ကျနော် နိုင်ငံရေးလုပ်ငန်းများကို လုပ်နေသော်လည်း တခါတရံတွင် ထိုနယ်ပယ်ထဲမှ စကားများကို ကြားပြီး ဘာမှ မပြောချင်။ စိတ်ပျက်လက်ပျက် ဘုတော မိနေတတ်သည်။ ထိုအခါတွင် ထို ဘုတော ခံရသူများအနေဖြင့် ကျနော်ကို သံသယဖြင့်လည်း ကြည့်မြင်ကြလိမ့်မည်။ အဆိုးမြင်သူတဦး အနေ ဖြင့် မြင်ကောင်းမြင်ကြပေလိမ့်မည်။ ထို့အတွက်ကြောင့် ကျနော့်အမြင်ကို ရေးခြင်းဖြစ်သည်။ လတ်တလော လောင်စာဆီဈေးနှုန်း တိုးမြင့်လာမှုကြောင့် ဖြစ်ပျက်နေသည့် ငြိမ်းချမ်းစွာဆန္ဒပြမှုများ သည် တကယ်တမ်းတွင် နိုင်ငံရေး ဖြေရှင်းမှုဆီသို့ ဦးတည်ရန် အခြေအနေသို့ ရောက်သွားပြီ ဖြစ် သည်။ ကျနော်တို့အနေဖြင့် ဤ ဖြစ်ပျက်မှုအားလုံးသည် ကျနော်တို့၏ စီမံမှုများကြောင့်၊ သို့တည်း မဟုတ် ကျနော်တို့ ဖြစ်ပျက်စေချင်သည့် အလိုများကြောင့် ဖြစ်နေသည်လို့ စဉ်းစားနေကြပါ သလား။ အမှန်စင်စစ်မှာ လူထု၏ စိတ်ရှည်သီးခံမှုမှာ ယခုကာလတွင် ကုန်လွန်သွားသည်ဟုသာ ကျနော် ပြောရပါမည်။ လူထု၏ အမှန်တကယ် ပေါက်ကွဲထွက်လာမှုကို မည်သူက ဖန်တီးသည်၊ မည်သူက လုပ်သည် ပြောမနေကြပါနှင့်။ ထိုအပြောများကြောင့်ပင် တိုက်ပွဲဝင်နေသည့် လူထုအတွက် အကျပ် ရိုက်စရာဖြစ်နေဦးချေမည်။ အမှန်တကယ်တွင်တော့ တိုင်းပြည်တပြည်ရှိ လူထု၏ လှုပ်ရှားအုံကြွမှုကို မည်သူမှ ဖန်တီးနိုင်မှာ မဟုတ်ပါ၊ သူ့အခြေအနေအရ သူတို့၏ ကျပ်တည်းမှု အရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် တကယ်တမ်း နိုင်ငံရေးနေရာ ပြောင်းလဲမှု အဆင့်အထိ တက်လှမ်းလာပြီဆိုလျှင်တော့ လူထုသည် သူတို့၏ အမြင်အရ သူတို့ကို ဦးဆောင်ပေးနိုင်မည် ထင်သည့် နိုင်ငံရေးအင်အားစုတခုကို ရွေးချယ်စမြဲ ပင်။ ထိုသူ၊ ထိုအဖွဲ့အစည်းကိုလည်း လူထုကသာ ရွေးချယ်သည်။ ကိုယ့်ကိုယ်ကိုလည်း အဆိုပြု၍ မရ။ လူထု၏ သမိုင်းဆိုင်ရာအမြင်၊ အတွေ့အကြုံကသာသတ်မှတ်ခြင်းဖြစ်သည်။ ယခုဖြစ်ပျက်နေသည့် အခြေအနေဖြစ်ပျက်လာမည်ဟု မည်သည့် အနာဂတ္တိဆရာများ၊ နိုင်ငံရေး ပုရောဟိတ်များ၊ စစ်အကြောင်းနားလည်သူများက ကြိုတင် ခန့်မှန်းပြောဆိုခဲ့ကြသည်မဟုတ်ပါ။ လူထု ကသာ သူ့လမ်းကြောင်းသူရွေးချယ်ပြီးတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ ထိုအခါ ကြိုတင် ဆွဲထားသည့် စီမံချက်များ၊ လုပ်ငန်းစဉ်များကို အခြေအနေနှင့် ဆက်စပ်မှုမရှိဘဲ အထူးတလည် ကြိုးစားပြီး မထည့်သွင်းရန်မှာ ကျနော်တို့၏ အပိုင်းရောက်လာသည်။ နိုင်ငံရေးအရ မဟာဗျူဟာ (သို့) သေနင်္ဂဗျူဟာ အရ မည်မျှ ပင် မှန်သည်ထားဦး။ ကျနော်တို့ ရေးဆွဲခဲ့သည့် လုပ်ငန်းစဉ်များ(နည်းနာများ)ကိုတော့ ယခုအချိန်နှင့် အံဝင်ဂွင်ကျလိမ့်မည် ဟု တွေးထင် ထားခြင်းသည် မိမိက လူထုအား ဦးဆောင်နိုင်သည်ဟု တလွဲဆံပင်ကောင်းနေခြင်းသာ ဖြစ်ပေ လိမ့်မည်။ ယခု ဖြစ်ပွားနေသည့် လူထုအုံကြွမှုသည် တစိမ့်စိမ့် ဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ ထိုဖြစ်စဉ် ထဲတွင် ပါဝင်ရန်အတွက် ကျနော်တို့၏ မဟာလုပ်ငန်းစဉ်ကြီးများအား လက်မှ တကိုင်ကိုင် လုပ်နေ မည့် အစား ပအဆင့်အနေဖြင့် - လှုပ်ရှားမှုကို တဖွဲ့ချင်းစီအရမည်သို့ ဆက်စပ်နိုင်မလဲ။ တဖွဲ့ချင်းစီအရ ဆက်စပ်နိုင်မှုအရ တခုလုံးဆိုင်ရာ သွင်ပြင်လက္ခဏာ ပေါ်အောင်ဘယ်လို ဆက်စပ်မလဲ။ (ဆိုလိုသည်မှာ- တဖွဲ့ချင်းစီ၏ ဆက်စပ်မှုပေါ် အခြေခံပြီး တပ်ပေါင်းစု သဘောဆောင်သည့် ဘုံလုပ်ငန်းများဆီသို့ ဦးတည်ရေး၊ ပူးတွဲဖို့ကို ရည်ညွှန်းသည်မဟုတ်။ ) ဒု အဆင့်အနေဖြင့် - တဖွဲ့ချင်းစီအရ လူထုအား ဆက်စပ်ပြိးပါက လူထုလှုပ်ရှားမှုအင်နှင့်အားနှင့် ပေါ်လာရေးကို ဘယ်လို ဆွဲဆောင်သွားနိုင်မလဲ။ ထိုဆွဲဆောင်နိုင်မှုအပေါ်မှ မိမိအဖွဲ့ တခုချင်းစီ၏ နဂိုသတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနဲ့ ဘယ်လိုဆက်စပ်နိုင်မလဲ ဆိုခြင်းကို အကောင်အထည်ဖော်သင့်သည်။ (ဆိုလိုသည်မှာ လူထုနှင့် ဆက်စပ်မှုကို လုပ်နေသော်လည်း မိမိအဖွဲ့အစည်း ချထားသည့် လမ်းစဉ်။ နှင့် လုပ်ငန်းစဉ်ကို အထောက်အကူ ပြုသည့် လုပ်ငန်းများကို တဖွဲ့ချင်းစီမှ ထိုအချိန်၌ ပြင်ဆင်ထားရန်)။ ကျနော်မြင်သည့် အမြင်ကို ရေးသည်သာ ဖြစ်သည်။ ထိုအမြင်ကို ပြန်လည်ဆွေးနွေးစေချင်ပါသည်။ လူထုအား အားမလိုအားမရဖြစ်နေခြင်းသည် မှားသကဲ့သို့ လူထုအား အလွန်အကျွံ ခန့်မှန်းခြင်းသည်လည်း လွဲတတ်ပါသည်။ ကျနော်ထပ်ပြောပါမည်။ ပထမသည် လူထုလှုပ်ရှားမှုနှင့်ဆက်စပ်ရေးသာဖြစ်သည်။ မိမိလုပ်ငန်းစဉ်အား လူထုထံ `အစိမ်းလိုက်´ သွတ်သွင်းရေး မဟုတ်ပါ။ Labels: အတွေးအမြင် |
Hi, if different groups start to work separately, will there be an unity among the sporadic agitations? Wouldn't be the best thing, if all different opposition groups form as a United Front and work together under a common goal?
Let me have your say too. Thanks.