စိုက်ချိန်ကြီး။ ရေပြင်ဖွေးဖွေးနဲ့ ၀ိုင်းနေတဲ့ ဘကြီးရဲ့ လယ်တဲလေးမှာနေလိုက်။ ရွာထဲပြန်လိုက်နဲ့။ အဲဒီကာလက စာတော့ တော်တော် ဖတ်ဖြစ်သွားတယ်။ စာအုပ်တွေနဲ့ဘဲ နေနေရတာဆိုတော့။

အဲဒါနဲ့ အဆက်အသွယ်က ပြန်ရောက်လာတယ်။ အခြေအနေက ပိုပိုဆိုးတယ်လို့ဆိုတယ်။ အဲဒါနဲ့ ဒုတိယလမ်းကို အကောင်အထည်ဖော်ဘို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ တောထဲသွားဖို့ လမ်းကြောင်းရှာရ၊ ရွေးရတယ်။ ကျနော် ပထမသွားချင်တဲ့ လမ်းကြောင်းက သွားလို့ မရတော့ဘူး။ ပိတ်သွားပြီ။ အဲဒါနဲ့ ဒုတိယလမ်းကြောင်းကို ရှာတော့ ဘုရားသုံးဆူ ဘက်သွားဖို့ အကြံပေးကြတယ်။ အဲဒီလမ်းကပဲ ထွက်မယ်လို့ ဆုံးဖြတ်ပြီး ရန်ကုန်ကို ပြန်တက်လာကြတယ်။ ရန်ကုန်ရောက်တော့ ၀ပ်ကျင်းတခုရှာပြီး ခဏ ၀ပ်တယ်။ အိမ်ကိုလည်း ပြန်မရတော့။ ပြန်လည်း မိသားစုတွေ ၀မ်းနည်းတာ ကလွဲပြီး ထပ်ခွဲကြရင် နှစ်ထပ်ကွမ်းသောကပဲ ထပ်ရဦးမှာမဟုတ်လား။

ဒါပေမယ့် ခက်တာက သွားဖို့အတွက် လမ်းစရိတ်.. ကျန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း မိဘဆီက လက်ဖြန့်တောင်းသုံးနေရတာမဟုတ်လား။ သူတို့လည်း မရှိ။ အခက်အခဲတွေ့တော့ အိမ်မှာ ကျန်ခဲ့တဲ့ အ၀တ်အစားအားလုံးကို လူတယောက်လွှတ်ပြိး အမေ့ဆီက ပြန်တောင်းခိုင်းလိုက်တယ်။ ငွေတော့ မတောင်းချင်။ သူတို့က ကျန်ရစ်ခဲ့တဲ့သူတွေ မဟုတ်လား။ ပိုပြီး လိုအပ်မှာပေါ့။ ကျနော်ကတော့ တယောက်တည်းဆိုတော့ ပြဿနာမရှိလှပါ။
အမေက အ၀တ်အစားအားလုံးကို ထည့်ပေးလိုက်တယ်။ အဲဒါနဲ့ ကိုယ့်အတွက်လိုအပ်မယ့် ၀တ်စုံ သုံးစုံကို ရွေးပြီး ကျန်တာတွေ အားလုံးကို အ၀တ်ဟောင်းဆိုင်မှာ ရောင်းလိုက်ရတယ်။ နောက် လက်ပတ်နာရီတလုံး။ အဲဒါနဲ့ ပိုက်ဆံ ၆၀၀ လောက်ရလိုက်တယ်။ ကျန်တဲ့လူတွေကို လောက်နိုင်ပါ့မလား လို့ မေးတော့ လောက်ပါတယ်ဆိုမှ သက်ပြင်းချမိတယ်။ မလောက်လဲ နောက်ထပ် ရပေါက်ရလမ်းကမရှိတော့ဘူး မဟုတ်လား။

ကျနော့် မှတ်ပုံတင်က သုံးလို့မရဘူးဆိုပြီး ရဲဘော်တယောက်က မှတ်ပုံတင်တခုလာပေးတယ်။ ကိုယ့်မှတ်ပုံတင်အစစ်တော့ လုံလုံခြုံခြုံ သိမ်းပေါ့။ ရထား လက်မှတ်ဝယ်တော့ မှတ်ပုံတင် ပြပြီးဝယ်ရတာ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဘက်တဦးရဲ့အဖေက မီးရထားမှာ အလုပ်လုပ်တော့ သိပ်အခက်အခဲ မရှိလှပါဘူး။

ခရီးထွက်မယ့်ညကျတော့ နောက်တယောက်ရောက်လာတယ်။ သူလည်း နေလို့မရတော့ဘူး။ သူက ကျနော်နဲ့ မန္တလေးညီလာခံမှာ တွေ့ခဲ့တဲ့ ကိုမွှေးကြိုင် (ထွန်းခင်- ၁၉၉၄ ခုနှစ်ဆန်းပိုင်းမှာ ပေါင်းလောင်းဒေသတွင် ကျဆုံး)ဖြစ်နေတယ်။ လူ့ဘောင်သစ်ပါတီက။ အဲဒီညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။ ဘ၀မှာ တခါမှ မကြုံဘူးတဲ့ ကြုံမယ်လို့လည်း မျှော်လင့်မထားတဲ့ အတွေ့အကြုံသစ်တွေ ကြုံရတော့မှာမဟုတ်လား။

နောက်နေ့မနက် ဘူတာကြီးမှာ ရောင်းတဲ့ ထမင်းကျော်ကို စားပြီး မနက် ငါးနာရီ မော်လမြိုင်ရထားနဲ့ နယ်ပယ်သစ်တခုဆီကို စထွက်လာခဲ့ပါပြီ။ အိပ်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့ကြီးကတော့ မီးရောင်တွေအောက်မှာ ငြိမ်သက်စွာ တဖြည်းဖြည်းပျောက်ကွယ်ပြီး ကျန်ရစ်ခဲ့တော့တယ်။ ငယ်ဘ၀ရဲ့ အိပ်မက် တွေလည်း အဲဒီမှာတင် ပျောက်ကွယ်ကျန်ရစ်ခဲ့တော့တယ်။

Labels:

posted by မြင့်ဇေ @ 11:57 PM   1 comments
အမေ
Sunday, July 1, 2007
အမေ ဆိုးဆိုးရွားရွား ကျန်းမာရေး မကောင်းဘူးတဲ့။ အဲဒီသတင်း ၀င်လာတော့ ကျနော် ဘာလုပ်ရမှန်း မသိတော့။ ရတဲ့သတင်းထဲမှာ အမေက ကျနော့်ကို စကားပြောချင်တယ်လို့ ပြောထားတယ်။ ဘာကို ပြောချင်တာလဲ။ ဘာကြောင့်ပြောချင်တာလဲ။ အသက်အရွယ် အိုမင်း နေတဲ့ သက်ကြီးရွယ်အို အမေက ကျနော့်ကို သံသရာအတွက် ဘာများမှာချင်တာလဲ။ ကျနော် ကတော့ အမေ့ကို မေ့မေ့လျော့လျော့ထားခဲ့တာ နှစ် ၂၀ နီးနီး တိုင်ခဲ့ပြီ။

ကျနော့်ထံ ပူဆွေးသောကများစွာကို အမေထည့်ခဲ့ပါပြီ။ နှစ် ၂၀ ဝေးခဲ့သော၊ မေ့လျော့နေဆဲ ဖြစ်သော သားတယောက်အတွက် ဘ၀၏ များမြောင်လှသော ဒုက္ခများကြားတွင် ဖြတ်သန်းခဲ့ ရသည့် အမေက အမှတ်ရသည်တဲ့။ ကျေးဇူးတင်လှပါသည်။ ကျနော့်ကိုယ် ကျနော် အရှက် တရား မဲ့တတ်လွန်းသူ သို့တည်းမဟုတ် ကျေးဇူးတရားမဲ့သူအဖြစ် ဆိုချင်ဆိုကြပါစေတော့။ ကျနော် အမေ့ကို မေ့လျော့လွန်းခဲ့လှတယ် ဆိုတာတော့ ၀န်ခံပါရစေ။ (အနိမ့်ဆုံး နေ့စဉ် ဖြတ်သန်းရသည့် ဘ၀အတွင်း စဥ်းစားမှုများထဲတွင် အမေ့ကို မေ့လျော့နေတတ်ပါသည်။

အမေ ဘာများပြောချင်ပါလိမ့်။ စဉ်းစားကြည့်တော့ အမေ့လို ခပ်ရိုးရိုး တောသူတယောက်မှာ ပြောစရာ စကားများ ခပ်များများ မရှိလှ။ သားတယောက်ကို မိရိုးဖလာ ဘာသာအရ မှာချင် တာ ရှိကောင်းရှိနိုင်သည်။ အရက်သောက်တာ နည်းနည်းလျော့ဘို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ ပါရမီ ဖြည့်ဘက် ရှာကောင်းရှာခိုင်းတာ ဖြစ်နိုင်သည်။ သို့တည်းမဟုတ် အမေ့အိမ်ကို ပြန်လာဖို့ ပြောခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘာလို့ဆိုတော့ လင်ကလည်း နိုင်ငံရေးသမား၊ သားက လည်း တော်လှန်ရေးသမားဖြစ်သော်လည်း သူ့လို နိုင်ငံရေးနားမလည်သည့် တောသူ တယောက်ကတော့ မြန်မာတို့၏ ရိုးရာအရ မိသားစုတွေ စုစုရုံးရုံး ပေါင်းစည်းနေထိုင်သည်ကို မြင်ချင်ပေမည်။

အမေ့ပုံရိပ်ကို သတိရမိသည်။ ညီမလေးနှင့် အမေတို့ ကျနော့်ထံ (တောတွင်း)လာလည်သည့် အချိန်။ သူတို့ပုံတွေက နွမ်းနွမ်းဖတ်ဖတ်။ သားနှင့် အကို ကို တွေ့ချင်ဇောသာပါ၍ ထင်မိသည်။ ကျနော်လည်း ဘာမှမတတ်နိုင်။ အမေလည်း ဘာမှ မပြော။ ညီမလေးကတော့ တောင်ကြည့် မြောက်ကြည့်။ ထိုအချိန်တွင် အမေက သောကတွေ စုပုံနေခဲ့ပြီ။ ထောင်ဝင်စာ နပ်မှန်ဖို့အရေး။ သားသမီးတွေ ကျောင်းထားဖို့အရေး။

ကျနော့်အမေသည် ဂေါ်ကီ၏ အမေလို ပစ္စည်းမဲ့လူတန်းစားဘက်မှ ရပ်တည်ခဲ့သူ မဟုတ်ခဲ့။ သိန်းဖေမြင့်၏ အမေလိုလည်း သားတယောက် တက္ကသိုလ်သွားမည့်ဘူတာရုံသို့ လိုက်ပို့နိုင် သည့် အမေ မဟုတ်ခဲ့ပါ။ သို့သော် သူ့ တဘ၀လုံး ပေးဆပ်ခဲ့သည့် ချစ်သော ခင်ပွန်း (အဖေ) နှင့် မွေးဖွားခဲ့သော သား (ကျနော်)တို့၊ ထိုသူတို့ ကွယ်ပျောက်နေသည့် ကာလအတွင်း ထိုသူတို့အတွက် ၀မ်းနည်းရမှုများ၊ ခံစားရမှုများကို ဖုံးကွယ်လျှက် ကျန်သည့် သူများကို လူတလုံးသူတလုံးဖြစ်မြောက်အောင် ပြုစုစောင့်ရှောက်ခဲ့သူဖြစ်သည်။

ကျနော်ပြန်စဥ်းစားမိသည်၊ ကျနော် အမေ့ကို ဘာများ ပေးနိုင်ခဲ့ပါသလဲ… ဆိုသည်ကို။ စင်စစ်တော့ ကျနော်ကို အမေက သူပေးခဲ့နိုင်သည်များကိုသာ ပေ်းခဲ့သည်။ မွေးခဲ့သည်။ လူလားမြောက်အောင် ပြုစုခဲ့သည်။ ထို့နောက်တွင် ကျနော်မှန်သည်ထင်သည့် အရာကို လုပ်ခဲ့သည်။ ဘာမှ ပြန်မပေး နိုင်ခဲ့။ ဤအတွက်ကြောင့် ကိုယ့်ကိုယ်ကို ကျနော်သတ်မှတ် သည်က ကျနော်က အမေနှင့် ပတ်သက်၍ အယူသမား။

အမေကလည်း ပြန်ရမည်ကို မျှော်ခြင်းတော့ မဖြစ်နိုင်။ ကွဲကွာသွားတဲ့ သားတယောက်ကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ ဆိုတဲ့ စိတ်ကူးပေါ် အခြေခံပြီး ကျနော့်ကို စကားပြောချင်ပုံ ရသည်။ ကျနော်ကရော လိပ်ပြာလုံလုံနဲ့ စကား ပြောဆိုဝံ့ပါ့မလား။ သိပ်တော့ မထင်။ ကျနော့် ထံမှ အမေ ကို ပေးနိုင်သည်မှာ မျက်ရည်များနှင့် တာဝန်မကြေမှု ရောနှောနေပါလိမ့်မည်။ ဤသည်ကလည်း ခေတ်၏ တရားပင်။

ဘာပဲဖြစ်ဖြစ်။ အမေ့ကို ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့ သားတယောက်ကတော့ စကားပြောရပါလိမ့် မည်။ သေချာသည်ကတော့ ကျနော့် အမေကတော့ အမေ့နို့ဘိုး မကျေတဲ့ သားဆိုပြီး အပြစ်တင်ကဲ့ရဲ့မှာ မဟုတ်ဘူးဆိုတာ သူ့မေတ္တာတွေနဲ့ နှိုင်းယှဉ်နေရတာကိုက စိတ်ကျေနပ်စရာပါ။



Labels:

posted by မြင့်ဇေ @ 9:51 AM   1 comments
မိုးမှာ မွေးဖွားခဲ့တယ် ၊ တပြိုင်နက်တည်းလည်း ထွက်ခွာခဲ့ရတယ်။
Saturday, June 23, 2007
မိုးမှာ မွေးဖွားခဲ့တယ် ၊ တပြိုင်နက်တည်းလည်း ထွက်ခွာခဲ့ရတယ်။

အမကြီး မေငြိမ်း ၀က်ဆိုက်ကို ၀င်ကြည့်တော့ မိုးကိုဖွဲ့ဘို့tag လုပ်ထားတယ်။ တော်တော်တွေတွေငေးငေးလဲ ဖြစ်သွားတယ်။ ရုံးခန်းအပြင် ဖြတ်ကြည့်တော့ နေရောင်က စူးစူးရဲရဲ။ မိုးရာသီတော့ မိုးရာသီပါဘဲ။ နေရ ထိုင်ရတာ ပူလွန်းလှတယ်။ ဒါနဲ့ အခြား ဘလော့(ဂ်)ဂါ တွေရဲ့ ဆိုက်တွေဝင်ကြည့်လည်း မိုးဖွဲ့ များ။ တမျိုးတဘာသာ ရေးဖွဲ့ထားကြတယ်။ အရောင်များက စုံလွန်း။ အဲဒါနဲ့ ဘာကို ရေးရမလဲ။ မိုးနဲ့ပတ်သက်လို့ ဘာများအမှတ်ရစရာ ရှိခဲ့သလဲ။ ကျနော်က စာရေးကောင်းလည်း မဟုတ်ဆိုတော့။ ကိုယ့်အကြောင်းဘဲ ကိုယ်ရေးလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က မိုးရာသီဖွား။

၁၉၈၉ ဇွန်-ဇူလိုင်လများ အတွင်း…..။ မိုးနှင့် အပြိုင် မြန်မာပြည်နိုင်ငံရေး အခြေအနေကလည်း သည်းသန် ပြင်းထန်လွန်းလှသည်။ န၀တ၏ အဖမ်းအဆီးကလည်း လက်သံပြောင်သည်။ ကိုမိုးသီး တောခိုသွားခြင်း၊ ကိုမင်းကိုနိုင် အဖမ်းခံရခြင်း၊ ကိုကိုကြီး စသဖြင့် နာမည်ကြီးခေါင်းဆောင်များ၊ ဆက်စပ်နေသည့်လူများ ကို ဖမ်းဆီးခြင်းများ၊ မန္တလေးတွင် ဗကသ၊ မကသ တို့၏ အပြိုင်ညီလာခံများ၊ ကိုညိုထွန်း အဖမ်းခံရမှု၊ ပြန်လွတ် လာမှု စသဖြင့် …။ ဒီအခါ ကျနော်တို့ ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ခဲ့ကြ။ အမျိုးသားနိုင်ငံရေး တပ်ပေါင်း စု(မနတ)၊ ပြည်သူ့တိုးတက်ရေးပါတီ၊ ဦးဂွယ်လမ်းတို့ကို လွန်းပြန်ပြေးလွှားကြ။တရားဟောစင်မြင့်က ဒေါ်စု၊ အဲန်အယ်ဒီနှင့် ဒေါ်စု ၀န်းရံရေး၊ အာဏာဖီဆန်ရေး၊ `မတရားတဲ့ ဥပဒေ မှန်သမျှ တာဝန်အရ ဖီဆန်ကြ´။

အဲဒီနှစ်ရဲ့ မိုးရေများနဲ့ အတူ … သတင်းများက တပုဒ်ပြီးတပုဒ် ၀င်လာခဲ့တယ်။ ဘယ်သူတော့ အဖမ်းခံရပြန် ပြီ။ ဘယ်သူဘယ်ဝါတော့ ဘယ်နေရာမှာ ဆွဲသွားပြီ။ နေ့စဉ်ရက်ဆက် ကြားနေရတဲ့ အဖြစ်များ။ ကျနော် လည်း ဘယ်နေ့ပါမယ်ဆိုတာ မသိ။

ထိုကာလက ကျနော့်ကို လုပ်ဘော်ကိုင်ဘက် တချို့က သတိပေးခဲ့ကြတယ်။ ပေါ်နေတဲ့ အနေအထားကို ပြန် ငုတ်ရန်။ ကျနော်ကတော့ ငုတ်ငုတ်၊ မငုတ်ငုတ် သိပ်မထူးတော့။ တယောက်ကျလျှင် တယောက်အစားထိုးရ မယ် မဟုတ်လား။

ထိုညက အိမ်ပြန်မအိပ်ဖြစ်။ ကြည့်မြင်တိုင်ကလုပ်တဲ့ အစည်းအဝေးတခုမှာ အတော်လေး ညဥ့်နက်သွားခဲ့ တယ်။ ကျနော်တို့အိမ်က မင်္ဂလာဒုံ လေယာဉ်ကွင်း၏ အနိမ့်ဘက်။ မိုးရွာရင် လေယာဉ်ကွင်းမှ ကျလာတဲ့ ရေတွေက တခါတရံ အိမ်ကြမ်းပြင်အထိ။ မိုးကရွာ၊ ရေကကြီး၊ မီးကမဲ့၊ ပုဆိုး ဂွင်းသိုင်းပြီး လျှောက်ရမယ့် ကိန်းကြောင့် မြင်ကာ အစည်းအဝေးလုပ်ရာ နေရာမှာဘဲ ကျောခင်းလိုက်တယ်။ မှတ်မှတ်ရရ … ဇူလိုင် ၁၁ ရက် ည။

ထိုညကုန်လွန်သည်အထိ ဘာမှ မသိသေး။ အိမ်ကှ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ လှိုင်မြို့နယ်ကို သွား တယ်။ ဆိုင်ရောက်တော့ ပုံမှန်သောက်နေကျ သူတွေအကြား ဘာလုပ်ရမှန်းမသိတဲ့ မျက်နှာနဲ့ ကျနော့်ညီ။ မေမေ့ကို မတွေ့ရ။ အဖေလည်း မတွေ့။ အဖျော်ဆရာကလည်း ဘာသာရေးအရ အကျရည်စပ်ပေးပြီး ဘုရား တက်၊ ပုတီးစိပ်ရန် ထွက်သွားပြီ။ ကိုယ်တိုင်ဝင်ဖျော်ပြီး ညီလေးကို စားပွဲထိုးခိုင်း။အားလုံးက အလွဲလွဲ အချော်ချော်။ ကော်ဖီသောက်မည့်သူကို လက်ဖက်ရည်ချပေး စသဖြင့် ။ ပြီးမှ ညီလေးက ပြောသည်။ ညက အဖေ့ကို ဆွဲသွားပြီ ဆိုသည့်အကြောင်း။ ကျနော် ရုတ်တရက် မှင်သက်မိသွားခဲ့တယ်။

နေ့လည် အမေ ရောက်ချိန်မှ ဖြစ်ပျက်ပုံအလုံးစုံကို သိရတယ်။ ဖြစ်ပုံက မနက် ၃နာရီခွဲလောက် အိမ်ရှေ့ကအဖေ့နာမည်ကို ခေါ်တော့ အဖေကလည်း သူ့ကို လာဖမ်းပုံထင်ပုံမရ။ ကျနော့် လာရှာတယ်လို့ပဲ ထင်ပုံရတယ်။ ခြံတံခါးဖွင့်ပေးတော့ ` ဦး……… ဆိုတာ ခင်ဗျားမဟုတ်လား´ မေးပြီး `ခဏလိုက်ခဲ့ပါ၊ စုံစမ်းစရာရှိလို့´ လို့ပြောတယ်။ ပါလာတဲ့ ရပ်ကွက် ရ၀တတွေက မျက်နှာခပ်ပျက်ပျက်။

ပြီးတော့ ထုံးစံအတိုင်း ၀င်စစ်ပါရစေ။ မည်သည့်အရာမှ မတွေ့။ ဟာသတခုတော့ ဖြစ်သွားသေးတယ်။ ကျနော့် ညီမလေးက စာရေးဝါသနာပါတယ်။ အဖေပြောသမျှကို ဒိုင်ယာရီမှာ စာစီစာကုံးဆန်ဆန် ရေးတတ် တယ်။ ထိုစာအုပ် တွေ့တော့ ထောက်လှမ်းရေးများမျက်နှာ ၀င်းလက်သွားပြီ်း အလျင်အမြန် လှန်ကြတယ်။ ဖြစ်ချင်တော့ ညီမလေးက ဂေါ်ဘာချော့ဗ်အကြောင်းကို သူသိသလောက် ရေးထားတယ်။ ဂေါ်ဘာချော့ဗ် ဆို တာနဲ့ တွေ့ပြီ၊ တွေ့ပြီ အော်ကြတယ် လို့ ပြန်ကြားရတယ်။ သက်သေခံရပြီပေါ့လေ။

ပြီးတော့ အဖေ့ကို အလုအယက် မေးကြတယ်။ ခင်ဗျားရေးတာမဟုတ်လား ဆိုကာ။ အိပ်ချင်မူးတူးနှင့် ညီမလေးက သမီးရေးတာပါ ပြောတော့လည်း မယုံကြ။ လက်ရေးတူမတူ စစ်သေးသည်။ မတူတော့ စာအုပ် ထားသွားပြီး အဖေ့ကို ခေါ်သွားခဲ့တယ်။

အဲဒီနေ့ကစလို့ အမေတို့ရဲ့ တမိုးတမြေ ပြန်လည်ဖြစ်မြောက်ဘို့အတွက် အမေဟာ အဖေ့ကို ၁၆ နှစ်ကျော် စောင့်ခဲ့ရတယ်။

အဖြစ်အပျက်ကို သိပြီးတော့ ကျနော်လည်း ဆိုင်ဝိုင်းသိမ်းပေးပြီး (ကျနော်တို့ ဆိုင်က နေ့တပိုင်းပါ) စုံရပ်ကို သွားခဲ့တယ်။ ရောက်တော့ အားလုံးလိုလိုက သိပြီးသူချည်း။ သတင်းတွေက ၀င်လာမဆဲ တသဲသဲ။ အဲ့ဒီညတညတည်း အယောက် ၃၀ ခန့် ပါသွားခဲ့တယ်။ ကျနော့်ကို လေးလေးနက်နက်စဉ်းစားရန် ထပ်မံ အကြံပေးကြပြန်တယ်။ ငုတ်နေရန်။ ကျနော့် စိတ်ထင်တော့ သိပ်မထူးလှ။ အနှေးနှင့် အမြန် ကျနော့် ထံ ရောက်လာ မယ်ဆိုတာကို သိနေတယ်။

ဒါပေမယ့် အရွယ်မရောက်သေးတဲ့ (အဲဒီအချိန်က ကျနော်လည်း အရွယ်ရောက်ခါနီး) မောင်နှမများနှင့် ကျနော့် အမေအတွက် ။ အမေက ဘာမှ နားလည်သည်မဟုတ်။ တောသူ၊ နောက် ကျန်သည်က ဥမမယ် စာ မမြောက်၊ သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေများရှိနေကြမလဲ။ နုငယ်စဉ်ဘ၀မှာ ၊ ရိုးသားသည့် ဘ၀မှာ အမဲစက် များ ထင်ကျန်ရစ်နေခဲ့လျှင်။

ကျနော်စဉ်းစားပြီး ငြိမ်ရန် ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကာလတခုအထိသာ။ ဖမ်းသည်မှာ ဘာကြောင့် ဖမ်းသည်ကို သိရသည်အထိ။

ဒီနောက်တော့ လက်ဖက်ရည်ဆိုင် လုပ်ငန်းအပေါ် အာရုံစိုက်လုပ်တယ်။ လုပ်ဘော်ကိုင်ဘက်များကို ဖြတ်ထားလိုက်တယ်။ အဲဒီကာလမှာဘဲ တိုက်ပွဲဟာ အရှိန်အမြင့်ဆုံးကို ရောက်လာတော့တယ်။ န၀တက လည်း အာဇာနည်နေ့မှာ ဖော်ဆောင်မယ့် အာဏာဖီဆန်ရေးကို နှိမ်နှင်းဘို့ ဒေါင်းတင်မောင်းတင် ပြင်ဆင် နေပြီ။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့…။ ကျန်ခဲ့တဲ့ နေ့တွေက လူထုကို လှုံ့ဆော်ထားခဲ့ကြတယ်။ ဒါပေမယ့် ဒေါ်စု က အဲဒီနေ့မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြီး ရန်သူက အဆုံးစွန်ရမ်းတော့မယ်ဆိုတာကို သိလို့ အာဇာနည် ကုန်းချီတက်မှုကို မလုပ်ဘို့ တားပါတယ်။ နောက်ကျသွားခဲ့ပါပြီ။ လူထုဟာ စုရပ်အသီးသီးရောက်ပြီး ထွက် သွားခဲ့ကြတယ်။ ရန်သူ့ တုံ့ပြန်မှုက မဲမဲမြင်ရာကိုက်တဲ့ခွေးလိုပါဘဲ။ ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်းလမ်းဆုံက အထွက် ဗီယက်နမ်သံရုံးရှေ့ ၊ ရိုက်လိုက်ကြတာ။ အာဇာနည်နေ့မှာပဲ အာဇာနည်တွေ ထပ်ပေါ်ခဲ့တယ်။ ကောင်းကင်ကတော့ အာဇာနည်နေ့မို့လို့လား၊ မကြည့်မမြင်ရက်လို့လား မိုးတိမ်ညိုညိုတွေ ဖုံးနေတယ်။ မိုးကလည်းဖွဲဖွဲ ဖွဲဖွဲနဲ့။ သွေးစတွေ က ကတ္တရာလမ်းပေါ်မှာ စီးနေတဲ့ ရေတွေနဲ့ မျောပါသွားတယ်။ မျက်လုံးထွက်သွားတဲ့ ကျောင်းသားလေး၊ အရှေ့က ကျောင်းသူမလေးကို မထိအောင် ကာရင်း နံရိုးကျိုးသွားတဲ့ ကျောင်းသားကြီးတွေ၊ လူဂုဏ်တန်ရပ်ကွက်ဆိုတော့ ခြံဝန်းအမြင့်ကြီးတွေ ပတ်ပတ်လည်မှာ ဘယ်နေရာမှာ သွားခိုပုန်းရမှန်းမသိပဲ အရိုက်ခံရမှာကို ဟိုပြေးဒီပြေးနဲ့ စောင့်နေရတဲ့ အဖြစ်များ။ အဲဒီ အဖြစ်အပျက်များနဲ့အတူ ကိုမွန်းအောင်ရဲ့ သွေးမုန်တိုင်းကို ကိုရဲနည်(ဧရာဝတီ)က သံစဉ်သွင်းခဲ့လေ သလား။

အဲဒါပြီးတော့ တမြို့လုံး ကျီးလန့်စာစား။ မာရှယ်လော၊ ဒေါ်အောင်ဆန်းစုကြည်ကို စတင် အကျယ်ချုပ်၊ ကျန် အဲန်အယ်ဒီခေါင်း ဆောင်များ၊ အတိုက်အခံအင်အားစုများ ဖမ်းပွဲ။ မိုးကြောင့် နဂိုကတည်းက မှောင်နေတဲ့ ည ဟာ ပိုမိုပြီး သိပ်သိပ်သည်းသည်း အမှောင်တိုက်ကျနေသလို။ အမှန်ကတော့ တိုင်းပြည်ကိုက အမိုက်တိုက် ထဲ ရောက်နေတာ မဟုတ်လား

အဲဒီညက ကျနော် လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ သူငယ်ချင်းနဲ့စကားပြောပြီး ပြန်လာတော့ ၇နာရီ ခွဲလောက်ရှိနေပြီ။ အဖမ်းအဆီးသတင်းတွေတော့ ကြားရတယ်။ ကိုယ်နဲ့မဆိုင်ဘူးပေါ့။ မနက်ဆိုရင် လက်ဖက်ရည်ဖျော်မယ်။ စားပွဲထိုးမယ်။ ဆိုင်ပိတ်ချိန်ကျရင် သော့ခတ်ပြီး အိမ်ပြန်မယ်။ ညီအငယ်ဆုံးကို ကျောင်း ၀င်ကြိုမယ်။ ဖြစ်ပျက်နေတဲ့ ပစက္ခ အခြေအနေကို ဘေးကထိုင်ကြည့်နေသူတဦးလိုပေါ့။

ဖြစ်ချင်တော့ ကျနော်က အိပ်ရာစောစောမ၀င်တတ်ဘူး။ စာဖတ်ရမှ ကျေနပ်တယ်။ အဲဒီအလေ့အထကိုဘဲ ကျေးဇူးတင်ရမှာ။ အိမ်ပြန်ရောက်ပြီး စာဖတ်တော့ အမေနဲ့ မောင်နှမတွေလည်း အိပ်ရာဝင်ကုန်တယ်။ မိုးကတော့ ဖျောက်ဖျောက် ဖျောက်ဖျောက် ကျနေတယ်။

စာဖတ်နေရင်းနဲ့ ကျနော့်နားမှာ ကားစက်သံတိုးတိုးလေး လှိမ့်မောင်းလာတာကို သတိသွားပြုမိတယ်။ တော် တော်ညက်ပါတယ်။ ညက်လွန်းလို့လည်း သတိထားမိတာ ဖြစ်မယ်ထင်တယ်။ကားသံက ကျနော်တို့ အိမ်နဲ့ နှစ်အိမ်လောက်ကွာတဲ့ လမ်းဆုံမှာ ရပ်လိုက်တာကိုလည်း သတိပြုမိတယ်။ အဲဒါနဲ့ ဖတ်လက်စကိုခဏထား ပြီး မီးအားလုံးကို ပိတ်လိုက်တယ်။ ခဏစောင့်တော့ အိမ်ရှေ့ ခြံတံခါးရှေ့က ခေါ်သံကြားရတယ်။ အမေ့နာမည်ပေါ့။ အဖေမှ မရှိတော့တာ။

အဲဒါနဲ့ အမေ့ကို နှိုးတယ်။ ဘယ်သူလဲ ဆိုတာ မေးတဲ့အခါကျတော့ ရ၀တကပါ ဆိုတာနဲ့ အသင့်ဖွင့်ထားတဲ့ နောက်ဖေးတံခါးကနေ ခုန်ချပြီး တဘက်ခြံနဲ့ မလွယ်ပေါက်လုပ်ထားတဲ့ ခြံဝင်းထဲ အပြေးဝင်ပြီး အိမ်သာထဲ ၀င်ထိုင်နေရတယ်။

သူတို့နဲ့ အမေ ပြောတဲ့စကားတွေကို အတိုင်းသားကြားနေရတယ်။ အမေက ဒီမှာ ပြန်မအိပ်ဘူးပြောတော့ ညနေကတောင် တွေ့သေးတယ် ၊ ဒီအိပ်ရာက ဘယ်သူ့အတွက်ခင်းထားတာလဲ စသဖြင့် သူတို့ပြန် ပြောကြတာ ကြားနေရတယ်။ အသံတွေစဲသွားပြီး တော်တော်ကြာမှ အိမ်နီးနားချင်းတွေကိုခေါ်။

တခု ကံကောင်းသွားတာက အဲဒီအိမ်မှာရှိတဲ့ အပျိုမနှစ်ယောက် တပို့တပါးမသွားတာကိုဘဲ။ သူတို့က မမြင် ရတဲ့ လောကကို ကြောက်တတ်ကြတာ။ ခေါ်လို့ရတော့မှ အခြေအနေကို ဆက်ကြည့် ပြီးတော့ အမေ့ကို သွား မေးခိုင်းရတော့တယ်။ အဲဒီညက အိမ်ဘေးအိမ်က မိသားစုရဲ့ ကျေးဇူးကတော့ အမှတ်ရစရာပါ။

နောက်နေ့မနက်ကျတော့ အမေ့က လက်ဖက်ရည်ဆိုင် သွားဖွင့်တယ်။ ကျနော်က အိမ်ရှေ့တံခါးနဲ့ ခြံဝင်းတံခါးကို အပြင်ဘက်က သော့ချပြီး အိမ်ထဲမှာနေတယ်၊ အနီးဆုံးပြူတင်းပေါက်တော့ ဖွင့်ထားတယ်။ ညီတွေ၊ ညီမတွေကတော့ ကျောင်းသွား၊ အမေ့ကူပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဖမ်းခံရမှာ စိုးရိမ်ရ။ ကျန်လုပ်ဘော်ကိုင်ဘက်တွေလည်း လွတ်မလွတ်တွေး။ အမေတို့အတွက် ဘယ်လိုလုပ်ပေးရမလဲ။ အဲဒီ အတွေး တွေ ဘဲ။ တနေ့တာ ကုန်လွန်သွားစေခဲ့တယ်။

နောက်ညနေပိုင်းအမေပြန်လာတော့ လုပ်ဘော်ကိုင်ဘက်တယောက်ပါလာတယ်။ ကျနော် တနေရာမှာ ရှောင်ဘို့လိုပြီလေ။ ညီတွေ ညီမတွေလည်း တဖွဲဖွဲ ပြန်ရောက်လာကြတယ်။ သူတို့အသိက ငယ်ပါသေး တယ်။ ဒါပေမယ့် အရှေ့ မှာ အဖေ့ရဲ့ အတွေ့အကြုံက ရှိပြီးသား မဟုတ်လား။ ကျနော် တနေရာ သွားနေရ ဦးမယ် ဆိုတဲ့ စဉ်းစားထားမှုတော့ အမေမှာ တွေးပြီးသားဖြစ်မှာပါ။ ပြန်ရောက်ကတည်းက သူ့မှာ ထမင်းဟင်းချက်လိုက်၊ ကျနော့်အ၀တ်အစားတွေ ၊ အသုံးအဆောင်တွေ ထုပ်ပိုးလိုက်နဲ့ မအားပါဘူး။ ညနေ တော်တော်စောင်းတော့ ထမင်းစားကြတယ်။

ပြီးတော့ အမေပြင်ပေး ထားတဲ့ ခရီးဆောင်အိတ်ကို ယူပြီး အဖော်နဲ့အတူ ကျနော်ထွက်လာခဲ့တယ်။ ပြန်လာမယ်ဆိုတဲ့အကြောင်းတော့ တဖွဖွ ပြောခဲ့တယ်။ မောင်နှမတွေကိုလည်း အမေ့ကို ကူညီဖို့ ပြောခဲ့တယ်။ အဲဒီကစပြီး ကျနော် အခုထက်ထိ အိမ်ကို ပြန်မရောက်တတ်သေးဘူး။

အဖေပြန်ရောက်နေပြီဖြစ်တဲ့ အမေ့ရဲ့ တမိုးတမြေအောက်မှာ ကျနော်က အခုထိ ပြန်မရောက်နိုင်ဆဲ။

အဲဒီ အိမ်ကထွက်တဲ့နေ့က တမိသားစုလုံးရဲ့ မှတ်မှတ်ရရ အကြောင်းအရာတခုကို မေ့ချင်ယောင်ဆောင် ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ဇူလိုင် ၂၀ ဆိုတာ ကျနော်ကို အမေမွေးဖွားတဲ့နေ့၊ ပြီးတော့ ကျနော့်ရဲ့ ၁၇ နှစ်နှစ် တင်းတင်းပြည့်တဲ့နေ့လေ။

အဲဒီနေ့မှာပဲ ထွက်လာခဲ့တယ်။ မိုးစက်တွေ ကျမကျတော့ မမှတ်မိတော့ ဘူး။ အဲဒီနေ့က အမေကျခဲ့တဲ့ မျက်ရည်ကတော့ ကျနော့်တဘ၀လုံးစာအတွက် ရလိုက်တဲ့ မေတ္တာတရားပါပဲ။

Labels:

posted by မြင့်ဇေ @ 9:20 PM   3 comments
ကျနော့်ငယ်ဘ၀များကို ပြန်တွေးခြင်း

ကျနော် တခါတလေ စာရေးဘို့ စဉ်းစားရင်းနဲ့ ဘာမှ အကြောင်းအရာ မယ်မယ်ရရ ရှာမရလို့ မရေးဖြစ်တော့ ပြန်ဘူး။ အဲဒီအခါကျရင် ဆရာ မြ ပြန်တဲ့ `ပါရီကျဆုံးခန်း´ထဲက ဇာတ်ကောင်တဦးဖြစ်တဲ့ `လူဆန်း´ ကိုသွား သတိရတယ်။ အဲဒီထဲမှာ လူဆန်းက စာတအုပ် နှစ်အုပ် ရေးပြီး နာမည်ကြီးသွားတယ်။ ဒါပေမယ့် နောက်ထပ် မရေးနိုင်တော့ဘူး။ အဲဒါကို ဘာနဲ့ဥပမာ ပေးထားလဲဆိုတော့ အရည်ညှစ်ပြီးသား သံပုရာခွံဖြစ်သွားပြီ။ နောက်ထပ် ညှစ်ထုတ်ဖို့ မကျန်တော့ ဆိုပြီး။ ဖတ်တုန်းကတော့ ဒီအဖွဲ့လေးကို ကြိုက်လိုက်တာ။ အခု ကိုယ်နဖူးတွေ့ ဒူးတွေ့  မရေးနိုင်တဲ့ အဖြစ်ကို ကြုံရတော့မှပဲ `ဟိုက်၊ ငါလည်း သံပုရာခွံ ဖြစ်နေပါရောလား´ ဆိုပြီးတွေးမိတယ်။ အဲဒါနဲ့ ငယ်စဉ်က ဆက်စပ်ခဲ့ရတဲ့ ပတ်ဝန်းကျင်က အဖြစ်လေးတွေ၊ လွဲချော်မှုလေးတွေကို ပြန်ရေးရင်ကောင်းမလားဆိုပြီး ဒီနာမည်လေး ပေးလိုက်တာပါ။ လက်ကျန် သံပုရာရည်လေးတွေကို ကြိတ်စက်ထဲ ထည့်ကြိတ်တဲ့ သဘောပေါ့ဗျာ။

ကျနော် ကိုးတန်းကျောင်းသားဘ၀တုန်းက ၁၉၈၆ လောက်ကပေါ့။ မြန်မာစာ ဆရာဒိုးဆီမှာ ကျူရှင်ယူခဲ့တယ်။ အမေကတောင် ပြောသေးတယ်။ ` ဘယ့်နှယ့်တော်။ မြန်မာစာကို ကျူရှင် ယူရတယ်လို့၊ ကြား ကြားဖူးပေါင်´ ဆိုပြီး ။ ဒါပေမယ့် မိခင်ဆိုတာကလည်း သားသမီးအလိုကို မတတ်နိုင်ရင်သာ ရှိရမယ်။ တတ်နိုင်ရင်တော့ လုပ်ပေးကြတာချည်း မဟုတ်လား၊ တက်ရရောဆိုပါတော့။

အမှန်ကတော့ ကျနော်က မြန်မာစာ အညံ့ချည်း မဟုတ်ဘူးဗျ။ ပုံမှန် အောင်တဲ့အဆင့်ထက်တော့ သာပါတယ်။ ဒါပေမယ့် အသက်အရွယ်ကလည်း လူပျိုပေါက်စ။ ရှစ်တန်းတုန်းကလည်း အိမ်က သိပ်ထွက်ရတာ မဟုတ်တော့ ထွက်ပေါက်ရှာတာပါ။ လက်ဖက်ရည်ဆိုင်ကလည်း ထိုင်တတ်နေပြီ။ ဆေးလိပ်လေးဘာလေးလည်း မတောက် တခေါက် ဖွာတတ်နေပြီ။ လမ်းများချင်တာပေါ့ဗျာ။

အဲဒါနဲ့ ကျူရှင်တက်ပြီးလို့ အိမ်ပြန်ရင် ကီလီဘက်က ပတ်ပြန်ရတယ်။ အဲဒီလို ပြန်တိုင်း ဘတ်စ်ကားစီးတော့ အသက်ကြီးငယ်မရွေး လူတွေရဲ့ နေ့စဉ် ဘ၀တွေ၊ မောဟိုက်နေတဲ့ အသက်ရှူသံတွေ၊ ညှိုးနွမ်းနေတဲ့ အိမ်အပြန်ညနေတွေကို ကြုံရတယ်။ ဒါပေမယ့် အဲဒီကာလရဲ့ စီးပွားရေးအရ ဆင်းရဲသူနဲ့ ချမ်းသာသူ ကြား ကွာဟမှုအရည်အတွက်က အခုခေတ်လို အရမ်း မကြီးမားသေးဘူး။ နောက် ကီလီတ၀ိုက် ပတ်ဝန်းကျင်မှာ မြင်ရတဲ့ မြင်ကွင်းတွေကလည်း မြို့တော်လို့ ပြောရင်တောင် ယုံစရာ မဖြစ်တဲ့ အနေအထားမျိုးတွေ။ မိုးရွာရင် တော်တော်ဆိုးတယ်။ အဲဒီအချိန် ကီလီဈေးနားမှာ မိလ်လာလိုင်းက ပေါက်ပြဲနေတယ်။ မိုးတွင်းခါများဆို ရေကြီးရင် တော်တော် စိတ်ပျက်ဘို့ကောင်းတယ်။

အဲဒီလို မြင်ကွင်းတွေကို ကျူရှင်က ပြန်လာတိုင်းမြင်ရတာများတော့ အသိစိတ်မှာ စွဲနေတယ်။ အဲဒီအချိန် မှာလည်း စာကတော်တော့်ကို အစုံ ဖတ်နေတဲ့အချိန်ဆိုတော့ ငယ်ရွယ်တဲ့ အသိစိတ်နဲ့ စာအုပ်ထဲကပါတဲ့ အရာတွေကို နှိုင်းယှဉ်စဉ်းစားနေချိန်လေ။

ဖြစ်ချင်တော့ တနေ့ ကျောင်းက မြန်မာစာဆရာမက စာစီစာကုံး တပုဒ် ရေးခိုင်းတယ်။ လေ့ကျင့်တဲ့အနေနဲ့ပါ။ ခေါင်းစဉ်က ` ကျောင်းသွားကျောင်းပြန် မြင်ကွင်းများ´ ပါ။ အိမ်စာအဖြစ်နဲ့ ပေးလိုက်တာပါ။ ကျနော်လည်း စိတ်ထဲမှာ စွဲနေတဲ့အရာတွေကို ရေးခွင့်ရပြီဆိုပြီးတော့ အမှန်တကယ်ကို ဖိဖိစီးစီး ရေးချတော့တာပဲ။ ကီလီ လမ်းက ကိစ္စရော၊ ဘတ်စ်ကားပေါ်က နေ့စဉ်ဘ၀တွေရော၊ ပြီးတော့ စာအုပ်ထဲက စကားလုံးတွေကိုပါ အတုံးလိုက်အတစ်လိုက် အသုံးချပြီး ရေးလိုက်တာပါ။ နောက်နေ့ စာအုပ်တွေကို ထပ်ပြီး ဆရာမ စစ်ပြီးတဲ့ အချိန်မှာ ကျနော့်ကို ခေါ်မေးပါတယ်။ ဘယ်သူရေးပေးတာလဲပေါ့။ ကိုယ့်ဘာသာရေးတာလို့ ပြန်ပြောတော့ ဆရာမက `သားရေးတဲ့ စာစီစာကုံးထဲမှာ တချို့ စာလုံးတွေက ကျောင်းသားတွေ မသုံးသင့်တဲ့ အသုံးအနှုံးတွေ ပါနေတယ် ´ ပြန်ပြောတယ်။ `အဲဒါတော့ ကျနော်မသိဘူးဆရာမ။ ကျနော် ကျောင်းသွားကျောင်းပြန်မှာ တကယ်တွေ့ရတဲ့ အကြောင်းတွေကို ပြန်ရေးထားတာဘဲ။ နောက် တချို့ စာလုံးတွေကတော့ ကျနော်ဖတ်ဘူးတဲ့ စာအုပ်တွေထဲမှာ ပါတဲ့ဟာတွေကို ကိုက်ညီမယ်ထင်ပြီး သုံးခဲ့တာပါ။´ အဲဒီမှာတင် ဆရာမက ကျနော့်ကို `နောက်စာစီစာကုံးတွေကျရင် အဲဒီလို စာလုံးမျိုးတွေ သုံးမရေးနဲ့။ စာစီစာကုံးရေးတာက ကောင်းပေမယ့် အဲဒီ ဟာတွေကြောင့် အမှတ်သိပ်ရမှာ မဟုတ်ဘူး´ လို့ပြောပြိး ပြန်ထိုင်ခိုင်းတယ်။

ကျနော်လည်း အူကြောင်ကြောင်နဲ့ ပြန်ထိုင်ရင်း စဉ်းစားမိတယ်။ ဘာကြောင့် အဲဒီစာလုံးတွေကို မသုံးစေချင် တာလဲ။ စဥ်းစားရင်းနဲ့ ရှစ်တန်းတုန်းကလည်း တခါကြုံဘူးတာ ပြန်အမှတ်ရသွားတယ်။ အဲဒီတုန်းက ငယ် သေးတော့ သေသေချာချာ မတွေးမိခဲ့ဘူး။ ခေါင်းစဉ်က`သင်၏ ရည်မှန်းချက်´ ဆိုတော့ ကျနော်က ရေးချ လိုက်တာ
`ဘ၀ဆိုသည်မှာ မိမိဖြစ်ချင်သော်လည်း ဖြစ်ချင်သည့်အတိုင်း မဖြစ်နိုင်ပေ။ အကန့်အသတ်များစွာဖြင့် အထိန်းခံထားရသည်။ အကယ်၍ ကျနော်သည် ဆရာဝန်ဖြစ်ချင်ဦးတော့ မဖြစ်စေနိုင်သည့် အကန့်အသတ် များက ရည်မှန်းချက်ကို ဟန်တားထားသည်´
စသဖြင့် ဘာညာဘာညာ ရေးတုန်းကလည်း အမှတ် တော်တော်နည်းခဲ့တယ်။ (စကားချပ်- အခုထိလည်း အမှတ်တော်တော်နည်းသေးတယ်။ မမှတ်သေးတာကို ဆိုလိုတာပါ)။ ထားတော့ - ကျနော် စဉ်းစားမရ။ အိမ်ပြန်ရောက်ချိန်မှ အဖေ့ကို မေးကြည့်တော့ `အဲဒါက နိုင်ငံရေးစကားလုံးတွေမို့လို့ သားရ´။ အဲဒီမှာတင် ပို၍ ရှုပ်သွားခဲ့တယ်။ နိုင်ငံရေးစကားလုံးတွေ ဆိုတော့ စာရေးဆရာတွေကရော ဘာလို့ သုံးကြတာလဲ။ ကျောင်းသား တွေကရော ဒါသုံးလို့ စာမေးပွဲမှာ ဘာဖြစ်လို့ အမှတ်လျော့ခံရတာလဲ။ ကျောင်းသားတွေကျတော့ မသုံးရဘူးလို့ သတ်မှတ်ထားခဲ့သလား။ အတွေးများက လုံးလည်ချာလည်နှင့် အဖြေကတော့မရ။

၈၈၈၈ ကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရမှ ကျနော် နည်းနည်းသဘောပေါက်လာတယ်။ ကျနော်တို့ကို ဘာကြောင့် မသိစေချင်မှန်း၊ မသုံးစေချင်မှန်း။ အာဏာကို လက်ထဲ မြဲမြံစွာ ကိုင်ထားနိုင်ရေးရည်စူးပြီး ကျနော်တို့  ကို မသိစေချင်ခဲ့တာပါလား ။ ကျနော်တို့ ကြီးပြင်းခဲ့ရတဲ့ခေတ်ဆီက ကျနော်တို့ စုတ်ယူရရှိခဲ့တဲ့ အရာအများစုဟာ မသိစေချင်တာ တွေက သိရမယ့် အရာတွေဖြစ်ပြီး၊ မသိသင့်တဲ့ အရာတွေကို သိစေခဲ့ပါလား ဆိုတာလည်း တွေးမိပါရဲ့။ ဘယ်ကလောက်များ လူ့သမိုင်းကို နောက်ပြန်တွန်းပို့စေခဲ့တဲ့ လုပ်ရပ်လဲ။ အဲဒီအကြောင်းလေး ပြန်တွေးမိတာပါ။

ကျနော်ဒီထဲက ရတာတခုကတော့ အရာအားလုံးကို ပိတ်ပင်ထားပေမယ့် လေ့လာဘို့ အခွင့်အလမ်းတွေကို ရတဲ့အခြေအနေမှာ နောင်မျိုးဆက်တွေအတွက် ချန်ထားခဲ့ဘို့ လိုအပ်တယ်ဆိုတာကိုပါ၊ ဒါမှလည်း သမိုင်းက ကြောင်လိမ်လှေကားလို.. တိုင်းပြည်ကလည်း စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီ ချဉ်းကပ်နိုင်မှာပါ။


Labels:

posted by မြင့်ဇေ @ 8:30 PM   1 comments
တောင်ပေါ်သူရဲ့ ငြိမ်းချမ်းရေးပုံပြင် (ဇာတ်သိမ်း)
Wednesday, June 20, 2007


၅။
သူချစ်ကြောင်းပြောပြီး သုံးရက်ကြာတော့ ကျမတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတယ်။ ချစ်သူဖြစ်ပြီးတဲ့ နောက် ကျမတို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ မမြင်ရသေးတဲ့ ငြိမ်းချမ်းရေးရယ်၊ ကျမတို့နှစ်ဦးရဲ့ အတူနေထိုင်ရမယ့် ဘ၀အကြောင်းရယ်။ အို.... အများကြီးမှ အများကြီးရယ်ပါ။ ကျမက တကယ်ဆို ဘာမှ မသိတဲ့ တောင်ပေါ်သူတယောက်ရယ်ပါ။ ဒါပေမယ့် သူနဲ့ ချစ်သူတွေဖြစ်ပြီး နောက်ပိုင်း နည်းနည်းသိလာတယ်။ ဥပမာ သူ ပါဝင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအကြောင်းမျိုးပေါ့။ ကျမသိခဲ့တာက စစ်ပွဲတွေ ဖြစ်နေတယ်။ အစိုးရနဲ့ ကျမတို့ လူမျိုးတွေ ဘာကြောင့်စစ်တိုက်နေရလဲဆိုတဲ့အရာကို သိလာရတယ်။ ကျမတို့ကို အစိုးရစစ်တပ်က ဖိနှိပ်တာကို ရေးရေးလေး မြင်လာတယ်။


(၆)

တည ကျမအကတိုက်ပြီး အိမ်ပြန်တော့ သူလိုက်လာတယ်။ ထူးထူးဆန်းဆန်း အဲဒီညမှာ ကျမတို့ရိုးရာ အက အကြောင်းကိုသူက ပြောတယ်။

`ကိုယ်တို့ဘ၀ကို နားမလည်သူတွေက ကိုယ်တို့ရဲ့ ရိုးရာအကဟာ စစ်လိုလားတဲ့ အကလို့ ဆိုကြတယ်။ ကိုယ်က တော့ ကိုယ်တို့ဘ၀နဲ့လိုက်ဖက်တဲ့ အကလို့ လက်ခံထားတယ်။ အားမူပဲ စဉ်းစားကြည့်ဦးလေ။ ဒီကထဲက ကကွက်တွေဟာ ကိုယ်တို့ရဲ့နေ့စဉ်ဘ၀မှာရှိနေတဲ့ အရာတွေချည်း မဟုတ်ဘူးလား။ တောင်ယာခုတ်တာ၊ မောင်းထောင်းတာ၊ ဆူးထိုး၊ ဆန်ပြာတာ တွေက အားမူနေ့တိုင်း ကိုယ်တိုင် လုပ်နေရတာပဲ။ ဒိုင်းအက လို့ နာမည်ပေးထားတာကိုက ကိုယ်တို့ တော်လှန်ရေး ဘာကြောင့်လုပ်နေရတယ် ဆိုတာ ဖော်ပြနေမှုလို့ စဉ်းစားမိတယ်။ ဒိုင်းဆိုတာက ကိုယ့်ကို ရန်ပြုလာရင် ခုခံတဲ့ အရာမဟုတ်လားအခု ကိုယ်တို့ စစ်တိုက်နေကြ ရတယ်။ဘိုးဘွားစဉ်ဆက် ကိုယ့်ဒေသမှာကိုယ် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ခဲ့ကြတာ။ ဒါပေမယ့် စစ် အာဏာရှင် တွေက ကိုယ်တို့ရဲ့ဘ၀တွေကို မငြိမ်းချမ်းအောင် ဖိနှိပ်ချုပ်ချယ်မှုတွေ အမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့တယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို စစ်တပ်က သေနတ်သုံးပြီးလုပ်ခဲ့တာ ဖြစ်တယ်။ ဒါဟာ ကိုယ်တို့ဒေသအပါအ၀င် တ နိုင်ငံလုံးမှာ ဖြစ်နေတဲ့ အခြေအနေပါ။ ကိုယ်တို့ ပထမက လူမျိုးကြီးဝါဒအရ ဖိနှိပ်တာလို့ မြင်ခဲ့ကြတယ်။ ၈၈ အရေးတော်ပုံ နောက်ပိုင်းမှာ ကိုယ်တို့နားလည်လာတယ်။ လူမျိုးရေးအရ အဓိက မဟုတ်ပဲ ဒီ ဖိနှိပ်မှုတွေဟာ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်ဆိုတာကို မြင်လာကြတယ်။ ကိုယ်တို့ တော်လှန်ရေးစစ်ကြောင်းတွေ ရွာထဲ ၀င်လာကြရင် တခါတလေမှာ ကျောင်းသားတပ်တွေလည်း ပါလာကြတယ် မဟုတ်လား။ သူတို့ထဲမှာ အောက်ကျင်းက ဗမာတွေများတယ်။ သူတို့ကိုယ်တိုင် အောက်ကျင်းမှာ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ခဲ့ပေမယ့် စစ်တပ်က သေနတ်နဲ့ ဖြေရှင်းခဲ့တယ်။ အဲဒီကျတော့ သူတို့လည်း ကိုယ်တို့ဒေ သတွေဆီ ရောက်လာပြီး ဖိနှိပ်မှုကို ခုခံဆန့်ကျင်ဖို့အတွက် လက်နက်ကိုင်ခဲ့ရတယ်။ ဒိုင်းဆိုတာဟာ ကိုယ့်ကိုယ် ကို ကာကွယ်ဖို့ဖြစ်သလို ရန်သူကို အနိုင်တိုက်ဘို့အတွက်လည်း ပြင်ဆင်တဲ့အရာဖြစ်တယ်။ ကိုယ်တို့ တော်လှန် ရေးရဲ့ အခြေခံဟာလည်း ဒိုင်းရဲ့သဘောအတိုင်းပါပဲ။ ကိုယ့်ကို ဖိနှိပ်နေမှုတွေကို ခုခံပြီး ဖိနှိပ်မှုတွေကို ပျောက် ကွယ်သွားအောင် တိုက်ရတာဟာ တော်လှန်ရေးရဲ့ သဘောပဲ။ ဒါကြောင့် ကိုယ်က ဒိုင်းအကကို ကိုယ့်တို့ရိုးရာ အကဖြစ်တဲ့အတွက် ဂုဏ်ယူတယ်။

ရှည်လျားစွာပြောနေတဲ့ သူ့မျက်နှာကို ကျမငေးရင်း ကြည်နူးနေမိတယ်။ ပြီးတော့ ကျမချစ်သူ လုပ်နေတဲ့ တော် လှန်ရေးအကြောင်းကို အရင်ကထက် နည်းနည်းပိုနားလည်လာသလို သူ့ကိုလည်း ပိုပြီးတန်ဖိုးထားလာမိတယ်။

၇။

အဲဒီလိုနဲ့ သူစစ်ကြောင်းတွေ ခရီးတွေ ထွကလိုက် ပြန်လာလိုက်၊ ငြိမ်းချမ်းရေးအတွက် စကားပြောပွဲတွေ ပြေ လည်တော့မယ်ဆိုတဲ့ သတင်းတွေ လည်းပိုပိုပြီး ကျယ်လောင်လာတဲ့အချိန်။

ကျမဘာသာရေးပွဲတော်တခုကို သွားတော့ သူနဲ့တွေ့တယ်။ ပွဲတော်မှာ လျှောက်လည်ရင်း `ကိုယ်တို့တော့ နီးရတော့မယ်´ သူကပြောတော့ `တကယ်လား၊ သိုင်´ `တကယ်ပေါ့ အားမူရယ်၊ ကိုယ်တို့ ခေါင်းဆောင်တွေ စကားပြောတာနောက်လလောက်ဆိုရင် တရားဝင်ဖြစ်တော့မယ်´တဲ့။ `တရားဝင်ဖြစ်ပြီးတာနဲ့ ကိုယ့်ရွာကို ခွင့် ပြန်ပြီး မင်းကို လက်ထပ်နိုင်အောင်လုပ်မယ်။ ပြီးတော့ အမိုးနဲ့အပါးဆီကို ပြန်လာပြီး အားမူကိုလာတောင်း မယ်လေ´ ကျမအဲဒီညက သူ့စကားတွေကို ပြန်စဉ်းစားရင်း တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။

အဲဒီ ပွဲတော်အပြီး တရက်၊ နှစ်ရက်ကြာတော့ သူတို့ ခရီးထွက်သွားတဲ့ သတင်း ကျမရတယ်။ ပွဲတော်မှာ သူနဲ့ တွေ့ဆုံခြင်းဟာ နောက်ဆုံးဆိုတာကို ရွာပြန်ရောက်ပြီးတော့ ကျမသိလိုက်ရတယ်။

ကြားကြားချင်း သူ ကျမကို ခွဲခွာသွားခဲ့ပြီဆိုတာ ဘယ်လိုမှ မယုံနိုင်ခဲ့ဘူး။

သူ့ကို ချစ်တာကလွဲလို့ ဘာမှ မသိတဲ့ ကျမကို တော်လှန်ရေးနဲ့ ဘ၀အကြောင်း ရှင်းပြခဲ့တဲ့ သိုင် တိုက်ပွဲမှာ ကျသွားခဲ့ပြီလို့ သူ့သူငယ်ချင်းအဖြစ်အပျက်ကို ရှင်းပြနေတဲ့ ဆေးမှူးလေးရဲ့ စကားသံကို ကျမနားက ကြားတ ချက် မကြားတချက်။

ဆေးမှူးလေးပြောပြတာက အထက်ခေါင်းဆောင်တွေနဲ့ စစ်တပ်ရဲ့ နှစ်ဘက်ဆွေးနွေးပွဲကို ယုံပြီး သူတို့ စစ် ကြောင်း ရွာတရွာရောက်တော့ ရန်သူကို ဆက်သွယ်တယ်။ သူတို့ရဲ့ ယုံကြည်မှုကို အခွင့်အရေးယူပြီး ရန်သူက နောက်နေ့မနက်မှာဘဲ ၀င်တိုက်တယ်။ အဲဒီမှာ သိုင်အပါအ၀င် ရဲဘော်နှစ်ဦး ကျဆုံးသွားတယ်.... တဲ့။

ဘယ်တော့မှ မေ့မှာ မဟုတ်တာက သိုင် ကျမကို မှာခဲ့တဲ့ စကားပါ။

`အားမူကို ရှင်းပြပါ။ မငိုပါစေနဲ့။ပြီးတော့ ဒါဟာ ရန်သူကို အကြွင်းမဲ့ သွားယုံမိတဲ့ အမှားကြောင့်ဖြစ်တယ်လို့ ပြောပေးပါ။ ကျန်တဲ့ ရဲဘော်တွေလည်း ပြောပေးပါ။ ရန်သူကို ဘယ်တော့မှ အကြွင်းမဲ့ မယုံနဲ့´

ဆိုတာပါပဲ။ သိုင်ပြောတဲ့အတိုင်း ကျမ မျက်ရည်မကျခဲ့ပါဘူး။ ပြီးတော့ ဘ၀နဲ့လဲပြီး သူပေးခဲ့တဲ့ အသိကြောင့် ရန်သူကို ဘယ်တော့မှ အကြွင်းမဲ့ ယုံနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ရန်သူက ပေးမယ့် ငြိမ်းချမ်းရေးကိုလည်း ကျမ အကြွင်းမဲ့ ယုံနိုင်တော့မှာတဲ့လား။

ကျမနားလည်နေတာက သူပြောခဲ့တဲ့ စကားတွေဟာ ကျမတဦးတည်းအတွက် မဟုတ်ဘူးဆိုတာပါ။

(၈)

အခုတော့ မျှော်လင့်ခဲ့တဲ့ မြို့ပြကို တက်သွားခဲ့ကြပြီ။ ကျမလိုက်မသွားခဲ့ပါဘူး ..... သိုင်။ ညအမှောင်ထဲမှာ တရွာလုံး တိတ်ဆိတ်နေတယ်။ အစိုးရနဲ့အတူ ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် အခမ်းအနားဆီ ရွာက လူတော် တော်များများ လိုက်သွားကြတယ်။ မီးရောင်တွေလင်းနေမယ့် မြို့ပြ တခုဆီရောက်နေတဲ့ ကျမတို့ ဒေသခံတွေ ကတော့ မြို့ပြရဲ့အရှိန်အ၀ါတွေကြောင့် ဘ၀အမောတွေကို ခေတ္တ မေ့လျော့ပြီး ပျော်ရွှင်နေကြမှာလား။ ဒါမှ မဟုတ် စိုးရိမ်ထိတ်လန့် နေကြမှာလား။

ကျမ ဒါတွေ မတွေးဘူး။

တွေးနောတာက ကျမသွားမကဖြစ်တော့တဲ့ အကနဲ့ သိုင့်အကြောင်းကိုပါ။ သိုင်က ကျမတို့ရိုးရာအကကို အရမ်း မြတ်နိုးသူမဟုတ်လား။ ဒါကြောင့်သူ့ကို သတ်သွားတဲ့ ရန်သူရဲ့ ရှေ့မှာ ကျမဘယ်လိုမှ မကနိုင်ဘူးဆိုတာ ကျမနဲ့ သိုင်ပဲ နားလည်နိုင်မှာပါ။ ။


ဒိုင်းအက = ကယန်းလူမျိုးစု (ကယားပြည်နယ်အတွင်း) ၏ ရိုးရာအက
သိုင် = ကယန်းအခေါ်အဝေါ်အရ ပဉ္စမမြောက်သား
အားမူ = ကယန်းဘာသာအရ ပထမဆုံးသမီးအားခေါ်သောစကားလုံး


ဒေါင်းအိုးဝေ စာစောင်

အတွဲ ၂ ၊ အမှတ် ၃
အောက်တိုဘာ - နိုဝင်ဘာ ၂၀၀၂


Labels:

posted by မြင့်ဇေ @ 2:02 AM   0 comments
တောင်ပေါ်သူရဲ့ ငြိမ်းချမ်းရေးပုံပြင် (ပထမပိုင်း)
Tuesday, June 19, 2007
တောင်ပေါ်သူရဲ့ ငြိမ်းချမ်းရေးပုံပြင် (ပထမပိုင်း)

၁။
အဲဒီနေ့ကို ကျမ ဘယ်အချိန်ဖြစ်ဖြစ် အမှတ်ရနေမှာပါ။ ကျမအသက်က ခပ်ရွယ်ရွယ်။ ကျမတို့ရွာထဲ စစ်ကြောင်းတ
ကြောင်းဝင်လာတယ်။ ဒီကိစ္စက သိပ်ထူးဆန်းတဲ့ ကိစ္စရယ်တော့ မဟုတ်ဘူး။ စစ်မက်ဖြစ်ပွားတဲ့ အရပ်ဆိုတော့ အစိုးရစစ်ကြောင်းရော၊ ကျမတို့လူမျိုးတွေနဲ့ ဖွဲ့ထားတဲ့ စစ်ကြောင်းတွေရော ရွာတွေကို အမြဲဝင်ထွက်နေတာ လေ။ ၀င်လာတဲ့ စစ်ကြောင်းက ကျမတို့လူမျိုးတွေရဲ့ စစ်ကြောင်း။ ဘယ်စစ်ကြောင်းဖြစ်ဖြစ် ရွာထဲဝင်ရင် အိမ် တွေမှာ ခွဲတည်းကြတယ်။ အဲဒီနေ့က တောင်ယာပေါင်းလိုက်ပြီးလို့ ရွာကို ကျမပြန်လာတော့ အိမ်မှာ ရဲဘော် တဖွဲ့တည်းနေတယ်။ ပိုးလာတဲ့ ပလိုင်းကို ချရင်း မီးဖိုထဲက အမိုးကို စကားလှမ်းပြောတယ်။ အဲဒီမှာ ထမင်းချက် နေတဲ့ ရဲဘော်တယောက်နဲ့ မျက်လုံးချင်းဆုံမိတယ်။


ကျမရင်ထဲ တချက်နွေးခနဲ ဖြစ်သွားတယ်။ ဘာကြောင့် ဖြစ်လဲဆိုတာတော့ ကျမ စာမသင်ခဲ့ဘူးပေမယ့် အရွယ် ရောက် မိန်းကလေးငယ် တယောက်အနေနဲ့ သိပါတယ်။ ကျမလည်း မီးဖိုချောင်ထဲဆင်းပြီး ရေပြောင်းတွေပိုး ရင်း`အမိုး၊ရေဆိပ်ဆင်းဦးမယ်´ဆိုတော့ အမိုးက `ဟဲ့ ၊ နည်းနည်းပါးပါး နားဦးလေ´လို့ပြန်ပြောတယ်။ `ရပါတယ်´ ကျမပြောပြီး အဲဒီရဲဘော်ရှေ့က ဖြတ်လျှောက်ခဲ့တယ်။ ခုနခံစားမှုကြောင့် ရှက်နေမိပေမယ့် ရှိုးတိုးရှန်းတန်းတော့ ဖြစ်မနေပါဘူး။ ကျမ အိမ်အောက်ဆင်းလာရင်း သူနောက်က လိုက်ကြည့်နေမယ်ဆိုတာ ကို လှည့်မကြည့်ပေမယ့် အလိုလိုသိနေတယ်။

ဒီလိုနဲ့ ညရောက်တော့ စကားပြောရင်း သူ့နာမည်ကို သိရတယ်။`သိုင်´တဲ့။ ကျမတို့ဘာသာစကားအရဆိုရင် ပဉ္စမမြောက်သားပေါ့။

၂။
အဲ့ဒီ မျက်လုံးချင်းဆုံမိတဲ့ အဖြစ်တွေကို ဘ၀ရဲ့ အလုပ်တွေက ဖုံးအုပ်လိုက်တာနဲ့ မေ့မေ့လျော့လျော့ ဖြစ်ခဲ့တာ အချိန်တော်တော်ကြာသွားခဲ့တယ်။

ကျမတို့ ဘ၀က အပြောင်းအလဲမရှိဘဲ သံသရာလည်နေခဲ့တာ။ နှစ်စကနေ တောင်ယာခုတ်၊ မီးရှို့ ကျွန်းခွေ၊ တဲဆောက်၊ ခြံကာ၊ ဆူးထိုး၊ ပေါင်းလိုက်၊ စပါးရိတ်.... နှစ်ဆုံးတော့ တလလောက်နားရတယ်။ ဒီကြားထဲ နောင် နှစ်အတွက် ထင်းခွေပေါ့။ ကျမတို့ဒေသမှာ ကလေးတယောက် လေးငါးနှစ်အရွယ် ရောက်ရင် ကျောင်းပို့ဖို စဉ်း စားတာထက် ရေတွေ ၊ စပါးတွေ ဘယ်လောက် သယ်နိုင်၊ ထမ်းနိုင်မလဲ။ မိဘတွေ တောင်ယာသွားရင် ကိုယ့်ထက်ငယ်သူတွေကို ထိန်းကျောင်းပေးနိုင်မလား။ ဒီလိုအလုပ်တွေကိုပဲ စဉ်းစားရတယ်။ ပညာတတ်ဆို တာထက် ကူဖော်လောင်ဘက် ဖြစ်လာဖို့ကို စဉ်းစားရတယ်။ မိဘတွေအနေနဲ့ ပညာကို မေ့လျော့ထားတာ မဟုတ်ပေမယ့် ဘ၀ရဲ့ ရပ်တည်ရေးကို ဦးစားပေးရတာနောက်တခုက ကျမတို့ဒေသမှာ ဖွင့်ထားတဲ့ ကျောင်းက နည်းလွန်းတယ်။ ပြီးတော့ ဆရာ၊ ဆရာမ၊ စာအုပ်စာတမ်းကလည်း ရှားပါးတယ်လေ။

တခါက ကျမ တောင်ယာခင်းထိပ်မှာ မောင်လေးနဲ့ကစားနေတုန်း ( အဲဒိအရွယ်က ကျမရှစ်နှစ်လောက်ရှိပြီ ထင်တယ်။ ) မောင်လေးက တောင်တန်းတွေကို လက်ညှိုးထိုးပြရင်း `အားမူ၊ အဲဒီ့တောင်တွေရဲ့ ဟိုဘက်မှာ ဘာတွေ ရှိလဲ။´ မေးတော့ ကျမက ဂုဏ်ယူဝင့်ကြွားတဲ့အသံနဲ့ `ဟဲ့၊ ကားတွေ၊ လေယာဉ်ပျံတွေ၊ မြို့တွေ အများ ကြီးရှိတာပေါ့ ´လို့ပြန်ဖြေမိတယ်။ အဲဒါနဲ့ သူက `နင်တွေ့ဘူးလား´ ဆက်မေးတော့ ကျမ ချက်ချင်းပြန် မဖြေနိုင် ဘူး။ အမှန်က အခါအခွင့်သင့်လို့ မြို့ကို ရောက်ဖူးတဲ့ရွာကလူတွေ ပြောတာကြားဖူးနားဝနဲ့ ပြန်ပြောလိုက်တာပါ။ ဘယ်လို ပြန်ပြောရမယ်ဆိုတာ တွေးရင်း မောင်လေးကိုကြည့်တော့ အားကျတဲ့အကြည့်နဲ့ ကျမကို ကြည့်နေတာ မြင်ရတယ်။ ကျမအဖြေပေးမိတာက ` ငါလည်းနင့်လိုပဲ ရွာကနေ ဘယ်မှ မရောက်ဖူးဘူးဆိုတော့ ဒါတွေ ဘယ်မြင်ဖူးမလဲ´။ ကျမဖြေပြီးတဲ့အချိန်ကို မှတ်မိနေသေးတယ်။ ဘာကြောင့် မှန်း မသိ၊ ကျမတို့ မောင်နှ မ နှစ်ယောက်လုံးတိတ်ဆိတ်သွားတယ်။ နှစ်ဦးစလုံးတင် မကပါဘူး၊ ၀န်းကျင် တခုလုံးပါ တိတ်ဆိတ်နေတယ်။ အဲဒီအချိန်မှာ ရုတ်တရက် အဝေးကနေပြီး အသံတွေကြားရတယ်။ ပေါက်ကွဲသံတွေပေါ့။ သေချာတယ်။ ကျမတို့ ရဲ့ အသိအရ တိုက်ပွဲဖြစ်နေပြီ။ ဒါဆို ဒီညတောထဲမှာ သွားအိပ်ရတော့မယ် ဆိုတာကလည်း နောက်ထပ် သေချာတဲ့ အရာတခုပဲဆိုတာ ကျမသိလိုက်တယ်။ ကျမတို့ရဲ့ ဘ၀အကြောင်းပြောရင်း သတိရမိတဲ့ ငယ်စဉ်က အဖြစ်အပျက်တခုပါ။

၃။

သမရိုးကျ အလုပ်တွေလုပ်ရင်း ကျမတို့ရဲ့ ဒေသထဲမှာ ခရစ်စမတ်ရဲ့ မြော်က်ပြန်လေနဲ့အတူ သတင်းတခု ရောက် လာတယ်။ ၀မ်းသာစရာသတင်းပါ။ အဲဒီသတင်းနဲ့ မရှေးမနှောင်းပဲ အလုပ်တွေကြောင့် ကျမ မေ့နေခဲ့တဲ့ သူလည်း တပ်ဖွဲ့တခုနဲ့အတူ ရွာကို ရောက်လာတယ်။ ဒီတခေါက်တော့ ကျမတို့အိမ်မှာ မတည်းဖြစ်ဘူး။

အိမ်မှာ မတည်းဖြစ်ပေမယ့် ကျမ် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အကြိမ်ကြိမ် ချီးမွမ်းနေမိတယ်။ ၀မ်းသာစရာ သတင်းက `အစိုးရတပ်နဲ့ ကျမတို့ လူမျိုးစုတွေကြား နားလည်မှုရတော့မယ်။ ဒေသတခုလုံး ငြိမ်းချမ်းတော့ မယ်´ ဆိုတာပါပဲ။ ကျမကတော့ မမြင်ရတာ ကြာခဲ့ပြီဖြစ်တဲ့ သူ့ကို သူမမြင်ဘူးထင်တဲ့နေရာက ခိုးကြည့်ရင်း သူ များတွေထက် ပိုဝမ်းသာနေမိတာပေါ့။ပြီးတော့ စိုးရိမ်စိတ်လည်း ဖြစ်ခဲ့တယ်။ သူ့အကြောင်းလည်း ဘာမှမသိရ။ ပြီးတော့ သူတို့က နေရာအနှံ့လျှောက်သွားနေသူတွေ ဆိုတော့ ကျမထက်ဦးသူ ရှိနေမလားဆိုတဲ့ အတွေး ကြောင့်ပါ။ ဘာပဲဖြစ်ဖြစ်ကျမဘ၀မှာ အဲဒီကာလဟာ ကြည်နူးစရာ ကောင်းတဲ့အချိန်ပါ။

ဒေသအတွင်းမှာ ငြိမ်းချမ်းရေးသတင်းတွေ ပြန့်လာတော့ အားလုံးက ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေကြတယ်။ ပေါ်တာအဆွဲခံရတာတွေ၊ စစ်စခန်းတွေမှာ လုပ်အားပေးလုပ်ရတာတွေ၊ ကျီးလန့်စာစား တောမှာ အိပ်ရတဲ့ ညတွေ မရှိတော့ဘူးဆိုပြီး တွေးသူကတွေး၊ ကျောင်းတွေ၊ လယ်ကွင်းသစ်တွေ ငြိမ်းချမ်းရေး မြို့သစ်တွေ ဖြစ်လာ တော့မယ်ဆိုတဲ့ အတွေးနဲ့ ပျော်သူကပျော်။ တကယ့်ကို စိတ်ချမ်းသာစရာတွေ စုပြုံရောက်ရှိလာတဲ့ ကာလပေါ့။

သိပ်မကြာခင်မှာဘဲ ကျမတို့ရွာနဲ့ ဆိုင်တဲ့ သတင်းတခု ကြားရပြန်တယ်။ အစိုးရက အစစ်အမှန်ပေးမယ်ဆိုတဲ့ ငြိမ်းချမ်းရေးကြီး ယူမယ့် အခမ်းအနားမှာ ရွာက လူငယ်အဖွဲ့က ရိုးရာယဉ်ကျေးမှု အကသွား ကရမယ်....တဲ့။ရွာ ကလူကြီးတွေက လူငယ်တွေကို ပြောပြတော့ တဖွဲ့လုံး ပျော်လိုက်ကြတာ။ ရေခပ်ဆင်းလည်း ဒီအကြောင်း။ ထင်းခွေလည်း ဒီအကြောင်း။ ကိုယ့်အဖော်နဲ့ ကိုယ် စကားပြောတိုင်း ဘယ်တော့မှ မနီးစပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ကြီးကို ဘယ်တော့မှ မရောက်ခဲ့ဘူးတဲ့ မြို့မှာ သွားယူရတော့မယ်ဆိုတဲ့ အတွေးနဲ့ ၀မ်းသာခဲ့ကြတာ။

၎။

ဒီလိုနဲ့ ကျမတို့ လူငယ်တွေ မျှော်လင့်တကြီးနဲ့ ရိုးရာအကကို ကျင့်ကြတယ်။ အက ကျင့်လို့ လေးရက် ကြာတဲ့ည မှာပေါ့။ အကတိုက်ဖို့ လူမစုံသေးတာနဲ့ ကျမတယောက်တည်း အက ကျင့်တဲ့ကွင်းက မီးပုံနံဘေး ထိုင်နေတုန်း အနားကို လူတယောက်ရောက်လာတယ်။ ကြည့်လိုက်တော့ လရောင်ရေးရေးနဲ့ မီးပုံရဲ့ အလင်းကြောင့် ဘယ်သူ လဲဆိုတာ သိလိုက်တယ်။ ` သိုင် ´ ဟုတ်တယ်။ သိုင်ပါ။ ဘေးဘီကြည့်တော့ ဘယ်သူမှ မရောက်သေး။ ကျမ ရှက်ရွံ့ စွာနဲ့ မီးပုံကို တုတ်တချောင်းနဲ့ ထိုးဆွလိုက်တော့ မီးပွားတွေ လွင့်စင်သွားတယ်။ ` ဖြည်းဖြည်း လုပ်ပါ။ အားမူရယ်။ ကိုယ့်ရဲ့ မရှိမဲ့၊ ရှိမဲ့ ယူနီဖောင်းလေး မီးပေါက်သွားပါဦးမယ်။ ´ သူက ပြောရင်း ဘေးနားဝင်ထိုင် တယ်။ ကျမဘာမှ ပြန်မပြောမိ။ စတွေ့စဉ်ကထက် ပိုရှက် နေသလို ခံစားမိတယ်။ ကြည့်နေတဲ့ သူ့ရဲ့ မျက်လုံးတွေအောက်မှာ ကျမ ခန္ဓာကိုယ်က ပိုသေးကျုံ့ သွားသလို။ `စကားလေးဘာလေး ပြောပါဦး အားမူး ရယ်။ ´ ကျမသူ့ကို မကြည့်ရဲ။ ဘာပြန်ပြောရမှန်းလဲ မသိ။ မီးပုံကိုပဲ လက်ထဲက တုတ်နဲ့ အကြောင်းမဲ့ ထိုးဆွနေ မိတယ်။ နောက်တခါ သူထပ်ပြောတော့ `ကျမဘာပြောရမှာလဲ´ လို့ တိုးတိုးလေးပြန်ပြောတော့..။

`ဒါဆို ကိုယ်ပြောမယ်လေ´ တဲ့။

အဲဒိအချိန်မှာ တယောက်ယောက် ရောက်လာပါစေလို့ ကျမ ဆုတောင်းနေမိတယ်။ အဲဒီအချိန်မှာ သူဆက်ပြော တာက ... `အားမူ၊ ကိုယ် မင်းကို ချစ်တယ်။ မင်းကို လက်ထပ်ချင်တယ်´ တိုးပေမယ့် ကျမ အကုန်ကြားနေရ တယ်။ နောက်စကားတွေ အားလုံးကို မမှတ်မိပေမယ့် ပြောတာတွေက သူ့ရဲ့ အချစ်ကို လက်ခံဖို့နဲ့ ယုံဖို့ ဆိုတာ တွေပါပဲ။

`ကိုယ့်ကို ပြန်ချစ်နိုင်မလား´ လို့ သူမေးပြန်တော့ ကျမပိုတိုးလို ရှက်နေမိတယ်။

`ဖြေလေကွယ်´ ပြောတော့ ကျမ ခေါင်းညိတ်မိမလို ဖြစ်သွားသေးတယ်။ အဲဒီအချိန်မှာပဲ အကတိုက်မယ့်သူ တွေ ရောက်လာတယ်။ အဲဒါနဲ့ ကျမလည်း အပြေးတပိုင်း သူ့နံဘေး ထသွားတယ်။ အကတိုက်ရင်း သူမပြန်ဘဲ ကြည့်နေတာကို ကျမ မြင်နေရတယ်။

အဲဒီညမှာ အဖော်တွေက ` နင့်ကကွက်တွေ မှားလှချည်လား´ လို့ ကျမကို ၀ိုင်းပြောခဲ့တယ်.... သိုင်။



ဆက်လက်ဖော်ပြပါမည်။

Labels:

posted by မြင့်ဇေ @ 9:00 PM   1 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com