Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
တောအကြောင်း တောင်အကြောင်း
Monday, June 25, 2007
ကယန်းဒေသ ၁ (ခေါင်အကြောင်း တစေ့တစောင်း)

ညီမလေး ဆိုးဝတ်ထ်က လူမျိုးစုတွေအကြောင်းကိုရေးထားတာကို ဖတ်မိတော့မှ ကျနော် လည်း ရေးချင်စိတ် ပေါက်လာလို့ ကိုယ်ရောက်ခဲ့ဘူးတဲ့ လူမျိုးစု ဒေသကအကြောင်းတွေ ရေးလိုက်တာပါ။

ကျနော်တို့ စစ်ကြောင်းသွားတဲ့အချိန်က ၁၉၉၃ သင်္ကြန်ကာလ။ ကရင်ဒေသ တပ်မဟာ ၂ ကနေ ကယားပြည်နယ်ထဲ ကူးသွားတာ။ သွားတဲ့နေရာက ကယန်းဒေသ။ ၆ ရက်လောက် ခပ်ပြင်းပြင်း၊ သတိကြီးကြီးနဲ့ သွားခဲ့ရတယ်။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့တော့ မဟုတ်ပါဘူး။ ခရီးစဉ်အကြောင်း သတင်း ပေါက်သွားမှာ သတိထားရလို့ပါ။

ကယန်းဒေသဆိုတာက ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကရင် ပြည်နယ် တို့ရဲ့ကြားမှာ ရှိတဲ့ဒေသတခုပါ။ အကျယ်အ၀န်းက သိပ်မကြီးမားသလို လူဦးရေ လည်း သိပ်မများ လှပါဘူး။ အများစုက ရိုမန်ကက်သလစ်ဘာသာဝင်တွေဖြစ်ပြီး အဓိက အသက်ရှင်သန်မှုက တောင်ယာခုတ်ခြင်းပါပဲ။


ရောက်ရောက်ချင်း ကျနော်တို့ကို စမိတ်ဆက်တာက ခေါင်ရည်ပါ။ မသောက်ဘူးဘဲ သောက်လိုက်ကြတာ အရသာကလည်း ချိုတော့ ပါလာတဲ့ ရဲဘော်တိုင်းလိုလို မူးကြပါတယ်။ ကယန်းဒေသက အိမ်တအိမ် ရောက်ရင် ဧည့်သည်ရောက်တာနဲ့ ချပေးတာကလည်း ခေါင်ဗူးပါဘဲ။ နောက် ကလေးကို နို့ဖြတ်တဲ့ အခါကျရင်လည်း ခေါင်ပဲ သုံးပါတယ်။ ခေါင်ကို ကျနော်တို့စတွေ့ဘူးတဲ့ အချိန်တုန်းက အချိုတမျိုးဘဲရှိတယ် ထင်ခဲ့တာ။ နောက်ပိုင်းမှ သိတာ အခါးနဲ့ အချဉ်လည်းရှိတယ်။ တမင် ခါးအောင်၊ချိုအောင်၊ ချဉ်အောင် ချက်တာရယ်တော့ မဟုတ်ဘူး။ ချက်တဲ့အချိန်၊ ရေ၊ တစေးစတာတွေရဲ့ ကွာခြားချက်တွေကြောင့်ပါ။ ကယန်းလူမျိုးတွေအားလုံးဟာ ခေါင်ကို မက်မက်စက်စက် သောက်ကြပါတယ်။ တချို့ အသက်အရွယ် ကြီးတဲ့အဘိုးအို၊ အဘွားအိုတွေဆိုရင် တနေ့လုံးမှာ ထမင်းတောင်မစားတော့ပဲ ခေါင်ချည်းသက်သက် စုပ်ကြတာ။

သူတို့တော့ မသိဘူး၊ ကျနော်တို့ကတော့ ခေါင်များများစုပ်ရင်၊ သောက်ရင် အလွန့်ကို ဒူးညောင်းတယ်။ အဲဒါကဘယ်မှာသွားသိလဲဆိုတော့ ကျနော်တို့ ကယန်းဒေသကို ၀င်ပြီး ၃ ရက်လောက်အကြာမှာ တခြားတပ်ဖွဲ့တခုက တိုက်ပွဲတပွဲတိုက်တယ်။ ယာဒို-လိပ်သိုကားလမ်းအကြားက ခဲချောင်းဆိုတဲ့ရွာမှာ ရှိတဲ့ နအဖ လှုပ်ရှားတပ်ဖွဲ့တခုကို။ အဲဒီမှာ နအဖဘက်က ၁၂ ယောက်လောက် ကျတယ်လို့ထင်တယ်။ သိပ်မမှတ်မိတော့ဘူး။ သေနတ်လည်း အားလုံးလိုလို ရလိုက်တယ်။ အဲဒီတိုက်တဲ့ တပ်ဖွဲ့နောက်ကို နအဖက စစ်ကြောင်းက ထိုးလိုက်လာတယ်။ သူတို့လိုက်တဲ့လမ်းကြောင်းက ကျနော်တို့သွားမယ့်လမ်းကြောင်း တည့်တည့် ကျနေတယ်ဆိုတာ ကျနော်တို့ မသိကြဘူး။ အဲဒါနဲ့ ခရီးဆက်ထွက်တော့ ရွာတရွာ ရောက်သွားတယ်။ ထုံးစံအတိုင်းဘဲ ထမင်းချက်စား၊ အိမ်က ဧည့်ခံတဲ့ခေါင်တွေကို သောက်ပေါ့။ သတင်းမရသေးဘူး။ အဲဒါနဲ့ ခုနက တိုက်သွားတဲ့ တပ်ဖွဲ့နဲ့ ပေါင်းဖို့ဆက်ထွက်လာတာ မိနစ် ၂၀ လောက်ကြာတော့ ကျနော်တို့ဦးတည်သွားနေတဲ့ ရွာကရွာသားတွေ ထွက်ပြေးလာတာ တွေ့ရတယ်။ အဲဒီကျမှ သတင်းရတော့တာ။

ရန်သူဝင်နေပြီဆိုပြီး ပြေးပြောပြောသွားကြတယ်။ စက်ဖွင့်ပြီး အပေါ်ကတပ်ဖွဲ့ကို တိုက်သင့်၊ မတိုက်သင့် ညှိ တော့ မတိုက်ဘဲနဲ့ သူတို့ဆီဘဲ ဖြတ်လမ်းကလာဘို့ပြောတယ်။ အဲဒီမှာတင် ခေါင်တန်ခိုးနဲ့ တန်းတွေ့တော့ တာပဲ။ ကယန်းဒေသမှာ နာမည်ကြီးတဲ့ တောင်ကြော ၂ခုရှိတယ်။ လက်ခုပ်ကြောနဲ့ ကင်းလိုက်ကြောဆိုပြီး။ မြင့်တဲ့နေရာမှာရော၊ အလျားပြန့်တဲ့နေရာမှာရော၊ တော်တော်များများတောင်တွေက အဲဒီကြောနဲ့ ဆက်စပ် နေတယ်။

ကျနော်တို့ကို လာဘို့ပြောတဲ့ လမ်းက ကင်းလိုက်ကြောရဲ့ အမတ်ဆုံးလို့ ဆိုရမယ့်နေရာမှာပါ။ မိုးကလည်း ဖွဲ ဖွဲဖွဲဖွဲနဲ့။ အဲဒါနဲ့ တက်ရောဆိုပါတော့။ စတက်တာနဲ့ ချောနေတဲ့ တောင်နံရံကနေ ကျနော်တက်လို့မရတာ တော်တော်ကြာတယ်။ ချောတာလည်း ပါတယ်။ ဒူးညောင်းတာလည်း ပါတယ်။ ဒါပေမယ့် ၁၀မိနစ် လောက် ကြိုးစားလိုက်တော့ တက်လို့ရပါတယ်။ တောင်ထိပ်ရောက်ဘို့ တက်ရတာက ၄နာရီ လောက်ရှိတယ်။ တောင် လယ်လောက်မှာ လာဆင်းကြိုတဲ့ ရဲဘော်တွေက ကျောပိုးအိတ်၊ သေနတ်၊ အီးကွေးမန့် ယူသွားလို့သာ တော်တော့တယ်။

ခေါင်သောက်ခြင်းဟာ ကယန်းဒေသကို ထိခိုက်ပါတယ်။ ဘာလို့ဆိုတော့ ရိုးရာအနေနဲ့ သောက်လာခဲ့တာဆို တော့ တောင်ယာခုတ်ရင် စပါးတ၀က် ကောက်ညှင်းတ၀က်စိုက်ကြတယ်။ ဥပမာ - မျိုး ၈ တင်းစာ တောင် ယာခုတ်မယ် ဆိုရင် စပါးလေးတင်း၊ ကောက်ညှင်းလေးတင်းစိုက်တာမျိုးပါ။ ကောက်ညှင်းက ခေါင်ချက်ဘို့ပါ။
အဲဒီအချကျတော့ မိုးတွင်းရောက်ပြီဆိုရင် ဆန်ပြတ်လတ်မှုကြုံပြီး တော်တော် ဒုက္ခရောက်ပါတယ်။ ပြောင်းဖူး ခြောက်ပြုတ်စားရတာမျိုးတွေ လုပ်ရပါတယ်။

ခေါင်ရည်ကို ဘယ်လောက်သောက်သုံးသလဲဆိုရင် ဘယ်နေရာသွားသွား ခေါင်ဗူးပါတယ်။ လက်ထပ်ရင် လည်း ခေါင်အိုး ဘယ်လောက်ဆိုပြီး နှစ်ဘက်ကတင်ရတယ်။ မှောက်မှောက်မှားမှားကိစ္စတွေ ဖြစ်ရင်လည်း ပါ တာဘဲ။ ကျနော်ကိုတောင် မတော်ခဲ့ရတဲ့ ယောက္ခမက ငါးသွားဖမ်းတာ ဖြစ်ဖြစ်၊ တောလိုက်တာဖြစ်ဖြစ် အမြဲ ခေါင်တဗူး ထည့်ပေးစမြဲ။ (ဤသည်ကား ကြော်ငြာ)။

ကယန်းလူမျိုးတွေ စွဲစွဲမြဲမြဲသောက်တဲ့ ခေါင်ရည်က သုံးမျိုးရှိတယ်။ စုပ်ခေါင်၊ ခေါင်ကျရည်၊ ဖေါက်ခေါင်။ စုပ်ခေါင်ဆိုတာက ၀ါးပိုးဝါး ခပ်လတ်လတ်ကို တဆစ်ပိတ်ဖြတ်ပြီး အိုးထဲက ခေါင်ဖတ်ကို ခပ်သိတ်သိတ် ထည့် ရေနွေးဆူဆူလောင်းထည့် ပြီး ၀ါးတံလေးနဲ့ စုပ်ရတယ်။နေ့စဉ်သောက်သုံးတဲ့ ပုံစံ။ ခေါင်ကျရည်ဆိုတာ ခေါင်ဖတ်တွေ ထည့် ထားတဲ့ အိုးထဲက တစိမ့်စိမ့်ထွက်လာတဲ့ အရည်တွေကို ခပ်ပြီးသောက်တာပါ။ အမြင့် ဆုံး မူးစေတဲ့ အရာပေါ့။ တောင်ယာမီးရှို့တာတို့၊ သာရေးနာရေး ပွဲတွေမှာတော့ ဖေါက်ခေါင်ကို သုံးတာများပါ တယ်။ သူကတော့ စုပ်ခေါင် အကြီးစားမျိုးဆိုရမှာပါ။ ခေါင်ထည့်ထားတဲ့ စဥ့်အိုးထဲကို ရေဆူဆူတွေ အပြည့်လောင်းထည့်ပြီး ခွက်နဲ့သောက်တာပေါ့။ ကယန်းဒေသက ရွာတွေမှာ ဘယ်ရွာက ခေါင်က ကောင်းတယ်ဆိုတာရှိပါတယ်။ နာမည်ကြီးတာက လေဒူခေါင်ရွာက ခေါင်ပါ။ ပျားရည်လိုချိုပါတယ်။

ခေါင်ချက်တာက ကောက်ညှင်းစပါးကို ထောင်းပြီး ဖွဲနု၊ စပါးခွံတို့နဲ့ နယ်ရပါတယ်။ နောက် ပလိုင်းထဲထည့်ပြီး ရေလောင်းဆေး ဒါမှမဟုတ် ရေထွက်ပေါက်မှာ သွားဆေးရပါတယ်။ ပြီးရင် နည်းနည်းသွေ့သွားအောင် နေလှန်းရပါတယ်။ အခြောက်ခံရပါတယ်။ အဲဒိအချိန်မှာ တစေးကို ထောင်းပြီး ဖြူးရပါတယ်။ ပြီးရင် သမအောင်မွှေပြီး ပေါင်းအိုးနဲ့ ပေါင်းတယ်ပြီးရင် စဉ့်အိုးထဲ ထည့်ပြီး လေလုံအောင် ပိတ်တယ်။ အနိမ့်ဆုံး လေးငါးရက်ကြာအောင် ထားရပါတယ်။ ပြီးရင် သောက်လို့ရပါပြီ။

ရေးရင်းရေးရင်းနဲ့ ခေါက်ချက်တတ်တဲ့ ကယန်းမလေးကို လွမ်းလိုက်တာ။

posted by မြင့်ဇေ @ 10:29 PM  
0 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com