Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ဒီချုပ်ကို မြေနိမ့်ရာရောက်ပြီထင်လို့ လှံစိုက်ဖို့ ဗိုလ်အောင်ကြီးထွက်လာပြီ
Tuesday, October 23, 2007
ဗိုလ်အောင်ကြီးတယောက် ဗမာပြည်နိုင်ငံရေးမှာ အရှုံးကိုအသိအမှတ်ပြုပြီး အားလုံးကိုကျောခိုင်းသွားတာ ၁၆နှစ် လောက်ရှိပါပြီ၊ သူ့နိုင်ငံရေးအဆင့်နေရာ မရှိတော့ဘူးဆိုတာကို အများကရော။ သူကိုယ်တိုင်ကရော အသိအမှတ်ပြုပြီး ကြိုးဝိုင်းထဲကို မျက်နှာသုတ် ပုဝါအဖြူပစ်ချတာနဲ့ ဇာတ်သိမ်းသွားခဲ့တာပါ၊ (သူ့စကားနဲ့ဆိုရင် အမတ်နေရာ ၂၅၀ အရွေး ခံရာမှာ တနေရာပဲအရွေးခံရလို့ ဖြစ် ပါတယ်၊) ဒါပေမဲ့အခုတော့ သူပြန်ပြီးပွဲထွက်လာပါတယ်၊ ဗိန်းမောင်းနဲ့မဟုတ်ပါ။ ချွတ်နင်းလေးနဲ့ဆိုရင် ပိုမှန်မလား မသိပါ၊ ဒါပေမဲ့ မျက်နှာပြောင်ပြောင်နဲ့ဖြစ်ပါတယ်၊ ဘာသဘောလဲ၊ ဒီနေ့နိုင်ငံရေး အခြေအနေမှာ သူ့အခန်းဘာများရှိသေးလို့လဲ၊ ပြည်သူ့ဘက်က သူကဖို့ အခန်းမရှိတော့ပါဘူး၊ ဒီနေ့ကာလမှာသူ့ရဲ့ အသုံး ၀င်မှုဟာ စစ်အစိုးရအတွက်သာ ဖြစ်ပါတယ်၊ ဒါဟာလည်း ဒီချုပ်ရဲ့ထိပ်တန်း ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်အောင်ရွှေ။ ဗိုလ်တင်ဦး။ ဒေါ်အောင် ဆန်းစုကြည်။ ဗိုလ်လွင်စသူတွေကို နိုင်ငံရေးအရ ထိုးနှက်ဖို့ကလွဲလို့ တခြားဘာမှမဖြစ်နိုင်ပါဘူး၊

ဗိုလ်အောင်ကြီးဟာ ဗိုလ်အောင်ရွှေ။ ဗိုလ်တင်ဦး။ ဗိုလ်လွင်စသူတို့ကို ‘ကွန်မြူနစ်’လို့တော့ မစွပ်စွဲပါဘူး၊ စွပ်စွဲလို့ရှိရင်လည်း သူပဲ လူရီစရာပဲဖြစ်မှာပါ၊ ဒါကြောင့် ‘နေရာရချင်တဲ့ အချောင်သမားတွေ’ လို့ပဲ စွပ်စွဲလိုက်ပါတယ်၊ သူပြောပုံက ပက်စက်ကြမ်းတမ်း ပါတယ်၊ သိက္ခာရှိတဲ့နိုင်ငံရေးသမားနဲ့မတူပါဘူး၊ “တပ်မှူးကြီးတွေက ဗိုလ်အောင်ကြီးနဲ့ ပေါင်းရင်တော့ သူတို့နေရာရမှာမဟုတ်ဘူး၊ မစုနဲ့ပေါင်းမှရမယ်”ဆိုပြီး သူ့ကို ဒီချုပ်ထဲ ကနေ ကန်ထုတ်တာပဲလို့ ပြောလိုက် တာပါ၊ ဗိုလ်အောင်ကြီးတယောက် နအဖဒီမိုကရေစီကို ကောင်းကောင်းကြီးခံစားသုံးစွဲနေပုံဖြစ် ပါတယ်၊

သံဃာတော်တွေနဲ့ ကျောင်းသားတွေရဲ့လှုပ်ရှားမှုကြီးကို အကြောင်းပြုပြီး နအဖ က ဒီချုပ်ခေါင်းဆောင်တွေကို ထိုးနှက် ဖိနှိပ်နေချိန်မှာ ဗိုလ်အောင်ကြီး တစခန်းထလာတာဟာ သဘောရိုးမဟုတ်တာ ရှင်းနေပါတယ်၊ ညောင်နှစ်ပင် အပြီး။ သူတို့ရဲ့ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့အတူ ဒီချုပ်ကို ချေမှုန်းရေးမှာ တတပ်တအား ဖြည့်လာတာဖြစ်ပါတယ်၊ ဖြည့်တယ် ဆိုတာမှာ သူကသူ့ဆန္ဒနဲ့သူ ထွက်လာတာဆိုရင် မှားပါမယ်၊ နအဖက ထွက်ခိုင်းလို့။ သူ့အကြိုက်တွေ့ပြီး ဒူးကလေး ဗုံထောင်တီးထွက်လာတာပါ၊ သူ့ဟာနဲ့သူပျော်လို့၊ သူအင် မတန်ဝါသနာပါတဲ့ ကိုယ်ရည်သွေးတာလည်း လုပ်ခွင့် ရတော့မယ်လေ၊ သူဟာ ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်နေ၀င်းတို့နဲ့တတန်းတည်း ဖြစ်တယ်ဆိုတာကို သူ့ပစပ်ကထွက်တဲ့ အထောက်အထားတွေနဲ့ ပြောတော့တာပဲမဟုတ်လား၊

တကယ်တော့ ဗိုလ်အောင်ကြီးအကြောင်း။ သူ့သမိုင်းကိုပြောရမယ်ဆိုရင် သူဟာ ကျဉ်းထဲကျပ်ထဲ ရောက်တိုင်း ကိုယ့် အချင်းချင်းအပေါ် သစ္စာဖောက်လေ့ရှိတယ်၊ နေရာဝင်ယူတတ်တယ်ဆိုတာက စရမှာပါ၊ (၁၉၅၈ အာဏာသိမ်းပွဲ။ ၁၉၆၂ အာဏာသိမ်းပွဲနဲ့ ၁၉၈၈ က ‘အာဏာလက်လွှဲယူ’ ပွဲမှာ ဗိုလ်အောင်ကြီး ဘာလုပ်ခဲ့သလဲဆိုတာတွေကို ကြည့်ပါ၊) ဖဆပလတွေ ၁၉၆၀ခုနှစ်ရွေးကောက်ပွဲမှာ အရှုံးကြီးရှုံးတော့ ဗိုလ်နေ၀င်းက သူ့အဖို့ ဆိုရှယ်လစ်စစ်ဗိုလ်တွေနဲ့လမ်းခွဲမှ သူ့ရှေ့ရေးကောင်းမယ်။ ဒါကြောင့်မို့ တပ်ထဲမှာရှိတဲ့ ကျန်ဆိုရှယ်လစ်တွေနဲ့လဲ ညောင်ညိုပင်စခန်းမှာ ကတျွှီပါလမ်းခွဲ ခွဲတော့မယ်လို့ ဆုံးဖြတ်ပြီး ဗိုလ်မောင်မောင်။ ဗိုလ်ကြည်ဝင်းစသူတွေကို ဖယ်ရှားတဲ့ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီအစုရဲ့ထိပ်သီးတယောက်ဖြစ်တဲ့ ဗိုလ်အောင်ကြီး။ ၁၉၅၈ခုနှစ်မှာ အာဏာသိမ်းပြီဖြစ်ကြောင်း ဗိုလ်မောင်မောင်နဲ့အတူ ဦးနုအိမ်ကို သွားပြီးအကြောင်းကြားခဲ့တဲ့ ဗိုလ်အောင်ကြီးဟာ ဗိုလ်မောင်မောင်တို့နဲ့ ပြုတ်မသွားပဲ ဘာကြောင့် ဗိုလ်နေ၀င်း အပါးမှာ ကျန်နေရစ်တာလဲဆိုတာ စဉ်းစားစရာကောင်းပါတယ်၊ ဗိုလ်နေ၀င်းက သူဒုတိယအကြိမ် အာဏာမသိမ်း မီလေးတင် ဖြစ်တဲ့ ၁၉၆၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်မှာ တပ်မှူးကြီးများအစည်းအဝေးခေါ်ပြီး ဆိုရှယ်လစ်တပ်မှူးကြီး ၁၃ဦး ကို ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်၊

ဗိုလ်နေ၀င်းမသေမီ ရှစ်လေးလုံး ကာလတုန်းက ဗိုလ်နေ၀င်းနဲ့ပတ်သက်လို့။ မဆလပါတီနဲ့ပတ်သက်လို့ သူဘာပြောခဲ့ဖူးလို့လဲ၊ အခု ဗိုလ်နေ၀င်းမရှိတော့မှ ဗိုလ်နေ၀င်းကို သစ္စာဖောက်ပြနေပါတယ်၊ ဒါ့အပြင် အခုဆိုရင် သူဟာ ဒီချုပ်ခေါင်းဆောင်တွေကို သစ္စာ ဖောက်ပြန်ပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်က အချုပ်ခံနေရချိန်။ ဒီချုပ်ခေါင်းဆောင်တွေ အဖမ်းခံနေရချိန်မှာမှ ထွက်ပြီးပြောလာတာပါ၊ နောက်ကျောကိုဓားနဲ့ထိုးတာထက် ဆိုးပါတယ်၊ “ရန်ကုန်က ကလေးတွေကို နယ်စပ်လွှတ်လိုက်တယ်၊ အခုလက်မှတ်နဲ့တောခိုတဲ့ သဘောပေါ့”လို့ ပြောနေတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချောက်တွန်းနေတာပဲ ဖြစ်ပါတယ်၊၊ ဗိုလ်အောင်ကြီးဟာ ဒီလိုပဲ အဆင်း ဘီးတပ်လေ့ရှိသူပါ၊ သူ့နိုင်ငံရေး ဘ၀တလျှောက် လုံး အဲဒီလိုပဲလုပ်ခဲ့တယ်ဆိုတဲ့သမိုင်းရှိပါတယ်၊ သူဗမာပြည်ဆိုရှယ်လစ်ပါတီ (ဗဆပ)ရဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူး နေရာရအောင်လုပ်ခဲ့ပုံနဲ့ ၄၈ ပြည်တွင်းစစ်ဖြစ်အောင် လုပ်ခဲ့ပုံတွေကို နောင်အလျဉ်းသင့်ရင် ရေးပါ ဦးမယ်၊)

သူဟာ ‘ဗိုလ်နေ၀င်းတပည့် ဘယ်တုန်းကမှမဖြစ်ခဲ့ဘူး’လို့ ဗိုလ်အောင်ကြီးကပြောပါတယ်၊ ဟုတ်ရဲ့လား၊ “တပည့် မဖြစ်ခဲ့ဘူး၊ တပည့်ခံခဲ့တာပဲ” လို့ ပြောချင်တာ ဖြစ်ပါလိမ့်မယ်၊ “သူလည်းစာရေး ကိုယ်လည်းစာရေး”လို့လည်း တန်းတူ သူငယ်ချင်းချင်းသဖွယ် ပြောလိုက်ပါသေးတယ်၊ လူမှန်သမျှ မွေးလာကြတုန်းကတော့ ‘ပုခုံးးလက် (၂) လုံး။ ဖ၀ါးလက် (၂) သစ်’ နဲ့ချည်းပါ၊ ဒါပေမဲ့ အားလုံး မှတ်မိတဲ့ ရှစ်လေးလုံးဖြစ်ကာနီးမှာ ဗိုလ်နေ၀င်းဆီကိုသူရေးခဲ့တဲ့ “ဗိုလ်ချုပ်ခင်ဗျား-”ဆိုတဲ့ စာတွေကိုပြန်စဉ်းစားလိုက်ပါ၊ တပ်အပြင်ကို ရောက်။ အာဏာအ၀န်းအ၀ိုင်းအပြင်ကို ရောက်နေရာကနေ သူလှမ်းဖားပုံ တွေဟာ ပုခုံးချင်းဖက်ကြီးလာသူတွေ။ မင်း-ငါ ပြောနေသူတွေ ရေးပုံနဲ့တူပါရဲ့လား၊

ဗိုလ်အောင်ကြီးတယောက် ဘယ်တုန်းကများ ဗိုလ်နေ၀င်းရဲ့ အထက်က ဗိုလ်အောင်ကြီးနေခဲ့ဖူးလို့လဲ၊ ဗိုလ်အောင်ကြီး သေသေချာချာစဉ်းစားပါဦး၊

ဗမာပြည်စာပေလောကမှာ ထူးထူးခြားခြားနာမည်ထွက်တဲ့ မြတ်ခိုင်ကိုယ်တိုင် အင်တာဗျူးလုပ်ထားတဲ့ လျှပ်တစ်ပြက်ဂျာနယ်ထဲက ဗိုလ်အောင်ကြီးရဲ့ ပြောကြားချက်တွေထဲမှာ သူက သူရဲ့အသက်(၈၀) ပြည့်မွေးနေ့ ကိစ္စကို လည်း ပြောနေပါသေးတယ်၊ သူ့စကားက အဲဒီမှာထပ်ချဲ့ ပြအုန်းမယ်။ စောင့်ကြည့်ဆိုတဲ့ အဓိပ္ပာယ်ထွက်သလိုလိုပါပဲ၊ အဓိကဟာ ဒီချုပ်ရဲ့လက်ရှိခေါင်းဆောင်ကြီးတွေ (တပ်မှူးကြီးတွေ)ကို အပုတ်ချချင်တာပဲ၊ အဲဒီခေါင်းဆောင်တွေ ပြောမရ ဆိုမရ ဖြစ်နေချိန်မှာ ဗိုလ်အောင်ကြီးလက်စားချေမလို့ ပြင်နေတာပါ၊ တကယ်တော့ ဒီချုပ် ဗဟိုရဲ့ ဥက္ကဌမှန်သမျှဟာ တပ်မှူး ကြီးတွေချည်းမဟုတ်ပါလား၊

အခု ဗိုလ်အောင်ကြီး ပွဲထွက်လာတာဟာ -
(က) တပ်မှူးကြီးတွေကို ထိုးနှက်အပုတ်ချဖို့
(ခ) ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ဖို့ (ဗိုလ်အောင်ဆန်းကို သခင်ထွန်းအုပ်လုပ်ခဲ့သလို) ဖြစ်တယ်၊
(ဂ) တခြား သောင်းပြောင်းတွေလာတွေကတော့ သူ့ထုံးစံအတိုင်း ငါသိ - ငါတတ် လူတွင်ကျယ် လုပ်ချင်တာပါ၊ တကူးတက မှတ်ချက်ပေးစရာမလိုပါဘူး၊ “အလံရှူးနဲ့ ဖဲသုံးချပ်သမား လေပန်းပြတာ”လို့ပဲ သဘောထားလိုက်ပါတယ်၊ ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီး ဆက်ဆံရေးကိုတော့ အောက်ကျမှ ရှင်းကြပါလို့ပဲ ပြောလိုက်ချင်ပါတယ်၊
(၁) နိဂုံးချုပ်ရရင် နအဖဟာ နိုင်ငံရေးမှာ ခံစစ်သေဖြစ်နေပါပြီ၊ ဒါကြောင့် နိုင်ငံရေးသံချေးတက်နေတဲ့ ဓားကိုလည်း ကောက်ကိုင် နေရပါတယ်၊
(၂) သူဟာ သူမသေခင်မှာ သူနဲ့ဗိုလ်နေ၀င်းတို့ ပန္ဒက်ချတည်ဆောက်ခဲ့ကြတဲ့ စစ်အာဏာရှင်စနစ်ကို သေကာနီးမှာအလုပ် အကျွေးပြု။ ကာကွယ်ဖို့အတွက် ပွဲထွက်လာတာသာဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ် ကာကွယ်ရေး အတွက် လုံးဝမဟုတ်ပါဘူး၊ သူဟာ အလွန်ရှိရင် ရှစ်လေးလုံးတုန်းကပြောတဲ့ စစ်တပ်ကိုစိတ်နဲ့တောင်မှမပြစ်မှားကြနဲ့ ဆိုတာမျိုးနဲ့ စစ်အုပ်စုကိုကာကွယ်တဲ့ ဇာတိကို ဘယ်တော့မှ မစွန့်ပါဘူး၊
(၃) နအဖဟာ သူတို့ရဲ့လမ်းပြမြေပုံ ရှောရှောရှူရှူပြီးသွားရင် ဗိုလ်အောင်ကြီးကို နေရာပေးအုန်းမလား စောင့်ကြည့်ရအောင်ပါ၊

သူဒီနေ့ဘာတွေပဲပြောနေနေ။ ပြည်သူလူထုဟာ သူပစပ်ဟလိုက်တယ်ဆိုတာနဲ့ အကုန်အဆုံးအထိ မြင်ပြီးသားပါ၊ စမူဆာ ဆိုတာထက်ပိုဆိုးတဲ့ ဘွဲ့ကိုမရခင်မြန်မြန် အိမ်ပြန်ပါလို့သာ အကြံပြုလိုက်ချင်ပါတယ်၊
ရဲဘော်ဖိုးသံချောင်း

Labels:

posted by မြင့်ဇေ @ 9:42 PM   1 comments
အဝေးကပေးစာတစောင်


အဝေးကပေးစာတစောင်
၂၀၀၇ခုနှစ်။ အောက်တိုဘာ ၂၃ရက်၊
ပေါ်ဆိုပေါ်၊ ပျောက်ဆိုပျောက် စာရေးဆရာကြီးများ

ကိုဟိုဒင်းရေ-
ဒီကာလများအတွင်း ဗမာနိုင်ငံမှာ စာရေးဆရာတွေ အင်မတန်သတိထားနေထိုင် ရေးသားနေရတာခင်ဗျား သတိထားမိတယ်နော်၊ အဲ- ဒါပေမဲ့ တဘက်မှာတော့လည်း စာရေးသူတချို့ပြန်ပေါ်ထွက်လာပြီး လက်မောင်းတပင့်ပင့်။ ကလောင်တ၀င့်ဝင့်နဲ့ မပြတ်ရေးသားနေကြတာတွေ တွေ့ရသဗျ၊ ကျနော်ဆိုလိုတာ နအဖသတင်းစာတွေထဲက အမှိုက်တွေ မဟုတ်ဘူးနော်၊ သူတို့ကို ကျနော်က စာရေးသူစာရင်းထဲတောင်မထည့်ဘူး၊ ကျနော်ဆိုလိုတာ သခင်တင်မြ။ ဦးချစ်လှိုင်။ ဗိုလ်အောင်ကြီးဆိုတဲ့ တချိန်က မဆလပါတီ ဗဟိုကော်မတီထိပ်သီးသုံးဦးကိုပါ၊


ဒါများဘာထူးဆန်းလို့လဲလို့ ခင်ဗျားကမေးကောင်းမေးမယ်၊ ဒါဆိုရင်ကျနော်က ဒီလိုဖြေမယ်၊ ထူးသပေါ့ဗျာ၊ ထူးမှထူး၊ ဆန်း မှဆန်း၊ အချိန်ကာလအားဖြင့်လည်းထူး၊ အကြောင်းအရာအားဖြင့်လည်းဆန်း။
သူတို့ပေါ်လာတာ ဘာကြောင့်ထူးဆန်းသလဲဆို ဒိအယင်က သူတို့ပျောက်နေလို့ပဲ၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီသုံးယောက် ဘယ်မှာများ စာရေးတာ။ စကားပြောတာခင်ဗျားတွေ့ဖူးသလဲ၊ အသံလ$င့်ဌာနတွေက သူတို့ကိုဗျူးချင်လို့ ခေါ်လိုက်တဲ့ တယ်လီဖုံးတွေ တတီတီပဲ၊ သူတို့ကမဖြေဘူး။ ခေါင်းရှောင်တယ်၊ သခင်တင်မြတယောက် ဗိုလ်ချုပ် အောင်ဆန်းအကြောင်းစာအုပ်ရေးနေသလိုလို သတင်းထွက်လာတယ်။ ဒါပေမဲ့အကြားပဲ။ မတွေ့ရဘူး၊ ဗိုလ်အောင်ကြီးကတော့ အေးအေးဆေးဆေးပဲ စမူစာရောင်းနေ သလိုလို၊ စစ်အုပ်စုရဲ့ ဆိုက်ကိုခေါ် စိတ်ဓာတ်စစ်ဆင်ရေး ဌာနက ဒုဗိုလ်မှူးကြီးတဖြစ်လဲ မဆလသဘောတရားဆရာကြီး ဦးချစ်လှိုင် ဆိုတာလည်း ပါရီမှာသောင်တင်နေလား။ အနှိပ်ခန်းမှာ သောင်တင်နေလား တွေးနေရတဲ့အခြေအနေပါ၊

အဲဒီလိုကြက်ပျောက်။ ငှက်ပျောက် ပျောက်နေကြတဲ့အထဲက လွန်ခဲ့တဲ့သုံးလလောက်ကစပြီး ပြန်ပေါ်လာကြ တယ်၊ လေရူးနှောက်လို့လည်းမဟုတ်။ တစ္ဆေခြောက်လို့လည်းမဟုတ်ဘူး၊ ပေါ်လာတယ်သူတို့သုံးယောက်။ တပြိုင်နက် တည်းလိုလိုကို ပေါ်လာတာ။ အံ့သြစရာမကောင်းဘူးလားဗျာ၊ နောက်ပြီးပေါ်လာပုံကလည်း ငြင်သာသာ။ အေးအေး ဆေးဆေးမဟုတ်ဘူး၊ မီဒီယာတွေရဲ့ အကောင်းဆုံးနေရာတွေမှာ ဓာတ်ပုံအကြီးကြီးတွေနဲ့ တကယ့်ကိုပြူးတူးပြဲတဲပဲ၊ နဂိုကတော့ သူတို့ပဲ အိမ်ရှေ့မှာ “မီဒီယာ သမားတွေမလာရ”လို့ ဆိုင်းဘုတ်ချိတ်ဆွဲထားမတတ် တိမ်းရှောင်နေကြတာ၊ အခုတော့-

အဲ- ထွက်လာတယ်ဆိုတာနဲ့ပဲ သူတို့သုံးယောက်စလုံး ကိုယ့်တာဝန်ကိုယ် ကျေပြွန်စွာထမ်းဆောင်ကြတော့တာပဲ၊ သူတို့ရဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်တယ်လို့ဆိုရမလားပဲ၊ ဘာလို့ဒီလိုပြောရသလဲဆိုတော့ ခင်ဗျားစဉ်းစားကြည့်၊ သူတို့ထွက်ပေါ် လာတာဘယ်လိုအချိန်လဲ၊ စက်တင်ဘာလ သံဃာနဲ့လူထုအုံကြွမှုကြီးဖြစ်ကာနီးနေပြီး နအဖရဲ့ ညောင်နှစ်ပင်ညီလာခံ နိဂုံးချုပ်ချိန်။ စစ်အုပ်စုအတွက် ခြေလှမ်းသစ်နဲ့ တကွေ့တချို့လှမ်းတော့မယ့်အချိန်မှာ သူတို့ကို ဆန့်ကျင်မှုအမျိုးမျိုးနဲ့ ကြုံတွေ့ရပြီး နိုင်ငံရေးအရ ခံစစ်ရောက်စပြုချိန်တဲ့အချိန်ပဲ၊ ဒီလိုအချိန်မှာ နအဖအစိုးရဟာ ဒီ၈၀ကျော်ကြီးသုံးယောက်ကို ဗြုံးကနဲရှေ့တန်းထွက်ခိုင်းလိုက်တယ်၊ သူတို့အဖို့ နိုင်ငံရေးထိုးစစ်ဆင်နိုင်လိုဆင်နိုင်ငြားလို့ တွေးဟန်တူပါရဲ့။

သူတို့ကလည်း သူ့ဆန်စားရဲမှလို့သဘောထားလေသလား။ သေကာနီးမှာ ငါတို့ပြောချင်တာတွေ အကုန်ပြော သွားမယ်။ ငါတို့ဘာတွေပဲပြောပြော။ ငါတို့နောက်မှာ လိုက်ရှင်းမယ့်လူမရှိတော့ဘူးလို့ စဉ်းစားလေသလား။ ဘယ်လို စဉ်းစားသလဲမသိဘူး။ ပြောလိုက်ကြတာ၊ များမှများ၊ ဒါပေမဲ့ ဘယ်သူမှဘောင်မလွတ်ဘူးဗျ၊ ဘယ်အကြောင်းအရာပဲ ပြောပြော။ သုံးယောက်စလုံးဟာ နအဖက သတ်မှတ်ပေးတဲ့ဘောင်အတိုင်း သမိုင်းကြောင်းအရ ဗကပနဲ့ ဗိုလ်မှူးချုပ်ကျော်ဇောတို့ကို အပုပ်ချတိုက်ခိုက်တာ၊ ဒီချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကိုခေါင်းမထောင်နိုင်အောင် လုပ်တာ။ နောက်ပြီးမဆလပါတီနဲ့ ဗိုလ်နေ၀င်းအပါ မျိုးဆက်ဟောင်း စစ်အုပ်စုခေါင်းဆောင်တွေကို သမိုင်းအရ လက်စားချေတာတို့ဖြစ်ပါတယ်၊ နအဖနဲ့ မဆလဘာမှမပတ်သက်ဘူးလို့ ကြေငြာချင်တာနဲ့ တူပါတယ်၊ နောက်ပြီးတော့ ကွန်မြူနစ်ဝါဒနဲ့ မဆလ ဆိုရှယ်လစ်ဝါဒတို့ကိုလည်း သဘောတရားအရ အပြတ်တိုက်ခိုက်တယ်၊ ဒီသမိုင်းအကွေ့မှာ ဗိုလ်ချုပ်ကျော်ဇောရဲ့ သြဇာမပျံ့အောင်အသေအချာလုပ်ရေးဆိုတဲ့ ရည်ရွယ်ချက်ကလည်း အဓိကတခု ဖြစ်နေတော့ မြတ်ခိုင်က ဘယ်သူ့ကိုမေးမေး ဗိုလ်ချုပ်ကျော်ဇောကို တိုက်ခိုက်ဖို့ မေးခွန်းလေးတွေထည့်ထည့်မေးတယ်၊ အထက် ကနေ အစီအစဉ်နဲ့ခိုင်းနေတယ်ဆိုတာ သိပ်ထင်ရှားတာပေါ့ဗျာ၊

လျှပ်တစ်ပြက်တို့လို နအဖဒေါက်တိုင်ဖော်လံဖားဂျာနယ်များမှာပါတဲ့ အင်တာဗျူးတွေများဆိုရင် မေးတဲ့လူက မေးလိုက်တာ တကယ့်ကို ကွက်တိ။ ဂွင်ကျ၊ ဗကပ။ မဆလ။ ဒီချုပ်တို့ကို တွယ်စရာအကွက်လေးတွေချည်းမေးသွားတယ်၊ ခမျာ တတ်လိုက်တာ လို့တောင် ချီးကျူးရမလိုပဲ၊ ဟိုလူတွေဒုက္ခရောက်မယ့်အမေးမျိုး- ဥပမာဦးအောင်ကြီး အမေရိကန်ကို နောက်ဆုံးတခေါက်သွားတာ ဘယ်သူလွှတ်လို့။ ဘာကိစ္စသွားတာလဲ။ ၁၉၅၈ခုနှစ်နဲ့ ၁၉၆၂ခုနှစ်အာဏာသိမ်းပွဲတွေတုန်းက ဗိုလ်အောင်ကြီးရဲ့အခန်း၊ သခင်တင်မြ ခြံကူးခဲ့တဲ့ နိုင်ငံရေးပါတီပေါင်းဘယ်နှစ်ခုလဲ။ ၅၈ခုနှစ်အိမ်စောင့်အစိုးရကဖမ်းတော့ ဘယ်လိုပြန်လွတ်လာသလဲ၊ ဗိုလ်နေ၀င်းရဲ့ အကြံပေးဖြစ်နေတုန်းက ဘာတွေအကြံပေးခဲ့သလဲ၊ ဦးချစ်လှိုင် စစ်တပ်ရဲ့ ဆိုက်ကို ဌာနမှာ ဘာတွေလုပ်ခဲ့သလဲ။ ဒုဗိုလ်မှူးကြီးဘ၀နဲ့ ကိုယ့်အောက်က ဗိုလ်သန်းရွှေကိုဘာတွေပြောခဲ့ဘူးလဲ။ မဆလ သဘောတရားကို ဘယ်သူကရေးခိုင်းလို့ရေးတာလဲ စတဲ့ လူတွေ စိတ်ဝင်စားတဲ့ မေးခွန်းမျိုးတွေ တခုမှမမေးဘူး၊

သူတို့ပြောကြ။ ရေးကြတဲ့အထဲမှာ နောက်တူညီတာတွေက လက်ရှိနအဖအစိုးရကို တစက်လေးမှ အပြစ်မတင်တာ၊ အများသိတဲ့ သူတို့မှာတာဝန်ရှိတဲ့ ကိစ္စတွေကို ဘူးကွယ်တာ။ နောက်ပြီး သေလွန်ပြီဖြစ်တဲ့လူတွေအပေါ် အပြစ်တွေပုံချတာ၊ အင်္ဂလိပ်စကားပုံ "Dead man tells no tales" သေတဲ့လူ ဘာမှပြန်မပြောဘူး ဆိုတာကို သတိရစရာပေါ့ဗျာ၊ နောက်ပြီး အသက်ရှစ်ဆယ်ကျော်မှ ကိုယ်ရည်သွေးကြတာ၊ သခင်တင်မြများဆိုရင် သူရေးတဲ့ စာအုပ်ထဲမှာ သူချောကြောင်းရေးတာ ၁၀ခါ ထက် မနည်းဘူး၊

အခုတော့ သူတို့တတွေ ပွဲတော်ကြီးတွေ့နေတာပေါ့ဗျာ၊ ပြောချင်သလောက်ပြော။ သူတို့အရှုံးပေးခဲ့ရသူတွေကို တိုက်ချင်သလောက်တိုက်။ ယက်စ်အောရိုက်ချည်းပဲလေ၊ ဒါပေမဲ့ သူတို့တတွေဘယ်လောက်အထိ ပြောနိုင်။ ရေးနိုင်ကြမှာတဲ့လဲ၊ သူတို့ချင်း နားလည်ထားတဲ့ စည်းဘောင်ကျော်ကြည့်ပါလား၊ ပါတီတွေဖွဲ့ကြတုန်းက သခင်တင်မြ တယောက် ဒီချုပ်ထဲဝင်လာသေးတယ် မဟုတ်လား။ သူ့ဝင်ဖူးတဲ့ ဆယ်ခုမြောက်ပါတီအဖြစ်နဲ့ပေါ့၊ ဒါပေမဲ့ ဘာကြာ လို့လဲဗျာ၊ န၀တထိပ်ပိုင်းကနေ ချောင်းဟန့်သံပေးလိုက်တာနဲ့ တခါထဲ ကားကြားထဲကိုပြန်ဝင်ပြေးတာပဲ မဟုတ်လား၊ အဲဒီလို ပါပဲ၊ စစ်အုပ်စုရယ်လို့ အထင်ကရ တည်ရှိနေတဲ့ ဗမာပြည်နိုင်ငံရေး သံသရာမှာ လက်နက်ချတွေဟာ ခုပေါ်စေဆို ပေါ်ရ။ ခုပျောက်စေဆို ပျောက်ကြရမှာပါ၊ မြက်ခင်းသစ်က ခြံကူးကလောင်ရှင်များတောင် ဘယ်မြက်ခင်းမှာသွားစားနေကြလဲ မသိတော့ဘူးလေ၊

ဘယာဘေး ကွာဝေးကြပါစေ၊
ယာတောကသာဗြော

Labels:

posted by မြင့်ဇေ @ 12:57 AM   0 comments
ကျနော်မြင်သည့် အချက်နှစ်ချက်
Friday, October 5, 2007

စီဘုံးတွေလိုက်ဖတ်နေရင်းနဲ့ စိတ်ထဲမှာ ခံစားချက် မကောင်းတာကြောင့် နောက်ပိုင်း မရဲတရဲဘဲ ချောင်းဖတ်ကြည့်ဖြစ်ပါတယ်။ ဘယ်နေရာမှာတော့ ဘယ်လိုပစ်ပြန်ပြီ။ ဘယ်နှစ်ယောက်သေသွား ပြန်ပြီ။ ဘယ်သူ့ကို အိမ်ပေါ်တက်ပြီး ရိုက်ဖမ်းသွားတယ်၊ စသဖြင့် ၊ ဒီခေတ်ဟာ လူ့ယဉ်ကျေးမှု (civilization and culture ကို ငြင်းဘို့မဟုတ်ပါ) အစွမ်းကုန် ထွန်းပတဲ့ခေတ်လို့ ပြောရင်လည်း မမှား ပါဘူး။ အဲဒီလို တွေးမိလေ ကိုယ့်နိုင်ငံအတွက်အရှက်ရလေ ဖြစ်လို့ပါ၊ အလယ်အလတ်လမ်းစဉ်လို့ ဖော်ပြထားတဲ့ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ရာ တိုင်းပြည်မှာ ကိုယ်ကိုးကွယ်တဲ့ဘာသာကို (ဘုရားတွေ၊ ကျောင်းကန်တွေ၊ အလှူ ပြုမှုတွေကို သေနတ်တကားကားနဲ့ လုပ်နေတဲ့ လူတွေကိုယ်တိုင်က) ကိုယ်တချိန်က အလေးအမြတ်ပြု ကန်တော့နေတဲ့ သူတွေကို နေ့ဘက် လမ်းပေါ်ရိုက်၊ ကန်ကြောက်၊ အုတ်ခဲနဲ့ထု၊ ဘက်နက်နဲ့ထိုး၊ သေနတ်နဲ့ပစ်၊ ကားနဲ့တိုက်၊ ညဘက်မှာ ကျောင်းတိုက်တွေထဲ အရက်ကိုးမောင်း တိုက်ထားတဲ့ လူ့မိစ္ဆာတွေကို ၀င်ပြီးရိုက်ခိုင်းကားနဲ့ တင်သွားခိုင်းတာတွေက တကယ့်ကို နာမည်ကြီး အာဏာရှင်များ၊ ဖက်ဆစ်များက အရိုအသေ ပေးလောက်တဲ့အကုသိုလ်နဲ့ဆက်စပ်တဲ့ အပြုအမူတွေပါ။

အာဖရိကက တွတ်ဆီနဲ့ ဟူတူ၊ ဥရောပက ယူဂိုဆလားဗီးယား စသဖြင့် လူသတ်ပွဲတွေ၊ လက်စား ချေမှုတွေကို ကမ္ဘာကြီးက မြင်ခဲ့ဘူးပါတယ်။ ခရူးဆိတ်စစ်ပွဲကစလို့ ဘာသာရေးမတူညီမှုတွေကြောင့် ဖြစ်တဲ့ စစ်ပွဲတွေ၊ အယူဝါဒ ကြောင့်ဖြစ်တဲ့ စစ်ပွဲတွေ ၊ လူမျိုးတုံးသန့်စင်စေမှုနဲ့ ဖြစ်ပျက်ခဲ့တဲ့ သွေးပျက်ဖွယ်ရာ ကိစ္စတွေ၊ အများအပြား။ ဒါပေမယ့် ဒီတခါ မြန်မာပြည်စစ်အာဏာရှင်ရဲ့ သွေးရုး သွေးတမ်း တုန့်ပြန်မှုကတော့ ကမ္ဘာကြီးတခုလုံး မှင်သက်မိသွားစေခဲ့တယ်။

ဒီအဖြစ်အပျက်က ကမ္ဘာ့ပြည်သူတွေရဲ့  အမြင်ကိုလည်း မြန်မာစစ်အုပ်စုဟာ ဘာဆိုတယ်လဲဆိုတာကို သေသေချာချာ မြင်တွေ့ခဲ့စေသလို၊ မြန်မာပြည်ထဲက လူထုကိုလည်း ရိုးရိုးရှင်းရှင်း ချပြပေးလိုက် တယ် လို့ ကျနော် ထင်ပါတယ်။ အဲဒီလမ်းဟာ ဒီတိုက်ပွဲကို နိုင်အောင်မတိုက်နိုင်ရင် တသက်လုံး စစ်တပ် ရဲ့ ကျွန်ဖြစ်နေမယ်ဆိုတာကိုပါ။ ဟိုတုန်းက ကြားနေသူလိုလို၊ မပြတ်မသားဖြစ်သူ အများစုလဲ ဒီဖြစ်နေတဲ့ လှုပ်ရှားမှုရဲ့ ရိုက်ခတ်မှုကြောင့် သူတို့ ကြားနေလို့မရမှန်း နားလည်သွားကြပါပြီ။ ဘာကြောင့်လဲဆိုတော့ နအဖရဲ့ လက်ပါးစေတွေက အိမ်ပေါ်ထိ တက်ရိုက် တက်ဖမ်းနေကြလို့ပါ၊

နောက်တချက်က ကျန်တဲ့ ဘာသာကွဲတွေကိုလည်း တပ်လှန့်ပေးသလိုဖြစ်ပါတယ်။ ဘယ်လို တပ်လှန့် ပေးသလဲ ဆိုတာက ဘာသာကွဲ (ခရစ်ယာန်၊ မူဆလင်၊ ဟိန္ဒူ စသဖြင့် ) အတော်များများဟာ မြန်မာ ပြည်သားဖြစ်ပေမယ့် ဗမာလူမျိုးနည်းလှပါတယ်၊ အဲဒါကြောင့် ဗမာလူမျိုးအများစုနဲ့ တိုက်ရိုက်ထိစပ် နေတဲ့ ဗုဒ္ဓဘာသာရဲ့ ရတနာသုံးပါးမှာ တပါး အပါအ၀င်ဖြစ်တဲ့ သံဃာတော်တွေကိုတောင်မှ အညှာ အတာမဲ့ ရိုက်နေခဲ့ခြင်းက ကျန်တဲ့ ဘာသာတွေကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုး သက်ရောက် ပါ တယ်။ အဲဒါရဲ့ နောက်ဆက်တွဲပြဿနာက ကျန်တဲ့ ဘာသာဝင်အများစုဟာ လူမျိုးစုတွေများတဲ့ အတွက်ကြောင့် ကျနော်တို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကိစ္စကို ထိခိုက်နိုင်ပါတယ်။

နိုင်ငံရေးအတွေးအခေါ်ဆိုတာဟာ ဆယ်စုနှစ် ဒါမှမဟုတ် ခေတ်ကာလတခုအတွင်းမှာ ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ဘာသာရေးယုံကြည်သက်ဝင်မှု၊ မိရိုးဖလာ ထုံးတမ်းဓလေ့အစဉ်အလာဆိုတာက ကမ္ဘာ ကြီးရဲ့ သက်တမ်းနဲ့နီးနီး ရှိခဲ့တာပါ၊ ဒါက လက်ဆင့်ကမ်း ခံယူမှုဘဲဖြစ်တယ်။ အစဉ်အမြဲ သိစိတ်ထဲမှာရော၊ မသိစိတ်ထဲမှာရော စွဲနေတဲ့ တရားဖြစ်တယ်။

လူတယောက်ဟာ နိုင်ငံရေးပါတီတခုရဲ့ ပါတီဝင်ကနေ နောက်တပါတီကို နှောင်ကြိုးမဲ့စွာ ပြောင်းသွား နိုင်တယ်။ ဒါပေမယ့် ဘာသာရေးသက်ဝင်ယုံကြည်မှုတခုကနေ နောက်တခုကို နှောင်ကြိုးမဲ့စွာ ကူးပြောင်းသွားနိုင်ဘို့ ကတော့ မလွယ်လှပါဘူး။ ဥပမာ- နတ်စားတွေရှိတဲ့ ဒေသ မှာ ဘာသာတခုကို သာသနာပြုနိုင်ခဲ့တယ် ဆိုဦး။ တကယ်တမ်း ရောဂါဘယ ဆိုက်ကပ် လာပြီ ဆိုရင် သူတို့ကိုးကွယ်ခဲ့တဲ့ ဘာသာရေး နှစ်ခုစလုံးကို အကူအညီတောင်းကြတာပါ။ အခုတော့ မြန်မာပြည်ရဲ့ အဓိက ဘာသာတရားဖြစ်တဲ့ ဗုဒ္ဓဘာသာရဲ့ ရတနာသုံးပါးထဲက တခုကို စစ်အစိုးရ ဖျက်ဆီးခဲ့ခြင်းကြောင့် ကြားနေ ဆိုသည့်သူ အလွန်အမင်းရှားပါးသွားပါပြီ။

ကျနော်တို့ မြန်မာပြည်တပြည်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးဟာ အဓိက အခရာ အကျဆုံးကိစ္စပါ၊ စစ်အာဏာရှင်မရှိမှ တိုင်းပြည်ဒီမိုကရေစီ ရှိမည်။ စစ်အာဏာရှင်မရှိမှ တိုင်းပြည် အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရမည်။ စစ်အာဏာရှင်မရှိမှ တိုင်းပြည်ကို ဖက်ဒရယ် ပြည်ထောင်စု စနစ် အစစ်အမှန်ဖြင့် တည်ဆောက်နိုင်မည်။

ဖက်ဒရယ်ပြည်ထောင်စုဆိုတာကလည်း လူမျိုးစုများပေါင်းထားသော ပြည်နယ်များခွဲဝေနေထိုင်ရေး ကိုသာ ဆိုလိုခြင်း မဟုတ်ပါ၊ တပြည်နယ်အတွင်း နိုင်ငံတခုတည်းအတွင်း တည်ရှိနေသော လူမျိုးပေါင်းစုံ။ ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံပွင့်လန်းစွာအတူယှဉ်တွဲ အမုန်းအာဃာတ ကင်းစွာ နေထိုင်မှုစနစ်ဟု သာ ထင်မြင်မိသည်၊

မြန်မာပြည်တခုလုံး၏ ဖြစ်ပျက်နေမှုကို ဂရုမစိုက်ခဲ့လျှင်တော့ တခုချင်းဆိုင်ရာ ကိစ္စများသည်လည်း သဲထဲက ရေသာ ဖြစ်မည်ဟု ထင်သည်။

ထို့အတွက်မိမိအနေဖြင့် အကြံပေးလိုသည်မှာ

၁၊ လက်ရှိဖြစ်ပျက်နေသည့် တိုက်ပွဲကြောင့် လူထုသည် ရန်ငါစည်း ပြတ်သွားပြီ။

၂။ မိမိတို့တခုချင်းစီ ကိစ္စသည် မြန်မာတပြည်လုံးပြောင်းလဲရေးနှင့် ဆိုင်ကြောင်း အမုန်းအာဃာတ ကင်းစွာ ကြည့်မြင်စေလိုသည်။

ကျဆုံးသွားသော ရဟန်းသံဃာတော်များနှင့် ပြည်သူများအား ဦးညွှတ်လျက်

Labels:

posted by မြင့်ဇေ @ 10:02 AM   0 comments
ကျနော်တို့က စခဲ့တာလား၊ ကျနော်တို့က ဆက်စပ်ရမှာလား
Thursday, September 6, 2007

ကျနော် နိုင်ငံရေးလုပ်ငန်းများကို လုပ်နေသော်လည်း တခါတရံတွင် ထိုနယ်ပယ်ထဲမှ စကားများကို ကြားပြီး ဘာမှ မပြောချင်။ စိတ်ပျက်လက်ပျက် ဘုတော မိနေတတ်သည်။ ထိုအခါတွင် ထို ဘုတော ခံရသူများအနေဖြင့် ကျနော်ကို သံသယဖြင့်လည်း ကြည့်မြင်ကြလိမ့်မည်။ အဆိုးမြင်သူတဦး အနေ ဖြင့် မြင်ကောင်းမြင်ကြပေလိမ့်မည်။ ထို့အတွက်ကြောင့် ကျနော့်အမြင်ကို ရေးခြင်းဖြစ်သည်။

လတ်တလော လောင်စာဆီဈေးနှုန်း တိုးမြင့်လာမှုကြောင့် ဖြစ်ပျက်နေသည့် ငြိမ်းချမ်းစွာဆန္ဒပြမှုများ သည် တကယ်တမ်းတွင် နိုင်ငံရေး ဖြေရှင်းမှုဆီသို့ ဦးတည်ရန် အခြေအနေသို့ ရောက်သွားပြီ ဖြစ် သည်။ ကျနော်တို့အနေဖြင့် ဤ ဖြစ်ပျက်မှုအားလုံးသည် ကျနော်တို့၏ စီမံမှုများကြောင့်၊ သို့တည်း မဟုတ် ကျနော်တို့ ဖြစ်ပျက်စေချင်သည့် အလိုများကြောင့် ဖြစ်နေသည်လို့ စဉ်းစားနေကြပါ သလား။

အမှန်စင်စစ်မှာ လူထု၏ စိတ်ရှည်သီးခံမှုမှာ ယခုကာလတွင် ကုန်လွန်သွားသည်ဟုသာ ကျနော် ပြောရပါမည်။ လူထု၏ အမှန်တကယ် ပေါက်ကွဲထွက်လာမှုကို မည်သူက ဖန်တီးသည်၊ မည်သူက လုပ်သည် ပြောမနေကြပါနှင့်။ ထိုအပြောများကြောင့်ပင် တိုက်ပွဲဝင်နေသည့် လူထုအတွက် အကျပ် ရိုက်စရာဖြစ်နေဦးချေမည်။

အမှန်တကယ်တွင်တော့ တိုင်းပြည်တပြည်ရှိ လူထု၏ လှုပ်ရှားအုံကြွမှုကို မည်သူမှ ဖန်တီးနိုင်မှာ မဟုတ်ပါ၊ သူ့အခြေအနေအရ သူတို့၏ ကျပ်တည်းမှု အရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် တကယ်တမ်း နိုင်ငံရေးနေရာ ပြောင်းလဲမှု အဆင့်အထိ တက်လှမ်းလာပြီဆိုလျှင်တော့ လူထုသည် သူတို့၏ အမြင်အရ သူတို့ကို ဦးဆောင်ပေးနိုင်မည် ထင်သည့် နိုင်ငံရေးအင်အားစုတခုကို ရွေးချယ်စမြဲ ပင်။ ထိုသူ၊ ထိုအဖွဲ့အစည်းကိုလည်း လူထုကသာ ရွေးချယ်သည်။ ကိုယ့်ကိုယ်ကိုလည်း အဆိုပြု၍ မရ။ လူထု၏ သမိုင်းဆိုင်ရာအမြင်၊ အတွေ့အကြုံကသာသတ်မှတ်ခြင်းဖြစ်သည်။

ယခုဖြစ်ပျက်နေသည့် အခြေအနေဖြစ်ပျက်လာမည်ဟု မည်သည့် အနာဂတ္တိဆရာများ၊ နိုင်ငံရေး ပုရောဟိတ်များ၊ စစ်အကြောင်းနားလည်သူများက ကြိုတင် ခန့်မှန်းပြောဆိုခဲ့ကြသည်မဟုတ်ပါ။ လူထု ကသာ သူ့လမ်းကြောင်းသူရွေးချယ်ပြီးတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။

ထိုအခါ ကြိုတင် ဆွဲထားသည့် စီမံချက်များ၊ လုပ်ငန်းစဉ်များကို အခြေအနေနှင့် ဆက်စပ်မှုမရှိဘဲ အထူးတလည် ကြိုးစားပြီး မထည့်သွင်းရန်မှာ ကျနော်တို့၏ အပိုင်းရောက်လာသည်။ နိုင်ငံရေးအရ မဟာဗျူဟာ (သို့) သေနင်္ဂဗျူဟာ အရ မည်မျှ ပင် မှန်သည်ထားဦး။ ကျနော်တို့ ရေးဆွဲခဲ့သည့် လုပ်ငန်းစဉ်များ(နည်းနာများ)ကိုတော့ ယခုအချိန်နှင့် အံဝင်ဂွင်ကျလိမ့်မည် ဟု တွေးထင် ထားခြင်းသည် မိမိက လူထုအား ဦးဆောင်နိုင်သည်ဟု တလွဲဆံပင်ကောင်းနေခြင်းသာ ဖြစ်ပေ လိမ့်မည်။

ယခု ဖြစ်ပွားနေသည့် လူထုအုံကြွမှုသည် တစိမ့်စိမ့် ဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ ထိုဖြစ်စဉ် ထဲတွင် ပါဝင်ရန်အတွက် ကျနော်တို့၏ မဟာလုပ်ငန်းစဉ်ကြီးများအား လက်မှ တကိုင်ကိုင် လုပ်နေ မည့် အစား

ပအဆင့်အနေဖြင့် - လှုပ်ရှားမှုကို တဖွဲ့ချင်းစီအရမည်သို့ ဆက်စပ်နိုင်မလဲ။ တဖွဲ့ချင်းစီအရ ဆက်စပ်နိုင်မှုအရ တခုလုံးဆိုင်ရာ သွင်ပြင်လက္ခဏာ ပေါ်အောင်ဘယ်လို ဆက်စပ်မလဲ။ (ဆိုလိုသည်မှာ- တဖွဲ့ချင်းစီ၏ ဆက်စပ်မှုပေါ် အခြေခံပြီး တပ်ပေါင်းစု သဘောဆောင်သည့် ဘုံလုပ်ငန်းများဆီသို့ ဦးတည်ရေး၊ ပူးတွဲဖို့ကို ရည်ညွှန်းသည်မဟုတ်။ )

ဒု အဆင့်အနေဖြင့် - တဖွဲ့ချင်းစီအရ လူထုအား ဆက်စပ်ပြိးပါက လူထုလှုပ်ရှားမှုအင်နှင့်အားနှင့် ပေါ်လာရေးကို ဘယ်လို ဆွဲဆောင်သွားနိုင်မလဲ။ ထိုဆွဲဆောင်နိုင်မှုအပေါ်မှ မိမိအဖွဲ့ တခုချင်းစီ၏ နဂိုသတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနဲ့ ဘယ်လိုဆက်စပ်နိုင်မလဲ ဆိုခြင်းကို အကောင်အထည်ဖော်သင့်သည်။ (ဆိုလိုသည်မှာ လူထုနှင့် ဆက်စပ်မှုကို လုပ်နေသော်လည်း မိမိအဖွဲ့အစည်း ချထားသည့် လမ်းစဉ်။ နှင့် လုပ်ငန်းစဉ်ကို အထောက်အကူ ပြုသည့် လုပ်ငန်းများကို တဖွဲ့ချင်းစီမှ ထိုအချိန်၌ ပြင်ဆင်ထားရန်)။

ကျနော်မြင်သည့် အမြင်ကို ရေးသည်သာ ဖြစ်သည်။ ထိုအမြင်ကို ပြန်လည်ဆွေးနွေးစေချင်ပါသည်။ လူထုအား အားမလိုအားမရဖြစ်နေခြင်းသည် မှားသကဲ့သို့

လူထုအား အလွန်အကျွံ ခန့်မှန်းခြင်းသည်လည်း လွဲတတ်ပါသည်။

ကျနော်ထပ်ပြောပါမည်။

ပထမသည် လူထုလှုပ်ရှားမှုနှင့်ဆက်စပ်ရေးသာဖြစ်သည်။

မိမိလုပ်ငန်းစဉ်အား လူထုထံ `အစိမ်းလိုက်´ သွတ်သွင်းရေး မဟုတ်ပါ။

Labels:

posted by မြင့်ဇေ @ 10:24 AM   2 comments
ကျောင်းသားနဲ့သူ့ပင်ကိုယ်လက္ခဏာ
Sunday, August 12, 2007
ကျောင်းသားတွေဟာ ဗမာပြည်နိုင်ငံရေးမှာ ရှေ့ဆုံးတန်းကအမြဲပါခဲ့ကြတယ်၊ ဗမာပြည်ကနိုင်ငံရေးအင်အားစုတိုင်း နိုင်ငံရေး လမ်းစဉ်ချမှတ်ရာ၊ အစီအစဉ်ရေးဆွဲရာတွေမှာ သူတို့ကို ထည့်မတွက်လို့မရဘူး၊ ဖိနှိပ်တဲ့အုပ်စိုးသူတွေဆိုရင်လည်း ဖိနှိပ်ရေးယန္တရား၊ ဥပမာ-ရဲ၊ ထောက်လှမ်ရေးစတာတွေမှာ ကျောင်းသားလိုင်းဆိုပြီးသီးသန့်ထားရှိရတယ်၊

ဒါဖြင့် ကျောင်းသားဆိုတာဘာလဲ၊ လူတန်းစားလား၊ လူ့အလွှာလား၊ သာမာန် လူအစုအဝေးတခုလား၊

သာမန်အားဖြင့်တော့ ကျောင်းသားဆိုတာ လူတန်းစားပေါင်းစုံနောက်ခံရှိတဲ့ ပညာတတ် လူငယ်ထု ဖြစ်တယ်၊ သူတို့ဟာ မိဘအပေါ်မှာမှီခိုနေရသူတွေ ဖြစ်တဲ့အလျောက် သူတို့ခေါင်းထဲမှာ မိဘဆီကပါလာတဲ့ လူတန်းစားခံယူချက်၊ အမြင် စတာတွေရှိ တတ်တယ်၊ ဒါကြောင့်ကျောင်းသားဆိုတာ လူတန်းစားတရပ်ထဲရဲ့ အစုအဝေးမဟုတ်ဘူး၊ မတူတဲ့ လူတန်းစား တွေက လာသူတွေ အကန့်အသတ်ရှိတဲ့ကာလတခုအတွင်း သတ်မှတ်ထားတဲ့ အမျိုးအစားသတ်မှတ်ချက်(ပါရာဒိုင်း)တခု၊ ပရ၀ုဏ်တခု အတွင်းမှာ လာစုစည်းမိကြတာသာ ဖြစ်တယ်၊ သူတို့ဟာ အသက်အရွယ်အရရော၊ ကျောင်းသားဆိုတဲ့ အနေအထားအရပါ လောကတခွင်က အရာရာကို စူးစမ်းလေ့လာလက်ခံဖို့ ကြိုးစားနေသူတွေဖြစ်တယ်၊ ဒါကြောင့်သူတို့ဟာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်ပြောင်းလဲ နေတာတွေကို အလွယ်တကူ၊ အလျင်အမြန်သိနိုင်၊ တုန့်ပြန်နိုင်ကြတယ်၊ လက်ခံဖို့လည်းမခက်ဘူး၊ ငြင်းပယ်ဖို့လည်းမခက်ဘူး၊ ကန့်ကွက်ဖို့လည်း လက်မတွန့်ဘူး၊

ဒါပေမဲ့ ကျောင်းသားတွေဟာ စာသင်ခန်းထဲက အသိပညာလောက်နဲ့တင်းတိမ်နေလို့တော့ မဖြစ်ဘူး၊ ကျောင်းသား ရေးအတွက်ဖြစ်စေ၊ တမျိုးသားလုံးရေးအတွက်ဖြစ်စေ၊ ကမ္ဘာ့အရေးအတွက်ဖြစ်စေ၊ လှုပ်ရှားလုပ်ကိုင်မယ်ဆိုရင် ကျောင်းခန်းပြင်ပက စာတွေကိုဖတ်တာ၊ လေ့လာလိုက်စားတာတွေလည်း မုချလုပ်ရမယ်၊

နောက် သတိထားစရာအချက်တချက်က သူတို့ဟာမိဘလူတန်းစားမျိုးစုံက လာတာဖြစ်တဲ့အလျောက် လူ့အဖွဲ့ အစည်း ထဲက လူတန်းစားပေါင်းစုံနဲ့ သူတို့နဲ့ အဆက်အစပ်ရှိနေတယ်၊ သူတို့ဟာအဲဒီလူတန်းစားပေါင်းစုံကို စာနာတတ်သလို သဘာဝကျစွာပဲ အဲဒီ လူတန်းစားပေါင်းစုံရဲ့ သြဇာတွေ၊ အယူအဆတွေကလည်း သူတို့ရဲ့ခေါင်းတွေကတဆင့် ကျောင်းသား လှုပ်ရှားမှုထဲမှာ ဂယက်ရိုက်တာအမြဲတွေ့ရတယ်၊ ဒါကြောင့်ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ကွဲတာ၊ မတူတာတွေ မကြာခဏတွေ့ရတယ်၊ ဒါဟာ ထူးဆန်းတဲ့အရာမဟုတ်ဘူး၊ ဒီလိုဖြစ်လာလို့ အံ့သြစရာ၊ စိတ်ပျက်စရာမဟုတ်ဘူး၊ ကိုလိုနီခေတ်ကဆိုရင် ကျောင်းသားဆိုတာ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားဆိုတဲ့အထဲမှာ ဗျူရိုကရက် သားသမီးတွေ၊ မြေရှင်နဲ့အင်္ဂလိပ်လက်ဝေခံ သားသမီးတွေ အများကြီးပါရှိတယ်၊ အင်္ဂလိပ်အစိုးရက တက္ကသိုလ်ဖွင့်တယ်ဆိုတာကိုက သူတို့ရဲ့ဗျူရိုကရက် ယန္တရားကြီးထဲမှာ သူတို့ တာဝန်ပေးတာကို လုပ်မယ့်ဝန်ထမ်းနဲ့အရာရှိတွေ မွေးဖို့ရည်ရွယ်တာ၊ ဒါပေမဲ့ လည်း တကယ့်တကယ် အခြေအနေက ရင့်မှည့် လာတော့ ကျောင်းသားတိုက်ပွဲတွေ အမျိုးမျိုးပေါ်လာတာပဲ၊ ဒီတိုက်ပွဲ တွေထဲမှာ ခုနကမြေရှင့်သားသမီး၊ ဗျူရိုကရက်သားသမီးတွေ ပါလာတာလည်းရှိ၊ ပါမလာတာလည်းရှိတယ်၊ တက္ကသိုလ် တက်တဲ့ အရွယ်ရောက်မှတော့ ကိုယ့်ဟာကိုယ်စဉ်းစားတတ်ပြီမဟုတ် လား၊

အဲဒီလိုပေါ်လာတဲ့ တိုက်ပွဲတွေဟာ အောင်တာလည်းရှိ၊ မအောင်တာလည်းရှိပဲ၊ တခါတလေမှာ ဒီလိုမြေပေါ် တိုက်ပွဲတခု အောင်တယ်မအောင်ဘူးဆိုတာ တော်တော်ဆုံးဖြတ်ရခက်တယ်၊ ဒါပေမဲ့ အဲဒီအောင်တာရော မအောင်တာရောဟာ လွတ်လပ်ရေး တိုက်ပွဲကိုကျတော့ အတူတူအကျိုးံပတာပဲ၊ ဗိုလ်အောင်ကျော်ကျဆုံးရတဲ့ ၁၉၃၆ခုနှစ် အတွင်းဝန်ရုံးဝိုင်းကြတဲ့တိုက်ပွဲနဲ့ မန္တလေးက အဲဒီတိုက်ပွဲကိုထောက်ခံတဲ့ အာဇာနည် ၁၇ဦးတိုက်ပွဲတို့ဟာ အောင်တယ်၊ မအောင်ဘူး ပြောရ ခက်ကောင်းခက်မယ်၊ ဒါပေမဲ့ အဲဒီအဖြစ်အပျက်နဲ့ အဲဒီစိတ်ဓာတ်ဟာ ဗမာပြည် ပြည်သူတွေရဲ့ နယ်ချဲ့ ဆန့်ကျင်ရေး၊ လွတ်လပ်ရေးရယူရေး စိတ်ဓာတ်ကို မြင့်မားစွာ မြှင့်တင်ပေး လိုက်တယ်၊ (ရှစ်လေးလုံးအရေးတော်ပုံကိုလည်း ဒီလိုကြည့်မြင်သင့်တယ်ထင်တယ် (ဒါက စကားချပ်)၊

အခုလိုလူတန်းစားပေါင်းစုံနဲ့ အဆက်အစပ်ရှိနေ၊ အသစ်ကိုလက်ခံနိုင်တဲ့လူငယ်တွေဖြစ်နေ၊ စာပေရေချိန် လည်းရှိနေဆိုတော့ သူတို့ဟာ အမျိုးသားတိုက်ပွဲတွေမှာ ဦးဆုံးထွက်ချလာတာကို တွေ့ရလေ့ရှိတယ်၊ ဒါ့အပြင်သူတို့ဟာ တိုက်ပွဲကို တခြားလူတန်းစား၊ လူ့အလွှာတွေဆီကိုပို့ပေး၊ ပေါင်းစည်းပေးရာမှာ အခရာကျတဲ့အခန်းကလည်း ပါလေ့ရှိတယ်၊ ဒါကြောင့်လည်း နိုင်ငံ့အရေး၊ အမျိုးသား အရေးကို အလေးထားသူတိုင်းဟာ ကျောင်းသားဆိုတဲ့ အင်အားစုကို တန်ဘိုးထားစည်းရုံးကြတယ်၊ ဖဆပလခေတ်က ဒီအက်စ်အိုကိုမွေး၊ မဆလခေတ်မှာ လမ်းစဉ်လူငယ်ထောင် ဆိုတာတွေလို ကိုယ်အာဏာရရုံ၊ အသုံးချရုံလုပ်လို့မရဘူး၊ သူတို့ဟာ နိုင်ငံတိုင်းရဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးတွေ၊ လွတ်လပ်ရေး လှုပ်ရှားမှုကြီးတွေမှာ သံဓိဌာန်အမျိုးမျိုးနဲ့ ပါဝင်ခဲ့ကြတယ်ဆိုတာကို လည်း မေ့လို့မဖြစ်ဘူး၊

ဒီနေရာမှာ တဆက်တည်းထောက်ပြသင့်တဲ့အချက်တချက်ရှိတယ်၊ အဲဒါက နိုင်ငံတခုမှာ ကျောင်းသားတွေဟာ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေဟာ တချိန်မှာနိုင်ငံ့ခေါင်းဆောင်ဖြစ်လာနိုင်တယ်ဆိုတာကို သဘောပေါက်ထားတဲ့ တခြားနိုင်ငံကြီးတွေ ကလည်း နောင်တချိန်မှာသူတို့အတွက် အကျိုးရှိအောင် ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ကျောင်းသား ခေါင်းဆောင် ဆိုသူတွေကို ‘လူမွေး’လေ့ရှိတယ်ဆိုတာပဲ၊ သူတို့ရော၊ ပြည်တွင်းကဖိနှိပ်သူအာဏာပိုင်တွေအဖို့ပါ ကျောင်းသား ခေါင်းဆောင်တွေကို မြှူဆွယ်၊ လူမွေးရာမှာ လက်သုံးအတည့်ဆုံးနည်းနာတခုကတော့ အလုပ်အကိုင်၊ ပညာတော်သင်စတာ တွေနဲ့ ဖြားယောင်းတာပါပဲ၊ ဒီလပ် နည်းဟာ ဘယ်တော့မှမပျောက်နိုင်လောက်ဘူး၊

ဒါဖြင့်ကျောင်းသားတွေဟာ နိုင်ငံရေးပါတီတွေမှာ ၀င်လုပ်သင့်သလား၊ ဘာကြောင့်မလုပ်ရမှာလဲ၊ အသက် ဆယ့်ရှစ်နှစ်သူ တယောက်ဟာ မဲပေးခွင့်တောင်ရှိနေမှတော့ ဘာကြောင့် နိုင်ငံရေးပါတီတခုမှာ ၀င်မလုပ်နိုင်ရမှာလဲ၊ သူဟာ စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိတဲ့အရွယ်ဖြစ်လို့ မဲပေးခွင့်ပေးထားတာပဲ၊ သူဿကိက်တဲ့ပါတီ၊ သူကြိုက်တဲ့နိုင်ငံရေးကို ၀င်လုပ်ခွင့် ရှိရမယ်၊ တခုပဲ၊ သူ့ပညာရေးကို ထိခိုက်၊ မထိခိုက်ဆိုတာကတော့ သူနဲ့သူ့မိဘရေးရဲ့ အိမ်တွင်းရေးပြဿနာ သာဖြစ်တယ်၊ အဲဒီအတွက်တော့ မိဘတွေကိုလည်း ပြောရေးဆိုခွင့်ပေးရမယ်၊

ကမ္ဘာမှာ ကျောင်းသားလှုပ်ရှားမှုတွေအကြောင်းကို ပြောကြရင် ဗမာပြည်ကကျောင်းသားလှုပ်ရှားမှုတွေဟာ နောက်မကျ၊ ရှေ့တန်းရောက်နေတာတွေ့ရမယ်၊ ကိုလိုနီစနစ်ဖျက်သိမ်းရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ ဖဆပလအစိုးရရဲ့ မမှန်ကန်တဲ့ပြည်တွင်းရေးနဲ့ ပညာရေးပေါ်လစီများကို ဆန့်ကျင်ရေး၊ မဆလတပါတီစနစ်ဆန့်ကျင်ရေး စသဖြင့် ရာစုနှစ်တရာနီးပါး တိုက်ပွဲစဉ်ကြီးမှာ လက်နက်ကိုင်ခြင်းအပါ တိုက်ပွဲသဏ္ဍာာန်မျိုးစုံကို ဆင်နွှဲခဲ့ကြတယ်၊

အဲဒီတိုက်ပွဲတွေကိုပြန်ကြည့်လိုက်ရင် ကျောင်းသားဆိုတာ တိကျတဲ့ လူတန်းစားလူ့အလွှာတရပ်မဟုတ်တဲ့အတွက် လူမှု အပြောင်းအလဲကြီးတခုဖြစ်ပေါ်လာအောင် သူတို့ချည်းမဆောင်ရွက်နိုင်ဘူး၊ ကျောင်းသားတိုက်ပွဲတွေ ဘယ်လောက်ပဲ အားကြီး ပစေ၊ လူထုကြီးနဲ့မပေါင်းစပ်ရင် အကန့်အသတ်တခုမှာ ပြီးသွားတယ်၊ ၁၉၆၀စုနှစ်များကုန်ဆုံးကာနီးတုန်းက ပြင်သစ်ပြည်က ကျောင်းသားလှုပ်ရှားမှုတွေကို သတိရသင့်တယ်၊ သူတို့ဟာ ကျန်တဲ့လူထုကြီးနဲ့ပေါင်းစည်းနိုင်မှ (ရှစ်လေးလုံးလို) မိုးပြိုမြေသိမ့် တိုက်ပွဲကြီးတွေ ဖော်ထုတ်နိုင်တယ်၊

အခုလည်းနအဖ စစ်အုပ်စု လုပ်တော့မယ့် ‘ပြည်သူ့ဆန္ဒခံယူပွဲ’ နဲ့ ပတ်သက်တဲ့ သဘောထားကို ကျောင်းသားမျိုးဆက် ဟောင်း မျိုးဆက်သစ်တွေကတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလို့ ကြားနေရပြီ၊ ဒါဟာ ကျောင်းသားထုရဲ့ သမိုင်း အမွေကောင်း၊ ဂုဏ်ရောင်ပြောင်ခဲ့တဲ့ အမွေကောင်းကို ဆက်ခံလိုက်တာပဲလို့ဆိုရမယ်၊ ကျောင်းသားက ရှေ့ကထွက်လာတာကို ကြိုဆိုကြ၊ အားပေးကြ၊ ၀ိုင်းဝန်းကြ၊ အကြံပေးကြဖို့ရင်း လှုပ်ရှားမှုရေချိန်ကို မြှင့်တင် သွားကြရမှာပဲ၊

ဗမာပြည်သမိုင်းမှာ၊ တခြားနိုင်ငံများမှာလိုပဲ တမျိုးသားလုံးနဲ့ဆိုင်တဲ့ အပြောင်းအလဲကြီးတွေမှာ ကျောင်းသားတွေရဲ့ အခန်းဟာ ထင်ရှားကြီးမားစွာပါခဲ့သလို နောင်ဗမာပြည်ရဲ့ အရေးတော်ပုံတိုင်းမှာလည်း ကျောင်းသားတွေဟာ သူတို့ရဲ့ထွန်းပြောင်တဲ့ အစဉ်အလာအတိုင်း ပါနေဦးမှာပဲဆိုတာ ဘာမှသံသယဖြစ်စရာမလိုဘူး၊ ဒါဟာ သူတို့ရဲ့ ပင်ကိုယ်လက္ခဏာက ပြဌာန်းထားတဲ့ အချက်ဖြစ်တယ်၊

ဒီအချက်ကို အာဏာပိုင်ရော၊နိုင်ငံရေးအင်အားစုတွေရော၊ ဗမာပြည်အရေးစိတ်ဝင်စားသူတွေရော မမေ့ကြပါနဲ့၊ မမေ့ကြပါနဲ့၊

ဗသြ

Labels:

posted by မြင့်ဇေ @ 9:28 PM   0 comments
သစ်စေ့လေးများအိပ်နေချိန်မှာ ပွင့်လန်းဖို့အတွက် ပြင်ဆင်ကြရအောင်
Monday, July 23, 2007


တနေ့ က… အလုပ်လည်း မလုပ်ချင်။ အိပ်ကလည်း အိပ်ချင်နဲ့။ ၂၀၀၇ ခုနှစ် ဧပြီလထုတ် စံပယ်ဖြူ စာအုပ်လေးကို အသာလေးယူပြီး အခန်းထဲဝင်ပြီး ဖတ်လိုက်တာ.. အိပ်ချင်စိတ်လည်း ပျောက်သွားတယ်၊ မအိပ်အောင်လည်း ထိန်းထားလိုက်ရတယ်။ ဖတ်မိတဲ့ ဆောင်းပါးလေးက လွတ်လပ်အိမ်ရေးထားတဲ့ `သစ်စေ့များအိပ်နေချိန်နှင့် ပညာရေးတစေ့တစောင်း´ ဆိုတာပါ။

ဆောင်းပါးစအဖွင့်မှာ တရုတ်ပြည်က သတင်းတပုဒ်နဲ့စပါတယ်။ ဆောင်းပါးရှင်ကို သူ့မိတ်ဆွေတဦးက ပြောတာတဲ့။ ဘာသတင်းလဲဆိုတော့ တရုတ်ပြည်အလယ်ပိုင်းမှာ ရှေးဟောင်း အုတ်ဂူတခုကို ဖွင့်တော့ နှစ်ပေါင်းတထောင် သက်တမ်းရှိတဲ ပဒုမ္မာကြာစေ့ လေးတခုကို တွေ့သတဲ့။ အဲဒီမှာ သစ်စေ့လေးကို မျိုးပွားနိုင်မပွားနိုင် စမ်းကြည့်တော့ ပွားနိုင်သေးတာကို တွေ့ရတယ် ဆိုပဲ။ အံ့သြဖွယ်ကောင်းတာက သစ်စေ့လေးရဲ့ အိပ်နေတဲ့ အချိန်ဟာ နှစ်တထောင်… ပုံမှန် မျိုးစေ့တွေဆိုရင် တနှစ်ကျော်တယ်ဆိုရင်ပဲ ပိန်ရှုံ့ ခြောက်သွေ့ပြီး မျိုးပြတ်သွားတဲ့ အမျိုးမဟုတ်လား။

အဲဒါလေးဖတ်ရင်းနဲ့ တွံတေးသိန်းတန်ရဲ့ သီချင်းတောင်မှ အမှတ်ရလိုက်သေးတယ်။ `ပဒုမ္မာကြာရယ် ၊ ကျုပ်ရည်းစားနဲ့ ညားအောင်စောင့်ဦးကွယ်´ ဆိုတဲ့ စာသားလိုပေါ့။ ဖြစ်လည်းဖြစ်နိုင်တယ်။ တရုတ်ပြည်ရဲ့ သမိုင်းကလည်း ဒဏ္ဏာရီ အများသားမဟုတ်လား၊ နဂါးနိုင်ဓားထဲက ဇာတ်လိုက်တွေ ကျိန်စာဆိုထားတဲ့ သစ်စေ့လေးလည်း ဖြစ်နိုင်တာကိုး။

ထားတော့။ ပညာရှင်များက သစ်စေ့လေးဂူထဲမှာ ရောက်နေတဲ့ကာလကို ခေါ်တာ သိုးဆောင်းလိုခေါ်ရင် (Dormant Period) ဆိုပဲ။ သစ်စေ့လေး အိပ်နေချိန် လို့ မြန်မာမှု ဆောင်းပါးရှင်က ဆိုတယ်။ အဲဒီလို ဘာလို မျိုးပွားနိုင်လဲဆိုရင် သူမျိုးပွားဖို့အတွက် လိုအပ်တဲ့ အနေအထားအားလုံးကို ဒီသစ်စေ့လေးက ရလို့ဆိုတာပါပဲ။ ခြောက်သွေ့မှု၊ မြေအနေအထား၊ အေးစက်မှု စသဖြင့် ပေါ့ဗျာ။ ကျနော်ကတော့ စိတ်ဝင်စားတာ ဒီသစ်စေ့လေးလိုပဲ အခြား ရှင်သန်ခွင့်မရဘဲ ခေါက်ရိုးကျိုးနေတဲ့ ပုံစံခွက်ထဲက အကြောင်းအရာတွေကိုပါ။

ဆောင်းပါးရှင်က ကမ္ဘောဒီးယားက ပိုပေါ့ခေတ်နဲ့ အခုကာလ မျိုးဆက်သစ်တွေရဲ့ ပညာရေးကိုလေ့လာမှုကို နှိုင်းယှဉ်ပြ ထားပါတယ်။ ပိုပေါ့လက်ထက်က သုညခေတ်ကို ပြန်သွားဘို့ ကြံစည်တယ်။ ဆိုလိုတာက ပညာတတ်နေသူတွေဟာ အရင်းရှင်ပညာရေးရဲ့ အစေခံတွေဖြစ်တယ်။ ဒါကြောင့် ဒီပညာတတ်တွေထဲက အတွေးအခေါ်တွေကို ရှင်းဖို့ဆိုရင် သတ်ပစ်ရမယ်။ မျက်မှန်တတ်တာဟာ ပညာတတ်ခြင်းရဲ့ အဓိပ္ပါယ် ဖော်ကျူးချက်ဖြစ်တယ်။ ဒါကြောင့် မျက်မှန် တတ်သူတွေကို ရှင်းပစ်ရမယ်။ စသဖြင့် ပေါ့… ကိုယ်ယုံကြည်တဲ့ ၀ါဒရဲ့ တရားကိုယ်ကို မဆုတ်ကိုင်မိပဲ ကိုယ်လိုရာကို ကောက်ချက်ဆွဲပြီး ၀မ်းနည်းဖွယ်ရာ စက်ဆုပ်ဖွယ်ရာ လူသတ်ပွဲတွေကို ကျင်းပခဲ့ကြတယ်။ ပင်ကိုယ် မျက်စေ့မှုန်တဲ့ သူတောင်မှ မျက်မှန်မတပ်ရဲတော့ဘူး။ အဲဒီအဖြစ်အပျက်ကို သုညခေတ်လို့ ရည်ညွှန်းတာပါ။

ဒါပေမယ့် ဒီကာလမှာတော့ ဒီလို မဟုတ်တော့ပါဘူး။ကမ္ဘောဒီးယားရဲ တက်လာတဲ့ မျိုးဆက်သစ်တွေဟာ အန်ကောဝပ်ကြီးကို ပြန်ပြင်တယ်။ ထိန်းသိမ်းတယ်။ သူတို့ရဲ့ ရိုးရာဂီတတွေကို လေ့လာထားတဲ့ အဖြူတွေဆီက ပြန်ယူတယ်။ စသဖြင့်ပေါ့…။

ဒါရဲ့အဓိပ္ပါယ်က ရင်ထဲမှာ ပွားခွင့်မရတဲ့ သစ်စေ့ကို ရေခံမြေခံကောင်းကောင်းနဲ့ ထိန်းသိမ်းထားပြီး လုပ်ခွင့်ရတဲ့ အနေအထားမှာ ပြန်ပြီးပွားများတဲ့သဘောပါ။

ကဲ… ကျနော်တို့ရော ဘယ်လိုလဲ… ။ ဒီလို ထူပိန်းမှောင်မိုက်နေတဲ့ ခေတ်ကြီး စနစ်ကြီးအောက်မှာ သစ်စေ့တွေ တချိန်မှာ ပွင့်လန်းခွင့်၊ မျိုးပွားခွင့်ရအောင်လုပ်ထားဖို့လိုနေပါပြီ။ သစ်စေ့တွေနဲ့ တူတဲ့ မျိုးဆက်သစ်တွေ မဆွံ့အသွားအောင်၊ ရှင်သန်ကြီးပြင်းခွင့်ရအောင် သူတို့အိပ်နေရတဲ့ ကာလလေးမှာ ထာဝရ အိပ်မပျော်သွားဖို့အတွက် ရှင်သန်နိုင်မယ့် အနေအထား၊ အခြေအနေ၊ ရေခံမြေခံ လေးတွေ ဖန်တီးပေးကြပါစို့။ ဒါမှလည်း ကျနော်တို့ချစ်တဲ့ တိုင်းပြည်၊ လူမျိုး၊ ထုံးတမ်းဓလေ့အစဉ်အလာတွေ … ကို ထိန်းသိမ်းထားနိုင်မှာပါ။ သုညခေတ်ကို ပြန်မရောက်နိုင်မှာပါ။

ဒီစာလေးရဲ့ အထက်မှာ ပြောခဲ့တဲ့ အတိုင်းပဲ ကျနော်စာဖတ်ပြီးတော့ မအိပ်နိုင်တော့ပါဘူး။ အိပ်ပျော်သွားရင် ထာဝရ ဖြစ်သွားမှာဆိုးပါတယ်။ ဘာလို့ဆိုတော့ အိပ်ပျော်နေခဲ့ရတဲ့ ဘိုးတော် သစ်စေ့ကြီးတွေက ကျနော်တို့ကိုယ်တိုင် ဖြစ်နေခဲ့တာကိုး။ ကိုယ်မြင်ခဲ့တဲ့၊ ကိုယ်ထိတွေ့ခဲ့တဲ့ ဘ၀အရကိုက နောင်လာမယ့် သစ်စေ့လေးတွေ အိပ်နေရင်တောင်မှ နောင်တချိန်မှာ ပြန်ရှင်သန်လာစေနိုင်မယ့် အနေအထားကို ဖန်တီးဖို့ အပ်နှင်းခဲ့ပါပြီ။ သူတို့အနာဂတ် ၀င်းပစေဖို့အတွက် ကျနော်တို့က ပုခုံးနဲ့ ထမ်းတင်ကြရမယ်ဆိုတဲ့ ဆန္ဒနဲ့ ရေးလိုက်ပါတယ်။

Labels:

posted by မြင့်ဇေ @ 9:22 AM   1 comments
မောင်ဖိုးဇေလေးကရော ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်ရဲ့လား… … မနိုင်ပါဘူး၊ ဒါပေမယ့်…..


ကိုယ်ကျင့်တရားတဲ့…။ မခင်မင်းဇော်က တက်ဂ်လိုက်တာပါ။ ကျနော်ကတော့ ချောက်ထဲကိုသာ ခုန်ချလိုက်ချင်တော့တာပဲ။ ကိုယ့်ကိုကိုယ်ဖော် မသူတော်ဖြစ်မယ့် ဗြဟ္မာမင်းခေါင်းကြီးကို ကျနော့်အလှည့် ကိုင်ထားဦးဆိုပြီး လွှဲပေးလိုက်တာ။ အဲဒီ ခေါင်းကြီးကလည်း ကိုယ်ကိုယ်တိုင်ဖြစ်နေတော့ ကိုယ့်အကြောင်းကို အခြေခံပြီး ရေးရတော့မှာပေါ့… … ။ ကျနော်လည်း ကိုယ်ကျင့်တရားအရ မှားဖူးပါတယ်။ အဲ့သလို ရေးလို့ မောင်ဖိုးဇေတယောက်တော့ သူများသားပျိုသမီးပျိုတွေကို စော်ကားဖူးတယ်လို့ မထင်လိုက်ပါနဲ့။ မှားတာက ငယ်ငယ်က စွန်လွှတ်တဲ့ရာသီရောက်ရင် အမေ့ပိုက်ဆံအိတ်ထဲက အမေမသိအောင် ခိုးယူဖူးပါတယ်။ နောက်တော့ ကိုယ်ကိုယ်တိုင်လည်း မှားမှန်းသိ၊ မိဘတွေက ဝေဖန်တဲ့အခါကျတော့ အဲ့ဒီအကျင့် ပျောက်သွားပါတယ်။

ကိုယ်ကျင့်တရား… ။ မောင်ဖိုးဇေရာ မင်းတို့က ကြီးကြီးကျယ်ကျယ် ကိုယ်ကျင့်တရားလေးဘာလေး လျှောက်ပြောနေတယ်။ မင်းတို့ကရော ဘယ်လောက်များဆောက်တည်ထိန်းသိမ်း ကျင့်ကြံနိုင်လို့လဲ.. လို့ ပြောလာရင် ဟုတ်ကဲ့လို့ပဲ ပြောရမှာပါ။ လူတွေဟာ အားလုံး ခြောက်ပစ်ကင်းသဲလဲစင်တော့ မဟုတ်ကြဘူး။ အနှီ မောင်ဖိုးဇေသည်လည်း လူတယောက်ဖြစ်တာ ကြောင့် လေးပြစ်ငါးပြစ်လောက်ပဲ ကင်းပါတယ်။ ဒါပေမယ့် ပြဿနာက ခြောက်ပစ်ကင်းအောင်လုပ်ဖို့ထက်စာရင် ကိုယ်ရဲ့ ကျင့်ကြံဆောက်တည်မှုမှာ ဘယ်အရာဟာ မှားခဲ့တာလဲဆိုတာကို စရှာတွေဖို့.. တနည်းအားဖြင့် ကိုယ့်အမှားကိုယ်ပြန်သုံးသပ် တဲ့ အချက်က ပထဦးဆုံး လိုအပ်ပါတယ်။ အဲဒီအမှားဟာ ကိုယ်တဦးတည်းရဲ့ ဘ၀ကိုသက်ရောက်စေတာလား။ ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နေထိုင်တဲ့ လူမှုအ၀န်းအ၀ိုင်းကို သက်ရောက်စေတာလား။ ဒါကလည်း ကိုယ်ဟာ လူမှုအသိုင်း အ၀ိုင်းအတွင်း ဘယ်လောက် သြဇာသက်ရောက်တဲ့ အနေအထားမှာရှိနေသလဲဆိုတာနဲ့ ချိတ်ဆက်ပါတယ်။

ကိုယ်ဟာ သာမန်လူတယောက် ဆိုရင် အနိမ့်ဆုံးတော့ ကိုယ့်မိသားစုရဲ့အတွင်းပိုင်းကိုတော့ သက်ရောက်ပါတယ်။ အဲ့လိုပဲ ရာထူးဌန္တရ အလိုက် အဆင့်ဆင့်မှာ ကိုယ်ကျင့်တရားအရ တစုံတခုသော ဖောက်ပြန်မှုကို လုပ်သွားမယ်ဆိုလည်း ကိုယ်တာဝန်ယူတဲ့အဆင့်တိုင်းမှာလည်း သွားသက်ရောက်ပါတယ်။ ကိုယ်ကျင့်တရားဖောက်ပြန်တယ်ဆိုတာ သူများ သားမယားကို သွားစော်ကားမှလို့ သတ်မှတ်လို့ရတာ မဟုတ်ပါဘူး။ ဥပမာ အစိုးရဌာနတခုခုမှာ တာဝန်ရှိသူတယောက်က လာဘ်စားတာဟာလည်း ကိုယ်ကျင့်တရား ပျက်ယွင်းမှုပါပဲ။ သူ့ကို ဒီတာဝန်ပေးထားတာဟာ တိုင်းပြည်နဲ့ လူထုအတွက် လုပ်ဆောင်ပေးဖို့ကို တာဝန်ပေးခန့်အပ်ပါတယ်။ သူ့ရပ်တည်မှုအတွက် သင့်လျော်တဲ့ လစာပေးထားပါတယ်။ လုပ်ငန်းအတွက် လိုအပ်ချက်တွေ ဖြည့်တင်းပေးထားတယ်။ ဒါတွေကို အသုံးချပြီး လူထုကို ကူညီရမှာပါ၊ အစိုးရဗျူရိုကရေစီ ယန္တရားကို လည်ပတ်စေရမှာပါ။

အဲဒီဟာရဲ့ သက်ရောက်မှုက သူတာဝန်ယူရတဲ့ ဌာနမှာရှိတဲ့ ၀န်ထမ်းတွေပေါ်ကိုပါ။ သူကတောင် ဒီလို ကြိတ်သေးတာ ငါတို့လည်း ကြိတ်မဟဲ့ ဆိုပြီး သူ့အထွာနဲ့သူ လာဘ်ယူကြတော့တာပဲ။ အဲဒီတော့ ကြာလာတဲ့အခါ ဒီလာဘ်စားတဲ့ကိစ္စက ဌာနဆိုင်ရာမှာ အတည်မပြုရသေးတဲ့ မူကြီးတခုလိုဖြစ်လာတယ်။ အမှားတွေကို လုပ်လာကြရင်း အမှန်လို့ ထင်လာကြတဲ့ သဘောပါ။ ဒါကြောင့် အဲဒီလိုပြဿနာဟာ မကြီးခင်ကတည်း အရင်ရှင်းရတာပါ။ စီးပွားရေး ကျပ်တည်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ မရတော့ပါဘူး။ စီးပွားရေး ကျပ်တည်းတာက ကိုယ်တယောက်တည်း ကျပ်တည်းတာ မဟုတ်တဲ့ အတွက်ပါ။ ကိုယ့်ကို လာဘ်ပေးတဲ့လူတွေလည်း ကျပ်တည်း တာပဲ။ တပြည်လုံးလည်း ကျပ်တည်း တာပဲ။

ကိုယ်ကျင့်တရားထိန်းသိမ်းဖို့မှာ နှစ်ပိုင်းရှိပါတယ်။ တပိုင်းက ကိုယ်ကိုယ်တိုင် အမှားကို မြင်ပြီး ထပ်မမှား အောင် နေထိုင်ဖို့ပါ။ နောက်တချက်ကတော့ ဘေးကနေ လက်ခုပ်တီးမပေးဖို့လိုပါတယ်။ လူတယောက်ရဲ့ကောင်းကွက်ကိုပဲ ကြည့်ပြီး သူရဲ့မကောင်းတဲ့အချက်ကို ပြုပြင်လာနိုင်အောင် ဝေဖန်မပေးဖူးဆိုရင် ဒီ လူ့အ၀န်းအ၀ိုင်း၊ လူ့အဖွဲ့အစည်းဟာ တော်တော်ကြီး ကို စိတ်ဓာတ်ရေးရာအရ နိမ့်ကျနေပြီးဆိုတာကို ပြနေပါပြီ။ ကိုယ်ချစ်ရတဲ့၊ ခင်ရတဲ့ လေးစားရတဲ့သူဆိုရင် မကောင်းပြောတာ မကြိုက်ကြဘူးဆိုတာက လူ့သဘာဝပါ။ ဒါပေမယ့် အဲဒီလို မကောင်းပြောတာကို အဲဒီလူမခံရအောင် အဲဒီသူကို ပြုပြင် လာစေရေး အကြံပေးသင့်ပါတယ်။

နောက်တခုက အဲဒီလို ကိုယ်ကျင့်တရား ဖောက်ပြန်နေမှုကို ပြုပြင်ဖို့ မတိုက်တွန်းတဲ့ လူ့အ၀န်းအ၀ိုင်းဟာ သူတို့ကိုယ်တိုင် လည်း အဲဒီလို ဖြစ်လိုက်ဖို့ ၀န်မလေးတော့ပါဘူး။

ဆရာ လူထု ဦးစိန်ဝင်းရဲ့ `ရှက်စိတ်´ ဆောင်းပါးထဲမှာ ပါတဲ့ `ရှက်စိတ်ဆိုတာ ခေတ်တွေ ပြောင်းလာတာနဲ့အမျှ ဖွင့်ဆိုချက် တွေလည်း ပြောင်းသွားကြပြီဖြစ်ပါတယ်´ ဆိုတာလေးကို ပြန်ကုတ်လုပ်ပါတယ်။ ခေတ်မှီရေး၊ ခေတ်နှင့် အညီသွားနိုင်ရေးဟာ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်စောင့်ထိန်းရမယ့်တရားတွေကိုလည်း အဲဒီခေတ်ထဲကို သယ်သွားရမှာပါ။ အဲဒီလို တဦးတယောက်ချင်းကနေပြီး မသယ်ဆောင်၊ မစောင့်ထိန်းရင် လူ့အဖွဲ့အစည်းဟာ ခေတ်မီရုံသက်သက်ဘဲရှိပြီး ဟီရိသြတ္တပ္ပတရားကင်းမဲ့တဲ့၊ သူများသားပျိုသမီးပျိုကို ကြံစည်ခွင့်ရှိတဲ့၊ အများသူငှာရဲ့ ချွေးနည်းစာကို လာဘ်ယူခွင့်ရှိတဲ့ အခြေအနေကို ရောက်ရှိသွားမှာပါ။

နောက်တခုက အမျိုးသားနိုင်ငံတော်ဆိုတာ ကိုယ်ပိုင်ထူးခြားမှု၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ မိသားစု စံတန်ဖိုးတွေနဲ့ ဖွဲ့တည်ထားတာ ဖြစ်ပါတယ်။ အခြားသောနိုင်ငံများနဲ့ မတူတဲ့ အဲ့ဒီထူးခြားချက်တွေကို ဘယ်ခေတ်ဘယ်အခြေအနေရောက်ရောက် ထိန်းသိမ်းထားဖို့လိုပါတယ်။ ဒါပေမယ့် ခေတ်နဲ့ လျော်ညီအောင်တော့ တချို့အရာတွေ ပြင်ဆင်ဖြည့်စွက်ပေးရမှာပါ။ ဒါပေမယ့် အခြေခံတရားကိုတော့ ဆုတ်ကိုင်ထားဖို့ လိုပါတယ်။ ကိုယ်ကျင့်တရားကောင်းအောင်နေရင်ပဲကို အဲဒီ လူမျိုး၊ နိုင်ငံဟာ စိတ်ဓာတ်ရေးရာအရ မြင့်နေပါပြီ။

အောင်မြင်တဲ့ လူတွေကတော့ အောင်မြင်လေ ပိုပြီးစောင့်ထိန်းရလေပါ။ ဘာလို့ဆိုတော့ သူတို့ဟာ လူထုက အမြဲ စောင့်ကြည့်နေတာကို ခံနေရလို့ပါ။ တနည်းအားဖြင့် လူထုက သူတို့ကို ချစ်လို့ ၊ တန်ဖိုးထားလို့ပါ။ သူတို့ရဲ့ သက်ရောက်မှု က သက်ဆိုင်ရာနယ်ပယ်အလိုက် အရမ်းကြီးတော့ နေမှုထိုင်မှုကအစ အရမ်းဂရုစိုက်ရပါတယ်။ သူတို့ကို စံပြုထားတဲ့ လူဆိုရင် ပိုဆိုးပါတယ်။ သူတို့လုပ်သမျှကို အမှန်ထင်နေတော့ အဲဒီလူတွေကလည်း ကိုယ်မှားနေတာကို ပြင်ဖို့နေနေသာသာ ဒီလိုလုပ်တာ မှန်တယ်လိုတောင် ထင်လာကြပါတယ်။

ဒါကြောင့် အမှားကို မှားတယ်လို့ မြင်အောင် လုပ်ဖို့က ကိုယ်ကျင့်တရားထိန်းသိမ်းရေးရဲ့ ပထမအခြေခံလို့ ကျနော်မြင်တယ်။ လူပဲမှားတတ်တာပဲလေ ဆိုတဲ့ သံဝေဂလိုလို၊ လက်ကိုင်ထားရမယ့် တရားလိုလို ဘေးကနေ မပြောဖို့လဲ လိုပါတယ်။ အမှားကို အဲဒီလူကိုယ်တိုင်က မမြင်လည်း အကြံပေးရပါမယ်။
ဒုတိယအဆင့်ကတော မြင်ခဲ့တဲ့ အဲ့ဒီအမှားက ပြန်ပြင်ဖို့လုပ်ရမှာပါ။ ခေတ်ကြီးကိုက မှားနေတာပဲလို့လည်း မပြောဖို့ လိုပါတယ်။ မှားနေတာကိုသိရင် မှန်အောင်ပြန်ပြင်ဖို့ လူ့အဖွဲ့အစည်းတခုလုံးရော၊ တဦးချင်းစီအရပါ တာဝန်ရှိပါတယ်။

ကျနော်တို့က လက်ခုတ်တီးဖို့ သက်သက်လူလာဖြစ်တာမဟုတ်ပါဘူး။ ပွင့်လင်းတဲ့ စိတ်ဓာတ်မြင့်မားတဲ့ လူ့ဘောင် တည် ဆောက်ဖို့အတွက်လည်း ကျနော်တို့လက်တွေမှာ တာဝန်ရှိပါတယ်။

Labels:

posted by မြင့်ဇေ @ 3:04 AM   1 comments
ညောင်နှစ်ပင် အဖြေထွက်တော့မယ်
Friday, June 15, 2007
နအဖကတော့ ညောင်နှစ်ပင်ကို ပြည်ဖုံးကားချတော့မယ်လို့ ဆိုနေပါပြီ။

ဒီစခန်းသိမ်းပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက စိတ်ဝင်စားသူတွေဟာ ကိုယ့်စိတ်ကူးနဲ့ကိုယ် အမျိုးမျိုး ဝေဘန် သုံးသပ်နေကြတာ တွေ့ရပါတယ်။ကြိုတင်မှန်းဆနေကြတာလည်း မနည်းပါဘူး။ ဒါ့အပြင် ကျနော့် သဘောဘယ်လိုရှိသလဲ လို့ တီးခေါက်သူများလည်း ကြုံ၇လို့ ငါလည်း ငါ့အမြင်တော့ ပြောဦးမှ ဆိုပြီး ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။

ဗိုလ်သန်းရွှေ အသက် ၆၀ မပြည့်ခင်ကတည်းက စပြီး န၀တ-နအဖ တို့ ၁၄ နှစ်လောက် ဆွဲလုပ်နေခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံကို ဘာကြောင့် အခုကျမှ စခန်းသိမ်းရတာလည်း ဆိုတာ စပြောချင်တယ်။ တကယ်က သူတို့အနေနဲ့ အရင်လို ဇာတ်မျောကြီးဆက်ကနေရင်လည်း ရနေသေးတာပဲ မဟုတ်လား။ နိုင်ငံတကာက ဖိအားဆိုတာလည်း သူတို့အတွက် မှုလောက်စရာ အဆင့် မရောက်သေးပါဘူး။ ဒါနဲ့များဘာကြောင့် စခန်းသိမ်းစကားပြောလာရတာလဲ စဉ်းစားစရာ ရှိပါတယ်။

တကယ်တမ်း နအဖအပေါ် ဖိအားပေးနေတာက ဇရာနဲ့ မရဏပါ။ ဗိုလ်သန်းရွှေ ဆေးရုံက ဆင်းလာတာ ဘာမှ မကြာသေးပါဘူး။ အခုသူနေကောင်းတယ်ဆိုတာကလည်း လူအိုကောင်းကောင်းနေတာဖြစ်ပါတယ်။ ဗိုလ်စိုးဝင်းဟာ စင်္ကာပူမှာ သေမင်းနဲ့ ဈေးဆစ်နေရတယ်။ ဗိုလ်ရွှေမန်းကျန်းမာရေးကိုလည်း အမျိုးမျိုး ပြောသံတွေ ကြားနေရပြီး ဗိုလ်သိန်းစိန်ကတော့ နားပါရစေတော့လို့ချည်း ပြောနေတဲ့ ယဲ့ယဲ့လူပါ။ အရင်လိုအချိန်ဆွဲနေရင် ညောင်နှစ်ပင် စခန်းမသိမ်းနိုင်မီ နအဖခေါင်းဆောင်တွေ စခန်းသိမ်းကုန်မယ့် အလားအလာတွေ မြင်တွေ့နေရပါတယ်။

ဒါနဲ့တဆက်တည်း နောက်တက်လေးများရဲ့ နောက်ကတွန်းပြီး ဖိအားပေးနေတဲ့ ဖိအားကိုလည်း မစဉ်းစားလို့မရဘူး။ ၀န်ကြီးဌာနတွေနဲ့ ၀မ်းချရတာလည်း ဆက်တိုးစရာ မရှိတော့ဘူး။ ဒီတပ်ထဲမှာက ထိပ်တန်းရောက်လေ၊ ရာထူးကြီးလေ စားရလေ၊ ချမ်းသာလေဆိုတာ အားလုံးကသိနေပါတယ်။ န၀တ-နအဖ စစ်အုပ်စုဟာ တပ်တွင်းမှာ အလှည့်နဲ့စားတဲ့ စနစ်ကို ထူထောင်ဖို့တော့ ကြိုးစားပါရဲ့။ ဒါပေမဲ ရွှေမန်ကျည်း ဖြစ်ရင်သာ တဆစ်စီ ဝေစားနိုင်မယ်။ ထိပ်ပိုင်းနေရာကို တော့ ဝေမစားနိုင်ပဲ ဖြစ်နေပါတယ်။

နောက်တတန်းတည်း အရေးပါတဲ့ ကိစ္စက `ငြိမ်း´အဖွဲ့ တွေရဲ့ ပြဿနာပါ။ သေဘော်ညှိတဲ့ အနေနဲ့ ညောင်နှစ်ပင်ထဲ ဆွဲထည့်ထားပေမဲ့ သူတို့ထင်သလောက် မီးမသေတာတွေ့ရလို့ အဲဒါတွေကို မီးသေအောင်လုပ်ဖို့လည်း လိုနေသေးတယ်။ သူတို့ကို တလျှောက်လုံး ဖွဲ့စည်းပုံစကားနဲ့ ချွေးသိပ်နေခဲ့ရတာ မဟုတ်လား။

နောက်တချက်က နအဖမှာ ဂမ်ဘာရီကို ကြိုးလျှော့ပေးလိုက်၊ ကြိုးပြန်တင်းလိုက်နဲ့ ဆက်ဆံပြီး ကုလသမဂ္ဂကို အမြှင်မပြတ် အောင် လုပ်နေရတဲ့ တာဝန်လည်း ရှိနေပါတယ်။ ဒီအတွက် ဒီခြေလှမ်းဟာ အများကြိး အကျိုးရှိမယ်လို့ သူတို့ တွက်မှာပါ။ သူတို့ဟာ ကုလသမဂ္ဂနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စမှန်သမျှကို ဒီအကွေ့ဒီတက်နဲ့လှော် ဆိုသလို ဆေးမြီတိုနဲ့ချည်း ဖြတ်သန်းခဲ့တာပါ။ သူတို့အနေနဲ့ လက်ရှိကြုံနေရတဲ့ အခက်အခဲကို ကျော်ရင် ရပြီဆိုတာမျိုးနဲ့ စခန်းသွားနေခဲ့တာ ကြာပါပြီ။ အလားတူပဲ ဒီလို လုပ်လိုက်ခြင်းအားဖြင့် အိမ်နီးနားခြင်းနိုင်ငံတွေက နားပူနားဆာ လုပ်နေတာကို တစုံတရာ သက်သာအောင်လုပ်နိုင်မယ်လို့လည်း တွက်ဟန်တူပါတယ်။ ဒါ့အပြင် အီးယူ၊ ဂျပန်စတဲ့ နိုင်ငံမျိုးတွေ။ အားလုံးက ဒါကိုပဲ မေးနေကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပြလိုက်ခြင်းအားဖြင့် အဲဒီနိုင်ငံတွေထဲက တချို့ ဟာ ဆိုရင် နအဖက ဟန်ဆောင် လောက်လုပ်ပြလိုက်ရင်ကိုပဲ ကျေနပ်သွားမယ့် သဘောလည်း ရှိနေတယ် မဟုတ်ပါလား။

ဒီနေရာမှာ စဉ်းစားစရာ အချက်လေးတချက်တွေ့နေရပါတယ်။ အဲဒါက ညောင်နှစ်ပင် စမယ့် ညီလာခံအချိန်ကို ဇူလိုင်လ ၁၈ ရက်နေ့လို့ သတ်မှတ်ထားတာပါဘဲ။ အာဇာနည်နေ့နဲ့ တမင်ကပ်ပြီးရွေးထားတာ ဘာကြောင့် ပါလဲ။ ဒီတခါ ဇူလိုင် ၁၉ ရက်ဟာ အနှစ် (၆၀)တင်းတင်းပြည့်တဲ့ နှစ်ပတ်လည်မို့ ထူးခြားချက်လည်း ရှိနေပါတယ်။ သူတို့ဟာ ဗမာပြည်ရဲ့ ပထမဆုံး ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဂုဏ်ပြုချင်တယ် အထင်ခံချင်လို့ ဒီရက်ကို ရွေးတာလား။ဒါမှမဟုတ် ဒီလိုရက်မှာ သူတို့ရဲ့ ညောင်နှစ်ပင်ကို ဆန့်ကျင်ဆန္ဒပြလာမှာကို ကြိုတားတာလား။ ဒီနေ့ရက်ကို ရွေးခြင်းအားဖြင့် ဒေါ်စုတို့ကို နိုင်ငံရေးအရ ခွေ ထားလိုက်နိုင်မယ်လို့ တွက်ထားလေသလား။စဉ်းစားစရာတွေကတော့ အများကြီး။

ဒီညီလာခံကနေ `ကန့်ကွက်သူမရှိတဲ့´ ဆုံးဖြတ်ချက်တွေ အများကြီးပေါ်လာမှာကတော့ သေချာပါတယ်။ ဒါပေမဲ့ `ငြိမ်းအဖွဲ့ တွေ ´ တင်ထားတဲ့ ကိစ္စမျိုးဟာ ပြည်တွင်းစစ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပြဿနာဆိုတော့ နအဖဘယ်လိုကိုင်တွယ်မလဲ စဉ်းစားစရာပဲ။

သေချာတာက ဒီညီလာခံ အဆုံးသတ်တာဟာ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ၊တိုင်းပြည်တွင်း မတည်ငြိမ်မှုတွေကို လျော့နည်းပပျောက်သွားစေမှာ မဟုတ်ပဲ ပိုမိုတိုးများလာမယ့်အပြင် ပြည်တွင်းစစ် ပြန်လည် ကြီးထွားလာရေးဆီကိုတောင် ဦးတည်သွားနိုင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

Labels:

posted by မြင့်ဇေ @ 9:27 PM   0 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com