Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၂)
Friday, November 16, 2007
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၂)

အဲဒါနဲ့ ရွာသူကြီးများကလည်း ဒီကောင်တော့ လုပ်လို့ မနိုင်လောက်ဘူးထင်ပါရဲ့ ဘာပဲဖြစ်ဖြစ် နားအေးအောင် တောင်ယာတခင်း ပေးလိုက်မယ်ဆိုပြီး စဉ်းစားကြပုံထင်ပါတယ်။ ။ ကျနော်ကလည်း ခြံစည်းရိုးမကာ ရမယ့် နေရာကို ရွေးတောင်းတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ယာ ခုတ်တယ်ဆိုတာက ပေါင်းပြီးခုတ်ရတာ။ ကိုယ့်ဘာသာကိုယ် ရွေးခုတ်လို့တော့ ရနိုင်တဲ့ သက်တမ်းရင့်တဲ့ တောတွေရှိပေမယ့် အများနဲ့ခုတ်ရင် ကိုယ့်တော င်ယာ ကိုယ်မသွားနိုင်ရင်တောင်မှ ကြည့်ရှုစောင့်ရှောက်နိုင်သူ က ရှိသားမဟုတ်လား။ ကျနော့်ကိုတော့ နေရာရွေူးပေးတာက လူတကာ တောင်ယာရဲ့ အလယ်မှာ ။ အဲဒိတော့ ဇိမ်နဲ့နှပ်ပေါ့ခင်ဗျာ။ သူများတွေ ခြံစည်းရိုးကာရင် ကိုယ်က အလိုလို လုံခြုံပြီး ဖြစ်နေတာ မို့လား။

တောင်ယာစခုတ်တော့ စတွေ့တဲ့ ပြဿနာက ဓားမ ။ ဓားမကလည်း ကောင်းမှ မဟုတ်လား။ ကံကောင်းချင်တော့ ကျနော် တောင်ယာခုတ်တဲ့ သက်တမ်းမှာ ကျနော်ဝယ်သမျှ ဓားမတွေက ဒေါင်ဒေါင်မြည်ချည်းဘဲ။ ရွာသားတွေကတောင် ချီးကျူးတယ်။ မလုပ်တတ်ဘူး မလုပ်တတ်ဘူးနဲ့ ၀ယ်တာကတော့ သူတို့ထက် သာတယ်ပေါ့။ အမှန်က ဘာမှ မဟုတ်ဘူး။ ရမ်းသမ်း မှန်းသမ်း ၀ယ်တာတွေချည်းဘဲ၊ ဓားမအသစ် စရတော့ ဓား ကျင့်ရတယ်။ ဓားကျင့်တယ်ဆိုတာက ရရချင်း သွေး.. ပြီးရင် ခုတ် စမ်း ကြည့် (စမ်းခုတ်ရတာကို ဆိုလိုတာပါ)။ ပြန်သွေး ။ ပြန်ခုတ်။ နောက်ဆုံး ညအိပ်ရင် ငှက်ပျောပင် တပင်မှာ ခုတ်ထား…. စသဖြင့်ပေါ့။

အဲဒါနဲ့ တောင်ယာခုတ်တဲ့ရာသီရောက်တော့ ကျနော်ရတဲ့ တောင်ယာခုတ်ကွက်က ၃ပုံးဝင် (မျိုးတတင်းခွဲ) တောင်ယာပါ။ ကိုယ်လည်း မာနနဲ့ ခုတ်တယ်ဆိုပေမယ့် စွန့်စားမှုကို အဲသလောက် မလုပ်ရဲဘူး။ တောင်ယာခုတ်တယ်ဆိုတာက စကတည်းကနေ ပြီးတဲ့ စပါးသိမ်းတဲ့အချိန်အထိ ပင်ပန်းတဲ့လုပ်ငန်းဆိုတော့..။ စခုတ်တယ် ဆိုပါတော့။ ကျနော်နဲ့ အတူနေ ရဲဘော်တွေ.. ကျနော့်ရဲ့ ကျောင်းသားများ.. လာပြီးဝိုင်းခုတ်တော့ ၂ ရက် လောက်နဲ့ ပြီးသွားတယ်။

ကျနော်တယောက်တည်း ခုတ်မယ်ဆိုရင်တော့ နှစ်ပေါက်အောင်တောင် ပြီးမှာ မဟုတ်ဘူး။ တောင်ယာခုတ်တယ်ဆိုတာ ဘ၀ပေးအသိ ရှိဘို့လိုတယ်။ သဘာဝရဲ့ လျှို့ဝှက်မှုကို ရှာရတာ။ တပင်ချင်းလည်း ခုတ်လို့မရဘူး။ သစ်ပင်တွေ၊ ၀ါးရုံတွေဆိုတာ ရောယှက်နေတာက အောက်ခြေမှာရော၊ အပင်ဖျားမှာရောပါ။ လိုအပ်ရင် သစ်ပင်တက်ပြီး သစ်ကိုင်းတွေကို ဖဲ့ရတယ်။ အဲဒီလို မဖဲ့တတ်လို့ ဂေဟဗေဒရဲ့ လက်စားချေမှုအောက်မှာ ပျောက်ဆုံးသွားခဲ့ရသူတွေ အများကြီး။ ဥပမာ… ၀ါးရုံတရုံတွေ့ရင် ဘယ်လိုခုတ်မလဲဆိုတာ စစဉ်းစားရတယ်။ သူ့ရဲ့ ပျော့ပြောင်းမှုက ဘယ်ဘက်ကိုလဲ။ ကိုယ်ခုတ်ရင် ကိုယ့်ကို ပြန်ထိုးမလား။ ဒါတွေကိုတွက်ရတယ်။ နောက်အရာပေးပြီးခုတ်မှာလား။ အဲဒီလို ခုတ်မယ်ဆိုရင် ဘယ်သစ်ပင်က အဲဒီသစ်ပင် ၀ါးရုံတွေ ကျိုးကျအောင် ဖိချနိုင်မလဲ။ ကိုယ်မှန်းတဲ့ဘက်လဲမလား..။ ဒါမှမဟုတ် ကိုယ့်အန္တရာယ် ရှိနိုင်တဲ့ ဘက်လဲမလား။ စတာတွေ အားလုံးကို မှန်းပြီးခုတ်ရတာပါ။ အနည်းဆုံး ၀ါးစိမ်း ကွဲပြီး ရင်ဘတ်ပြေးစိုက်တာဘဲဖြစ်ဖြစ်..။ မျက်နှာကို ရိုက်တာဘဲဖြစ်ဖြစ်..။ သေချာတာက ကိုယ်ဒဏ်ရာရပြီ။

ထားပါတော့ အဲဒါနဲ့ တောင်ယာခုတ်တာက ပြီးသွားတယ်။ သူကလည်း ဟုတ်မှဟုတ်ပါ့မလား။ မယုံတ၀က်.. ယုံတ၀က်မျက်နှာပေးနဲ့ တွေ့တိုင်း အမြဲကြည့်တယ်။ တဆင့်တော့ အောင်မှတ်ပေးပုံရပါတယ်။

ပြီးတော့ တောင်ယာမီးရှို့ ကျွန်းခွေ( မီးမလောင်ဘဲ ကျန်ခဲ့တဲ့ သစ်ပင် ၀ါးပင်တွေကို ပြန်ပုံမီးရှို့ရတာပါ)။ အဲဒီအချိန်မှာ ကိုမောင်မောင်ညွန့် သီချင်းကလည်း လာပြီပေါ့။ အနောက်တောင်ဆီက…ရွာမယ်ဟန်ပြင် ဆိုတဲ့အတိုင်း။ ကျွန်းခွေပြီးရင် စပါးစူးထိုးရတယ်။ စူးထိုးတယ်ဆိုတာက ကိုယ့်တောင်ယာမှာ တချို့ေ၇တိုသီးနှံတွေ(ပြောင်းဖူးတို့ဘာတို့) စိုက်ပြီးရင်စပါးစိုက်ရတာပါ။ အဲဒီအချိန်မှာ တောင်ယာထဲမှာ ကိုယ်တခါတလေသွားနေဖို့ တောင်ယာတဲကလည်း အဆင်သင့် ဖြစ်ပြီ။ နံဘေးမှာ မုန်ညင်းခါး၊ ငရုတ်၊ ရွှေဖရုံ၊ ခရမ်းချဉ်သီး သေးသေးလေးထွက်တဲ့အပင်၊ နောက် ပင်စိမ်း၊ ဂျူးမြစ် နည်းနည်းက ပျိုးပြီး သား။ ဆူးထိုးတယ်ဆိုတာက နှစ်ယောက် လိုတယ်။ တယောက်က ၀ါးခပ်ရင့်ရင့် ကို မြေကြီးထိုးစိုက်နိုင်တဲ့ ပုံစံသွင်းထားတဲ့ ၀ါးလုံးအရှည် ဒါမှမဟုတ် သံတူးရွင်း ပုံစံမျိုး သံနဲ့လုပ်ထားတဲ့ ကရိယာကို ၀ါးတံမှာ စွပ်ပြီး တောင်ကြောတလျှော်က အလျားလိုက် တဆတ်ဆတ်နဲ့ထိုးပေးသွားရတာ။ နောက်ကျန်တဲ့ တယောက်က နောက်လွယ်ပလိုင်း အသေးထဲမှာမျိုးစေ့ထည့်ထားပြီး အရှေ့ကလူ ထိုးသွားတဲ့ကျင်းလေးတွေထဲ အမှီလိုက်ထည့်ရတာ။ နှစ်ဦးစလုံးက လက်မှန်ဖို့လိုပါတယ်။ ထိုးတဲ့သူက အကွာအဝေး ညီအောင်ထိုးဖို့လိုအပ်ပြီး ထည့်တဲ့သူကလည်း တကျင်းကို လေးငါးရှစ်စေ့လောက်ဘဲ ၀င်အောင်ထည့်ရတယ်။

အဲဒီအချိန်မှာ အဖွားလေးက လိပ်သိုသွားနေတယ်။ သူ့အဖေနဲ့ သူ့အမေ လာပြီးဝိုင်းလုပ်ပေးတယ်။ နောက်ရွာသားတွေ..။ နှမ်းတွေလည်း ကြဲပေါ့…။ အဲဒီလိုနဲ့ စပါးပင်တွေ စအညှောင့်ထွက်လာတော့ သူပြန်ရောက်လာတယ်။ ကျနော်လည်း သွားတွေ့ဖြစ်တဲ့အချိန်က ခပ်နည်းနည်းပါ။ မနက်ဆို စာသင်။ ကျောင်းဆင်းရင် တောင်ယာကို ပေါင်းလိုက် (နာမည်ကတော့ အပျက်ခံလို့မရဘူးမဟုတ်လား။ )အဲဒါနဲ့ တောင်ယာတခင်း အတွက် လုပ်ဆောင်ရမယ့် ၀တ္တရားတွေ အားလုံးကုန်ပြီး စပါးတွေ ဘာတွေ သိမ်းပြီးသွားတော့ ကျနော့်တောင်ယာက ရွာသားတွေ မှန်းတာတာထက် ပိုရတယ်။

အဲဒီကျမှ အဖွားလေးဆီက စကားကြားရတယ်။ `မဆိုးပါဘူးလေ။ မြို့သားတယောက်က ဒီလောက် လုပ်နိုင်မယ်မှ မထင်တာ´ ဆိုတာမျိုး။

တခေါက်ကြုံသေးတယ်။ တောင်ယာခင်းမှာ ငြုတ် (ကုလားအော်)လို့ ခေါ်တဲ့ သေးသေးမျိုးလေးတွေ ကို စိုက်ကြတယ်။ တောင်ယာလုပ်ငန်းကိစ္စပြီးတဲ့အချိန်မှာ အဲဒီ ငြုတ် သေးသေးလေးတွေကို ခူးရတယ်။ ပြီးရင် နေခြောက်လှန်း … ။ ထိုင်းနိုင်ငံမှာ ၀ယ်တဲ့အမျိုး။ ဒါပေမယ့် အညှာမပါရဘူး။ တပိဿာကို ဗမာငွေ ၇၀၀ ကျပ်လောက် ပျမ်းမျှ ရတယ်။ အဲဒါကြောင့် စခူးကတည်းက အမှည့်တွေကို အညှာမပါအောင်ခူးပြီး နေလှန်းရတယ်။ အမှန်ကတော့ ထိုင်းဘက်မှာ ပေါက်ဈေး ကိုက တော်တော်ကြီးများနေပါပြီ။ ကျနော်ကတော့ ရောင်းဖို့မဟုတ်ဘူး ။ ငြုတ်သီးလည်း ကြိုက်တယ်။ နောက် တောင်ယာခင်းထဲမှာ အားလုံးစုံစေ့အောင် စိုက်ထားတာပါ။

အဖွားလေး ကတော့ သွားလိုက်ပြန်လိုက်ပဲ။ လိပ်သိုကို။ သူ့ဆရာတော်လည်း ပြန်ရောက်မယ့် အချိန်က နီးနေပြီ။ အဲဒါနဲ့ သူပြန်လာတာတော့ ပြောတယ်။ ` ငြုတ်သီး အခြောက် တပိဿာလောက် ပြန်သယ်သွားချင်တယ်´ သူဆိုတော့ ကျနော့်ကမ္ဘာက မီးလောင်နေပြီ။ အမှန်က သူ့အမေအိမ်မှာ တောင်းလည်း ရတာပဲလေ။ ဘာဖြစ်လို့ ကျနော့်ကိုမှ လာတောင်းတာလဲပေါ့။ အတွေးတွေက ပွက်လို့။ ဒါနဲ့ အဖွားလေး မင်းလိုချင်တဲ့ ငြုတ်တပိဿာ အညှာ မပါပဲ ရစေရမယ် ဆိုလို့ပြောပြီးတော့ ချက်ချင်း တောင်ယာတဲက လှမ်းထားတဲ့ ငြုတ်ခြောက်တွေပေးလိုက်တာ။ သူ့အမေဆိုတာ ဆူလိုက်တာ လွန်ပါလေရော။ အဲဒါက ဆေးမှူးကို စနေတာ ဆိုပြီး …၊

ဆက်ရန်

Labels:

posted by မြင့်ဇေ @ 7:44 AM  
2 Comments:
  • At November 16, 2007 at 9:11 PM, Blogger ကိုပေါ said…

    သြော်....တကယ်ဘဲ အချစ်ကြီးပြီး ဇွဲကောင်းတဲ့သူပါလားဗျို့။ ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်ထားတုန်း ရွာပြန်နေစဉ်က ပိုက်ဆံလိုချင်လို့ ညီမ၀မ်းကွဲတယောက်နဲ့အတူ စပါးရိတ် လိုက်ဘူးသဗျို့။ ကျနော်တို့ဆီမှာက စပါးရိတ်ရင် ရိုးပြတ်တိုတိုဘဲချန်ပြီး စပါးတပင်လုံးရိတ်ရတာ။ သူများတွေတော့ နေပူကျဲကျဲမှာ ခါးကုန်းပြီး ရိတ်ကြသပေါ့ဗျာ။ အီဖေကိုယ်ကတော့ စကတည်းက ယဉ်သကို။ ငုတ်တုတ်ထိုင် ရိတ်သဗျ။ ဝေလီဝေလင်းက ရိတ်လိုက်တာ ၈ နာရီလောက်ရောက်တော့ မခံနိုင်တော့ဘူးဗျို့။ အကြောင်းသိတဲ့ နှမ၀မ်းကွဲက နင်ဆက်မရိတ်ချင် မရိတ်နဲ့တော့။ ကန်သင်းပေါ်မှာ သွားနားချေလည်း ပြောလိုက်ရော တခါတည်း ဟန်တောင်မဆောင်နိုင်ဘဲ ကန်သင်းပေါ်မှာ ပြေးခွေတော့တာဘဲဗျို့။ အဲ...အချိန်တန်တော့ လုပ်ခ လေးတော့ ရလိုက်သေးသဗျ။
    ကဖိုးဇေကိုတော့ သြောချပါသဗျို့။

     
  • At November 17, 2007 at 10:42 AM, Blogger မြင့်ဇေ said…

    အဲသလို့ပေါ့ဗျာ။ အဲဒီအချိန် ကလည်း အားကောင်းမောင်းသန် နှစ်ဆယ့်ခြောက်နှစ်ငားလေးကိုး။ အချစ်စိတ်ကမွှန်ထူနေတာကိုး။ ဒီဘ၀တော့ ဒီဒေသမှာ ခေါင်းချတော့မယ် စိတ်ကူးခဲ့တာ။ အခုတော့လည်း အင်တာနက် ကမ္ဘာထဲ ရောက်နေပြန်ရော။ အံ့သြဘို့တော့ အကောင်းသားဗျ။ လူ့ဘ၀က

     
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com