Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်စင်တစင်း
Thursday, November 15, 2007

လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်စင်တစင်း

ရွာအ၀င်တွင်တော့ ကျနော့်ခြေလှမ်းများ နှေးသွားသည်။ နောက်ကပါလာသည့် မွန်ပြည်သစ်ပါတီ ရဲဘော်လေးက `ဆေးမှူး အရှေ့ကလူတွေနဲ့ ပြတ်သွားဦးမယ်..´ သတိပေးမှ ကျနော် ခပ်သုတ်သုတ် လှမ်းမိ သည်။ ရာဘာတောမှအထွက် သူမတို့ အိမ်ရှိရာလမ်းမှ ပွိုင့် မဖြတ်ဘို့ ဆုတောင်းသော်လည်း ပွိုင့်သွားသည့် ရဲဘော်က ချိုးဝင်သွားခဲ့ပြီ။ အင်းလေ… ဒီလမ်းက ရွာလယ်ရောက်ဘို့ အနီးဆုံးလမ်းမဟုတ်လား။

သူမတို့အိမ်နားရောက်တော့ ထွက်လာသည့် လူရိပ်တခုကို တွေ့လိုက်ရသည်။ သူမ…၊ ကျနော် အကြိမ်ကြိမ် ဆုတောင်းသော်လည်း မပြည့်ခဲ့ပါလား။ စစ်ကြောင်းအရှေ့ အနောက်ကို ရှာကြည့် နေပုံရသည်။ ပြီးတော့ ကျနော်ကိုတွေ့တော့ ၀မ်းသာအားရ အပြေးကလေး ကျနော့်နားသို့ ရောက်လာခဲ့သည်။ ပြီးတော့…`ဆေးမှူး၊ သူရောဟင်.. သူဘာမှ မဖြစ်ဘူးမဟုတ်လား။ ´ `ဘုရားရေ.. သူမသိသေး ပါလား။ ´ ကျနော့် စိတ်ထဲမှ တွေးမိသည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ကို သမီးရည်းစားဖြစ်အောင် လုပ်ဆောင်ပေးခဲ့သည့် ကျနော်က သူ ကျဆုံးသွားသည့်အကြောင်းကို ပြောပြရသူဖြစ်ရဦးမည်။

ကျနော်လည်း စိတ်မသက်မသာနှင့် ကျဆုံးသွားသည့် အကြောင်းကို ခပ်တိုတိုရှင်းပြလိုက်သည်။ နားထောင်နေသော သူမကို တည့်တည့်မကြည့်ရဲ။ သူမယုံရော ယုံပါ့မလား။ ရည်းစားသက်တမ်းကို စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် ၃ ရက်သာကြာသေးသည်။ အဖြေရပြီးသည်နှင့် တခြားရွာသို့ စစ်ကြောင်း ထွက်ရသည်။ ပြန်လာတော့ သူမပါလာ။ ကျနော် ပြောနေရင်း ရှိုက်သံကြားလို့ငဲ့ကြည့်တော့ ကလေးမ ငိုနေရှာပြီ။ ငိုပါ … ညီမလေးရေ။ ငိုပါ။ ငါတို့လည်း ရင်ထဲမှာ ငိုနေကြရတာဘဲ။ အဖိုးထိုက်တဲ့ လူသားတွေ သေဆုံးမှုအတွက် ငါတို့ ရဲ့ မျက်ရည်တွေက ဂုဏ်ပြုမှုပါဘဲ။

၁။

သူဆိုသည်က မင်းလူ။ ရန်ကုန်သား ။ ဖခင်ဖြစ်သူက အစိုးရ ကြေးနန်းတပ်က။ ၈၈၈၈ ဖြစ်ပြီး အစောဆုံး တောခိုသည့် ကျောင်းသားပြည်သူများထဲတွင် မင်းလူလည်း ပါသည်။ ကျနော် ရောက်တော့ သူက လုံးလုံး ပြောက်ကျားစစ်သားကြီး ဖြစ်နေပြီ။ တပ်ရင်းရှိ အငယ်ဆုံးသူများထဲတွင် သူပါသည်။ အလုပ် လုပ်ရာတွင်လည်း တက်တက်ကြွကြွရှိသည်။ ကျနော်တခု မကြိုက်သည်က ရန်ဖြစ်တတ်ခြင်း။ မင်းလူနဲ့ စကားများ ရန်မဖြစ်ဘူးသူဆို၍ သိပ်မရှိလှ။ ဤသည်ကို ကျနော်က မကြိုက်။ တပ်ထိပ်ပိုင်းတာဝန် ရှိသူများက အစဉ်ခေါ်ယူဝေဘန်သည်။ ကျနော်တို့လို ခင်မင်ရင်းနှီးသူများက ဖျောင်းဖျဆုံးမသည်။ ထိုအချိန်တွင်တော့ သူက ပြုံးပြုံး ပြုံးပြုံးနှင့် ငြိမ်ပြီး နားထောင်နေတတ်သည်။ သို့သော် ရန်ကတော့ ဖြစ်မြဲ။

ထိုစဉ်က ဘုရားသုံးဆူ ဒေသ မကျသေး။ ကျနော်တို့ တပ်ရင်းနေရသည်က ဘုရားသုံးဆူ ရွာစွန်နား တွင် ရှိသော ဘုန်းကြီးကျောင်းကုန်းရှိ အခင်းအနည်းငယ်သာရှိသော ဇရပ်၌။ ထိုဇရပ်ကို ရောက်ပြီးနောက် ၀ါးခုတ်ပြီး အကာအခင်းအပြည့်လုပ်ရသည်။ စားဘို့အတွက် လူခွဲကာ တောင်ယာဖုန်းဆိုးဟောင်းများကို မွှေနှောက်ရသည်။ မည်မျှပင် မွှေနှောက်စေကာမူ ကျနော်တို့ ရခဲ့သည့် အသီးအနှံက ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် သဘောင်္သီးပင်။ မနက် ကျောက်ဖရုံဆိုပါက ည သဘောင်္ သို့မဟုတ် ရွှေဖရုံ။ ကျနော်တို့ ဆေးတပ်စိတ်က မှီခိုနေထိုင်ရသည့် ဘုန်းကြီးကျောင်းအား နေ့စဉ် ရေထမ်းဖြည့်ရသည်။ ကြမ်းတိုက် ပေးရသည်။ သို့အတွက် ဘုန်းကြီးများက သူတို့ ဆွမ်းစားပြီးလျှင် ကျနော်တို့အား ဆွမ်းဟင်းအကျန်များကို စွန့်လေ့ရှိသည်။ ဆွမ်းဟင်းအကျန်ဆိုသည်က ငပိရည်သာ။ ငပိရည်ကလည်း နဲသည့်အတွက် ကိုယ်နှင့် ခင်မင်သူများကို ခေါ်ကာ ဒိုင်၍ စားရသည်။ ကျနော်နှင့် အတူစားဖြစ်သည်က မင်းလူ။ ငပိရည် နှစ်ဇွန်း သုံးဇွန်းကိုက ထိုအချိန်က နတ်သုဒ္ဓါ။

နောက် ကျနော်တို့ စခန်းဆောက်ရန် မြေနေရာရသည်။ စခန်းဆောက်ပြီး၍ ပြောင်းကာစမှာပင် ဘုရားသုံးဆူ ၀န်းကျင်တခို၌ စစ်ရိပ်စစ်ငွေ့များယှက်သန်းလာသည်။ ရန်သူစစ်တပ်က ထိုးစစ်ဆင်တော့မည်။ ထိုအချိန်က ကျနော်တို့မှ ရှိသည့် သေနတ်က လူဦးရေထက်စာလျှင် အပုံကြီးနည်းလွန်းနေသည်။ ကျန်သော ကျောင်းသားတပ်များ၊ မဟာမိတ်မွန်တပ်များဖြင့် ပေါင်း၍ စစ်ကြောင်းထွက်ရန် အကြောင်းကြားစာ ရောက် လာသည်။ ရှိသည့်သေနတ်များကို တွက်ကြည့်ပြီး စခန်းတွင် အချို့တ၀က် ထားပြီး ကျန်ရှိသည့်သေနတ်နှင့် ရှေ့တန်းထွက်သွားကြသည်။ ထိုအထဲတွင် မင်းလူပါသွားသည်။ ကျနော်တို့က ဘုရားသုံးဆူကျခါနီးတွင်မှ ဆုတ်လာရသည်။

ဒီလိုနှင့် ကျနော်တို့ စခန်းအသစ်ပြောင်းဆောက်ရသည်။ ထိုနေရာက ကရိန်ကန်တွင်ဖြစ်သည်။ မအောင်မြင်သည့် ရေးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲကြသည်။ မင်းလူတို့ ပါသည်။ ကျနော်တို့ စခန်းဆောက်အပြီး ရှေ့တန်းသို့ ရိက္ခာပို့ရန် တာဝန်ကျသည်။ သေနတ် အပိုရှိရင်တော့ ရှေ့တန်းမှာနေခဲ့မယ် ဆိုသည့် စဉ်းစားမှုဖြင့် ကျနော်လိုက်သွားခဲ့သည်။ ၃ ရက်မျှ ပြင်းပြင်းထန်ထန်လျှောက်ပြီး ရေးတောင်ပိုင်းရှိ ခေါဇာ ကျေးရွာဂွင်ထဲ ရောက်သွားသည်။ ထိုအချိန်တွင်မင်းလူတို့က မြောက်ပိုင်းမှာ။ နောက်တန်းပြန်သည့်သူများ ပြန်သွားကြသဖြင့် သေနတ်တလက်ယူပြီး ရှေ့တန်းတွင် ကျနော်နေရစ်ခဲ့သည်။ ရေးတောင်ပိုင်းဂွင်အတွင်း ၇လ ခန့် လှည့်လည်နေထိုင်ပြီး ကျနော်တို့ စစ်ကြောင်း မြောက်ပိုင်းသို့သွားပေါင်း ရသည်။ ထိုသို့သွားပေါင်း မှသာ မင်းလူနှင့် ပြန်ဆုံရခြင်းဖြစ်သည်။

(၂)

တပ်ကို ပြန်လည်စုဖွဲမှုလုပ်သောအခါ မင်းလူက ကျနော်တို့တပ်စိတ်တွင် ပါလာသည်။ နဂို ကတည်းက တွဲခဲ့သူများဖြစ်နေခြင်းကြောင့်လည်း ဆိုးတိုင်ပင်ကောင်းတိုင်ပင် နေကြသည်။ အထူးသဖြင့် အချစ်ရေး။ အချစ်ရာကိစ္စတွင်ဖြစ်သည်၊ သူနှစ်ခြိုက်နေသည့် တိုင်းရင်းသူကလေးကို မည်သို့မည်ပုံချည်းကပ် သင့်သည်ကို ကျနော်က အကြံပေးရသည်။ ဤကိစ္စတွင် ကျနော်က ဖြစ်ဖြစ်ထွန်းထွန်း ရှိလှသူ မဟုတ်။ သို့သော် တခြားတပါးသော သူများအတွက်တော့ ရသည်။ အဓိက က ရည်းစားစာ ရေးပေးရခြင်းဖြစ်သည်။ ကျနော်ရေးသည့်စာကို သူက သူ့လက်ရေးနှင့် ပြန်ရေးပြီး ကျနော်က ကောင်မလေး ရေသွားခပ်ချိန်တွင် လိုက်ပေး ပေးရသည်။ ကျနော်ပေးတော့ (ကျနော်ပေးသည်ဟု ထင်ပုံရ၍) ကလေးမက မယူ။ အကျိုး အကြောင်းနှင့် ကျနော်ပေးခြင်း မဟုတ်ကြောင်း ရှင်းပြတော့လည်း မရ။ ဒါဆို ကြိုက်တဲ့သူကို လာပေးခိုင်းလိုက်ဟု စကားပြန်လိုက်သည်။ သို့သော် ဒီကောင်ကလည်း စစ်တိုက်ရင်တော့ အလွန်ရဲရင့်သူ ဖြစ်သော်လည်း ဒီကိစ္စမျိုးမှာတော့ မရဲတင်း။ သူသွားပေးတော့ ကျနော့်ကို အတင်းခေါ်သည်။ ကျနော်ကလည်း ဆေးရိုးသည် အဖြစ်မခံနိုင်။ နောက်ဆုံးတော့လည်း သူ့ဆန္ဒကို လိုက်လျောပြီး လိုက်သွားသည်။

သူသွားပေးတော့ ကောင်မလေးက ငြင်းဘို့တောင်မေ့နေပုံရသည်။ ချက်ချင်းကို စာလက်ခံလိုက် သည်။ နောက်သိပ်မကြာခင်ရက်များအတွင်းမှာဘဲ ကျနော်တို့စစ်ကြောင်း အဲဒီရွာကို ပြန်ဝင်တော့ နှစ်ရက်လောက်အနားရသည်။ ဘောလုံးကန်ကြ၊ အပျိုမလည်ကြနှင့်။ ပြောက်ကြားဒေသဖြစ်သော်လည်း လူထု အခြေခံကောင်းသောဒေသဖြစ်၍ တပ်နှင့်ပြည်သူက ရေနှင့်ငါးပမာ။ နောက်နေ့စစ်ကြောင်း ထွက်မည်ဆိုသောညတွင် မင်းလူတယောက်ပျော်လို့ မောလို့ တည်းရာအိမ်သို့ ပြန်လာသည်။ ကျနော့်စိတ်ထဲကတော့ သိနေခဲ့သည်။ ဒီကောင်လေးတော့ ရည်းစားအဖြေပြန်ပေးလိုက်ပြီ ဆိုသည်ကို။ သို့သော် မသိချင်ယောင်ဆောင်ပြီး အခြားစကားတွေလျှောက်ပြောသည်။ နောက်ဆုံးသူမနေနိုင်တော့။

`အကို သိလား.. ကျနော့်ကို အဖြေပြန်ပေးလိုက်ပြီဗျ´ သူဆိုတောာ့ ` သိပါတယ်ကွာ… မင်းပုံစံကြည့်တာနဲ့ ဒါပေမယ့် အိပ်ကြရအောင်။ မနက်ဖြန် စောစော စစ်ကြောင်းထွက်ရမယ်´ ကျနော်က ပြန်ပြောလိုက်သည်။ ထို့နောက် ကျနော်လည်း အိပ်ရာဝင်ဖြစ်ခဲ့သည်။

(၃)

နောက်နေ့မနက်စောစောပင် ကျနော်တို့ အရုတောင်ကျေးရွာဘက်သို့ ထွက်ခဲ့ကြသည်။ အရုတောင်က နာမည်ကြီး။ တလအတွင်း ကျနော်တို့ နှစ်ပွဲဆော်ထားကြသည်။ ထိုနှစ်ပွဲတွင် ရန်သူက တော်တော်အထိနာခဲ့သည်။ ဒါကို သူတို့က အခဲမကျေ။ ကျေးရွာသားများထံမှ သတင်းများအရ ကျနော်တို့ကို အပိုင်အုပ်ရန် စီစဉ်နေသည် ဟု သိရသည်။

အရုတောင်ရောက်ပြီး နောက်နေ့မနက် ရန်သူ့လှုပ်ရှားမှု သတင်းကြားရသည်။ ရွာအ၀င် နည်းနည်းလှမ်းသည့် ရာဘာတောထဲတွင် ကျနော်တို့ ခြုံခိုတိုက်ပွဲလုပ်ရန် ပြင်ရသည်။ တနေကုန်ထမင်းငတ် သွားသည်။ ညနေ လေးနာရီလောက်၌ ရွာသားများ ထမင်းလာပို့ပြီး ထွက်လာသည့် ရန်သူ ရေးမြို့ထဲသို့ ပြန်ဝင်သွားကြောင်း သတင်းပါလာသည်။ ထမင်းစားပြီး ရွာထဲသို့ပြန်ဝင်ကာ နေရာချသည်။ ထုံးစံအတိုင်း မင်းလူက ကျနော်နှင့်အတူအိပ်သည်။ ညဘက်ရောက်တော့ သူက ပြောသည်။ ` ကျနော်က သူ့ကို နှစ်ရက်လောက်ပဲ ကြာမယ် ပြောခဲ့တာဗျ။ ဒါဆို မနက်ဖြန်လောက်ဆို သူတို့ရွာကို ပြန်ရောက်လောက်ပြီပေါ့နော်။´ `အေးဖြစ်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် စစ်ရေးဆိုတာကလည်း မင်းသိတဲ့အတိုင်း အစိုးရတာမှ မဟုတ်တာ။ ခုတမျိုး.. တော်ကြာတမျိုး ပြောင်းတတ်တာဘဲ။ဘာဘဲဖြစ်ဖြစ် ပြန်ရောက်မှာပါ။ အိပ်မယ်။ ညဘက်ကျ ကင်းရှိသေးတယ်´ ဟု ကျနော်ဆိုတော့ `ဟုတ်ကဲ့´ ပြောကာ တဘက်လှည့်ပြီး အိပ်ပျော်သွားသည်။ သို့သော် သူကတိပေးခဲ့သည့် ပြန်ရောက်မည်ဆိုသောမနက်ဖြန်သည် ကျနော်တို့အား ကြေကွဲမှုများစွာပေးရန် စောင့်စားနေသည်ကို ကျနော်တို့အားလုံး မသိကြချေ။

ကျနော့်ကင်းချိန်က ညတနာရီက နှစ်နာရီ။ ကျနော်ပြီးတော့ မင်းလူ ကင်းချိန်။ မနက်လေးနာရီ ထိုးတော့ အရုဏ်ဦးတိုက်တတ်သည့်အတွက် အားလုံး နေရာယူပြီး နေရသည်။ ငါးနာရီခွဲလောက်အထိ ဘာမှ မထူးခြားသောကြောင်း ပြန်ရုတ်ပြီး ကိုယ်တည်းသည့် အိမ်ကို ပြန်ကြသည်။ စောင်ပါးလေး ခြုံပြီး ပြန်ကွေးနေတုန်း… ဆူဆူညံညံနှင့်ရွာပြင်ဘက်မှ အော်၍ ပြေးလာသော အမျိုးသမီးကြီးတယောက်၏ အသံကို ကြားရသည်။ အော်လာသည်က `ကွန်မနန်ဟမယ်(ဗမာစစ်သား)လား… ကွန်မနန်မွန် (မွန်စစ်သား) လား မသိဘူး။အများကြီးဘဲ´ ။ သေချာသည်ကတော့ ရွာပြင်မှာ ကိုယ့်လူမရှိ။ ရန်သူသာဖြစ်သည်။ ကျနော်တို့အားလုံး အီကွေးမင့်၊ သေနတ်၊ဘေးလွယ်အိတ် အားလုံး လက်တဘက်နှင့် ဆွဲပြီး ဖိနပ်ကို တဘက်မှ ကိုင်ကာ တကိုယ်စာအတွက် ပစ်ပိုင်နယ်ပေးထားသည့် နေရာသို့ အပြေးသွားချိန်တွင်ပင် ကျနော်တို့ဘက်မှ ပစ်လိုက်သော RPG အသံကို ကြားရသည်။ ထိုပစ်ခတ်မှုကပင် ကျနော်တို့ကို ကယ်လိုက်သည်။ ရန်သူက လမ်းမအတိုင်း အလုံးလိုက် အခဲလိုက် ပြေးဝင်လာစဉ် ထိုပစ်ခတ်မှုက သူတို့ ထိုးစစ်ကို နောက်ပြန်လန်သွားစေသည်။ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်တော့ ကျနော်က သတ်မှတ်ထားရာ နေရာနှင့် ၁၅ ပေမျှ ကွာနေသည်။ ကျနော့်ဘယ်ဘက်ယွန်းယွန်းတွင် မင်းလူ… ဘေးချင်းကပ်တွင် နိုင်သူ။ မင်းလူက ပစ်နေရင်း လှမ်းအော်သည်။ `အကိုတို့ အဲဒီနားမှာဘဲနေဦး ..အဲဒီနေရာက ကျည်လမ်းကြောင်း အရမ်းကျနေတယ်´ အော်ပြောရင်း တဖက်ကလည်း ပစ်နေသည်။

ဒီလိုနှင့် ကျနော်ရှေ့နားတွင်ရှိသော ဆန်နီ ခြေထောက်ထိသွားသည်။ တင်မောင်တက်ဆွဲတော့ ခြေထောက် ထပ်ထိသည်။ နောက် မောင်မောင်လတ်ထပ်တက်တော့ ဗိုက်ဘေးနားက လျှပ်ထိသွားသည်။ သူတို့သုံးယောက်ကို ဆုတ်ရန်ပြောတော့ ဆုတ်သွားကြသည်။ ကျန်သည်က ကျနော်၊ နိုင်သူ ၊မင်းလူ။ နောက် ကျနော်တို့ညာကျောတွင် ဖြန့်ယူထားသော ကျောင်းသားတပ်ရင်း ၁၀၂ မှ စစ်ကူ နှစ်ယောက် ဘရောင်နင် စက်လတ်တလက်နှင့်ရောက်လာသည်။ သူတို့လည်း ၁၅ မိနစ်ခန့်သာ တယောက်ထိသွားသည်။ တိုက်ပွဲက ကျည်ဆန် ဖြည့်ချိန်လောက်တွင်သာ တိတ်ဆိတ်သည်။ ကျန်သည့်အချိန်က မုန်တိုင်းလို။ နှစ်နာရီခန့်ကြာ သွားသည်။ မင်းလူကတော့ ရာဘာပင်လတ်လတ်တခုတွင် ငုတ်တုတ်ထိုင်ပစ်လိုက်၊ ထပစ်လိုက်။ ခဏကြာတော့ ကျနော်နှင့်နိုင်သူအကြား အမ်အေ ၉၄ တလုံးကျလာသည်။ နိုင်သူ ဗိုက်တွင် အနည်း ငယ်ထိသည်။ ကျနော်လက်မောင်းကို ပေါက်ကွဲမှုကြောင့်လွင့်လာသည့် ခဲစ အသေးလေးပွတ်သွားသည်။ မင်းလူအားလည်း အတင့်မရဲအောင် အော်ရသည်။ သူမကြားတော့။ သူ့ခန္ဓာကိုယ်တွင် လူထုအတွက် တိုက်နေရသည်ဆိုသည့် စိတ်က ပူးကပ်နေခဲ့ပြီ။ သူ့ရှေ့မှောက်မှာလည်း အခြားသော ရဲဘော်များဒဏ်ရာ ရခဲ့ကြသည် မဟုတ်လား။ သူတချက်ထပစ်သည်။ရုတ်တရက် ဖုတ်ခနဲ ထိုင်ရက်သား ပြန်ဖြစ်သွားသည်။ သူ့ဆီက သေနတ်သံ ငြိမ်သွားသည်။ နိုင်သူက သူတက်ကြည့်မယ် ကာပစ်ပေးရန် ပြောပြီး တက်သွားသည်။ တွားသွား၍ တက်သွားကာ လည်ပင်းကို သိုင်းဖက်ပြီး ကျနော့်ဘက်ကို ခေါင်းခါပြသည်။ ဆိုလိုသည်ကတော့ သူကျဆုံးသွားပြီ။ သူသေဆုံးသွားခဲ့ပြီဆိုသည့် အဓိပ္ပါယ်။ နိုင်သူက မင်းလူ၏ သေနတ်၊အီကွေးမင့်၊ ကျောပိုးအိတ်တို့ကို ဆွဲယူလာသည်။ အသက်မဲ့ခန္ဓာကိုတော့ မဆွဲနိုင်သေး။

တိုက်ပွဲက ရှည်ကြာလွန်းလှသည်။ ကျနော်တို့ ၀မ်းမနည်းအားသေး။ ကိုယ်ရှင်သန်ဘို့လည်း ပစ်ခတ်ရဦးမည်မဟုတ်လား။ နောက်ဆုံး ရန်သူထိုးစစ်က ကြီးသထက်ကြီးလာတော့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ကျနော်တို့ ဆုတ်ပေးလိုက်ရသည်။ ပြန်ဆုတ်တော့ မင်းလူအပါအ၀င် ကျဆုံးသွားသည့် ရဲဘော် ၆ဦး၏ ခန္ဓာကိုယ်များကို ကျနော်တို့ မသယ်နိုင်ခဲ့။

တိုက်ပွဲဖြစ်နေစဉ်က မရွာခဲ့သော မိုးက အပြန်လမ်းတလျှောက်တွင် သဲမဲပြင်းထန်လှစွာရွာသည်။ ကျနော်မျက်နှာသည်လည်း မိုးရေနှင့် မျက်ရည်စ ရောနေသည်။ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်နေမိသည်။ ခန္ဓာကိုယ်ကို ရအောင် မသယ်နိုင်ခဲ့သည့်အတွက်…။ နိုင်သူကတော့ ဖြေသိမ့်ပါသည်။ သို့သော် သူလည်း ၀မ်းနည်းသံနှင့်။ အဲဒီနေ့မှာ ချစ်သူနှင့် တွေ့ဖို့ မျှော်လင့်နေခဲ့တဲ့ အညတရ ပြောက်ကျားတဦးရဲ့  ကျန်ရစ်ခဲ့ သည့် ရုပ်ကြွင်းကို သူ့ချစ်သူရှိရာ ရွာမှာ မြှုပ်နှံပေးချင်တာက ကျနော့်ဆန္ဒပါ။ သူ့ မွေးဇာတိကို ပြန်ပို့ဖို့ဆိုတာကလည်း မဖြစ်နိုင်သည့် ကိစ္စမဟုတ်လား။ ကျဆုံးသွားသည့်အကြောင်း သတင်းစကားသာ ပါးနိုင်မည်လေ။

မမြင်ရသည့် သူ့ဝိဥာဉ်ကရော သေဆုံးသည်နှင့် ဘယ်ကို စီးမျောသွားခဲ့ပါသလဲ။ အမေအိမ်ကိုလား.. ဝေးကွာခဲ့တဲ့ စာသင်ခန်းကိုလား… သူ့ချစ်သူဆီလား။ ဘယ်ကိုပဲစီးသွားတာ ဖြစ်ဖြစ် လွတ်မြောက်ရေးကောင်းကင်ထဲမှာ ခေတ်အဆက်ဆက် လင်းလက်ခဲ့တဲ့ ကြယ်စင်တွေထဲက တစင်းတော့ သူ ဖြစ်သွားခဲ့ပြီ လို့ စိတ်ထဲက ပြောရင်း ငိုနေတဲ့ သူ့ချစ်သူနံဘေးက ထွက်လာခဲ့သည်။ ဒီလိုအဖြစ်မျိုးတွေ ကလည်း စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်မချင်းကြုံနေရမယ့် အဖြစ်တွေ မဟုတ်လား။

မှတ်ချက်။ ။ မင်းလူတို့ အကြောင်းကို ကဗျာဆရာ ယောဟန်အောင်က သေတမ်းစာ အမည်နဲ့ကဗျာတပုဒ်ဖွဲခဲ့သည်။ ထိုတိုက်ပွဲတွင် ကျောင်းသားတပ်မှ ၆ ဦးနှင့်မွန်ပြည်သစ်တပ်မတော်မှ ၂ ဦးကျသည်။ စုစုပေါင်း ၁၄ ဦးခန့် ဒဏ်ရာရသည်။

နအဖဘက်မှလည်း ၃၀ ၄၀ ခန့် ထိခိုက်ကျဆုံးဒဏ်ရာရသည်ဟု သိရသည်။



Labels:

posted by မြင့်ဇေ @ 10:41 PM  
0 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com