Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု
Saturday, June 30, 2007

posted by မြင့်ဇေ @ 10:53 PM   0 comments
Tuesday, June 26, 2007
လျှောက်ကြတဲ့လမ်း


ပြောလိုက်ပ
သယ်ယူသွားလိုက်ပ လေညှင်းလေးရေ…
မာရ်နတ်ရဲ့ကိုယ်ပွားတွေထံ
ပျောက်ရှ ပြိုကျယုံနဲ့
ငါတို့ အသံတွေ
ဘယ်တော့မှ မတိတ်ဘူးဆိုတဲ့အကြောင်း။

တပ်ဦးရဲ့အလံကိုင်အဖြစ်
အောင်ပွဲအသံ ဖော်ကျူးဖို့
အမှန်တရားထံ အရောက်လှမ်းဖို့
ကြေးနီရောင်ထနေတဲ့ ခေတ်တွေက
သူရဲကောင်းတွေရဲ့ရင်ပြင်ထက်
သမိုင်းလိုအပ်ချက်နဲ့
ငါတို့ရဲ့မျိုးဆက်တွေ တက်ခဲ့ပြီ။
posted by မြင့်ဇေ @ 8:28 PM   0 comments
တောအကြောင်း တောင်အကြောင်း
Monday, June 25, 2007
ကယန်းဒေသ ၁ (ခေါင်အကြောင်း တစေ့တစောင်း)

ညီမလေး ဆိုးဝတ်ထ်က လူမျိုးစုတွေအကြောင်းကိုရေးထားတာကို ဖတ်မိတော့မှ ကျနော် လည်း ရေးချင်စိတ် ပေါက်လာလို့ ကိုယ်ရောက်ခဲ့ဘူးတဲ့ လူမျိုးစု ဒေသကအကြောင်းတွေ ရေးလိုက်တာပါ။

ကျနော်တို့ စစ်ကြောင်းသွားတဲ့အချိန်က ၁၉၉၃ သင်္ကြန်ကာလ။ ကရင်ဒေသ တပ်မဟာ ၂ ကနေ ကယားပြည်နယ်ထဲ ကူးသွားတာ။ သွားတဲ့နေရာက ကယန်းဒေသ။ ၆ ရက်လောက် ခပ်ပြင်းပြင်း၊ သတိကြီးကြီးနဲ့ သွားခဲ့ရတယ်။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့တော့ မဟုတ်ပါဘူး။ ခရီးစဉ်အကြောင်း သတင်း ပေါက်သွားမှာ သတိထားရလို့ပါ။

ကယန်းဒေသဆိုတာက ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကရင် ပြည်နယ် တို့ရဲ့ကြားမှာ ရှိတဲ့ဒေသတခုပါ။ အကျယ်အ၀န်းက သိပ်မကြီးမားသလို လူဦးရေ လည်း သိပ်မများ လှပါဘူး။ အများစုက ရိုမန်ကက်သလစ်ဘာသာဝင်တွေဖြစ်ပြီး အဓိက အသက်ရှင်သန်မှုက တောင်ယာခုတ်ခြင်းပါပဲ။


ရောက်ရောက်ချင်း ကျနော်တို့ကို စမိတ်ဆက်တာက ခေါင်ရည်ပါ။ မသောက်ဘူးဘဲ သောက်လိုက်ကြတာ အရသာကလည်း ချိုတော့ ပါလာတဲ့ ရဲဘော်တိုင်းလိုလို မူးကြပါတယ်။ ကယန်းဒေသက အိမ်တအိမ် ရောက်ရင် ဧည့်သည်ရောက်တာနဲ့ ချပေးတာကလည်း ခေါင်ဗူးပါဘဲ။ နောက် ကလေးကို နို့ဖြတ်တဲ့ အခါကျရင်လည်း ခေါင်ပဲ သုံးပါတယ်။ ခေါင်ကို ကျနော်တို့စတွေ့ဘူးတဲ့ အချိန်တုန်းက အချိုတမျိုးဘဲရှိတယ် ထင်ခဲ့တာ။ နောက်ပိုင်းမှ သိတာ အခါးနဲ့ အချဉ်လည်းရှိတယ်။ တမင် ခါးအောင်၊ချိုအောင်၊ ချဉ်အောင် ချက်တာရယ်တော့ မဟုတ်ဘူး။ ချက်တဲ့အချိန်၊ ရေ၊ တစေးစတာတွေရဲ့ ကွာခြားချက်တွေကြောင့်ပါ။ ကယန်းလူမျိုးတွေအားလုံးဟာ ခေါင်ကို မက်မက်စက်စက် သောက်ကြပါတယ်။ တချို့ အသက်အရွယ် ကြီးတဲ့အဘိုးအို၊ အဘွားအိုတွေဆိုရင် တနေ့လုံးမှာ ထမင်းတောင်မစားတော့ပဲ ခေါင်ချည်းသက်သက် စုပ်ကြတာ။

သူတို့တော့ မသိဘူး၊ ကျနော်တို့ကတော့ ခေါင်များများစုပ်ရင်၊ သောက်ရင် အလွန့်ကို ဒူးညောင်းတယ်။ အဲဒါကဘယ်မှာသွားသိလဲဆိုတော့ ကျနော်တို့ ကယန်းဒေသကို ၀င်ပြီး ၃ ရက်လောက်အကြာမှာ တခြားတပ်ဖွဲ့တခုက တိုက်ပွဲတပွဲတိုက်တယ်။ ယာဒို-လိပ်သိုကားလမ်းအကြားက ခဲချောင်းဆိုတဲ့ရွာမှာ ရှိတဲ့ နအဖ လှုပ်ရှားတပ်ဖွဲ့တခုကို။ အဲဒီမှာ နအဖဘက်က ၁၂ ယောက်လောက် ကျတယ်လို့ထင်တယ်။ သိပ်မမှတ်မိတော့ဘူး။ သေနတ်လည်း အားလုံးလိုလို ရလိုက်တယ်။ အဲဒီတိုက်တဲ့ တပ်ဖွဲ့နောက်ကို နအဖက စစ်ကြောင်းက ထိုးလိုက်လာတယ်။ သူတို့လိုက်တဲ့လမ်းကြောင်းက ကျနော်တို့သွားမယ့်လမ်းကြောင်း တည့်တည့် ကျနေတယ်ဆိုတာ ကျနော်တို့ မသိကြဘူး။ အဲဒါနဲ့ ခရီးဆက်ထွက်တော့ ရွာတရွာ ရောက်သွားတယ်။ ထုံးစံအတိုင်းဘဲ ထမင်းချက်စား၊ အိမ်က ဧည့်ခံတဲ့ခေါင်တွေကို သောက်ပေါ့။ သတင်းမရသေးဘူး။ အဲဒါနဲ့ ခုနက တိုက်သွားတဲ့ တပ်ဖွဲ့နဲ့ ပေါင်းဖို့ဆက်ထွက်လာတာ မိနစ် ၂၀ လောက်ကြာတော့ ကျနော်တို့ဦးတည်သွားနေတဲ့ ရွာကရွာသားတွေ ထွက်ပြေးလာတာ တွေ့ရတယ်။ အဲဒီကျမှ သတင်းရတော့တာ။

ရန်သူဝင်နေပြီဆိုပြီး ပြေးပြောပြောသွားကြတယ်။ စက်ဖွင့်ပြီး အပေါ်ကတပ်ဖွဲ့ကို တိုက်သင့်၊ မတိုက်သင့် ညှိ တော့ မတိုက်ဘဲနဲ့ သူတို့ဆီဘဲ ဖြတ်လမ်းကလာဘို့ပြောတယ်။ အဲဒီမှာတင် ခေါင်တန်ခိုးနဲ့ တန်းတွေ့တော့ တာပဲ။ ကယန်းဒေသမှာ နာမည်ကြီးတဲ့ တောင်ကြော ၂ခုရှိတယ်။ လက်ခုပ်ကြောနဲ့ ကင်းလိုက်ကြောဆိုပြီး။ မြင့်တဲ့နေရာမှာရော၊ အလျားပြန့်တဲ့နေရာမှာရော၊ တော်တော်များများတောင်တွေက အဲဒီကြောနဲ့ ဆက်စပ် နေတယ်။

ကျနော်တို့ကို လာဘို့ပြောတဲ့ လမ်းက ကင်းလိုက်ကြောရဲ့ အမတ်ဆုံးလို့ ဆိုရမယ့်နေရာမှာပါ။ မိုးကလည်း ဖွဲ ဖွဲဖွဲဖွဲနဲ့။ အဲဒါနဲ့ တက်ရောဆိုပါတော့။ စတက်တာနဲ့ ချောနေတဲ့ တောင်နံရံကနေ ကျနော်တက်လို့မရတာ တော်တော်ကြာတယ်။ ချောတာလည်း ပါတယ်။ ဒူးညောင်းတာလည်း ပါတယ်။ ဒါပေမယ့် ၁၀မိနစ် လောက် ကြိုးစားလိုက်တော့ တက်လို့ရပါတယ်။ တောင်ထိပ်ရောက်ဘို့ တက်ရတာက ၄နာရီ လောက်ရှိတယ်။ တောင် လယ်လောက်မှာ လာဆင်းကြိုတဲ့ ရဲဘော်တွေက ကျောပိုးအိတ်၊ သေနတ်၊ အီးကွေးမန့် ယူသွားလို့သာ တော်တော့တယ်။

ခေါင်သောက်ခြင်းဟာ ကယန်းဒေသကို ထိခိုက်ပါတယ်။ ဘာလို့ဆိုတော့ ရိုးရာအနေနဲ့ သောက်လာခဲ့တာဆို တော့ တောင်ယာခုတ်ရင် စပါးတ၀က် ကောက်ညှင်းတ၀က်စိုက်ကြတယ်။ ဥပမာ - မျိုး ၈ တင်းစာ တောင် ယာခုတ်မယ် ဆိုရင် စပါးလေးတင်း၊ ကောက်ညှင်းလေးတင်းစိုက်တာမျိုးပါ။ ကောက်ညှင်းက ခေါင်ချက်ဘို့ပါ။
အဲဒီအချကျတော့ မိုးတွင်းရောက်ပြီဆိုရင် ဆန်ပြတ်လတ်မှုကြုံပြီး တော်တော် ဒုက္ခရောက်ပါတယ်။ ပြောင်းဖူး ခြောက်ပြုတ်စားရတာမျိုးတွေ လုပ်ရပါတယ်။

ခေါင်ရည်ကို ဘယ်လောက်သောက်သုံးသလဲဆိုရင် ဘယ်နေရာသွားသွား ခေါင်ဗူးပါတယ်။ လက်ထပ်ရင် လည်း ခေါင်အိုး ဘယ်လောက်ဆိုပြီး နှစ်ဘက်ကတင်ရတယ်။ မှောက်မှောက်မှားမှားကိစ္စတွေ ဖြစ်ရင်လည်း ပါ တာဘဲ။ ကျနော်ကိုတောင် မတော်ခဲ့ရတဲ့ ယောက္ခမက ငါးသွားဖမ်းတာ ဖြစ်ဖြစ်၊ တောလိုက်တာဖြစ်ဖြစ် အမြဲ ခေါင်တဗူး ထည့်ပေးစမြဲ။ (ဤသည်ကား ကြော်ငြာ)။

ကယန်းလူမျိုးတွေ စွဲစွဲမြဲမြဲသောက်တဲ့ ခေါင်ရည်က သုံးမျိုးရှိတယ်။ စုပ်ခေါင်၊ ခေါင်ကျရည်၊ ဖေါက်ခေါင်။ စုပ်ခေါင်ဆိုတာက ၀ါးပိုးဝါး ခပ်လတ်လတ်ကို တဆစ်ပိတ်ဖြတ်ပြီး အိုးထဲက ခေါင်ဖတ်ကို ခပ်သိတ်သိတ် ထည့် ရေနွေးဆူဆူလောင်းထည့် ပြီး ၀ါးတံလေးနဲ့ စုပ်ရတယ်။နေ့စဉ်သောက်သုံးတဲ့ ပုံစံ။ ခေါင်ကျရည်ဆိုတာ ခေါင်ဖတ်တွေ ထည့် ထားတဲ့ အိုးထဲက တစိမ့်စိမ့်ထွက်လာတဲ့ အရည်တွေကို ခပ်ပြီးသောက်တာပါ။ အမြင့် ဆုံး မူးစေတဲ့ အရာပေါ့။ တောင်ယာမီးရှို့တာတို့၊ သာရေးနာရေး ပွဲတွေမှာတော့ ဖေါက်ခေါင်ကို သုံးတာများပါ တယ်။ သူကတော့ စုပ်ခေါင် အကြီးစားမျိုးဆိုရမှာပါ။ ခေါင်ထည့်ထားတဲ့ စဥ့်အိုးထဲကို ရေဆူဆူတွေ အပြည့်လောင်းထည့်ပြီး ခွက်နဲ့သောက်တာပေါ့။ ကယန်းဒေသက ရွာတွေမှာ ဘယ်ရွာက ခေါင်က ကောင်းတယ်ဆိုတာရှိပါတယ်။ နာမည်ကြီးတာက လေဒူခေါင်ရွာက ခေါင်ပါ။ ပျားရည်လိုချိုပါတယ်။

ခေါင်ချက်တာက ကောက်ညှင်းစပါးကို ထောင်းပြီး ဖွဲနု၊ စပါးခွံတို့နဲ့ နယ်ရပါတယ်။ နောက် ပလိုင်းထဲထည့်ပြီး ရေလောင်းဆေး ဒါမှမဟုတ် ရေထွက်ပေါက်မှာ သွားဆေးရပါတယ်။ ပြီးရင် နည်းနည်းသွေ့သွားအောင် နေလှန်းရပါတယ်။ အခြောက်ခံရပါတယ်။ အဲဒိအချိန်မှာ တစေးကို ထောင်းပြီး ဖြူးရပါတယ်။ ပြီးရင် သမအောင်မွှေပြီး ပေါင်းအိုးနဲ့ ပေါင်းတယ်ပြီးရင် စဉ့်အိုးထဲ ထည့်ပြီး လေလုံအောင် ပိတ်တယ်။ အနိမ့်ဆုံး လေးငါးရက်ကြာအောင် ထားရပါတယ်။ ပြီးရင် သောက်လို့ရပါပြီ။

ရေးရင်းရေးရင်းနဲ့ ခေါက်ချက်တတ်တဲ့ ကယန်းမလေးကို လွမ်းလိုက်တာ။

posted by မြင့်ဇေ @ 10:29 PM   0 comments
မိုးမှာ မွေးဖွားခဲ့တယ် ၊ တပြိုင်နက်တည်းလည်း ထွက်ခွာခဲ့ရတယ်။
Saturday, June 23, 2007
မိုးမှာ မွေးဖွားခဲ့တယ် ၊ တပြိုင်နက်တည်းလည်း ထွက်ခွာခဲ့ရတယ်။

အမကြီး မေငြိမ်း ၀က်ဆိုက်ကို ၀င်ကြည့်တော့ မိုးကိုဖွဲ့ဘို့tag လုပ်ထားတယ်။ တော်တော်တွေတွေငေးငေးလဲ ဖြစ်သွားတယ်။ ရုံးခန်းအပြင် ဖြတ်ကြည့်တော့ နေရောင်က စူးစူးရဲရဲ။ မိုးရာသီတော့ မိုးရာသီပါဘဲ။ နေရ ထိုင်ရတာ ပူလွန်းလှတယ်။ ဒါနဲ့ အခြား ဘလော့(ဂ်)ဂါ တွေရဲ့ ဆိုက်တွေဝင်ကြည့်လည်း မိုးဖွဲ့ များ။ တမျိုးတဘာသာ ရေးဖွဲ့ထားကြတယ်။ အရောင်များက စုံလွန်း။ အဲဒါနဲ့ ဘာကို ရေးရမလဲ။ မိုးနဲ့ပတ်သက်လို့ ဘာများအမှတ်ရစရာ ရှိခဲ့သလဲ။ ကျနော်က စာရေးကောင်းလည်း မဟုတ်ဆိုတော့။ ကိုယ့်အကြောင်းဘဲ ကိုယ်ရေးလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က မိုးရာသီဖွား။

၁၉၈၉ ဇွန်-ဇူလိုင်လများ အတွင်း…..။ မိုးနှင့် အပြိုင် မြန်မာပြည်နိုင်ငံရေး အခြေအနေကလည်း သည်းသန် ပြင်းထန်လွန်းလှသည်။ န၀တ၏ အဖမ်းအဆီးကလည်း လက်သံပြောင်သည်။ ကိုမိုးသီး တောခိုသွားခြင်း၊ ကိုမင်းကိုနိုင် အဖမ်းခံရခြင်း၊ ကိုကိုကြီး စသဖြင့် နာမည်ကြီးခေါင်းဆောင်များ၊ ဆက်စပ်နေသည့်လူများ ကို ဖမ်းဆီးခြင်းများ၊ မန္တလေးတွင် ဗကသ၊ မကသ တို့၏ အပြိုင်ညီလာခံများ၊ ကိုညိုထွန်း အဖမ်းခံရမှု၊ ပြန်လွတ် လာမှု စသဖြင့် …။ ဒီအခါ ကျနော်တို့ ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ခဲ့ကြ။ အမျိုးသားနိုင်ငံရေး တပ်ပေါင်း စု(မနတ)၊ ပြည်သူ့တိုးတက်ရေးပါတီ၊ ဦးဂွယ်လမ်းတို့ကို လွန်းပြန်ပြေးလွှားကြ။တရားဟောစင်မြင့်က ဒေါ်စု၊ အဲန်အယ်ဒီနှင့် ဒေါ်စု ၀န်းရံရေး၊ အာဏာဖီဆန်ရေး၊ `မတရားတဲ့ ဥပဒေ မှန်သမျှ တာဝန်အရ ဖီဆန်ကြ´။

အဲဒီနှစ်ရဲ့ မိုးရေများနဲ့ အတူ … သတင်းများက တပုဒ်ပြီးတပုဒ် ၀င်လာခဲ့တယ်။ ဘယ်သူတော့ အဖမ်းခံရပြန် ပြီ။ ဘယ်သူဘယ်ဝါတော့ ဘယ်နေရာမှာ ဆွဲသွားပြီ။ နေ့စဉ်ရက်ဆက် ကြားနေရတဲ့ အဖြစ်များ။ ကျနော် လည်း ဘယ်နေ့ပါမယ်ဆိုတာ မသိ။

ထိုကာလက ကျနော့်ကို လုပ်ဘော်ကိုင်ဘက် တချို့က သတိပေးခဲ့ကြတယ်။ ပေါ်နေတဲ့ အနေအထားကို ပြန် ငုတ်ရန်။ ကျနော်ကတော့ ငုတ်ငုတ်၊ မငုတ်ငုတ် သိပ်မထူးတော့။ တယောက်ကျလျှင် တယောက်အစားထိုးရ မယ် မဟုတ်လား။

ထိုညက အိမ်ပြန်မအိပ်ဖြစ်။ ကြည့်မြင်တိုင်ကလုပ်တဲ့ အစည်းအဝေးတခုမှာ အတော်လေး ညဥ့်နက်သွားခဲ့ တယ်။ ကျနော်တို့အိမ်က မင်္ဂလာဒုံ လေယာဉ်ကွင်း၏ အနိမ့်ဘက်။ မိုးရွာရင် လေယာဉ်ကွင်းမှ ကျလာတဲ့ ရေတွေက တခါတရံ အိမ်ကြမ်းပြင်အထိ။ မိုးကရွာ၊ ရေကကြီး၊ မီးကမဲ့၊ ပုဆိုး ဂွင်းသိုင်းပြီး လျှောက်ရမယ့် ကိန်းကြောင့် မြင်ကာ အစည်းအဝေးလုပ်ရာ နေရာမှာဘဲ ကျောခင်းလိုက်တယ်။ မှတ်မှတ်ရရ … ဇူလိုင် ၁၁ ရက် ည။

ထိုညကုန်လွန်သည်အထိ ဘာမှ မသိသေး။ အိမ်ကှ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ လှိုင်မြို့နယ်ကို သွား တယ်။ ဆိုင်ရောက်တော့ ပုံမှန်သောက်နေကျ သူတွေအကြား ဘာလုပ်ရမှန်းမသိတဲ့ မျက်နှာနဲ့ ကျနော့်ညီ။ မေမေ့ကို မတွေ့ရ။ အဖေလည်း မတွေ့။ အဖျော်ဆရာကလည်း ဘာသာရေးအရ အကျရည်စပ်ပေးပြီး ဘုရား တက်၊ ပုတီးစိပ်ရန် ထွက်သွားပြီ။ ကိုယ်တိုင်ဝင်ဖျော်ပြီး ညီလေးကို စားပွဲထိုးခိုင်း။အားလုံးက အလွဲလွဲ အချော်ချော်။ ကော်ဖီသောက်မည့်သူကို လက်ဖက်ရည်ချပေး စသဖြင့် ။ ပြီးမှ ညီလေးက ပြောသည်။ ညက အဖေ့ကို ဆွဲသွားပြီ ဆိုသည့်အကြောင်း။ ကျနော် ရုတ်တရက် မှင်သက်မိသွားခဲ့တယ်။

နေ့လည် အမေ ရောက်ချိန်မှ ဖြစ်ပျက်ပုံအလုံးစုံကို သိရတယ်။ ဖြစ်ပုံက မနက် ၃နာရီခွဲလောက် အိမ်ရှေ့ကအဖေ့နာမည်ကို ခေါ်တော့ အဖေကလည်း သူ့ကို လာဖမ်းပုံထင်ပုံမရ။ ကျနော့် လာရှာတယ်လို့ပဲ ထင်ပုံရတယ်။ ခြံတံခါးဖွင့်ပေးတော့ ` ဦး……… ဆိုတာ ခင်ဗျားမဟုတ်လား´ မေးပြီး `ခဏလိုက်ခဲ့ပါ၊ စုံစမ်းစရာရှိလို့´ လို့ပြောတယ်။ ပါလာတဲ့ ရပ်ကွက် ရ၀တတွေက မျက်နှာခပ်ပျက်ပျက်။

ပြီးတော့ ထုံးစံအတိုင်း ၀င်စစ်ပါရစေ။ မည်သည့်အရာမှ မတွေ့။ ဟာသတခုတော့ ဖြစ်သွားသေးတယ်။ ကျနော့် ညီမလေးက စာရေးဝါသနာပါတယ်။ အဖေပြောသမျှကို ဒိုင်ယာရီမှာ စာစီစာကုံးဆန်ဆန် ရေးတတ် တယ်။ ထိုစာအုပ် တွေ့တော့ ထောက်လှမ်းရေးများမျက်နှာ ၀င်းလက်သွားပြီ်း အလျင်အမြန် လှန်ကြတယ်။ ဖြစ်ချင်တော့ ညီမလေးက ဂေါ်ဘာချော့ဗ်အကြောင်းကို သူသိသလောက် ရေးထားတယ်။ ဂေါ်ဘာချော့ဗ် ဆို တာနဲ့ တွေ့ပြီ၊ တွေ့ပြီ အော်ကြတယ် လို့ ပြန်ကြားရတယ်။ သက်သေခံရပြီပေါ့လေ။

ပြီးတော့ အဖေ့ကို အလုအယက် မေးကြတယ်။ ခင်ဗျားရေးတာမဟုတ်လား ဆိုကာ။ အိပ်ချင်မူးတူးနှင့် ညီမလေးက သမီးရေးတာပါ ပြောတော့လည်း မယုံကြ။ လက်ရေးတူမတူ စစ်သေးသည်။ မတူတော့ စာအုပ် ထားသွားပြီး အဖေ့ကို ခေါ်သွားခဲ့တယ်။

အဲဒီနေ့ကစလို့ အမေတို့ရဲ့ တမိုးတမြေ ပြန်လည်ဖြစ်မြောက်ဘို့အတွက် အမေဟာ အဖေ့ကို ၁၆ နှစ်ကျော် စောင့်ခဲ့ရတယ်။

အဖြစ်အပျက်ကို သိပြီးတော့ ကျနော်လည်း ဆိုင်ဝိုင်းသိမ်းပေးပြီး (ကျနော်တို့ ဆိုင်က နေ့တပိုင်းပါ) စုံရပ်ကို သွားခဲ့တယ်။ ရောက်တော့ အားလုံးလိုလိုက သိပြီးသူချည်း။ သတင်းတွေက ၀င်လာမဆဲ တသဲသဲ။ အဲ့ဒီညတညတည်း အယောက် ၃၀ ခန့် ပါသွားခဲ့တယ်။ ကျနော့်ကို လေးလေးနက်နက်စဉ်းစားရန် ထပ်မံ အကြံပေးကြပြန်တယ်။ ငုတ်နေရန်။ ကျနော့် စိတ်ထင်တော့ သိပ်မထူးလှ။ အနှေးနှင့် အမြန် ကျနော့် ထံ ရောက်လာ မယ်ဆိုတာကို သိနေတယ်။

ဒါပေမယ့် အရွယ်မရောက်သေးတဲ့ (အဲဒီအချိန်က ကျနော်လည်း အရွယ်ရောက်ခါနီး) မောင်နှမများနှင့် ကျနော့် အမေအတွက် ။ အမေက ဘာမှ နားလည်သည်မဟုတ်။ တောသူ၊ နောက် ကျန်သည်က ဥမမယ် စာ မမြောက်၊ သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေများရှိနေကြမလဲ။ နုငယ်စဉ်ဘ၀မှာ ၊ ရိုးသားသည့် ဘ၀မှာ အမဲစက် များ ထင်ကျန်ရစ်နေခဲ့လျှင်။

ကျနော်စဉ်းစားပြီး ငြိမ်ရန် ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကာလတခုအထိသာ။ ဖမ်းသည်မှာ ဘာကြောင့် ဖမ်းသည်ကို သိရသည်အထိ။

ဒီနောက်တော့ လက်ဖက်ရည်ဆိုင် လုပ်ငန်းအပေါ် အာရုံစိုက်လုပ်တယ်။ လုပ်ဘော်ကိုင်ဘက်များကို ဖြတ်ထားလိုက်တယ်။ အဲဒီကာလမှာဘဲ တိုက်ပွဲဟာ အရှိန်အမြင့်ဆုံးကို ရောက်လာတော့တယ်။ န၀တက လည်း အာဇာနည်နေ့မှာ ဖော်ဆောင်မယ့် အာဏာဖီဆန်ရေးကို နှိမ်နှင်းဘို့ ဒေါင်းတင်မောင်းတင် ပြင်ဆင် နေပြီ။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့…။ ကျန်ခဲ့တဲ့ နေ့တွေက လူထုကို လှုံ့ဆော်ထားခဲ့ကြတယ်။ ဒါပေမယ့် ဒေါ်စု က အဲဒီနေ့မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြီး ရန်သူက အဆုံးစွန်ရမ်းတော့မယ်ဆိုတာကို သိလို့ အာဇာနည် ကုန်းချီတက်မှုကို မလုပ်ဘို့ တားပါတယ်။ နောက်ကျသွားခဲ့ပါပြီ။ လူထုဟာ စုရပ်အသီးသီးရောက်ပြီး ထွက် သွားခဲ့ကြတယ်။ ရန်သူ့ တုံ့ပြန်မှုက မဲမဲမြင်ရာကိုက်တဲ့ခွေးလိုပါဘဲ။ ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်းလမ်းဆုံက အထွက် ဗီယက်နမ်သံရုံးရှေ့ ၊ ရိုက်လိုက်ကြတာ။ အာဇာနည်နေ့မှာပဲ အာဇာနည်တွေ ထပ်ပေါ်ခဲ့တယ်။ ကောင်းကင်ကတော့ အာဇာနည်နေ့မို့လို့လား၊ မကြည့်မမြင်ရက်လို့လား မိုးတိမ်ညိုညိုတွေ ဖုံးနေတယ်။ မိုးကလည်းဖွဲဖွဲ ဖွဲဖွဲနဲ့။ သွေးစတွေ က ကတ္တရာလမ်းပေါ်မှာ စီးနေတဲ့ ရေတွေနဲ့ မျောပါသွားတယ်။ မျက်လုံးထွက်သွားတဲ့ ကျောင်းသားလေး၊ အရှေ့က ကျောင်းသူမလေးကို မထိအောင် ကာရင်း နံရိုးကျိုးသွားတဲ့ ကျောင်းသားကြီးတွေ၊ လူဂုဏ်တန်ရပ်ကွက်ဆိုတော့ ခြံဝန်းအမြင့်ကြီးတွေ ပတ်ပတ်လည်မှာ ဘယ်နေရာမှာ သွားခိုပုန်းရမှန်းမသိပဲ အရိုက်ခံရမှာကို ဟိုပြေးဒီပြေးနဲ့ စောင့်နေရတဲ့ အဖြစ်များ။ အဲဒီ အဖြစ်အပျက်များနဲ့အတူ ကိုမွန်းအောင်ရဲ့ သွေးမုန်တိုင်းကို ကိုရဲနည်(ဧရာဝတီ)က သံစဉ်သွင်းခဲ့လေ သလား။

အဲဒါပြီးတော့ တမြို့လုံး ကျီးလန့်စာစား။ မာရှယ်လော၊ ဒေါ်အောင်ဆန်းစုကြည်ကို စတင် အကျယ်ချုပ်၊ ကျန် အဲန်အယ်ဒီခေါင်း ဆောင်များ၊ အတိုက်အခံအင်အားစုများ ဖမ်းပွဲ။ မိုးကြောင့် နဂိုကတည်းက မှောင်နေတဲ့ ည ဟာ ပိုမိုပြီး သိပ်သိပ်သည်းသည်း အမှောင်တိုက်ကျနေသလို။ အမှန်ကတော့ တိုင်းပြည်ကိုက အမိုက်တိုက် ထဲ ရောက်နေတာ မဟုတ်လား

အဲဒီညက ကျနော် လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ သူငယ်ချင်းနဲ့စကားပြောပြီး ပြန်လာတော့ ၇နာရီ ခွဲလောက်ရှိနေပြီ။ အဖမ်းအဆီးသတင်းတွေတော့ ကြားရတယ်။ ကိုယ်နဲ့မဆိုင်ဘူးပေါ့။ မနက်ဆိုရင် လက်ဖက်ရည်ဖျော်မယ်။ စားပွဲထိုးမယ်။ ဆိုင်ပိတ်ချိန်ကျရင် သော့ခတ်ပြီး အိမ်ပြန်မယ်။ ညီအငယ်ဆုံးကို ကျောင်း ၀င်ကြိုမယ်။ ဖြစ်ပျက်နေတဲ့ ပစက္ခ အခြေအနေကို ဘေးကထိုင်ကြည့်နေသူတဦးလိုပေါ့။

ဖြစ်ချင်တော့ ကျနော်က အိပ်ရာစောစောမ၀င်တတ်ဘူး။ စာဖတ်ရမှ ကျေနပ်တယ်။ အဲဒီအလေ့အထကိုဘဲ ကျေးဇူးတင်ရမှာ။ အိမ်ပြန်ရောက်ပြီး စာဖတ်တော့ အမေနဲ့ မောင်နှမတွေလည်း အိပ်ရာဝင်ကုန်တယ်။ မိုးကတော့ ဖျောက်ဖျောက် ဖျောက်ဖျောက် ကျနေတယ်။

စာဖတ်နေရင်းနဲ့ ကျနော့်နားမှာ ကားစက်သံတိုးတိုးလေး လှိမ့်မောင်းလာတာကို သတိသွားပြုမိတယ်။ တော် တော်ညက်ပါတယ်။ ညက်လွန်းလို့လည်း သတိထားမိတာ ဖြစ်မယ်ထင်တယ်။ကားသံက ကျနော်တို့ အိမ်နဲ့ နှစ်အိမ်လောက်ကွာတဲ့ လမ်းဆုံမှာ ရပ်လိုက်တာကိုလည်း သတိပြုမိတယ်။ အဲဒါနဲ့ ဖတ်လက်စကိုခဏထား ပြီး မီးအားလုံးကို ပိတ်လိုက်တယ်။ ခဏစောင့်တော့ အိမ်ရှေ့ ခြံတံခါးရှေ့က ခေါ်သံကြားရတယ်။ အမေ့နာမည်ပေါ့။ အဖေမှ မရှိတော့တာ။

အဲဒါနဲ့ အမေ့ကို နှိုးတယ်။ ဘယ်သူလဲ ဆိုတာ မေးတဲ့အခါကျတော့ ရ၀တကပါ ဆိုတာနဲ့ အသင့်ဖွင့်ထားတဲ့ နောက်ဖေးတံခါးကနေ ခုန်ချပြီး တဘက်ခြံနဲ့ မလွယ်ပေါက်လုပ်ထားတဲ့ ခြံဝင်းထဲ အပြေးဝင်ပြီး အိမ်သာထဲ ၀င်ထိုင်နေရတယ်။

သူတို့နဲ့ အမေ ပြောတဲ့စကားတွေကို အတိုင်းသားကြားနေရတယ်။ အမေက ဒီမှာ ပြန်မအိပ်ဘူးပြောတော့ ညနေကတောင် တွေ့သေးတယ် ၊ ဒီအိပ်ရာက ဘယ်သူ့အတွက်ခင်းထားတာလဲ စသဖြင့် သူတို့ပြန် ပြောကြတာ ကြားနေရတယ်။ အသံတွေစဲသွားပြီး တော်တော်ကြာမှ အိမ်နီးနားချင်းတွေကိုခေါ်။

တခု ကံကောင်းသွားတာက အဲဒီအိမ်မှာရှိတဲ့ အပျိုမနှစ်ယောက် တပို့တပါးမသွားတာကိုဘဲ။ သူတို့က မမြင် ရတဲ့ လောကကို ကြောက်တတ်ကြတာ။ ခေါ်လို့ရတော့မှ အခြေအနေကို ဆက်ကြည့် ပြီးတော့ အမေ့ကို သွား မေးခိုင်းရတော့တယ်။ အဲဒီညက အိမ်ဘေးအိမ်က မိသားစုရဲ့ ကျေးဇူးကတော့ အမှတ်ရစရာပါ။

နောက်နေ့မနက်ကျတော့ အမေ့က လက်ဖက်ရည်ဆိုင် သွားဖွင့်တယ်။ ကျနော်က အိမ်ရှေ့တံခါးနဲ့ ခြံဝင်းတံခါးကို အပြင်ဘက်က သော့ချပြီး အိမ်ထဲမှာနေတယ်၊ အနီးဆုံးပြူတင်းပေါက်တော့ ဖွင့်ထားတယ်။ ညီတွေ၊ ညီမတွေကတော့ ကျောင်းသွား၊ အမေ့ကူပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဖမ်းခံရမှာ စိုးရိမ်ရ။ ကျန်လုပ်ဘော်ကိုင်ဘက်တွေလည်း လွတ်မလွတ်တွေး။ အမေတို့အတွက် ဘယ်လိုလုပ်ပေးရမလဲ။ အဲဒီ အတွေး တွေ ဘဲ။ တနေ့တာ ကုန်လွန်သွားစေခဲ့တယ်။

နောက်ညနေပိုင်းအမေပြန်လာတော့ လုပ်ဘော်ကိုင်ဘက်တယောက်ပါလာတယ်။ ကျနော် တနေရာမှာ ရှောင်ဘို့လိုပြီလေ။ ညီတွေ ညီမတွေလည်း တဖွဲဖွဲ ပြန်ရောက်လာကြတယ်။ သူတို့အသိက ငယ်ပါသေး တယ်။ ဒါပေမယ့် အရှေ့ မှာ အဖေ့ရဲ့ အတွေ့အကြုံက ရှိပြီးသား မဟုတ်လား။ ကျနော် တနေရာ သွားနေရ ဦးမယ် ဆိုတဲ့ စဉ်းစားထားမှုတော့ အမေမှာ တွေးပြီးသားဖြစ်မှာပါ။ ပြန်ရောက်ကတည်းက သူ့မှာ ထမင်းဟင်းချက်လိုက်၊ ကျနော့်အ၀တ်အစားတွေ ၊ အသုံးအဆောင်တွေ ထုပ်ပိုးလိုက်နဲ့ မအားပါဘူး။ ညနေ တော်တော်စောင်းတော့ ထမင်းစားကြတယ်။

ပြီးတော့ အမေပြင်ပေး ထားတဲ့ ခရီးဆောင်အိတ်ကို ယူပြီး အဖော်နဲ့အတူ ကျနော်ထွက်လာခဲ့တယ်။ ပြန်လာမယ်ဆိုတဲ့အကြောင်းတော့ တဖွဖွ ပြောခဲ့တယ်။ မောင်နှမတွေကိုလည်း အမေ့ကို ကူညီဖို့ ပြောခဲ့တယ်။ အဲဒီကစပြီး ကျနော် အခုထက်ထိ အိမ်ကို ပြန်မရောက်တတ်သေးဘူး။

အဖေပြန်ရောက်နေပြီဖြစ်တဲ့ အမေ့ရဲ့ တမိုးတမြေအောက်မှာ ကျနော်က အခုထိ ပြန်မရောက်နိုင်ဆဲ။

အဲဒီ အိမ်ကထွက်တဲ့နေ့က တမိသားစုလုံးရဲ့ မှတ်မှတ်ရရ အကြောင်းအရာတခုကို မေ့ချင်ယောင်ဆောင် ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ဇူလိုင် ၂၀ ဆိုတာ ကျနော်ကို အမေမွေးဖွားတဲ့နေ့၊ ပြီးတော့ ကျနော့်ရဲ့ ၁၇ နှစ်နှစ် တင်းတင်းပြည့်တဲ့နေ့လေ။

အဲဒီနေ့မှာပဲ ထွက်လာခဲ့တယ်။ မိုးစက်တွေ ကျမကျတော့ မမှတ်မိတော့ ဘူး။ အဲဒီနေ့က အမေကျခဲ့တဲ့ မျက်ရည်ကတော့ ကျနော့်တဘ၀လုံးစာအတွက် ရလိုက်တဲ့ မေတ္တာတရားပါပဲ။

Labels:

posted by မြင့်ဇေ @ 9:20 PM   3 comments
ကျနော့်ငယ်ဘ၀များကို ပြန်တွေးခြင်း

ကျနော် တခါတလေ စာရေးဘို့ စဉ်းစားရင်းနဲ့ ဘာမှ အကြောင်းအရာ မယ်မယ်ရရ ရှာမရလို့ မရေးဖြစ်တော့ ပြန်ဘူး။ အဲဒီအခါကျရင် ဆရာ မြ ပြန်တဲ့ `ပါရီကျဆုံးခန်း´ထဲက ဇာတ်ကောင်တဦးဖြစ်တဲ့ `လူဆန်း´ ကိုသွား သတိရတယ်။ အဲဒီထဲမှာ လူဆန်းက စာတအုပ် နှစ်အုပ် ရေးပြီး နာမည်ကြီးသွားတယ်။ ဒါပေမယ့် နောက်ထပ် မရေးနိုင်တော့ဘူး။ အဲဒါကို ဘာနဲ့ဥပမာ ပေးထားလဲဆိုတော့ အရည်ညှစ်ပြီးသား သံပုရာခွံဖြစ်သွားပြီ။ နောက်ထပ် ညှစ်ထုတ်ဖို့ မကျန်တော့ ဆိုပြီး။ ဖတ်တုန်းကတော့ ဒီအဖွဲ့လေးကို ကြိုက်လိုက်တာ။ အခု ကိုယ်နဖူးတွေ့ ဒူးတွေ့  မရေးနိုင်တဲ့ အဖြစ်ကို ကြုံရတော့မှပဲ `ဟိုက်၊ ငါလည်း သံပုရာခွံ ဖြစ်နေပါရောလား´ ဆိုပြီးတွေးမိတယ်။ အဲဒါနဲ့ ငယ်စဉ်က ဆက်စပ်ခဲ့ရတဲ့ ပတ်ဝန်းကျင်က အဖြစ်လေးတွေ၊ လွဲချော်မှုလေးတွေကို ပြန်ရေးရင်ကောင်းမလားဆိုပြီး ဒီနာမည်လေး ပေးလိုက်တာပါ။ လက်ကျန် သံပုရာရည်လေးတွေကို ကြိတ်စက်ထဲ ထည့်ကြိတ်တဲ့ သဘောပေါ့ဗျာ။

ကျနော် ကိုးတန်းကျောင်းသားဘ၀တုန်းက ၁၉၈၆ လောက်ကပေါ့။ မြန်မာစာ ဆရာဒိုးဆီမှာ ကျူရှင်ယူခဲ့တယ်။ အမေကတောင် ပြောသေးတယ်။ ` ဘယ့်နှယ့်တော်။ မြန်မာစာကို ကျူရှင် ယူရတယ်လို့၊ ကြား ကြားဖူးပေါင်´ ဆိုပြီး ။ ဒါပေမယ့် မိခင်ဆိုတာကလည်း သားသမီးအလိုကို မတတ်နိုင်ရင်သာ ရှိရမယ်။ တတ်နိုင်ရင်တော့ လုပ်ပေးကြတာချည်း မဟုတ်လား၊ တက်ရရောဆိုပါတော့။

အမှန်ကတော့ ကျနော်က မြန်မာစာ အညံ့ချည်း မဟုတ်ဘူးဗျ။ ပုံမှန် အောင်တဲ့အဆင့်ထက်တော့ သာပါတယ်။ ဒါပေမယ့် အသက်အရွယ်ကလည်း လူပျိုပေါက်စ။ ရှစ်တန်းတုန်းကလည်း အိမ်က သိပ်ထွက်ရတာ မဟုတ်တော့ ထွက်ပေါက်ရှာတာပါ။ လက်ဖက်ရည်ဆိုင်ကလည်း ထိုင်တတ်နေပြီ။ ဆေးလိပ်လေးဘာလေးလည်း မတောက် တခေါက် ဖွာတတ်နေပြီ။ လမ်းများချင်တာပေါ့ဗျာ။

အဲဒါနဲ့ ကျူရှင်တက်ပြီးလို့ အိမ်ပြန်ရင် ကီလီဘက်က ပတ်ပြန်ရတယ်။ အဲဒီလို ပြန်တိုင်း ဘတ်စ်ကားစီးတော့ အသက်ကြီးငယ်မရွေး လူတွေရဲ့ နေ့စဉ် ဘ၀တွေ၊ မောဟိုက်နေတဲ့ အသက်ရှူသံတွေ၊ ညှိုးနွမ်းနေတဲ့ အိမ်အပြန်ညနေတွေကို ကြုံရတယ်။ ဒါပေမယ့် အဲဒီကာလရဲ့ စီးပွားရေးအရ ဆင်းရဲသူနဲ့ ချမ်းသာသူ ကြား ကွာဟမှုအရည်အတွက်က အခုခေတ်လို အရမ်း မကြီးမားသေးဘူး။ နောက် ကီလီတ၀ိုက် ပတ်ဝန်းကျင်မှာ မြင်ရတဲ့ မြင်ကွင်းတွေကလည်း မြို့တော်လို့ ပြောရင်တောင် ယုံစရာ မဖြစ်တဲ့ အနေအထားမျိုးတွေ။ မိုးရွာရင် တော်တော်ဆိုးတယ်။ အဲဒီအချိန် ကီလီဈေးနားမှာ မိလ်လာလိုင်းက ပေါက်ပြဲနေတယ်။ မိုးတွင်းခါများဆို ရေကြီးရင် တော်တော် စိတ်ပျက်ဘို့ကောင်းတယ်။

အဲဒီလို မြင်ကွင်းတွေကို ကျူရှင်က ပြန်လာတိုင်းမြင်ရတာများတော့ အသိစိတ်မှာ စွဲနေတယ်။ အဲဒီအချိန် မှာလည်း စာကတော်တော့်ကို အစုံ ဖတ်နေတဲ့အချိန်ဆိုတော့ ငယ်ရွယ်တဲ့ အသိစိတ်နဲ့ စာအုပ်ထဲကပါတဲ့ အရာတွေကို နှိုင်းယှဉ်စဉ်းစားနေချိန်လေ။

ဖြစ်ချင်တော့ တနေ့ ကျောင်းက မြန်မာစာဆရာမက စာစီစာကုံး တပုဒ် ရေးခိုင်းတယ်။ လေ့ကျင့်တဲ့အနေနဲ့ပါ။ ခေါင်းစဉ်က ` ကျောင်းသွားကျောင်းပြန် မြင်ကွင်းများ´ ပါ။ အိမ်စာအဖြစ်နဲ့ ပေးလိုက်တာပါ။ ကျနော်လည်း စိတ်ထဲမှာ စွဲနေတဲ့အရာတွေကို ရေးခွင့်ရပြီဆိုပြီးတော့ အမှန်တကယ်ကို ဖိဖိစီးစီး ရေးချတော့တာပဲ။ ကီလီ လမ်းက ကိစ္စရော၊ ဘတ်စ်ကားပေါ်က နေ့စဉ်ဘ၀တွေရော၊ ပြီးတော့ စာအုပ်ထဲက စကားလုံးတွေကိုပါ အတုံးလိုက်အတစ်လိုက် အသုံးချပြီး ရေးလိုက်တာပါ။ နောက်နေ့ စာအုပ်တွေကို ထပ်ပြီး ဆရာမ စစ်ပြီးတဲ့ အချိန်မှာ ကျနော့်ကို ခေါ်မေးပါတယ်။ ဘယ်သူရေးပေးတာလဲပေါ့။ ကိုယ့်ဘာသာရေးတာလို့ ပြန်ပြောတော့ ဆရာမက `သားရေးတဲ့ စာစီစာကုံးထဲမှာ တချို့ စာလုံးတွေက ကျောင်းသားတွေ မသုံးသင့်တဲ့ အသုံးအနှုံးတွေ ပါနေတယ် ´ ပြန်ပြောတယ်။ `အဲဒါတော့ ကျနော်မသိဘူးဆရာမ။ ကျနော် ကျောင်းသွားကျောင်းပြန်မှာ တကယ်တွေ့ရတဲ့ အကြောင်းတွေကို ပြန်ရေးထားတာဘဲ။ နောက် တချို့ စာလုံးတွေကတော့ ကျနော်ဖတ်ဘူးတဲ့ စာအုပ်တွေထဲမှာ ပါတဲ့ဟာတွေကို ကိုက်ညီမယ်ထင်ပြီး သုံးခဲ့တာပါ။´ အဲဒီမှာတင် ဆရာမက ကျနော့်ကို `နောက်စာစီစာကုံးတွေကျရင် အဲဒီလို စာလုံးမျိုးတွေ သုံးမရေးနဲ့။ စာစီစာကုံးရေးတာက ကောင်းပေမယ့် အဲဒီ ဟာတွေကြောင့် အမှတ်သိပ်ရမှာ မဟုတ်ဘူး´ လို့ပြောပြိး ပြန်ထိုင်ခိုင်းတယ်။

ကျနော်လည်း အူကြောင်ကြောင်နဲ့ ပြန်ထိုင်ရင်း စဉ်းစားမိတယ်။ ဘာကြောင့် အဲဒီစာလုံးတွေကို မသုံးစေချင် တာလဲ။ စဥ်းစားရင်းနဲ့ ရှစ်တန်းတုန်းကလည်း တခါကြုံဘူးတာ ပြန်အမှတ်ရသွားတယ်။ အဲဒီတုန်းက ငယ် သေးတော့ သေသေချာချာ မတွေးမိခဲ့ဘူး။ ခေါင်းစဉ်က`သင်၏ ရည်မှန်းချက်´ ဆိုတော့ ကျနော်က ရေးချ လိုက်တာ
`ဘ၀ဆိုသည်မှာ မိမိဖြစ်ချင်သော်လည်း ဖြစ်ချင်သည့်အတိုင်း မဖြစ်နိုင်ပေ။ အကန့်အသတ်များစွာဖြင့် အထိန်းခံထားရသည်။ အကယ်၍ ကျနော်သည် ဆရာဝန်ဖြစ်ချင်ဦးတော့ မဖြစ်စေနိုင်သည့် အကန့်အသတ် များက ရည်မှန်းချက်ကို ဟန်တားထားသည်´
စသဖြင့် ဘာညာဘာညာ ရေးတုန်းကလည်း အမှတ် တော်တော်နည်းခဲ့တယ်။ (စကားချပ်- အခုထိလည်း အမှတ်တော်တော်နည်းသေးတယ်။ မမှတ်သေးတာကို ဆိုလိုတာပါ)။ ထားတော့ - ကျနော် စဉ်းစားမရ။ အိမ်ပြန်ရောက်ချိန်မှ အဖေ့ကို မေးကြည့်တော့ `အဲဒါက နိုင်ငံရေးစကားလုံးတွေမို့လို့ သားရ´။ အဲဒီမှာတင် ပို၍ ရှုပ်သွားခဲ့တယ်။ နိုင်ငံရေးစကားလုံးတွေ ဆိုတော့ စာရေးဆရာတွေကရော ဘာလို့ သုံးကြတာလဲ။ ကျောင်းသား တွေကရော ဒါသုံးလို့ စာမေးပွဲမှာ ဘာဖြစ်လို့ အမှတ်လျော့ခံရတာလဲ။ ကျောင်းသားတွေကျတော့ မသုံးရဘူးလို့ သတ်မှတ်ထားခဲ့သလား။ အတွေးများက လုံးလည်ချာလည်နှင့် အဖြေကတော့မရ။

၈၈၈၈ ကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရမှ ကျနော် နည်းနည်းသဘောပေါက်လာတယ်။ ကျနော်တို့ကို ဘာကြောင့် မသိစေချင်မှန်း၊ မသုံးစေချင်မှန်း။ အာဏာကို လက်ထဲ မြဲမြံစွာ ကိုင်ထားနိုင်ရေးရည်စူးပြီး ကျနော်တို့  ကို မသိစေချင်ခဲ့တာပါလား ။ ကျနော်တို့ ကြီးပြင်းခဲ့ရတဲ့ခေတ်ဆီက ကျနော်တို့ စုတ်ယူရရှိခဲ့တဲ့ အရာအများစုဟာ မသိစေချင်တာ တွေက သိရမယ့် အရာတွေဖြစ်ပြီး၊ မသိသင့်တဲ့ အရာတွေကို သိစေခဲ့ပါလား ဆိုတာလည်း တွေးမိပါရဲ့။ ဘယ်ကလောက်များ လူ့သမိုင်းကို နောက်ပြန်တွန်းပို့စေခဲ့တဲ့ လုပ်ရပ်လဲ။ အဲဒီအကြောင်းလေး ပြန်တွေးမိတာပါ။

ကျနော်ဒီထဲက ရတာတခုကတော့ အရာအားလုံးကို ပိတ်ပင်ထားပေမယ့် လေ့လာဘို့ အခွင့်အလမ်းတွေကို ရတဲ့အခြေအနေမှာ နောင်မျိုးဆက်တွေအတွက် ချန်ထားခဲ့ဘို့ လိုအပ်တယ်ဆိုတာကိုပါ၊ ဒါမှလည်း သမိုင်းက ကြောင်လိမ်လှေကားလို.. တိုင်းပြည်ကလည်း စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီ ချဉ်းကပ်နိုင်မှာပါ။


Labels:

posted by မြင့်ဇေ @ 8:30 PM   1 comments
“ပြည်သူ့စစ်သား..........ဘယ်သူ့အတွက်လဲ”

(လွင်မောင်သန်း)


“ငါ့သားများစစ်ထဲဝင်မယ်ဆိုရင်လေ... စစ်တပ်ဆိုတာယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့ကို မွေးဖွားပေးတဲ့ နေရာဖြစ်တယ်” အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အဆိုအမိန့်ကို ကျက်သရေရှိပြီး တည်ကြည် ခန့်ညားတဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့ လူတရပ်ခန့်အရွယ် ဓါတ်ပုံကြီးရဲ့အောက်မှာ အနီရောင်ကတ္တီပါပေါ် ရွှေဝါ ရောင်စာလုံးတွေနဲ့ ရေးသားထားတယ်။ မဆလခေတ် စစ်သားစုဆောင်းရေးတပ်များမှာ မြင်တွေ့နေကျ မြင်ကွင်း ဖြစ်တယ်။ “...အမယ်မင်းထွားလိုက်တာ၊.စစ်သားးကြီးလုံးလုံး ၊ဗိုလ်မှူးကြီးရှုံးလောက်ရဲ့.ပုခုံးနဲ့လက်ပြင်၊ ကျောခြင်က သံချောင်း၊ တနှစ်တွင်းမှာ ချက်ခြင်းပဲပြောင်းရော့.......”

“ငါ့သားများစစ်ထဲဝင်မယ်ဆိုရင်လေ... စစ်တပ်ဆိုတာယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့ကို မွေးဖွားပေးတဲ့ နေရာဖြစ်တယ်” အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အဆိုအမိန့်ကို ကျက်သရေရှိပြီး တည်ကြည် ခန့်ညားတဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့ လူတရပ်ခန့်အရွယ် ဓါတ်ပုံကြီးရဲ့အောက်မှာ အနီရောင်ကတ္တီပါပေါ် ရွှေဝါ ရောင်စာလုံးတွေနဲ့ ရေးသားထားတယ်။ မဆလခေတ် စစ်သားစုဆောင်းရေးတပ်များမှာ မြင်တွေ့နေကျ မြင်ကွင်း ဖြစ်တယ်။ “...အမယ်မင်းထွားလိုက်တာ၊.စစ်သားးကြီးလုံးလုံး ၊ဗိုလ်မှူးကြီးရှုံးလောက်ရဲ့.ပုခုံးနဲ့လက်ပြင်၊ ကျောခြင်က သံချောင်း၊ တနှစ်တွင်းမှာ ချက်ခြင်းပဲပြောင်းရော့.......” ကဗျာ၊လင်္ကာတို့ ကလဲ စစ်သားဖြစ်မှ၊ စစ်တိုက်ဖူးမှသာ ယောင်္ကျားပီသတယ်။ လူတောတိုး၊လူရာဝင်တယ်ဆိုတာ မြန်မာပြည်သူတို့ အသဲနှလုံးထဲမှာ နစ်ဝင်စွဲညိနေတယ်။ ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း၊ သခင် အောင်ဆန်းလို့ခေါ် ရတာ မလေးနက်ဘူး၊ ပေါ့ပျက်ပျက်ဖြစ်လို့ “ဗိုလ်ချုပ်အောင်ဆန်း”လို့ ခေါ်လိုက်ရမှ အားပါးတရရှိခဲ့တာ။ အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မဟာဗန္ဓုလ စတဲ့ရာဇဝင်ထဲက မြန်မာ့စစ်သူကြီး၊ စစ်သူရဲကောင်းတို့ရဲ့ ရဲစွမ်းသတ္တိပုံရိပ်တွေက ငယ်ငယ်ကတည်းက ဒဏ္ဍာရီ အိပ်ရာဝင်ပုံပြင်လေးများအဖြစ် အမှတ်ရ တမ်းတနေလေ့ရှိခဲ့ကြတယ်။ ခေတ်အဆက်ဆက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေဖြစ်လို့ မနာလို၊ ဝန်တိုနဲ့ အားကျ ခဲ့မိသေးတယ်။ ခုတော့လဲ ဒါတွေဟာ ကမ္ဘာခြားခဲ့ပြီလား။



၁၉၈၀ခုနှစ်လောက်က ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ ခလရ(၃၆)ကို အမှတ်(၅)တိုင်းဗဟိုလေ့ကျင့်ရေးစခန်း (ရွှေမြင်တင်၊ ပုသိမ်မြို့)က လေ့ကျင့်ရေးသင်တန်းဆင်းရဲဘော်သစ်တွေရောက်လာတယ်။ အဲသည်ရဲဘော်သစ် တွေထဲမှာ အသားဖြူဖြူနုနုချောချော ရန်ကုန်သားတဦးဖြစ်တဲ့ တပ်သားရွှေသွင် တယောက်ကံဆိုးချင်တော့ ခပ်ညံ့ညံ့တပ်ခွဲ(၄)မှာ တာဝန်ကျတယ်။ အသက်ကလဲ (၁၈)နှစ်-(၁၉)နှစ်အရွယ်၊ (၁၀)တန်းနှစ်ခါကျလို့ အိမ်မပြန်ရဲတာနဲ့ စစ်တပ်ထဲကိုမျက်စိလည်ရောက်လာတဲ့ အိမ်ပြေးကျောင်းသားလူငယ် လေးတယောက် ဖြစ်တယ်။ ငယ်စဉ်ကတည်းက အစ်မ(၅)ယောက်ကြားထဲမှာ ကြီးပြင်းလာတဲ့ တဦးတည်းသော အငယ်ဆုံးသား ယောင်္ကျားလေးဖြစ်လို့ ချွဲတာ၊ နွဲ့တာအကျင့်ပါနေတတ်တယ်။

ခွဲ(၄)တပ်ခွဲမှူး ဗိုလ်ကြီးအောင်သန်း(ယာယီတပ်ခွဲမှူး၊ဗိုလ်မှူး) သင်တန်းသွားနေတော့ တပ်ခွဲမှာစီနီယာဖြစ်တဲ့ “ဝါးကားတောင်မှ သူ့ရှေ့ကဖြတ်မမောင်းရဲဘူးလို့” နံမည်ဆိုးနဲ့နံမည်ကြီးတဲ့ ဗိုလ်ကြီးတင်ယု ကတပ်ခွဲမှူး တာဝန်ယူထားရတယ်။ တပ်ခွဲကလစာကြပ်ရဲ့ မိန်းမနဲ့ခြင်ထောင်ထဲမှာ ပက်ပင်းမိလို့ ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့သေးတယ်။ တပ်ခွဲမှာရှိတဲ့ ဆရာတွေ၊ ရဲဘော်တွေရဲ့မိန်းမတွေကို လစ်ရင်လစ်သလိုချောင်း မြောင်းကြံစည် တတ်လို့ လမ်းတွေ့ရင်တောင်နှုတ်မဆက်ရဲ၊ အိမ်အလည်ထမင်းစားမဖိတ်ရဲပါဘူး။ ရှေ့တန်းရွာတွေ ကိုရောက်ရင် လဲအပျိုအရွယ်၊ ခပ်ငယ်ငယ်မိန်းမများများရှိတဲ့ အိမ်တွေမှာခွဲရုံးထိုင်လေ့ရှိတယ်။ အပျို၊အအိုမရှောင်လို့ အမျိုး သမီးပေါ်တာတွေကတော့ မလွတ်သလောက်ပါဘဲ။ (ရှေ့တန်းစစ်ဆင်ရေးဒေသရွာများတွင် စစ်ဆင်ရေး အထမ်း သမားပေါ်တာဆွဲလေ့ရှိသဖြင့် စစ်ကြောင်းမလာခင် ရွာထဲကယောင်္ကျားမှန်သမျှလွတ်ရာသို့ ရှောင်နေတတ်ကြရာ ရွာထဲတွင်ကျန်ရစ်ခဲ့သည့် အမျိုးသမီးမိန်းမများကိုပင် အထမ်းသမားပေါ်တာအဖြစ် ခေါ်သုံးလေ့ရှိပါသည်။)

၁၉၈၀ခုနှစ်၊ဆောင်းရာသီ၊ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ထွန်းရီနဲ့ ဗိုလ်ချုပ် တင်စိန်တို့က ဦးဆောင်ပြီး KIO နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ်။ လက်နက်ကိုင်လမ်းစဉ်စွန့်ရေး၊ လက်နက်ချ ရေးကိုသာ အဓိကဇောင်းပေးဆွေးနွေးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တယ်။ တဆက်တည်းမှာပဲ ဗမာပြည် ကွန်မြူနစ် သင်တန်းဆင်း(၂၀၀၀)လောက် အိန္ဒိယနယ်စပ်အနောက်ဘက်မှ တရုတ်ပြည်နယ်စပ်အရှေ့ဘက် တလွှားထိ ဖြတ်သန်းသွားမယ်ဆိုတဲ့သတင်းအရ ပိတ်ဆို့ရေးတွေလုပ်နေရတယ်။ အဲသည်ကာတုံးက နတခတပ် (ဧရာဝတီတိုင်း)များဟာ မပခ(ကချင်ပြည်နယ်) စစ်ဆင်ရေးခွင်များမှာ ရှေ့တန်းထွက်လှုပ်ရှားကြရတယ်။ ခလရ(၃၆) စစ်ကြောင်းရုံးက မော်လူး၊မော်ဟန်မှာရုံးထိုင်ပြီး နမ့်စီအောင်၊နဘားကနေ ကာဒူ၊မိုးညှင်းထိ ပိတ်ဆို့ရေး တာဝန်ယူရတယ်။ စစ်ကြောင်း(၂)လက်အောက်ခံ ခွဲ(၄)က အင်းတော်ကြီးနားက လုံးတုံအနီး ရွှေတွင်းတဝိုက်မှာ လှုပ်ရှားတာဝန်ယူထားရတယ်။ ရွာထဲကို လုံးဝမဝင်ထွက်ရလို့ အမိန့်ထုတ်ထားတယ်။ ဗျူဟာ၊ တိုင်း၊ တပ်မသာမက ကစထနဲ့တိုက်ရိုက်အမိန့်ပေး ညွန်ကြားချက်တွေရှိတယ်။ စစ်ဆင်ရေးလှုပ်ရှားမှု သတင်း မပေါက်ကြားရအောင် ရွားနားကိုတောင်မှ ကပ်ခွင့်မပေးဘူး။

ရဲဘော်သစ်တပ်သားရွှေသွင်ကို ခလရ(၃၆)၊ ခွဲ(၄)ရဲ့တပ်ခွဲရုံးမှာခေါ်ထားတယ်။ တပ်ခွဲမှူးဗိုလ်ကြီးတင်ယုရဲ့ ဘက်စမင်း လုပ်ရတယ်။တပ်ခွဲမှူးအတွက် အဝတ်လျှော်၊ ထမင်းခူးခပ်ကျွေးရုံတင်မကဘူး နှိပ်နယ်နင်းပေး ခြင်ထောင်ပါထောင်ပေးရတယ်။ ပိုဆိုးတာက တပ်ခွဲမှူးနဲ့လဲ တခြင်ထောင်ထဲမှာ လိုက်အိပ်ပေးရတယ်။ တနေ့တော့ ဝါးကားမရှောင် တပ်ခွဲမှူးဗိုလ်ကြီးတင်ယုကြောင့် အတွေ့အကြုံနုနုနဲ့ကနွဲ့ကယနေတတ်တဲ့ ရဲဘော်သစ်ကလေးတဦးဟာ ယောင်္ကျားချင်းသံဝါဟပြုကျင့်တာခံရလို့ လုံးရာကပြားလို့ရေတိမ်နစ်ခံခဲ့ရတယ်။ နောက်နေ့မှာတော့ ရှက်လဲရှက်၊ ကြောက်လဲကြောက်တာနဲ့ ကိုယ့်သေနတ်နဲ့ ကိုယ့်ကိုယ်ကို ပစ်သတ်လို့ အသေခံ သွားခဲ့တယ်။ ဒီအဖြစ်ဆိုးကို ကြားသိရတဲ့ ဆရာတွေ၊ ရဲဘော်တွေဟာ ရင်ထုမနာဖြစ်ရတဲ့အထဲ “ငှက်ဖျားရောဂါဖေါက်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်”လို့ အထက်ဌာနကို ကြေးနန်းလိမ်ရိုက်တာကို ဒေါသထွက်လို့ ပေါက်ကွဲတော့မဲ့ဆဲဆဲမှာ စစ်ကြောင်း(၂)မှူး ဗိုလ်မှူးမောင်မောင် (ရုပ်ရှင်မင်းသမီး ခိုင်သင်းကြည် ၏ဖခင်) လာထိမ်းသိမ်းပေးပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိမ်းထူးရှိတဲ့ စစ်ကြောင်း(၁)ကို ပြောင်းပေးလိုက် တယ်။ ဒီလိုမှမလုပ်ရင်တော့ ရှေ့တန်းတွေမှာထုံးစံလိုဖြစ်နေတဲ့ နောက်စေ့ ကိုကျည်ဆံမှန်တဲ့ အရာရှိတဦး ထပ်တိုးသွားပါလိမ့်မယ်။

ဒီဗိုလ်ကြီးတင်ယုဟာ မဆလဗဟိုကော်မတီဝင် ပါတီဌာနကြီးမှူးတစ်ယောက်ရဲ့သားဖြစ်တယ်လို့သိရတယ်။ အဲသည်တုံးက လူကြီးသားသမီးအတော်တော်များများကို စစ်တပ်ထဲမှာအရာရှိလုပ်ခိုင်းလေ့ ရှိတော့ ဆိုးချင်တိုင်း ဆိုး၊ ရမ်းချင်တိုင်းရမ်းလို့နေတတ်ကြပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့သား ဗိုလ်ကြီးအောင်ကျော်(တေဇ-၉)၊ တိုင်းမှူးဗိုလ်ချုပ်အေးသောင်ရဲ့သား ဗိုလ်ကြီးတင်ထွန်းအေး( စစ်တက္ကသိုလ်-၂၂) ၊ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီးဖေါ်ယူခါးရဲ့သား ဗိုလ်ကြီးဖီးလစ်ခါးတို့ညီအကို၊ ဗိုလ်ချုပ်သန်းရွှေရဲ့တူ ဗိုလ်ကြီးတင်ထွန်းဝင်း၊ ဗိုလ်ချုပ်အောင်ရဲကျော်ရဲ့သား နန္ဒအောင်စသည်ဖြင့် အများကြီးပဲ ဗိုလ်သင်တန်းကို အောင်ပေးလို့ စစ်ဗိုလ်လုပ်စားနေကြတယ်။ နေ့ချင်းညချင်းပြန်တန်းဝင်အရာရှိကြီးတွေအမြန်ဖြစ်လို့ အခွင့်ထူး ခံစားခွင့်ရှိကြတယ်။ အချို့ဆို အောက်ခြေရဲဘော်တွေလောက်တောင်အဆင့်မရှိဘဲ မူးယစ်ဆေးတောင်စွဲနေ ကြတယ်။

“နေ့မြင်ညပျောက်” တပ်မ(၄၄)ကရဲဘော်တွေရဲ့ အသက်ပေါင်းများစွာစတေးပြီး နတခတိုင်းမှူးဖြစ်လာတဲ့ ဗိုလ်ချုပ်မြင့်အောင်ဟာ ၈၈-အရေးတော်ပုံအပြီးမှာ ဖက်စစ်ဝါဒီပီပီ အစွယ်ထုတ်ပြလို့ အရပ်သား ဝန်ထမ်းတွေပြည်သူတွေကို ပုသိမ်မြို့လယ်မှာ နေပူထဲနေလှမ်းပြီး ညှင်းပန်းနှိပ်စက်ခဲ့တာ ပြည်သူအားလုံး မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓနုဖြူမြို့စည်းရုံးရေးခရီးစဉ်မှာလဲ တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီးမြင့်ဦး(ဖနောင့်တိုမြင့်ဦးဟုခေါ်တွင်) ကို ဒေါ်စု လုပ်ကြံဖို့လျှို့ဝှက်အမိန့်ပေးခဲ့ သေးတယ်။ မြင့်အောင်လိုဆိုးသွမ်းရမ်းကားတဲ့ ဖက်စစ်အရာရှိကြီးတွေရှိသလို “ကိုင်းပင်ကြီးကကျွန်းပင်ကြီးကိုမှီ ပြီးကျွန်းပင်ကြီးကလဲကိုင်းပင်ကိုမှီတယ်”တို့၊ “ဝယ်သာ(weather) မကောင်းရင်ဖြုတ်လဲလိုက်”လို့ မူလတန်း ခလေးလောက်တောင်မှအသိဥာဏ်ဗဟုသုတမရှိတဲ့ ဗိုလ်ချုပ်မျိုးညွန့်လို ခပ်နုံနုံခပ်ညံ့ညံ့ စစ်ဗိုလ်ချုပ် အရာရှိတွေ အုပ်ချုပ်နေတော့ တိုင်းပြည်မှာလဲ မူဆလင်ဘာသာဝင်မျိုးညွန့်(စာရေးဆရာ မောင်သော်က ရဲ့ညီဝမ်းကွဲတော်သူ) ကိုသာသနာရေးဝန်ကြီးခန့်လို့ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေကို ဟိုဟာလုပ်ခိုင်း၊ သည်ဟာလုပ်ခိုင်းနဲ့ ပြည်သူလူထုကို စော်ကားလိုက်ပါသေးတယ်။

နတခတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်လို ခပ်ဆိုးဆိုးခပ်ရမ်းရမ်းဖက်စစ်အရာရှိကြီးတွေ၊ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်လို အရည်အသွေးမမီတဲ့ ခပ်ညံ့ညံ့အရာရှိကြီးတွေရှိသလို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဟောင်းဗိုလ်မှူးကြီးလူမော်လို ရိုးသားဖြောင့်မတ်တိကျတဲ့ စစ်သားကောင်းကြီးတွေလဲရှိခဲ့ပါသေးတယ်။အရပ်၅ ပေ ခန့်ခပ်ပုပု ဗိုလ်မှူးကြီးလူမော်ဟာ တပ်မတော်ကပေးတဲ့ စစ်ကားကို တသက်လုံးသူ့မိသားစုအတွက် ကိုယ်ပိုင်မသုံး ခဲ့ပါဘူး။ မိသားစုကိုယ်ရေးကိုယ်တာကိစ္စအတွက် စစ်ကားကိုမသုံးဘဲ လုပ်ငန်းတာဝန်အတွက်သာအသုံးပြုပြီး ပိုတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီများကို နိုင်ငံတော်သို့ပြန်လည်အပ်နှံတဲ့အတွက် ဒရိုင်ဘာရဲဘော်ကားသမားအတွက် အကြံအဖန်မရလို့ စိတ်ညစ်ရပေမဲ့ တသက်လုံးစစ်သက်(၄၀)နှစ်လောက် မပျက်မကွက်ကျင့်သုံးလာခဲ့တဲ့အတွက် မည်သူမဆို မလေးစားဘဲမနေနိုင်လောက်အောင် ရိုးသားတဲ့ကိုယ်ကျင့်တရားကို အသိအမှတ်ပြုကြရပါတယ်။ အချို့အရာရှိငယ်တွေလဲ အိမ်ကိုငွေပြန်မှာလို့ အောက်ခြေရဲဘော်တွေရဲ့အခက်အခဲများကို လက်ရေတပြင်တည်း ကူညီဆောင်ရွက်ပေးကြလို့ အိမ်ကအဖေ၊အမေတို့ရဲ့ ညူစူခြင်းတောင်မှခံရပါသေးတယ်။

၁၉၈၂-၈၃ ဝန်းကျင်က ရန်ကုန်မြို့မှာ နိုင်ငံတော်ကဖွင့်တဲ့ “ပျားဂေဟာကြက်ကျော်” အရောင်းဆိုင်များ အတော် ခေတ်စားခဲ့ပါသေးတယ်။ ဒါကြောင့်နယ်တပ်ရင်းတပ်ဖွဲ့တွေက မွေးမြူရေးကြက်များကို ရန်ကုန်မြို့သို့ပို့ပေးရပါ တယ်။ နတခ(ပုသိမ်)မှ ရန်ကုန်သို့ဇက်သင်္ဘောကြီးများဖြင့် သယ်ဆောင်ရာတွင်မြောင်းမြမြို့မှာ ညအိပ်ရပ်နား လေ့ ရှိပါတယ်။ မှောင်ရီပျိုးပြမြောင်းမြဆိပ်ကမ်းကိုကပ်တော့ “အာမီ(Army)ရမယ်၊ တောရမယ်”လို့ ဈေးရောင်း သလို လာအော်နေတာနဲ့ “အာမီ(Army) လိုချင်တယ်”ဆိုပြီး သူတို့ခေါ်နေတဲ့ နောက်ကိုလိုက်သွားတော့ သနပ်ခါး ပါးကွက်ကြားနဲ့ ညိုညိုတောင့်တောင့်အမျိုးသမီးအုပ်စုဆီကိုခေါ်ပြတယ်။ ကျွန်တော်တို့လိုချင်တဲ့ အာမီ(Army Rum) မဟုတ်လို့ တစုံတခုမှားယွင်းနေပြီဆိုတာကိုတော့ ခံစားလိုက်မိတယ်။ ခေါ်လာတဲ့သူကလဲ ရွှမ်းရွှမ်းဝေ အောင် ညွှန်းနေလိုက်ပါသေးတယ်။ “အမှန်အကန်တွေပါ။ သူတို့ယောင်္ကျားတွေ ရှေ့တန်းထွက်သွားတာတနှစ် ကျော်ပါပြီ။ ဈေးကောင်းရမယ်ဆိုရင် ကိုယ်ပိုင်နံပါတ်တွေကိုတောင်မှ ရွတ်ပြလို့ရပါတယ်။ လစာနဲ့ရိက္ခာ ရှေ့တန်းပါသွားလို့ တခါတလေမှသာလုပ်ကိုင်စားကြတာပါ။ ရောဂါကင်းရှင်းစေရမယ်။ အာမခံပါတယ်” ရှက်လဲရှက်၊ ဒေါသလဲထွက်လို့ ခေါ်လာတဲ့သူရဲ့မျက်နှာကို ဆွဲထိုးပစ်လိုက်မိတယ်။ အတူပါလာတဲ့တပည့်ဖြစ်သူ ကလဲ ပစ္စတိုဆွဲထုတ်လိုက်တော့ သူတို့အဖွဲ့အားလုံးထွက်ပြေးသွားကြပါတယ်။ ရှေ့တန်းမှာစခန်းအချိန်းအပြောင်း လုပ်လေ့ရှိတဲ့ ခလရ(၉၃)က ရဲဘော်တွေရဲ့မျက်နှာတွေကို ပြန်မြင်ယောင်မိတယ်။ သူတို့ကိုယ်စားလဲရင်နာမိ တယ်။ ဒီအဖြစ်ဆိုးမှာ ဘယ်သူ့ကိုနာကျည်းရမှန်းမသိဘဲ ဒေါသထွက်လို့ မျက်ရည်ကျမိတယ်။

ခြေလျင်စစ်သားတွေဟာ ရှေ့တန်းတွေမှာအနေများလို့ လုပ်ဖေါ်ကိုင်ဖက်၊ သေဖေါ်ရှင်ဖက်ရဲဘော်တွေကို အိမ်က မိန်းမထက် ပိုချစ်တတ်ကြပါတယ်။ လူပျိုဘဝကဆို သူငယ်ချင်းအားလုံးရဲ့ရတဲ့လစာတွေကို ခြင်ထောင်အမိုး ပေါ်မှာ စုတင်ထားပြီး အားလုံးစိတ်ကြိုက်သုံးစွဲတတ်ကြတယ်။ တယောက်နဲ့တယောက်နှမျောတွန့်တိုခြင်းလဲ လုံးဝမရှိကြဘူး။ အရပ်ဝတ်အင်္ကျီ၊ လုံခြည်ဆိုရင်လဲ ကြုံသလိုလူကယူဝတ်တတ်ကြလို့ ဘယ်သူ့ကိုယ်ပိုင်ပစ္စည်း လို့ကိုပြောလို့မရဘူး၊ အားလုံးဘုံပိုင်ပစ္စည်းလိုဖြစ်နေကြတယ်။ မိန်းမယူမယ်ဆိုရင်လဲ ကျန်တဲ့သူငယ်ချင်းတွေရဲ့ လစာကိုပါတစ်ယောက်တည်းယူထုတ်ပြီး မင်္ဂလာဆောင်လိုက်ကြပေမဲ့ တယောက်နဲ့တယောက်စိတ်မဆိုးတတ် ကြပါဘူး။ ၂၀၀၀ခုနှစ်ဝန်းကျင်လောက်က ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးသစ် (ယခင်လေဟာပြင်ဈေးဟောင်း) အနီး ကွက်လပ်မှာ မျက်မှန်အနက်တတ်ထားသူ မျက်မမြင်တဦးက ဝါးဆစ်ပိတ်တွေကို ပတ်ဝိုင်းတီးသလိုသံစဉ်နဲ့တီးပြီး ခြေနှစ်ဖက်ပြတ်နေသူက မယ်ဒလင်တီးလို့ သီချင်းသီဆိုဖျော်ဖြေနေတာကို လူအများဝိုင်းအုံလို့ နားထောင်နေကြ ပါတယ်။ နတ်ရှင်နောင်ရဲ့စစ်ချီသီချင်းကို အသံကောင်းကောင်းနဲ့ ပိုင်ပိုင်နိုင်နိုင်သီဆိုတီးခတ်နေတော့ သူတို့ရှေ့မှာ ချထားတဲ့ခွက်ထဲမှာလဲ ပြည်သူ့မေတ္တာသဒ္ဒါကြေး ငွေအသပြာတွေပြည့်လျှံလို့နေကြပါတယ်။ “မြင်စေချင်လွန်းလှသည်၊ တောင်တန်းပြာ စစ်စခန်းမှာ ကျောပိုးအိပ်ကိုလွယ်သည်....” လွမ်းစရာ့တေးသံ သီကျူးလို့ ခွက်စွဲတောင်းရမ်းစားသောက်နေကြရတဲ့သူတွေကတော့ ခလရ(၃၆)၊ တပ်ခွဲ(၃)မှ တပ်ကြပ်စိုးမြင့် (ခြေနှစ်ဖက်ပြတ်နေသူ)နှင့် ဒုတပ်ကြပ် မင်းသူ (မျက်စိနှစ်ဖက်စလုံးကန်းနေသူ) တို့ရဲ့ရင်နင့်ဖွယ်အဖြစ်ကို မြင်တွေ့လိုက်ရပါတယ်။ မင်္ဂလာဒုံစစ်ဆေးရုံ၊ နလံထဆေးရုံမှာ နှစ်ရှည်လများ ဆေးကုသခံနေရလို့ လစာနဲ့ရိက္ခာ မရတော့ဘဲ နောက်တန်းကျုံပျော်မြို့ တပ်ထဲမှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ခလေးတွေကို ပိုက်ဆံပြန်ပို့ပေးဖို့နဲ့ ဆေးဘိုး ဝါးခ တို့အတွက် အသက်မသေသရွှေ့ အမြဲတန်း လုပ်ကိုင်ရမဲ့ ရေရှည်အသက်မွေးဝမ်းကျောင်းအလုပ်ကို လေ့ကျင့်ပြင်ဆင်နေကြတာတဲ့။

“ငါ့မှာက ခလေး(၄)ယောက်နဲ့ တပ်ကထွက်ရင် ဘာလုပ်ကိုင်စားလို့ရမှာလဲ၊ ကျန်းမာရေးကလဲ မကောင်းဘူး။ မင်းတို့လိုလဲ ပညာမတတ်ဘူး။ နေစရာအိမ်လဲမရှိဘူး။ သေချင်လဲသေပါစေတော့ တပ်ထဲမှာပဲ ဆက်နေပါ တော့မယ်” ဆိုတဲ့ ငယ်သူငယ်ချင်းတဦးဖြစ်သူ ကပစ(၉)၊ ညောင်ခြေထောက်(ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်) ကတပ်သားကြီး ဝင်းမြင့်ရဲ့ညီးတွားညီးညူသံကို ကြားယောင်မိနေပါသေးတယ်။ သူတို့ရဲ့ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့တပ်က ကျည်ဆံ၊ အမြောက်ဆံ၊ ဗုံးဆံတွေကို ထုတ်လုပ်ရတာဆိုတော့ ယမ်းမှုံ့တွေကြားမှာနေရ တယ်။ သူတို့အလုပ်ကိုကယမ်းစပ်ရတဲ့ အလုပ်။ လူကြီးတွေလာစစ်ဆေးတဲ့ အချိန်မှာဘဲ နှာခေါင်းစီးဝတ်စုံတွေကို မြင်ရတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ယမ်းမှုံ့တွေက နှာခေါင်းကတဆင့် အဆုတ်ထဲမှာ ယမ်းတိုက်တခုလို ပြည်လျှံနေတာဘဲ။ ငယ်ရွယ်စဉ်တုံးကဆိုရင် ယမ်းနံ့မရရင်တောင်မှ ထမင်းစားလို့မဝင်၊ အိပ်လို့မပျော်တောင်မှ ဖြစ်တတ်တယ်။ စစ်သက်လေးရလာတော့ တီဘီအဆုတ်ရောဂါကနေ အဆုတ်ကင်ဆာရောဂါတွေထိ ဖြစ်ကုန်တယ်။ တီဘီရောဂါအရှိန်မြင့်လို့ မိတ္ထီလာကူးစက်ရောဂါဆေးရုံကို သွားရောက်ဆေးကုသမဲ့အချိန်မှာ တပ်ကထွက်ဖို့ အကြံပေးပေမဲ့ အဆုတ်ကင်ဆာနဲ့ပဲ သေသွားတဲ့အထိတပ်ထဲမှာနေသွားခဲ့တယ်။

ရန်ကုန်မြို့လည်ခေါင် တိုက်ကြိုတိုက်ကြားတွေမှာ လုံခြုံရေးယူရတဲ့ စုတ်ပြတ်သတ်နေသော ခြေလျင်စစ်သား ရဲဘော်လေးများကိုတွေ့မြင်ရတတ်ပါတယ်။ တနေ့ ညောင်နာနာရဲဘော်ခပ်ငယ်ငယ်လေးတဦးကို စစ်ဗိုလ်အရာရှိ တဦးက ပါးရိုက်ထိုးကြိတ်နေတာကို ဆူးလေဘုရားအနီး (၃၂)လမ်းအောက်ဘလောက်မှာတွေ့လိုက်ရတယ်။ စုံစမ်းမေးမြန်းကြည့်တော့ နောက်တန်းမှော်ဘီတပ်ထဲက မိန်းမလိုက်လာတာကိုတွေ့လို့။ တာဝန်ထမ်းဆောင် နေစဉ်မှာ စစ်ဆင်ရေးသတင်းပေါက်ကြားတယ်ဆိုတဲ့ ပုဒ်ထီး၊ပုဒ်မတွေတပ်ပြီး ရဲဘော်လေးကို ဆုံးမနေလိုက်တာ မျက်နှာတခုလုံးကို ဖူးယောင်လို့။ သူတို့တပ်ကလဲ VIP လူကြီးများလုံခြုံရေးနဲ့ ရန်ကုန်မြို့တွင်းမှာရှိတဲ့ အဖျက် သမားများကို ခြေမှုန်းရေးအတွက် ဆိုဘဲ။ ရန်ကုန်မြို့ထဲနဲ့ မှော်ဘီမြို့ဟာ သိပ်မဝေးပေမဲ့ မိသားစုနဲ့မတွေ့ရတာ လနဲ့ချီနေပြီ၊ ခုလဲအငယ်ကောင်နေမကောင်းလို့ ဆေးဘိုးဝါးခအရှာထွက်ဖို့ကိစ္စကို လာတိုင်ပင်တာ။ ခုနက ဆုံးမလိုက်တဲ့ တပ်ခွဲမှူးရဲ့ကတော်ကတော့ နေ့တိုင်းဘဲ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းလို့ လာတွေ့ပြီး လင်တော်မောင်ကိုကို့အတွက် အရပ်ဘက်နေရာကောင်းကောင်းပြောင်းရွှေ့ရဖို့ တိုင်းမှူးအဘရဲ့ ကတော် မမအတွက် စိန်တဆင်စာဝယ်ကန်တော့ထားတယ်ဆိုပါလား။ အရပ်ထဲမှာ ဒီမိုကရေစီအော်နေပေမဲ့ တပ်ထဲမှာတော့ ရှင်ဘုရင်စနစ်ပရေသရာဇ် ခေတ်စားနေပါတယ်။ တပ်ရင်းမှူး၊ တပ်ခွဲမှူးတို့ရဲ့အိမ်မှာ အကြပ်၊ ရဲဘော်တွေရဲ့ မိန်းမတွေဟာ ထမင်းချက်၊ ဟင်းချက်၊ အဝတ်လျှော်၊ ကြမ်းတိုက်နဲ့ အိမ်ဖေါ်အလုပ်ကို လုပ်နေ ကြတာလင်တော်မောင်ကိုကိုတို့ ရာထူးတက်ဖို့၊ နေရာကောင်းရဖို့အရင်းအနှီးလုပ်နေကြရတာ။ ခပ်ငယ်ငယ်၊ လှလှပပမိန်းမကလေးများကတော့ အဘတို့ဆီမှာ ခြေတော်အတင်ခံလို့ခန္ဓာကိုယ်ကိုရင်းလိုက်ကြတာ လင်မယား ချင်းရန်ဖြစ်တော့မှဘဲ “နင်ရာထူးတက်နေတာ၊ နင်တော်လို့မဟုတ်ဘူးအကောင်ရဲ့၊ ငါ့ဟာကောင်းလို့၊+++” မကြားဝံ့ မနာသာဖြစ်ရပ်မှန်တွေကို ခင်းကျင်းပြသကြတာ ယိုသူမရှက်ပေမဲ့၊ မြင်သူကတော့အတော်ရှက်မိပါရဲ့။

ပရေသရာဇ်စစ်ဗိုလ်ချုပ်ကြီးတွေသာမက သူတို့ရဲ့သမီးတွေကလဲ အကဲပြိုင်လိုက်ကြသေးတယ်။စတန့်ထွင်လို့ နန့်ချင်ကြတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့သမီးကြီးက လင်တော်မောင်ဗိုလ်မှူးဆရာဝန်ကို အလိုက်ပေးကွာပြီး “ထူးကုမ္ပဏီ” သူဌေးလေး ကိုတေဇကို တရားဝင်ယူဖို့ ကြိုးစားပေမဲ့ ကွယ်ရာမှာနှာခေါင်းရှုံ့ပြီး လူပြောစရာ ဖြစ်မှာစိုးလို့ တပ်ချုပ်ကြီးကခွင့်မပြု တော့ လင်မယားအဖြစ်တရားမဝင်ပေမဲ့ အတူတူနေ၊ အတူတူအိပ် Living together ပေါ်တင်ဘဲနေလိုက်တယ်။ တပ်ချုပ်ကြီးသမီး အငယ်မရဲ့ စိန်စီတဲ့ည မင်္ဂလာဆောင်ကတော့ တိုင်းသိ ပြည်သိသာမကဘဲ ကမ္ဘာသိတဲ့အထိ လဘ်ပေးလဘ်ယူ လှည်းကျိုးထမ်းတဲ့ မင်္ဂလာဆောင်ပွဲဖြစ်ခဲ့တယ်။

၁၉၈၈ဒီမိုကရေစီအရေးတော်ပုံမှာ တပ်မတော် ကြည်း၊ရေ၊လေ တပ်မတော်သားများ ချီတက်ဆန္ဒပြခဲ့ကြတာ ကလဲ ကမ္ဘာအသိပါဘဲ။ ခလရ(၁၆)လေထီးတပ်က ရဲဘော်တွေဟာ ကြည်းတပ်ကို ကိုယ်စားပြုခဲ့ကြသလို သံလျှက်စွန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်(ဧရခ)က ရဲဘော်တို့ဟာ ရေတပ်ကို ကိုယ်စားပြုခဲ့ကြပြီး ပြုပြင်ထိမ်းသိမ်း ရေးလေတပ်စခန်း (လပထ)ကရဲဘော်တွေဟာ တပ်မတော်(လေ)ကို ကိုယ်စား ပြုခဲ့ကြ တာတွေဟာ ခိုင်မာကြံ့ခိုင်တဲ့စိတ်ဓါတ်တွေဘဲဖြစ်ပါတယ်။ ယနေ့ထိဆိုရင် အမြင်မှန်ရလို့ နွေးထွေးတဲ့ပြည်သူ့ ရင်ခွင်မှာ လာရောက်ခိုလှုံတဲ့ တပ်မတော်သား စစ်သည် အမြောက်အများဒုနဲ့ဒေးရှိနေပါတယ်။ ရဲဘော်တို့ နေ့စဉ် ရွတ်ဆိုနေကြတဲ့ သစ္စာဓိဌာန်(၄)ချက်ရဲ့ အဓိပ္ပါယ်အနှစ်သာရနဲ့လဲကိုက်ညီလို့နေပါတယ်။

- ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာကို စောင့်သိရိုသေပါမည်။

- ငါတို့သည် ကျဆုံးလေပြီသော တပ်မတော်သားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်။

- ငါ့အားအထက်မှပေးအပ်သောအမိန့်နှင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။

- ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်။

ရဲဘော်တို့ အပြန်အလှန်စဉ်းစားမိကြရဲ့လား။ ဆင်းရဲမွဲတေနေသောနိုင်ငံတော်၊ ငတ်ပြတ်ဘိုက်မှောက် နေကြသော နိုင်ငံသားများနှင့် ကျဆုံးလေပြီးသော၊ မကျဆုံးသေးဘဲ ဂျိုင်းထောက်နှင့် တပ်မတော်သား ရဲဘော်တို့၏ သစ္စာကို အမှန်တကယ်စောင့်သိရိုသေနေကြပြီလား။ အဖန်ငါးရာငါးကမ္ဘာ ကံကြီးထိုက်စေ မဲ့ အဇာတသတ်အမိန့်အာဏာများကို ကျေပွန်စွာထမ်းဆောင်ကြရမှာလား။ ရတောင့်ရခဲတဲ့ လူ့ဘဝမှာ အဘိုးမဖြတ်နိုင်တဲ့ ရဲဘော်တို့ရဲ့အသက်နဲ့ခန္ဓာကိုယ်ဟာ ဘယ်သူတွေအတွက်စွန့်လွှတ်ထိုက်ပါသလဲ။ အမှန်တရားသစ္စာစူးမဲ့ ကုသိုလ်၊အကုသိုလ်အတိမ်အနက်ကို ကောင်းကောင်းစဉ်းစားကြစေချင်တယ်။ အချိန်မနှောင်းသေးပါဘူး။ စစ်လေ့ကျင့်ရေးကျောင်းများမှ စစ်ဆင်ရေးစစ်မြေပြင်များအထိ ချွေးထွက်များ မှ သွေးထွက်နဲမဲ့ ဆောင်ပုဒ်များကို အမှတ်ရသတိရစေချင်ပါတယ် ....

- လေ့ကျင့်ရင်းတိုက်၊ တိုက်ရင်းလေ့ကျင့်

- စည်းရုံးရင်းတိုက်၊ တိုက်ရင်းစည်းရုံး

- တစ်၊ နှစ်၊ သုံး၊ လေး .....ပြည်သူ့စစ်သား

- ပြည်သူ့စစ်သား ...........ပြည်သူ့စစ်သား

- ပြည်သူ့စစ်သား .......... ဘယ်သူ့အတွက်လဲ၊ ဘယ်သူ့အတွက်လဲ.....ဘယ်သူ့အတွက်လဲ....။
(လွင်မောင်သန်း)
posted by မြင့်ဇေ @ 7:59 AM   1 comments
တောင်ပေါ်သူရဲ့ ငြိမ်းချမ်းရေးပုံပြင် (ဇာတ်သိမ်း)
Wednesday, June 20, 2007


၅။
သူချစ်ကြောင်းပြောပြီး သုံးရက်ကြာတော့ ကျမတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတယ်။ ချစ်သူဖြစ်ပြီးတဲ့ နောက် ကျမတို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ မမြင်ရသေးတဲ့ ငြိမ်းချမ်းရေးရယ်၊ ကျမတို့နှစ်ဦးရဲ့ အတူနေထိုင်ရမယ့် ဘ၀အကြောင်းရယ်။ အို.... အများကြီးမှ အများကြီးရယ်ပါ။ ကျမက တကယ်ဆို ဘာမှ မသိတဲ့ တောင်ပေါ်သူတယောက်ရယ်ပါ။ ဒါပေမယ့် သူနဲ့ ချစ်သူတွေဖြစ်ပြီး နောက်ပိုင်း နည်းနည်းသိလာတယ်။ ဥပမာ သူ ပါဝင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအကြောင်းမျိုးပေါ့။ ကျမသိခဲ့တာက စစ်ပွဲတွေ ဖြစ်နေတယ်။ အစိုးရနဲ့ ကျမတို့ လူမျိုးတွေ ဘာကြောင့်စစ်တိုက်နေရလဲဆိုတဲ့အရာကို သိလာရတယ်။ ကျမတို့ကို အစိုးရစစ်တပ်က ဖိနှိပ်တာကို ရေးရေးလေး မြင်လာတယ်။


(၆)

တည ကျမအကတိုက်ပြီး အိမ်ပြန်တော့ သူလိုက်လာတယ်။ ထူးထူးဆန်းဆန်း အဲဒီညမှာ ကျမတို့ရိုးရာ အက အကြောင်းကိုသူက ပြောတယ်။

`ကိုယ်တို့ဘ၀ကို နားမလည်သူတွေက ကိုယ်တို့ရဲ့ ရိုးရာအကဟာ စစ်လိုလားတဲ့ အကလို့ ဆိုကြတယ်။ ကိုယ်က တော့ ကိုယ်တို့ဘ၀နဲ့လိုက်ဖက်တဲ့ အကလို့ လက်ခံထားတယ်။ အားမူပဲ စဉ်းစားကြည့်ဦးလေ။ ဒီကထဲက ကကွက်တွေဟာ ကိုယ်တို့ရဲ့နေ့စဉ်ဘ၀မှာရှိနေတဲ့ အရာတွေချည်း မဟုတ်ဘူးလား။ တောင်ယာခုတ်တာ၊ မောင်းထောင်းတာ၊ ဆူးထိုး၊ ဆန်ပြာတာ တွေက အားမူနေ့တိုင်း ကိုယ်တိုင် လုပ်နေရတာပဲ။ ဒိုင်းအက လို့ နာမည်ပေးထားတာကိုက ကိုယ်တို့ တော်လှန်ရေး ဘာကြောင့်လုပ်နေရတယ် ဆိုတာ ဖော်ပြနေမှုလို့ စဉ်းစားမိတယ်။ ဒိုင်းဆိုတာက ကိုယ့်ကို ရန်ပြုလာရင် ခုခံတဲ့ အရာမဟုတ်လားအခု ကိုယ်တို့ စစ်တိုက်နေကြ ရတယ်။ဘိုးဘွားစဉ်ဆက် ကိုယ့်ဒေသမှာကိုယ် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ခဲ့ကြတာ။ ဒါပေမယ့် စစ် အာဏာရှင် တွေက ကိုယ်တို့ရဲ့ဘ၀တွေကို မငြိမ်းချမ်းအောင် ဖိနှိပ်ချုပ်ချယ်မှုတွေ အမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့တယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို စစ်တပ်က သေနတ်သုံးပြီးလုပ်ခဲ့တာ ဖြစ်တယ်။ ဒါဟာ ကိုယ်တို့ဒေသအပါအ၀င် တ နိုင်ငံလုံးမှာ ဖြစ်နေတဲ့ အခြေအနေပါ။ ကိုယ်တို့ ပထမက လူမျိုးကြီးဝါဒအရ ဖိနှိပ်တာလို့ မြင်ခဲ့ကြတယ်။ ၈၈ အရေးတော်ပုံ နောက်ပိုင်းမှာ ကိုယ်တို့နားလည်လာတယ်။ လူမျိုးရေးအရ အဓိက မဟုတ်ပဲ ဒီ ဖိနှိပ်မှုတွေဟာ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်ဆိုတာကို မြင်လာကြတယ်။ ကိုယ်တို့ တော်လှန်ရေးစစ်ကြောင်းတွေ ရွာထဲ ၀င်လာကြရင် တခါတလေမှာ ကျောင်းသားတပ်တွေလည်း ပါလာကြတယ် မဟုတ်လား။ သူတို့ထဲမှာ အောက်ကျင်းက ဗမာတွေများတယ်။ သူတို့ကိုယ်တိုင် အောက်ကျင်းမှာ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ခဲ့ပေမယ့် စစ်တပ်က သေနတ်နဲ့ ဖြေရှင်းခဲ့တယ်။ အဲဒီကျတော့ သူတို့လည်း ကိုယ်တို့ဒေ သတွေဆီ ရောက်လာပြီး ဖိနှိပ်မှုကို ခုခံဆန့်ကျင်ဖို့အတွက် လက်နက်ကိုင်ခဲ့ရတယ်။ ဒိုင်းဆိုတာဟာ ကိုယ့်ကိုယ် ကို ကာကွယ်ဖို့ဖြစ်သလို ရန်သူကို အနိုင်တိုက်ဘို့အတွက်လည်း ပြင်ဆင်တဲ့အရာဖြစ်တယ်။ ကိုယ်တို့ တော်လှန် ရေးရဲ့ အခြေခံဟာလည်း ဒိုင်းရဲ့သဘောအတိုင်းပါပဲ။ ကိုယ့်ကို ဖိနှိပ်နေမှုတွေကို ခုခံပြီး ဖိနှိပ်မှုတွေကို ပျောက် ကွယ်သွားအောင် တိုက်ရတာဟာ တော်လှန်ရေးရဲ့ သဘောပဲ။ ဒါကြောင့် ကိုယ်က ဒိုင်းအကကို ကိုယ့်တို့ရိုးရာ အကဖြစ်တဲ့အတွက် ဂုဏ်ယူတယ်။

ရှည်လျားစွာပြောနေတဲ့ သူ့မျက်နှာကို ကျမငေးရင်း ကြည်နူးနေမိတယ်။ ပြီးတော့ ကျမချစ်သူ လုပ်နေတဲ့ တော် လှန်ရေးအကြောင်းကို အရင်ကထက် နည်းနည်းပိုနားလည်လာသလို သူ့ကိုလည်း ပိုပြီးတန်ဖိုးထားလာမိတယ်။

၇။

အဲဒီလိုနဲ့ သူစစ်ကြောင်းတွေ ခရီးတွေ ထွကလိုက် ပြန်လာလိုက်၊ ငြိမ်းချမ်းရေးအတွက် စကားပြောပွဲတွေ ပြေ လည်တော့မယ်ဆိုတဲ့ သတင်းတွေ လည်းပိုပိုပြီး ကျယ်လောင်လာတဲ့အချိန်။

ကျမဘာသာရေးပွဲတော်တခုကို သွားတော့ သူနဲ့တွေ့တယ်။ ပွဲတော်မှာ လျှောက်လည်ရင်း `ကိုယ်တို့တော့ နီးရတော့မယ်´ သူကပြောတော့ `တကယ်လား၊ သိုင်´ `တကယ်ပေါ့ အားမူရယ်၊ ကိုယ်တို့ ခေါင်းဆောင်တွေ စကားပြောတာနောက်လလောက်ဆိုရင် တရားဝင်ဖြစ်တော့မယ်´တဲ့။ `တရားဝင်ဖြစ်ပြီးတာနဲ့ ကိုယ့်ရွာကို ခွင့် ပြန်ပြီး မင်းကို လက်ထပ်နိုင်အောင်လုပ်မယ်။ ပြီးတော့ အမိုးနဲ့အပါးဆီကို ပြန်လာပြီး အားမူကိုလာတောင်း မယ်လေ´ ကျမအဲဒီညက သူ့စကားတွေကို ပြန်စဉ်းစားရင်း တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။

အဲဒီ ပွဲတော်အပြီး တရက်၊ နှစ်ရက်ကြာတော့ သူတို့ ခရီးထွက်သွားတဲ့ သတင်း ကျမရတယ်။ ပွဲတော်မှာ သူနဲ့ တွေ့ဆုံခြင်းဟာ နောက်ဆုံးဆိုတာကို ရွာပြန်ရောက်ပြီးတော့ ကျမသိလိုက်ရတယ်။

ကြားကြားချင်း သူ ကျမကို ခွဲခွာသွားခဲ့ပြီဆိုတာ ဘယ်လိုမှ မယုံနိုင်ခဲ့ဘူး။

သူ့ကို ချစ်တာကလွဲလို့ ဘာမှ မသိတဲ့ ကျမကို တော်လှန်ရေးနဲ့ ဘ၀အကြောင်း ရှင်းပြခဲ့တဲ့ သိုင် တိုက်ပွဲမှာ ကျသွားခဲ့ပြီလို့ သူ့သူငယ်ချင်းအဖြစ်အပျက်ကို ရှင်းပြနေတဲ့ ဆေးမှူးလေးရဲ့ စကားသံကို ကျမနားက ကြားတ ချက် မကြားတချက်။

ဆေးမှူးလေးပြောပြတာက အထက်ခေါင်းဆောင်တွေနဲ့ စစ်တပ်ရဲ့ နှစ်ဘက်ဆွေးနွေးပွဲကို ယုံပြီး သူတို့ စစ် ကြောင်း ရွာတရွာရောက်တော့ ရန်သူကို ဆက်သွယ်တယ်။ သူတို့ရဲ့ ယုံကြည်မှုကို အခွင့်အရေးယူပြီး ရန်သူက နောက်နေ့မနက်မှာဘဲ ၀င်တိုက်တယ်။ အဲဒီမှာ သိုင်အပါအ၀င် ရဲဘော်နှစ်ဦး ကျဆုံးသွားတယ်.... တဲ့။

ဘယ်တော့မှ မေ့မှာ မဟုတ်တာက သိုင် ကျမကို မှာခဲ့တဲ့ စကားပါ။

`အားမူကို ရှင်းပြပါ။ မငိုပါစေနဲ့။ပြီးတော့ ဒါဟာ ရန်သူကို အကြွင်းမဲ့ သွားယုံမိတဲ့ အမှားကြောင့်ဖြစ်တယ်လို့ ပြောပေးပါ။ ကျန်တဲ့ ရဲဘော်တွေလည်း ပြောပေးပါ။ ရန်သူကို ဘယ်တော့မှ အကြွင်းမဲ့ မယုံနဲ့´

ဆိုတာပါပဲ။ သိုင်ပြောတဲ့အတိုင်း ကျမ မျက်ရည်မကျခဲ့ပါဘူး။ ပြီးတော့ ဘ၀နဲ့လဲပြီး သူပေးခဲ့တဲ့ အသိကြောင့် ရန်သူကို ဘယ်တော့မှ အကြွင်းမဲ့ ယုံနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ရန်သူက ပေးမယ့် ငြိမ်းချမ်းရေးကိုလည်း ကျမ အကြွင်းမဲ့ ယုံနိုင်တော့မှာတဲ့လား။

ကျမနားလည်နေတာက သူပြောခဲ့တဲ့ စကားတွေဟာ ကျမတဦးတည်းအတွက် မဟုတ်ဘူးဆိုတာပါ။

(၈)

အခုတော့ မျှော်လင့်ခဲ့တဲ့ မြို့ပြကို တက်သွားခဲ့ကြပြီ။ ကျမလိုက်မသွားခဲ့ပါဘူး ..... သိုင်။ ညအမှောင်ထဲမှာ တရွာလုံး တိတ်ဆိတ်နေတယ်။ အစိုးရနဲ့အတူ ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် အခမ်းအနားဆီ ရွာက လူတော် တော်များများ လိုက်သွားကြတယ်။ မီးရောင်တွေလင်းနေမယ့် မြို့ပြ တခုဆီရောက်နေတဲ့ ကျမတို့ ဒေသခံတွေ ကတော့ မြို့ပြရဲ့အရှိန်အ၀ါတွေကြောင့် ဘ၀အမောတွေကို ခေတ္တ မေ့လျော့ပြီး ပျော်ရွှင်နေကြမှာလား။ ဒါမှ မဟုတ် စိုးရိမ်ထိတ်လန့် နေကြမှာလား။

ကျမ ဒါတွေ မတွေးဘူး။

တွေးနောတာက ကျမသွားမကဖြစ်တော့တဲ့ အကနဲ့ သိုင့်အကြောင်းကိုပါ။ သိုင်က ကျမတို့ရိုးရာအကကို အရမ်း မြတ်နိုးသူမဟုတ်လား။ ဒါကြောင့်သူ့ကို သတ်သွားတဲ့ ရန်သူရဲ့ ရှေ့မှာ ကျမဘယ်လိုမှ မကနိုင်ဘူးဆိုတာ ကျမနဲ့ သိုင်ပဲ နားလည်နိုင်မှာပါ။ ။


ဒိုင်းအက = ကယန်းလူမျိုးစု (ကယားပြည်နယ်အတွင်း) ၏ ရိုးရာအက
သိုင် = ကယန်းအခေါ်အဝေါ်အရ ပဉ္စမမြောက်သား
အားမူ = ကယန်းဘာသာအရ ပထမဆုံးသမီးအားခေါ်သောစကားလုံး


ဒေါင်းအိုးဝေ စာစောင်

အတွဲ ၂ ၊ အမှတ် ၃
အောက်တိုဘာ - နိုဝင်ဘာ ၂၀၀၂


Labels:

posted by မြင့်ဇေ @ 2:02 AM   0 comments
တောင်ပေါ်သူရဲ့ ငြိမ်းချမ်းရေးပုံပြင် (ပထမပိုင်း)
Tuesday, June 19, 2007
တောင်ပေါ်သူရဲ့ ငြိမ်းချမ်းရေးပုံပြင် (ပထမပိုင်း)

၁။
အဲဒီနေ့ကို ကျမ ဘယ်အချိန်ဖြစ်ဖြစ် အမှတ်ရနေမှာပါ။ ကျမအသက်က ခပ်ရွယ်ရွယ်။ ကျမတို့ရွာထဲ စစ်ကြောင်းတ
ကြောင်းဝင်လာတယ်။ ဒီကိစ္စက သိပ်ထူးဆန်းတဲ့ ကိစ္စရယ်တော့ မဟုတ်ဘူး။ စစ်မက်ဖြစ်ပွားတဲ့ အရပ်ဆိုတော့ အစိုးရစစ်ကြောင်းရော၊ ကျမတို့လူမျိုးတွေနဲ့ ဖွဲ့ထားတဲ့ စစ်ကြောင်းတွေရော ရွာတွေကို အမြဲဝင်ထွက်နေတာ လေ။ ၀င်လာတဲ့ စစ်ကြောင်းက ကျမတို့လူမျိုးတွေရဲ့ စစ်ကြောင်း။ ဘယ်စစ်ကြောင်းဖြစ်ဖြစ် ရွာထဲဝင်ရင် အိမ် တွေမှာ ခွဲတည်းကြတယ်။ အဲဒီနေ့က တောင်ယာပေါင်းလိုက်ပြီးလို့ ရွာကို ကျမပြန်လာတော့ အိမ်မှာ ရဲဘော် တဖွဲ့တည်းနေတယ်။ ပိုးလာတဲ့ ပလိုင်းကို ချရင်း မီးဖိုထဲက အမိုးကို စကားလှမ်းပြောတယ်။ အဲဒီမှာ ထမင်းချက် နေတဲ့ ရဲဘော်တယောက်နဲ့ မျက်လုံးချင်းဆုံမိတယ်။


ကျမရင်ထဲ တချက်နွေးခနဲ ဖြစ်သွားတယ်။ ဘာကြောင့် ဖြစ်လဲဆိုတာတော့ ကျမ စာမသင်ခဲ့ဘူးပေမယ့် အရွယ် ရောက် မိန်းကလေးငယ် တယောက်အနေနဲ့ သိပါတယ်။ ကျမလည်း မီးဖိုချောင်ထဲဆင်းပြီး ရေပြောင်းတွေပိုး ရင်း`အမိုး၊ရေဆိပ်ဆင်းဦးမယ်´ဆိုတော့ အမိုးက `ဟဲ့ ၊ နည်းနည်းပါးပါး နားဦးလေ´လို့ပြန်ပြောတယ်။ `ရပါတယ်´ ကျမပြောပြီး အဲဒီရဲဘော်ရှေ့က ဖြတ်လျှောက်ခဲ့တယ်။ ခုနခံစားမှုကြောင့် ရှက်နေမိပေမယ့် ရှိုးတိုးရှန်းတန်းတော့ ဖြစ်မနေပါဘူး။ ကျမ အိမ်အောက်ဆင်းလာရင်း သူနောက်က လိုက်ကြည့်နေမယ်ဆိုတာ ကို လှည့်မကြည့်ပေမယ့် အလိုလိုသိနေတယ်။

ဒီလိုနဲ့ ညရောက်တော့ စကားပြောရင်း သူ့နာမည်ကို သိရတယ်။`သိုင်´တဲ့။ ကျမတို့ဘာသာစကားအရဆိုရင် ပဉ္စမမြောက်သားပေါ့။

၂။
အဲ့ဒီ မျက်လုံးချင်းဆုံမိတဲ့ အဖြစ်တွေကို ဘ၀ရဲ့ အလုပ်တွေက ဖုံးအုပ်လိုက်တာနဲ့ မေ့မေ့လျော့လျော့ ဖြစ်ခဲ့တာ အချိန်တော်တော်ကြာသွားခဲ့တယ်။

ကျမတို့ ဘ၀က အပြောင်းအလဲမရှိဘဲ သံသရာလည်နေခဲ့တာ။ နှစ်စကနေ တောင်ယာခုတ်၊ မီးရှို့ ကျွန်းခွေ၊ တဲဆောက်၊ ခြံကာ၊ ဆူးထိုး၊ ပေါင်းလိုက်၊ စပါးရိတ်.... နှစ်ဆုံးတော့ တလလောက်နားရတယ်။ ဒီကြားထဲ နောင် နှစ်အတွက် ထင်းခွေပေါ့။ ကျမတို့ဒေသမှာ ကလေးတယောက် လေးငါးနှစ်အရွယ် ရောက်ရင် ကျောင်းပို့ဖို စဉ်း စားတာထက် ရေတွေ ၊ စပါးတွေ ဘယ်လောက် သယ်နိုင်၊ ထမ်းနိုင်မလဲ။ မိဘတွေ တောင်ယာသွားရင် ကိုယ့်ထက်ငယ်သူတွေကို ထိန်းကျောင်းပေးနိုင်မလား။ ဒီလိုအလုပ်တွေကိုပဲ စဉ်းစားရတယ်။ ပညာတတ်ဆို တာထက် ကူဖော်လောင်ဘက် ဖြစ်လာဖို့ကို စဉ်းစားရတယ်။ မိဘတွေအနေနဲ့ ပညာကို မေ့လျော့ထားတာ မဟုတ်ပေမယ့် ဘ၀ရဲ့ ရပ်တည်ရေးကို ဦးစားပေးရတာနောက်တခုက ကျမတို့ဒေသမှာ ဖွင့်ထားတဲ့ ကျောင်းက နည်းလွန်းတယ်။ ပြီးတော့ ဆရာ၊ ဆရာမ၊ စာအုပ်စာတမ်းကလည်း ရှားပါးတယ်လေ။

တခါက ကျမ တောင်ယာခင်းထိပ်မှာ မောင်လေးနဲ့ကစားနေတုန်း ( အဲဒိအရွယ်က ကျမရှစ်နှစ်လောက်ရှိပြီ ထင်တယ်။ ) မောင်လေးက တောင်တန်းတွေကို လက်ညှိုးထိုးပြရင်း `အားမူ၊ အဲဒီ့တောင်တွေရဲ့ ဟိုဘက်မှာ ဘာတွေ ရှိလဲ။´ မေးတော့ ကျမက ဂုဏ်ယူဝင့်ကြွားတဲ့အသံနဲ့ `ဟဲ့၊ ကားတွေ၊ လေယာဉ်ပျံတွေ၊ မြို့တွေ အများ ကြီးရှိတာပေါ့ ´လို့ပြန်ဖြေမိတယ်။ အဲဒါနဲ့ သူက `နင်တွေ့ဘူးလား´ ဆက်မေးတော့ ကျမ ချက်ချင်းပြန် မဖြေနိုင် ဘူး။ အမှန်က အခါအခွင့်သင့်လို့ မြို့ကို ရောက်ဖူးတဲ့ရွာကလူတွေ ပြောတာကြားဖူးနားဝနဲ့ ပြန်ပြောလိုက်တာပါ။ ဘယ်လို ပြန်ပြောရမယ်ဆိုတာ တွေးရင်း မောင်လေးကိုကြည့်တော့ အားကျတဲ့အကြည့်နဲ့ ကျမကို ကြည့်နေတာ မြင်ရတယ်။ ကျမအဖြေပေးမိတာက ` ငါလည်းနင့်လိုပဲ ရွာကနေ ဘယ်မှ မရောက်ဖူးဘူးဆိုတော့ ဒါတွေ ဘယ်မြင်ဖူးမလဲ´။ ကျမဖြေပြီးတဲ့အချိန်ကို မှတ်မိနေသေးတယ်။ ဘာကြောင့် မှန်း မသိ၊ ကျမတို့ မောင်နှ မ နှစ်ယောက်လုံးတိတ်ဆိတ်သွားတယ်။ နှစ်ဦးစလုံးတင် မကပါဘူး၊ ၀န်းကျင် တခုလုံးပါ တိတ်ဆိတ်နေတယ်။ အဲဒီအချိန်မှာ ရုတ်တရက် အဝေးကနေပြီး အသံတွေကြားရတယ်။ ပေါက်ကွဲသံတွေပေါ့။ သေချာတယ်။ ကျမတို့ ရဲ့ အသိအရ တိုက်ပွဲဖြစ်နေပြီ။ ဒါဆို ဒီညတောထဲမှာ သွားအိပ်ရတော့မယ် ဆိုတာကလည်း နောက်ထပ် သေချာတဲ့ အရာတခုပဲဆိုတာ ကျမသိလိုက်တယ်။ ကျမတို့ရဲ့ ဘ၀အကြောင်းပြောရင်း သတိရမိတဲ့ ငယ်စဉ်က အဖြစ်အပျက်တခုပါ။

၃။

သမရိုးကျ အလုပ်တွေလုပ်ရင်း ကျမတို့ရဲ့ ဒေသထဲမှာ ခရစ်စမတ်ရဲ့ မြော်က်ပြန်လေနဲ့အတူ သတင်းတခု ရောက် လာတယ်။ ၀မ်းသာစရာသတင်းပါ။ အဲဒီသတင်းနဲ့ မရှေးမနှောင်းပဲ အလုပ်တွေကြောင့် ကျမ မေ့နေခဲ့တဲ့ သူလည်း တပ်ဖွဲ့တခုနဲ့အတူ ရွာကို ရောက်လာတယ်။ ဒီတခေါက်တော့ ကျမတို့အိမ်မှာ မတည်းဖြစ်ဘူး။

အိမ်မှာ မတည်းဖြစ်ပေမယ့် ကျမ် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အကြိမ်ကြိမ် ချီးမွမ်းနေမိတယ်။ ၀မ်းသာစရာ သတင်းက `အစိုးရတပ်နဲ့ ကျမတို့ လူမျိုးစုတွေကြား နားလည်မှုရတော့မယ်။ ဒေသတခုလုံး ငြိမ်းချမ်းတော့ မယ်´ ဆိုတာပါပဲ။ ကျမကတော့ မမြင်ရတာ ကြာခဲ့ပြီဖြစ်တဲ့ သူ့ကို သူမမြင်ဘူးထင်တဲ့နေရာက ခိုးကြည့်ရင်း သူ များတွေထက် ပိုဝမ်းသာနေမိတာပေါ့။ပြီးတော့ စိုးရိမ်စိတ်လည်း ဖြစ်ခဲ့တယ်။ သူ့အကြောင်းလည်း ဘာမှမသိရ။ ပြီးတော့ သူတို့က နေရာအနှံ့လျှောက်သွားနေသူတွေ ဆိုတော့ ကျမထက်ဦးသူ ရှိနေမလားဆိုတဲ့ အတွေး ကြောင့်ပါ။ ဘာပဲဖြစ်ဖြစ်ကျမဘ၀မှာ အဲဒီကာလဟာ ကြည်နူးစရာ ကောင်းတဲ့အချိန်ပါ။

ဒေသအတွင်းမှာ ငြိမ်းချမ်းရေးသတင်းတွေ ပြန့်လာတော့ အားလုံးက ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေကြတယ်။ ပေါ်တာအဆွဲခံရတာတွေ၊ စစ်စခန်းတွေမှာ လုပ်အားပေးလုပ်ရတာတွေ၊ ကျီးလန့်စာစား တောမှာ အိပ်ရတဲ့ ညတွေ မရှိတော့ဘူးဆိုပြီး တွေးသူကတွေး၊ ကျောင်းတွေ၊ လယ်ကွင်းသစ်တွေ ငြိမ်းချမ်းရေး မြို့သစ်တွေ ဖြစ်လာ တော့မယ်ဆိုတဲ့ အတွေးနဲ့ ပျော်သူကပျော်။ တကယ့်ကို စိတ်ချမ်းသာစရာတွေ စုပြုံရောက်ရှိလာတဲ့ ကာလပေါ့။

သိပ်မကြာခင်မှာဘဲ ကျမတို့ရွာနဲ့ ဆိုင်တဲ့ သတင်းတခု ကြားရပြန်တယ်။ အစိုးရက အစစ်အမှန်ပေးမယ်ဆိုတဲ့ ငြိမ်းချမ်းရေးကြီး ယူမယ့် အခမ်းအနားမှာ ရွာက လူငယ်အဖွဲ့က ရိုးရာယဉ်ကျေးမှု အကသွား ကရမယ်....တဲ့။ရွာ ကလူကြီးတွေက လူငယ်တွေကို ပြောပြတော့ တဖွဲ့လုံး ပျော်လိုက်ကြတာ။ ရေခပ်ဆင်းလည်း ဒီအကြောင်း။ ထင်းခွေလည်း ဒီအကြောင်း။ ကိုယ့်အဖော်နဲ့ ကိုယ် စကားပြောတိုင်း ဘယ်တော့မှ မနီးစပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ကြီးကို ဘယ်တော့မှ မရောက်ခဲ့ဘူးတဲ့ မြို့မှာ သွားယူရတော့မယ်ဆိုတဲ့ အတွေးနဲ့ ၀မ်းသာခဲ့ကြတာ။

၎။

ဒီလိုနဲ့ ကျမတို့ လူငယ်တွေ မျှော်လင့်တကြီးနဲ့ ရိုးရာအကကို ကျင့်ကြတယ်။ အက ကျင့်လို့ လေးရက် ကြာတဲ့ည မှာပေါ့။ အကတိုက်ဖို့ လူမစုံသေးတာနဲ့ ကျမတယောက်တည်း အက ကျင့်တဲ့ကွင်းက မီးပုံနံဘေး ထိုင်နေတုန်း အနားကို လူတယောက်ရောက်လာတယ်။ ကြည့်လိုက်တော့ လရောင်ရေးရေးနဲ့ မီးပုံရဲ့ အလင်းကြောင့် ဘယ်သူ လဲဆိုတာ သိလိုက်တယ်။ ` သိုင် ´ ဟုတ်တယ်။ သိုင်ပါ။ ဘေးဘီကြည့်တော့ ဘယ်သူမှ မရောက်သေး။ ကျမ ရှက်ရွံ့ စွာနဲ့ မီးပုံကို တုတ်တချောင်းနဲ့ ထိုးဆွလိုက်တော့ မီးပွားတွေ လွင့်စင်သွားတယ်။ ` ဖြည်းဖြည်း လုပ်ပါ။ အားမူရယ်။ ကိုယ့်ရဲ့ မရှိမဲ့၊ ရှိမဲ့ ယူနီဖောင်းလေး မီးပေါက်သွားပါဦးမယ်။ ´ သူက ပြောရင်း ဘေးနားဝင်ထိုင် တယ်။ ကျမဘာမှ ပြန်မပြောမိ။ စတွေ့စဉ်ကထက် ပိုရှက် နေသလို ခံစားမိတယ်။ ကြည့်နေတဲ့ သူ့ရဲ့ မျက်လုံးတွေအောက်မှာ ကျမ ခန္ဓာကိုယ်က ပိုသေးကျုံ့ သွားသလို။ `စကားလေးဘာလေး ပြောပါဦး အားမူး ရယ်။ ´ ကျမသူ့ကို မကြည့်ရဲ။ ဘာပြန်ပြောရမှန်းလဲ မသိ။ မီးပုံကိုပဲ လက်ထဲက တုတ်နဲ့ အကြောင်းမဲ့ ထိုးဆွနေ မိတယ်။ နောက်တခါ သူထပ်ပြောတော့ `ကျမဘာပြောရမှာလဲ´ လို့ တိုးတိုးလေးပြန်ပြောတော့..။

`ဒါဆို ကိုယ်ပြောမယ်လေ´ တဲ့။

အဲဒိအချိန်မှာ တယောက်ယောက် ရောက်လာပါစေလို့ ကျမ ဆုတောင်းနေမိတယ်။ အဲဒီအချိန်မှာ သူဆက်ပြော တာက ... `အားမူ၊ ကိုယ် မင်းကို ချစ်တယ်။ မင်းကို လက်ထပ်ချင်တယ်´ တိုးပေမယ့် ကျမ အကုန်ကြားနေရ တယ်။ နောက်စကားတွေ အားလုံးကို မမှတ်မိပေမယ့် ပြောတာတွေက သူ့ရဲ့ အချစ်ကို လက်ခံဖို့နဲ့ ယုံဖို့ ဆိုတာ တွေပါပဲ။

`ကိုယ့်ကို ပြန်ချစ်နိုင်မလား´ လို့ သူမေးပြန်တော့ ကျမပိုတိုးလို ရှက်နေမိတယ်။

`ဖြေလေကွယ်´ ပြောတော့ ကျမ ခေါင်းညိတ်မိမလို ဖြစ်သွားသေးတယ်။ အဲဒီအချိန်မှာပဲ အကတိုက်မယ့်သူ တွေ ရောက်လာတယ်။ အဲဒါနဲ့ ကျမလည်း အပြေးတပိုင်း သူ့နံဘေး ထသွားတယ်။ အကတိုက်ရင်း သူမပြန်ဘဲ ကြည့်နေတာကို ကျမ မြင်နေရတယ်။

အဲဒီညမှာ အဖော်တွေက ` နင့်ကကွက်တွေ မှားလှချည်လား´ လို့ ကျမကို ၀ိုင်းပြောခဲ့တယ်.... သိုင်။



ဆက်လက်ဖော်ပြပါမည်။

Labels:

posted by မြင့်ဇေ @ 9:00 PM   1 comments
ယုံကြည်ခြင်း၊ ဘာတာစနစ်နှင့် ရက်ဒ်ဘတ္တလာ
Sunday, June 17, 2007

ကျနော်တို့ ယုံကြည်စွာနှင့် ဒီမိုကရေစီတော်လှန်ရေးကို ဖြတ်သန်းခဲ့သည်။ ထိုကာလအတွင်း အမျိုးစုံ ကြုံတွေ့ခဲ့ရ သည်။ ထိုအထဲတွင် ကုန်ပစ္စည်းချင်းလဲလှယ်မှု ဟုခေါ်သည့် ဘာတာစနစ်နှင့် ခေတ်သစ် ရက်ဒ်ဘတ္တလာများ လည်း တွေ့ကြုံရသည်။
၁။
မျက်မှောက်နိုင်ငံတကာ အခြေအနေသည် အပြောင်းအလဲအလွန်အမင်း များပြားမြန်ဆန်လွန်းလှသည်။ ထို့အတူ အလွန်အမင်းလည် ရှုပ်ထွေးလွန်းလှသည်။ အထူးသဖြင့် နိုင်ငံကြီးများ၏ နိုင်ငံခြားရေးရာ ပေါ်လစီပိုင်းတွင် ဖြစ်သည်။ ထိုသို့ ရှုပ်ထွေးရခြင်းမှာ ဖြစ်ပွားနေသော ပြဿနာတွင် ၄င်းတို့ ၏ အမျိုးသားအကျိုးစီးပွား မည်သို့ ရှိလေမည်နည်း ဆိုသည့် အခြေခံပေါ်မှ စဉ်းစားခြင်းကြောင့် ဖြစ်သည်။

ဥပမာ- တပါးသူ၏ပဋ္ဋိပက္ခများတွင် (၄င်းတို့အဆိုအရ) ကြားဝင်ဖြန်ဖြေပေးလေ့ရှိသော အမေရိကန်ပြည်ထောင် စု၏နိုင်ငံခြားရေးမူဝါဒတွင် ကြည့်နိုင်သည်။ ၄င်းတို့၏ အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်သော ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အရေးအခင်းနှင့် နောက်ပိုင်းဆင်နွှဲသော စစ်ပွဲများအား ခေတ္တထားဦး။ အိပ်ဖြူတော်၌ လက်မှတ်ရေးထိုးခဲ့ကြသော ပါလက်စတိုင်းနှင့် အစ္စရေး တို့ ယခုအခါ စစ်ပွဲသံသရာသို့ ပြန်လည် တော့မည့် အချိန်တွင် ငြိမ်းချမ်းရေး၏ လက်ဦးဆရာဖြစ်ခဲ့သော အမေရိကန်နိုင်ငံသည် များသောအားဖြင့် ရေငုံနှုတ်ပိတ်နေခဲ့သည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် အစ္စရေးအား ထိခိုက်မည်ဟု ၄င်းတို့ယူဆလျှင် ဗီတိုအာဏာသုံး၍ ပယ်ချသည်။ ဆိတ်ဆိတ်နေခြင်းဖြင့် အစ္စရေးဘက်တွင် ၄င်းတို့ ရပ်တည်ကြောင်း ပြသနေသည်။
သေချာသည်ကတော့ နိုင်ငံကြီးတော်တော်များများသည်
ပဋ္ဋိပက္ခဖြစ်ပွားနေသော နေရာတခုနှင့် တခု ၀င်ရောက်ပါဝင်ပုံသည် တချိန်နှင့် တချိန်မတူကြပေ။ စစ်အေးခေတ်နှောင်းပိုင်းမှ စ၍ ၄င်းတို့၏ ပါဝင်ပတ်သက် မှုသည် သွေးထွက်သံယိုနည်းသော နည်းလမ်း( တနည်းအားဖြင့်) ပြဿနာကို နှစ်ဘက်စလုံးက အလျော့ပေး နိုင်သမျှပေးပြီး ယှဉ်တွဲနေထိုင်ရေး ဖြစ်ပေါ်လာရန်ကို ဦးတည်လာခဲ့သည်။ ဆိုလိုသည်မှာ တစတစ ပြောင်းလဲ ရေး နည်းလမ်းပင် ဖြစ်သည်။ထိုသို့ တစတစပြောင်းလဲရေးအတွက် ၄င်းတို့ပါဝင်သော နယ်ပယ်များကိုလည်း ချဲ့ထွင်လာကြသည်။ တဘက်မှလည်း အပြီးတိုင် ပြောင်းလဲရေးကို ဦးတည်သော လက်နက်ကိုင်တိုက်ပွဲများကို လည်း အကြမ်းဖက်ခြင်းနှင့် ရော၍ သိက္ခာချသည်။ သို့သော် ၄င်းတို့ ပါဝင်ဆင်နွှဲသော စစ်ပွဲများကို တော့ ကမ္ဘာ ကြီး၏ ကောင်းကျိုးကို တည်တန့်စေသည့် စစ်ပွဲဟု အမည်တပ်ကြသည်။
မြန်မာပြည်၌ ဖြစ်ပွားနေသော စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတိုက်ပွဲတွင်လည်း နိုင်ငံကြီးများသည် ပါဝင် ဖိအားပေးကြသည်။ စစ်အုပ်စုလက်အောက်မှ အဖိနှိပ်ခံလူထုအား စာနာကြသည်။ စစ်အာဏာရှင်စနစ်၏ မကောင်းခြင်း လက္ခဏာများကို ကျနော်တို့ မြင်သလို သူတို့လည်း မြင်ကြသည်။ သို့သော် ၄င်းတို့နှင့်ကျနော်တို့ သည် စစ်အုပ်စု အပေါ်ထားသည့် အမြင်များမတူကြပါ။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့သည် မြန်မာပြည်
ပဋ္ဋိပက္ခ၏ ဘက်တဘက် ဖြစ်၍ ၄င်းတို့သည် စာနာတတ်သော တတိယအင်အားစု၊ပြင်ပ အင်အားစုဖြစ်သော ကြောင့်ဖြစ်သည်။ ကျနော်တို့ အခြေခံစဉ်းစားသည်မှာ လူထုအကျိုးစီးပွားဘက်မှ ဖြစ်၍ သူတို့စဉ်းစားသည်မှာ နိုင်ငံတကာပေါ်လစီများ၊ ဒီပလိုမေစီ စံနှုန်းများ၊ လုပ်ဆောင်၍ရနိုင်မည့် ဘောင်များ၊ အကျိုးစီးပွားများပေါ်မှ အခြေခံ ကြခြင်းဖြစ်သည်။
ထိုအခါ မြန်မာပြည်ဖြစ်စဉ်နှင့် ပတ်သက်၍ ကျနော်တို့ ဆင်နွှဲသည့်နည်းနာနှင့် ၄င်းတို့ ဖြစ်စေလိုသော နည်းနာ တို့ မတူကြတော့ချေ၊ တစတစ ပြောင်းလဲရေးကို ဦးတည်သော နယ်ပယ်များမှ ၄င်းတို့သည် စစ်အစိုးရဘက်ကို သော်လည်းကောင်း၊ ကျနော်တို့ ဘက်ကိုသော်လည်းကောင်းချဉ်းကပ်လာကြသည်။ စီးပွားရေးပိတ်ဆို့မှုများ၊ လူ့ အခွင့်အရေးမှတ်တမ်းအတွင်း မှင်မည်းပြခြင်း၊ နယ်ပယ်ပေါင်းစုံမှ အထူးကိုယ်စားလှယ်များ စေလွှတ်ခြင်း စသဖြင့် စစ်အုပ်စု အား ဖိအားပေးကြသည်။ ထိရောက်မှုရှိသင့်သလောက်ရှိပါသည်၊ ဥပမာ ILO အရေးယူမှု၊ ထို့အတူ ကျနော်တို့ဘက်ကိုလည်း ၄င်းတို့ သတ်မှတ်ထားသော အကြမ်းဖက်ခြင်းနည်းမှ လွဲ၍ ကျန်နယ်ပယ် အားလုံးလိုလိုကို ပံ့ပိုးမှု များပေးသည်။ ထိုအခါ ကျနော်တို့ရသော အရာများတွင် အဆိုးနှင့် အကောင်းများ ဒွန်တွဲပါလာသည်။ အသိပညာ၊ အတတ်ပညာပိုင်းဆိုင်ရာများအားကောင်းလာသည်။ နယ်ပယ်အလိုက် ကျွမ်းကျင်မှုများ တဘက်ကမ်းခတ်ဖြစ်လာသည်။ ထိုသို့ တဘက်ကမ်းခတ်ဖြစ်လာသောအခါတွင် မျက်မှောက် ၌ အာရုံစိုက်ရမည့် အရာများ တဖြည်းဖြည်းေ၀၀ါးသွားသည်။ မိမိဘာသာရပ်ကို အဓိကထားလာခြင်းဖြင့် ညီညွတ်မှု မဲ့လာကြသည်။
၂။
မိတ်ဆွေတဦးနှင့် ပြန်ဆုံသည်။ ကျနော်တောခိုလာချိန်တွင် ၄င်း အဖမ်းခံရ၍ ထောင်ကျသည်။ ယခု ပြန်လွတ်လာ၍ နယ်စပ်၌ ဆုံရသည်။ ဆုံသော အချိန်၌ ၄င်းက မီဒီယာအလုပ်ကိုသာ အဓိကလုပ်မည် ဖြစ်ကြောင်း ပြောသည်။ ကျနော် ထူးထူးထွေထွေ မအံ့သြမိပါ။ ကျနော်တို့နှင့် နှစ်များစွာ ဖြတ်သန်းခဲ့ကြသော သူများပင်လျှင် ယုံကြည်ချက်များပြောင်းလဲခဲ့သော ကာလတွင် ထိုစကားသည် အထူးအထွေ အံသြစရာ မဖြစ် သည်မှာတော့ အသေအချာပင်။ သို့သော ယုံကြည်မှု ပြောင်းလဲခြင်းနှင့် ပတ်သက်၍ စဉ်းစားမိသည်။
`ရှက်စိတ်ဆိုတာ ခေတ်တွေ ပြောင်းလာတာနဲ့အမျှ ဖွင့်ဆိုချက်တွေလည်း ပြောင်းသွားကြပြီဖြစ်ပါတယ်´ (ဆရာ) လူထုဦးစိန်ဝင်း`၏ရှက်စိတ်ဆိုသော ဆောင်းပါးမှ စာသားအချို့ဖြစ်ပါသည်။ ကျနော်တို့၏ ယုံကြည်မှုကို လည်း ထိုသို့ စဉ်းစားကြည့်မိသည်။ ခေတ်တွေ ပြောင်းသွားသည်နှင့် ယုံကြည်မှုများ ပြောင်းလဲသွားပါသလား။ ခေတ်တွေကရော ကျနော်တို့အတွက် တကယ်ပြောင်းသွားသလား။
နိုင်ငံတကာတွင်တော့ အနေအထားများစွာ ပြောင်းလဲခဲ့ပါသည်။ သို့သော ကျနော်တို့ မျက်မှောက်ပြုရသော မြန်မာပြည်အရေး ကတော့ ပိုနေမြဲ ကျားနေမြဲ။ နိုင်ငံတကာတွင် စစ်အေးခေတ်ကြီး ပြီးဆုံးသွားသည်။ မြန်မာပြည်တွင် စစ်အာဏာရှင် အုပ်ချုပ်ဆဲဖြစ်သည်။ နိုင်ငံတကာတွင် ဂလုပ်ဘယ်လိုက်ဇေးရှင်း အပျံ့အနှံ့ ဖြစ်ပေါ်လာသည်။
မြန်မာပြည်တွင် စစ်အာဏာရှင် အုပ်ချုပ်ဆဲဖြစ်သည်။ဖူကူယာမက နိုင်ငံတကာတွင် သမိုင်း၏နိဂုံးဟု ကြွေးကြော်ခဲ့သည်။
မြန်မာပြည်တွင် စစ်အာဏာရှင် အုပ်ချုပ်ဆဲဖြစ်သည်။နိုင်ငံတကာတွင် ထင်ရှားသော ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦးကြီး ပြိုကျသွားသည်။
မြန်မာပြည်တွင် စစ်အာဏာရှင် အုပ်ချုပ်ဆဲဖြစ်သည်။အရှေ့အလယ်ပိုင်းတွင် ပါလက်စတိုင်း-အစ္စရေးတို့ ပြန်ရန်ဖြစ်ကြပြန်သည်။
မြန်မာပြည် တွင် စစ်အာဏာရှင် အုပ်ချုပ်ဆဲဖြစ်သည်။ဘာမှ မပြောင်းလဲသေး။
၁၉၆၂ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုအချိန်အထိ မြန်မာပြည်တွင် အပေါ်ယံ ပြောင်းလဲမှု တချို့မှ လွဲ၍ စစ်အာဏာရှင်စနစ်သည် ခိုင်ခိုင်မာမာရှိနေဆဲဖြစ်သည်။ ထိုသို့ မြန်မာပြည်၏ ပဋ္ဋိပက္ခသည် မည်သို့မျှ ပြောင်းလဲခြင်း မရှိသေးပေ။
ထိုပဋ္ဋိပက္ခတလျှောက်တွင် ကျနော်တို့သည် အမှီအခိုကင်းကင်းနှင့် မိမိယုံကြည်သော အရာများကို လုပ်နိုင်ခဲ့ ကြသည် မဟုတ်ပေ။ ကျနော်တို့ စားဝတ်နေရေးအတွက် ကျနော်တို့လူထုနှင့် နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့များကို အားကိုးကြရသည်။အထူးသဖြင့် နယ်စပ်တရိုးတလျှောက်တွင် အဓိက ဆက်ဆံရသည်မှာ အကူအညီ ပေးရေးအဖွဲ့များနှင့်ဖြစ်သည်။ ကျနော်တို့အား လူသားချင်းစာနာမှု၊ ကရုဏာထားမှုတို့နှင့် လာရောက်ကူညီခြင်းအတွက် တဘက်မှ ကျေးဇူးတင်မိသည်။ သို့သော်တဘက်မှ အနှောင်အဖွဲ့များ ပါလာခြင်း ကိုတော့ စိတ်ပျက်စရာဖြစ်သည်။ သူတို့သည်လည်း နောက်ကျောမှ ငွေထောက်ပံ့နေသည့် အဖွဲ့များ၊ အစိုးရ၏ အလိုကိုလည်း လွန်ဆန်ရန် မဖြစ်နိုင်မှန်းကျနော်တို့နားလည်မိသည်။ ထိုအခါ ကျနော်တို့ကို အကူအညီ ပေးမှုသည် ဘာတာစနစ်ဆန်ဆန် ဖြစ်လာသည်။ ကျနော်တို့ကို အကူအညီပေးခြင်းအားဖြင့် ကျနော်တို့၏ ယုံကြည်မှုကို မီးနီပြချင်ကြသည်။
`ဤအရာကို ပြုမူလျှင် သင်တို့ထိုအရာ အားရမည်မဟုတ်။´ ထိုအခါ ကျနော်တို့သည် ကိုယ့်ကိုယ်ကို ပြန်၍ မေးခွန်းထုတ်မိကြသည်။ သူတို့ပေးမည့် အကူအညီသည် ကျနော်တို့ ယုံကြည်ချက်အား စွန့်လွှတ်ရန် အဓိက အရာလား ဆိုသည့်မေးခွန်းပင်။ တခုသေချာသည်မှာ နယ်စပ်သို့ စတင်ရောက်ရှိလာချိန်တွင် မည်သည့်အကူအညီရမှ ဤအရာကိုလုပ်မည် မရလျှင်ကား မလုပ်ဟူသော စဉ်းစားချက်မရှိကြ။ အကြောင်းအ ရာများစွာတို့အောက်တွင် ကျနော်တို့ လူးလွန့်ရုန်းကန်ခဲ့ကြသည်။ သို့တစေ ကျနော်တို့သည် မိမိလျှောက်ရမည့်လမ်းကိုသာ လျှောက်ခဲ့ကြသည်။ ထိုသို့ရုန်းကန်ခဲ့သော အခြေအနေအောက်တွင်လည်း စစ်အာဏာရှင်စနစ်ရှိသည်။ ယခုအခြေအနေအောက်တွင်လည်း စစ်အာဏာရှင် ရှိသည်။
တပြည်ထောင်စနစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မတရား လုပ်အားပေးခိုင်းစေမှု၊ လူမျိုးရေးဆိုင်ရာ ပြဿနာများစသဖြင့် အကူအညီပေးမှုများနှင့် အတူ နောက်ကွယ်မှ ခေါင်းစဉ်သစ်များ ပါလာကြသည်။ တကယ် တမ်းဖြစ်ပျက်နေသော အရာများဖြစ်သော်လည်း ထိုကိစ္စတို့၏ အရင်းအမြစ်မှာ စစ်အာဏာရှင်စနစ်သာ ဖြစ် သည်။ထိုပြဿနာများကို ဆုံးခန်းတိုင်လိုလျှင် စစ်အာဏာရှင် စနစ်ကို အဆုံးသတ်မှသာ ဖြစ်ပေမည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲအတွင်းမှ မည်သူပင် ဖြစ်ပါစေ။ မည်သည့်လမ်းကို လျှောက်ပါစေ။ မည်သည့်နည်းနာကို စွဲကိုင်ပါစေ။ မည်သည့် အနာဂတ်ကို မျှော်မှန်းပါစေ။ လက်တွေ့အကျဆုံးလုပ်ရမည်မှာ စစ်အာဏာရှင်စနစ်မရှိရေးသာ ဖြစ်နေသည်။ စစ်အုပ်စု ၏ ဖိနှိပ်ရေးလမ်းကြောင်းတွင် သာစေနာစေ ဆန္ဒမရှိ။ တတိုင်းပြည်လုံးအား တန်းတူ ဖိနှိပ်ရေးသာ ရှိသည်။ သို့သော် လူမြင်ကွင်းနှင့် ကွယ်ရာတွင် ဖြစ်ပျက်နေသော ဖိနှိပ်မှုပုံစံသာ ကွာခြားမှုရှိသည်။
ကျနော်တို့အနေဖြင့် တဦးချင်းအရလည်းကောင်း၊ အဖွဲ့လိုက်အရသော်လည်းကောင်း၊ မိမိတိုင်းပြည်အနာဂတ် အတွက် စိတ်ကူးစိတ်သန်းကောင်း အများအပြား ရှိကြမည်မှာအမှန်ပင်။ ထိုစိတ်ကူးစိတ်သန်းများကို ဖန်တီးခွင့်ရသော အနေအထားအချိန်ကာလ ရောက်သည်အထိ စောင့်ဆိုင်းသင့်သည်မှာ လည်း အမှန်ပင်။ ကျနော်တို့ရှိရာသို့ အကူအညီများနှင့်အတူ သူတို့လုပ်ကိုင်စေချင်သော အရာများ သယ်လာကြသည်။ ပစ္စုပ္ပန်နှင့်ကိုက်ညီသော အရာများ ရှိနိုင်ပါသည်။ အနာဂတ်အတွက် လုပ်ဆောင်သင့်သော လုပ်ငန်းများ ပါဝင် နိုင်ပါသည်။ ၄င်းတို့ကို အကောင်အထည်ဖော်မည့်သူများမှ မြန်မာပြည်ပဋ္ဋိပက္ခအတွင်းမှ ကျနော်တို့သာဖြစ် သည်။သူတို့ကတော့ တစုံတရာ သိကောင်းသိမည်ဖြစ်သော်လည်း ကျနော်တို့လောက် မြန်မာပြည်အခြေ အနေကို နားလည်မည်မဟုတ်သည်ကတော့ အသေအချာပင်။ အဓိကနှင့်သာမညကို မိမိသာ ခွဲခြားရမည်ဖြစ် သည်။ အနာဂတ်နှင့် ပစ္စုပ္ပန်ကို မိမိဘာသာ စဉ်းစားရမည်ဖြစ်သည်။ ပူးတွဲစဉ်းစား၍ မရ။ အရာအားလုံးကို ယေ ဘုယျ ဆန်ဆန် လုပ်၍ မရ။ ထိုသို့ ပြုမူလျှင် မျက်မှောက်ကြွေးကြော်သံနှင့် လတ်တလော လုပ်ငန်းစဉ်သည် ခိုင် ခိုင်မာမာ မဖြစ်ဘဲေ၀၀ါးရောထွေးသွားလိမ့်မည်။
သေချာသည်ကတော့ ပြောင်းလဲသွားသူများသည် ယုံကြည်ချက်ကို ဘက်ပြောင်းချင်းတော့မဟုတ်။ မိမိကိုင်စွဲ သော သေနင်္ဂဗျူဟာဟောင်းကို ယုံကြည်မှု မဲ့ပြီး သေနင်္ဂဗျူဟာသစ်များပေါ်တွင် ယုံကြည်သွားကြခြင်းဖြစ် သည်။ ထိုအခါ ကိုင်စွဲသော နည်းများသည် တခုတည်းမဟုတ်တော့။ များလာသည်။ ထိုအခါ မိမိကိုင်စွဲသော နည်းကိုသာ အာရုံထား၍ လုပ်သောအခါ ထွက်လာသော အသံများသည်လည်း များပြားသွားသည်။ ထိုအထဲ တွင်လတ်တလောလိုအပ်ချက်ပါသလို၊ အနာဂတ်နှင့်သက်ဆိုင်သော အရာများလည်း ပါသည်။ ကျနော်တို့ ဆန်း စစ်ဖို့တော့လိုပါသည်။ ကျနော်တို့သည် အရေးကြီးဆုံး ကြွေးကြော်သံတခုတည်း အောက်တွင် မိမိတို့ယုံကြည် သော နည်းများဖြင့် အကောင်အထည်ဖော်ရန် လိုအပ်၊ မလိုအပ်ဆိုသည့် အကြောင်း။ ဆိုလိုသည်မှာ ကျောခြင်း ကပ်ရေး။ သို့သော် တချို့ ထိုသို့မဟုတ်၊ ကာလဒေသနှင့် လိုက်၍ ကြွေးကြော်သံများ ပြောင်းကြသည်။ နအဖ ဈေးကွက်စီးပွားရေး အမှတ်ရမိတော့သည်၊ လေရူးသုန်သုန် ၀တ္တု ထဲမှ ရက်ဒ်ဘတ္တလာ ကို အမှတ်ရစရာ ဖြစ် သည်။ အမှန်တကယ်တွင်တော့ ကျနော်တို့သည် တိုင်းပြည်အပေါ် ထားသော သဘောထားနှင့် မိမိအပေါ်ထား သော သဘောထားကို ထပ်တူမပြုသင့်ဟု ထင်သည်။
သေနဂ်ဗျူဟာ အပေါ် ယုံကြည်ခြင်း ပြောင်းလဲမှု၏ အမှန်အမှားကိုတော့ ကျနော်တို့ ဆွေးနွေးစရာမရှိ။ ကိုယ်ယုံ ကြည်မှုကို ကိုယ် ခိုင်ခိုင်မာမာ ကိုင်ထားကြပြီးချိန်ဖြစ်သည်။ တခုသာ ရှိသည်။ ကိုယ်စားပြုသည့်အရာသည် ပြည်သူသာဖြစ်သည်။ ကျနော်တို့သည် သမိုင်းကို စက်ဝိုင်းပုံမလည်စေချင်။
ကြောင်လိမ်လှေကားလို တိုးတက်ဖြစ်ထွန်းလာစေချင်သည့် ဆန္ဒသာရှိသည်။

ဒေါင်းအိုးဝေစာစောင်
အတွဲ ၁၊ အမှတ် ၁၀၊ ဇန်န၀ါရီ-ဖေဖော်ဝါရီ ၂၀၀၂

Labels:

posted by မြင့်ဇေ @ 10:23 PM   0 comments
ကဗျာလေးဆယ့်ငါးရာသီ (၃)


ဘ၀တနံတလျားထဲ
စိတ်လန်းတဲ့ ရိုးမြေကျမှုတွေ
အမေ့မျက်ရည်တွေ ရပေမယ့်
ကျေးဇူးမမဲ့တတ်မှုတွေ ရှိတယ်။

ငါတို့ရဲ့ဘာသာစကားဟာ
မထည်ဝါလှပါဘူး
ဒါပေမယ့်
လူနားလည်တယ်။

ကိုယ့်ဘ၀ ကိုယ်ထမ်းနေမှတော့
နောက်ကျော မလုံတဲ့ကိစ္စတွေလည်း မဲ့ပေါ့။ ။

Labels:

posted by မြင့်ဇေ @ 1:50 AM   0 comments
လွတ်လပ်မှု၊ အဖွဲ့ အစည်းမူနှင့် မနာကျင်စေသော လုပ်ဟန်များ

၁။
တမနက် ကျနော်တို့ လက်ဖက်ရည် သောက်နေစဉ် ရဲဘော်တယောက် မိသားစုနှင့်အတူ ရောက်လာ သည်။ ကျနော်တို့နှင့် မာနယ်ပလောခံစစ်တွင် လက်ရည်တပြင်တည်း တိုက်လာခဲ့သူ၊ သို့သော် ၄င်းကတပ်ရင်းတရင်း ကျနောတို့က တရင်း။ ခံစစ်ကုန်းကတော့ တကုန်းတည်း ။ ထို့နောက် ကျနော်တို့လည်း ဝေးသွားကြသည်။ သူက ၁၉၉၅ လောက်တွင် တပ်မှထွက်၍ အလုပ်လုပ်နေခဲ့သည်။ ကျနောတို့နှင့်အတူ ခံစစ်ကုန်းထိုင်စဉ်က သူလည်းမိုင်းထိခဲ့သည်။ ထို့အတွက် မျက်စိက သိပ်မကောင်း၊ မျက်စိကောင်းနိုးနှင့် သူခွဲစိတ်ကုသမှုခံယူခဲ့ရာ တဖက်က လုံးဝမမြင်ရပဲ ကျန်တဘက်ကလည်း အနည်းငယ်သာ မြင်ရကြောင်း (သူ့ပြောပြချက်အရ) သိရသည်။ အလုပ်လုပ်သည့် သူဌေးအိမ်တွင် တောင်းပန်နေရင်း မိသားစုနှင့်ရုန်းကန်နေရသည်။ ဒါက သူ့အကြောင်း။ သူလာသည်က ဘာမှမလုပ်နိုင်သည့်ဘ၀တွင် ဒုက္ခသည်လျှောက်ချင်သည့် အတွက် ထောက်ခံစာလာယူသည့်သဘောမျိုး။
သူ့ကိုကြည့်ရင်း တဖက်က အားနာနေမိသည်။ အားနာသည်က ၁၅နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အဖွဲ့ အစည်းမှ ဒဏ်ရာရ ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်း လွှာပေးခဲ့သည်မှာ နေရာဒေသအနှံ့ဖြစ်သည်။ သို့သော် မိမိတို့နှင့် နီးနီးနားနား ရှိနေသည့် ရဲဘော်တဦး(၄င်းအား) ကို မေ့လျော့ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။
နောက်တခုက သူ၏ ပြောစကားဖြစ်သည်။`ကျနော် တောင့်ခံပါသေးတယ်ဗျာ။ ဒါပေမယ့် ကျနော့်အခြေအနေက မြင်တဲ့အတိုင်းပဲ။မိသားစုနဲ့ ဘယ်လိုမှ ဒီပုံစံမျိုးမရပ်တည်နိုင်တော့လို့ လာရတာပါ။´ ပြီးတော့ စကားစမြည် အနည်းငယ်ပြောပြီး သူပြန်သွားသည်။ ပြန်သွားတော့ သူ့အမျိုးသမီးက သူ့ကို လမ်းပြခေါ်သွားသည်ကို လှမ်းမြင်နေရသည်။
၂။
ကျနော်တို့ `မကဒတ´ရပ်တည်ရှင်သန်ခဲ့သည်မှာ ၁၅နှစ်ကျော် ၁၆နှစ်အတွင်း သို့ တိုင်ခဲ့ပြီ။ အဖွဲ့  အစည်းအတွင်း နိုင်ငံရေးအမြင်မတူညီမှုအရ ညီညွတ်ရေး ပြိုကွဲမှုများ၊ ကိုင်စွဲထားသော နိုင်ငံရေး၊ စစ်ရေး လမ်းစဉ်များကို မကြိုက်၍ တဦးချင်းအရ၊ အုပ်စုများအရ ညှိနှိုင်းစွန့်ခွာမှုများရှိခဲ့သည်။ ထို့နည်း တူ ချမှတ်ထားသော မူများပေါ်လစီများအရ အလိုအလျောက် ထွက်ရသော ဖြစ်ရပ်များရှိခဲ့သည်။
အဖွဲ့အစည်းတရပ်အနေဖြင့် မိမိအခြေအနေ၊ကာလ၊ဒေသနှင့်ကိုက်ညီသည့်မူ၊ ပေါ်လစီ၊လမ်းစဉ်၊ လုပ်ငန်းစဉ်၊ နည်းနာစသည်များကို ကျင့်သုံး၇သည်မှာ အငြင်းပွားစရာကိစ္စမဟုတ်ဟု ကျနော်ထင်သည်။ အဖွဲ့အစည်းကို ဦးဆောင်နေသူများ အနေဖြင့်လည်း မိမိတို့ဖြတ်သန်းလာသော အတွေ့ အကြုံများအပေါ်မှသာ အခြေခံ၍အခြေအနေ၊ အချိန်အခါနှင့်ကိုက်ညီသည့် လုပ်ငန်းများကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြီးပြည့်စုံသော လုပ်ငန်းစဉ်ကိုတော့ မည်သည့် အဖွဲ့အစည်းမှ ချထားနိုင်သည်မဟုတ်သည်မှာလည်း အသေအချာပင်။
၃။
လက်ရှိနိုင်ငံရေးအခြေအနေသည် နှစ်ငါးဆယ်ကျော်ပြည်တွင်းစစ်အတွင်း အလွန်လျင်မြန်စွာ ပြောင်းလဲနေသည့် ကာလဖြစ်သည်။ လွန်ခဲ့သည့် ရှစ်လေးလုံးကာလမှ ၁၄နှစ်ကျော်တိုင်အောင် မြန်မာပြည်အခြေအနေသည် စစ်အစိုးရအနေဖြင့် အာဏာကို အမျိုးမျိုးလှည့်ကစားပြီး ထိန်းသိမ်း ထားနိုင်ခဲ့သော်လည်း ပြဿနာဖြေရှင်းရေး အတွက် အခြေပြုစဉ်းစားမှုသည် ဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများသာ။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲနှင့် ဖြေရှင်း ရေးသာပင်။
မေ ၃၀ ဒီပဲယင်း အရေးအခင်းအပြီး နောက်ပိုင်း ဗိုလ်ခင်ညွန့်၏ လမ်းပြမြေပုံ ၇ချက် ကြေညာအပြီးတွင် အခြေပြုစဉ်းစားမှုသည် (နိုင်ငံတကာမှ)စစ်အုပ်စုကို အခြေပြုစဉ်းစားလာကြ သည်ကို တွေ့လာရသည်။ အထူးသဖြင့် ဘန်ကောက်ဖိုရမ်အပြီး။
ကေအဲန်ယူ အပစ်အခတ်ရပ်စဲရေး လုပ်ရန်ဖြစ်လာသောအခါ နယ်စပ်အခြေပြု အဖွဲ့ အစည်းများအနေဖြင့်လည်း ဆက်လက်ရပ်တည်ရေးအတွက် စဉ်းစားလာရသည်။ ထိုအထဲတွင် ကျနော်တို့လည်း အပါအ၀င်ပင်။သို့သော် ထိုအခြေအနေများမဖြစ်ပေါ်မီကတည်းက (စတင်တည်ထောင်စကတည်းက)မကဒတတွင် လုပ်ငန်းများ၊နည်းနာများရှိပြီးဖြစ်သည်၊ မူများ ပေါ်လစီများ ရှိပြီးလည်း ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေး အခြေအနေတစုံတရာ ပြောင်းတိုင်း ကျနော်တို့၏ ချမှတ်ထားသော အရာများကို ပြောင်းလဲရမည်လား။ တကယ်တမ်း မလွှဲမရှောင်သာပြောင်းလဲဖို့ အလွန်အမင်း လိုအပ်နေပြီလား။ ဥပမာ- ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် နိုင်ငံရေးဒုက္ခသည် အဖြစ်လျှောက်ထားရန် အဖွဲ့အစည်းတခုလုံးအနေဖြင့် အရေးတကြီးလိုအပ်နေပြီလား။
ကျနော် ဤ ကိစ္စကိုသာ ပြောပါမည်။ အဘယ့်ကြောင့်ဆိုသော် အဖွဲ့အစည်းအတွင်း ဤပြဿနာအပေါ် တွင် မူအရ ရှင်းရှင်းလင်းလင်း ရှိရန် လိုအပ်နေသောကြောင့်ပင်။
၎။
ဒုက္ခသည်အဖြစ်ခံယူလိုခြင်း၊ မခံယူလိုခြင်းကိစ္စသည် တဦးချင်း၏ရွေးချယ်ပိုင်ခွင့် နှင့်သက်ဆိုင် သည့်ကိစ္စ သို့သော် မကဒတ စတင်တည်ထောင်ကတည်းက တွဲပါလာခဲ့သောပြဿနာ။ (ပြဿနာဟုဆို၍ တမျိုးအဓိပ္ပါယ် မကောက်စေချင်၊ လျှောက်ရန် လိုသည်မလိုသည်ဟု အငြင်းပွားမှုမျိုးကိုသာ ရည်ရွယ်ရင်းဖြစ်သည်။ )
အဖွဲ့အစည်းအနေဖြင့် ရဲဘော်တဦးချင်း အရလည်းကောင်း၊ အုပ်စုလိုက်အရ လည်းကောင်း ဒုက္ခသည်အဖြစ် ခံယူသွားခြင်းကို မည်သည်အခါမှ တားလည်းမတားဆီးခဲ့၊ တားလည်း မတားနိုင်ခဲ့ပါ။ တော်လှန်ရေး ရေရှည်ဆန်လာမှုတွင် ဆက်လက်ပါဝင်လိုစိတ်မရှိတော့၍ ခံယူသွားခြင်းဖြစ်သည်ဟု ကျနော်ထင်သည်။
ဒဏ်ရာရမှု ၊ နိုင်ငံရေးအမြင်မတူညီမှုပုဂ္ဂိုလ်ရေးအရ ခံစားမှုတချို့ တလေတို့ကြောင့်လည်း ပါဝင်နိုင်ပါသည်။ `မကဒတ´ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ တပ်ဖွဲဝင်အဖြစ် ထမ်းဆောင်ရမည့်အချိန် အကန့်အသတ် ရှိသည်။
မည်သို့ပင်ဖြစ်စေ တပ်ဖွဲ့ ဝင်သက်တမ်းအရ ပြည့်သူရော၊ မပြည့်သူတို့ကိုပါ အဖွဲ့အစည်းအနေဖြင့် တဦးချင်းစီအရ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးခဲ့ခြင်းသည် ဒီမိုကရေစီမဟုတ်ပါလား။ ဤသို့ဖြင့် မကဒတကို ၁၆နှစ် နီးပါးတိုင် သယ်ခဲ့ကြသည်။
ယခုလို နိုင်ငံရေးအရ အဖက်ဖက်မှ ဖိအားမျိုးစုံခံနေရသော ကာလတွင် အဖွဲ့ အစည်း ရပ်တည်ရှင်သန်ရေးအတွက် ရံပုံငွေ ထောက်ပံ့ပေးနေသူများမှာလည်း နိုင်ငံတကာရောက် မကဒတရဲဘော်ဟောင်းများနှင့် မျိုးချစ်မြန်မာအင်အားစုများသာဖြစ်သည်။ ထားတော့။
ကျနော်ဤနေရာတွင် ဆိုလိုချင်သည်က တပ်ဖွဲ့ဝင်တဦးချင်းစီ၏လွတ်လပ်စွာ စဉ်းစားရွေးချယ် ပိုင်ခွင့်။
သို့သော်အထက်တွင် ကျနော်ဆိုခဲ့သလို အဖွဲ့ အစည်း၌ မူများ၊ ပေါ်လစီများရှိနေသေးသည်။ တဦးချင်းစီအရ လွတ်လပ်စွာ စဉ်းစားရွေးချယ်နိုင်သလို၊ အဖွဲ့အစည်း၏ မူများကိုလည်း အာမခံရမည်။ သို့အတွက် UN ဒုက္ခသည်လျှောက်ထားခြင်းနှင့် ပတ်သက်၍လည်း မကဒတတွင် မူရှိသည်။မိမိသဘောဖြင့် အထက်အဆင့်ဆင့်သို့ တင်ပြမှု မရှိဘဲ ဒုက္ခသည်အဖြစ် လျှောက်ထားပါ က တပ်ဖွဲ့ ဝင်အဖြစ်မှ အလိုအလျောက်နှုတ်ထွက်ပြိးဖြစ်သည်။ဤသည်မှာ မကဒတ၏ ဒုက္ခသည်လျှောက်ထားမှုနှင့်ဆိုင်သည့် မူ ဖြစ်သည်။ စနစ်တကျတင်ပြပြီး ကြိမ်ဖန်များစွာ ဆွေးနွေးပြီးမှ ဒုက္ခသည်ခံယူခြင်းသည်လည်း တပ်ဖွဲ့ ဝင်အဖြစ်မှ နှုတ်ထွက်ရသည်သာ။ မည်သည့်နည်းဖြင့် ထွက်ထွက်၊ ထွက်သွားသော ရဲဘော်များအနေဖြင့် မကဒတ၏ အဖွဲ့ ဝင်အဖြစ်
ပြန်လည်လျှောက်ထားလိုပါကလည်း စဉ်းစားလက်ခံမည်သာဖြစ်သည်။ ဤသည်ကလည်း အဖွဲ့  ၏ ဖွင့်ပေးထားသည့် မူပင်။
တချို့ က ဤသို့မဟုတ်။ မည်သူမျှ အတင်းအကျပ် ခေါ်ဆောင်ခြင်းမပြုခဲ့ပဲ မိမိသဘောဆန္ဒ (ယုံကြည်ချက်)ဖြင့် မကဒတသို့ဝင်ရောက်ခဲ့သည်။ ၀င်ရောက်ပြီးသည်နှင့် အဖွဲ့ အစည်း၏ စည်းရုံးရေးစည်းကမ်းကို နာခံရမည်သာဖြစ်သည်၊ သို့သော် ပြဿနာရပ်တိုင်းနှင့် ပတ်သက်သော မိမိအမြင်ကို အချက်အလက်နှင့် တင်ပြဆွေးနွေးခွင့် ရှိသည်။ မတူညီသော အမြင်များကို ကိုင်စွဲထားပိုင်ခွင့်ရှိသည်။ အချိန်အခါ ကြုံလာပါက ထပ်မံတင်ပြခွင့်ရှိသည်။ ဤသည်ကား အဖွဲ့  အစည်း၏ ဒီမိုကရေစီနှင့် ဗဟိုချုပ်ကိုင်မှုသဘော။
အဖွဲ့ အစည်းမှ ပြန်လည် နှုတ်ထွက်လိုပါကလည်း အဖွဲ့ အစည်းမှ ၄င်းတို့၏ လုပ်ချင်၊ ဖြစ်ချင်သည့် ဆန္ဒကို ဖြည့်ဆည်းပေးရန် အဆင်သင့်၊ ဒုက္ခသည်လျှောက်မည်၊ အလုပ်လုပ်မည်စသဖြင့် ပွင့်လင်းရိုးသားမှုသာ ရှိဖို့လိုသည်။ ဆိုးသည်က အဖွဲ့ အစည်းမှ ထွက်သွားပြီးနောက်ပိုင်း မိမိဖြစ်ချင်သော အနေအထားတခုအတွက် အဖွဲ့ အစည်းနှင့်ပတ်သက်၍ အနှောင့်အသွားမလွတ်သော စကားများကို အဖွဲ့ အစည်းနောက်ကွယ်တွင် ပြောနေခြင်းများ။ ဆိုလိုသည်က အဖွဲ့ အစည်းအားနင်း၍ တက်ခြင်း။
ထိုအခါ ဆက်စပ်နေသော မဟာမိတ်အဖွဲ့ များက `မကဒတ´အား ထိုစကားများအပေါ် အခြေခံပြီး ယုံထင်ကြောင်ထင်ဖြစ်လာသည်။ ဒါကလည်း အပြစ်မဆိုသာ။ အဖွဲ့ အစည်းတခု၏ အတွင်းပိုင်း ပြ ဿနာ(အထူးသဖြင့် မူပြဿနာ)ကို အခြားအဖွဲ့ အစည်းတခုက စဉ်းလုံးချော သိနိုင်၊နားလည်နိုင်မည်မဟုတ်။ ထို့နည်းတူ မီဒီယာများကလည်း ဖော်ပြကြသည်။ ဒါကလည်း သူတို့အပြစ်မဟုတ်၊ အမှန်တကယ်တွင် မိခင်အဖွဲ့အစည်း ၏ သဘောကို မေးမြန်းဖို့ကောင်းသည်။ သို့သော် မမေးမြန်းခဲ့။
ထို့အတွက်လည်း အမြင်အရ အကြားစကားများကိုသာ အခြေခံ၍ `မကဒတ´အပေါ် နားလည်မှု လွဲနိုင်သည့်အတွက် ကျနော်တို့၏ မူအပေါ် ရပ်ခံမှုကို ရှင်းလင်းစေရန် ရေးရခြင်းပင်။ နောက်တချက်အဖွဲ့ အစည်းအတွင်း အမြင် ရှင်းလင်းစေရန်ရေးခြင်းဖြစ်သည်။ ဤကာလတွင် ကျနော်တို့ ရဲဘော်တဦးချင်းစီ၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပို၍ ပေးထားပြီးဖြစ်သည်။ မိမိအမြင်၊ အယူအဆ၊ လုပ်ချင်ကိုင်ချင်မှုများကို စဉ်းစားနိုင်ရန် ပိုမိုဖွင့်ပေးထားသည့် သဘော။ ဖြစ်စေချင်သည်ကတော့ စနစ်တကျရှိသော မိခင်အဖွဲ့ အစည်းအား မနာကျင်စေသော လုပ်ဟန် များ။
၅။
မနက်က ရောက်လာသည့် ရဲဘော်ဟောင်းနှင့်ဆက်စပ်ပြီး တွေးကြည့်ခြင်းသာ၊ သူကတော့ ရှင်းသည်။ သူ့အခက်အခဲနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာပြောသည်။ လိုအပ်သောအရာများကို လုပ်ပေးပြီး ထွက်သွားတော့ သူ့အတွက် မေ့လျော့နေခဲ့သော ဂုဏ်ပြုမှတ်တမ်းကိုပါ ထည့်ပေး လိုက်သည်။ သူကတော့ မသဲမကွဲ မြင်ရသော မျက်စိထဲတွင် သူ၏ မိသားစုအိပ်မက်တခု ရသွားခဲ့လေပြီ။ ဤသို့ပင် ကျနော်တို့ အဖွဲ့အစည်း၏ မူပေါ်လစီများတွင် (မည်သူတွေ ပုခုံးတွန့်ပါစေ)အိပ်မက်များရှိနေဦးမည်ကတော့ အသေအချာပင် ဖြစ်သည်။

ဒေါင်းအိုးဝေ စာစောင်
အတွဲ ၂ အမှတ် ၅။ ဧပြီ-မေ ၂၀၀၄

Labels:

posted by မြင့်ဇေ @ 12:40 AM   0 comments
ရေတံခွန်
Friday, June 15, 2007


ဗြုန်းဆို....
အရှင်လတ်လတ် ထိုးဆင်းခဲ့ပုံများ
ဆီးကြိုသူမှာတော့
ရင်နှစ်ခြမ်း အစဉ်ကွဲလို့။ ။

Labels:

posted by မြင့်ဇေ @ 10:41 PM   0 comments
ညောင်နှစ်ပင် အဖြေထွက်တော့မယ်
နအဖကတော့ ညောင်နှစ်ပင်ကို ပြည်ဖုံးကားချတော့မယ်လို့ ဆိုနေပါပြီ။

ဒီစခန်းသိမ်းပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက စိတ်ဝင်စားသူတွေဟာ ကိုယ့်စိတ်ကူးနဲ့ကိုယ် အမျိုးမျိုး ဝေဘန် သုံးသပ်နေကြတာ တွေ့ရပါတယ်။ကြိုတင်မှန်းဆနေကြတာလည်း မနည်းပါဘူး။ ဒါ့အပြင် ကျနော့် သဘောဘယ်လိုရှိသလဲ လို့ တီးခေါက်သူများလည်း ကြုံ၇လို့ ငါလည်း ငါ့အမြင်တော့ ပြောဦးမှ ဆိုပြီး ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။

ဗိုလ်သန်းရွှေ အသက် ၆၀ မပြည့်ခင်ကတည်းက စပြီး န၀တ-နအဖ တို့ ၁၄ နှစ်လောက် ဆွဲလုပ်နေခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံကို ဘာကြောင့် အခုကျမှ စခန်းသိမ်းရတာလည်း ဆိုတာ စပြောချင်တယ်။ တကယ်က သူတို့အနေနဲ့ အရင်လို ဇာတ်မျောကြီးဆက်ကနေရင်လည်း ရနေသေးတာပဲ မဟုတ်လား။ နိုင်ငံတကာက ဖိအားဆိုတာလည်း သူတို့အတွက် မှုလောက်စရာ အဆင့် မရောက်သေးပါဘူး။ ဒါနဲ့များဘာကြောင့် စခန်းသိမ်းစကားပြောလာရတာလဲ စဉ်းစားစရာ ရှိပါတယ်။

တကယ်တမ်း နအဖအပေါ် ဖိအားပေးနေတာက ဇရာနဲ့ မရဏပါ။ ဗိုလ်သန်းရွှေ ဆေးရုံက ဆင်းလာတာ ဘာမှ မကြာသေးပါဘူး။ အခုသူနေကောင်းတယ်ဆိုတာကလည်း လူအိုကောင်းကောင်းနေတာဖြစ်ပါတယ်။ ဗိုလ်စိုးဝင်းဟာ စင်္ကာပူမှာ သေမင်းနဲ့ ဈေးဆစ်နေရတယ်။ ဗိုလ်ရွှေမန်းကျန်းမာရေးကိုလည်း အမျိုးမျိုး ပြောသံတွေ ကြားနေရပြီး ဗိုလ်သိန်းစိန်ကတော့ နားပါရစေတော့လို့ချည်း ပြောနေတဲ့ ယဲ့ယဲ့လူပါ။ အရင်လိုအချိန်ဆွဲနေရင် ညောင်နှစ်ပင် စခန်းမသိမ်းနိုင်မီ နအဖခေါင်းဆောင်တွေ စခန်းသိမ်းကုန်မယ့် အလားအလာတွေ မြင်တွေ့နေရပါတယ်။

ဒါနဲ့တဆက်တည်း နောက်တက်လေးများရဲ့ နောက်ကတွန်းပြီး ဖိအားပေးနေတဲ့ ဖိအားကိုလည်း မစဉ်းစားလို့မရဘူး။ ၀န်ကြီးဌာနတွေနဲ့ ၀မ်းချရတာလည်း ဆက်တိုးစရာ မရှိတော့ဘူး။ ဒီတပ်ထဲမှာက ထိပ်တန်းရောက်လေ၊ ရာထူးကြီးလေ စားရလေ၊ ချမ်းသာလေဆိုတာ အားလုံးကသိနေပါတယ်။ န၀တ-နအဖ စစ်အုပ်စုဟာ တပ်တွင်းမှာ အလှည့်နဲ့စားတဲ့ စနစ်ကို ထူထောင်ဖို့တော့ ကြိုးစားပါရဲ့။ ဒါပေမဲ ရွှေမန်ကျည်း ဖြစ်ရင်သာ တဆစ်စီ ဝေစားနိုင်မယ်။ ထိပ်ပိုင်းနေရာကို တော့ ဝေမစားနိုင်ပဲ ဖြစ်နေပါတယ်။

နောက်တတန်းတည်း အရေးပါတဲ့ ကိစ္စက `ငြိမ်း´အဖွဲ့ တွေရဲ့ ပြဿနာပါ။ သေဘော်ညှိတဲ့ အနေနဲ့ ညောင်နှစ်ပင်ထဲ ဆွဲထည့်ထားပေမဲ့ သူတို့ထင်သလောက် မီးမသေတာတွေ့ရလို့ အဲဒါတွေကို မီးသေအောင်လုပ်ဖို့လည်း လိုနေသေးတယ်။ သူတို့ကို တလျှောက်လုံး ဖွဲ့စည်းပုံစကားနဲ့ ချွေးသိပ်နေခဲ့ရတာ မဟုတ်လား။

နောက်တချက်က နအဖမှာ ဂမ်ဘာရီကို ကြိုးလျှော့ပေးလိုက်၊ ကြိုးပြန်တင်းလိုက်နဲ့ ဆက်ဆံပြီး ကုလသမဂ္ဂကို အမြှင်မပြတ် အောင် လုပ်နေရတဲ့ တာဝန်လည်း ရှိနေပါတယ်။ ဒီအတွက် ဒီခြေလှမ်းဟာ အများကြိး အကျိုးရှိမယ်လို့ သူတို့ တွက်မှာပါ။ သူတို့ဟာ ကုလသမဂ္ဂနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စမှန်သမျှကို ဒီအကွေ့ဒီတက်နဲ့လှော် ဆိုသလို ဆေးမြီတိုနဲ့ချည်း ဖြတ်သန်းခဲ့တာပါ။ သူတို့အနေနဲ့ လက်ရှိကြုံနေရတဲ့ အခက်အခဲကို ကျော်ရင် ရပြီဆိုတာမျိုးနဲ့ စခန်းသွားနေခဲ့တာ ကြာပါပြီ။ အလားတူပဲ ဒီလို လုပ်လိုက်ခြင်းအားဖြင့် အိမ်နီးနားခြင်းနိုင်ငံတွေက နားပူနားဆာ လုပ်နေတာကို တစုံတရာ သက်သာအောင်လုပ်နိုင်မယ်လို့လည်း တွက်ဟန်တူပါတယ်။ ဒါ့အပြင် အီးယူ၊ ဂျပန်စတဲ့ နိုင်ငံမျိုးတွေ။ အားလုံးက ဒါကိုပဲ မေးနေကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပြလိုက်ခြင်းအားဖြင့် အဲဒီနိုင်ငံတွေထဲက တချို့ ဟာ ဆိုရင် နအဖက ဟန်ဆောင် လောက်လုပ်ပြလိုက်ရင်ကိုပဲ ကျေနပ်သွားမယ့် သဘောလည်း ရှိနေတယ် မဟုတ်ပါလား။

ဒီနေရာမှာ စဉ်းစားစရာ အချက်လေးတချက်တွေ့နေရပါတယ်။ အဲဒါက ညောင်နှစ်ပင် စမယ့် ညီလာခံအချိန်ကို ဇူလိုင်လ ၁၈ ရက်နေ့လို့ သတ်မှတ်ထားတာပါဘဲ။ အာဇာနည်နေ့နဲ့ တမင်ကပ်ပြီးရွေးထားတာ ဘာကြောင့် ပါလဲ။ ဒီတခါ ဇူလိုင် ၁၉ ရက်ဟာ အနှစ် (၆၀)တင်းတင်းပြည့်တဲ့ နှစ်ပတ်လည်မို့ ထူးခြားချက်လည်း ရှိနေပါတယ်။ သူတို့ဟာ ဗမာပြည်ရဲ့ ပထမဆုံး ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဂုဏ်ပြုချင်တယ် အထင်ခံချင်လို့ ဒီရက်ကို ရွေးတာလား။ဒါမှမဟုတ် ဒီလိုရက်မှာ သူတို့ရဲ့ ညောင်နှစ်ပင်ကို ဆန့်ကျင်ဆန္ဒပြလာမှာကို ကြိုတားတာလား။ ဒီနေ့ရက်ကို ရွေးခြင်းအားဖြင့် ဒေါ်စုတို့ကို နိုင်ငံရေးအရ ခွေ ထားလိုက်နိုင်မယ်လို့ တွက်ထားလေသလား။စဉ်းစားစရာတွေကတော့ အများကြီး။

ဒီညီလာခံကနေ `ကန့်ကွက်သူမရှိတဲ့´ ဆုံးဖြတ်ချက်တွေ အများကြီးပေါ်လာမှာကတော့ သေချာပါတယ်။ ဒါပေမဲ့ `ငြိမ်းအဖွဲ့ တွေ ´ တင်ထားတဲ့ ကိစ္စမျိုးဟာ ပြည်တွင်းစစ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပြဿနာဆိုတော့ နအဖဘယ်လိုကိုင်တွယ်မလဲ စဉ်းစားစရာပဲ။

သေချာတာက ဒီညီလာခံ အဆုံးသတ်တာဟာ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ၊တိုင်းပြည်တွင်း မတည်ငြိမ်မှုတွေကို လျော့နည်းပပျောက်သွားစေမှာ မဟုတ်ပဲ ပိုမိုတိုးများလာမယ့်အပြင် ပြည်တွင်းစစ် ပြန်လည် ကြီးထွားလာရေးဆီကိုတောင် ဦးတည်သွားနိုင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

Labels:

posted by မြင့်ဇေ @ 9:27 PM   0 comments
လူ

အညွန့်တလူလူလား
မီးခိုး တလူလူလား
အပူတွေက များပါသဘိနဲ့။

Labels:

posted by မြင့်ဇေ @ 9:02 PM   0 comments
သဘောကျစရာလေးများ
ပြည်သူ့သဘောထား
၁. ယဉ်ကျေးလိမ္မာ များထက်သာ အဲ့ဒါဒို့မြန်မာ။
၂. မျိုးကောင်းသားများ မွေးဖွားရာ အဲ့ဒါဒို့မြန်မာ။
၃. ကိုယ်ချင်းစာတရား ထားတတ်တာ အဲ့ဒါဒို့မြန်မာ။
၎. ကူညီဖို့ရာ လက်မနှေးတာ အဲ့ဒါဒို့မြန်မာ။
၅. အညှိးအတေးမကြီးတာ အဲ့ဒါဒို့မြန်မာ။
၆. အမှတ်မရှိ သနားတတ်တာ အဲ့ဒါဒို့မြန်မာ။
၇. အမြဲလိုလို အားနာတတ်တာ အဲ့ဒါဒို့မြန်မာ။
၈. ဘာတွေဖြစ်ဖြစ် ပြုံးနေတတ်တာ အဲ့ဒါဒို့မြန်မာ။
၉. ရှေ့နောက်မတူ အလည်ထိုင်လွဲ ဇွဲမလျှော့တာ အဲ့ဒါဒို့မြန်မာ။
၁၀. အမှားအမှန်မဝေဖန် ခေါင်းငုံ့ခံတာ အဲ့ဒါဒို့မြန်မာ။
၁၁. နဲနဲလုပ်ငြား များများကြွား မှတ်သား အဲ့ဒါဒို့မြန်မာ။
၁၂. ငါနဲ့မူမတူ ငါ့ရန်သူ မှတ်ယူ အဲ့ဒါဒို့မြန်မာ။
၁၃. သူများကောင်းစား မနာလိုပွား အဲ့ဒါဒို့မြန်မာ။
၁၄. သူများအပေါ်ကောင်း အချင်းချင်းထောင်း အဲ့ဒါဒို့မြန်မာ။
၁၅. မဆင်ချင်ပါ အထင်ကြီးတာ အဲ့ဒါဒို့မြန်မာ။
၁၆. ဘယ်လိုနှိပ်စက် မနာတတ်တာ အဲ့ဒါဒို့မြန်မာ။
၁၇. ရှိရှိ၊မရှိရှိ ကြွားဝါတတ်တာ အဲ့ဒါဒို့မြန်မာ။
၁၈. သာပေါင်းညာစား ပြောဆိုတတ်တာ အဲ့ဒါဒို့မြန်မာ။
၁၉. ဟိုဒီအကြောင်းပြ အပျင်းကြီးတာ အဲ့ဒါဒို့မြန်မာ။
၂၀. ရာထူးဂုဏ်သိန် အလွန်မက်တာ အဲ့ဒါဒို့မြန်မာ။
၂၁. ရိုးသားသူများလူ့ငနွား ခေါ်ခံရတာ အဲ့ဒါဒို့မြန်မာ။
စီးပွားရေးဦးတည်ချက်
၂၂. လေယာဉ်ပိုင်ရှင်ပေါ်လို့လာ အဲ့ဒါဒို့မြန်မာ။
၂၃. ခရက်ဒစ်ကဒ်မသုံးပါ လက်ငင်းရှင်းတာ အဲ့ဒါဒို့မြန်မာ။
၂၄. ဟန်းဖုံး၁လုံး သန်းချီတန်တာ အဲ့ဒါဒို့မြန်မာ။
၂၅. ပုခုံးပွင့်ရှိမှအလုပ်ဖြစ်တာ အဲ့ဒါတို့မြန်မာ။
၂၆. တံခါးဖွင့်စီးပွား ရေလောင်းရတာ အဲ့ဒါဒို့မြန်မာ။
၂၇. ကပ်ပွားသမားများချမ်းသာတာ အဲ့ဒါဒို့မြန်မာ။
၂၈. ကားအဟောင်းတွေ ဈေးကောင်းရတာ အဲ့ဒါဒို့မြန်မာ။
၂၉. တိုရိုတာ မှ ရွှေသာယာ ဖြစ်တာ အဲ့ဒါဒို့မြန်မာ။
၃၀. ၀ပ်သောက်ကားများ ၀န်ကြီးကားဖြစ်လာ အဲ့ဒါဒို့မြန်မာ။
၃၁. လိပ်တက်ကားစီး ၀န်ကြီးမြေး အဲ့ဒါဒို့မြန်မာ။
၃၂. လူကြီးအမျိုးများ ကောင်းကောင်းဝါး အဲ့ဒါဒို့မြန်မာ။
၃၃. စီးပွားဖြစ်ရာ လိုက်လုပ်တတ်တာ အဲ့ဒါဒို့မြန်မာ။
၃၄. ပိုက်ဆံဈေးကျ သုံးမရ အပြုံးမပျက်တာ ဒို့မြန်မာ။
၃၅. စီးပွားပိတ်ဆို့ အမေရိကန်တို့ ဂရုမစိုက်တာ ဒို့မြန်မာ။
၃၆. ရက်ကွက်တစ်ခု ပတ်သုံးခု ဖွင့်လို့ဖြစ်တာ ဒို့မြန်မာ။
၃၇. တောင်သူလယ်သမား ဘိန်းစိုက်စား စီးပွားတက်တာ ဒို့ဗမာ။
၃၈. လူချမ်းသာသား အလုပ်ရှား စီးရီးထုတ်တာ ဒို့ဗမာ။
၃၉. မြန်မာပြည်သား မလေးရှားသွား အလုပ်သမားဖြစ်လာ ဒို့ဗမာ။
ပညာရေးဦးတည်ချက်
၄၀. ပညာတတ်များ ထောင့်ပို့ထား အဲ့ဒါဒို့မြန်မာ။
၄၁. ဖတ်တတ်ယုံလေး သင်ကာပေး ဆိုးရွားနေတာ ဒို့မြန်မာ။
၄၂. ဘွဲ့ရသော်ငြား အလုပ်ရှား မှတ်ထား ဒို့မြန်မာ။
၄၃. ၁၀တန်းအောင်များ နိုင်ငံခြားသွား တက္ကသိုလ်မတတ်တာ ဒို့မြန်မာ။
၄၄. တက္ကသိုလ်သား မှန်ခဲ့ငြား ဖဲရိုက်တတ်တာ ဒို့မြန်မာ။
၄၅. တစ်နှစ်ဆယ်ရက် အဝေးသင်တက် အောင်ချက်ကောင်းတာ ဒို့မြန်မာ။
၄၆. သမိုင်းကြောင်းများ ပုံပြင်လား မှတ်သား ဒို့မြန်မာ။ ကျန်းမာရေးဦးတည်ချက်
၄၇. တစ်နေ့နှစ်ခါ နှစ်လုံးရောဂါ အဲ့ဒါဒို့မြန်မာ။
၄၈. ဆေးဝါးမရှိပါ နယ်ဆေးရုံမှာ အဲ့ဒါဒို့မြန်မာ။
၄၉. အေကိုက်သူများပေါများလာ အဲ့ဒါဒို့မြန်မာ။ အားကစားဦးတည်ချက်
၅၀. ဘောလုံးကန်ပွဲ သောက်ရှက်ကွဲလည်း စိတ်မနာနိုင်တာ ဒို့မြန်မာ။
၅၁. ဘောလုံးပွဲမှာအမြဲသာ သောက်တလွဲဖြစ်တာ ဒို့မြန်မာ။
ဘာသာရေးဦးတည်ချက်
၅၂. ဗုဒ္ဓသာသနာ ထွန်းကားရာ အဲ့ဒါဒို့မြန်မာ။
၅၃. ကျောင်းကန်ဘုရား ပေါလှတာ အဲ့ဒါဒို့မြန်မာ။
၅၄. အလှုဒါန ရက်ရောတာ အဲ့ဒါဒို့မြန်မာ။
၅၅. နေရာတိုင်းလို လှူစေလို ကောက်ခံတတ်တာ ဒို့မြန်မာ။
၅၆. ကိစ္စပြီးအောင် အရက်လက်ဆောင် ကန်တော့ရတာ ဒို့မြန်မာ။
၅၇. နိဗာန်ရောက်ကြောင်းတရားကောင်း ချဲအတိတ်ကောက်တာ ဒို့မြန်မာ။
၅၈. ချဲပေါက်ဖို့အကြောင်း ဆုတွေတောင်း ဘုရားနားငြီးတာ ဒို့မြန်မာ။
၅၉. နတ်ပန်းမညှိုး ဘုရားပန်းညှိုး စဉ်းစားစရာ ဒို့မြန်မာ။
၆၀. ကြွားဝါဘို့အရေးအလှူပေး ယဉ်ကျေးလိမ်မာ ဒို့မြန်မာ။
၆၁. ဗေဒင်စကား ထင်ယောင်မှား ယတြာချေတာ ဒို့မြန်မာ။
၆၂. များများလှူမှ နိဗ္ဗာန်ရ ထင်ကြ ဒို့မြန်မာ။
၆၃. လော်နဲ့အော်မှစိတ်တိုင်းကျ ဓလေ့ဖြစ်လာ ဒို့မြန်မာ။
၆၄. လှူယောင်ဟန်ထွင် သရုပ်သွင် ပေါတင်လုပ်တာ ဒို့မြန်မာ။
လူနေမှုရေးဦးတည်ချက်
၆၅. ကူညီသယောင် အယောင်ဆောင် မျက်နှာပြောင်တာတို့မြန်မာ
၆၆. ဟိုဒီစပ်စပ် အကုန်တတ် ဆရာများတာ တို့မြန်မာ။
၆၇. မသိလည်း လက်ခံ ၊ နားမလည် လည်း ပြန်မမေးနဲ့ ခေါင်းညိမ့်လက်ခံ လမ်းကြောင်းမှန် မှတ်သား
တို့ဗမာ
၆၈. ရုံးကိတ်စများ အခါခါ သွား ၊ ပွဲစား ရှိထား အဆင်ပြေသွား
၆၉. စစ်ကားရိုက်ငြား သရုပ်ဆောင်များ အကယ်ဒမီရတာ ဒို့ဗမာ။
၇၀. မီးမလာဘဲ အမှောင်ထဲ ဖဲရိုက်တတ်တာ ဒို့ဗမာ။
၇၁. ယဉ်ကျေးမှူလည်း မြင့်ခဲ့တာ အဲဒါဒို့မြန်မာ
၇၂. ၂၄ နာရီမီးပျက်နေတာ အဲ့ဒါတို့မြန်မာ...
၇၃. ပိုက်ဆံတောင်းတာ အကျင့်ပါ အဲ့ဒါမြန်မာ့ ၀န်ထမ်းပါ။
၇၄. ရုံဝန်ထမ်းတွေ လက်ဖက်ရည်သောက်တာ တို့ဗမာ. (အကို လက်ဖက်ရည်ဖိုးလေး မစပါဦး..)
၇၅. အသင်းအဖွဲ့ ဖွဲ့လည်း စိတ်ဝမ်းကွဲ ကြာကြာမမြဲတာ တို့ဗမာ
၇၆. သင်္ကြန်တွင်းဆို အသေပျော်တာ ဒို့ဗမာ
၇၇. ၀က်ဆိုက် အများစု ဘမ်းခံရတာ ဒို့ဗမာ
၇၈. ကော်ပီ ( သီချင်း ) ဆိုတာ ဒို့ဗမာ
၇၉. ၃ရက်နဲ့ ဗီဒီယို တစ်ကားပြီးအောင်ရိုက်နိုင်တာ ဒို့ဗမာ
၈၀. ဘစ်ကားပေါ် အထာက်တော်.. ပေါများနေတာ တို့မြန်မာ..
၈၁. လမ်းဘေးတိုင်းမှာ ဆိုင်ကွမ်းယာ တွေ့မြင်နိုင်တာ တို့မြန်မာ..
၈၂. တောင်းစားသူများ လွန်ပေါများ နေ၇ာတိုင်းမှာ တွေ့နိုင်တာ ..
၈၃. လက်ဖက်ရည် ဆိုင်ဆို ကြည့်ကြည့်ပါ အချိန်မရွေး စည်နေတာ ဒို့ဗမာ
၈၄. ကွန်နက်ရှင် စပိမကောင်းတာဟာ..အဲတာ တို့မြန်မာ..
၈၅. ချစ် ကြိုက် ကွဲ ညား ဇာတ်လမ်းများ မရိုးနိုင်ပဲ အားပေးနိုင်တာ ဒို့ဗမာ
၈၆. ကူးခွေထွက်တော့မတရား ၊ကွန်ပျူတာဆော့ဖ်ဝဲ အလကားသုံးတော့ တရားတာ ဒို့ဗမာ
နိုင်ငံရေးဦးတည်ချက်
၈၇. တရေးနိုးမှ အိပ်မက်ရ မှတ်ဟဥပဒေ။
၈၈. မင်းကောင်း ကြာကြာမခံတာ တို့ဗမာ
၈၉. တို့မြန်မာ..ပြည်သူအများ.... လွပ်လပ်ခွင်.နဲ.ဝေးလို.သွား... အရေးအသားပိတ်လို.ထား...
၉၀. ရှေ့ပြော နောက်လွဲ သတင်းစာ ရှင်းလင်းပွဲ
၉၁. ခန့်အပ်စာရ ရယက ပါဝါပြတာ တို့မြန်မာ။
၉၂. နှစ်အကြာဆုံး ဆောင်ရွက်မယ် စံချိန်တင်အောင်ကွယ် (သိပါတယ်နော်)
၉၃. သူ့အလှည့် သူ့ဂါထာ ငါ့အလှည့် ငါ့ဂါထာ ပေါ်လစီပြောင်းတာ တို့ဗမာ။
၉၄. ဗီတို (လနအသ) နှစ်လုံး အပြိုင်သုံး အပြုံးမပျက် တိုင်းပြည်တွက်
၉၅. ၀ါးလုံးခေါင်းထဲ လ သာမြဲ . . . ဒါ ဒို့ ဗမာပဲ

Labels:

posted by မြင့်ဇေ @ 8:03 PM   0 comments
လူသိရှင်ကြားရည်းစားစာ


ရနံ့ရမှ
အရောင်မြင်မှ
အလွမ်းဟာ ပွင့်ခွင့်ရတာမဟုတ်
မင်းနာမည်ကြားရုံနဲ့
ရင်တခုလုံး ကမောက်ကမဖြစ်ပြီ။

မင်းကိုလွမ်းရတာလား
ဒုက္ခကို ထမ်းရတာလား
အဖြေတွေတောင် မကွဲပြားတော့ဘူး။

မင်းဟာ မြစ်တစင်းဆိုရင်
ပင်လယ်မရောက်နိုင်တဲ့
ရေစီးကြောင်းဟာ
ငါပါ။

နွေဦးနဲ့ နှင်းအကြွင်းအကျန်တို့ပေါင်းမှ
ပွင့်တာတဲ့လား
ငါ့ရင်ထဲမှာတော့
မင်းက အစဉ်အမြဲပွင့်တယ် ချယ်ရီ

Labels:

posted by မြင့်ဇေ @ 1:54 AM   1 comments
လိပ်ပြာမလုံနိုင်တဲ့ကာလ

တကယ်တော့
မတ်လဆိုတာ
ပင်လယ်လိုဘဲ။

မတ်လရဲ့ သမိုင်းအဆက်ဆက်ဟာ
လှိုင်းတွေ၊ မုန်တိုင်းတွေနဲ့ ပြည့်နှက်။

အနီထဲမှ ကြယ်ဖြူပွင့်
အမှောင်ခေတ်၏ အစ
ဖုန်းမော်၊ တံတားနီ
နှစ်ပေါင်းများစွာက အနီ မွေးဖွားရာ
စသဖြင့်
လွမ်းမောဘွယ်ရာ လူသိသူသိ
ဖြစ်ရပ်များ။

ပြောခဲ့ကြပါတယ်
တတိယနိုင်ငံလည်း ဦးမခိုက်ဘူး
စတုတ္ထနိုင်ငံဆိုပြီး မခြိမ်းခြောက်နဲ့
ရင်ထဲက ပဉ္စမနိုင်ငံတော်ထံ အရောက်သွားမယ်၊

ဒီလိုလေထုတွေနဲ့
အမှတ်ရစရာပြည့်နှက်နေတဲ့
မတ်လကို ပြန်ရောက်တိုင်း
ကိုယ့် လိပ်ပြာ ကိုယ်မလုံစေတဲ့
အရှက်ရစရာတွေက
မျက်နှာကို မပြ၀ံ့စရာဘဲ။

Labels:

posted by မြင့်ဇေ @ 1:51 AM   0 comments
တောရိပ်တောင်ရိပ်လွမ်းအတိတ်များ
Thursday, June 14, 2007

တောင်ကျချောင်းနှင့် ရေသတ္တ၀ါများ

ချောင်းရေသည် တိတ်ဆိတ်မှုနှင့် ကျနော်တို့အားစောင့်ကြိုနေသည်။ ကျနော်တို့ရောက်ခဲ့ကြပြီ။ မည်သူမျှ အခါမလင့်ကြ။ ကျနော်တို့ နေထိုင်ရာဒေသသည် မိမိ၏ စိတ်ဆန္ဒတွင်တည်ရှိသော စားသောက်ဖွယ်ရာများကို လွယ်လင့်တကူ ရရှိနိုင်သည်မဟုတ်။ အခွင့်အခါကြုံမှသာ တွေ့မြင် ထိတွေ့ခွင့်ရသည် မဟုတ်လော။ ထို့အတွက် ဤမနက်ခင်းတွင် ယမန်နေ့ညတုန်းက မည်မျှပင် ခေါင်သောက်များသည်ဖြစ်စေ၊ အိပ်ရေးပျက် သည်ဖြစ်စေ၊ မည်သူမျှ နောက်ကျမခံကြ။ အိပ်ရေးပျက်နေသည့်၊ အမူးလွန်နေသည့် မျက်လုံးနီရဲရဲများဖြင့်၊ အိမ်မှ ဘုစုခရုများ၊ ချစ်လှစွာသောဇနီးများ၊ တောလိုက်ရာတွင်အသုံးကျသည့် သတ္တ၀ါများ (အထူးသဖြင့် ခွေးများ) ကို တစုတစည်းတည်း ပေါင်းစုခေါ်ဆောင်ကာ သုံးနှစ်ကြာမျှ စောင့်မျှော်ခဲ့ရသည့် စားကျက်ဆီသို့ ချီတက်လာခဲ့ကြသည်။ နှင်းအကြွင်းအကျန်အချို့၏ ဖွဲ့တည်မှုကြောင့် တောင်ယာဖုန်းဆိုးများပေါ်တွင် ရေစက်များထိကပ် နေသော မြက်ရိုင်းပင်များကို တရှဲရှဲတိုး၍ မပွင့်တပွင့် အရုဏ်အောက်၌ ကျနော် အပါအ၀င် ရွာသူ ရွာသားတပ်ပေါင်းစုကြီး၏ အုတ်အုတ်ကျက်ကျက် အသံများကြောင့် ချောင်း၊ တောတောင်တို့သည် ထိတ်လန့်တကြား လန့်နိုးထလာခဲ့သည်။ ကျနော်တို့ ဟုန်းထုရန် လာခဲ့ကြလေပြီ။

ဤအခွင့်အရေးသည် လွယ်ကူလှသည်တော့မဟုတ်။ အချိန်ကာလများကို စောင့်မျှော်ရသည်။ အကြိမ်ကြိမ်မကသော ဆွေးနွေးညှိနှိုင်းမှုများကို နေ့ရောညပါ ကျင်းပခဲ့ရသည်။ ခြေမြန်တပ်သား များကို နီးစပ်ရာရွာများဆီသို့ စေလွှတ်ရသည်။ အသိပေးရန်ရှိသည့် အနီးဝန်းကျင်ရွာများအား ဤဟုန်းထုပွဲတွင် ပူးပေါင်းပါဝင်မည်လောဆိုသည်ကို ဆွေးနွေးရသည်။ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက မည်သည့်နေ့ရက်ဆိုသည်ကို ညှိကြရသည်။ ထိုကဲ့သို့သော လုပ်ငန်းဆိုင်ရာများကို သေချာစေရန် စီမံဆောင်ရွက်မှုများဖြင့် ဖန်တီးခဲ့ရသည်။

ထိုသို့သောလုပ်ငန်းစဉ်များ ပြုမူဆောင်ရွက်နေဆဲကာလအတွင်း ကျနော့်ထံ ကျေးရွာအုပ်ချုပ်မှု ကော်မတီမှ စေလွှတ်လိုက် သည့် ဆက်သားတဦး ရောက်ရှိလာသည်။ သူ့တွင် အလုပ်ခန့်အပ်စာ တစောင် ပါလာသည်။ ကျနော် ဟုန်းကော်မတီဖြစ်သည့်စာ။ ဟုန်းဆိုသည့်စကားလုံးမှာ ကျနော်နှင့်မရင်းနှီးသည့် အသုံးအနှုံး။ သို့သော် ကျနော်မှလွဲ၍ ကျန်သော ကျေးရွာသူရွာသားများက ရင်းနှီးကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်က ဒေသခံမဟုတ်။ လက်နက်ကိုင် တော်လှန်ရေးသမားတဖြစ်လည်း ကျောင်းဆရာ တဦး သို့တည်းမဟုတ် အပစ်ရပ်နယ်မြေတခု၏ မြို့နယ်နှင့်သက်ဆိုင်သည့် တရားရေးဌာနမှ။

ကျနော်ရပ်တည်နေရသည့်ဒေသသည် ရေထွက်ပစ္စည်းများ အရောက်အပေါက်နည်းသည်။ သို့အတွက် ရေထွက်သတ္တ၀ါအခြောက်အခြမ်းများသည်ပင် ဒေသခံတို့၏အလိုဆန္ဒကို မဖြည့်တင်းနိုင်။ ထိုအလိုဆန္ဒအား ဖြေဖျောက်နိုင်ရန် ဟုန်းဆိုသည့်အရာကို အားကိုးအားထားပြုရသည်။ ဟုန်းဆိုသည်က ရေတွင်မှီတင်းနေထိုင်သော ရေသတ္တ၀ါများကို မူးမိုက်စေသည့် အစေးခပ်ပျစ်ပျစ် များထွက်သည့် နွယ်ဆန်ဆန်အမြစ်များ။ ထိုအမြစ်များကို အသုံးပြု၍ သူတို့၏ ဒေသအတွင်းရှိ ချောင်းများတွင် မှီတင်းနေထိုင်သည့် ငါးများကို ရှာဖွေစားသုံးကြရသည်။ သူတို့အနာဂတ်ဖြစ်သော ဆန်စပါးများရရှိရေးအတွက် တောင်ယာဆူးထိုးသောအခါ ရေသတ္တ၀ါများ၏အရသာသည် မရှိမဖြစ် လိုအပ်လာသည်။ အကြောင်းမူ သူတို့၏ဘ၀တူများက လာရောက်၍ သူတို့အားကူညီသောအခါ ကျွေးမွေးရန်အလို့ငှာဖြစ်သည်။

ဤနေရာတွင် တခုပြောရန်ရှိသည်မှာ ဟုန်းကော်မတီဝင်များသည် အခြားသော ရွာသူရွာသားများထက် အခွင့်သာမှုတခု ရှိသည်။ ကော်မတီဝင်တိုင်းသည် ရွာသူရွာသားများအား သတ်မှတ် ထားသော ဟုန်းမြစ်အရေအတွက်ကို ပေးဆောင်ရန်မလိုပါချေ။ သို့အတွက် ကျနော့်ကို ဟုန်း ကော်မတီအဖွဲ့ဝင်ခန့်သည်မှာ အားနာသည်ကတကြောင်း၊ ဟုန်းမြစ်အား မည်သို့ရှာရမည်ကို မသိသည်ကတကြောင်းကြောင့် ဖြစ်သည်။ လိုအပ်လျှင်ကား လက်လီဝယ်၍ရသည့် ဟုန်းမြစ်ရှာသူများရှိသည်။ သို့သော် ကျနော်ဝယ်လျှင် မည်သူမျှရောင်းမည်မဟုတ်သည့်အပြင် အလကား ပေးရမည်ဖြစ်ခြင်းကြောင့် ဟုန်းကော်မတီဝင်အဖြစ် နားအေးပါးအေး ခန့်လိုက်ဟန်ရှိသည်။

ကျနော်တို့ ဟုန်းထုရန်သတ်မှတ်ထားသောနေရာ ရောက်သောအချိန်တွင် နေခြည်သည် အရှေ့ ဘက်အရုဏ်ဦးမှ ပေါ်လာ၍ ချောင်းအတွင်းသို့ မရောက်တရောက်အချိန်သာဖြစ်သည်။ ဟုန်းကော်မတီဝင်တဦး၏တာဝန်ကို တွေးကြည့်ပါက စိတ်ညစ်ညူးဖွယ် ကောင်းလှသည်။ သို့သော် မတတ်သာ။ တာဝန်သည် တာဝန်သာဖြစ်သည်။ အလုပ်သည် အလုပ်သာဖြစ်သည်။ ကျနော်က တာဝန်ယူ ခဲ့ပြီးဖြစ်သည်။ ထို့အတွက် ကိုယ့်ကိုယ်ကို အားပေးသည်။ ရဲဘော် …. ဆက်လုပ်ဟူ၍။

စစခြင်း ကျနော်တို့ အပ်ချည်တလုံးဖြင့် ကြိုးတားရသည်။ ထိုနေရာသည် ဟုန်းမြစ်များအား စတင်ထုရန်၊ ဟုန်းအမြစ်မှ ခပ်ပျစ်ပျစ်အစေးများအား စတင်၍ ရေစီးထဲတွင် မျောရမည့်နေရာ ဖြစ်သည်။

ထို့နောက် မိသားစုတစုချင်းသည် ကျနော်တို့ ဟုန်းကော်မတီအခြေစိုက်သောနေရာသို့ မိမိတို့ မိသားစုတွင်ပါလာသည့် ဟုန်းမြစ်များကို သယ်ပိုး၍ရောက်ရှိလာသည်။ ထိုအခါ ကော်မတီက ချိန်ခွင်တလက်ဖြင့် ချိန်တွယ်ပေးရသည်။ ဟုန်းမြစ်တူးရာတွင် သတ်မှတ်ချက်ရှိသည်။ လူကြီး ငါးပိဿာ၊ ကလေး သုံးပိဿာ စသဖြင့်။ သို့သော် နားလည်မှုသည် နေရာတိုင်းတွင် ထွန်းကားသည်။ ဟုန်းပြည့်ချင်း မပြည့်ခြင်းသည် ဆွေမျိုးညာတိစိတ်ဓာတ်နှင့် မကင်းမကွာ။ သွေးရင်း သားရင်းစိတ်ရှိကြသည်။ ပြုံးကြ၊ ရယ်မောကြသည်။ နောက်ကြပြောင်ကြသည်။ သို့သော် မည်သူမျှ အလေးချိန်မပြည့်ဟုဆိုပြီး ဟုန်းပွဲမှ မထွက်ခွာသွားစေရ။ ဘ၀ဒဏ်ကြောင့် မပျော်ရွှင် နိုင်သော ဒေသအတွက် ဤကဲ့သို့ ရွာလုံးကျွတ်စု၍ ငါးဖမ်းရခြင်းသည်ပင် ပင်ပန်းသော်ငြား ပွဲတော်တခုပင် မဟုတ်ပါလား။ (ဆက်ရန်)

Labels:

posted by မြင့်ဇေ @ 12:40 AM   0 comments
ဇာတိ၊ နှစ်ကူးပိတောက်လွမ်းချင်း
Wednesday, June 13, 2007


အပူငြိမ်းစေတဲ့

နွေဦးမိုးက

မင်းကို သယ်ခဲ့တာ

ပြတင်းတံခါးမှာ

အ၀ါတွေပြည့်လျှံ

ကောင်းကင်တော်တောင်မှ ၀ါလဲ့လဲ့။

ပိတောက်ရဲ့ အဝေး

ငယ်ပန်းအလှလေးရဲ့ အဝေး

ဇာတိရဲ့ အဝေး

ဒီလိုနဲ့

နှစ်တွေ ရွေ့ခဲ့တယ်။

ဒီမှာတော့

ဖိဖိစီးစီး

ဒုက်ခ၊ ပင်ပမ်းမှု၊ ငွေကြေး၊

မယုံသင်္ကာမျက်ဝန်းများ

အထိအရှများတဲ့ လူ့ဘဝ

ပေါ့ပါးအောင်

စိတ်ကို ဘယ်ပေါ်တင်ထားရပ။

ပိတောက်တွေ အကြိမ်ကြိမ် ပွင့်ခဲ့တယ်

နှစ်သစ်တွေ အကြိမ်ကြိမ်ကူးခဲ့တယ်

ဘ၀ကတော့ တဘ၀ဘဲ

ဒီလိုနဲ့

နှစ်သစ်တွေဆိုတာ

ငါ့အတွက် နှစ်အဟောင်းတွေသာ

ဖြစ်ခဲ့တာ ကြာ ချေ ပေါ့။

အားလုံးကို ဥပေက္ခာာပြုလိုက်ရတယ်

ငါက ဒုတိယနိုင်ငံရောက်နေသူ။ ။

Labels:

posted by မြင့်ဇေ @ 1:21 AM   1 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com