|
လွတ်မြောက်ရေးတိုက်ပွဲတွေရှိရာဆီ ကျနော်လာခဲ့တယ်.... (၁) |
Monday, July 9, 2007 |
အိမ်ကထွက်ခဲ့ပြီ။ ကိုတိုးကြီးရဲ့ ပြန်မလှည့်တော့ဘူး သီချင်းထဲက စာသားတွေကို နာနာကျင်ကျင် ညည်းရင်းနဲ့။ စစ်အစိုးရလက်အောက်မှာ နိုင်ငံရေးနယ်ပယ်ထဲ ၀င်လုပ်တဲ့သူတဦးဟာ ပိုင်းဖြတ်ချက်တော့ ထားရတာပဲ။ ကိုယ်နောက်ဆုံးလုပ်နိုင်တဲ့ အချိန်ထိ တောင့်ခံပြီးလုပ်။ အဲဒီစိုးရိမ်ရေမှတ်ကို ကျော်သွားတာနဲ့ အဖမ်းခံမလား၊ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲမလား။ ဒါက ပြည်တွင်းမှာ လှုပ်ရှားတဲ့သူတိုင်း ရွေးချယ်ရတဲ့ လမ်း၂ကြောင်းပါ။ ကျနော်ကတော့ ဒုတိယလမ်းပဲရွေးချယ်ခဲ့တယ်။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပဲ မဟုတ်လား။
အိမ်က ထွက်ထွက်ချင်း လုပ်ဖော်ကိုင်ဘက်တဦးက ကျနော့်အမေ အမျိုးများရှိရာ ညောင်လေးပင်ဘက်ကို လိုက်ပို့ပေးတယ်။ အဲဒီကနေ အခြေ အနေကို စောင့်ကြည့်ဖို့ပါ။ တကယ်လို့ အခြေအနေကောင်းရင် ဆက်လုပ်နိုင်သမျှလုပ်ပေါ့။ မကောင်းရင်တော့ သွားမယ်။ တလလောက်ပါပဲ။ မိုးတွင်း ကာလ လယ်စိုက်ချိန်ကြီး။ ရေပြင်ဖွေးဖွေးနဲ့ ၀ိုင်းနေတဲ့ ဘကြီးရဲ့ လယ်တဲလေးမှာနေလိုက်။ ရွာထဲပြန်လိုက်နဲ့။ အဲဒီကာလက စာတော့ တော်တော် ဖတ်ဖြစ်သွားတယ်။ စာအုပ်တွေနဲ့ဘဲ နေနေရတာဆိုတော့။
အဲဒါနဲ့ အဆက်အသွယ်က ပြန်ရောက်လာတယ်။ အခြေအနေက ပိုပိုဆိုးတယ်လို့ဆိုတယ်။ အဲဒါနဲ့ ဒုတိယလမ်းကို အကောင်အထည်ဖော်ဘို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ တောထဲသွားဖို့ လမ်းကြောင်းရှာရ၊ ရွေးရတယ်။ ကျနော် ပထမသွားချင်တဲ့ လမ်းကြောင်းက သွားလို့ မရတော့ဘူး။ ပိတ်သွားပြီ။ အဲဒါနဲ့ ဒုတိယလမ်းကြောင်းကို ရှာတော့ ဘုရားသုံးဆူ ဘက်သွားဖို့ အကြံပေးကြတယ်။ အဲဒီလမ်းကပဲ ထွက်မယ်လို့ ဆုံးဖြတ်ပြီး ရန်ကုန်ကို ပြန်တက်လာကြတယ်။ ရန်ကုန်ရောက်တော့ ၀ပ်ကျင်းတခုရှာပြီး ခဏ ၀ပ်တယ်။ အိမ်ကိုလည်း ပြန်မရတော့။ ပြန်လည်း မိသားစုတွေ ၀မ်းနည်းတာ ကလွဲပြီး ထပ်ခွဲကြရင် နှစ်ထပ်ကွမ်းသောကပဲ ထပ်ရဦးမှာမဟုတ်လား။
ဒါပေမယ့် ခက်တာက သွားဖို့အတွက် လမ်းစရိတ်.. ကျန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း မိဘဆီက လက်ဖြန့်တောင်းသုံးနေရတာမဟုတ်လား။ သူတို့လည်း မရှိ။ အခက်အခဲတွေ့တော့ အိမ်မှာ ကျန်ခဲ့တဲ့ အ၀တ်အစားအားလုံးကို လူတယောက်လွှတ်ပြိး အမေ့ဆီက ပြန်တောင်းခိုင်းလိုက်တယ်။ ငွေတော့ မတောင်းချင်။ သူတို့က ကျန်ရစ်ခဲ့တဲ့သူတွေ မဟုတ်လား။ ပိုပြီး လိုအပ်မှာပေါ့။ ကျနော်ကတော့ တယောက်တည်းဆိုတော့ ပြဿနာမရှိလှပါ။ အမေက အ၀တ်အစားအားလုံးကို ထည့်ပေးလိုက်တယ်။ အဲဒါနဲ့ ကိုယ့်အတွက်လိုအပ်မယ့် ၀တ်စုံ သုံးစုံကို ရွေးပြီး ကျန်တာတွေ အားလုံးကို အ၀တ်ဟောင်းဆိုင်မှာ ရောင်းလိုက်ရတယ်။ နောက် လက်ပတ်နာရီတလုံး။ အဲဒါနဲ့ ပိုက်ဆံ ၆၀၀ လောက်ရလိုက်တယ်။ ကျန်တဲ့လူတွေကို လောက်နိုင်ပါ့မလား လို့ မေးတော့ လောက်ပါတယ်ဆိုမှ သက်ပြင်းချမိတယ်။ မလောက်လဲ နောက်ထပ် ရပေါက်ရလမ်းကမရှိတော့ဘူး မဟုတ်လား။
ကျနော့် မှတ်ပုံတင်က သုံးလို့မရဘူးဆိုပြီး ရဲဘော်တယောက်က မှတ်ပုံတင်တခုလာပေးတယ်။ ကိုယ့်မှတ်ပုံတင်အစစ်တော့ လုံလုံခြုံခြုံ သိမ်းပေါ့။ ရထား လက်မှတ်ဝယ်တော့ မှတ်ပုံတင် ပြပြီးဝယ်ရတာ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဘက်တဦးရဲ့အဖေက မီးရထားမှာ အလုပ်လုပ်တော့ သိပ်အခက်အခဲ မရှိလှပါဘူး။
ခရီးထွက်မယ့်ညကျတော့ နောက်တယောက်ရောက်လာတယ်။ သူလည်း နေလို့မရတော့ဘူး။ သူက ကျနော်နဲ့ မန္တလေးညီလာခံမှာ တွေ့ခဲ့တဲ့ ကိုမွှေးကြိုင် (ထွန်းခင်- ၁၉၉၄ ခုနှစ်ဆန်းပိုင်းမှာ ပေါင်းလောင်းဒေသတွင် ကျဆုံး)ဖြစ်နေတယ်။ လူ့ဘောင်သစ်ပါတီက။ အဲဒီညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။ ဘ၀မှာ တခါမှ မကြုံဘူးတဲ့ ကြုံမယ်လို့လည်း မျှော်လင့်မထားတဲ့ အတွေ့အကြုံသစ်တွေ ကြုံရတော့မှာမဟုတ်လား။ နောက်နေ့မနက် ဘူတာကြီးမှာ ရောင်းတဲ့ ထမင်းကျော်ကို စားပြီး မနက် ငါးနာရီ မော်လမြိုင်ရထားနဲ့ နယ်ပယ်သစ်တခုဆီကို စထွက်လာခဲ့ပါပြီ။ အိပ်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့ကြီးကတော့ မီးရောင်တွေအောက်မှာ ငြိမ်သက်စွာ တဖြည်းဖြည်းပျောက်ကွယ်ပြီး ကျန်ရစ်ခဲ့တော့တယ်။ ငယ်ဘ၀ရဲ့ အိပ်မက် တွေလည်း အဲဒီမှာတင် ပျောက်ကွယ်ကျန်ရစ်ခဲ့တော့တယ်။
Labels: အက်ဆေး/၀တ္ထုတို |
posted by မြင့်ဇေ @ 11:57 PM |
|
|
|
ကျနော့်အကြောင်း |
Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
|
ယခုလ မာတိကာ |
|
ယခင်လ မာတိကာ အဟောင်းများ |
|
အလည်သွားဖြစ်တဲ့ ဘလော့များ |
|
Powered by |
|
|
ဆက်ရေးပါဦး