Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
မိုးမှာ မွေးဖွားခဲ့တယ် ၊ တပြိုင်နက်တည်းလည်း ထွက်ခွာခဲ့ရတယ်။
Saturday, June 23, 2007
မိုးမှာ မွေးဖွားခဲ့တယ် ၊ တပြိုင်နက်တည်းလည်း ထွက်ခွာခဲ့ရတယ်။

အမကြီး မေငြိမ်း ၀က်ဆိုက်ကို ၀င်ကြည့်တော့ မိုးကိုဖွဲ့ဘို့tag လုပ်ထားတယ်။ တော်တော်တွေတွေငေးငေးလဲ ဖြစ်သွားတယ်။ ရုံးခန်းအပြင် ဖြတ်ကြည့်တော့ နေရောင်က စူးစူးရဲရဲ။ မိုးရာသီတော့ မိုးရာသီပါဘဲ။ နေရ ထိုင်ရတာ ပူလွန်းလှတယ်။ ဒါနဲ့ အခြား ဘလော့(ဂ်)ဂါ တွေရဲ့ ဆိုက်တွေဝင်ကြည့်လည်း မိုးဖွဲ့ များ။ တမျိုးတဘာသာ ရေးဖွဲ့ထားကြတယ်။ အရောင်များက စုံလွန်း။ အဲဒါနဲ့ ဘာကို ရေးရမလဲ။ မိုးနဲ့ပတ်သက်လို့ ဘာများအမှတ်ရစရာ ရှိခဲ့သလဲ။ ကျနော်က စာရေးကောင်းလည်း မဟုတ်ဆိုတော့။ ကိုယ့်အကြောင်းဘဲ ကိုယ်ရေးလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က မိုးရာသီဖွား။

၁၉၈၉ ဇွန်-ဇူလိုင်လများ အတွင်း…..။ မိုးနှင့် အပြိုင် မြန်မာပြည်နိုင်ငံရေး အခြေအနေကလည်း သည်းသန် ပြင်းထန်လွန်းလှသည်။ န၀တ၏ အဖမ်းအဆီးကလည်း လက်သံပြောင်သည်။ ကိုမိုးသီး တောခိုသွားခြင်း၊ ကိုမင်းကိုနိုင် အဖမ်းခံရခြင်း၊ ကိုကိုကြီး စသဖြင့် နာမည်ကြီးခေါင်းဆောင်များ၊ ဆက်စပ်နေသည့်လူများ ကို ဖမ်းဆီးခြင်းများ၊ မန္တလေးတွင် ဗကသ၊ မကသ တို့၏ အပြိုင်ညီလာခံများ၊ ကိုညိုထွန်း အဖမ်းခံရမှု၊ ပြန်လွတ် လာမှု စသဖြင့် …။ ဒီအခါ ကျနော်တို့ ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ခဲ့ကြ။ အမျိုးသားနိုင်ငံရေး တပ်ပေါင်း စု(မနတ)၊ ပြည်သူ့တိုးတက်ရေးပါတီ၊ ဦးဂွယ်လမ်းတို့ကို လွန်းပြန်ပြေးလွှားကြ။တရားဟောစင်မြင့်က ဒေါ်စု၊ အဲန်အယ်ဒီနှင့် ဒေါ်စု ၀န်းရံရေး၊ အာဏာဖီဆန်ရေး၊ `မတရားတဲ့ ဥပဒေ မှန်သမျှ တာဝန်အရ ဖီဆန်ကြ´။

အဲဒီနှစ်ရဲ့ မိုးရေများနဲ့ အတူ … သတင်းများက တပုဒ်ပြီးတပုဒ် ၀င်လာခဲ့တယ်။ ဘယ်သူတော့ အဖမ်းခံရပြန် ပြီ။ ဘယ်သူဘယ်ဝါတော့ ဘယ်နေရာမှာ ဆွဲသွားပြီ။ နေ့စဉ်ရက်ဆက် ကြားနေရတဲ့ အဖြစ်များ။ ကျနော် လည်း ဘယ်နေ့ပါမယ်ဆိုတာ မသိ။

ထိုကာလက ကျနော့်ကို လုပ်ဘော်ကိုင်ဘက် တချို့က သတိပေးခဲ့ကြတယ်။ ပေါ်နေတဲ့ အနေအထားကို ပြန် ငုတ်ရန်။ ကျနော်ကတော့ ငုတ်ငုတ်၊ မငုတ်ငုတ် သိပ်မထူးတော့။ တယောက်ကျလျှင် တယောက်အစားထိုးရ မယ် မဟုတ်လား။

ထိုညက အိမ်ပြန်မအိပ်ဖြစ်။ ကြည့်မြင်တိုင်ကလုပ်တဲ့ အစည်းအဝေးတခုမှာ အတော်လေး ညဥ့်နက်သွားခဲ့ တယ်။ ကျနော်တို့အိမ်က မင်္ဂလာဒုံ လေယာဉ်ကွင်း၏ အနိမ့်ဘက်။ မိုးရွာရင် လေယာဉ်ကွင်းမှ ကျလာတဲ့ ရေတွေက တခါတရံ အိမ်ကြမ်းပြင်အထိ။ မိုးကရွာ၊ ရေကကြီး၊ မီးကမဲ့၊ ပုဆိုး ဂွင်းသိုင်းပြီး လျှောက်ရမယ့် ကိန်းကြောင့် မြင်ကာ အစည်းအဝေးလုပ်ရာ နေရာမှာဘဲ ကျောခင်းလိုက်တယ်။ မှတ်မှတ်ရရ … ဇူလိုင် ၁၁ ရက် ည။

ထိုညကုန်လွန်သည်အထိ ဘာမှ မသိသေး။ အိမ်ကှ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ လှိုင်မြို့နယ်ကို သွား တယ်။ ဆိုင်ရောက်တော့ ပုံမှန်သောက်နေကျ သူတွေအကြား ဘာလုပ်ရမှန်းမသိတဲ့ မျက်နှာနဲ့ ကျနော့်ညီ။ မေမေ့ကို မတွေ့ရ။ အဖေလည်း မတွေ့။ အဖျော်ဆရာကလည်း ဘာသာရေးအရ အကျရည်စပ်ပေးပြီး ဘုရား တက်၊ ပုတီးစိပ်ရန် ထွက်သွားပြီ။ ကိုယ်တိုင်ဝင်ဖျော်ပြီး ညီလေးကို စားပွဲထိုးခိုင်း။အားလုံးက အလွဲလွဲ အချော်ချော်။ ကော်ဖီသောက်မည့်သူကို လက်ဖက်ရည်ချပေး စသဖြင့် ။ ပြီးမှ ညီလေးက ပြောသည်။ ညက အဖေ့ကို ဆွဲသွားပြီ ဆိုသည့်အကြောင်း။ ကျနော် ရုတ်တရက် မှင်သက်မိသွားခဲ့တယ်။

နေ့လည် အမေ ရောက်ချိန်မှ ဖြစ်ပျက်ပုံအလုံးစုံကို သိရတယ်။ ဖြစ်ပုံက မနက် ၃နာရီခွဲလောက် အိမ်ရှေ့ကအဖေ့နာမည်ကို ခေါ်တော့ အဖေကလည်း သူ့ကို လာဖမ်းပုံထင်ပုံမရ။ ကျနော့် လာရှာတယ်လို့ပဲ ထင်ပုံရတယ်။ ခြံတံခါးဖွင့်ပေးတော့ ` ဦး……… ဆိုတာ ခင်ဗျားမဟုတ်လား´ မေးပြီး `ခဏလိုက်ခဲ့ပါ၊ စုံစမ်းစရာရှိလို့´ လို့ပြောတယ်။ ပါလာတဲ့ ရပ်ကွက် ရ၀တတွေက မျက်နှာခပ်ပျက်ပျက်။

ပြီးတော့ ထုံးစံအတိုင်း ၀င်စစ်ပါရစေ။ မည်သည့်အရာမှ မတွေ့။ ဟာသတခုတော့ ဖြစ်သွားသေးတယ်။ ကျနော့် ညီမလေးက စာရေးဝါသနာပါတယ်။ အဖေပြောသမျှကို ဒိုင်ယာရီမှာ စာစီစာကုံးဆန်ဆန် ရေးတတ် တယ်။ ထိုစာအုပ် တွေ့တော့ ထောက်လှမ်းရေးများမျက်နှာ ၀င်းလက်သွားပြီ်း အလျင်အမြန် လှန်ကြတယ်။ ဖြစ်ချင်တော့ ညီမလေးက ဂေါ်ဘာချော့ဗ်အကြောင်းကို သူသိသလောက် ရေးထားတယ်။ ဂေါ်ဘာချော့ဗ် ဆို တာနဲ့ တွေ့ပြီ၊ တွေ့ပြီ အော်ကြတယ် လို့ ပြန်ကြားရတယ်။ သက်သေခံရပြီပေါ့လေ။

ပြီးတော့ အဖေ့ကို အလုအယက် မေးကြတယ်။ ခင်ဗျားရေးတာမဟုတ်လား ဆိုကာ။ အိပ်ချင်မူးတူးနှင့် ညီမလေးက သမီးရေးတာပါ ပြောတော့လည်း မယုံကြ။ လက်ရေးတူမတူ စစ်သေးသည်။ မတူတော့ စာအုပ် ထားသွားပြီး အဖေ့ကို ခေါ်သွားခဲ့တယ်။

အဲဒီနေ့ကစလို့ အမေတို့ရဲ့ တမိုးတမြေ ပြန်လည်ဖြစ်မြောက်ဘို့အတွက် အမေဟာ အဖေ့ကို ၁၆ နှစ်ကျော် စောင့်ခဲ့ရတယ်။

အဖြစ်အပျက်ကို သိပြီးတော့ ကျနော်လည်း ဆိုင်ဝိုင်းသိမ်းပေးပြီး (ကျနော်တို့ ဆိုင်က နေ့တပိုင်းပါ) စုံရပ်ကို သွားခဲ့တယ်။ ရောက်တော့ အားလုံးလိုလိုက သိပြီးသူချည်း။ သတင်းတွေက ၀င်လာမဆဲ တသဲသဲ။ အဲ့ဒီညတညတည်း အယောက် ၃၀ ခန့် ပါသွားခဲ့တယ်။ ကျနော့်ကို လေးလေးနက်နက်စဉ်းစားရန် ထပ်မံ အကြံပေးကြပြန်တယ်။ ငုတ်နေရန်။ ကျနော့် စိတ်ထင်တော့ သိပ်မထူးလှ။ အနှေးနှင့် အမြန် ကျနော့် ထံ ရောက်လာ မယ်ဆိုတာကို သိနေတယ်။

ဒါပေမယ့် အရွယ်မရောက်သေးတဲ့ (အဲဒီအချိန်က ကျနော်လည်း အရွယ်ရောက်ခါနီး) မောင်နှမများနှင့် ကျနော့် အမေအတွက် ။ အမေက ဘာမှ နားလည်သည်မဟုတ်။ တောသူ၊ နောက် ကျန်သည်က ဥမမယ် စာ မမြောက်၊ သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေများရှိနေကြမလဲ။ နုငယ်စဉ်ဘ၀မှာ ၊ ရိုးသားသည့် ဘ၀မှာ အမဲစက် များ ထင်ကျန်ရစ်နေခဲ့လျှင်။

ကျနော်စဉ်းစားပြီး ငြိမ်ရန် ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကာလတခုအထိသာ။ ဖမ်းသည်မှာ ဘာကြောင့် ဖမ်းသည်ကို သိရသည်အထိ။

ဒီနောက်တော့ လက်ဖက်ရည်ဆိုင် လုပ်ငန်းအပေါ် အာရုံစိုက်လုပ်တယ်။ လုပ်ဘော်ကိုင်ဘက်များကို ဖြတ်ထားလိုက်တယ်။ အဲဒီကာလမှာဘဲ တိုက်ပွဲဟာ အရှိန်အမြင့်ဆုံးကို ရောက်လာတော့တယ်။ န၀တက လည်း အာဇာနည်နေ့မှာ ဖော်ဆောင်မယ့် အာဏာဖီဆန်ရေးကို နှိမ်နှင်းဘို့ ဒေါင်းတင်မောင်းတင် ပြင်ဆင် နေပြီ။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့…။ ကျန်ခဲ့တဲ့ နေ့တွေက လူထုကို လှုံ့ဆော်ထားခဲ့ကြတယ်။ ဒါပေမယ့် ဒေါ်စု က အဲဒီနေ့မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြီး ရန်သူက အဆုံးစွန်ရမ်းတော့မယ်ဆိုတာကို သိလို့ အာဇာနည် ကုန်းချီတက်မှုကို မလုပ်ဘို့ တားပါတယ်။ နောက်ကျသွားခဲ့ပါပြီ။ လူထုဟာ စုရပ်အသီးသီးရောက်ပြီး ထွက် သွားခဲ့ကြတယ်။ ရန်သူ့ တုံ့ပြန်မှုက မဲမဲမြင်ရာကိုက်တဲ့ခွေးလိုပါဘဲ။ ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်းလမ်းဆုံက အထွက် ဗီယက်နမ်သံရုံးရှေ့ ၊ ရိုက်လိုက်ကြတာ။ အာဇာနည်နေ့မှာပဲ အာဇာနည်တွေ ထပ်ပေါ်ခဲ့တယ်။ ကောင်းကင်ကတော့ အာဇာနည်နေ့မို့လို့လား၊ မကြည့်မမြင်ရက်လို့လား မိုးတိမ်ညိုညိုတွေ ဖုံးနေတယ်။ မိုးကလည်းဖွဲဖွဲ ဖွဲဖွဲနဲ့။ သွေးစတွေ က ကတ္တရာလမ်းပေါ်မှာ စီးနေတဲ့ ရေတွေနဲ့ မျောပါသွားတယ်။ မျက်လုံးထွက်သွားတဲ့ ကျောင်းသားလေး၊ အရှေ့က ကျောင်းသူမလေးကို မထိအောင် ကာရင်း နံရိုးကျိုးသွားတဲ့ ကျောင်းသားကြီးတွေ၊ လူဂုဏ်တန်ရပ်ကွက်ဆိုတော့ ခြံဝန်းအမြင့်ကြီးတွေ ပတ်ပတ်လည်မှာ ဘယ်နေရာမှာ သွားခိုပုန်းရမှန်းမသိပဲ အရိုက်ခံရမှာကို ဟိုပြေးဒီပြေးနဲ့ စောင့်နေရတဲ့ အဖြစ်များ။ အဲဒီ အဖြစ်အပျက်များနဲ့အတူ ကိုမွန်းအောင်ရဲ့ သွေးမုန်တိုင်းကို ကိုရဲနည်(ဧရာဝတီ)က သံစဉ်သွင်းခဲ့လေ သလား။

အဲဒါပြီးတော့ တမြို့လုံး ကျီးလန့်စာစား။ မာရှယ်လော၊ ဒေါ်အောင်ဆန်းစုကြည်ကို စတင် အကျယ်ချုပ်၊ ကျန် အဲန်အယ်ဒီခေါင်း ဆောင်များ၊ အတိုက်အခံအင်အားစုများ ဖမ်းပွဲ။ မိုးကြောင့် နဂိုကတည်းက မှောင်နေတဲ့ ည ဟာ ပိုမိုပြီး သိပ်သိပ်သည်းသည်း အမှောင်တိုက်ကျနေသလို။ အမှန်ကတော့ တိုင်းပြည်ကိုက အမိုက်တိုက် ထဲ ရောက်နေတာ မဟုတ်လား

အဲဒီညက ကျနော် လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ သူငယ်ချင်းနဲ့စကားပြောပြီး ပြန်လာတော့ ၇နာရီ ခွဲလောက်ရှိနေပြီ။ အဖမ်းအဆီးသတင်းတွေတော့ ကြားရတယ်။ ကိုယ်နဲ့မဆိုင်ဘူးပေါ့။ မနက်ဆိုရင် လက်ဖက်ရည်ဖျော်မယ်။ စားပွဲထိုးမယ်။ ဆိုင်ပိတ်ချိန်ကျရင် သော့ခတ်ပြီး အိမ်ပြန်မယ်။ ညီအငယ်ဆုံးကို ကျောင်း ၀င်ကြိုမယ်။ ဖြစ်ပျက်နေတဲ့ ပစက္ခ အခြေအနေကို ဘေးကထိုင်ကြည့်နေသူတဦးလိုပေါ့။

ဖြစ်ချင်တော့ ကျနော်က အိပ်ရာစောစောမ၀င်တတ်ဘူး။ စာဖတ်ရမှ ကျေနပ်တယ်။ အဲဒီအလေ့အထကိုဘဲ ကျေးဇူးတင်ရမှာ။ အိမ်ပြန်ရောက်ပြီး စာဖတ်တော့ အမေနဲ့ မောင်နှမတွေလည်း အိပ်ရာဝင်ကုန်တယ်။ မိုးကတော့ ဖျောက်ဖျောက် ဖျောက်ဖျောက် ကျနေတယ်။

စာဖတ်နေရင်းနဲ့ ကျနော့်နားမှာ ကားစက်သံတိုးတိုးလေး လှိမ့်မောင်းလာတာကို သတိသွားပြုမိတယ်။ တော် တော်ညက်ပါတယ်။ ညက်လွန်းလို့လည်း သတိထားမိတာ ဖြစ်မယ်ထင်တယ်။ကားသံက ကျနော်တို့ အိမ်နဲ့ နှစ်အိမ်လောက်ကွာတဲ့ လမ်းဆုံမှာ ရပ်လိုက်တာကိုလည်း သတိပြုမိတယ်။ အဲဒါနဲ့ ဖတ်လက်စကိုခဏထား ပြီး မီးအားလုံးကို ပိတ်လိုက်တယ်။ ခဏစောင့်တော့ အိမ်ရှေ့ ခြံတံခါးရှေ့က ခေါ်သံကြားရတယ်။ အမေ့နာမည်ပေါ့။ အဖေမှ မရှိတော့တာ။

အဲဒါနဲ့ အမေ့ကို နှိုးတယ်။ ဘယ်သူလဲ ဆိုတာ မေးတဲ့အခါကျတော့ ရ၀တကပါ ဆိုတာနဲ့ အသင့်ဖွင့်ထားတဲ့ နောက်ဖေးတံခါးကနေ ခုန်ချပြီး တဘက်ခြံနဲ့ မလွယ်ပေါက်လုပ်ထားတဲ့ ခြံဝင်းထဲ အပြေးဝင်ပြီး အိမ်သာထဲ ၀င်ထိုင်နေရတယ်။

သူတို့နဲ့ အမေ ပြောတဲ့စကားတွေကို အတိုင်းသားကြားနေရတယ်။ အမေက ဒီမှာ ပြန်မအိပ်ဘူးပြောတော့ ညနေကတောင် တွေ့သေးတယ် ၊ ဒီအိပ်ရာက ဘယ်သူ့အတွက်ခင်းထားတာလဲ စသဖြင့် သူတို့ပြန် ပြောကြတာ ကြားနေရတယ်။ အသံတွေစဲသွားပြီး တော်တော်ကြာမှ အိမ်နီးနားချင်းတွေကိုခေါ်။

တခု ကံကောင်းသွားတာက အဲဒီအိမ်မှာရှိတဲ့ အပျိုမနှစ်ယောက် တပို့တပါးမသွားတာကိုဘဲ။ သူတို့က မမြင် ရတဲ့ လောကကို ကြောက်တတ်ကြတာ။ ခေါ်လို့ရတော့မှ အခြေအနေကို ဆက်ကြည့် ပြီးတော့ အမေ့ကို သွား မေးခိုင်းရတော့တယ်။ အဲဒီညက အိမ်ဘေးအိမ်က မိသားစုရဲ့ ကျေးဇူးကတော့ အမှတ်ရစရာပါ။

နောက်နေ့မနက်ကျတော့ အမေ့က လက်ဖက်ရည်ဆိုင် သွားဖွင့်တယ်။ ကျနော်က အိမ်ရှေ့တံခါးနဲ့ ခြံဝင်းတံခါးကို အပြင်ဘက်က သော့ချပြီး အိမ်ထဲမှာနေတယ်၊ အနီးဆုံးပြူတင်းပေါက်တော့ ဖွင့်ထားတယ်။ ညီတွေ၊ ညီမတွေကတော့ ကျောင်းသွား၊ အမေ့ကူပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဖမ်းခံရမှာ စိုးရိမ်ရ။ ကျန်လုပ်ဘော်ကိုင်ဘက်တွေလည်း လွတ်မလွတ်တွေး။ အမေတို့အတွက် ဘယ်လိုလုပ်ပေးရမလဲ။ အဲဒီ အတွေး တွေ ဘဲ။ တနေ့တာ ကုန်လွန်သွားစေခဲ့တယ်။

နောက်ညနေပိုင်းအမေပြန်လာတော့ လုပ်ဘော်ကိုင်ဘက်တယောက်ပါလာတယ်။ ကျနော် တနေရာမှာ ရှောင်ဘို့လိုပြီလေ။ ညီတွေ ညီမတွေလည်း တဖွဲဖွဲ ပြန်ရောက်လာကြတယ်။ သူတို့အသိက ငယ်ပါသေး တယ်။ ဒါပေမယ့် အရှေ့ မှာ အဖေ့ရဲ့ အတွေ့အကြုံက ရှိပြီးသား မဟုတ်လား။ ကျနော် တနေရာ သွားနေရ ဦးမယ် ဆိုတဲ့ စဉ်းစားထားမှုတော့ အမေမှာ တွေးပြီးသားဖြစ်မှာပါ။ ပြန်ရောက်ကတည်းက သူ့မှာ ထမင်းဟင်းချက်လိုက်၊ ကျနော့်အ၀တ်အစားတွေ ၊ အသုံးအဆောင်တွေ ထုပ်ပိုးလိုက်နဲ့ မအားပါဘူး။ ညနေ တော်တော်စောင်းတော့ ထမင်းစားကြတယ်။

ပြီးတော့ အမေပြင်ပေး ထားတဲ့ ခရီးဆောင်အိတ်ကို ယူပြီး အဖော်နဲ့အတူ ကျနော်ထွက်လာခဲ့တယ်။ ပြန်လာမယ်ဆိုတဲ့အကြောင်းတော့ တဖွဖွ ပြောခဲ့တယ်။ မောင်နှမတွေကိုလည်း အမေ့ကို ကူညီဖို့ ပြောခဲ့တယ်။ အဲဒီကစပြီး ကျနော် အခုထက်ထိ အိမ်ကို ပြန်မရောက်တတ်သေးဘူး။

အဖေပြန်ရောက်နေပြီဖြစ်တဲ့ အမေ့ရဲ့ တမိုးတမြေအောက်မှာ ကျနော်က အခုထိ ပြန်မရောက်နိုင်ဆဲ။

အဲဒီ အိမ်ကထွက်တဲ့နေ့က တမိသားစုလုံးရဲ့ မှတ်မှတ်ရရ အကြောင်းအရာတခုကို မေ့ချင်ယောင်ဆောင် ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ဇူလိုင် ၂၀ ဆိုတာ ကျနော်ကို အမေမွေးဖွားတဲ့နေ့၊ ပြီးတော့ ကျနော့်ရဲ့ ၁၇ နှစ်နှစ် တင်းတင်းပြည့်တဲ့နေ့လေ။

အဲဒီနေ့မှာပဲ ထွက်လာခဲ့တယ်။ မိုးစက်တွေ ကျမကျတော့ မမှတ်မိတော့ ဘူး။ အဲဒီနေ့က အမေကျခဲ့တဲ့ မျက်ရည်ကတော့ ကျနော့်တဘ၀လုံးစာအတွက် ရလိုက်တဲ့ မေတ္တာတရားပါပဲ။

Labels:

posted by မြင့်ဇေ @ 9:20 PM  
3 Comments:
  • At June 23, 2007 at 11:58 PM, Blogger May Nyane said…

    ကဖိုးဇေ..
    မရေးတတ်ပေလို့ပဲ..
    တကယ့် မျက်ရည်မိုးဖွဲ့။
    အမေနဲ့ခွဲရတဲ့ ၁၇နှစ်သားလေး ကိုယ်စား..
    (ခု အမသား ၁၆နှစ်ကြီးတောင် စိတ်ထဲ
    ကလေးလေးပဲထင်တုန်း)
    ဒါကြောင့်..
    သားကို ခွဲလွှတ်လိုက်ရတဲ့ အမေ့ကိုယ်စား..
    ၈၈ တုန်းက မိသားစုတွေ ကိုယ်စား..
    အမမှာ ဖတ်ရင်း မျက်ရည်ကျတယ်။

     
  • At June 24, 2007 at 12:00 AM, Blogger ခင်မင်းဇော် said…

    ကဖိုးဇေရေ
    ကောင်းလှတဲ့မိုးပို့ စ်ပါပဲ။
    မလွတ်လပ်တဲ့တို့ ပြည်ကို လွတ်လပ်အောင်
    ဝေးကွာနေတဲ့အမိရင်ခွင်ဆီပြန်ချင်နေတဲ့ သားသမီးတွေ
    အတွက်တို့ တွေအစွမ်းကုန်ကြိုးစားကြမယ်။

     
  • At July 1, 2007 at 3:41 PM, Anonymous dom said…

    i see your web site

     
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com