၁။
တမနက် ကျနော်တို့ လက်ဖက်ရည် သောက်နေစဉ် ရဲဘော်တယောက် မိသားစုနှင့်အတူ ရောက်လာ သည်။ ကျနော်တို့နှင့် မာနယ်ပလောခံစစ်တွင် လက်ရည်တပြင်တည်း တိုက်လာခဲ့သူ၊ သို့သော် ၄င်းကတပ်ရင်းတရင်း ကျနောတို့က တရင်း။ ခံစစ်ကုန်းကတော့ တကုန်းတည်း ။ ထို့နောက် ကျနော်တို့လည်း ဝေးသွားကြသည်။ သူက ၁၉၉၅ လောက်တွင် တပ်မှထွက်၍ အလုပ်လုပ်နေခဲ့သည်။ ကျနောတို့နှင့်အတူ ခံစစ်ကုန်းထိုင်စဉ်က သူလည်းမိုင်းထိခဲ့သည်။ ထို့အတွက် မျက်စိက သိပ်မကောင်း၊ မျက်စိကောင်းနိုးနှင့် သူခွဲစိတ်ကုသမှုခံယူခဲ့ရာ တဖက်က လုံးဝမမြင်ရပဲ ကျန်တဘက်ကလည်း အနည်းငယ်သာ မြင်ရကြောင်း (သူ့ပြောပြချက်အရ) သိရသည်။ အလုပ်လုပ်သည့် သူဌေးအိမ်တွင် တောင်းပန်နေရင်း မိသားစုနှင့်ရုန်းကန်နေရသည်။ ဒါက သူ့အကြောင်း။ သူလာသည်က ဘာမှမလုပ်နိုင်သည့်ဘ၀တွင် ဒုက္ခသည်လျှောက်ချင်သည့် အတွက် ထောက်ခံစာလာယူသည့်သဘောမျိုး။ သူ့ကိုကြည့်ရင်း တဖက်က အားနာနေမိသည်။ အားနာသည်က ၁၅နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အဖွဲ့ အစည်းမှ ဒဏ်ရာရ ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်း လွှာပေးခဲ့သည်မှာ နေရာဒေသအနှံ့ဖြစ်သည်။ သို့သော် မိမိတို့နှင့် နီးနီးနားနား ရှိနေသည့် ရဲဘော်တဦး(၄င်းအား) ကို မေ့လျော့ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။ နောက်တခုက သူ၏ ပြောစကားဖြစ်သည်။`ကျနော် တောင့်ခံပါသေးတယ်ဗျာ။ ဒါပေမယ့် ကျနော့်အခြေအနေက မြင်တဲ့အတိုင်းပဲ။မိသားစုနဲ့ ဘယ်လိုမှ ဒီပုံစံမျိုးမရပ်တည်နိုင်တော့လို့ လာရတာပါ။´ ပြီးတော့ စကားစမြည် အနည်းငယ်ပြောပြီး သူပြန်သွားသည်။ ပြန်သွားတော့ သူ့အမျိုးသမီးက သူ့ကို လမ်းပြခေါ်သွားသည်ကို လှမ်းမြင်နေရသည်။ ၂။ ကျနော်တို့ `မကဒတ´ရပ်တည်ရှင်သန်ခဲ့သည်မှာ ၁၅နှစ်ကျော် ၁၆နှစ်အတွင်း သို့ တိုင်ခဲ့ပြီ။ အဖွဲ့  အစည်းအတွင်း နိုင်ငံရေးအမြင်မတူညီမှုအရ ညီညွတ်ရေး ပြိုကွဲမှုများ၊ ကိုင်စွဲထားသော နိုင်ငံရေး၊ စစ်ရေး လမ်းစဉ်များကို မကြိုက်၍ တဦးချင်းအရ၊ အုပ်စုများအရ ညှိနှိုင်းစွန့်ခွာမှုများရှိခဲ့သည်။ ထို့နည်း တူ ချမှတ်ထားသော မူများပေါ်လစီများအရ အလိုအလျောက် ထွက်ရသော ဖြစ်ရပ်များရှိခဲ့သည်။ အဖွဲ့အစည်းတရပ်အနေဖြင့် မိမိအခြေအနေ၊ကာလ၊ဒေသနှင့်ကိုက်ညီသည့်မူ၊ ပေါ်လစီ၊လမ်းစဉ်၊ လုပ်ငန်းစဉ်၊ နည်းနာစသည်များကို ကျင့်သုံး၇သည်မှာ အငြင်းပွားစရာကိစ္စမဟုတ်ဟု ကျနော်ထင်သည်။ အဖွဲ့အစည်းကို ဦးဆောင်နေသူများ အနေဖြင့်လည်း မိမိတို့ဖြတ်သန်းလာသော အတွေ့ အကြုံများအပေါ်မှသာ အခြေခံ၍အခြေအနေ၊ အချိန်အခါနှင့်ကိုက်ညီသည့် လုပ်ငန်းများကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြီးပြည့်စုံသော လုပ်ငန်းစဉ်ကိုတော့ မည်သည့် အဖွဲ့အစည်းမှ ချထားနိုင်သည်မဟုတ်သည်မှာလည်း အသေအချာပင်။ ၃။ လက်ရှိနိုင်ငံရေးအခြေအနေသည် နှစ်ငါးဆယ်ကျော်ပြည်တွင်းစစ်အတွင်း အလွန်လျင်မြန်စွာ ပြောင်းလဲနေသည့် ကာလဖြစ်သည်။ လွန်ခဲ့သည့် ရှစ်လေးလုံးကာလမှ ၁၄နှစ်ကျော်တိုင်အောင် မြန်မာပြည်အခြေအနေသည် စစ်အစိုးရအနေဖြင့် အာဏာကို အမျိုးမျိုးလှည့်ကစားပြီး ထိန်းသိမ်း ထားနိုင်ခဲ့သော်လည်း ပြဿနာဖြေရှင်းရေး အတွက် အခြေပြုစဉ်းစားမှုသည် ဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများသာ။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲနှင့် ဖြေရှင်း ရေးသာပင်။ မေ ၃၀ ဒီပဲယင်း အရေးအခင်းအပြီး နောက်ပိုင်း ဗိုလ်ခင်ညွန့်၏ လမ်းပြမြေပုံ ၇ချက် ကြေညာအပြီးတွင် အခြေပြုစဉ်းစားမှုသည် (နိုင်ငံတကာမှ)စစ်အုပ်စုကို အခြေပြုစဉ်းစားလာကြ သည်ကို တွေ့လာရသည်။ အထူးသဖြင့် ဘန်ကောက်ဖိုရမ်အပြီး။ ကေအဲန်ယူ အပစ်အခတ်ရပ်စဲရေး လုပ်ရန်ဖြစ်လာသောအခါ နယ်စပ်အခြေပြု အဖွဲ့ အစည်းများအနေဖြင့်လည်း ဆက်လက်ရပ်တည်ရေးအတွက် စဉ်းစားလာရသည်။ ထိုအထဲတွင် ကျနော်တို့လည်း အပါအ၀င်ပင်။သို့သော် ထိုအခြေအနေများမဖြစ်ပေါ်မီကတည်းက (စတင်တည်ထောင်စကတည်းက)မကဒတတွင် လုပ်ငန်းများ၊နည်းနာများရှိပြီးဖြစ်သည်၊ မူများ ပေါ်လစီများ ရှိပြီးလည်း ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေး အခြေအနေတစုံတရာ ပြောင်းတိုင်း ကျနော်တို့၏ ချမှတ်ထားသော အရာများကို ပြောင်းလဲရမည်လား။ တကယ်တမ်း မလွှဲမရှောင်သာပြောင်းလဲဖို့ အလွန်အမင်း လိုအပ်နေပြီလား။ ဥပမာ- ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် နိုင်ငံရေးဒုက္ခသည် အဖြစ်လျှောက်ထားရန် အဖွဲ့အစည်းတခုလုံးအနေဖြင့် အရေးတကြီးလိုအပ်နေပြီလား။ ကျနော် ဤ ကိစ္စကိုသာ ပြောပါမည်။ အဘယ့်ကြောင့်ဆိုသော် အဖွဲ့အစည်းအတွင်း ဤပြဿနာအပေါ် တွင် မူအရ ရှင်းရှင်းလင်းလင်း ရှိရန် လိုအပ်နေသောကြောင့်ပင်။ ၄။ ဒုက္ခသည်အဖြစ်ခံယူလိုခြင်း၊ မခံယူလိုခြင်းကိစ္စသည် တဦးချင်း၏ရွေးချယ်ပိုင်ခွင့် နှင့်သက်ဆိုင် သည့်ကိစ္စ သို့သော် မကဒတ စတင်တည်ထောင်ကတည်းက တွဲပါလာခဲ့သောပြဿနာ။ (ပြဿနာဟုဆို၍ တမျိုးအဓိပ္ပါယ် မကောက်စေချင်၊ လျှောက်ရန် လိုသည်မလိုသည်ဟု အငြင်းပွားမှုမျိုးကိုသာ ရည်ရွယ်ရင်းဖြစ်သည်။ ) အဖွဲ့အစည်းအနေဖြင့် ရဲဘော်တဦးချင်း အရလည်းကောင်း၊ အုပ်စုလိုက်အရ လည်းကောင်း ဒုက္ခသည်အဖြစ် ခံယူသွားခြင်းကို မည်သည်အခါမှ တားလည်းမတားဆီးခဲ့၊ တားလည်း မတားနိုင်ခဲ့ပါ။ တော်လှန်ရေး ရေရှည်ဆန်လာမှုတွင် ဆက်လက်ပါဝင်လိုစိတ်မရှိတော့၍ ခံယူသွားခြင်းဖြစ်သည်ဟု ကျနော်ထင်သည်။ ဒဏ်ရာရမှု ၊ နိုင်ငံရေးအမြင်မတူညီမှုပုဂ္ဂိုလ်ရေးအရ ခံစားမှုတချို့ တလေတို့ကြောင့်လည်း ပါဝင်နိုင်ပါသည်။ `မကဒတ´ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ တပ်ဖွဲဝင်အဖြစ် ထမ်းဆောင်ရမည့်အချိန် အကန့်အသတ် ရှိသည်။ မည်သို့ပင်ဖြစ်စေ တပ်ဖွဲ့ ဝင်သက်တမ်းအရ ပြည့်သူရော၊ မပြည့်သူတို့ကိုပါ အဖွဲ့အစည်းအနေဖြင့် တဦးချင်းစီအရ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးခဲ့ခြင်းသည် ဒီမိုကရေစီမဟုတ်ပါလား။ ဤသို့ဖြင့် မကဒတကို ၁၆နှစ် နီးပါးတိုင် သယ်ခဲ့ကြသည်။ ယခုလို နိုင်ငံရေးအရ အဖက်ဖက်မှ ဖိအားမျိုးစုံခံနေရသော ကာလတွင် အဖွဲ့ အစည်း ရပ်တည်ရှင်သန်ရေးအတွက် ရံပုံငွေ ထောက်ပံ့ပေးနေသူများမှာလည်း နိုင်ငံတကာရောက် မကဒတရဲဘော်ဟောင်းများနှင့် မျိုးချစ်မြန်မာအင်အားစုများသာဖြစ်သည်။ ထားတော့။ ကျနော်ဤနေရာတွင် ဆိုလိုချင်သည်က တပ်ဖွဲ့ဝင်တဦးချင်းစီ၏လွတ်လပ်စွာ စဉ်းစားရွေးချယ် ပိုင်ခွင့်။ သို့သော်အထက်တွင် ကျနော်ဆိုခဲ့သလို အဖွဲ့ အစည်း၌ မူများ၊ ပေါ်လစီများရှိနေသေးသည်။ တဦးချင်းစီအရ လွတ်လပ်စွာ စဉ်းစားရွေးချယ်နိုင်သလို၊ အဖွဲ့အစည်း၏ မူများကိုလည်း အာမခံရမည်။ သို့အတွက် UN ဒုက္ခသည်လျှောက်ထားခြင်းနှင့် ပတ်သက်၍လည်း မကဒတတွင် မူရှိသည်။မိမိသဘောဖြင့် အထက်အဆင့်ဆင့်သို့ တင်ပြမှု မရှိဘဲ ဒုက္ခသည်အဖြစ် လျှောက်ထားပါ က တပ်ဖွဲ့ ဝင်အဖြစ်မှ အလိုအလျောက်နှုတ်ထွက်ပြိးဖြစ်သည်။ဤသည်မှာ မကဒတ၏ ဒုက္ခသည်လျှောက်ထားမှုနှင့်ဆိုင်သည့် မူ ဖြစ်သည်။ စနစ်တကျတင်ပြပြီး ကြိမ်ဖန်များစွာ ဆွေးနွေးပြီးမှ ဒုက္ခသည်ခံယူခြင်းသည်လည်း တပ်ဖွဲ့ ဝင်အဖြစ်မှ နှုတ်ထွက်ရသည်သာ။ မည်သည့်နည်းဖြင့် ထွက်ထွက်၊ ထွက်သွားသော ရဲဘော်များအနေဖြင့် မကဒတ၏ အဖွဲ့ ဝင်အဖြစ် ပြန်လည်လျှောက်ထားလိုပါကလည်း စဉ်းစားလက်ခံမည်သာဖြစ်သည်။ ဤသည်ကလည်း အဖွဲ့  ၏ ဖွင့်ပေးထားသည့် မူပင်။ တချို့ က ဤသို့မဟုတ်။ မည်သူမျှ အတင်းအကျပ် ခေါ်ဆောင်ခြင်းမပြုခဲ့ပဲ မိမိသဘောဆန္ဒ (ယုံကြည်ချက်)ဖြင့် မကဒတသို့ဝင်ရောက်ခဲ့သည်။ ၀င်ရောက်ပြီးသည်နှင့် အဖွဲ့ အစည်း၏ စည်းရုံးရေးစည်းကမ်းကို နာခံရမည်သာဖြစ်သည်၊ သို့သော် ပြဿနာရပ်တိုင်းနှင့် ပတ်သက်သော မိမိအမြင်ကို အချက်အလက်နှင့် တင်ပြဆွေးနွေးခွင့် ရှိသည်။ မတူညီသော အမြင်များကို ကိုင်စွဲထားပိုင်ခွင့်ရှိသည်။ အချိန်အခါ ကြုံလာပါက ထပ်မံတင်ပြခွင့်ရှိသည်။ ဤသည်ကား အဖွဲ့  အစည်း၏ ဒီမိုကရေစီနှင့် ဗဟိုချုပ်ကိုင်မှုသဘော။ အဖွဲ့ အစည်းမှ ပြန်လည် နှုတ်ထွက်လိုပါကလည်း အဖွဲ့ အစည်းမှ ၄င်းတို့၏ လုပ်ချင်၊ ဖြစ်ချင်သည့် ဆန္ဒကို ဖြည့်ဆည်းပေးရန် အဆင်သင့်၊ ဒုက္ခသည်လျှောက်မည်၊ အလုပ်လုပ်မည်စသဖြင့် ပွင့်လင်းရိုးသားမှုသာ ရှိဖို့လိုသည်။ ဆိုးသည်က အဖွဲ့ အစည်းမှ ထွက်သွားပြီးနောက်ပိုင်း မိမိဖြစ်ချင်သော အနေအထားတခုအတွက် အဖွဲ့ အစည်းနှင့်ပတ်သက်၍ အနှောင့်အသွားမလွတ်သော စကားများကို အဖွဲ့ အစည်းနောက်ကွယ်တွင် ပြောနေခြင်းများ။ ဆိုလိုသည်က အဖွဲ့ အစည်းအားနင်း၍ တက်ခြင်း။ ထိုအခါ ဆက်စပ်နေသော မဟာမိတ်အဖွဲ့ များက `မကဒတ´အား ထိုစကားများအပေါ် အခြေခံပြီး ယုံထင်ကြောင်ထင်ဖြစ်လာသည်။ ဒါကလည်း အပြစ်မဆိုသာ။ အဖွဲ့ အစည်းတခု၏ အတွင်းပိုင်း ပြ ဿနာ(အထူးသဖြင့် မူပြဿနာ)ကို အခြားအဖွဲ့ အစည်းတခုက စဉ်းလုံးချော သိနိုင်၊နားလည်နိုင်မည်မဟုတ်။ ထို့နည်းတူ မီဒီယာများကလည်း ဖော်ပြကြသည်။ ဒါကလည်း သူတို့အပြစ်မဟုတ်၊ အမှန်တကယ်တွင် မိခင်အဖွဲ့အစည်း ၏ သဘောကို မေးမြန်းဖို့ကောင်းသည်။ သို့သော် မမေးမြန်းခဲ့။ ထို့အတွက်လည်း အမြင်အရ အကြားစကားများကိုသာ အခြေခံ၍ `မကဒတ´အပေါ် နားလည်မှု လွဲနိုင်သည့်အတွက် ကျနော်တို့၏ မူအပေါ် ရပ်ခံမှုကို ရှင်းလင်းစေရန် ရေးရခြင်းပင်။ နောက်တချက်အဖွဲ့ အစည်းအတွင်း အမြင် ရှင်းလင်းစေရန်ရေးခြင်းဖြစ်သည်။ ဤကာလတွင် ကျနော်တို့ ရဲဘော်တဦးချင်းစီ၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပို၍ ပေးထားပြီးဖြစ်သည်။ မိမိအမြင်၊ အယူအဆ၊ လုပ်ချင်ကိုင်ချင်မှုများကို စဉ်းစားနိုင်ရန် ပိုမိုဖွင့်ပေးထားသည့် သဘော။ ဖြစ်စေချင်သည်ကတော့ စနစ်တကျရှိသော မိခင်အဖွဲ့ အစည်းအား မနာကျင်စေသော လုပ်ဟန် များ။ ၅။ မနက်က ရောက်လာသည့် ရဲဘော်ဟောင်းနှင့်ဆက်စပ်ပြီး တွေးကြည့်ခြင်းသာ၊ သူကတော့ ရှင်းသည်။ သူ့အခက်အခဲနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာပြောသည်။ လိုအပ်သောအရာများကို လုပ်ပေးပြီး ထွက်သွားတော့ သူ့အတွက် မေ့လျော့နေခဲ့သော ဂုဏ်ပြုမှတ်တမ်းကိုပါ ထည့်ပေး လိုက်သည်။ သူကတော့ မသဲမကွဲ မြင်ရသော မျက်စိထဲတွင် သူ၏ မိသားစုအိပ်မက်တခု ရသွားခဲ့လေပြီ။ ဤသို့ပင် ကျနော်တို့ အဖွဲ့အစည်း၏ မူပေါ်လစီများတွင် (မည်သူတွေ ပုခုံးတွန့်ပါစေ)အိပ်မက်များရှိနေဦးမည်ကတော့ အသေအချာပင် ဖြစ်သည်။
ဒေါင်းအိုးဝေ စာစောင် အတွဲ ၂ အမှတ် ၅။ ဧပြီ-မေ ၂၀၀၄
Labels: ဆောင်းပါး |