Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
တောရိပ်တောင်ရိပ်လွမ်းအတိတ်များ
Thursday, June 14, 2007

တောင်ကျချောင်းနှင့် ရေသတ္တ၀ါများ

ချောင်းရေသည် တိတ်ဆိတ်မှုနှင့် ကျနော်တို့အားစောင့်ကြိုနေသည်။ ကျနော်တို့ရောက်ခဲ့ကြပြီ။ မည်သူမျှ အခါမလင့်ကြ။ ကျနော်တို့ နေထိုင်ရာဒေသသည် မိမိ၏ စိတ်ဆန္ဒတွင်တည်ရှိသော စားသောက်ဖွယ်ရာများကို လွယ်လင့်တကူ ရရှိနိုင်သည်မဟုတ်။ အခွင့်အခါကြုံမှသာ တွေ့မြင် ထိတွေ့ခွင့်ရသည် မဟုတ်လော။ ထို့အတွက် ဤမနက်ခင်းတွင် ယမန်နေ့ညတုန်းက မည်မျှပင် ခေါင်သောက်များသည်ဖြစ်စေ၊ အိပ်ရေးပျက် သည်ဖြစ်စေ၊ မည်သူမျှ နောက်ကျမခံကြ။ အိပ်ရေးပျက်နေသည့်၊ အမူးလွန်နေသည့် မျက်လုံးနီရဲရဲများဖြင့်၊ အိမ်မှ ဘုစုခရုများ၊ ချစ်လှစွာသောဇနီးများ၊ တောလိုက်ရာတွင်အသုံးကျသည့် သတ္တ၀ါများ (အထူးသဖြင့် ခွေးများ) ကို တစုတစည်းတည်း ပေါင်းစုခေါ်ဆောင်ကာ သုံးနှစ်ကြာမျှ စောင့်မျှော်ခဲ့ရသည့် စားကျက်ဆီသို့ ချီတက်လာခဲ့ကြသည်။ နှင်းအကြွင်းအကျန်အချို့၏ ဖွဲ့တည်မှုကြောင့် တောင်ယာဖုန်းဆိုးများပေါ်တွင် ရေစက်များထိကပ် နေသော မြက်ရိုင်းပင်များကို တရှဲရှဲတိုး၍ မပွင့်တပွင့် အရုဏ်အောက်၌ ကျနော် အပါအ၀င် ရွာသူ ရွာသားတပ်ပေါင်းစုကြီး၏ အုတ်အုတ်ကျက်ကျက် အသံများကြောင့် ချောင်း၊ တောတောင်တို့သည် ထိတ်လန့်တကြား လန့်နိုးထလာခဲ့သည်။ ကျနော်တို့ ဟုန်းထုရန် လာခဲ့ကြလေပြီ။

ဤအခွင့်အရေးသည် လွယ်ကူလှသည်တော့မဟုတ်။ အချိန်ကာလများကို စောင့်မျှော်ရသည်။ အကြိမ်ကြိမ်မကသော ဆွေးနွေးညှိနှိုင်းမှုများကို နေ့ရောညပါ ကျင်းပခဲ့ရသည်။ ခြေမြန်တပ်သား များကို နီးစပ်ရာရွာများဆီသို့ စေလွှတ်ရသည်။ အသိပေးရန်ရှိသည့် အနီးဝန်းကျင်ရွာများအား ဤဟုန်းထုပွဲတွင် ပူးပေါင်းပါဝင်မည်လောဆိုသည်ကို ဆွေးနွေးရသည်။ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက မည်သည့်နေ့ရက်ဆိုသည်ကို ညှိကြရသည်။ ထိုကဲ့သို့သော လုပ်ငန်းဆိုင်ရာများကို သေချာစေရန် စီမံဆောင်ရွက်မှုများဖြင့် ဖန်တီးခဲ့ရသည်။

ထိုသို့သောလုပ်ငန်းစဉ်များ ပြုမူဆောင်ရွက်နေဆဲကာလအတွင်း ကျနော့်ထံ ကျေးရွာအုပ်ချုပ်မှု ကော်မတီမှ စေလွှတ်လိုက် သည့် ဆက်သားတဦး ရောက်ရှိလာသည်။ သူ့တွင် အလုပ်ခန့်အပ်စာ တစောင် ပါလာသည်။ ကျနော် ဟုန်းကော်မတီဖြစ်သည့်စာ။ ဟုန်းဆိုသည့်စကားလုံးမှာ ကျနော်နှင့်မရင်းနှီးသည့် အသုံးအနှုံး။ သို့သော် ကျနော်မှလွဲ၍ ကျန်သော ကျေးရွာသူရွာသားများက ရင်းနှီးကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်က ဒေသခံမဟုတ်။ လက်နက်ကိုင် တော်လှန်ရေးသမားတဖြစ်လည်း ကျောင်းဆရာ တဦး သို့တည်းမဟုတ် အပစ်ရပ်နယ်မြေတခု၏ မြို့နယ်နှင့်သက်ဆိုင်သည့် တရားရေးဌာနမှ။

ကျနော်ရပ်တည်နေရသည့်ဒေသသည် ရေထွက်ပစ္စည်းများ အရောက်အပေါက်နည်းသည်။ သို့အတွက် ရေထွက်သတ္တ၀ါအခြောက်အခြမ်းများသည်ပင် ဒေသခံတို့၏အလိုဆန္ဒကို မဖြည့်တင်းနိုင်။ ထိုအလိုဆန္ဒအား ဖြေဖျောက်နိုင်ရန် ဟုန်းဆိုသည့်အရာကို အားကိုးအားထားပြုရသည်။ ဟုန်းဆိုသည်က ရေတွင်မှီတင်းနေထိုင်သော ရေသတ္တ၀ါများကို မူးမိုက်စေသည့် အစေးခပ်ပျစ်ပျစ် များထွက်သည့် နွယ်ဆန်ဆန်အမြစ်များ။ ထိုအမြစ်များကို အသုံးပြု၍ သူတို့၏ ဒေသအတွင်းရှိ ချောင်းများတွင် မှီတင်းနေထိုင်သည့် ငါးများကို ရှာဖွေစားသုံးကြရသည်။ သူတို့အနာဂတ်ဖြစ်သော ဆန်စပါးများရရှိရေးအတွက် တောင်ယာဆူးထိုးသောအခါ ရေသတ္တ၀ါများ၏အရသာသည် မရှိမဖြစ် လိုအပ်လာသည်။ အကြောင်းမူ သူတို့၏ဘ၀တူများက လာရောက်၍ သူတို့အားကူညီသောအခါ ကျွေးမွေးရန်အလို့ငှာဖြစ်သည်။

ဤနေရာတွင် တခုပြောရန်ရှိသည်မှာ ဟုန်းကော်မတီဝင်များသည် အခြားသော ရွာသူရွာသားများထက် အခွင့်သာမှုတခု ရှိသည်။ ကော်မတီဝင်တိုင်းသည် ရွာသူရွာသားများအား သတ်မှတ် ထားသော ဟုန်းမြစ်အရေအတွက်ကို ပေးဆောင်ရန်မလိုပါချေ။ သို့အတွက် ကျနော့်ကို ဟုန်း ကော်မတီအဖွဲ့ဝင်ခန့်သည်မှာ အားနာသည်ကတကြောင်း၊ ဟုန်းမြစ်အား မည်သို့ရှာရမည်ကို မသိသည်ကတကြောင်းကြောင့် ဖြစ်သည်။ လိုအပ်လျှင်ကား လက်လီဝယ်၍ရသည့် ဟုန်းမြစ်ရှာသူများရှိသည်။ သို့သော် ကျနော်ဝယ်လျှင် မည်သူမျှရောင်းမည်မဟုတ်သည့်အပြင် အလကား ပေးရမည်ဖြစ်ခြင်းကြောင့် ဟုန်းကော်မတီဝင်အဖြစ် နားအေးပါးအေး ခန့်လိုက်ဟန်ရှိသည်။

ကျနော်တို့ ဟုန်းထုရန်သတ်မှတ်ထားသောနေရာ ရောက်သောအချိန်တွင် နေခြည်သည် အရှေ့ ဘက်အရုဏ်ဦးမှ ပေါ်လာ၍ ချောင်းအတွင်းသို့ မရောက်တရောက်အချိန်သာဖြစ်သည်။ ဟုန်းကော်မတီဝင်တဦး၏တာဝန်ကို တွေးကြည့်ပါက စိတ်ညစ်ညူးဖွယ် ကောင်းလှသည်။ သို့သော် မတတ်သာ။ တာဝန်သည် တာဝန်သာဖြစ်သည်။ အလုပ်သည် အလုပ်သာဖြစ်သည်။ ကျနော်က တာဝန်ယူ ခဲ့ပြီးဖြစ်သည်။ ထို့အတွက် ကိုယ့်ကိုယ်ကို အားပေးသည်။ ရဲဘော် …. ဆက်လုပ်ဟူ၍။

စစခြင်း ကျနော်တို့ အပ်ချည်တလုံးဖြင့် ကြိုးတားရသည်။ ထိုနေရာသည် ဟုန်းမြစ်များအား စတင်ထုရန်၊ ဟုန်းအမြစ်မှ ခပ်ပျစ်ပျစ်အစေးများအား စတင်၍ ရေစီးထဲတွင် မျောရမည့်နေရာ ဖြစ်သည်။

ထို့နောက် မိသားစုတစုချင်းသည် ကျနော်တို့ ဟုန်းကော်မတီအခြေစိုက်သောနေရာသို့ မိမိတို့ မိသားစုတွင်ပါလာသည့် ဟုန်းမြစ်များကို သယ်ပိုး၍ရောက်ရှိလာသည်။ ထိုအခါ ကော်မတီက ချိန်ခွင်တလက်ဖြင့် ချိန်တွယ်ပေးရသည်။ ဟုန်းမြစ်တူးရာတွင် သတ်မှတ်ချက်ရှိသည်။ လူကြီး ငါးပိဿာ၊ ကလေး သုံးပိဿာ စသဖြင့်။ သို့သော် နားလည်မှုသည် နေရာတိုင်းတွင် ထွန်းကားသည်။ ဟုန်းပြည့်ချင်း မပြည့်ခြင်းသည် ဆွေမျိုးညာတိစိတ်ဓာတ်နှင့် မကင်းမကွာ။ သွေးရင်း သားရင်းစိတ်ရှိကြသည်။ ပြုံးကြ၊ ရယ်မောကြသည်။ နောက်ကြပြောင်ကြသည်။ သို့သော် မည်သူမျှ အလေးချိန်မပြည့်ဟုဆိုပြီး ဟုန်းပွဲမှ မထွက်ခွာသွားစေရ။ ဘ၀ဒဏ်ကြောင့် မပျော်ရွှင် နိုင်သော ဒေသအတွက် ဤကဲ့သို့ ရွာလုံးကျွတ်စု၍ ငါးဖမ်းရခြင်းသည်ပင် ပင်ပန်းသော်ငြား ပွဲတော်တခုပင် မဟုတ်ပါလား။ (ဆက်ရန်)

Labels:

posted by မြင့်ဇေ @ 12:40 AM  
0 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com