|
အမေ |
Sunday, July 1, 2007 |
အမေ ဆိုးဆိုးရွားရွား ကျန်းမာရေး မကောင်းဘူးတဲ့။ အဲဒီသတင်း ၀င်လာတော့ ကျနော် ဘာလုပ်ရမှန်း မသိတော့။ ရတဲ့သတင်းထဲမှာ အမေက ကျနော့်ကို စကားပြောချင်တယ်လို့ ပြောထားတယ်။ ဘာကို ပြောချင်တာလဲ။ ဘာကြောင့်ပြောချင်တာလဲ။ အသက်အရွယ် အိုမင်း နေတဲ့ သက်ကြီးရွယ်အို အမေက ကျနော့်ကို သံသရာအတွက် ဘာများမှာချင်တာလဲ။ ကျနော် ကတော့ အမေ့ကို မေ့မေ့လျော့လျော့ထားခဲ့တာ နှစ် ၂၀ နီးနီး တိုင်ခဲ့ပြီ။
ကျနော့်ထံ ပူဆွေးသောကများစွာကို အမေထည့်ခဲ့ပါပြီ။ နှစ် ၂၀ ဝေးခဲ့သော၊ မေ့လျော့နေဆဲ ဖြစ်သော သားတယောက်အတွက် ဘ၀၏ များမြောင်လှသော ဒုက္ခများကြားတွင် ဖြတ်သန်းခဲ့ ရသည့် အမေက အမှတ်ရသည်တဲ့။ ကျေးဇူးတင်လှပါသည်။ ကျနော့်ကိုယ် ကျနော် အရှက် တရား မဲ့တတ်လွန်းသူ သို့တည်းမဟုတ် ကျေးဇူးတရားမဲ့သူအဖြစ် ဆိုချင်ဆိုကြပါစေတော့။ ကျနော် အမေ့ကို မေ့လျော့လွန်းခဲ့လှတယ် ဆိုတာတော့ ၀န်ခံပါရစေ။ (အနိမ့်ဆုံး နေ့စဉ် ဖြတ်သန်းရသည့် ဘ၀အတွင်း စဥ်းစားမှုများထဲတွင် အမေ့ကို မေ့လျော့နေတတ်ပါသည်။
အမေ ဘာများပြောချင်ပါလိမ့်။ စဉ်းစားကြည့်တော့ အမေ့လို ခပ်ရိုးရိုး တောသူတယောက်မှာ ပြောစရာ စကားများ ခပ်များများ မရှိလှ။ သားတယောက်ကို မိရိုးဖလာ ဘာသာအရ မှာချင် တာ ရှိကောင်းရှိနိုင်သည်။ အရက်သောက်တာ နည်းနည်းလျော့ဘို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ ပါရမီ ဖြည့်ဘက် ရှာကောင်းရှာခိုင်းတာ ဖြစ်နိုင်သည်။ သို့တည်းမဟုတ် အမေ့အိမ်ကို ပြန်လာဖို့ ပြောခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘာလို့ဆိုတော့ လင်ကလည်း နိုင်ငံရေးသမား၊ သားက လည်း တော်လှန်ရေးသမားဖြစ်သော်လည်း သူ့လို နိုင်ငံရေးနားမလည်သည့် တောသူ တယောက်ကတော့ မြန်မာတို့၏ ရိုးရာအရ မိသားစုတွေ စုစုရုံးရုံး ပေါင်းစည်းနေထိုင်သည်ကို မြင်ချင်ပေမည်။
အမေ့ပုံရိပ်ကို သတိရမိသည်။ ညီမလေးနှင့် အမေတို့ ကျနော့်ထံ (တောတွင်း)လာလည်သည့် အချိန်။ သူတို့ပုံတွေက နွမ်းနွမ်းဖတ်ဖတ်။ သားနှင့် အကို ကို တွေ့ချင်ဇောသာပါ၍ ထင်မိသည်။ ကျနော်လည်း ဘာမှမတတ်နိုင်။ အမေလည်း ဘာမှ မပြော။ ညီမလေးကတော့ တောင်ကြည့် မြောက်ကြည့်။ ထိုအချိန်တွင် အမေက သောကတွေ စုပုံနေခဲ့ပြီ။ ထောင်ဝင်စာ နပ်မှန်ဖို့အရေး။ သားသမီးတွေ ကျောင်းထားဖို့အရေး။
ကျနော့်အမေသည် ဂေါ်ကီ၏ အမေလို ပစ္စည်းမဲ့လူတန်းစားဘက်မှ ရပ်တည်ခဲ့သူ မဟုတ်ခဲ့။ သိန်းဖေမြင့်၏ အမေလိုလည်း သားတယောက် တက္ကသိုလ်သွားမည့်ဘူတာရုံသို့ လိုက်ပို့နိုင် သည့် အမေ မဟုတ်ခဲ့ပါ။ သို့သော် သူ့ တဘ၀လုံး ပေးဆပ်ခဲ့သည့် ချစ်သော ခင်ပွန်း (အဖေ) နှင့် မွေးဖွားခဲ့သော သား (ကျနော်)တို့၊ ထိုသူတို့ ကွယ်ပျောက်နေသည့် ကာလအတွင်း ထိုသူတို့အတွက် ၀မ်းနည်းရမှုများ၊ ခံစားရမှုများကို ဖုံးကွယ်လျှက် ကျန်သည့် သူများကို လူတလုံးသူတလုံးဖြစ်မြောက်အောင် ပြုစုစောင့်ရှောက်ခဲ့သူဖြစ်သည်။
ကျနော်ပြန်စဥ်းစားမိသည်၊ ကျနော် အမေ့ကို ဘာများ ပေးနိုင်ခဲ့ပါသလဲ… ဆိုသည်ကို။ စင်စစ်တော့ ကျနော်ကို အမေက သူပေးခဲ့နိုင်သည်များကိုသာ ပေ်းခဲ့သည်။ မွေးခဲ့သည်။ လူလားမြောက်အောင် ပြုစုခဲ့သည်။ ထို့နောက်တွင် ကျနော်မှန်သည်ထင်သည့် အရာကို လုပ်ခဲ့သည်။ ဘာမှ ပြန်မပေး နိုင်ခဲ့။ ဤအတွက်ကြောင့် ကိုယ့်ကိုယ်ကို ကျနော်သတ်မှတ် သည်က ကျနော်က အမေနှင့် ပတ်သက်၍ အယူသမား။
အမေကလည်း ပြန်ရမည်ကို မျှော်ခြင်းတော့ မဖြစ်နိုင်။ ကွဲကွာသွားတဲ့ သားတယောက်ကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ ဆိုတဲ့ စိတ်ကူးပေါ် အခြေခံပြီး ကျနော့်ကို စကားပြောချင်ပုံ ရသည်။ ကျနော်ကရော လိပ်ပြာလုံလုံနဲ့ စကား ပြောဆိုဝံ့ပါ့မလား။ သိပ်တော့ မထင်။ ကျနော့် ထံမှ အမေ ကို ပေးနိုင်သည်မှာ မျက်ရည်များနှင့် တာဝန်မကြေမှု ရောနှောနေပါလိမ့်မည်။ ဤသည်ကလည်း ခေတ်၏ တရားပင်။
ဘာပဲဖြစ်ဖြစ်။ အမေ့ကို ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့ သားတယောက်ကတော့ စကားပြောရပါလိမ့် မည်။ သေချာသည်ကတော့ ကျနော့် အမေကတော့ အမေ့နို့ဘိုး မကျေတဲ့ သားဆိုပြီး အပြစ်တင်ကဲ့ရဲ့မှာ မဟုတ်ဘူးဆိုတာ သူ့မေတ္တာတွေနဲ့ နှိုင်းယှဉ်နေရတာကိုက စိတ်ကျေနပ်စရာပါ။
Labels: အက်ဆေး/၀တ္ထုတို |
posted by မြင့်ဇေ @ 9:51 AM |
|
1 Comments: |
-
ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။ တာရာမင်းဝေအမှတ်တရ ဘလော့လိုပေါ့။
|
|
<< Home |
|
|
|
|
ကျနော့်အကြောင်း |
Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
|
ယခုလ မာတိကာ |
|
ယခင်လ မာတိကာ အဟောင်းများ |
|
အလည်သွားဖြစ်တဲ့ ဘလော့များ |
|
Powered by |
|
|
ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။