Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
မုန်တိုင်းလာသွားခဲ့တယ်
Monday, May 26, 2008
မုန်တိုင်းလာသွားခဲ့တယ်

သတိရမိတယ်

ဆားချက်တဲ့လက်က

တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။

မင်းလည်း မမြင်နိုင်

ငါကလည်း မင်းကို

မပွေ့ထွေးနိုင်ခဲ့

ဆားချက်သမလေးရေ…။

မုန်တိုင်းက

ေ ရာ က် လာ တ ယ် ။

အခုတော့

ကမ်းမမြင် လမ်းမမြင်။

စီးမျောသွားပုံက

ကောင်းကင်တခုလုံး

ချက်ချင်း

ပျက်သွားသလို

ရုန်းရင်းဆန်ခတ်။

ခေတ်တွေ စီးဆင်းသွားတော့

ပင်လယ်က

ပြာစိမ်းလို့

ဘာမှမပတ်သက်သလိုမျိုး

သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။


Labels:

posted by မြင့်ဇေ @ 10:21 AM   3 comments
မန်းရှာရေ...
Thursday, February 14, 2008





မန်းရှာရေ

မြစ်ဝကျွန်းပေါ်က

တို့ဘ၀တွေ ယူခဲ့...

မန်းရှာရေ

ပဲခူးရိုးမက

အချစ်ညတွေယူခဲ့...

မန်းရှာရေ

ဒေါနတောင်တန်းက

တောပန်းတွေယူခဲ့...

မန်းရှာရေ

နင့်သေနတ်ကို

နင်ကိုင်လာခဲ့...

မန်းရှာရေ

သွေးစွန်းနေတဲ့

သင်တိုင်းတွေဝတ်ခဲ့...

မန်းရှာရေ

အမျိုးသားရေး

လွတ်မြောက်ရေးတွေ ကျောပိုးခဲ့...

မန်းရှာရေ

နင့်ရဲဘော် နင့်သားသမီး

စူးနစ်ယုံကြည်ထားရစ်ခဲ့...

အဆိပ်လူးထား

ကျည်ဖူးတစုံ ရင်အုံနဲ့လဲ

မကြေကွဲနဲ့ နမ့်ကျင်ရွှေ

နင်မှာတာတွေ

ကမ္ဘာ မြေပေါ်ကျန်ခဲ့ပြီ..။ ။

(ဆရာမန်းရှာနှင့် အမ နမ့်ကျင်ရွှေသို့)

မောင်လွမ်းဏီ

၁၅-၂-၂၀၀၈


Labels:

posted by မြင့်ဇေ @ 9:12 PM   0 comments
မွှေးမြ မကြွေ ..အိုအမေ
Wednesday, November 28, 2007

မွှေးမြ မကြွေ ..အိုအမေ

မြန်မာနိုင်ငံလွတ်လပ်ရေးမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာ စာပေအရေးအသားမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ခိုင်တည်မြင့်မားရေးမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာပြည်သူလူထု အကျိုးစီးပွား

လူတန်းစားတိုက်ပွဲ တရားမျှတမှု လူ့အခွင့်အရေး

ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ယဉ်ကျေးမှုတွေမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

လူထုဒေါ်အမာ

(သူဟာ)

သမိုင်းစဉ်လာ ကလောင်သွား

မြားသွားလို ချွန်မြစူးရှ

အဓမ္မအားလုံးရဲ့ ရန်သူ

ပြည်သူလူထုရဲ့ နှလုံးသား

အစားထိုးမရနိုင်တဲ့ အမေ။

အမေဟာ

ရေ မြေ လေ မီး

ဓာတ်ကြီးလေးပါး

ရုပ်တရားများမှ လွန်မြောက်

ကွယ်ပျောက်မသွားနိုင်ဘူးလေ။ ။

(အမေလူထုဒေါ်အမာရဲ့ အသက် (၉၂) နှစ်မြောက် မွေးနေ့ကို ဒီကဗျာနဲ့ ဦးညွတ်ဂုဏ်ပြုပါတယ်)

စိုးနေလင်း

Labels:

posted by မြင့်ဇေ @ 10:31 PM   0 comments
အမေသို့


အမေရေ

အမေရဲ့ငြိမ်းချမ်းရေး ယုံကြည်ချက်ကို

သားတို့လက်ဆင့်ကမ်း သယ်ဆောင်ရင်း

အမေရဲ့ အိမ်မက်တွေကို

သားတို့လည်းဆက်မက်နေကြတယ်။

အမေတို့ ခေတ်ရဲ့ရင်ခုန်သံတွေဟာ

အခု သားတို့ခေတ်ရဲ့အသက်ရှုသံတွေပါတယ်။

အမေတို့တည်ဆောက်ခဲ့တဲ့ နိုင်ငံချစ်စိတ်တွေ

သမဂ္ဂအစဉ်အလာတွေ

အမှန်တရားထံသက်ဝင်ယုံကြည်မှုတွေကို

အမွေဆက်ခံပြီး

တော်လှန်ရေးခရီးကို

သားတို့ ဆက်လှမ်းနေကြတယ်။

အမေတို့ တွေ့ချင်မြင်တဲ့ကမ္ဘာဟာ

သားတို့တွေ့ချင်မြင်ချင်တဲ့ကမ္ဘာပါတယ်။

အမေတို့ မမောမပန်း

လျှောက်လှမ်းခဲ့တဲ့

တော်လှန်ရေး ဆိုတဲ့ခရီးလမ်းဟာ

သားတို့လည်း မမောမပန်းပဲ

ဆက်လက်လျှောက်လှမ်းချင်ပါတယ်။

ဆက်လက်လျှောက်လှမ်းသွားမယ်လို့လည်း ဂတိပြုပါတယ်။

သားတို့ အသက်နဲ့ အမျှ

ဂါရ၀ထားရတဲ့

အမေရေ

အမှန်တရားအောင်ပွဲခံတဲ့နေ့မှာ

အမေ့ကို ရှိနေစေချင်ပါတယ်။

ကျနော်တို့လည်း ရှိနေချင်ပါတယ်။

အရာအားလုံးလည်း ရှိနေစေချင်ပါတယ်။

အမေအပါအ၀င်

ပြည်သူလူထုပို့သတဲ့မေတ္တာနဲ့

ကျနော်တို့ လွတ်မြောက်ရှင်သန်နေဆဲပါ။

ကျနော်တို့နဲ့အတူ

တော်လှန်ရေးစိတ်ဓာတ်လည်း

လွတ်မြောက်ရှင်သန်နေဆဲပါ၊

ကျနော်တို့အတွက်

ကျနော်တို့နိုင်ငံအတွက်

လူသားအားလုံးအတွက်

အမေကျန်းကျန်းမာမာနဲ့

ဆက်လက် မေတ္တာပို့

စောင့်ရှောက်နိုင်ပါစေ။

ဗကသများအဖွဲ့ချုပ်



Labels:

posted by မြင့်ဇေ @ 10:28 PM   1 comments
ကောင်းထက်အတွက် မင်းရဲ့ ဦးမြင့်ဇေ ရေးတဲ့ ကဗျာ
Tuesday, November 20, 2007

ကောင်းထက်အတွက် မင်းရဲ့ ဦးမြင့်ဇေ ရေးတဲ့ ကဗျာ

မြစ်ဟာစီးဖို့ဘဲ..

စီးတော့….။

မင်းသယ်မယ့်လမ်းဟာ

မင်းထမ်းထားသလို

မင်းပုခုံးပေါ်မှာ

သူ စောင့်ကြည့်နေတယ်

Antique ကြီးတွေလား ပေါ့..

ဒီမှာ…..။

အံမ၀င်တဲ့ လောကထဲ

အံဝင်အောင် များများ မလိုဘူး

အမှန်တရားကိုချစ်

သစ္စာတရားကို ချစ်

တချို့ အဖြစ်တွေကို

ဥပက္ခော ထား…

တချို့

လောကပါလတရားမှာ

မင်းလည်း ပါရမှာပဲ။

ကြယ်တစင်းကြွေရင်

ကောင်းကင်ငိုတယ်

မင်းပါမယ့် ကောင်းကင်အတွက်

ဂုဏ်ယူလိုမှုတွေနဲ့

မင်းအဖေ စောင့်မျှော်နေခဲ့။ ။

မြင့်ဇေ

ကောင်းထက် ၁၆နှစ်မြောက်မွေးနေ့အတွက် ဆုံဆည်းရာ မှ ကမာပုလဲကဗျာအား ဖတ်ရေးသည်။

Labels:

posted by မြင့်ဇေ @ 8:51 AM   1 comments
လမ်းလျှောက်သူများသို့
Thursday, September 6, 2007

မအိပ်နိုင်ဘဲ လူးလွန့်တော့

မအိပ်နိုင်ဘဲ သက်ပြင်းတွေ အခါခါချတော့

မိန်းမက မေးတယ်

ရှင် မအိပ်တော့ဘူးလား

ရှင် စိတ်ကူးယဉ်နေတုန်းဘဲလား

ပြီးတော့ ဆိတ်ငြိမ်သွားတယ်

သူ့မေးခွန်းမှာတောင်

သူအဖြေမရှာနိုင်ခဲ့ဘူး။


ခြေလှမ်းနေတာက လမ်းဖြစ်ရင်ဖြစ်မယ်

စီးရတာက ဆိုင်ကယ်.. ကား..

ဘာဖြစ်ဖြစ်

တကယ်တမ်း .... သက်သာပါရဲ့

ဒါကကို ဖိဖိစီးစီးပြတယ်

ကျနော်တို့ဟာ `ရောဘတ်အိုဝင်´ ထက်

ပိုဆိုးတဲ့အကြောင်း၊

သူတို့က

မမြင်ခဲ့တဲ့လမ်းတွေကို

မဖန်တီးနိုင်ခဲ့တဲ့ နည်းနာတွေနဲ့

လျှောက်ခဲ့တယ်။

ကျနော်တို့

ထောပနာပြုရမယ်။

သူတို့ရဲ့

ကျေးဇူးတရားက

ကမ္ဘာထက်လေးလံအောင်

ကျနော်တို့ အတွက်

သည်းသည်းထန်ထန် အရှက်ရစေခဲ့ကြောင်းကို။ ။

Labels:

posted by မြင့်ဇေ @ 8:59 AM   1 comments
စာမျက်နှာသစ်တခု
Saturday, July 14, 2007

တသက်လုံးစာအတွက်
ဗွီဒီယိုနှစ်ခွေက ဖေါ်ကျူးနိုင်ပါသလား။

ဘ၀ဆိုတာ ခပ်ပါးပါးပေမယ့်
ခေတ်ကပြဌာန်းတော့
သံတိုင်တွေနောက်
တောင်တန်းတွေပေါ်
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် ပစ်တင်ခဲ့သူ
(အခုတော့) ငြင်သာတိုးတိတ်အိပ်စက်ခဲ့ပေါ့။

ငါတို့ကိုယ်ပိုင်လမ်းမှာ
တစုံတယောက်ကို ဆုံးရှုံးရလေ
တရားကို ခင်တွယ်စိတ်ဟာ ပိုနက်ရှိုင်းလေ
ဦးခေါင်းကို အလေးအနက်ညွှတ်ခဲ့
ဒါဟာလည်း
သူ့ဝန်ကို မျှဝေယူခဲ့တာပါ။

တခါတလေ ပြုံးမိတယ်
မီးပန်းဆန်ဆန်
စကားလုံးနဲ့ ချီးမွမ်းမှုတွေအကြောင်း။

ကျွန်တော်ကတော့
ပွယောင်းနေတဲ့ ချစ်ခြင်းမေတ္တာတွေကြည့်ရင်း
အတူထိုင်ဖူးတဲ့
ယိုင်နဲ့နဲ့ ကွပ်ပျစ်ကလေးအကြောင်းပဲ တွေးနေမိတယ်။

၁၆၊ ၆၊ ၂၀၀၅ တွင်ကွယ်လွန်သွားသော ရဲဘော်ထက်မိုးအတွက်

Labels:

posted by မြင့်ဇေ @ 8:14 PM   0 comments
ဒီတိုင်းပြည်ကို အာဇာနည်ထောင်သောင်းကတည်ခဲ့တယ်
Wednesday, July 11, 2007


ခေတ်ကိုက
အမှောင်တိုက်
ဖုန်ဆိုးမြက်ရိုင်းတဝေေ၀နဲ့
ငါတို့ရဲ့ တိုင်းပြည်
လားဝင်တဲ့ ရွက်ဖျင်တဲ
ဖြစ်ပုံကိုမြင်ရင်
နာကျင်မဆုံးဖြစ်နေကြဦးမယ်။

ဒီအချိန်ဆိုရင်
လှမ်းလက်စခြေတွေ အလိုလိုရပ်သွားမယ်
ဥသြဆွဲသံကို ရင်နဲ့ကြားမယ်
ခေတ်ကို ဖန်တီးတဲ့ သွေးစက်တွေ မြင်ရမယ်။

သတိရခြင်း၊မရခြင်း
အလေးအမြတ်ထားမှု၊ မထားမှုမှာ
အမိန့်နာခံဖို့ လိုပါသလား။

ရာဇ၀င် မဲ့ခဲ့သူဟာ
အာဇာနည့်ဂုဏ်ပုဒ်ကို
မသီကျူးရဲဘူး။

ဒါပေမယ့်ကွယ်
ခေတ်တွေ ဘယ်လောက်ပဲမှောင်မှောင်
သူရဲကောင်းတွေရဲ့
ဂုဏ်ရောင်နဲ့ ကျေးဇူးတရားက
ချစ်သူတွေရင်ထဲ အစဉ်ဝင်းပဆဲ။ ။

မြင့်ဇေ

Labels:

posted by မြင့်ဇေ @ 10:39 AM   0 comments
Monday, July 9, 2007
ယုံမှားမိသူရဲ့ အဖြစ်အပျက်
ဆွေးမြေ့နေတာက
မျက်ဝန်းမှာမဟုတ်
နှလုံးသားမှာကွယ့်။
တကယ်တော့
ကိုယ့်အထင်နဲ့ကိုယ် ကျော့ကွင်းမိခဲ့သူ
ကိုယ့်ချစ်ရသူရှိရင်
“ချစ်သူများနေ့” အစဉ်အမြဲရှိလိမ့်မယ်လိုဏ္ဍ
ရူးရူးမိုက်မိုက် တွေးခဲ့။
နောက်ဆုံး
ကျဆုံးခဲ့ပြီ
ဘ၀ကဒဏ်ရာကို မှီရတာလား
အဲဒီဒဏ်ရာကိုဘဲ လျှာနဲ့လျက်လို။့
တမြေ့မြေ့ ပြန်တွေးရမှာလား
သေချာတာကတော့
ကျ ဆုံး ခဲ့ ပါ ပြီ။
ချစ်ခြင်းမေတ္တာမှာ
အရှုံးအနိမ့်တော့ ရှိစမြဲ
မမြင်ရတဲ့ဒါးကဘဲ
အခံရအခက်ဆုံး။ ။
မြင့်ဇေ

Labels:

posted by မြင့်ဇေ @ 1:48 AM   0 comments
စိတ်အချဉ်ပေါက်ပေါက်နဲ့ ပြောလိုက်မယ်
Sunday, July 1, 2007
စိတ်အချဉ်ပေါက်ပေါက်နဲ့ ပြောလိုက်မယ်
သမိုင်းမသိတဲ့သူတွေအကြောင်းက ပျင်းစရာကြီး
ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့ သူတွေအကြောင်းက ပျင်းစရာကြီး
နှစ်ပဲတပြားနဲ့ ကိုယ်ရည်သွေးသူတွေကို သနားစရာ
ကျေးဇူးရှင်ကို စုံလုံးကန်းသူတွေ ဘန်းထားလိုက်။

ဘုရားသခင်ကို တိုင်တည်ပြီး
ကိုယ့်တရားကိုယ်ပြနေကြ
ထားလိုက်ပါတော့ကွယ်
ခေတ်ဆိုတာကလည်း
ဗဟုဝါဒလား
ယုံထင်ကြောင်ထင် အမြင်လား
ကိုယ့်တရားကကိုယ့်ကို
နောက်ကြော မလုံနိုင်ခဲ့လွန်းလှ။

မိုးဦးကျမှုတွေလို
ကျွမ်းကျင်သူတွေ တိုးပွား
အီရတ်= မလွတ်မြောက်နိုင်သေး
မြန်မာ= အသုံးသပ်ခံဘဝ
ဒါလည်း
စိတ်အချဉ်ပေါက်ပေါက်နဲ့ရေးလိုက်တယ်။

သုံးသပ်တာလား
ဈေးဖြတ်တာလား
ပညာရှင်များရဲ့ သံစဉ်များ
ဒါလည်း
စိတ်အချဉ်ပေါက်ပေါက်နဲ့ ပြောလိုက်တယ်။


ကိုယ့်သံစဉ် ကိုယ်ညှိနေမှတော့
ညောင်နှစ်ပင်ပဲတက်တက်
ကြိုးစင်ဘဲတက်တက်
ဘ၀ဆိုတာ ကိုယ်တိုင်ရေးတဲ့ အရာ။

ဒါလည်း
စိတ်အချဉ်ပေါက်ပေါက်နဲ့ ပြောလိုက်မယ်။ ။

Labels:

posted by မြင့်ဇေ @ 1:16 PM   0 comments
ကဗျာလေးဆယ့်ငါးရာသီ (၃)
Sunday, June 17, 2007


ဘ၀တနံတလျားထဲ
စိတ်လန်းတဲ့ ရိုးမြေကျမှုတွေ
အမေ့မျက်ရည်တွေ ရပေမယ့်
ကျေးဇူးမမဲ့တတ်မှုတွေ ရှိတယ်။

ငါတို့ရဲ့ဘာသာစကားဟာ
မထည်ဝါလှပါဘူး
ဒါပေမယ့်
လူနားလည်တယ်။

ကိုယ့်ဘ၀ ကိုယ်ထမ်းနေမှတော့
နောက်ကျော မလုံတဲ့ကိစ္စတွေလည်း မဲ့ပေါ့။ ။

Labels:

posted by မြင့်ဇေ @ 1:50 AM   0 comments
ရေတံခွန်
Friday, June 15, 2007


ဗြုန်းဆို....
အရှင်လတ်လတ် ထိုးဆင်းခဲ့ပုံများ
ဆီးကြိုသူမှာတော့
ရင်နှစ်ခြမ်း အစဉ်ကွဲလို့။ ။

Labels:

posted by မြင့်ဇေ @ 10:41 PM   0 comments
လူ

အညွန့်တလူလူလား
မီးခိုး တလူလူလား
အပူတွေက များပါသဘိနဲ့။

Labels:

posted by မြင့်ဇေ @ 9:02 PM   0 comments
လူသိရှင်ကြားရည်းစားစာ


ရနံ့ရမှ
အရောင်မြင်မှ
အလွမ်းဟာ ပွင့်ခွင့်ရတာမဟုတ်
မင်းနာမည်ကြားရုံနဲ့
ရင်တခုလုံး ကမောက်ကမဖြစ်ပြီ။

မင်းကိုလွမ်းရတာလား
ဒုက္ခကို ထမ်းရတာလား
အဖြေတွေတောင် မကွဲပြားတော့ဘူး။

မင်းဟာ မြစ်တစင်းဆိုရင်
ပင်လယ်မရောက်နိုင်တဲ့
ရေစီးကြောင်းဟာ
ငါပါ။

နွေဦးနဲ့ နှင်းအကြွင်းအကျန်တို့ပေါင်းမှ
ပွင့်တာတဲ့လား
ငါ့ရင်ထဲမှာတော့
မင်းက အစဉ်အမြဲပွင့်တယ် ချယ်ရီ

Labels:

posted by မြင့်ဇေ @ 1:54 AM   1 comments
လိပ်ပြာမလုံနိုင်တဲ့ကာလ

တကယ်တော့
မတ်လဆိုတာ
ပင်လယ်လိုဘဲ။

မတ်လရဲ့ သမိုင်းအဆက်ဆက်ဟာ
လှိုင်းတွေ၊ မုန်တိုင်းတွေနဲ့ ပြည့်နှက်။

အနီထဲမှ ကြယ်ဖြူပွင့်
အမှောင်ခေတ်၏ အစ
ဖုန်းမော်၊ တံတားနီ
နှစ်ပေါင်းများစွာက အနီ မွေးဖွားရာ
စသဖြင့်
လွမ်းမောဘွယ်ရာ လူသိသူသိ
ဖြစ်ရပ်များ။

ပြောခဲ့ကြပါတယ်
တတိယနိုင်ငံလည်း ဦးမခိုက်ဘူး
စတုတ္ထနိုင်ငံဆိုပြီး မခြိမ်းခြောက်နဲ့
ရင်ထဲက ပဉ္စမနိုင်ငံတော်ထံ အရောက်သွားမယ်၊

ဒီလိုလေထုတွေနဲ့
အမှတ်ရစရာပြည့်နှက်နေတဲ့
မတ်လကို ပြန်ရောက်တိုင်း
ကိုယ့် လိပ်ပြာ ကိုယ်မလုံစေတဲ့
အရှက်ရစရာတွေက
မျက်နှာကို မပြ၀ံ့စရာဘဲ။

Labels:

posted by မြင့်ဇေ @ 1:51 AM   0 comments
ဇာတိ၊ နှစ်ကူးပိတောက်လွမ်းချင်း
Wednesday, June 13, 2007


အပူငြိမ်းစေတဲ့

နွေဦးမိုးက

မင်းကို သယ်ခဲ့တာ

ပြတင်းတံခါးမှာ

အ၀ါတွေပြည့်လျှံ

ကောင်းကင်တော်တောင်မှ ၀ါလဲ့လဲ့။

ပိတောက်ရဲ့ အဝေး

ငယ်ပန်းအလှလေးရဲ့ အဝေး

ဇာတိရဲ့ အဝေး

ဒီလိုနဲ့

နှစ်တွေ ရွေ့ခဲ့တယ်။

ဒီမှာတော့

ဖိဖိစီးစီး

ဒုက်ခ၊ ပင်ပမ်းမှု၊ ငွေကြေး၊

မယုံသင်္ကာမျက်ဝန်းများ

အထိအရှများတဲ့ လူ့ဘဝ

ပေါ့ပါးအောင်

စိတ်ကို ဘယ်ပေါ်တင်ထားရပ။

ပိတောက်တွေ အကြိမ်ကြိမ် ပွင့်ခဲ့တယ်

နှစ်သစ်တွေ အကြိမ်ကြိမ်ကူးခဲ့တယ်

ဘ၀ကတော့ တဘ၀ဘဲ

ဒီလိုနဲ့

နှစ်သစ်တွေဆိုတာ

ငါ့အတွက် နှစ်အဟောင်းတွေသာ

ဖြစ်ခဲ့တာ ကြာ ချေ ပေါ့။

အားလုံးကို ဥပေက္ခာာပြုလိုက်ရတယ်

ငါက ဒုတိယနိုင်ငံရောက်နေသူ။ ။

Labels:

posted by မြင့်ဇေ @ 1:21 AM   1 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com