|
၉၂ပြည့်မွေးမိခင်သို့ ပေးစာတစောင် |
Monday, November 26, 2007 |
၉၂ပြည့်မွေးမိခင်သို့ ပေးစာတစောင်
အဲဒီညကလေ၊ အမေ။ မိုးလေးတွေက တဖွဲဖွဲကျလို့ မသဲလှပေမဲ့ အသဲကတော့ ကျင်နေတယ် မခွဲချင်တာတော့ အမှန်ပါ အရင်ဆုံးဖြတ်တာက တံခွန်တိုင် နောက်-အရာတော် တောင်မြင့် မှောင်နဲ့မည်းမည်းထဲမှာ တနေရာပြီးတနေရာကျန်ရစ်ခဲ့တယ် စားချင်စိတ်လည်းမရှိ အိပ်ချင်စိတ်လည်းမရှိ စဉ်းစားချင်တာပဲရှိပေမဲ့ ဘာမှစဉ်းစားလို့လည်းမပေါ် သြော်၊ မြစ်ငယ်တောင်ကျော်သွားပါပေါ့လား။
အဖေနဲ့အမေကို ကန်တော့ခဲ့ပါတယ် ညီနဲ့ အမ နှမ ငါ့ကိုခွင့်လွှတ်ကြနော် တကိုယ်ကောင်းဆန်တာမဟုတ် သူရဲကောင်းဖြစ်ချင်တာလည်းမဟုတ် အခြေအနေက တွန်းပို့တော့ ဒို့မှာ ရွေးစရာမရှိလို့သာ။ နားလည်ကြပါကွာ အဖေနဲ့အမေကို ဂရုစိုက်ကြပါကွာ လို့၊
အဲဒီနောက်တော့ အမေရယ် တောင်တွေ၊ တောတွေ ချောင်းတွေ၊ အင်းတွေ လွှားကနဲ လွှားကနဲ၊ တသွားထဲသွား၊ နယ်စွန်နယ်ဖျားထိ ကဗျာတပုဒ်တောင်ရေးမိသေးတယ် အမေမှတ်မိမယ်ထင်ပါတယ်- “အနောက်ကိုတချက်ငဲ့ကြည့်လို့ အရှေ့ကိုတဲ့ ထွက်ခဲ့တယ်”ဆိုတာလေ၊
ပြက္ခဒိန်စာမျက်နှာတွေ သက်ရွက်ခြောက်တွေလို တဝေေ၀လွင့်ကျ နီသူတွေဖြူ၊ ဖြူသူတွေနီ ဘ၀တွေ၊ ချစ်ခင်ရင်းနှီးသူတွေ သွေကွဲရော၊ ရှင်ကွဲရော ခွဲခွာကုန်ကြ အသစ်တွေနဲ့လည်း တင်းတင်းကြပ်ကြပ်ပဲ လက်ဆွဲနှုတ်ဆက်ကြ ဘာသာစကားတောင် အတော်စုံအောင်တတ်ခဲ့ နှစ်ပေါင်းသုံးဆယ်ဆိုတာ နည်းသမို့လား အမေရယ်၊
အပါးမှာအဖေလည်းမရှိ ကျနော်တို့လည်းမရှိ အမေချည့်တယောက်ထဲ မဟုတ်ဘူး၊ လှေခွက်ချည်းမဟုတ်ဘူး ပြည်သူတွေနဲ့လက်တွဲလို့ သားမြေးသစ်တွေနဲ့လက်တွဲလို့ အမယ်အို့ခြေလှမ်းမို့ သူတို့လောက်မသွက်လည်း ၁၉၃၆တုန်းကလိုပဲ ချီဆဲတက်ဆဲ အခုလည်းလက်တွန်းလှည်းနဲ့ ရဲရဲကြီးချီတက်နေတဲ့ အမေ့ရဲ့သားမှာ ၁၃၀၀ရတီ အမေဆိုတဲ့စိန်နားကပ်ကြောင့် ပါးအပြောင်ကြီး ပြောင်ခဲ့ရပါတယ်၊
အမေလဲလှမ်း ကျနော်လည်းလှမ်း ဒီလမ်းကြီးတလျှောက်မှာ မောတယ်တခွန်းမပြောပါဘူး ၉၀ကျော်ကြီးနှုတ်က တခွန်းပဲထွက်ရှာတယ် ဘာအဓိပ္ပာယ်လဲ ကဗျာဖတ်သူတွေးကြည့်ပါ “ငါ့သားကျန်းမာအောင်နေ အမေလည်းကျန်းမာအောင်နေတယ်”တဲ့၊ ဖိုးသံ (လူထု)
၁၃၀၀ရတီ - ၁၃၀၀ပြည့်မျိုးဆက်ကို ညွှန်းတာပါ၊ |
posted by မြင့်ဇေ @ 7:18 PM  |
|
1 Comments: |
-
ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။ တာရာမင်းဝေအမှတ်တရ ဘလော့လိုပေါ့။
|
|
<< Home |
|
|
|
|
ကျနော့်အကြောင်း |
![]()
Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
|
ယခုလ မာတိကာ |
|
ယခင်လ မာတိကာ အဟောင်းများ |
|
အလည်သွားဖြစ်တဲ့ ဘလော့များ |
|
Powered by |
 |
|
ကိုဖိုးဇေ
အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။