သူများဆိုက်တွေကိုသာ အားကျငေးမောကာ ဖတ်ခဲ့ရသူတယောက်ကို လာပြီး တဂ့်တော့ တဂ့်သူ အမ ခင်မင်းဇော်ကိုသာ အပြစ်တင်ရတော့မည်။ အမှန်ကတော့ ကျနော်က စာကို အများသူ ငါလို အဓိပ္ပါယ်ပေါ်အောင် ရေးတတ်သူ မဟုတ်။ ပြီးတော့ စာကို ဖြောင့်ဖြောင့် မှန်မှန် ဖတ်ချင်စိတ်ရှိလာအောင် စွဲခေါ်ရေးတတ်သူလည်း မဟုတ်။ ကျနော် မြင်ခဲ့သည့် အမြင်မျှကိုသာ ရေးတတ်သူ ဖြစ်သည်။ တနည်း အားဖြင့် ကိုယ့်ဘ၀အတွေ့အကြုံကို ခပ်ကြမ်းကြမ်းရေးတတ်သူတဦးသာ။ ထို့အတွက်လည်း ကျနော့်ဆိုက် သည် လူကြိုက်နည်းနေခြင်း ဖြစ်တန်ကောင်း၏။ သို့သော် အမှန်စကားကို ဖွင့်ဆိုခဲ့၏။ ထိုအမှန်စကားကို လည်း အမှန်တရားကို ကြိုက်သူတို့ကသာ လက်ခံကြသည်မဟုတ်လား။ ထို့အတွက် ကျနော့်အား မခင်မင်းဇော်မှ တဂ့်လိုက်ခြင်း ဖြစ်ဟန်တူပါသည်။ အကြိုက်ဆုံးပိုစ့်တ်ဆိုတော့ ကျနော် စဉ်းစားကြည့်မိသည်။ ကွယ်လွန်သူ ဆရာနိုင်ဝင်းဆွေ ၏ ပြောစကားကို ကြားဖူးသည်။ သူ၏ မဟူရာမေတ္တာ စာမူကြမ်းကို အကြိမ်ပေါင်းများစွာ (လေးဆယ်ကျော်ခန့်ထင်သည်) ပြန်၍ ရေးခဲ့ဖူးသည်ဟု နာကြားခဲ့ရသည်။ ကျနော်က တော့ လူပျင်း။ တပုဒ်ရေးပြီးလျှင် ပြန်တည်းဖြတ်ဖို့ ပျင်းသူဖြစ်သည်။ ထို့အတွက် ထိုထိုသော ဆရာများနှင့် ကွာဝေးလွန်းလှသည်။ ထို့ကြောင့် မခင်မင်းဇော် တဂ့်သောအရာသည် `သင်ကြိုက်ခဲ့သော ဘလော့်ဂ့်များ´ သို့မဟုတ် `သင်ဖတ်ခဲဖူ့းသော ဘလောဂ့်ဂါများ၏ ပိုစ့်တ်ငါးခု´ ဆိုလျှင် ကျနော့်အတွက် ပိုမို သင့်လျော်မည်ထင်ပါသည်။ ထိုအရာကို မဆိုင်းမတွ ရေးလိုက်မည် ဆိုလျှင်လည်း ကျနော်မှာ သိပ် ၀န်မပန်းလှပါ။ သို့သော် ကျနော်ရေးခဲ့သည့်ထဲမှ ဆို၍ ကျနော့် စိတ်ကြိုက်ကို ဖော်ပြထားပါသည်။ ကျနော် အကြိုက်ဆုံးဝတ္ထု တပုဒ်ကတော့ ပါသည့် စာစောင် တိပ်ခွေပင် ပျောက်နေသောကြောင့် မတင်ပြနိုင်ခြင်းကို စိတ်မကောင်းပါ။ ၁။ တောင်ပေါ်သူ၏ ငြိမ်းချမ်းရေးပုံပြင် (၀တ္ထု) တောင်ပေါ်သူ၏ ငြိမ်းချမ်းရေးပုံပြင်
(ဇာတ်သိမ်း)
တကယ့်အဖြစ်အပျက်များကို အခြေခံပြီး စိတ်ကူးအနည်းငယ်ထည့်ရေးသားထားခြင်း ဖြစ်ပါသည်။ ကယန်းလူမျိုးများ၏ အပစ်အခတ်ရပ်စဲရေး ကာလ( ၁၉၉၄) ကို အဓိက အခြေပြုသည်။ သို့သော် ထိုအကြောင်းအရာကို ရေးးဖြစ်သည်မှာ ၂၀၀၁ ခုနှစ်မှ ဖြစ်သည်။ ပထမစိတ်ကူးထဲတွင် ရေးသားခဲ့သည့်အတွင်း ဘာသာရေးဆိုင်ရာ ကိစ္စများပါ၍ မိမိကိုယ်ကို မကျေမနပ်ဖြစ်ခဲ့၍ မရေးဖြစ်ခဲ့ပါ။ ၂။ အညတရတို့ရဲ့  အလွမ်းဇာတ် (၀တ္ထု) (အိပ်မက်အိမ်ဘလော့ဂ်မှာပါ) ဤ ၀တ္ထု သည်လည်း ၁၉၉၂ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နယ်မြေ တပ်မဟာ ၃၊ တပ်ရင်း ၈(မုန်းမြို့နယ်)တွင် ဖြစ်ပျက်ခဲ့သော အချက်အလက်အချို့ကို အခြေခံပြီး ရေးဖွဲ့ထားခြင်းဖြစ်သည်။ အလွန်လွမ်းစရာ နာကျည်းစရာကောင်းသည့် အဖြစ်အပျက်လည်း ဖြစ်သည်။ ကျနော် ၀တ္ထုထဲတွင် တကယ့်အချက်အလက်မှန်တချို့ကို ချန်ထားခဲ့သည်။ တကယ့်အဖြစ်အပျက်အမှန်မှာ အသတ်ခံခဲ့ရသူ အမျိုးသမီးအား နအဖ စစ်သား၂၀ကျော် ၃၀ခန့်မှ မတရားပြုကျင့်ပြီး သတ်သည့်အချိန်တွင် ၀ါးလုံးအားချွန်ပြီး အမျိုးသမီးတန်ဆာထဲအား ရိုက်ထည့်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ၀တ္ထုတွင် ထိုအချက် အား ကျနော် မဖော်ပြရက်ပါ။ မဖော်ပြချင်ပါ။ ထို့ကြောင့်ချန်ထားခဲ့ပါသည်။ ၃။ လူသိရှင်ကြားရည်းစားစာ (ကဗျာ) ဤကဗျာကတော့ ကျနော်၏ အများနှင့်မဆိုင်သည့် ပုဂ္ဂလိက ခံစားမှုဝေဒနာဖြစ်သည်။ သိပ်တော့မထူးဆန်း လှပါ။ တိုင်းရင်းသူအမျိုးသမီးလေးတဦးကို ကျနော်ချစ်မိသည်။ လူမျိုးရေး ကွဲပြားမှု၊ နိုင်ငံရေး အယူအဆမတူညီမှု၊ပုဂ္ဂလိကဘ၀ကိုတဦးနှင့် တဦးကြည့်မြင့်မှုများ၊ ကြားသွေးခွဲစကား များကို ထိုကဗျာ ရေးချိန်တွင် ကျနော်မေ့ထားခဲ့သည်။ကျနော်သိသည်မှာ သူမသာ။ အဲဒီမှာပင် ထိုကဗျာကို ရေးဖြစ်သွားခဲ့သည်။ ကျနော်က ချစ်ရသူကိုး။ မိတ်ဆွေအချို့ကတော့ ကဗျာဆန်သည်ဟု ပြောသည်။ ကဗျာရွတ်ပွဲအချို့တွင် ပွဲတောင်းခံရသည်။ ထို့အတွက်တော့ ကြည်နူးပီတိဖြစ်ရသည်၊ ၄။ လိပ်ပြာမလုံနိုင်တဲ့ကာလ (ကဗျာ) ဒီကဗျာကို ကိုယ့်ကိုယ်ကိုလည်း အများတကာကိုလည်း အားမလိုအားမရဖြစ်သည့်အချိန်တွင် ရေးဖြစ်ခဲ့ သည်။ တိုက်ဆိုင်သည်က ၂၀၀၇ ခုနှစ်မတ်လတွင် ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ လူနားလည်လွယ်မည့် နိမိတ်ပုံတော်တော်များများ သုံးဖြစ်ခဲ့သည်။ ကိုယ့်အခြေအနေကို အားမရသည်ကို အားမရကြောင်း ရေးဖြစ်ခဲ့၍လည်း ကျေနပ်မိခဲ့သည်။ ၅။ ပွဲတော်တွေနဲ့ ဝေးတဲ့ကောင် (ကဗျာ) ဒီကဗျာကို တောထဲတောင်ထဲ ရောက်နေသည့် အချိန် ၂၀၀၀ခုနှစ် ဆန်းပိုင်းတွင် ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကို စာရေးဖြစ်နေခြင်းက တော်တော်ကံကောင်းသည်ဟု ပြောရမည်ထင်သည်။ ထိုကာလက အဖော်မဲ့နေရခြင်းကများသည်။ သို့သော် ကဗျာက နှုတ်ဆက်ကဗျာဖြစ်နေသည်။ နေရစ်ခဲ့တော့ ကယန်းမလေး ပေါ့။ အိပ်မက်အိမ် ဘလော့ဂ်တွင် ဖော်ပြထားပါသည်။ ဖတ်သူများကျေနပ်မည် မကျေနပ်မည်ကိုတော့ ကျနော်မသိပါ။ ကျနော် ကြိုက်နှစ်သက်သည့် ငါးပုဒ်ကို ခေါင်းစဉ် ပေးလိုက်ပါပြီ။ အမြင်များလည်း သိလိုလှပါသည်။ တဂ့်သူ မခင်မင်းဇော်လည်း ဒုက္ခပေးရခြင်း ကြောင့် ကျေနပ်သွားမည်ဟု မျှော်လင့်ပါသည်။ ကျေးဇူးတင်ပါသည်။ Labels: အက်ဆေး/၀တ္ထုတို |
စာမရေးတတ်ဖူးဆိုလို့သာပဲ ကိုဖိုးဇေ.. အားလုံးကို အရမ်းကြိုက်တယ် ။ အထူးသဖြင့် အညတရတို့ရဲ့ အလွမ်းဇာတ်.. ဖတ်ပြီး အရမ်းခံစားရပါတယ် ။ အခု အဖြစ်မှန်ဆိုတာကိုပါ တွေ့ လိုက်တော့ ၊ တကယ်ပဲ ဆွံ့ အ သွားတယ် ။