Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
တောင်ပေါ်သူရဲ့ ငြိမ်းချမ်းရေးပုံပြင် (ပထမပိုင်း)
Tuesday, June 19, 2007
တောင်ပေါ်သူရဲ့ ငြိမ်းချမ်းရေးပုံပြင် (ပထမပိုင်း)

၁။
အဲဒီနေ့ကို ကျမ ဘယ်အချိန်ဖြစ်ဖြစ် အမှတ်ရနေမှာပါ။ ကျမအသက်က ခပ်ရွယ်ရွယ်။ ကျမတို့ရွာထဲ စစ်ကြောင်းတ
ကြောင်းဝင်လာတယ်။ ဒီကိစ္စက သိပ်ထူးဆန်းတဲ့ ကိစ္စရယ်တော့ မဟုတ်ဘူး။ စစ်မက်ဖြစ်ပွားတဲ့ အရပ်ဆိုတော့ အစိုးရစစ်ကြောင်းရော၊ ကျမတို့လူမျိုးတွေနဲ့ ဖွဲ့ထားတဲ့ စစ်ကြောင်းတွေရော ရွာတွေကို အမြဲဝင်ထွက်နေတာ လေ။ ၀င်လာတဲ့ စစ်ကြောင်းက ကျမတို့လူမျိုးတွေရဲ့ စစ်ကြောင်း။ ဘယ်စစ်ကြောင်းဖြစ်ဖြစ် ရွာထဲဝင်ရင် အိမ် တွေမှာ ခွဲတည်းကြတယ်။ အဲဒီနေ့က တောင်ယာပေါင်းလိုက်ပြီးလို့ ရွာကို ကျမပြန်လာတော့ အိမ်မှာ ရဲဘော် တဖွဲ့တည်းနေတယ်။ ပိုးလာတဲ့ ပလိုင်းကို ချရင်း မီးဖိုထဲက အမိုးကို စကားလှမ်းပြောတယ်။ အဲဒီမှာ ထမင်းချက် နေတဲ့ ရဲဘော်တယောက်နဲ့ မျက်လုံးချင်းဆုံမိတယ်။


ကျမရင်ထဲ တချက်နွေးခနဲ ဖြစ်သွားတယ်။ ဘာကြောင့် ဖြစ်လဲဆိုတာတော့ ကျမ စာမသင်ခဲ့ဘူးပေမယ့် အရွယ် ရောက် မိန်းကလေးငယ် တယောက်အနေနဲ့ သိပါတယ်။ ကျမလည်း မီးဖိုချောင်ထဲဆင်းပြီး ရေပြောင်းတွေပိုး ရင်း`အမိုး၊ရေဆိပ်ဆင်းဦးမယ်´ဆိုတော့ အမိုးက `ဟဲ့ ၊ နည်းနည်းပါးပါး နားဦးလေ´လို့ပြန်ပြောတယ်။ `ရပါတယ်´ ကျမပြောပြီး အဲဒီရဲဘော်ရှေ့က ဖြတ်လျှောက်ခဲ့တယ်။ ခုနခံစားမှုကြောင့် ရှက်နေမိပေမယ့် ရှိုးတိုးရှန်းတန်းတော့ ဖြစ်မနေပါဘူး။ ကျမ အိမ်အောက်ဆင်းလာရင်း သူနောက်က လိုက်ကြည့်နေမယ်ဆိုတာ ကို လှည့်မကြည့်ပေမယ့် အလိုလိုသိနေတယ်။

ဒီလိုနဲ့ ညရောက်တော့ စကားပြောရင်း သူ့နာမည်ကို သိရတယ်။`သိုင်´တဲ့။ ကျမတို့ဘာသာစကားအရဆိုရင် ပဉ္စမမြောက်သားပေါ့။

၂။
အဲ့ဒီ မျက်လုံးချင်းဆုံမိတဲ့ အဖြစ်တွေကို ဘ၀ရဲ့ အလုပ်တွေက ဖုံးအုပ်လိုက်တာနဲ့ မေ့မေ့လျော့လျော့ ဖြစ်ခဲ့တာ အချိန်တော်တော်ကြာသွားခဲ့တယ်။

ကျမတို့ ဘ၀က အပြောင်းအလဲမရှိဘဲ သံသရာလည်နေခဲ့တာ။ နှစ်စကနေ တောင်ယာခုတ်၊ မီးရှို့ ကျွန်းခွေ၊ တဲဆောက်၊ ခြံကာ၊ ဆူးထိုး၊ ပေါင်းလိုက်၊ စပါးရိတ်.... နှစ်ဆုံးတော့ တလလောက်နားရတယ်။ ဒီကြားထဲ နောင် နှစ်အတွက် ထင်းခွေပေါ့။ ကျမတို့ဒေသမှာ ကလေးတယောက် လေးငါးနှစ်အရွယ် ရောက်ရင် ကျောင်းပို့ဖို စဉ်း စားတာထက် ရေတွေ ၊ စပါးတွေ ဘယ်လောက် သယ်နိုင်၊ ထမ်းနိုင်မလဲ။ မိဘတွေ တောင်ယာသွားရင် ကိုယ့်ထက်ငယ်သူတွေကို ထိန်းကျောင်းပေးနိုင်မလား။ ဒီလိုအလုပ်တွေကိုပဲ စဉ်းစားရတယ်။ ပညာတတ်ဆို တာထက် ကူဖော်လောင်ဘက် ဖြစ်လာဖို့ကို စဉ်းစားရတယ်။ မိဘတွေအနေနဲ့ ပညာကို မေ့လျော့ထားတာ မဟုတ်ပေမယ့် ဘ၀ရဲ့ ရပ်တည်ရေးကို ဦးစားပေးရတာနောက်တခုက ကျမတို့ဒေသမှာ ဖွင့်ထားတဲ့ ကျောင်းက နည်းလွန်းတယ်။ ပြီးတော့ ဆရာ၊ ဆရာမ၊ စာအုပ်စာတမ်းကလည်း ရှားပါးတယ်လေ။

တခါက ကျမ တောင်ယာခင်းထိပ်မှာ မောင်လေးနဲ့ကစားနေတုန်း ( အဲဒိအရွယ်က ကျမရှစ်နှစ်လောက်ရှိပြီ ထင်တယ်။ ) မောင်လေးက တောင်တန်းတွေကို လက်ညှိုးထိုးပြရင်း `အားမူ၊ အဲဒီ့တောင်တွေရဲ့ ဟိုဘက်မှာ ဘာတွေ ရှိလဲ။´ မေးတော့ ကျမက ဂုဏ်ယူဝင့်ကြွားတဲ့အသံနဲ့ `ဟဲ့၊ ကားတွေ၊ လေယာဉ်ပျံတွေ၊ မြို့တွေ အများ ကြီးရှိတာပေါ့ ´လို့ပြန်ဖြေမိတယ်။ အဲဒါနဲ့ သူက `နင်တွေ့ဘူးလား´ ဆက်မေးတော့ ကျမ ချက်ချင်းပြန် မဖြေနိုင် ဘူး။ အမှန်က အခါအခွင့်သင့်လို့ မြို့ကို ရောက်ဖူးတဲ့ရွာကလူတွေ ပြောတာကြားဖူးနားဝနဲ့ ပြန်ပြောလိုက်တာပါ။ ဘယ်လို ပြန်ပြောရမယ်ဆိုတာ တွေးရင်း မောင်လေးကိုကြည့်တော့ အားကျတဲ့အကြည့်နဲ့ ကျမကို ကြည့်နေတာ မြင်ရတယ်။ ကျမအဖြေပေးမိတာက ` ငါလည်းနင့်လိုပဲ ရွာကနေ ဘယ်မှ မရောက်ဖူးဘူးဆိုတော့ ဒါတွေ ဘယ်မြင်ဖူးမလဲ´။ ကျမဖြေပြီးတဲ့အချိန်ကို မှတ်မိနေသေးတယ်။ ဘာကြောင့် မှန်း မသိ၊ ကျမတို့ မောင်နှ မ နှစ်ယောက်လုံးတိတ်ဆိတ်သွားတယ်။ နှစ်ဦးစလုံးတင် မကပါဘူး၊ ၀န်းကျင် တခုလုံးပါ တိတ်ဆိတ်နေတယ်။ အဲဒီအချိန်မှာ ရုတ်တရက် အဝေးကနေပြီး အသံတွေကြားရတယ်။ ပေါက်ကွဲသံတွေပေါ့။ သေချာတယ်။ ကျမတို့ ရဲ့ အသိအရ တိုက်ပွဲဖြစ်နေပြီ။ ဒါဆို ဒီညတောထဲမှာ သွားအိပ်ရတော့မယ် ဆိုတာကလည်း နောက်ထပ် သေချာတဲ့ အရာတခုပဲဆိုတာ ကျမသိလိုက်တယ်။ ကျမတို့ရဲ့ ဘ၀အကြောင်းပြောရင်း သတိရမိတဲ့ ငယ်စဉ်က အဖြစ်အပျက်တခုပါ။

၃။

သမရိုးကျ အလုပ်တွေလုပ်ရင်း ကျမတို့ရဲ့ ဒေသထဲမှာ ခရစ်စမတ်ရဲ့ မြော်က်ပြန်လေနဲ့အတူ သတင်းတခု ရောက် လာတယ်။ ၀မ်းသာစရာသတင်းပါ။ အဲဒီသတင်းနဲ့ မရှေးမနှောင်းပဲ အလုပ်တွေကြောင့် ကျမ မေ့နေခဲ့တဲ့ သူလည်း တပ်ဖွဲ့တခုနဲ့အတူ ရွာကို ရောက်လာတယ်။ ဒီတခေါက်တော့ ကျမတို့အိမ်မှာ မတည်းဖြစ်ဘူး။

အိမ်မှာ မတည်းဖြစ်ပေမယ့် ကျမ် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အကြိမ်ကြိမ် ချီးမွမ်းနေမိတယ်။ ၀မ်းသာစရာ သတင်းက `အစိုးရတပ်နဲ့ ကျမတို့ လူမျိုးစုတွေကြား နားလည်မှုရတော့မယ်။ ဒေသတခုလုံး ငြိမ်းချမ်းတော့ မယ်´ ဆိုတာပါပဲ။ ကျမကတော့ မမြင်ရတာ ကြာခဲ့ပြီဖြစ်တဲ့ သူ့ကို သူမမြင်ဘူးထင်တဲ့နေရာက ခိုးကြည့်ရင်း သူ များတွေထက် ပိုဝမ်းသာနေမိတာပေါ့။ပြီးတော့ စိုးရိမ်စိတ်လည်း ဖြစ်ခဲ့တယ်။ သူ့အကြောင်းလည်း ဘာမှမသိရ။ ပြီးတော့ သူတို့က နေရာအနှံ့လျှောက်သွားနေသူတွေ ဆိုတော့ ကျမထက်ဦးသူ ရှိနေမလားဆိုတဲ့ အတွေး ကြောင့်ပါ။ ဘာပဲဖြစ်ဖြစ်ကျမဘ၀မှာ အဲဒီကာလဟာ ကြည်နူးစရာ ကောင်းတဲ့အချိန်ပါ။

ဒေသအတွင်းမှာ ငြိမ်းချမ်းရေးသတင်းတွေ ပြန့်လာတော့ အားလုံးက ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေကြတယ်။ ပေါ်တာအဆွဲခံရတာတွေ၊ စစ်စခန်းတွေမှာ လုပ်အားပေးလုပ်ရတာတွေ၊ ကျီးလန့်စာစား တောမှာ အိပ်ရတဲ့ ညတွေ မရှိတော့ဘူးဆိုပြီး တွေးသူကတွေး၊ ကျောင်းတွေ၊ လယ်ကွင်းသစ်တွေ ငြိမ်းချမ်းရေး မြို့သစ်တွေ ဖြစ်လာ တော့မယ်ဆိုတဲ့ အတွေးနဲ့ ပျော်သူကပျော်။ တကယ့်ကို စိတ်ချမ်းသာစရာတွေ စုပြုံရောက်ရှိလာတဲ့ ကာလပေါ့။

သိပ်မကြာခင်မှာဘဲ ကျမတို့ရွာနဲ့ ဆိုင်တဲ့ သတင်းတခု ကြားရပြန်တယ်။ အစိုးရက အစစ်အမှန်ပေးမယ်ဆိုတဲ့ ငြိမ်းချမ်းရေးကြီး ယူမယ့် အခမ်းအနားမှာ ရွာက လူငယ်အဖွဲ့က ရိုးရာယဉ်ကျေးမှု အကသွား ကရမယ်....တဲ့။ရွာ ကလူကြီးတွေက လူငယ်တွေကို ပြောပြတော့ တဖွဲ့လုံး ပျော်လိုက်ကြတာ။ ရေခပ်ဆင်းလည်း ဒီအကြောင်း။ ထင်းခွေလည်း ဒီအကြောင်း။ ကိုယ့်အဖော်နဲ့ ကိုယ် စကားပြောတိုင်း ဘယ်တော့မှ မနီးစပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ကြီးကို ဘယ်တော့မှ မရောက်ခဲ့ဘူးတဲ့ မြို့မှာ သွားယူရတော့မယ်ဆိုတဲ့ အတွေးနဲ့ ၀မ်းသာခဲ့ကြတာ။

၎။

ဒီလိုနဲ့ ကျမတို့ လူငယ်တွေ မျှော်လင့်တကြီးနဲ့ ရိုးရာအကကို ကျင့်ကြတယ်။ အက ကျင့်လို့ လေးရက် ကြာတဲ့ည မှာပေါ့။ အကတိုက်ဖို့ လူမစုံသေးတာနဲ့ ကျမတယောက်တည်း အက ကျင့်တဲ့ကွင်းက မီးပုံနံဘေး ထိုင်နေတုန်း အနားကို လူတယောက်ရောက်လာတယ်။ ကြည့်လိုက်တော့ လရောင်ရေးရေးနဲ့ မီးပုံရဲ့ အလင်းကြောင့် ဘယ်သူ လဲဆိုတာ သိလိုက်တယ်။ ` သိုင် ´ ဟုတ်တယ်။ သိုင်ပါ။ ဘေးဘီကြည့်တော့ ဘယ်သူမှ မရောက်သေး။ ကျမ ရှက်ရွံ့ စွာနဲ့ မီးပုံကို တုတ်တချောင်းနဲ့ ထိုးဆွလိုက်တော့ မီးပွားတွေ လွင့်စင်သွားတယ်။ ` ဖြည်းဖြည်း လုပ်ပါ။ အားမူရယ်။ ကိုယ့်ရဲ့ မရှိမဲ့၊ ရှိမဲ့ ယူနီဖောင်းလေး မီးပေါက်သွားပါဦးမယ်။ ´ သူက ပြောရင်း ဘေးနားဝင်ထိုင် တယ်။ ကျမဘာမှ ပြန်မပြောမိ။ စတွေ့စဉ်ကထက် ပိုရှက် နေသလို ခံစားမိတယ်။ ကြည့်နေတဲ့ သူ့ရဲ့ မျက်လုံးတွေအောက်မှာ ကျမ ခန္ဓာကိုယ်က ပိုသေးကျုံ့ သွားသလို။ `စကားလေးဘာလေး ပြောပါဦး အားမူး ရယ်။ ´ ကျမသူ့ကို မကြည့်ရဲ။ ဘာပြန်ပြောရမှန်းလဲ မသိ။ မီးပုံကိုပဲ လက်ထဲက တုတ်နဲ့ အကြောင်းမဲ့ ထိုးဆွနေ မိတယ်။ နောက်တခါ သူထပ်ပြောတော့ `ကျမဘာပြောရမှာလဲ´ လို့ တိုးတိုးလေးပြန်ပြောတော့..။

`ဒါဆို ကိုယ်ပြောမယ်လေ´ တဲ့။

အဲဒိအချိန်မှာ တယောက်ယောက် ရောက်လာပါစေလို့ ကျမ ဆုတောင်းနေမိတယ်။ အဲဒီအချိန်မှာ သူဆက်ပြော တာက ... `အားမူ၊ ကိုယ် မင်းကို ချစ်တယ်။ မင်းကို လက်ထပ်ချင်တယ်´ တိုးပေမယ့် ကျမ အကုန်ကြားနေရ တယ်။ နောက်စကားတွေ အားလုံးကို မမှတ်မိပေမယ့် ပြောတာတွေက သူ့ရဲ့ အချစ်ကို လက်ခံဖို့နဲ့ ယုံဖို့ ဆိုတာ တွေပါပဲ။

`ကိုယ့်ကို ပြန်ချစ်နိုင်မလား´ လို့ သူမေးပြန်တော့ ကျမပိုတိုးလို ရှက်နေမိတယ်။

`ဖြေလေကွယ်´ ပြောတော့ ကျမ ခေါင်းညိတ်မိမလို ဖြစ်သွားသေးတယ်။ အဲဒီအချိန်မှာပဲ အကတိုက်မယ့်သူ တွေ ရောက်လာတယ်။ အဲဒါနဲ့ ကျမလည်း အပြေးတပိုင်း သူ့နံဘေး ထသွားတယ်။ အကတိုက်ရင်း သူမပြန်ဘဲ ကြည့်နေတာကို ကျမ မြင်နေရတယ်။

အဲဒီညမှာ အဖော်တွေက ` နင့်ကကွက်တွေ မှားလှချည်လား´ လို့ ကျမကို ၀ိုင်းပြောခဲ့တယ်.... သိုင်။



ဆက်လက်ဖော်ပြပါမည်။

Labels:

posted by မြင့်ဇေ @ 9:00 PM  
1 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com