|
|
Saturday, June 23, 2007 |
ကျနော့်ငယ်ဘ၀များကို ပြန်တွေးခြင်း
ကျနော် တခါတလေ စာရေးဘို့ စဉ်းစားရင်းနဲ့ ဘာမှ အကြောင်းအရာ မယ်မယ်ရရ ရှာမရလို့ မရေးဖြစ်တော့ ပြန်ဘူး။ အဲဒီအခါကျရင် ဆရာ မြ ပြန်တဲ့ `ပါရီကျဆုံးခန်း´ထဲက ဇာတ်ကောင်တဦးဖြစ်တဲ့ `လူဆန်း´ ကိုသွား သတိရတယ်။ အဲဒီထဲမှာ လူဆန်းက စာတအုပ် နှစ်အုပ် ရေးပြီး နာမည်ကြီးသွားတယ်။ ဒါပေမယ့် နောက်ထပ် မရေးနိုင်တော့ဘူး။ အဲဒါကို ဘာနဲ့ဥပမာ ပေးထားလဲဆိုတော့ အရည်ညှစ်ပြီးသား သံပုရာခွံဖြစ်သွားပြီ။ နောက်ထပ် ညှစ်ထုတ်ဖို့ မကျန်တော့ ဆိုပြီး။ ဖတ်တုန်းကတော့ ဒီအဖွဲ့လေးကို ကြိုက်လိုက်တာ။ အခု ကိုယ်နဖူးတွေ့ ဒူးတွေ့  မရေးနိုင်တဲ့ အဖြစ်ကို ကြုံရတော့မှပဲ `ဟိုက်၊ ငါလည်း သံပုရာခွံ ဖြစ်နေပါရောလား´ ဆိုပြီးတွေးမိတယ်။ အဲဒါနဲ့ ငယ်စဉ်က ဆက်စပ်ခဲ့ရတဲ့ ပတ်ဝန်းကျင်က အဖြစ်လေးတွေ၊ လွဲချော်မှုလေးတွေကို ပြန်ရေးရင်ကောင်းမလားဆိုပြီး ဒီနာမည်လေး ပေးလိုက်တာပါ။ လက်ကျန် သံပုရာရည်လေးတွေကို ကြိတ်စက်ထဲ ထည့်ကြိတ်တဲ့ သဘောပေါ့ဗျာ။
ကျနော် ကိုးတန်းကျောင်းသားဘ၀တုန်းက ၁၉၈၆ လောက်ကပေါ့။ မြန်မာစာ ဆရာဒိုးဆီမှာ ကျူရှင်ယူခဲ့တယ်။ အမေကတောင် ပြောသေးတယ်။ ` ဘယ့်နှယ့်တော်။ မြန်မာစာကို ကျူရှင် ယူရတယ်လို့၊ ကြား ကြားဖူးပေါင်´ ဆိုပြီး ။ ဒါပေမယ့် မိခင်ဆိုတာကလည်း သားသမီးအလိုကို မတတ်နိုင်ရင်သာ ရှိရမယ်။ တတ်နိုင်ရင်တော့ လုပ်ပေးကြတာချည်း မဟုတ်လား၊ တက်ရရောဆိုပါတော့။
အမှန်ကတော့ ကျနော်က မြန်မာစာ အညံ့ချည်း မဟုတ်ဘူးဗျ။ ပုံမှန် အောင်တဲ့အဆင့်ထက်တော့ သာပါတယ်။ ဒါပေမယ့် အသက်အရွယ်ကလည်း လူပျိုပေါက်စ။ ရှစ်တန်းတုန်းကလည်း အိမ်က သိပ်ထွက်ရတာ မဟုတ်တော့ ထွက်ပေါက်ရှာတာပါ။ လက်ဖက်ရည်ဆိုင်ကလည်း ထိုင်တတ်နေပြီ။ ဆေးလိပ်လေးဘာလေးလည်း မတောက် တခေါက် ဖွာတတ်နေပြီ။ လမ်းများချင်တာပေါ့ဗျာ။
အဲဒါနဲ့ ကျူရှင်တက်ပြီးလို့ အိမ်ပြန်ရင် ကီလီဘက်က ပတ်ပြန်ရတယ်။ အဲဒီလို ပြန်တိုင်း ဘတ်စ်ကားစီးတော့ အသက်ကြီးငယ်မရွေး လူတွေရဲ့ နေ့စဉ် ဘ၀တွေ၊ မောဟိုက်နေတဲ့ အသက်ရှူသံတွေ၊ ညှိုးနွမ်းနေတဲ့ အိမ်အပြန်ညနေတွေကို ကြုံရတယ်။ ဒါပေမယ့် အဲဒီကာလရဲ့ စီးပွားရေးအရ ဆင်းရဲသူနဲ့ ချမ်းသာသူ ကြား ကွာဟမှုအရည်အတွက်က အခုခေတ်လို အရမ်း မကြီးမားသေးဘူး။ နောက် ကီလီတ၀ိုက် ပတ်ဝန်းကျင်မှာ မြင်ရတဲ့ မြင်ကွင်းတွေကလည်း မြို့တော်လို့ ပြောရင်တောင် ယုံစရာ မဖြစ်တဲ့ အနေအထားမျိုးတွေ။ မိုးရွာရင် တော်တော်ဆိုးတယ်။ အဲဒီအချိန် ကီလီဈေးနားမှာ မိလ်လာလိုင်းက ပေါက်ပြဲနေတယ်။ မိုးတွင်းခါများဆို ရေကြီးရင် တော်တော် စိတ်ပျက်ဘို့ကောင်းတယ်။
အဲဒီလို မြင်ကွင်းတွေကို ကျူရှင်က ပြန်လာတိုင်းမြင်ရတာများတော့ အသိစိတ်မှာ စွဲနေတယ်။ အဲဒီအချိန် မှာလည်း စာကတော်တော့်ကို အစုံ ဖတ်နေတဲ့အချိန်ဆိုတော့ ငယ်ရွယ်တဲ့ အသိစိတ်နဲ့ စာအုပ်ထဲကပါတဲ့ အရာတွေကို နှိုင်းယှဉ်စဉ်းစားနေချိန်လေ။
ဖြစ်ချင်တော့ တနေ့ ကျောင်းက မြန်မာစာဆရာမက စာစီစာကုံး တပုဒ် ရေးခိုင်းတယ်။ လေ့ကျင့်တဲ့အနေနဲ့ပါ။ ခေါင်းစဉ်က ` ကျောင်းသွားကျောင်းပြန် မြင်ကွင်းများ´ ပါ။ အိမ်စာအဖြစ်နဲ့ ပေးလိုက်တာပါ။ ကျနော်လည်း စိတ်ထဲမှာ စွဲနေတဲ့အရာတွေကို ရေးခွင့်ရပြီဆိုပြီးတော့ အမှန်တကယ်ကို ဖိဖိစီးစီး ရေးချတော့တာပဲ။ ကီလီ လမ်းက ကိစ္စရော၊ ဘတ်စ်ကားပေါ်က နေ့စဉ်ဘ၀တွေရော၊ ပြီးတော့ စာအုပ်ထဲက စကားလုံးတွေကိုပါ အတုံးလိုက်အတစ်လိုက် အသုံးချပြီး ရေးလိုက်တာပါ။ နောက်နေ့ စာအုပ်တွေကို ထပ်ပြီး ဆရာမ စစ်ပြီးတဲ့ အချိန်မှာ ကျနော့်ကို ခေါ်မေးပါတယ်။ ဘယ်သူရေးပေးတာလဲပေါ့။ ကိုယ့်ဘာသာရေးတာလို့ ပြန်ပြောတော့ ဆရာမက `သားရေးတဲ့ စာစီစာကုံးထဲမှာ တချို့ စာလုံးတွေက ကျောင်းသားတွေ မသုံးသင့်တဲ့ အသုံးအနှုံးတွေ ပါနေတယ် ´ ပြန်ပြောတယ်။ `အဲဒါတော့ ကျနော်မသိဘူးဆရာမ။ ကျနော် ကျောင်းသွားကျောင်းပြန်မှာ တကယ်တွေ့ရတဲ့ အကြောင်းတွေကို ပြန်ရေးထားတာဘဲ။ နောက် တချို့ စာလုံးတွေကတော့ ကျနော်ဖတ်ဘူးတဲ့ စာအုပ်တွေထဲမှာ ပါတဲ့ဟာတွေကို ကိုက်ညီမယ်ထင်ပြီး သုံးခဲ့တာပါ။´ အဲဒီမှာတင် ဆရာမက ကျနော့်ကို `နောက်စာစီစာကုံးတွေကျရင် အဲဒီလို စာလုံးမျိုးတွေ သုံးမရေးနဲ့။ စာစီစာကုံးရေးတာက ကောင်းပေမယ့် အဲဒီ ဟာတွေကြောင့် အမှတ်သိပ်ရမှာ မဟုတ်ဘူး´ လို့ပြောပြိး ပြန်ထိုင်ခိုင်းတယ်။
ကျနော်လည်း အူကြောင်ကြောင်နဲ့ ပြန်ထိုင်ရင်း စဉ်းစားမိတယ်။ ဘာကြောင့် အဲဒီစာလုံးတွေကို မသုံးစေချင် တာလဲ။ စဥ်းစားရင်းနဲ့ ရှစ်တန်းတုန်းကလည်း တခါကြုံဘူးတာ ပြန်အမှတ်ရသွားတယ်။ အဲဒီတုန်းက ငယ် သေးတော့ သေသေချာချာ မတွေးမိခဲ့ဘူး။ ခေါင်းစဉ်က`သင်၏ ရည်မှန်းချက်´ ဆိုတော့ ကျနော်က ရေးချ လိုက်တာ `ဘ၀ဆိုသည်မှာ မိမိဖြစ်ချင်သော်လည်း ဖြစ်ချင်သည့်အတိုင်း မဖြစ်နိုင်ပေ။ အကန့်အသတ်များစွာဖြင့် အထိန်းခံထားရသည်။ အကယ်၍ ကျနော်သည် ဆရာဝန်ဖြစ်ချင်ဦးတော့ မဖြစ်စေနိုင်သည့် အကန့်အသတ် များက ရည်မှန်းချက်ကို ဟန်တားထားသည်´ စသဖြင့် ဘာညာဘာညာ ရေးတုန်းကလည်း အမှတ် တော်တော်နည်းခဲ့တယ်။ (စကားချပ်- အခုထိလည်း အမှတ်တော်တော်နည်းသေးတယ်။ မမှတ်သေးတာကို ဆိုလိုတာပါ)။ ထားတော့ - ကျနော် စဉ်းစားမရ။ အိမ်ပြန်ရောက်ချိန်မှ အဖေ့ကို မေးကြည့်တော့ `အဲဒါက နိုင်ငံရေးစကားလုံးတွေမို့လို့ သားရ´။ အဲဒီမှာတင် ပို၍ ရှုပ်သွားခဲ့တယ်။ နိုင်ငံရေးစကားလုံးတွေ ဆိုတော့ စာရေးဆရာတွေကရော ဘာလို့ သုံးကြတာလဲ။ ကျောင်းသား တွေကရော ဒါသုံးလို့ စာမေးပွဲမှာ ဘာဖြစ်လို့ အမှတ်လျော့ခံရတာလဲ။ ကျောင်းသားတွေကျတော့ မသုံးရဘူးလို့ သတ်မှတ်ထားခဲ့သလား။ အတွေးများက လုံးလည်ချာလည်နှင့် အဖြေကတော့မရ။
၈၈၈၈ ကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရမှ ကျနော် နည်းနည်းသဘောပေါက်လာတယ်။ ကျနော်တို့ကို ဘာကြောင့် မသိစေချင်မှန်း၊ မသုံးစေချင်မှန်း။ အာဏာကို လက်ထဲ မြဲမြံစွာ ကိုင်ထားနိုင်ရေးရည်စူးပြီး ကျနော်တို့  ကို မသိစေချင်ခဲ့တာပါလား ။ ကျနော်တို့ ကြီးပြင်းခဲ့ရတဲ့ခေတ်ဆီက ကျနော်တို့ စုတ်ယူရရှိခဲ့တဲ့ အရာအများစုဟာ မသိစေချင်တာ တွေက သိရမယ့် အရာတွေဖြစ်ပြီး၊ မသိသင့်တဲ့ အရာတွေကို သိစေခဲ့ပါလား ဆိုတာလည်း တွေးမိပါရဲ့။ ဘယ်ကလောက်များ လူ့သမိုင်းကို နောက်ပြန်တွန်းပို့စေခဲ့တဲ့ လုပ်ရပ်လဲ။ အဲဒီအကြောင်းလေး ပြန်တွေးမိတာပါ။
ကျနော်ဒီထဲက ရတာတခုကတော့ အရာအားလုံးကို ပိတ်ပင်ထားပေမယ့် လေ့လာဘို့ အခွင့်အလမ်းတွေကို ရတဲ့အခြေအနေမှာ နောင်မျိုးဆက်တွေအတွက် ချန်ထားခဲ့ဘို့ လိုအပ်တယ်ဆိုတာကိုပါ၊ ဒါမှလည်း သမိုင်းက ကြောင်လိမ်လှေကားလို.. တိုင်းပြည်ကလည်း စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီ ချဉ်းကပ်နိုင်မှာပါ။
Labels: အက်ဆေး/၀တ္ထုတို |
posted by မြင့်ဇေ @ 8:30 PM |
|
|
|
ကျနော့်အကြောင်း |
Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
|
ယခုလ မာတိကာ |
|
ယခင်လ မာတိကာ အဟောင်းများ |
|
အလည်သွားဖြစ်တဲ့ ဘလော့များ |
|
Powered by |
|
|
စိတ်ဝင်စားစရာလေးပါလား၊