Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
Saturday, June 23, 2007
“ပြည်သူ့စစ်သား..........ဘယ်သူ့အတွက်လဲ”

(လွင်မောင်သန်း)


“ငါ့သားများစစ်ထဲဝင်မယ်ဆိုရင်လေ... စစ်တပ်ဆိုတာယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့ကို မွေးဖွားပေးတဲ့ နေရာဖြစ်တယ်” အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အဆိုအမိန့်ကို ကျက်သရေရှိပြီး တည်ကြည် ခန့်ညားတဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့ လူတရပ်ခန့်အရွယ် ဓါတ်ပုံကြီးရဲ့အောက်မှာ အနီရောင်ကတ္တီပါပေါ် ရွှေဝါ ရောင်စာလုံးတွေနဲ့ ရေးသားထားတယ်။ မဆလခေတ် စစ်သားစုဆောင်းရေးတပ်များမှာ မြင်တွေ့နေကျ မြင်ကွင်း ဖြစ်တယ်။ “...အမယ်မင်းထွားလိုက်တာ၊.စစ်သားးကြီးလုံးလုံး ၊ဗိုလ်မှူးကြီးရှုံးလောက်ရဲ့.ပုခုံးနဲ့လက်ပြင်၊ ကျောခြင်က သံချောင်း၊ တနှစ်တွင်းမှာ ချက်ခြင်းပဲပြောင်းရော့.......”

“ငါ့သားများစစ်ထဲဝင်မယ်ဆိုရင်လေ... စစ်တပ်ဆိုတာယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့ကို မွေးဖွားပေးတဲ့ နေရာဖြစ်တယ်” အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အဆိုအမိန့်ကို ကျက်သရေရှိပြီး တည်ကြည် ခန့်ညားတဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့ လူတရပ်ခန့်အရွယ် ဓါတ်ပုံကြီးရဲ့အောက်မှာ အနီရောင်ကတ္တီပါပေါ် ရွှေဝါ ရောင်စာလုံးတွေနဲ့ ရေးသားထားတယ်။ မဆလခေတ် စစ်သားစုဆောင်းရေးတပ်များမှာ မြင်တွေ့နေကျ မြင်ကွင်း ဖြစ်တယ်။ “...အမယ်မင်းထွားလိုက်တာ၊.စစ်သားးကြီးလုံးလုံး ၊ဗိုလ်မှူးကြီးရှုံးလောက်ရဲ့.ပုခုံးနဲ့လက်ပြင်၊ ကျောခြင်က သံချောင်း၊ တနှစ်တွင်းမှာ ချက်ခြင်းပဲပြောင်းရော့.......” ကဗျာ၊လင်္ကာတို့ ကလဲ စစ်သားဖြစ်မှ၊ စစ်တိုက်ဖူးမှသာ ယောင်္ကျားပီသတယ်။ လူတောတိုး၊လူရာဝင်တယ်ဆိုတာ မြန်မာပြည်သူတို့ အသဲနှလုံးထဲမှာ နစ်ဝင်စွဲညိနေတယ်။ ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း၊ သခင် အောင်ဆန်းလို့ခေါ် ရတာ မလေးနက်ဘူး၊ ပေါ့ပျက်ပျက်ဖြစ်လို့ “ဗိုလ်ချုပ်အောင်ဆန်း”လို့ ခေါ်လိုက်ရမှ အားပါးတရရှိခဲ့တာ။ အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မဟာဗန္ဓုလ စတဲ့ရာဇဝင်ထဲက မြန်မာ့စစ်သူကြီး၊ စစ်သူရဲကောင်းတို့ရဲ့ ရဲစွမ်းသတ္တိပုံရိပ်တွေက ငယ်ငယ်ကတည်းက ဒဏ္ဍာရီ အိပ်ရာဝင်ပုံပြင်လေးများအဖြစ် အမှတ်ရ တမ်းတနေလေ့ရှိခဲ့ကြတယ်။ ခေတ်အဆက်ဆက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေဖြစ်လို့ မနာလို၊ ဝန်တိုနဲ့ အားကျ ခဲ့မိသေးတယ်။ ခုတော့လဲ ဒါတွေဟာ ကမ္ဘာခြားခဲ့ပြီလား။



၁၉၈၀ခုနှစ်လောက်က ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ ခလရ(၃၆)ကို အမှတ်(၅)တိုင်းဗဟိုလေ့ကျင့်ရေးစခန်း (ရွှေမြင်တင်၊ ပုသိမ်မြို့)က လေ့ကျင့်ရေးသင်တန်းဆင်းရဲဘော်သစ်တွေရောက်လာတယ်။ အဲသည်ရဲဘော်သစ် တွေထဲမှာ အသားဖြူဖြူနုနုချောချော ရန်ကုန်သားတဦးဖြစ်တဲ့ တပ်သားရွှေသွင် တယောက်ကံဆိုးချင်တော့ ခပ်ညံ့ညံ့တပ်ခွဲ(၄)မှာ တာဝန်ကျတယ်။ အသက်ကလဲ (၁၈)နှစ်-(၁၉)နှစ်အရွယ်၊ (၁၀)တန်းနှစ်ခါကျလို့ အိမ်မပြန်ရဲတာနဲ့ စစ်တပ်ထဲကိုမျက်စိလည်ရောက်လာတဲ့ အိမ်ပြေးကျောင်းသားလူငယ် လေးတယောက် ဖြစ်တယ်။ ငယ်စဉ်ကတည်းက အစ်မ(၅)ယောက်ကြားထဲမှာ ကြီးပြင်းလာတဲ့ တဦးတည်းသော အငယ်ဆုံးသား ယောင်္ကျားလေးဖြစ်လို့ ချွဲတာ၊ နွဲ့တာအကျင့်ပါနေတတ်တယ်။

ခွဲ(၄)တပ်ခွဲမှူး ဗိုလ်ကြီးအောင်သန်း(ယာယီတပ်ခွဲမှူး၊ဗိုလ်မှူး) သင်တန်းသွားနေတော့ တပ်ခွဲမှာစီနီယာဖြစ်တဲ့ “ဝါးကားတောင်မှ သူ့ရှေ့ကဖြတ်မမောင်းရဲဘူးလို့” နံမည်ဆိုးနဲ့နံမည်ကြီးတဲ့ ဗိုလ်ကြီးတင်ယု ကတပ်ခွဲမှူး တာဝန်ယူထားရတယ်။ တပ်ခွဲကလစာကြပ်ရဲ့ မိန်းမနဲ့ခြင်ထောင်ထဲမှာ ပက်ပင်းမိလို့ ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့သေးတယ်။ တပ်ခွဲမှာရှိတဲ့ ဆရာတွေ၊ ရဲဘော်တွေရဲ့မိန်းမတွေကို လစ်ရင်လစ်သလိုချောင်း မြောင်းကြံစည် တတ်လို့ လမ်းတွေ့ရင်တောင်နှုတ်မဆက်ရဲ၊ အိမ်အလည်ထမင်းစားမဖိတ်ရဲပါဘူး။ ရှေ့တန်းရွာတွေ ကိုရောက်ရင် လဲအပျိုအရွယ်၊ ခပ်ငယ်ငယ်မိန်းမများများရှိတဲ့ အိမ်တွေမှာခွဲရုံးထိုင်လေ့ရှိတယ်။ အပျို၊အအိုမရှောင်လို့ အမျိုး သမီးပေါ်တာတွေကတော့ မလွတ်သလောက်ပါဘဲ။ (ရှေ့တန်းစစ်ဆင်ရေးဒေသရွာများတွင် စစ်ဆင်ရေး အထမ်း သမားပေါ်တာဆွဲလေ့ရှိသဖြင့် စစ်ကြောင်းမလာခင် ရွာထဲကယောင်္ကျားမှန်သမျှလွတ်ရာသို့ ရှောင်နေတတ်ကြရာ ရွာထဲတွင်ကျန်ရစ်ခဲ့သည့် အမျိုးသမီးမိန်းမများကိုပင် အထမ်းသမားပေါ်တာအဖြစ် ခေါ်သုံးလေ့ရှိပါသည်။)

၁၉၈၀ခုနှစ်၊ဆောင်းရာသီ၊ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ထွန်းရီနဲ့ ဗိုလ်ချုပ် တင်စိန်တို့က ဦးဆောင်ပြီး KIO နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ်။ လက်နက်ကိုင်လမ်းစဉ်စွန့်ရေး၊ လက်နက်ချ ရေးကိုသာ အဓိကဇောင်းပေးဆွေးနွေးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တယ်။ တဆက်တည်းမှာပဲ ဗမာပြည် ကွန်မြူနစ် သင်တန်းဆင်း(၂၀၀၀)လောက် အိန္ဒိယနယ်စပ်အနောက်ဘက်မှ တရုတ်ပြည်နယ်စပ်အရှေ့ဘက် တလွှားထိ ဖြတ်သန်းသွားမယ်ဆိုတဲ့သတင်းအရ ပိတ်ဆို့ရေးတွေလုပ်နေရတယ်။ အဲသည်ကာတုံးက နတခတပ် (ဧရာဝတီတိုင်း)များဟာ မပခ(ကချင်ပြည်နယ်) စစ်ဆင်ရေးခွင်များမှာ ရှေ့တန်းထွက်လှုပ်ရှားကြရတယ်။ ခလရ(၃၆) စစ်ကြောင်းရုံးက မော်လူး၊မော်ဟန်မှာရုံးထိုင်ပြီး နမ့်စီအောင်၊နဘားကနေ ကာဒူ၊မိုးညှင်းထိ ပိတ်ဆို့ရေး တာဝန်ယူရတယ်။ စစ်ကြောင်း(၂)လက်အောက်ခံ ခွဲ(၄)က အင်းတော်ကြီးနားက လုံးတုံအနီး ရွှေတွင်းတဝိုက်မှာ လှုပ်ရှားတာဝန်ယူထားရတယ်။ ရွာထဲကို လုံးဝမဝင်ထွက်ရလို့ အမိန့်ထုတ်ထားတယ်။ ဗျူဟာ၊ တိုင်း၊ တပ်မသာမက ကစထနဲ့တိုက်ရိုက်အမိန့်ပေး ညွန်ကြားချက်တွေရှိတယ်။ စစ်ဆင်ရေးလှုပ်ရှားမှု သတင်း မပေါက်ကြားရအောင် ရွားနားကိုတောင်မှ ကပ်ခွင့်မပေးဘူး။

ရဲဘော်သစ်တပ်သားရွှေသွင်ကို ခလရ(၃၆)၊ ခွဲ(၄)ရဲ့တပ်ခွဲရုံးမှာခေါ်ထားတယ်။ တပ်ခွဲမှူးဗိုလ်ကြီးတင်ယုရဲ့ ဘက်စမင်း လုပ်ရတယ်။တပ်ခွဲမှူးအတွက် အဝတ်လျှော်၊ ထမင်းခူးခပ်ကျွေးရုံတင်မကဘူး နှိပ်နယ်နင်းပေး ခြင်ထောင်ပါထောင်ပေးရတယ်။ ပိုဆိုးတာက တပ်ခွဲမှူးနဲ့လဲ တခြင်ထောင်ထဲမှာ လိုက်အိပ်ပေးရတယ်။ တနေ့တော့ ဝါးကားမရှောင် တပ်ခွဲမှူးဗိုလ်ကြီးတင်ယုကြောင့် အတွေ့အကြုံနုနုနဲ့ကနွဲ့ကယနေတတ်တဲ့ ရဲဘော်သစ်ကလေးတဦးဟာ ယောင်္ကျားချင်းသံဝါဟပြုကျင့်တာခံရလို့ လုံးရာကပြားလို့ရေတိမ်နစ်ခံခဲ့ရတယ်။ နောက်နေ့မှာတော့ ရှက်လဲရှက်၊ ကြောက်လဲကြောက်တာနဲ့ ကိုယ့်သေနတ်နဲ့ ကိုယ့်ကိုယ်ကို ပစ်သတ်လို့ အသေခံ သွားခဲ့တယ်။ ဒီအဖြစ်ဆိုးကို ကြားသိရတဲ့ ဆရာတွေ၊ ရဲဘော်တွေဟာ ရင်ထုမနာဖြစ်ရတဲ့အထဲ “ငှက်ဖျားရောဂါဖေါက်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်”လို့ အထက်ဌာနကို ကြေးနန်းလိမ်ရိုက်တာကို ဒေါသထွက်လို့ ပေါက်ကွဲတော့မဲ့ဆဲဆဲမှာ စစ်ကြောင်း(၂)မှူး ဗိုလ်မှူးမောင်မောင် (ရုပ်ရှင်မင်းသမီး ခိုင်သင်းကြည် ၏ဖခင်) လာထိမ်းသိမ်းပေးပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိမ်းထူးရှိတဲ့ စစ်ကြောင်း(၁)ကို ပြောင်းပေးလိုက် တယ်။ ဒီလိုမှမလုပ်ရင်တော့ ရှေ့တန်းတွေမှာထုံးစံလိုဖြစ်နေတဲ့ နောက်စေ့ ကိုကျည်ဆံမှန်တဲ့ အရာရှိတဦး ထပ်တိုးသွားပါလိမ့်မယ်။

ဒီဗိုလ်ကြီးတင်ယုဟာ မဆလဗဟိုကော်မတီဝင် ပါတီဌာနကြီးမှူးတစ်ယောက်ရဲ့သားဖြစ်တယ်လို့သိရတယ်။ အဲသည်တုံးက လူကြီးသားသမီးအတော်တော်များများကို စစ်တပ်ထဲမှာအရာရှိလုပ်ခိုင်းလေ့ ရှိတော့ ဆိုးချင်တိုင်း ဆိုး၊ ရမ်းချင်တိုင်းရမ်းလို့နေတတ်ကြပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့သား ဗိုလ်ကြီးအောင်ကျော်(တေဇ-၉)၊ တိုင်းမှူးဗိုလ်ချုပ်အေးသောင်ရဲ့သား ဗိုလ်ကြီးတင်ထွန်းအေး( စစ်တက္ကသိုလ်-၂၂) ၊ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီးဖေါ်ယူခါးရဲ့သား ဗိုလ်ကြီးဖီးလစ်ခါးတို့ညီအကို၊ ဗိုလ်ချုပ်သန်းရွှေရဲ့တူ ဗိုလ်ကြီးတင်ထွန်းဝင်း၊ ဗိုလ်ချုပ်အောင်ရဲကျော်ရဲ့သား နန္ဒအောင်စသည်ဖြင့် အများကြီးပဲ ဗိုလ်သင်တန်းကို အောင်ပေးလို့ စစ်ဗိုလ်လုပ်စားနေကြတယ်။ နေ့ချင်းညချင်းပြန်တန်းဝင်အရာရှိကြီးတွေအမြန်ဖြစ်လို့ အခွင့်ထူး ခံစားခွင့်ရှိကြတယ်။ အချို့ဆို အောက်ခြေရဲဘော်တွေလောက်တောင်အဆင့်မရှိဘဲ မူးယစ်ဆေးတောင်စွဲနေ ကြတယ်။

“နေ့မြင်ညပျောက်” တပ်မ(၄၄)ကရဲဘော်တွေရဲ့ အသက်ပေါင်းများစွာစတေးပြီး နတခတိုင်းမှူးဖြစ်လာတဲ့ ဗိုလ်ချုပ်မြင့်အောင်ဟာ ၈၈-အရေးတော်ပုံအပြီးမှာ ဖက်စစ်ဝါဒီပီပီ အစွယ်ထုတ်ပြလို့ အရပ်သား ဝန်ထမ်းတွေပြည်သူတွေကို ပုသိမ်မြို့လယ်မှာ နေပူထဲနေလှမ်းပြီး ညှင်းပန်းနှိပ်စက်ခဲ့တာ ပြည်သူအားလုံး မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓနုဖြူမြို့စည်းရုံးရေးခရီးစဉ်မှာလဲ တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီးမြင့်ဦး(ဖနောင့်တိုမြင့်ဦးဟုခေါ်တွင်) ကို ဒေါ်စု လုပ်ကြံဖို့လျှို့ဝှက်အမိန့်ပေးခဲ့ သေးတယ်။ မြင့်အောင်လိုဆိုးသွမ်းရမ်းကားတဲ့ ဖက်စစ်အရာရှိကြီးတွေရှိသလို “ကိုင်းပင်ကြီးကကျွန်းပင်ကြီးကိုမှီ ပြီးကျွန်းပင်ကြီးကလဲကိုင်းပင်ကိုမှီတယ်”တို့၊ “ဝယ်သာ(weather) မကောင်းရင်ဖြုတ်လဲလိုက်”လို့ မူလတန်း ခလေးလောက်တောင်မှအသိဥာဏ်ဗဟုသုတမရှိတဲ့ ဗိုလ်ချုပ်မျိုးညွန့်လို ခပ်နုံနုံခပ်ညံ့ညံ့ စစ်ဗိုလ်ချုပ် အရာရှိတွေ အုပ်ချုပ်နေတော့ တိုင်းပြည်မှာလဲ မူဆလင်ဘာသာဝင်မျိုးညွန့်(စာရေးဆရာ မောင်သော်က ရဲ့ညီဝမ်းကွဲတော်သူ) ကိုသာသနာရေးဝန်ကြီးခန့်လို့ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေကို ဟိုဟာလုပ်ခိုင်း၊ သည်ဟာလုပ်ခိုင်းနဲ့ ပြည်သူလူထုကို စော်ကားလိုက်ပါသေးတယ်။

နတခတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်လို ခပ်ဆိုးဆိုးခပ်ရမ်းရမ်းဖက်စစ်အရာရှိကြီးတွေ၊ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်လို အရည်အသွေးမမီတဲ့ ခပ်ညံ့ညံ့အရာရှိကြီးတွေရှိသလို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဟောင်းဗိုလ်မှူးကြီးလူမော်လို ရိုးသားဖြောင့်မတ်တိကျတဲ့ စစ်သားကောင်းကြီးတွေလဲရှိခဲ့ပါသေးတယ်။အရပ်၅ ပေ ခန့်ခပ်ပုပု ဗိုလ်မှူးကြီးလူမော်ဟာ တပ်မတော်ကပေးတဲ့ စစ်ကားကို တသက်လုံးသူ့မိသားစုအတွက် ကိုယ်ပိုင်မသုံး ခဲ့ပါဘူး။ မိသားစုကိုယ်ရေးကိုယ်တာကိစ္စအတွက် စစ်ကားကိုမသုံးဘဲ လုပ်ငန်းတာဝန်အတွက်သာအသုံးပြုပြီး ပိုတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီများကို နိုင်ငံတော်သို့ပြန်လည်အပ်နှံတဲ့အတွက် ဒရိုင်ဘာရဲဘော်ကားသမားအတွက် အကြံအဖန်မရလို့ စိတ်ညစ်ရပေမဲ့ တသက်လုံးစစ်သက်(၄၀)နှစ်လောက် မပျက်မကွက်ကျင့်သုံးလာခဲ့တဲ့အတွက် မည်သူမဆို မလေးစားဘဲမနေနိုင်လောက်အောင် ရိုးသားတဲ့ကိုယ်ကျင့်တရားကို အသိအမှတ်ပြုကြရပါတယ်။ အချို့အရာရှိငယ်တွေလဲ အိမ်ကိုငွေပြန်မှာလို့ အောက်ခြေရဲဘော်တွေရဲ့အခက်အခဲများကို လက်ရေတပြင်တည်း ကူညီဆောင်ရွက်ပေးကြလို့ အိမ်ကအဖေ၊အမေတို့ရဲ့ ညူစူခြင်းတောင်မှခံရပါသေးတယ်။

၁၉၈၂-၈၃ ဝန်းကျင်က ရန်ကုန်မြို့မှာ နိုင်ငံတော်ကဖွင့်တဲ့ “ပျားဂေဟာကြက်ကျော်” အရောင်းဆိုင်များ အတော် ခေတ်စားခဲ့ပါသေးတယ်။ ဒါကြောင့်နယ်တပ်ရင်းတပ်ဖွဲ့တွေက မွေးမြူရေးကြက်များကို ရန်ကုန်မြို့သို့ပို့ပေးရပါ တယ်။ နတခ(ပုသိမ်)မှ ရန်ကုန်သို့ဇက်သင်္ဘောကြီးများဖြင့် သယ်ဆောင်ရာတွင်မြောင်းမြမြို့မှာ ညအိပ်ရပ်နား လေ့ ရှိပါတယ်။ မှောင်ရီပျိုးပြမြောင်းမြဆိပ်ကမ်းကိုကပ်တော့ “အာမီ(Army)ရမယ်၊ တောရမယ်”လို့ ဈေးရောင်း သလို လာအော်နေတာနဲ့ “အာမီ(Army) လိုချင်တယ်”ဆိုပြီး သူတို့ခေါ်နေတဲ့ နောက်ကိုလိုက်သွားတော့ သနပ်ခါး ပါးကွက်ကြားနဲ့ ညိုညိုတောင့်တောင့်အမျိုးသမီးအုပ်စုဆီကိုခေါ်ပြတယ်။ ကျွန်တော်တို့လိုချင်တဲ့ အာမီ(Army Rum) မဟုတ်လို့ တစုံတခုမှားယွင်းနေပြီဆိုတာကိုတော့ ခံစားလိုက်မိတယ်။ ခေါ်လာတဲ့သူကလဲ ရွှမ်းရွှမ်းဝေ အောင် ညွှန်းနေလိုက်ပါသေးတယ်။ “အမှန်အကန်တွေပါ။ သူတို့ယောင်္ကျားတွေ ရှေ့တန်းထွက်သွားတာတနှစ် ကျော်ပါပြီ။ ဈေးကောင်းရမယ်ဆိုရင် ကိုယ်ပိုင်နံပါတ်တွေကိုတောင်မှ ရွတ်ပြလို့ရပါတယ်။ လစာနဲ့ရိက္ခာ ရှေ့တန်းပါသွားလို့ တခါတလေမှသာလုပ်ကိုင်စားကြတာပါ။ ရောဂါကင်းရှင်းစေရမယ်။ အာမခံပါတယ်” ရှက်လဲရှက်၊ ဒေါသလဲထွက်လို့ ခေါ်လာတဲ့သူရဲ့မျက်နှာကို ဆွဲထိုးပစ်လိုက်မိတယ်။ အတူပါလာတဲ့တပည့်ဖြစ်သူ ကလဲ ပစ္စတိုဆွဲထုတ်လိုက်တော့ သူတို့အဖွဲ့အားလုံးထွက်ပြေးသွားကြပါတယ်။ ရှေ့တန်းမှာစခန်းအချိန်းအပြောင်း လုပ်လေ့ရှိတဲ့ ခလရ(၉၃)က ရဲဘော်တွေရဲ့မျက်နှာတွေကို ပြန်မြင်ယောင်မိတယ်။ သူတို့ကိုယ်စားလဲရင်နာမိ တယ်။ ဒီအဖြစ်ဆိုးမှာ ဘယ်သူ့ကိုနာကျည်းရမှန်းမသိဘဲ ဒေါသထွက်လို့ မျက်ရည်ကျမိတယ်။

ခြေလျင်စစ်သားတွေဟာ ရှေ့တန်းတွေမှာအနေများလို့ လုပ်ဖေါ်ကိုင်ဖက်၊ သေဖေါ်ရှင်ဖက်ရဲဘော်တွေကို အိမ်က မိန်းမထက် ပိုချစ်တတ်ကြပါတယ်။ လူပျိုဘဝကဆို သူငယ်ချင်းအားလုံးရဲ့ရတဲ့လစာတွေကို ခြင်ထောင်အမိုး ပေါ်မှာ စုတင်ထားပြီး အားလုံးစိတ်ကြိုက်သုံးစွဲတတ်ကြတယ်။ တယောက်နဲ့တယောက်နှမျောတွန့်တိုခြင်းလဲ လုံးဝမရှိကြဘူး။ အရပ်ဝတ်အင်္ကျီ၊ လုံခြည်ဆိုရင်လဲ ကြုံသလိုလူကယူဝတ်တတ်ကြလို့ ဘယ်သူ့ကိုယ်ပိုင်ပစ္စည်း လို့ကိုပြောလို့မရဘူး၊ အားလုံးဘုံပိုင်ပစ္စည်းလိုဖြစ်နေကြတယ်။ မိန်းမယူမယ်ဆိုရင်လဲ ကျန်တဲ့သူငယ်ချင်းတွေရဲ့ လစာကိုပါတစ်ယောက်တည်းယူထုတ်ပြီး မင်္ဂလာဆောင်လိုက်ကြပေမဲ့ တယောက်နဲ့တယောက်စိတ်မဆိုးတတ် ကြပါဘူး။ ၂၀၀၀ခုနှစ်ဝန်းကျင်လောက်က ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးသစ် (ယခင်လေဟာပြင်ဈေးဟောင်း) အနီး ကွက်လပ်မှာ မျက်မှန်အနက်တတ်ထားသူ မျက်မမြင်တဦးက ဝါးဆစ်ပိတ်တွေကို ပတ်ဝိုင်းတီးသလိုသံစဉ်နဲ့တီးပြီး ခြေနှစ်ဖက်ပြတ်နေသူက မယ်ဒလင်တီးလို့ သီချင်းသီဆိုဖျော်ဖြေနေတာကို လူအများဝိုင်းအုံလို့ နားထောင်နေကြ ပါတယ်။ နတ်ရှင်နောင်ရဲ့စစ်ချီသီချင်းကို အသံကောင်းကောင်းနဲ့ ပိုင်ပိုင်နိုင်နိုင်သီဆိုတီးခတ်နေတော့ သူတို့ရှေ့မှာ ချထားတဲ့ခွက်ထဲမှာလဲ ပြည်သူ့မေတ္တာသဒ္ဒါကြေး ငွေအသပြာတွေပြည့်လျှံလို့နေကြပါတယ်။ “မြင်စေချင်လွန်းလှသည်၊ တောင်တန်းပြာ စစ်စခန်းမှာ ကျောပိုးအိပ်ကိုလွယ်သည်....” လွမ်းစရာ့တေးသံ သီကျူးလို့ ခွက်စွဲတောင်းရမ်းစားသောက်နေကြရတဲ့သူတွေကတော့ ခလရ(၃၆)၊ တပ်ခွဲ(၃)မှ တပ်ကြပ်စိုးမြင့် (ခြေနှစ်ဖက်ပြတ်နေသူ)နှင့် ဒုတပ်ကြပ် မင်းသူ (မျက်စိနှစ်ဖက်စလုံးကန်းနေသူ) တို့ရဲ့ရင်နင့်ဖွယ်အဖြစ်ကို မြင်တွေ့လိုက်ရပါတယ်။ မင်္ဂလာဒုံစစ်ဆေးရုံ၊ နလံထဆေးရုံမှာ နှစ်ရှည်လများ ဆေးကုသခံနေရလို့ လစာနဲ့ရိက္ခာ မရတော့ဘဲ နောက်တန်းကျုံပျော်မြို့ တပ်ထဲမှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ခလေးတွေကို ပိုက်ဆံပြန်ပို့ပေးဖို့နဲ့ ဆေးဘိုး ဝါးခ တို့အတွက် အသက်မသေသရွှေ့ အမြဲတန်း လုပ်ကိုင်ရမဲ့ ရေရှည်အသက်မွေးဝမ်းကျောင်းအလုပ်ကို လေ့ကျင့်ပြင်ဆင်နေကြတာတဲ့။

“ငါ့မှာက ခလေး(၄)ယောက်နဲ့ တပ်ကထွက်ရင် ဘာလုပ်ကိုင်စားလို့ရမှာလဲ၊ ကျန်းမာရေးကလဲ မကောင်းဘူး။ မင်းတို့လိုလဲ ပညာမတတ်ဘူး။ နေစရာအိမ်လဲမရှိဘူး။ သေချင်လဲသေပါစေတော့ တပ်ထဲမှာပဲ ဆက်နေပါ တော့မယ်” ဆိုတဲ့ ငယ်သူငယ်ချင်းတဦးဖြစ်သူ ကပစ(၉)၊ ညောင်ခြေထောက်(ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်) ကတပ်သားကြီး ဝင်းမြင့်ရဲ့ညီးတွားညီးညူသံကို ကြားယောင်မိနေပါသေးတယ်။ သူတို့ရဲ့ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့တပ်က ကျည်ဆံ၊ အမြောက်ဆံ၊ ဗုံးဆံတွေကို ထုတ်လုပ်ရတာဆိုတော့ ယမ်းမှုံ့တွေကြားမှာနေရ တယ်။ သူတို့အလုပ်ကိုကယမ်းစပ်ရတဲ့ အလုပ်။ လူကြီးတွေလာစစ်ဆေးတဲ့ အချိန်မှာဘဲ နှာခေါင်းစီးဝတ်စုံတွေကို မြင်ရတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ယမ်းမှုံ့တွေက နှာခေါင်းကတဆင့် အဆုတ်ထဲမှာ ယမ်းတိုက်တခုလို ပြည်လျှံနေတာဘဲ။ ငယ်ရွယ်စဉ်တုံးကဆိုရင် ယမ်းနံ့မရရင်တောင်မှ ထမင်းစားလို့မဝင်၊ အိပ်လို့မပျော်တောင်မှ ဖြစ်တတ်တယ်။ စစ်သက်လေးရလာတော့ တီဘီအဆုတ်ရောဂါကနေ အဆုတ်ကင်ဆာရောဂါတွေထိ ဖြစ်ကုန်တယ်။ တီဘီရောဂါအရှိန်မြင့်လို့ မိတ္ထီလာကူးစက်ရောဂါဆေးရုံကို သွားရောက်ဆေးကုသမဲ့အချိန်မှာ တပ်ကထွက်ဖို့ အကြံပေးပေမဲ့ အဆုတ်ကင်ဆာနဲ့ပဲ သေသွားတဲ့အထိတပ်ထဲမှာနေသွားခဲ့တယ်။

ရန်ကုန်မြို့လည်ခေါင် တိုက်ကြိုတိုက်ကြားတွေမှာ လုံခြုံရေးယူရတဲ့ စုတ်ပြတ်သတ်နေသော ခြေလျင်စစ်သား ရဲဘော်လေးများကိုတွေ့မြင်ရတတ်ပါတယ်။ တနေ့ ညောင်နာနာရဲဘော်ခပ်ငယ်ငယ်လေးတဦးကို စစ်ဗိုလ်အရာရှိ တဦးက ပါးရိုက်ထိုးကြိတ်နေတာကို ဆူးလေဘုရားအနီး (၃၂)လမ်းအောက်ဘလောက်မှာတွေ့လိုက်ရတယ်။ စုံစမ်းမေးမြန်းကြည့်တော့ နောက်တန်းမှော်ဘီတပ်ထဲက မိန်းမလိုက်လာတာကိုတွေ့လို့။ တာဝန်ထမ်းဆောင် နေစဉ်မှာ စစ်ဆင်ရေးသတင်းပေါက်ကြားတယ်ဆိုတဲ့ ပုဒ်ထီး၊ပုဒ်မတွေတပ်ပြီး ရဲဘော်လေးကို ဆုံးမနေလိုက်တာ မျက်နှာတခုလုံးကို ဖူးယောင်လို့။ သူတို့တပ်ကလဲ VIP လူကြီးများလုံခြုံရေးနဲ့ ရန်ကုန်မြို့တွင်းမှာရှိတဲ့ အဖျက် သမားများကို ခြေမှုန်းရေးအတွက် ဆိုဘဲ။ ရန်ကုန်မြို့ထဲနဲ့ မှော်ဘီမြို့ဟာ သိပ်မဝေးပေမဲ့ မိသားစုနဲ့မတွေ့ရတာ လနဲ့ချီနေပြီ၊ ခုလဲအငယ်ကောင်နေမကောင်းလို့ ဆေးဘိုးဝါးခအရှာထွက်ဖို့ကိစ္စကို လာတိုင်ပင်တာ။ ခုနက ဆုံးမလိုက်တဲ့ တပ်ခွဲမှူးရဲ့ကတော်ကတော့ နေ့တိုင်းဘဲ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းလို့ လာတွေ့ပြီး လင်တော်မောင်ကိုကို့အတွက် အရပ်ဘက်နေရာကောင်းကောင်းပြောင်းရွှေ့ရဖို့ တိုင်းမှူးအဘရဲ့ ကတော် မမအတွက် စိန်တဆင်စာဝယ်ကန်တော့ထားတယ်ဆိုပါလား။ အရပ်ထဲမှာ ဒီမိုကရေစီအော်နေပေမဲ့ တပ်ထဲမှာတော့ ရှင်ဘုရင်စနစ်ပရေသရာဇ် ခေတ်စားနေပါတယ်။ တပ်ရင်းမှူး၊ တပ်ခွဲမှူးတို့ရဲ့အိမ်မှာ အကြပ်၊ ရဲဘော်တွေရဲ့ မိန်းမတွေဟာ ထမင်းချက်၊ ဟင်းချက်၊ အဝတ်လျှော်၊ ကြမ်းတိုက်နဲ့ အိမ်ဖေါ်အလုပ်ကို လုပ်နေ ကြတာလင်တော်မောင်ကိုကိုတို့ ရာထူးတက်ဖို့၊ နေရာကောင်းရဖို့အရင်းအနှီးလုပ်နေကြရတာ။ ခပ်ငယ်ငယ်၊ လှလှပပမိန်းမကလေးများကတော့ အဘတို့ဆီမှာ ခြေတော်အတင်ခံလို့ခန္ဓာကိုယ်ကိုရင်းလိုက်ကြတာ လင်မယား ချင်းရန်ဖြစ်တော့မှဘဲ “နင်ရာထူးတက်နေတာ၊ နင်တော်လို့မဟုတ်ဘူးအကောင်ရဲ့၊ ငါ့ဟာကောင်းလို့၊+++” မကြားဝံ့ မနာသာဖြစ်ရပ်မှန်တွေကို ခင်းကျင်းပြသကြတာ ယိုသူမရှက်ပေမဲ့၊ မြင်သူကတော့အတော်ရှက်မိပါရဲ့။

ပရေသရာဇ်စစ်ဗိုလ်ချုပ်ကြီးတွေသာမက သူတို့ရဲ့သမီးတွေကလဲ အကဲပြိုင်လိုက်ကြသေးတယ်။စတန့်ထွင်လို့ နန့်ချင်ကြတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့သမီးကြီးက လင်တော်မောင်ဗိုလ်မှူးဆရာဝန်ကို အလိုက်ပေးကွာပြီး “ထူးကုမ္ပဏီ” သူဌေးလေး ကိုတေဇကို တရားဝင်ယူဖို့ ကြိုးစားပေမဲ့ ကွယ်ရာမှာနှာခေါင်းရှုံ့ပြီး လူပြောစရာ ဖြစ်မှာစိုးလို့ တပ်ချုပ်ကြီးကခွင့်မပြု တော့ လင်မယားအဖြစ်တရားမဝင်ပေမဲ့ အတူတူနေ၊ အတူတူအိပ် Living together ပေါ်တင်ဘဲနေလိုက်တယ်။ တပ်ချုပ်ကြီးသမီး အငယ်မရဲ့ စိန်စီတဲ့ည မင်္ဂလာဆောင်ကတော့ တိုင်းသိ ပြည်သိသာမကဘဲ ကမ္ဘာသိတဲ့အထိ လဘ်ပေးလဘ်ယူ လှည်းကျိုးထမ်းတဲ့ မင်္ဂလာဆောင်ပွဲဖြစ်ခဲ့တယ်။

၁၉၈၈ဒီမိုကရေစီအရေးတော်ပုံမှာ တပ်မတော် ကြည်း၊ရေ၊လေ တပ်မတော်သားများ ချီတက်ဆန္ဒပြခဲ့ကြတာ ကလဲ ကမ္ဘာအသိပါဘဲ။ ခလရ(၁၆)လေထီးတပ်က ရဲဘော်တွေဟာ ကြည်းတပ်ကို ကိုယ်စားပြုခဲ့ကြသလို သံလျှက်စွန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်(ဧရခ)က ရဲဘော်တို့ဟာ ရေတပ်ကို ကိုယ်စားပြုခဲ့ကြပြီး ပြုပြင်ထိမ်းသိမ်း ရေးလေတပ်စခန်း (လပထ)ကရဲဘော်တွေဟာ တပ်မတော်(လေ)ကို ကိုယ်စား ပြုခဲ့ကြ တာတွေဟာ ခိုင်မာကြံ့ခိုင်တဲ့စိတ်ဓါတ်တွေဘဲဖြစ်ပါတယ်။ ယနေ့ထိဆိုရင် အမြင်မှန်ရလို့ နွေးထွေးတဲ့ပြည်သူ့ ရင်ခွင်မှာ လာရောက်ခိုလှုံတဲ့ တပ်မတော်သား စစ်သည် အမြောက်အများဒုနဲ့ဒေးရှိနေပါတယ်။ ရဲဘော်တို့ နေ့စဉ် ရွတ်ဆိုနေကြတဲ့ သစ္စာဓိဌာန်(၄)ချက်ရဲ့ အဓိပ္ပါယ်အနှစ်သာရနဲ့လဲကိုက်ညီလို့နေပါတယ်။

- ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာကို စောင့်သိရိုသေပါမည်။

- ငါတို့သည် ကျဆုံးလေပြီသော တပ်မတော်သားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်။

- ငါ့အားအထက်မှပေးအပ်သောအမိန့်နှင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။

- ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်။

ရဲဘော်တို့ အပြန်အလှန်စဉ်းစားမိကြရဲ့လား။ ဆင်းရဲမွဲတေနေသောနိုင်ငံတော်၊ ငတ်ပြတ်ဘိုက်မှောက် နေကြသော နိုင်ငံသားများနှင့် ကျဆုံးလေပြီးသော၊ မကျဆုံးသေးဘဲ ဂျိုင်းထောက်နှင့် တပ်မတော်သား ရဲဘော်တို့၏ သစ္စာကို အမှန်တကယ်စောင့်သိရိုသေနေကြပြီလား။ အဖန်ငါးရာငါးကမ္ဘာ ကံကြီးထိုက်စေ မဲ့ အဇာတသတ်အမိန့်အာဏာများကို ကျေပွန်စွာထမ်းဆောင်ကြရမှာလား။ ရတောင့်ရခဲတဲ့ လူ့ဘဝမှာ အဘိုးမဖြတ်နိုင်တဲ့ ရဲဘော်တို့ရဲ့အသက်နဲ့ခန္ဓာကိုယ်ဟာ ဘယ်သူတွေအတွက်စွန့်လွှတ်ထိုက်ပါသလဲ။ အမှန်တရားသစ္စာစူးမဲ့ ကုသိုလ်၊အကုသိုလ်အတိမ်အနက်ကို ကောင်းကောင်းစဉ်းစားကြစေချင်တယ်။ အချိန်မနှောင်းသေးပါဘူး။ စစ်လေ့ကျင့်ရေးကျောင်းများမှ စစ်ဆင်ရေးစစ်မြေပြင်များအထိ ချွေးထွက်များ မှ သွေးထွက်နဲမဲ့ ဆောင်ပုဒ်များကို အမှတ်ရသတိရစေချင်ပါတယ် ....

- လေ့ကျင့်ရင်းတိုက်၊ တိုက်ရင်းလေ့ကျင့်

- စည်းရုံးရင်းတိုက်၊ တိုက်ရင်းစည်းရုံး

- တစ်၊ နှစ်၊ သုံး၊ လေး .....ပြည်သူ့စစ်သား

- ပြည်သူ့စစ်သား ...........ပြည်သူ့စစ်သား

- ပြည်သူ့စစ်သား .......... ဘယ်သူ့အတွက်လဲ၊ ဘယ်သူ့အတွက်လဲ.....ဘယ်သူ့အတွက်လဲ....။
(လွင်မောင်သန်း)
posted by မြင့်ဇေ @ 7:59 AM  
1 Comments:
  • At January 24, 2009 at 12:18 PM, Blogger ဒေါင်းမင်း said…

    ကောင်းလိုက်တာဗျာ....ဘယ်လိုဖက်လို့ကောင်းမှန်းမသိဘူး...
    ဖက်ရင်းရင်နာတယ်..လက်တွေတောင်တုန်တယ်...
    တကယ်ပါ............

     
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com