Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
မုန်တိုင်းလာသွားခဲ့တယ်
Monday, May 26, 2008
မုန်တိုင်းလာသွားခဲ့တယ်

သတိရမိတယ်

ဆားချက်တဲ့လက်က

တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။

မင်းလည်း မမြင်နိုင်

ငါကလည်း မင်းကို

မပွေ့ထွေးနိုင်ခဲ့

ဆားချက်သမလေးရေ…။

မုန်တိုင်းက

ေ ရာ က် လာ တ ယ် ။

အခုတော့

ကမ်းမမြင် လမ်းမမြင်။

စီးမျောသွားပုံက

ကောင်းကင်တခုလုံး

ချက်ချင်း

ပျက်သွားသလို

ရုန်းရင်းဆန်ခတ်။

ခေတ်တွေ စီးဆင်းသွားတော့

ပင်လယ်က

ပြာစိမ်းလို့

ဘာမှမပတ်သက်သလိုမျိုး

သူစိမ်းဆန်ဆန်ကြည့်လို့ ။


Labels:

posted by မြင့်ဇေ @ 10:21 AM   6 comments
စံလွဲနေသည်လားမသိရသည့် လက်တွဲဖော်
Monday, April 7, 2008

အမခင်မင်းဇော် Tag တာကို ဖတ်ကြည့်ပြီး အဘား အဘား အော်မိသည်။ မည်သို့မည်ပုံ စိတ်ကူးများရပြီး ဤအကြောင်းကို Tag ရခြင်းကို အမှန်တကယ်ပင်။ ကျနော့်ဘလော့်ဂ်၏ profile တွင် ကြော်ငြာထိုးထားသည်ကို တွေ့ရက်နှင့်။ ပြီးမှ ပြန်စဉ်းစားမိသည်က လက်တွဲဖော်ဆိုသည်မှာ ချစ်သူရည်းစားရှိခြင်းနှင့် မဆိုင်ဘဲ၊ ကိုယ်ကြိုတင်ရည်ရွယ်ထားသည့် ကိုယ်နှင့် တဘ၀စာလုံး ရိုးမြေတကျ ရှိနေမည့်သူအပေါ် မိမိ၏ မျှော်မှန်းထား ချက်များကို ရည်ရွယ်ခြင်းဖြစ်နိုင်၍ အနှီ အတွေးများဖြင့် ဖုန်တက်နေသောဘလော့ဂ်အား နှစ်သစ်မတိုင်မီ ဖုန်သုတ်လိုက်ရချေသည်။

လက်တွဲဖော်...၊ ငယ်ငယ်တုန်းကတော့ ရင်ခုန်ဘူးတဲ့ အရွယ်တူတွေရှိသပေါ့။ စံတွေ၊ တန်ဖိုးတွေလည်း မသတ် မှတ်ထားပါဘူး။ မိန်းကလေး၊ယောကျာ်းလေး အတူတွဲနေရတဲ့ကျောင်းဆိုတော့ တကျောင်းတည်းနေရတော့ နီးစပ်ပြီး စိတ်ဝင်စားမှုတွေရှိခဲ့တာ အမှန်ပါ။ မလေးနက်သေးတော့လည်း မေ့မေ့ပျောက်ပျောက် ပါဘဲ။ မမေ့ပျောက်လို့ရရော ရနိုင်ပါ့မလား။ အခုဆိုရင်သူတို့က မျိုးဆက်သစ်ကလေး ဘယ်နှစ်ယောက်များ ရနေပြီလဲ မှ မသိ။

အဲဒီမလေးနက်သေးတဲ့အရွယ်နဲ့ တောထဲ၊တောင်ထဲရောက်တော့ တော်လှန်ရေးသမားဘ၀အစဆိုတော့ သိတယ်မဟုတ်လား။ အသားကုန် တက်ကြွနေတာ။ တော်လှန်ရေးကိုလည်း ရေမရှည်လောက်ပါဘူးပေါ့။ အောင်ပွဲမကြာခင်ရမယ်..ဘာ..ညာနဲ့ အောင်ပွဲရပြီးမှ မြို့ပေါ်က ကျန်ခဲ့တဲ့ အီစီကလီလေးကို ယူမယ်ပေါ့။ အဲဒါနဲ့ တနှစ်လည်း မရ၊ ငါးနှစ်လည်းမရ ကြာလာတော့ အဲဒီ စိတ်ကလေး က အငုတ်တောင်မကျန်တော့ဘူး။

နည်းနည်းရင့်ကျက်လာပြီး အခြေအနေကိုလည်း ခန့်မှန်းမိလာတော့ သွားရတဲ့ရှေ့တန်းအခြေခံဒေသက တိုင်းရင်းသူကလေးတွေကို စိတ်ကတိမ်းညွှတ်လာတယ်။ အမှန်ကတော့ ကိုယ့်ကိုယ်ကို စိုးရိမ်တာလည်း ပါတယ်။ ဒီအချိန်မှာ မယူရင် နောက်မလွယ်ဘူးပေါ့လေ။ အဲဒီအချိန်မှာတော့ လေးလေးနက်နက်စဉ်းစားလာရပြီ။ စံတချို့ထုတ်နှုတ်လာတတ်ပြီ။ အဲဒီလိုဒေသတွေက အရမ်းခေါင်းပါးတာလေ။ တော်လှန်ရေးသမားဆိုတာက လည်း လူထုထဲဝင်ရင် ကိုယ့်စည်းကိုယ့်ကမ်း၊ ကိုယ့်နိုင်ငံရေးရေချိန်နဲ့ဖြတ်သန်းနိုင်မှ စည်းရုံးရေးလုပ်ဟန်မပျက် တာမို့လား။ နောက်ကျနော်တို့က ဒေသခံတွေမဟုတ်ဘူး။ မြေပြန့်ကလာတာဆိုတော့ တချက်မှားတာနဲ့ နဂိုစောင်းနေတဲ့ အမြင်က ပိုစောင်းသွားနိုင်တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ လေးလေးနက်နက် တန်ဘိုးထားပြီး လက်တွဲဖော်အဖြစ် ရည်ရွယ်ခဲ့သူတော့ ရှိခဲ့တယ်။ တချို့သိတဲ့သူတွေက ရယ်ကြဦးမယ်။

ဒါပေမယ့် စံဆိုတာက ကိုယ်သတ်မှတ်တာနဲ့လည်း ပြီးတာ ဟုတ်တဲ့ကိစ္စမှ မဟုတ်တာ။ ကိုယ့်ဘက်ကချည်း သတ်မှတ်လို့မရတာလည်း အမှန်။ သူ့ရဲ့သတ်မှတ်ချက်ထဲမှာလည်း ကိုယ်က ၀င်ဆံ့ဦးမှ။ ဖိတ်စာတခြမ်းချည်း ရိုက်ရတဲ့ အဖြစ်မျိုးပေါ့။ ယဉ်ကျေးမှုရေချိန်အရ ကွာခြားနေပြန်ရင်လည်း သူသိတဲ့ ဘ၀ကတခု၊ ကိုယ်နားလည် တာက တခြားနဲ့ ဘ၀ဟာ အလွဲလွဲအချော်ချော်။ ကိုယ့်ဘ၀ကိုနားလည်ပေးမယ့်သူ၊ ကိုယ့်ဘ၀ကို မျှဝေထမ်းကူမယ့်သူ၊ ကိုယ့်အလုပ်ကို မငြူမစူနဲ့ အေးအေးလူလူ ပါရမီဖြည့်မယ့်သူဆိုတာ တော်လှန်ရေးသမား တဦးအတွက် တော်တော်လေးလေးပင်ပင်ရှာရခက်လှပါတယ်။ အဲဒါနဲ့ဘဲ လက်တွဲဖော်ဆိုပြီး ရည်ရွယ်သမျှမှာ ကိုယ်ကတော့ ကျန်ရစ်ဖြစ်ခဲ့ရတာချည်းပါ။

အဲဒီတုန်းကတော့ တောထဲမှာ ရိုးမြေကျနေဘို့ ရည်ရွယ်ရင်း တောင်ယာခုတ်၊ တောအလုပ်လုပ်ပေါ့လေ။ ဒါပေမယ့် ဘ၀အမြင်ကွာခြားတဲ့ လူနှစ်ဦးအတွက်တော့ နီးစပ်ဖို့တောင်မှ တော်တော်ကြီးကိုလုံးပမ်းရတာ။ ပေါင်းစပ်ဘို့ဆိုတာက တောင်တန်းနဲ့ ပင်လယ်။ ဒီလိုနဲ့ ဘ၀ရဲ့တောင်းဆိုမှုကြောင့် တနေရာရောက်ခဲ့ရပြန်တယ်။

အခုတော့ လက်တွဲဖော်ဖြစ်ရမယ့် စံဟာ ငယ်နုစဉ်ကထက်စာရင် ပိုပြီး ဘ၀ဆန်လာသလိုဘဲ။ ရိုးရိုးရှင်းရှင်း လေးပါဘဲ။ ကိုယ့်အလုပ်ကို နားလည်ရမယ်။ ကိုယ့်ကို မကူညီနိုင်ရင်တောင်မှ မငြူစူရဘူး။ကိုယ့်ကိုလည်း ထိန်းကျောင်းပေးရမယ်။ (ကိုပေါရေးတဲ့ ဗျစ်ရည်ကိစ္စမျိုးပေါ့၊ ကိုယ့်ဘက်ကလည်း ကြိုးစားထိန်းသိမ်းရမှာပါ) မငြူစူအောင်လည်း မတင့်တယ်ရင်တောင်မှ ခါးလှ ၀မ်းဝဘို့ကိုတော့ ကိုယ်က တာဝန်ယူရမှာပေါ့။ အထူးသဖြင့် တတိယနိုင်ငံထွက်ဘို့ မတောင်းဆိုရဘူး။ ဒီလောက်ပါဘဲ။ အဲဒီလောက်လေးအတွက်နဲ့တောင်မှ လက်တွဲဖော်က မရလို့ အဘား အဘားဆိုပြီး အော်လိုက်ရပါတယ် Tag ပိုင်ရှင် မခင်မင်းဇော်ခင်ဗျ။

Labels:

posted by မြင့်ဇေ @ 2:39 AM   8 comments
မန်းရှာရေ...
Thursday, February 14, 2008





မန်းရှာရေ

မြစ်ဝကျွန်းပေါ်က

တို့ဘ၀တွေ ယူခဲ့...

မန်းရှာရေ

ပဲခူးရိုးမက

အချစ်ညတွေယူခဲ့...

မန်းရှာရေ

ဒေါနတောင်တန်းက

တောပန်းတွေယူခဲ့...

မန်းရှာရေ

နင့်သေနတ်ကို

နင်ကိုင်လာခဲ့...

မန်းရှာရေ

သွေးစွန်းနေတဲ့

သင်တိုင်းတွေဝတ်ခဲ့...

မန်းရှာရေ

အမျိုးသားရေး

လွတ်မြောက်ရေးတွေ ကျောပိုးခဲ့...

မန်းရှာရေ

နင့်ရဲဘော် နင့်သားသမီး

စူးနစ်ယုံကြည်ထားရစ်ခဲ့...

အဆိပ်လူးထား

ကျည်ဖူးတစုံ ရင်အုံနဲ့လဲ

မကြေကွဲနဲ့ နမ့်ကျင်ရွှေ

နင်မှာတာတွေ

ကမ္ဘာ မြေပေါ်ကျန်ခဲ့ပြီ..။

(ဆရာမန်းရှာနှင့် အမ နမ့်ကျင်ရွှေသို့)

မောင်လွမ်းဏီ

၁၅-၂-၂၀၀၈


Labels:

posted by မြင့်ဇေ @ 9:12 PM   3 comments
ထာဝရ မြို့တော် သို့မဟုတ် ကိုနေဘုန်းလတ်
Tuesday, February 5, 2008
ထာဝရ မြို့တော် သို့မဟုတ် ကိုနေဘုန်းလတ်

ကျနော် ဘလော့ဂ်စရေးတော့ ကိုယ့်အရှေ့မှာ ရေးခဲ့ကြတဲ့သူတွေရဲ့ နည်းပညာအရ၊ အနုပညာအရဖန်တီးမှု တွေကို လေ့လာပြီး ဘလော့်ဂ်လေးကို ပြင်ဆင်မွမ်းမံရတာပါ။ နည်းပညာအရဆိုရင် ကိုရန်အောင်တို့၊ ကိုဈာန်တို့၊ ကိုမောင်လှတို့ စသဖြင့်ကို ဖတ်ရပါတယ်။ အနုပညာအရဆိုရင်တော့ ကိုနေဘုန်းလတ် ဘလော့်ဂ်အပါအ၀င်၊ နိုင်းနိုင်းစနေ၊ ကိုယောဟန်အောင်၊ မမေငြိမ်း၊ ကိုမောင်ရင်၊ ကိုပုထုဇဉ် စသဖြင့် (အများကြီး ကျန်ပါသေးတယ်၊ မဖော်ပြနိုင်တာ နားလည်ပါ)။

သူ့ဘလောဂ့်ကတော့ ခေါင်းစဉ်လေးကအစ ကျနော်သဘောကျပါတယ်။ ဘလော့ဂ်ပါစာအရေးအသား တွေကလည်း လေးနက်ပါတယ်။ ကျနော့်ကို အတွေးပွားစေတာက Title Heading ကစပါတယ်။ ဒါကြောင့် ဘာတွေကို အတွေးပွားစေခဲ့တာလည်း ဆိုတာကို သူ့ဘလော့ဂ် တနှစ်ပြည့်အမှတ်တရမှာ ရေးလိုက်ပါတယ်။
နာမည်ပေးတာကိုက သူ့ဘလော့ဂ်နာမည်က လှပါတယ်။ “ကျနော်လွတ်ကျခဲ့တဲ့ မြို့တော်”… တဲ့။

အဲဒီ Title Heading အောက်မှာ ပါတဲ့ ကဗျာ အပိုင်းအစလေးဟာလည်း လှလှပပနဲ့ တွေးစရာတွေပေးပါ တယ်။
..ဖွဲ့ဆိုချင်နေတဲ့ သံစဉ်ချိုချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မျိုထားရတဲ့
ကြိုးပျက်နေတဲ့ ဂစ်တာတလက်ဟာ ကျနော်ဖြစ်တယ်..။

လွတ်ကျခဲ့တဲ့မြို့တော်…
သူ့ရဲ့လွတ်ကျခဲ့တဲ့ မြို့တော် ထဲမှာ ဘာတွေပါသွားခဲ့လဲ။ ပုဂ္ဂလိကခံစားချက်တွေလား၊ ပရဟိတ အနှောင့်အဖွဲ့ တွေလား။ ကျနော်အဲလို စဉ်းစားမိတယ်။ နောက် ဘယ်လို သံစဉ်ချိုချိုတွေကို ဖွဲ့မဆိုရက်ဘဲ တီးခတ်ချင် လျက်နဲ့ ဂစ်တာကို ကိုယ့်ကိုယ်ကိုယ် ကြိုးများဖြတ်တာလား။ အလိုအလျောက်ကြိုးပျက်သွားတာလား။ ဒါကတော့ ကိုနေဘုန်းလတ် တယောက်ထဲဘဲ ဖွင့်ဆိုနိုင်မှာပါ။

ကျနော်ကတော့ ကိုယ့်ဘာသာ အတွေးပွားနေမိတာတွေ ရှိတယ်။ ဖွဲ့ဆိုချင်နေတာက နှလုံးသားရေးရာလား။ မွန်းကျပ်မှုတွေလား။ အဖြစ်အပျက်တွေကိုဘဲလား။ မှောင်မှိုင်းနေတဲ့ ကောင်းကင်ကိုလား။ မရောက်နိုင် သေးတဲ့ နွေဦးကိုလား…။ ဒါမှမဟုတ်ရင် သူတောက်လျှောက် စွဲလမ်းခဲ့ရတဲ့ အနုပညာလား။ သူ့ရဲ့ စာအရေး အသားက မေးခွန်းများစွာ ပေးခဲ့တယ်။

အခုတော့ လွတ်ကျခဲ့တဲ့မြို့တော်ဟာ ပိုင်ရှင်ပါ ပျောက်ဆုံးခဲ့ရပြန်ပြီ။ ပိုင်ရှင်ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ သိရက်နဲ့ မဲ့နေရတဲ့ အဖြစ်မျိုး။ ဟောဒီခေတ်ရဲ့ အကွဲအကွာဖြစ်ရမှုတွေဟာ မြန်ဆန်ကျယ်ပြန့်လွန်းလှ၊ မှောင်မိုက်လွန်းလှ … ရက်စက်မှုလေစိမ်းတွေက အရှိန်ပြင်းပြင်းနဲ့ နေရာအနှံ့တောက်လောင်ဆဲဘဲ။ ဒါကြောင့်ဘဲ မိသားစုဆန်မှုတွေ ပြိုလဲခဲ့ရတယ်။ မိတ်ဆွေတွေ ပျောက်ရှခဲ့ရတယ်။ သံယောဇဉ်တွေ တံတိုင်းအခြားခံခဲ့ရတယ်။ နှလုံးသားတွေ တဝေးတမြေ ဖြစ်ခဲ့ရတယ်။

ဘာဘဲဖြစ်ဖြစ်ပါ။ ခင်ဗျားဖန်တီးခဲ့တဲ့ ဘလော့ဂ် တနှစ်ပြည့်တဲ့နေ့မှာ အဝေးရောက်နေတဲ့ ခင်ဗျားကိုယ်စား ကျန်တဲ့ဘလော့ဂ်မောင်နှမတွေက ဂုဏ်ယူပီတိဖြစ်မှုတွေနဲ့ မွေးနေ့ပွဲကို ဖန်တီးကျင်းပနေခဲ့ကြတယ်။ ပြီးတော့ လွတ်ကျခဲ့တဲ့ မြို့တော်ဟာ ပျောက်ဆုံးသွားမှာ မဟုတ်ဘဲ ဘလော့ဂ်ဂါ မောင်နှမတွေ အပါအ၀င် အမှန်တရားချစ်တဲ့ ပြည်သူတွေရဲ့ သမိုင်းရင်ပြင်ထဲမှာ ထာဝရတည်တံ့တဲ့ မြို့တော်အဖြစ် ကျန်ခဲ့မှာပါ။

ပြီးတော့ ခင်ဗျားကလည်း ကျနော်တို့ လေးစားဦးညွှတ်တန်ဘိုးထားရတဲ့ သူရဲကောင်းအဖြစ် တည်တံ့နေ မှာပါ။

အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ။

(ကိုနေဘုန်းလတ်အကြောင်းကို ရေးသားနိုင်သူတွေ အကြားမှာ ကျနော်က မရင်းနှီးတော့ မပြည့်မစုံဘဲ ရေးလိုက်ရတာပါ။ ဒါပေမယ့် သူပြန်လည်ဖတ်ခွင့်ရတဲ့အချိန်မှာ နေရာအနှံ့၊ နယ်ပယ်အနှံ့၊ အမှန်တရားချစ်တဲ့သူတွေကြားမှာ သူကို ခင်မင်ခဲ့သူရော၊ မခင်မင်ခဲ့ရသူတွေရော ရှိခဲ့တယ် ဂုဏ်ယူခဲ့ကြ တယ် ဆိုတာ သူသိစေဘို့က အဓိကပါ။)

Labels:

posted by မြင့်ဇေ @ 11:58 PM   2 comments
ကိုနေဘုန်းလတ်သို့
နေဘုန်းလတ်သို့ ….



ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆ
ိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Labels:

posted by မြင့်ဇေ @ 11:55 PM   2 comments
တရားရှိ၊တရားသိသောကိုယ်များဖြစ်ကြစေ…
Monday, December 17, 2007

တရားရှိ၊တရားသိသောကိုယ်များဖြစ်ကြစေ…

တရားဟူသည်မှာကား ဖြောင့်မတ်သည်။ ဖြောင့်မြတ်မှုရှိသော တရားကို ကွေ့ကောက်စေသည်က ထိုတရားကို ကျင့်သုံး ဆောက်တည်သော သူသာဖြစ်ချေသည်။ ထိုထိုသောသူ၏ ကျင့်ကြံတည်ဆောက်မှု၊ အသုံးပြုမှုသည် တရား၏ အတွင်း အနှစ်သာရသဘောကို ပြောင်းလဲနိုင်စေသည် မဟုတ်သော်လည်း နွယ်ယှက်နေသော အ၀န်းအ၀ိုင်းအား ထိခိုက် စေသည်က အမှန်ဖြစ်သည်။ ထိုသဘောကို နားမလည် သို့တည်းမဟုတ် နားလည်လျက် မိမိအကျိုးစီးပွားအတွက် အသုံးချခြင်းသည် မကြာမတင်သော ကာလအတွင်း၌ပင် တရား၏ ဒဏ်ခတ်မှုကို ပြန်လည်ခံရမည်သာ ဖြစ်သည်။

မြန်မာတင်မက နိုင်ငံတကာတွင်ပါ ဂယက်ရိုက်ခတ်စေသည့် အရေးတော်ပုံတခုကို မြန်မာပြည်ရှိ သံဃာတော်များ ဦးဆောင်ပြီး ပြည်သူတရပ်လုံးမှ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း သွေးချွေးပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ မိသားစု ဘ၀ပြိုကွဲရမှုပေါင်းများစွာဖြင့် စစ်အာဏာရှင်စနစ် ပြိုပျက်ရေး၊ ဖျက်သိမ်းရေးအတွက် လုပ်ဆောင်ခဲ့ကြသည်။ ထိုအရေးတော်ပုံသည် မည်သူတို့၏စိတ်ဆန္ဒအစွဲအရလည်းကောင်း၊ တိုက်တွန်းချက်အရလည်းကောင်း၊ ဖန်တီးတီထွင်မှု ကြောင့်လည်းကောင်း ပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ပေ။ ပြည်သူလူထုတရပ်လုံး၏ နှစ်ပေါင်းများစွာ အထွေထွေ ကျပ်တည်းမှုများ၊ အဖိနှိပ်ခံခဲ့ရမှုများကသာ ထိုသို့သော အရေးတော်ပုံ်ကို ဖန်တီးဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

ထိုသို့ မိမိတို့ဆန္ဒစွဲဖြင့် ကင်းလွတ်စွာဖြစ်ပျက်ခဲ့သည့် အရေးတော်ပုံကြီးကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်ဟု ပြောသူ ရှိလျှင် ထိုသူသည် ရူးနှမ်းသူသာ ဖြစ်ချေလိမ့်မည်။ သို့တည်းမဟုတ် ရန်သူ စစ်တပ်၏ အကြိုက်ကို လိုက်ပြောသူ ဖြစ် လိမ့်မည်။

ရန်သူစစ်တပ်သည် မြန်မာပြည်တွင်း၌ တစုံတရာ ဖြစ်ပျက်တိုင်း အနောက်နိုင်ငံများ၏ လက်ဝေခံ၊ ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်စပ်နေသော သူများက (ကိုလိုနီလက်သစ်များ) ဖန်တီးလုပ်ဆောင်ခြင်းဖြစ်သည်ဟု အစဉ်ပင် စွပ်စွဲခဲ့သည်။ ထိုစွပ်စွဲမှုနောက်ဆက်တွဲအဖြစ် ထိုစွပ်စွဲခံရသူများကို ကြီးလေးသော အရေးယူမှု အမြဲပါလာသည်။

ထိုသို့ဖြစ်လေ့ရှိသည်ကို သိလျက်နှင့် မိမိအကျိုးစီးပွားတခုတည်းအတွက် မိမိအနေဖြင့် တချို့လုပ်ငန်းများကို လုပ်ဆောင် နေခဲ့လျှင်တောင်မှ ထုတ်ပြောအပ် မပြောအပ်ကို စဉ်းစားဆင်ခြင်သင့်သည်။ တပြည်လုံး၏ သွေးများ၊ ဘ၀များအပေါ် နင်း၍ တက်ခြင်းသည် လုပ်သင့်လုပ်အပ်သော အရာမဟုတ်ပေ။ အရေးတော်ပုံဆိုသည်မှာ ပုဂ္ဂိုလ်ရေး မီးရှုးမီးပန်း ဖောက်ရန်အလို့ငှာ ပေါ်ပေါက်ခဲ့ခြင်းမဟုတ်။ စစ်အာဏာရှင်အောက်မှ လွတ်လပ်လိုစိတ်ကို အခြေခံ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဤသို့ လွတ်လပ်လိုစိတ်ဖြင့် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့သူများသာ တမလွန်ဘ၀မှလည်းကောင်း၊ အကျဉ်းထောင် များအတွင်းမှလည်းကောင်း၊ ကြားသိရပါက စိတ်မကောင်းကြီးစွာ ဖြစ်ကြမည်မှာက အသေအချာပင် ဖြစ်သည်။ ရန်သူစစ်တပ်ကလည်း ငါတို့ ပြောတာမဟုတ်ဘူးလား ဆိုကာ ပီတိ ဖြစ်နေချေမည်။ ရှောင်ရင်းတိမ်းရင်းနှင့် ပြေးလွှား လုပ်ကိုင်နေရသူများအနေနှင့်လည်း ထိုသို့ပြောရကောင်းလားဆိုကာ မေတ္တာပို့လောက်ချေပြီ။ တဦးတယောက် က ပြောသော်လည်း ပြည်တွင်းကလူများအနေဖြင့် ပြည်ပရောက်အားလုံးကို အရေးတော်ပုံကို အကြောင်းပြုပြီး ငွေရှာ နေသူများ ဟု မြင်မည်မှာမလွဲပင်။

သေချာသည်ကတော့ စက်တင်ဘာအရေးတော်ပုံကြီးကို မိမိ၏လက်ချက်ပါသယောင်ပြောသူအနေဖြင့် မိမိပြောဆိုမှုကို တာဝန်ခံရမည်သာဖြစ်သည်။ နအဖစစ်တပ်အနေဖြင့် ထိုစကားကို နင်း၍ တက်ကြွလှုပ်ရှားသူများကို စွပ်စွဲသထက် စွပ်စွဲ၊ ရက်ရက်စက်စက် အပြစ်ပေးမှုများကို တိုးမြှင့်လုပ်ဆောင်လာမည်မှာ အသေအချာပင်။

သို့အတွက် မီဒီယာအနေနှင့် မီဒီယာအလုပ်လုပ်မည်မှာ မှန်သော်လည်း ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်များ အားလုံး စကားလုံးတလုံးဖြင့် လျှာအဆိပ်မသင့်အောင် ထိန်းသိမ်းစေချင်ပါသည်။

Labels:

posted by မြင့်ဇေ @ 10:35 PM   2 comments
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၄)
Thursday, December 6, 2007

အဲဒီလိုနဲ့ ကျနော် ပြန်လာခဲ့ရတယ်။

တောင်ယာမီးရှို့ပြီး ကျွန်းခွေရတဲ့ ၂၀၀၁ ခုနှစ်မှာပေါ့။ အဖွားလေးတော့ မရှိပါဘူး။ သူက မြို့ကြီးသူ ဖြစ်နေတဲ့ အချိန်။ သူက ရုတ်တရက် ပြန်လာတယ်။ ကျနော်က ဆေးမှူး တပိုင်း ကျောင်းဆရာတပိုင်း လုပ်ရချိန်။ ကျနော်က ကျောင်းဆ၇ာသာ လုပ်တာ အစိုးရ အသိအမှတ်ပြု မဟုတ်။(သူပုန်တော့ ကျောင်းဆရာ ခန့်ရိုးလား)။ ဖြစ်ချင်တော့ အဖွားလေး ပြန်ရောက်တဲ့အချိန်မှာ မူလတန်း ကျောင်းဆရာမလေးက ဖျားနေရှာတယ်။ ကျနော် သွားကုရတာပေါ့။ အဲဒီမူလတန်းကျောင်းဆရာမလေးကလည်း နဂိုကတည်းက ခင်ရှာ တယ်။ ရုပ်ရည်ကလေးကလည်း တော်တော်ကြည့်ကောင်းပါတယ်။

အဲဒီမှာတင် ကျနော့်ရဲ့ မတော်ခဲ့ရတဲ့ မဟေသီက မပြန်တော့ဘူး။ အိမ်ရှေဝရန်တာပေါ် မေးတင်ပြီးစောင့်နေတယ်။ ကျနော့်မှာတော့ ဆေးကု ရလည်း ခက်၊ ဟိုဆရာမလေးလည်း မျက်နှာပူနဲ့..

ဒါပေမယ့် အဲဒါက ကျနော်တို့ နှစ်ယောက်တွေ့ဆုံခဲ့ရခြင်း နောက်ဆုံးပါ။

အဲဒါပြီးတော့ ကျနော်တို့နှစ်ယောက် ဇာတ်လမ်းသိမ်းဖို့ဖြစ်လာတယ်။ ကျနော်နဲ့ အတူ နေတဲ့ ရဲဘော်ဆီကို အကြောင်းကြားစာ ရောက်လာတယ်။ သူပုန်ဟာ သူပုန်ဘဲဖြစ်ရမယ် ဆိုတဲ့ဟာပါ။ အဲဒီစာ ရောက်ပြီး ကျနော်တို့ ပြင်ဆင်နေတဲ့အချိန်မှာ အဖွားလေး မရှိပါ။ သူက သူ့ရဲ့ မွေးစားဖခင်ဆီရောက်နေခဲ့။

ကျနော်တို့ သွားမယ့်နေ့ရောက်တော့ တကယ့်ကို ဗြုန်းစားကြီး … အဲဒါနဲ့ အတူနေတဲ့ တယောက် ကို ရွာကလူတွေတော့ နှုတ်ဆက်ဖို့လိုမယ်ဆိုပြီး ရွာကိုသွားနှုတ်ဆက်တယ်။ အမှန်က အဓိက နှုတ်ဆက်ချင်တာ အဖွားလေးပါ။ သူက အဲဒီနေ့ ပြန်ရောက်မယ် ကြားမိတယ်။ အဲဒါနဲ့ သူအိမ်သွားကြည့်တော့ သူ့အမေနဲ့ သူမောင်လေး ညီမလေးတွေထိုင်လို့….။

သူ့အမေကို ပြောတယ်။ “အမိုး… ကျနော်သွားရတော့မယ်…” ဆိုတော့ ။ “ဆရာ လိုချင်တာယူသွားပါ” လို့ အဖွားကြီးက ပြောရှာတယ်။ ကျနော်တွေတွေဝေေ၀ တချက်ဖြစ်သွားတယ်။ ဘာယူသွားရမှာလဲပေါ့။ ကျနော်ယူသွားခွင့်ရှိရင်တောင်မှ ချစ်ခြင်း အပါအ၀င် ကျနော် ရင်းနှီးတည်ဆောက်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ရပ်တွေ ကျန်ခဲ့ပြီ။ ဒါပေမယ့် ကျနော်က ငြင်းလို့မှ မရဘဲ။ ကိုယ်ရွေးခဲ့တာက တော်လှန်ရေးသမားဘ၀..။

အဲဒါနဲ့ သူ့အမေဆီက ခွင့်ပန်ပြီး အဖွားလေးရဲ့ ဓာတ်ပုံတပုံ ယူခဲ့ပါတယ်။ ကျနော့် တဦးတည်း အတွက်ဆိုရင် မလိုပါဘူး။ အစဉ် အမှတ်သညာထဲမှာ စွဲမြဲခဲ့တဲ့ ပိုင်ဆိုင်ရယူလိုမှု တခု မဟုတ်လား။

မြင့်ဇေ

Labels:

posted by မြင့်ဇေ @ 11:11 PM   2 comments
မွှေးမြ မကြွေ ..အိုအမေ
Wednesday, November 28, 2007

မွှေးမြ မကြွေ ..အိုအမေ

မြန်မာနိုင်ငံလွတ်လပ်ရေးမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာ စာပေအရေးအသားမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ခိုင်တည်မြင့်မားရေးမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာပြည်သူလူထု အကျိုးစီးပွား

လူတန်းစားတိုက်ပွဲ တရားမျှတမှု လူ့အခွင့်အရေး

ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ယဉ်ကျေးမှုတွေမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

လူထုဒေါ်အမာ

(သူဟာ)

သမိုင်းစဉ်လာ ကလောင်သွား

မြားသွားလို ချွန်မြစူးရှ

အဓမ္မအားလုံးရဲ့ ရန်သူ

ပြည်သူလူထုရဲ့ နှလုံးသား

အစားထိုးမရနိုင်တဲ့ အမေ။

အမေဟာ

ရေ မြေ လေ မီး

ဓာတ်ကြီးလေးပါး

ရုပ်တရားများမှ လွန်မြောက်

ကွယ်ပျောက်မသွားနိုင်ဘူးလေ။

(အမေလူထုဒေါ်အမာရဲ့ အသက် (၉၂) နှစ်မြောက် မွေးနေ့ကို ဒီကဗျာနဲ့ ဦးညွတ်ဂုဏ်ပြုပါတယ်)

စိုးနေလင်း

Labels:

posted by မြင့်ဇေ @ 10:31 PM   2 comments
အမေသို့


အမေရေ

အမေရဲ့ငြိမ်းချမ်းရေး ယုံကြည်ချက်ကို

သားတို့လက်ဆင့်ကမ်း သယ်ဆောင်ရင်း

အမေရဲ့ အိမ်မက်တွေကို

သားတို့လည်းဆက်မက်နေကြတယ်။

အမေတို့ ခေတ်ရဲ့ရင်ခုန်သံတွေဟာ

အခု သားတို့ခေတ်ရဲ့အသက်ရှုသံတွေပါတယ်။

အမေတို့တည်ဆောက်ခဲ့တဲ့ နိုင်ငံချစ်စိတ်တွေ

သမဂ္ဂအစဉ်အလာတွေ

အမှန်တရားထံသက်ဝင်ယုံကြည်မှုတွေကို

အမွေဆက်ခံပြီး

တော်လှန်ရေးခရီးကို

သားတို့ ဆက်လှမ်းနေကြတယ်။

အမေတို့ တွေ့ချင်မြင်တဲ့ကမ္ဘာဟာ

သားတို့တွေ့ချင်မြင်ချင်တဲ့ကမ္ဘာပါတယ်။

အမေတို့ မမောမပန်း

လျှောက်လှမ်းခဲ့တဲ့

တော်လှန်ရေး ဆိုတဲ့ခရီးလမ်းဟာ

သားတို့လည်း မမောမပန်းပဲ

ဆက်လက်လျှောက်လှမ်းချင်ပါတယ်။

ဆက်လက်လျှောက်လှမ်းသွားမယ်လို့လည်း ဂတိပြုပါတယ်။

သားတို့ အသက်နဲ့ အမျှ

ဂါရ၀ထားရတဲ့

အမေရေ

အမှန်တရားအောင်ပွဲခံတဲ့နေ့မှာ

အမေ့ကို ရှိနေစေချင်ပါတယ်။

ကျနော်တို့လည်း ရှိနေချင်ပါတယ်။

အရာအားလုံးလည်း ရှိနေစေချင်ပါတယ်။

အမေအပါအ၀င်

ပြည်သူလူထုပို့သတဲ့မေတ္တာနဲ့

ကျနော်တို့ လွတ်မြောက်ရှင်သန်နေဆဲပါ။

ကျနော်တို့နဲ့အတူ

တော်လှန်ရေးစိတ်ဓာတ်လည်း

လွတ်မြောက်ရှင်သန်နေဆဲပါ၊

ကျနော်တို့အတွက်

ကျနော်တို့နိုင်ငံအတွက်

လူသားအားလုံးအတွက်

အမေကျန်းကျန်းမာမာနဲ့

ဆက်လက် မေတ္တာပို့

စောင့်ရှောက်နိုင်ပါစေ။

ဗကသများအဖွဲ့ချုပ်



Labels:

posted by မြင့်ဇေ @ 10:28 PM   2 comments
၉၂ပြည့်မွေးမိခင်သို့ ပေးစာတစောင်
Monday, November 26, 2007
၉၂ပြည့်မွေးမိခင်သို့ ပေးစာတစောင်


အဲဒီညကလေ၊ အမေ။
မိုးလေးတွေက တဖွဲဖွဲကျလို့
မသဲလှပေမဲ့ အသဲကတော့ ကျင်နေတယ်
မခွဲချင်တာတော့ အမှန်ပါ
အရင်ဆုံးဖြတ်တာက တံခွန်တိုင်
နောက်-အရာတော်
တောင်မြင့်
မှောင်နဲ့မည်းမည်းထဲမှာ
တနေရာပြီးတနေရာကျန်ရစ်ခဲ့တယ်
စားချင်စိတ်လည်းမရှိ
အိပ်ချင်စိတ်လည်းမရှိ
စဉ်းစားချင်တာပဲရှိပေမဲ့
ဘာမှစဉ်းစားလို့လည်းမပေါ်
သြော်၊ မြစ်ငယ်တောင်ကျော်သွားပါပေါ့လား။

အဖေနဲ့အမေကို
ကန်တော့ခဲ့ပါတယ်
ညီနဲ့ အမ နှမ
ငါ့ကိုခွင့်လွှတ်ကြနော်
တကိုယ်ကောင်းဆန်တာမဟုတ်
သူရဲကောင်းဖြစ်ချင်တာလည်းမဟုတ်
အခြေအနေက တွန်းပို့တော့
ဒို့မှာ ရွေးစရာမရှိလို့သာ။
နားလည်ကြပါကွာ
အဖေနဲ့အမေကို
ဂရုစိုက်ကြပါကွာ လို့၊

အဲဒီနောက်တော့ အမေရယ်
တောင်တွေ၊ တောတွေ
ချောင်းတွေ၊ အင်းတွေ
လွှားကနဲ လွှားကနဲ၊ တသွားထဲသွား၊
နယ်စွန်နယ်ဖျားထိ
ကဗျာတပုဒ်တောင်ရေးမိသေးတယ်
အမေမှတ်မိမယ်ထင်ပါတယ်-
“အနောက်ကိုတချက်ငဲ့ကြည့်လို့
အရှေ့ကိုတဲ့ ထွက်ခဲ့တယ်”ဆိုတာလေ၊

ပြက္ခဒိန်စာမျက်နှာတွေ
သက်ရွက်ခြောက်တွေလို
တဝေေ၀လွင့်ကျ
နီသူတွေဖြူ၊ ဖြူသူတွေနီ
ဘ၀တွေ၊ ချစ်ခင်ရင်းနှီးသူတွေ
သွေကွဲရော၊ ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကြပ်ကြပ်ပဲ
လက်ဆွဲနှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင်တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လား အမေရယ်၊

အပါးမှာအဖေလည်းမရှိ
ကျနော်တို့လည်းမရှိ
အမေချည့်တယောက်ထဲ
မဟုတ်ဘူး၊ လှေခွက်ချည်းမဟုတ်ဘူး
ပြည်သူတွေနဲ့လက်တွဲလို့
သားမြေးသစ်တွေနဲ့လက်တွဲလို့
အမယ်အို့ခြေလှမ်းမို့
သူတို့လောက်မသွက်လည်း
၁၉၃၆တုန်းကလိုပဲ
ချီဆဲတက်ဆဲ
အခုလည်းလက်တွန်းလှည်းနဲ့
ရဲရဲကြီးချီတက်နေတဲ့
အမေ့ရဲ့သားမှာ ၁၃၀၀ရတီ
အမေဆိုတဲ့စိန်နားကပ်ကြောင့်
ပါးအပြောင်ကြီး ပြောင်ခဲ့ရပါတယ်၊

အမေလဲလှမ်း
ကျနော်လည်းလှမ်း
ဒီလမ်းကြီးတလျှောက်မှာ
မောတယ်တခွန်းမပြောပါဘူး
၉၀ကျော်ကြီးနှုတ်က
တခွန်းပဲထွက်ရှာတယ်
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူတွေးကြည့်ပါ
“ငါ့သားကျန်းမာအောင်နေ
အမေလည်းကျန်းမာအောင်နေတယ်”တဲ့၊
ဖိုးသံ (လူထု)

၁၃၀၀ရတီ - ၁၃၀၀ပြည့်မျိုးဆက်ကို ညွှန်းတာပါ၊
posted by မြင့်ဇေ @ 7:18 PM   2 comments
ကောင်းထက်အတွက် မင်းရဲ့ ဦးမြင့်ဇေ ရေးတဲ့ ကဗျာ
Tuesday, November 20, 2007

ကောင်းထက်အတွက် မင်းရဲ့ ဦးမြင့်ဇေ ရေးတဲ့ ကဗျာ

မြစ်ဟာစီးဖို့ဘဲ..

စီးတော့….။

မင်းသယ်မယ့်လမ်းဟာ

မင်းထမ်းထားသလို

မင်းပုခုံးပေါ်မှာ

သူ စောင့်ကြည့်နေတယ်

Antique ကြီးတွေလား ပေါ့..

ဒီမှာ…..။

အံမ၀င်တဲ့ လောကထဲ

အံဝင်အောင် များများ မလိုဘူး

အမှန်တရားကိုချစ်

သစ္စာတရားကို ချစ်

တချို့ အဖြစ်တွေကို

ဥပက္ခော ထား…

တချို့

လောကပါလတရားမှာ

မင်းလည်း ပါရမှာပဲ။

ကြယ်တစင်းကြွေရင်

ကောင်းကင်ငိုတယ်

မင်းပါမယ့် ကောင်းကင်အတွက်

ဂုဏ်ယူလိုမှုတွေနဲ့

မင်းအဖေ စောင့်မျှော်နေခဲ့။

မြင့်ဇေ

ကောင်းထက် ၁၆နှစ်မြောက်မွေးနေ့အတွက် ဆုံဆည်းရာ မှ ကမာပုလဲကဗျာအား ဖတ်ရေးသည်။

Labels:

posted by မြင့်ဇေ @ 8:51 AM   1 comments
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်း မေတ္တများ ၃
Friday, November 16, 2007

သြော် အဲဒီကျမှ ကိုယ့်ကိုယ်ကို အပြစ်တင်မိတော့တယ်။ စတာ၊ နောက်တာကိုမှ မသိခဲ့လေခြင်း ပေါ့လေ။ တကယ်လည်း မသိခဲ့ပါ။ သူလိုအပ်တာကို ပေးမယ်ဆိုတဲ့ စိတ်ကူးကရှိပြီးသား…။

အဲဒါနဲ့ နှစ်တွေက ၁နှစ်ကနေ နောက် ၁နှစ်ကို ရွေ့သွားတယ်။ ထားပေါ့…. တောင်ယာကတော့ ဘယ်နှစ်ပဲ ရောက်ရောက် ခုတ်ဖြစ်ပါတယ်။ ယောက်ျားတယောက်ရဲ့ မာနနဲ့ အဲဒီဒေသမှာ တတ်အပ်တဲ့ အဌာရသ တွေအကုန်လုံး ကျင့်ခဲ့ရတဲ့ နှစ်ကာလများပေါ့။

အဲဒီတုန်းကတော့ ပျော်စရာ ကာလများပါ။ ကျနော် ငါးသွားဖမ်းရင် အဖွားလေး အမေက ကျနော့်အတွက် စုပ်ခေါင်တဗူး ထည့်ပေး။ ကျနော်ကလည်း ကိုယ်ရလာတဲ့ ငါးတွေကို ပြန်ဝေပေး။ နောက် သူ့အိမ်က ကျနော့်အတွက် တခါးမရှိဓားမရှိ ။ အဲလို့ ဆိုတော့ တမျိုးမထင်နဲ့ ။ သူမောင့်က ကျနော့်ရဲ့ တပည့်….။ ညဘက် ကျနော် သွားလည်ရင် မီးဖိုနံဘေးမှာ ခေါင်သောက်ရင်း စကားပြောဖြစ်တယ်။ ည မွန်းမတည့်ခင်မှာတော့ ကျနော် က ပြောတယ်။ `ဒီမှာ အိပ်မယ်´ ဆိုတာကို။ ကျနော့်နေရာက နာရီဝက်လောက်ဝေးတာကိုး။ အိပ်ပေါ့လို့ ပြောရင် ကျနော့်ကို သူ့မောင်လေး က လာခေါ်တယ်။ ဆိုလိုတာက သဘောတော့ တူတယ်။ စောင့်တော့ ကြည့်တာပေါ့။ မရိုးမသား…သူ့အမကို ဘာများကြံမလဲပေါ့။

အဲဒီတုန်းက ဆောင်းကာလတွေပါ။ ကျနော် အိပ်ရာနိုးတဲ့ အချိန်က မနက် ၅နာရီလောက်။ သူတို့က ဘုရားကျောင်း တက်မှာ ၆နာရီ မထိုးခင် …။ ကျနော်က စောပြန်ခဲ့တယ်။ ဖြတ်ခဲ့တဲ့ရွာထိပ်က ဘုရားကျောင်းကြီးက တိတ်တိတ်ဆိတ်ဆိတ် ကျနော့်ကို ငေးကြည့်နေတယ်။ ကျနော့် ခေတ္တ နေခဲ့ရတဲ့ အိမ်နားရောက်တော့ ဘုရားရှိခိုးသံဟာ အရုဏ်ဦးနဲ့ အတူ ပေါ်လာတယ်။ ဒါပေမယ့် သူစိမ်းဆန်နေတယ်။ ကျနော်က ဘာသာခြားမဟုတ်လား။

အမှတ်ရစရာတွေက အများသား။ ကျနော်ကသာ လိုက်လျောပေးခဲ့ရတာ။ ကျနော်တို့ ၂၀၀၀ ခုနှစ်အပြည့်ကို y2k လို့ သတ်မှတ်ကြတယ် မဟုတ်လား။ အဲဒီကာလမှာ ယာဒို ဆိုတဲ့ရွာ မှာ ရိုမန်ကက်သလစ်ဘာသာဝင် တွေရဲ့ ပွဲ က အကြီးအကျယ်ပဲ။ ကျနော်လည်း လိုက်သွားတယ်။ အဲဒီအချိန်မှာ သူရဲ့ မွေးစား ဖခင်ရောက်နေပြီ။ ကျနော်ကတော့ ဘာသာခြားမဟုတ်လား။ ဒီလိုပဲ … ပေါ့ပေါ့ပါးပါး ။ သို့သော် လူကတော့ များသလား မမေးနဲ့။ ကျနော်ဆိုင်တဆိုင်မှာ ထိုင်နေတုန်း အဖွားလေးက ဖြတ်လျှောက်သွားတာ တွေတယ်။ အဲဒါနဲ့ သူ ကိုရော သူနဲ့ ပါတဲ့ သူငယ်ချင်းကိုပါ.. အစားအသောက်တွေနဲ့ ဧည့်ခံရတော့သပ။ ပြီးတော့ ကျနော်တို့ stage show သွားကြည့်ကြတယ်။ အဆိုတော်ကတော့ မပါပါ။ ကိုယ့် localization အရ နာမည်ရနေသူတွေ တက်အော်ကြတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ကျနော် ၀ယ်လာမိတာက နေကြာစေ့ထုတ်တွေ။ ဆီးသီးထုတ်တွေ။ အဲဒါနဲ့ ဘေးချင်းကပ်ထိုင်နေတဲ့ သူ့ကို ပေးတော့ မစားချင်ဘူး တဲ့..။

အဲဒါနဲ့ မစားလို့တော့ ၀ယ်ထားတာ နှမြောစရာဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ `ကျနော် နေကြာစေ့ခွံခွာပေးရမလား´ မေးတော့ `အင်း´ တဲ့။ အဲဒီမှာတင် မောင်ဖိုးဇေလည်း ခွာချက်ကနာသလား မမေးနဲ့။ ဒါပေမယ့် အလျင်မမှီပါဘူး။ မချော အဖွားလေးက သူ့လက်ထဲကို လက်တခုပ်ထည့် ပေးလိုက်ရင် အဲဒီအတိုင်း ၀ါး လိုက်တာကိုး။ အနောက်မှာက တောင်ငူကလာတဲ့ ကလေးမအုပ်စု။ သူတို့ကလည်း ကျနော်တို့ရဲ့ အဖြစ်အပျက်ကို စိတ်ဝင်တစားနားထောင်နေတယ်။ ရုတ်ချည်းပဲ … အဖွားလေး က ထပြီး `ကျမ သွားဦးမယ် ပြီးမှ ပြန်လာခဲ့မယ်´ ဆိုပြီး ထထွက်သွားတယ်။ ကျနော့်မှာတော့ မျှော်တလင့်လင့်ပေါ့..။ ဒါပေမယ့် ရွှေပြည်တော်က မျှော်တိုင်းဝေး ဖြစ်ခဲ့ပြီ။ လက်ထဲမှာ ခွာလက်စ နေကြာစေ့ခွံတွေကို ပစ်ချပြီး အယောင်ယောင်အမှားမှားနဲ သူ့အတွက် ခွာထားပေးတဲ့ နေကြာစေ့တွေကို ပါးစပ်ထဲ ၀ါးချလိုက်တယ်။

အဲဒီမှာတင် နောက်က မချော တောင်ငူအုပ်က မကြားတကြားပြောတော့တာဘဲ။ ဟယ်… သနားပါတယ် ။ သူတော့ အလိမ်ခံရပြီ။ စသဖြင့် ထားပါတော့…။ ဒါပေမယ့် ဒီအချိန်မှာ တဦးချင်းကိုယ်တိုင်ကိုက ရုပ်မပျက်ရဘူး မဟုတ်လား။ အဲဒီကျတော့ ကိုယ်ကလည်း ဘာမှ မဖြစ်တဲ့ ပုံစံမျိုးနဲ့ ဒီတိုင်း နေလိုက်ရတယ်။

အမှန်တော့ အောင့်သက်သက်ကြီး။

နောက်နေ့ တွေ့တော့ သူက ပြောပြန်ရော..။ စိတ်ဆိုးသွားလား… ညက မွေးစားဖခင်က လာခေါ်လို့ပြန်သွားတာပါ ..။ လို့ ဆိုတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ သူ့ ဖခင်ကြီးကမှ ကျနော့်ကို သဘောမတူတာ။ (သဘောမတူတဲ့အတွက် အဲဒီ father ကိုလည်း ကြက်တောင်ရိုက်တဲ့အချိန် နဖူးကို သုံးချက်လောက် စော်ခဲ့ကြောင်း)

အဲဒါနဲ့ Y2K ပွဲတော်အပြီးမှာ ပြန်တော့ တကားတည်း စီးရင်း သူက မေးတော့ ` စိတ်ဆိုးတာမဟုတ်ပါဘူး.။ စိတ်မကောင်းတာပါ´ လို့ဘဲ ပြန်ပြောခဲ့တယ်။ တောင်ယာ ကျွန်းခွေချိန်ကလည်း နီးပြီလေ။ အဲဒီကာလမှာ ကျနော် ကျွန်းခွေ ခွင့်က ပြီးဆုံးအောင်မလုပ်ခဲ့ရတော့ပါ။
posted by မြင့်ဇေ @ 11:16 AM   1 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com