ယခုကဗျာများသည် ၇ ဇူလိုင် အထိမ်းအမှတ်အဖြစ်ထုတ်ဝေခဲ့သော ကဗျာစာအုပ်များထဲမှ တအုပ်ဖြစ်ပါသည်၊ စာအုပ်၏ အမည်မှာ `ရင်ပြင်နီ´ ဖြစ်ပါသည်။ ထုတ်ဝေသည့်ခုနှစ်ကို မသိပါ။ ကျနော့်၏ မိတ်ဆွေ တဦးထံမှရ ရှိခြင်းဖြစ်ပါသည်။
ရဲဘက်တော် သွေးနီပါစေ ဒို့ရင်တွင်းဝယ် ပြင်းပြင်းပူလောင်နေကြတကား။ ဒို့မျက်နှာဝယ် ဖြာဖြာမျက်ရည် စွေကြတကား။ ဒို့အသိဝယ် ငြိငြိအမုန်း ဝေကြတကား။ ဒို့ဝန်းကျင်ဝယ် ရင်ပြင်ရဲရဲ နီကျက်တကား။ ဒို့များဆန္ဒ၊ ရှိသမျှကို ဖွင့်ဟ တောင်းဆိုလိုတကား။ ဒို့များဘ၀၊ မှန်သမျှကို တင်ပြထုတ်ဖော်လိုတကား။ တိုက်ပွဲဆိုလျှင်၊ ဒို့ရင်ခွင်သည် ကြောက်ငြင်မလွန့်၊ နောက်မတွန့်နှင့် ကြောက်ရွံ့သူများနေခဲ့ပါ။ ။ ခင်သက်ထား (မြစ်ကြီးနား)
ဝိဥာဉ်ကျိန်စာ ကျည်ဆံများကြား သက်စွန့်သွားသော၊ ဒို့များဝိဥာဉ် တိုက်ပွဲဝင်လျက်ပါတကား။ ။ မိုးနက်
သွေးပျက်နေသော မိခင်ကြီး သို့မဟုတ် သွေးသုတ်ထားသော အဆောက်အဦးဟောင်း
သံမဏိချောင်း၊ကျည်ထွက်ပြောင်းမှ သောင်းသောင်းဆူညံ၊ ယမ်းအားသံနှင့် ပြင်းထန်ဖေါက်စူး၊ ကြေးကျည်ဖူးတို့ ၀ဲမြူးပျံလွှား၊ ဖေါက်ထွင်းသွား၍ ထွားထွားညွန့်ဝေ၊ သားတို့သေပုံ မြင်ရပါသည့်၊ ဇရာဟောင်းပျ အရွယ်ကျသော၊ မှိုင်းလျလျညို မိခင်အိုသည်၊ ရင်ဖိုချောက်ချား သွေးပျက်သွား၍၊ မုသားမပါ ပွင့်လင်းစွာဖြင့်၊ နောင်လာနောက်သား ရင်သွေးများကို၊ ပြောကြားလိမ့်မည် စိုးကြသည်ကြောင့်၊ ထွေလီလိမ်ကျစ် အကြံညစ်ဖြင့်၊ ဆေးသစ်ခြယ်သ ရုပ်ပြောင်းကြသည် လောကရယ်ဘွယ်ပါတကား။ ။ အမောင် (တက္ကသိုလ်)
လွတ်မုခ်ဦး
စာသင်ခန်း၏.... နောက်တန်းခုံမှာ၊ ထိုင်မြဲပါသော ချစ်စွာသူငယ်ချင်း၊ ပျောက်ဆုံးခြင်းကို ချက်ခြင်းတီးတိုးမေးကြသည်။ သူကအစ.. ဆရာအလယ်၊ ငါ့ဝယ်အဆုံး ပေါင်းရုံးညီညာ၊ ဒီပြဿနာကို ပြင်းစွာတပူ၊ ရှာယူဖွေရ မလိုလှပါ၊ သိကြပါ၏။ ဖိနှိပ်ရက်စက်၊ ခုနှစ်ရက်ဇူလိုင် သွေးလူအိုင်မှာ၊ ပျောက်ဆုံးပါသော ချစ်စွာသူငယ်ချင်း၊ ထိုသတင်းကို အတွင်းပြင်ပ သိကြသည်။ သည်သတင်းကို.. ချက်ချင်းတီးတိုးပြောမည်ဆိုး၍ သည်အခင်းကြောင့်.. ချက်ချင်းညီညာလက်တွဲမှာမို့ မပျို့နေခြည်၊ ရွှေရည်မ၀င်း မှောင်အတွင်းသို့၊ ပိတ်သွင်းချုပ်နှောင် ကာလအမှောင်မှ လွတ်အောင်ရုန်းထွက်ကြပါစို့။ ။ တက္ကသိုလ် မောင်လှချော
ကိုယ့်ချစ်သူ ရေတိမ်နစ်ရှာပေါ့
ကံကော်ပွင့်တွေ၊ ရနံ့ပြေပြီ မျက်ရည်ဖုံးလွှမ်း၊ ဒို့ကျောင်းလမ်းကို လှမ်းရန်မ၀ံ့၊ ခြေလှမ်းရွံ့ခဲ့ လူးလွန့်မရ၊ ပန်းအလှတွေ ညှိုးနွမ်းလေအောင်၊ နင်းခြေဖိပစ် ကြောခိုင်းရစ်ကြ၊ ပန်းသစ်မဝေ ပန်းဟောင်းကြွေလွင့်၊ မလန်းတင့်ပါ အားနှင့် ရုန်းထွက်၊ ကြိုးစားလျက်နှင့် လွတ်ရက်မမြင်၊ သည်ပန်းပင်မှာ သွေးမြှင် လူးယှက်၊ မရှုရက်ရှင့် နံနက်ကမူ၊ ကိုယ့်ချစ်သူလျှင် ပန်းဖြူပင်အောက်၊ ပန်းပွင့်ကောက်ရန် အရောက်ကြိုတင်သွားနှင့်သည်။
ဟင်..အခုတော့လည်း၊ မတွေးရဲပါ ပန်းလည်းမမြင်၊ သူလဲမရှိ ရင်ခုံဘိရှင့်၊ စွန်းငြိသွေးစ မြင်လိုက်ရမှ၊ နှမစိတ်ပူ သွေးပွက်ဆူသည်၊ ချစ်သူမည်သို့ ရှိမည်နည်း။
အော် ..ပွင့်ရင်းကြွေရစ်၊ ဤအဖြစ်ကို ပန်းချစ်သူများ တွေးယူပါ။ ဖြူမြင့်ဝေ(ဒိုင်အို)
Labels: မေ့မရသည့် သမိုင်းများ |