Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ရန်သူနှင့်စကားပြောခြင်း-၇
Thursday, August 9, 2007
၉၄

ဆွေးနွေးပွဲတွေက ကောင်းတဲ့အကျိုးသက်ရောက်မှု ပေါ်လာတယ်၊ သြဂုတ်လ မကုန်ခင် သမတဘိုသာက ကျနော်နဲ့တွေ့ဖို့ စီစဉ်နေတယ်လို့ ၁၉၈၈ ခု၊ ဆောင်းရာသီအတွင်း ကျနော့်ကိုပြောလာတယ်၊ တိုင်းပြည်ကတော့ ဆူပွက်အုံကြွနေဆဲဖြစ်တယ်၊ အစိုးရဟာ ၁၉၈၇ ခုမှာရော၊ ၁၉၈၈ ခုမှာပါ အရေးပေါ်အခြေအနေ ပြန်လည်ချမှတ်ခဲ့တယ်၊ နိုင်ငံတကာ့ဖိအားကလည်း မြင့်တက်လာပြီး တောင်အာဖရိကကထွက်ခွာတဲ့ကုမ္ပဏီတွေ များသထက်များလာတယ်၊ အမေရိကန်ကွန်ဂရက်လွှတ်တော်က အရေးပါတဲ့ပြစ်ဒဏ်ခတ်အရေးယူရေး ဥပဒေကြမ်းတခု အတည်ပြုလိုက်တယ်၊

၁၉၈၇ ခုမှာ အေအင်စီဟာ သက်တမ်း (၇၅) နှစ်မြောက်အခမ်းအနားဆင်နွှဲပြီး အဲဒီနှစ်အကုန် တန်ဇန်းနီးယားနိုင်ငံမှာ ကွန်ဖရင့်တခုကျင်းပခဲ့ရာ နိုင်ငံပေါင်းငါးဆယ်ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြတယ်၊ အော်လီဗာက အစိုးရဟာ အသားအရောင်ခွဲခြားရေးစနစ်ဖျက်သိမ်းရေး ဆွေးနွေးဖို့မပြင်ဆင်မချင်း လက်နက်ကိုင်တော်လှန်ရေးကို အရှိန်မြှင့် သွားမယ် လို့ကြေညာခဲ့တယ်၊ လွန်ခဲ့တဲ့နှစ်နှစ်က လွတ်လပ်ရေးကြေညာစာတမ်း နှစ် (၃၀) မြောက်အဖြစ် ဇမ်ဘီယာနိုင်ငံမှာကျင်းပခဲ့တဲ့ အေအင်စီရဲ့ ကာဘ၀ီကွန်ဖရင့်မှာ တခြားလူမျိုးတွေထဲကပုဂ္ဂိုလ်တွေကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံလုံးဆိုင်ရာ အမှုဆောင်ကော်မတီထဲ ရွေးကောက်တင်မြှောက်ခဲ့ပြီး နိုင်ငံလုံးဆိုင် ရာအမှုဆောင်ကော်မတီက အေအင်စီခေါင်းဆောင်တွေ အားလုံးထောင်ကမလွတ်မချင်း အစိုးရနဲ့ ဆွေးနွေးပွဲတွေမကျင်းပနိုင်ဘူးလို့ ကတိခံဝန်ပြုခဲ့တယ်၊ အကြမ်းဖက်မှုတွေ အပြန့်အနှံ့ရှိနေဆဲဖြစ်ပေမဲ့ အမျိုးသားပါတီဟာ အခုလောက် တခါမှအင်အားမကောင်းခဲ့ဖူးဘူး၊ ၁၉၈၇ ခု၊ မေလ လူဖြူ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားပါတီသမားတွေ အပြတ်အသတ်နိုင်ခဲ့တယ်၊ ဒီထက်ပိုဆိုးတာကတော့ တရားဝင် အတိုက်အခံအဖြစ် သဘောထားပျော့ပျောင်းတဲ့ တိုးတက်သောဖက်ဒရယ်ပါတီကို ကွန်ဆာဗေးတစ်ပါတီက ဖယ်ရှားအစားထိုး လိုက်တာဖြစ်တယ်၊ ကွန်ဆာဗေးတစ်ပါတီဟာ အမျိုးသားပါတီသမားတွေထက် ပိုလင်္ကျာကျပြီး ရွေးကောက်ပွဲ မဲဆွယ်ခဲ့တုန်း ကလည်း အစိုးရဟာ လူမည်းအတိုက်အခံတွေအပေါ် ပျော့လွန်းအားကြီးတယ်ဆိုတဲ့ အာဘော်လွှင့်မဲဆွယ်ခဲ့တယ်၊
လျှို့ဝှက်ဆွေးနွေးပွဲတွေအပေါ် ကျနော်အကောင်းမြင်ဝါဒထားပေမဲ့ ဒီကာလဟာ ခက်ခဲတဲ့ကာလဖြစ်ပါတယ်၊ မကြာသေးခင်က ၀င်နီ ထောင်ဝင်စာလာတွေ့တဲ့အခါမှာကျနော်တို့မင်္ဂလာဆောင်ခဲ့ရာ၊ ကျနော် မိမိနေအိမ်လို့မှတ်ယူရာ အော်လင်းဒို အနောက်
ရပ်ကွက် အိမ်အမှတ် (၈၁၁၅) မီးရှို့ခံရလို့ ပြာကျသွားပြီဆိုတာသိရတယ်၊ ကျနော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစုမှတ်တမ်းတွေ၊ ဓာတ်ပုံတွေနဲ့ အမှတ်တရပစ္စည်းတွေ ဆုံးရှုံးသွားတယ်၊ကျနော်လွတ်လာရင်စားဖို့ ၀င်နီသိမ်းထားတဲ့ လက်ထပ်ကိတ်မုန့်တစိတ်ပါ ပါသွားတယ်၊

ကျနော်ထောင်ကလွတ်လာတဲ့တနေ့မှာ အဲဒီဓာတ်ပုံတွေနဲ့ စာတွေကိုကြည့်ရင်း အတိတ်ကို ပြန်ခံစားကြည့်နိုင်ဖို့ အမြဲစဉ်းစားခဲ့ ပေမဲ့ အခုတော့ အဲဒါတွေဆုံးသွားပါပြီ၊ အကျဉ်းထောင်ဟာ ကျနော့်လွတ်လပ်မှုကို ဆုံးရှုံးစေခဲ့ပေမဲ့ ကျနော့်အမှတ်ရမှု တွေကိုတော့ ဆုံးရှုံးအောင်မလုပ်နိုင်ခဲ့ပါဘူး၊ အခုတော့ ရန်သူတချို့ဟာ အဲဒီအမှတ်ရစရာတွေကိုတောင် ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစားခဲ့ကြပြီလို့ ခံစားမိတယ်၊ကျနော်ဟာ ပျောက်ကင်းအောင်လုပ်နိုင်ပုံမရတဲ့ ချောင်းဆိုးရောဂါတခုလည်း ဆိုးဆိုးဝါးဝါး ခံစားနေရပြီး ကျန်းမာရေးလေ့ကျင့်ခန်းမလုပ်နိုင်လောက်အောင် မကြာခဏပဲ အင်မတန်အားနည်းနေတတ်တယ်၊ ကျနော့် အကျဉ်းခန်းရဲ့စိုထိုင်းမှုကို တောက်လျှောက်တိုင်တန်းကန့်ကွက်ခဲ့ပေမဲ့ ဘာမှလုပ်ပေးတာမရှိခဲ့ပါဘူး၊ တနေ့မှာ ကျနော့်ရှေ့နေ အီစမိုင်အယွပ်ဗ်နဲ့ထောင်ဝင်စာတွေ့နေတုန်း ကျနော်နေမကောင်းဖြစ်လာပြီး အန်ခဲ့တယ်၊ ကျနော့်ကို အကျဉ်းခန်းဆီပြန်ခေါ် သွားပြီး ဆရာဝန်တယောက် စစ်ဆေးကြည့်ရှုပေးတယ်၊ မကြာခင်ပဲ ပြန်ကောင်းလာခဲ့တယ်၊ သို့ပေမဲ့လည်း နောက်ရက် အနည်းငယ်အကြာမှာ ကျနော်ညစာစားအပြီးအကျဉ်းခန်းထဲရှိနေစဉ် ၀ါဒါတချို့နဲ့ ဆရာဝန်တယောက်ရောက်လာတယ်၊ ဆရာဝန်ကကျနော့်ကို ခပ်သုတ်သုတ် ကြည့်ရှု စစ်ဆေးပြီးတဲ့နောက် ၀ါဒါတယောက်က ကျနော့်ကိုအ၀တ်လဲခိုင်းတယ်၊ “ခင်ဗျားကို ကိပ်တောင်းမြို့က ဆေးရုံခေါ်သွားမယ်” လို့ ပြောတယ်၊ လုံခြုံရေးကတင်းကြပ်လှပါတယ်၊ ကျနော်ဟာ ရိုးရိုးကား တွေနဲ့ စစ်ကားတွေပါဝင်တဲ့ ယာဉ်တန်းတခုနဲ့သွားရပြီး အနည်းဆုံးဝါဒါ တဒါဇင်လောက်လိုက်လာတယ်၊

ကျနော့်ကို တိုင်ဂါဘာ့ဂ်ဆေးရုံကိုခေါ်သွားတယ်၊ အဲဒါဟာ ကိပ်ဒေသရဲ့ ချမ်းသာကြွယ်ဝပြီး စိမ်းစိုလန်းဆန်းတဲ့နယ်မြေရှိ စတယ်လင်ဘွတ်ရှ် တက္ကသိုလ်ဝင်းထဲမှာရှိတယ်၊ ကျနော်နောက်ပိုင်းသိလာရတာက တက့သိုလ်ဆေးရုံဆိုရင် ကျနော့်အပေါ် စာနာစိတ်နဲ့ အာရုံစိုက်လာနိုင်မှာကို အာဏာပိုင်တွေစိုးရိမ်ပြီး တခြားဆေးရုံတခု ရွေးမလိုတောင်ဖြစ်ခဲ့သေးတယ်ဆိုတာသိခဲ့ ရတယ်၊ ၀ါဒါတွေက ဆေးရုံထဲအရင်ဝင်သွားပြီး ၀င်ပေါက်နေရာက လူတွေအားလုံးကို ရှင်းလိုက်တယ်၊ ဒီနောက် ကျနော့်ကို လူလုံးဝမရှိတဲ့ အထပ်တထပ်ဆီ ခေါ်တက်သွားတယ်၊ခန်းမထဲမှာ လက်နက်ကိုင်အစောင့် တဒါဇင်ကျော် တန်းစီစောင့်နေတယ်၊လူနာကြည့်ခန်းထဲက စားပွဲပေါ် ကျနော်ထိုင်ရပြီး ငယ်ရွယ်ဖော်ရွေတဲ့ ဆရာဝန်တယောက်က ကြည့်ရှု စစ်ဆေး တယ်၊ ဒီဆရာဝန်ဟာ တက္ကသိုလ်ရဲ့ဆေးကျောင်းမှာ ပါမောက္ခလည်း ဖြစ်တယ်၊သူက ကျနော့်လည်ချောင်းကို စစ်ဆေးတယ်၊ ရင်ဘတ်ကိုခေါက်တယ်၊ တံတွေး၊ သလိပ် နမူနာတွေယူတယ်၊ ဘာမှမကြာခင်မှာပဲ ကျနော့်ကို ကျန်းမာရေး ကောင်းတယ်လို့ ဖော်ထုတ်ကြေညာလိုက်တယ်၊ “ခင်ဗျားမှာ ဘာရောဂါမှမရှိပါဘူး” လို့ သူကပြုံးပြီးပြောတယ်၊ “နက်ဖြန်ဆိုရင် ကျနော်တို့ ခင်ဗျားကို ပြန်ပို့လို့ရနိုင်မှာပါ” တဲ့၊ ကျနော်ဟာ အစိုးရနဲ့စကားပြောနေတာ မပြတ်ချင်လို့ သူ့ရဲ့ရောဂါစစ်ချက်ကို ကျေနပ်ခဲ့မိတယ်၊စစ်ဆေးကြည့်ရှုပြီးတဲ့အခါ ဆရာဝန်က ကျနော့်ကို လက်ဖက်ရည်သောက်မလားမေးတယ်၊ ကျနော်က သောက်မယ်လို့ပြောတဲ့အခါ ခဏနေတော့ အရပ်မြင့်မြင့်အသက်ငယ်ငယ်ကပြား သူနာပြုဆရာမတယောက် လင်ဗန်းတချပ်နဲ့ ၀င်လာတယ်၊ လက်နက်ကိုင်အစောင့်တွေနဲ့ဝါဒါတွေတပြုံကြီးတွေ့လိုက်တော့ တအားကြောက်လန့်သွားလို့ ကျနော့်အိပ်ယာ ပေါ် လင်ဗန်းလွတ်ကျသွားတဲ့အခါ လဖက်ရည်တွေဖိတ်ကုန်ပြီး သူမလည်း အခန်းထဲကထွက်ပြေးသွားတယ်၊ကျနော်ဟာ လူမရှိတဲ့ လူနာဆောင်ထဲ အစောင့်အကြပ်ထူထဲစွာနဲ့ ညအိပ်ရတယ်၊

နောက်တနေ့မနက် ကျနော်မနက်စာတောင်မစားရသေးခင် ဆေးရုံရဲ့ဆေးပညာဌာနမှူးဖြစ်တဲ့ အသက်ကြီးကြီး ဆရာဝန် တယောက် လာကြည့်တယ်၊ သူကတော့ အပိုဆာဒါးတွေမပြောတတ်၊မလုပ်တတ်ဘဲ မနေ့ညကဖော်ရွေတဲ့လူငယ်ဆရာဝန်ရဲ့ လူနာကြည့်ပုံစံနဲ့စာရင် အမူအကျင့်အများကြီးဆိုးတယ်၊ စကားချီးတွေ၊ အာလာပသလ္လာပတွေ ဘာမှပြောမနေဘဲ ကျနော့်
ရင်ဘတ် ကို ကြမ်းကြမ်းတမ်းတမ်းခေါက်ပြီးနောက် စကားခပ်မာမာနဲ့ “ခင်ဗျားအဆုတ်ထဲ ရေ၀င်နေတယ်” လို့ပြောတယ်၊ ကျနော်က မနေ့က ဆရာဝန်လာ စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး ကျနော့်ကျန်းမာရေးကောင်းကြောင်းပြောသွားတယ်လို့ ပြောလိုက်တယ်၊ သူက မကျေမနပ်လေသံနဲ့ “မင်ဒဲလား၊ ခင်ဗျား ရင်ဘတ်ကို ခင်ဗျားပြန်ကြည့်ဦး” လို့ ပြောတယ်၊ ကျနော့်ရင်အုံတဖက်က နောက်တဖက်ထက် တကယ်ပဲကြီးနေတာကို သူကညွှန်ပြပြီး အဲဒါဟာ ရေနဲ့ပြည့်နေတာဖြစ်နိုင်တယ်လို့ ပြောတယ်၊

သူက သူနာပြုဆရာမတယောက်ကို ဆေးထိုးဆလင်းတချောင်းယူလာခိုင်းပြီး ချက်ခြင်းပဲ ကျနော့်ရင်ဘတ်ထဲထိုးသွင်း ညိုညစ်ညစ်အရည်တချို့စုတ်ယူလိုက်တယ်၊ သူက “ခင်ဗျားမနက်စာ စားပြီးပလား” မေးတယ်၊ မစားရသေးဘူးလို့ ကျနော်ပြန်ပြောလိုက်တယ်၊ “ကောင်းတယ်”လို့ သူကပြောတယ်၊ “ခင်ဗျားကို ကျနော်တို့ အခုချက်ချင်း ခွဲစိတ်ခန်းကို ခေါ်သွားမယ်၊”ကျနော့်အဆုတ်ထဲ အရည်အများကြီးရှိနေတယ်လို့ သူကပြောပြီး အဲဒါတွေကို သူကတခါထဲ စုတ်ထုတ်ချင် နေတယ်၊ခွဲစိတ်ခန်းထဲမှာ ကျနော့်ကိုမေ့ဆေးပေးပြီး သတိပြန်ရတဲ့အခါ အခန်းတခန်းထဲမှာ ဆရာဝန် နဲ့အတူရှိနေတာ တွေ့ရတယ်၊ ကျနော်ဟာ နုံးခွေထုံထိုင်းနေပေမဲ့ သူပြောတဲ့စကားကို အာရုံစိုက်နားထောင်ခဲ့တယ်၊ သူပြောတာက ကျနော့် ရင်ဘတ်ထဲက အရည်နှစ်လီတာကို ဖယ်ရှားထုတ်ယူခဲ့တယ်၊ အဲဒီအရည်ကိုစစ်ဆေးတဲ့အခါ တီဘီပိုးတွေ့ရတယ်လို့ပြောတယ်၊ သူက ဒါဟာရောဂါရဲ့ကနဦးအစပိုင်းအဆင့်တွေမှာပဲရှိသေးတယ်၊ အဆုတ်ကိုမထိခိုက်သေးဘူးလို့ ပြောတယ်၊ တီဘီ (အဆုတ် နာ) ရောဂါရင့်ရင် ပျောက်အောင်ကုဖို့ ပုံမှန်အားဖြင့် ခြောက်လလောက်ကြာတတ်ပေမဲ့ ကျနော်ကတော့ နှစ်လလောက်နဲ့ ကောင်းသွားနိုင်တယ်လို့ သူကပြောတယ်၊ကျနော့်ရောဂါဖြစ်လာစေတာ စိုထိုင်းတဲ့အကျဉ်းခန်းကြောင့် ဖြစ်နိုင်တယ်ဆိုတာ ဆရာဝန်ကသဘောတူတယ်၊ကျနော်ဟာ တိုင်ဂါဘာ့ဂ်မှာ နာလန်ထတာနဲ့ ကုသမှုခံယူတာ နောက်ထပ်ခြောက်ပတ် ကြာခဲ့ တယ်၊ ဒီဇင်ဘာလထဲမှာ ကျနော့်ကို ကွန်စတန်ရှာဘာ့ဂ်ဆေးခန်းကို ရွှေ့လိုက်တယ်၊

အဲဒီဆေးခန်းဟာ ပိုးလ်စမိုးနားမှာရှိတဲ့ အဆင့်မြင့်ဇိမ်ခံအဆောက်အအုံတခုဖြစ်ပြီး အရင်ကတခါမှ လူမည်းလူနာ လက်မခံဖူးဘူး၊ အဲဒီကိုရောက်တဲ့ ပထမနေ့မနက်မှာ ကျနော့်ကို စောစောစီးစီး ကိုဘီကိုအက်ဆီးလာတွေ့တယ်၊ သူနဲ့အတူ ဗိုလ်မှူး မာရာအစ်ဆိုတဲ့၊ ကျနော့်ကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ ဒုထောင်ပိုင်တယောက်လိုက်လာတယ်၊ ကျနော် တို့ဟာအပြန်အလှန်နှုတ်ဆက်စကားဆိုပြီးရုံမှာပဲ ဆေးခန်းဝန်ထမ်းက ကျနော့်မနက်စာကိုယူလာတယ်၊ လောလော လတ်လတ် ဖျားနာ ထားတာကြောင့်တကြောင်း၊ သွေးတိုးမှတ်တမ်းရှိထားလို့တကြောင်း ကျနော့်ကို ကိုလက်စထရော အဆီနည်းတဲ့ဓာတ်စာ တင်းတင်းကြပ်ကြပ်ချမှတ်ထားတယ်၊ အဲဒီညွှန်ကြားချက်ဟာ ဆေးခန်းစားဖိုဆောင်ကို ရောက်ပုံ မပေါ်သေးပါ၊ အကြောင်းကတော့ မနက်စာလင်ဗန်းထဲမှာ ကြက်ဥမွှေကြော်တွေရယ်၊ ၀က်သားခြောက်သုံးမြှောင်းနဲ့ပေါင်မုန့် ထောပတ်သုတ် တချို့ပါလာလို့ပါပဲ၊ ကျနော်ဟာ ၀က်သားခြောက်နဲ့ကြက်ဥကို ဘယ်တုန်းက နောက်ဆုံးစားခဲ့ရသလဲတောင် မမှတ်မိတော့ပါဘူး၊ အင်မတန်မှလည်း ဆာလောင်မွတ်သိပ်နေပါတယ်၊ ကျနော်ဟာ အရသာရှိတဲ့ကြက်ဥ တဇွန်းစားမလို့ လုပ်နေတုန်းမှာပဲ ဗိုလ်မှူးမာရာအစ်က “မရဘူး မင်ဒဲလား၊ ဒါ ခင်ဗျားဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆန့်ကျင်နေတယ်ခင်ဗျ” လို့ပြောပြီး သူကလင်ဗန်းကိုယူဖို့ လက်လှမ်းလိုက်တယ်၊ ကျနော်က လင်ဗန်းကိုမြဲမြဲဆုပ်ကိုင်ထားပြီး “၀မ်းနည်းပါတယ် ဗိုလ်မှူး၊ ဒီမနက်စာစားလိုက်လို့ ကျနော်သေမယ်ဆိုရင်လည်းဒီကနေ့ အသေခံဖို့အသင့်ပါပဲဗျာ” လို့ ပြောလိုက်တယ်၊

ကျနော့်ကို ကွန်စတန်ရှာဘာ့ဂ်မှာ လုံခြုံစိတ်ချစွာထားပြီးတာနဲ့ ကျနော်ဟာ ကိုဘီကိုအက်ဆီးတို့၊ လျှို့ဝှက်ကော်မတီတို့နဲ့ ပြန်လည်ပြီးဆွေးနွေးတာတွေ စလုပ်ရတယ်၊ ကျနော်ဆေးခန်းမှာပဲရှိနေစဉ် ကိုအက်ဆီးကကျနော့်ကို အကျဉ်းကျမှုနဲ့လွတ်လပ် မှုကြား တ၀က်လောက်အနေအထားမှာ ထားလိုတယ်လို့ပြောတယ်၊ ဒါဘာဆိုလိုတယ်ဆိုတာ သူ မရှင်းပြပေမဲ့ ကျနော် သဘောပေါက်လိုက်ပြီး ခေါင်းပဲညိတ်ပြလိုက်တယ်၊ လွတ်မြောက်ဖို့ သူ့ကမ်းလှမ်းချက်ကို လက်ခံစဉ်းစား လောက်အောင် ကျနော် မအ ပါဘူး၊ ဒါပေမဲ့ ဒါဟာ အဲဒီကိုဦးတည်တဲ့ခြေလှမ်းတလှမ်းဖြစ်တယ်ဆိုတာ ကျနော်သိတယ်၊လောလောဆယ် မှာတော့ ဆေးခန်းဟာ အင်မတန့်ကို သက်တောင့်သက်တာရှိပြီးကျနော်ဟာ ပထမဆုံးအကြိမ်အဖြစ် ဆေးရုံနာလန်ထ အရသာကို တကယ့်ကိုနှစ်နှစ်ခြိုက်ခြိုက်ခံစားနေမိတယ်၊ လူဖြူ သို့မဟုတ် ကပြားတွေဖြစ်တဲ့ သူနာပြုဆရာမတွေ (လူမည်း သူနာပြုဆရာမတွေ ဒီဆေးရုံမှာလုပ်ခွင့်မရှိပါ) က ကျနော့်ကို ဖျက်ဆီးကြတယ်၊ သူတို့ဟာ နောက်ထပ်အချိုပွဲ၊ လိုက်ပွဲတွေနဲ့ ခေါင်းအုံးတွေယူလာပေးတယ်၊ သူတို့အလုပ်ချိန်မဟုတ်ဘဲနဲ့တောင်ကျနော့်ဆီ အမြဲလာလည်နေကြတယ်၊

တနေ့မှာ သူနာပြုဆရာမတယောက်လာပြီး “မစ္စတာမင်ဒဲလား၊ သမီးတို့ ဒီည ပါတီပွဲတခုပေးမလို့၊ အဲဒါ ဦး လာစေချင်ပါတယ်” လို့ ပြောတယ်၊ ကျနော်က ဖိတ်ကြားတဲ့အတွက်ဝမ်းသာဂုဏ်ယူပေမဲ့ အာဏာပိုင်တွေရဲ့အဆုံးအဖြတ် မလွဲမသွေလိုတယ်လို့ ပြောလိုက်တယ်၊ထောင်အာဏာပိုင်တွေက ကျနော့်ကိုသွားခွင့်မပေးပါ၊ အဲဒါကြောင့် သူနာပြုဆရာမတွေစိတ်ကွက်ကြပြီး ကျနော့်အခန်းမှာပဲ ပါတီပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ကျနော် မပါမဖြစ်ဘူးလို့ ပြောကြတယ်၊အဲဒီညမှာ အမျိုးသမီးငယ် တဒါဇင်လောက်ဟာ ပါတီပွဲထိုင်အ၀တ်အစားတွေဆင်ယင်ပြီးကျနော့်အခန်းထဲ ကိတ်မုန့်တွေ၊ ၀ိုင်နဲ့သစ်သီးဖျော်ရည်တွေ၊ လက်ဆောင်ပစ္စည်းတွေနဲ့ ၀င်ချလာကြတယ်၊ အစောင့်တွေဟာ ခေါင်းရှုပ်ကုန်တဲ့ပုံပါပဲ၊ ဒါပေမဲ့ ဒီပျော်တတ်တဲ့ မိန်းကလေးငယ်တွေကို လုံခြုံရေးအန္တရာယ်တခုလို့ သူတို့မယူဆနိုင်ပါဘူး၊ အစောင့်တယောက်က သူနာပြုဆရာမတချို့ကို ကျနော့်အခန်းထဲမ၀င်ဖို့တားတဲ့အခါ ကျနော်က သူ့ကို အဖိုးကြီးတယောက်က ဒီလောက်လှတဲ့ မိန်းမငယ်ငယ်လေးတွေရဲ့ ဂရုစိုက်မှု အကြီးအကျယ်ခံနေရတာကို သူမနာလိုဖြစ်နေတယ်လို့ နောက်လိုက်တယ်၊

၉၅

၁၉၈၈ ခု ဒီဇင်္ဘာလ စောစောပိုင်းမှာ ကျနော့်အဆောင်က လုံခြုံရေးတွေ တင်းကြပ်ထားပြီး တာဝန်ကျအရာရှိတွေ ခါတိုင်းထက် ပိုနိုးကြားနေကြတယ်၊ အပြောင်းအလဲတစုံတရာဖြစ်တော့မယ့် လက္ခဏာာပါပဲ၊ ဒီဇင်ဘာ (၉) ရက် ညနေမှာ ဗိုလ်မှူးမာရာအစ် ကျနော့်အခန်းထဲဝင်လာပြီး နေရာပြောင်းဖို့ပြင်ထားရန်ပြောတယ်၊ “ဘယ်ကိုလဲ” လို့ ကျနော်မေးတယ်၊ သူမပြောပါ၊ ကျနော့်ပစ္စည်းတွေထုပ်ပိုးပြီး ကျနော့်ဘက်တော်သား သူနာပြုဆရာမ တချို့တလေများ ရှိမလားလို့ ဘေးဘီကြည့်မိတယ်၊ သူတို့ကို ကျေးဇူးတင်ကြောင်းပြောပြီး နှုတ်ခွန်းမဆက်နိုင်ခဲ့တဲ့အတွက် ကျနော်စိတ်မကောင်း ဖြစ်မိတယ်၊ကျနော်တို့ဟာ ခပ်သုတ်သုတ်ထွက်လာ၊ တနာရီလောက်ကားမောင်းပြီးနောက် ကျနော် နာမည်ကြားဖူးထားတဲ့ အကျဉ်းထောင်တခုထဲဝင်လာခဲ့တယ်၊ အဲဒါဟာ ဗစ်တာဗာစတာဆိုတဲ့ထောင်ဖြစ်ပြီး ကိပ်ပြည်နယ်ထဲက သာယာလှပရှေးကျတဲ့ ပါးလ်ဆိုတဲ့ ဒတ်ခ်ျမြို့ကလေးမှာတည်ရှိတယ်၊ ကိပ်တောင်းမြို့ရဲ့ အရှေ့မြောက်ဖက် (၃၅) မိုင် အကွာ ၀ိုင်အရက်ထုတ်လုပ်ရာဒေသထဲမှာဖြစ်တယ်၊ ဒီထောင်ဟာ စံပြအဆောက်အအုံတခုအဖြစ် နာမည်ထင်ရှားတယ်၊ ကျနော်တို့ ဟာ ထောင်ဝင်းအဆုံးထိ ကားမောင်းဝင်သွားပြီးနောက် ထောင်နောက်ဖက်ချောင်ကျကျ သစ်ပင်ထူထူနေရာကိုဖြတ်သွားတဲ့ မြေလမ်းကွေ့ကွေ့ကောက်ကောက်အတိုင်း မောင်းသွားတယ်၊ လမ်းအဆုံးမှာတော့ တသီးတသန့်တည်ရှိနေတဲ့ ဆေးဖြူသုတ် ထားတဲ့ တထပ်အိမ်တလုံးဆီ ရောက်လာတယ်၊ ဒီအိမ်ကို ကွန်ကရစ်တံတိုင်းနဲ့ ၀င်းခတ်ထားပြီး ထင်းရှူးပင် မြင့်မြင့်ကြီးတွေ မိုးနေတယ်၊

ကျနော့်ကို ဗိုလ်မှူးမာရာအစ်က အိမ်ထဲခေါ်သွင်းသွားတယ်၊ အိမ်ထဲမှာ နားနေဆောင်ကျယ်ကျယ်တခန်းနဲ့ ကပ်ရက် မီးဖိုဆောင်ကြီးကြီးတခုရှိပြီး နောက်ဖက်မှာ အဲဒါတွေထက်ပိုကျယ်တဲ့ အိပ်ခန်းတခန်းရှိတယ်၊ အိမ်ထဲမှာ ပရိဘောဂ အသုံးအဆောင်တွေ ကျဲကျဲပါးပါးပဲရှိပေမဲ့ သက်တောင့်သက်သာဖြစ်လောက်အောင်တော့ ထားပေးထားတယ်၊ ကျနော် ရောက်မလာခင် ဒီနေရာကို သန့်ရှင်းလှည်းကျင်းတာ လုပ်မထားဘူး၊ ဒီတော့ အိပ်ခန်းနဲ့ ဧည့်ခန်းတွေထဲအမျိုးမျိုးသော ထူးထူးဆန်းဆန်း ပိုးကောင်မွှားကောင်တွေ၊ ကင်းခြေများတွေ၊ ပင့်ကူတွေတရွရွနဲ့ ပြည့်နေကြတယ်၊ တချို့အကောင်တွေဆိုရင် ကျနော် တခါမှမမြင်ဖူးဘူး၊ အဲဒီညမှာကျနော်ဟာ အိပ်ရာနဲ့ ပြတင်းဘောင်ပေါ်က ပိုးကောင်တွေကိုရှင်းပစ်လိုက်ပြီး ကျနော့်ရဲ့ နေအိမ်သစ်ဖြစ်လာမယ့် ဒီနေရာမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်၊

နောက်တနေ့မနက်မှာ ကျနော့်ဘုံဗိမာန်သစ်ကို လှည့်လည်ကြည့်ရှုခဲ့ရာမှာ အိမ်နောက်ဖက်ဝင်းထဲ ရေကူးကန်တကန်တွေ့ခဲ့ပြီး အိမ်ထဲမှာ အိပ်ခန်းငယ်ငယ်နှစ်ခန်းလည်းတွေ့ခဲ့တယ်၊ကျနော်ဟာ အိမ်ပြင်ထွက်လမ်းလျှောက်ရင်း အိမ်ကိုနေရောင်ကာပေးပြီး အေးမြစေတဲ့ သစ်ပင်ကြီးတွေကို သဘောကျစွာကြည့်မိတယ်၊ ဒီနေရာတခုလုံးဟာ အရာရာနဲ့ အဆက်ပြတ်ပြီးတသီးတခြား အထီးကျန်ဖြစ်နေတယ်၊ သာယာလှပလှတဲ့မြင်ကွင်းကို အကျည်းတန်နေစေတဲ့တခုတည်းသောအရာကတော့ဝင်းထရံတံတိုင်း တွေ ထိပ်မှာ သံဆူးကြိုးတွေ တန်းထားတာဖြစ်တယ်၊ နောက်ပြီး အိမ်အ၀င်ဝမှာ အစောင့်တွေချထားတယ်၊ အဲဒါတောင်မှ ဒီနေရာဟာအင်မတန်နှစ်သက်စရာနေရာတခု၊ အနေအထားတခုဖြစ်ပါတယ်၊ အကျဉ်းထောင်နဲ့ လွတ်လပ် မှုကြားတ၀က်မှာ ရှိတဲ့ အိမ်ဖြစ်တယ်၊အဲဒီနေ့ခင်းမှာ ကျနော့်ဆီကို ဘီကိုအက်ဆီးလာလည်တယ်၊ သူက အိမ်သစ်တက်ပွဲလက်ဆောင်အဖြစ် ကိပ်နယ်ထွက် ၀ိုင်တသေတွ္တှာယူလာခဲ့တယ်၊ ထောင်ချသူက သူ့ထောင်သားဆီ ဒီလိုလက်ဆောင်မျိုးယူလာပေးတဲ့ အဆီအငေါ် မတည့်မှုကို ကျနော်တို့နှစ်ယောက်လုံးသတိထားမိကြတယ်၊ သူဟာ အလွန်တရာမှ အလေးထားဂရုတစိုက်ရှိပြီး ကျနော့်အနေနဲ့နေရာသစ်ကိုကြိုက်အောင် အစွမ်းကုန်ကြိုးပမ်းပေးချင်နေတယ်၊ သူကိုယ်တိုင် အိမ်ကိုလှည့်ပတ်ကြည့်တယ်၊ သူလုပ်ခိုင်းတဲ့ တခုတည်းသောအရာကတော့ အိမ်ပြင်ကတံတိုင်းတွေကို ထပ်မြှင့်ဖို့ဖြစ်တယ်၊ ဒါဟာ ကျနော့်အတွက် တသီး တသန့် လွတ်လွတ်လပ်လပ်ရှိအောင် လို့ပြောတယ်၊ ဗစ်တာဗာစတာက ယာတောပုံစံအိမ်ဟာ ကျနော်ထောင်ကမလွတ်မီ နောက်ဆုံးနေရတဲ့နေရာဖြစ်လိမ့်မယ်လို့ သူကပြောတယ်၊ ဒီလိုထားတာရဲ့ နောက်ခံအကြောင်းရင်းကတော့ ကျနော့်အနေနဲ့ ဆွေးနွေးပွဲတွေကို တသီးတသန့် သက်တောင့်သက်သာလုပ်နိုင်မယ့်နေရာတခုရှိဖို့ ဖြစ်တယ်လို့ သူကပြောတယ်၊

ယာတောအိမ် (cottage) လေးဟာ တကယ်ပဲ ကျနော့်ကို လွတ်လပ်မှုအာရုံယောင်ပေးခဲ့တယ်၊ ကျနော်ဟာ ကြိုက်တဲ့အချိန် အိပ်၊ ကြိုက်တဲ့အချိန်ထ၊ ကြိုက်တဲ့အချိန်ရေကူး၊ ဆာတဲ့အချိန်စားနဲ့ ဒါတွေအားလုံးဟာ အတော်အရသာရှိတဲ့ အာရုံခံစားမှုတွေပါပဲ၊ နေ့ခင်းဘက်မှာကိုယ်ဆန္ဒရှိတဲ့အချိန် အိမ်ပြင်ထွက်လမ်းလျှောက်နိုင်တာလေးကိုက ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာရှိလှပါတယ်၊ ပြူတင်းပေါက်တွေမှာ သံတိုင်တွေမရှိ၊ သော့တွဲတွေဂလောက် ဂလောက်မြည်တာမရှိ၊ သော့ခတ်စရာ (သို့မဟုတ်) သော့ဖွင့်စရာတံခါးမရှိ၊ ဒါဟာ လုံးလုံးကိုနှစ်သက်ကျေနပ်စရာပါပဲ၊ ဒါပေမဲ့ ရွှေကွပ်ထားတဲ့ လှောင်အိမ်တလုံးပဲ ဖြစ်တယ် ဆိုတာကိုတော့ ကျနော်ဘယ်တော့မှမမေ့ပါ၊ အကျဉ်းထောင်အုပ်ချုပ်ရေးက ကျနော့်ကို ထမင်းချက်တယောက် ပေးတယ်၊ သူကတော့အရာခံဗိုလ်စ၀ါ့တ်ဆိုတဲ့ အရပ်မြင့်မြင့်ခပ်အေးအေး အာဖရိကန်းနားလူမျိုးတယောက်ဖြစ်ပြီး အရင်တုန်း က ရော်ဘင်ကျွန်းပေါ်မှာ ၀ါဒါလုပ်ခဲ့ဘူးတယ်၊ ကျနော် သူ့ကိုမမှတ်မိပါ၊ ဒါပေမဲ့ သူဟာ တခါတရံကျနော်တို့ကို ကျောက်မိုင်း တွေဆီ ကားမောင်းပို့ရပြီး ကျနော်တို့ကားဆောင့်အောင် ကုန်တင်ကားကို တမင်တကာဖုတွေချိုင့်တွေပေါ် မောင်းခဲ့တယ်လို့ သူပြောပြတယ်၊“ကျနော် ဆရာတို့ကို အဲသလိုလုပ်ခဲ့တယ်ဗျာ” လို့ သူက ရှက်ရွံ့ရွံ့နဲ့ပြောတော့ ကျနော်ရယ်မိတယ်၊သူဟာ ရိုးသားပြီး စိတ်ထားကောင်းသူဖြစ်တယ်၊ အာဃာတလည်းကင်းတယ်၊ နောက်ပိုင်းမှာ ကျနော့်ညီတယောက်လို ဖြစ်လာခဲ့တယ်၊

သူက မနက် (၇) နာရီမှာ ရောက်လာပြီး ညနေ (၄) နာရီဆို ပြန်တယ်၊ ကျနော့်ရဲ့ မနက်စာ၊နေ့လည်စာနဲ့ ညစာတွေစီစဉ်ချက်ပြုတ်တယ်၊ ကျနော့်ကို ဆရာဝန်ညွှန်ကြားထားတဲ့ ဓာတ်စာသတ်မှတ်ချက်ရှိပြီး စ၀ါ့တ်ကချက်ပြုတ်ရာမှာ အဲဒီအတိုင်းလိုက်နာဆောင်ရွက်ပေးတယ်၊ သူဟာနှစ်လိုဖွယ်ရာကောင်းတဲ့ ထမင်းချက်တယောက်ဖြစ်တယ်၊ သူ ညနေဘက် အိမ်ပြန်တဲ့အခါကျနော့် ညစာကိုနွေးအောင် မိုက်ကရိုဝေ့ဗ်မီးဖိုထဲ ထည့်ထားပေးခဲ့တယ်၊ မိုက်ကရိုဝေ့ဗ်မီးဖိုကတော့ ကျနော့်အတွက် အသစ်အဆန်းဖြစ်နေတယ်၊ အရာခံဗိုလ်စ၀ါ့တ်ဟာ ပေါင်မုန့်လည်းဖုတ်တယ်၊ ဂျင်ဂျာဘီယာလည်း ကိုယ့်ဟာ ကိုယ်ဖောက်တယ်၊ တခြား မုန့်အမျိုးမျိုးလည်းလုပ်တယ်၊ ကျနော့်ဆီကို ဧည့်သည်တွေကလည်း မကြာခဏ ရောက်သထက် ရောက်လာတယ်၊ အဲသလို ဧည့်သည်တွေလာတဲ့အခါ သူက အထူးစပါယ်ရှယ်ဟင်းလျာတွေ ပြင်ဆင်ချက်ပြုတ်ပေးတယ်၊ ဧည့်သည်တွေက အစားအသောက်ကို အမြဲချီးကျူးကြတယ်၊ စားဖိုမှူးကြောင့် ဧည့်သည်အားလုံး ကျနော့်ကို မနာလို ဖြစ်ကြတယ်လို့တောင်ကျနော်ပြောရဲတယ်၊ အာဏာပိုင်တွေက ကျနော်ရဲ့ အေအင်စီရဲဘော်တွေ၊ ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု (ယူဒီအက်ဖ်) နဲ့ ဒီမိုကရေစီလူထုလှုပ်ရှားမှုအဖွဲ့ (အမ်ဒီအမ်) အဖွဲ့ဝင်တွေကို ကျနော့်ဆီ လာတွေ့ခွင့်ပေးတဲ့အခါ ကျနော်က သူတို့ကို အစားကောင်းစားချင်လို့ပဲလာတာ လို့နောက်ပြောခဲ့တယ်၊

တနေ့မှာတော့ မစ္စတာစ၀ါ့တ်ချက်တဲ့၊ အရသာရှိလှတဲ့ ထမင်းတပွဲစားပြီးတဲ့နောက်ကျနော် မီးဖိုထဲဝင်ပြီး ပန်းကန်တွေ ဆေးပေးတယ်၊ သူက “မဟုတ်ဘူး၊ ဒါကျနော့်တာဝန်ပဲ၊ဆရာက အိမ်ရှေ့ခန်းပြန်ပါ” လို့ ပြောတယ်၊ ကျနော်က တခုခုတော့ လုပ်ရမှဖြစ်မယ်၊ သူ ထမင်းဟင်းချက်ရင် ကျနော်ပန်းကန်ဆေးမှ တရားရာကျမယ်လို့ ဇွတ်အတင်းပြောတယ်၊ မစ္စတာ စ၀ါ့တ်က ကန့်ကွက်ပေမဲ့ နောက်ဆုံးမှာတော့ လက်ခံလိုက်တယ်၊ မနက်ဖက်မှာ ကျနော်အိပ်ရာသိမ်းတာကိုလည်း သူကန့်ကွက်တယ်၊ အဲဒါလည်း သူ့တာဝန် လို့ပြောတယ်၊ ဒါပေမဲ့ကျနော်ဟာ အိပ်ရာသိမ်းတာ၊ အိပ်ရာခင်းတာကို နှစ်ပေါင်းများစွာ ကိုယ့်ဟာကိုယ်လုပ်နေခဲ့တာမို့ အကျင့်ပါနေပြီ၊ တခြားကိစ္စတခုမှာလည်း ကျနော်တို့ဟာ တယောက်ကို တယောက် အပြန်အလှန်အကျိုးပြုကြတာရှိတယ်၊ သူဟာ တခြားအာဖရိကန်းစကားပြောဝါဒါတွေလိုပဲ အင်္ဂလိပ်စကားကို
ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်တတ်ဖို့ စိတ်ထက်သန်နေတယ်၊ ကျနော်ကလည်း အာဖရိကန်းစကားပိုပြီးကျွမ်းကျင်တတ်မြောက်ဖို့ အမြဲနည်းလမ်းရှာကြိုးစားနေတာဖြစ်တယ်၊ ဒီတော့ ကျနော်တို့ နှစ်ယောက် သဘောတူချက်တခုချလိုက်တယ်၊ သူက ကျနော့် ကို အင်္ဂလိပ်စကားနဲ့ပြော၊ကျနော်က အာဖရိကန်းစကားနဲ့ပြန်ဖြေ၊ ဒီနည်းနဲ့ ကျနော်တို့နှစ်ယောက်လုံး ကိုယ်အားနည်းတဲ့ ဘာသာစကားကို လေ့ကျင့်ရာရောက်ခဲ့တယ်၊

တခါတရံမှာ ကျနော်ကသူ့ကို တချို့သောဟင်းလျာမျိုးတွေ ချက်ခိုင်းတယ်၊ ကျနော်ကလေးဘ၀တုန်းကစားလေ့ရှိခဲ့တဲ့ ပဲသီးဟင်းကို တခါတလေချက်ခိုင်းတယ်၊ တရက်မှာကျနော်က “လုံးတီးထမင်းချက်ပေးပါ” လို့ တောင်းဆိုလိုက်တယ်၊ သူက “လုံးတီးထမင်းဆိုတာဘာလဲ” ပြန်မေးလို့ ကျနော်အံ့အားသင့်သွားတယ်၊ စ၀ါ့တ်ဟာ လူငယ်ဖြစ်လို့ ကမ္ဘာစစ်ကြီးကို မမှီလိုက် ပါဘူး၊ ကျနော်က သူ့ကို လုံးတီးထမင်း၊ လုံးတီးဆန်ဆိုတာ ကမ္ဘာစစ်ကြီးတုန်းက ဆန်ဖြူမရနိုင်လို့စားရတဲ့၊ အချောကြိတ်မထားတဲ့ ဆန်ဖြစ်တယ်၊ ဆန်ဖြူထက်ပိုပြီး ကျန်းမာရေး နဲ့ညီညွတ်တယ်လို့ ရှင်းပြရတယ်၊ သူက သိပ်အယုံအကြည်မရှိပါ၊ ဒါပေမဲ့ နည်းနည်းပါးပါးတော့ရှာလို့ရလာတယ်၊ အဲဒါကို သူချက်ပေးပြီး ကျနော် အထူးနှစ်ခြိုက်စွာသုံးဆောင်ခဲ့တယ်၊သို့သော် မစ္စတာစ၀ါ့တ်ကတော့ အရသာမခံနိုင်ပဲ အဲဒါမျိုးနောက်ထပ်စားချင်ရင် ကိုယ့်ဟာကိုယ်ပဲချက်လို့ ရာဇသံပေးတယ်၊ကျနော်ဟာ အရက်မသောက်တတ်ပေမဲ့ သင့်လျော်စွာဧည့်ခံတတ်သူဖြစ်ချင်ပြီးဧည့်သည်တွေကို ၀ိုင်အရက်နဲ့ဧည့်ခံချင်တယ်၊ ဧည့်သည်တွေ စိတ်အေးသက်သာဖြစ်အောင်ကျနော်ကိုယ်တိုင် မကြာခဏ တငုံလောက်သောက်တယ်၊ ဒါပေမဲ့ ကျနော်လက်ခံနိုင်တဲ့
ဝိုင်အရက်ကတော့ တောင်အာဖရိကထွက် ‘တ၀က်ချို’ ၀ိုင်ပဲ ဖြစ်ပါတယ်၊ အဲဒီဝိုင်ဟာ တကယ့်တကယ်တော့ အလွန့်ကို ချိုပါတယ်၊

ကျနော့်ဧည့်သည်တွေမလာခင် ကျနော်က မစ္စတာစ၀ါ့တ်ကို နီဒါဘာ့ဂ်ဝိုင်အမျိုးအစားတပုလင်းရှာဖို့ ပြောထားတယ်၊ ဒီဝိုင်ကို ကျနော်မြည်းဖူးပြီး တ၀က်ချိုဖြစ်မှန်းသိထားတယ်၊တနေ့မှာ ကျနော်ဟာ မိတ်ဆွေရှေ့နေတွေဖြစ်တဲ့ ဒါလာအိုမာ၊ ဂျော့ခ်ျ ဘီဇော့ နဲ့ အီစမိုင်အယွပ်ဗ် တို့ နေ့လည်စာလာစားဖို့ဖိတ်ထားပြီး မစ္စတာစ၀ါ့တ်ကို နီဒါဘာ့ဂ်ဝိုင်နည်းနည်းပါးပါးဝယ်ထားဖို့ ပြောလိုက်တယ်၊ မူစလင်မဟုတ်တဲ့ ဂျော့ခ်ျဘီဇော့ ထမင်းစားရင်းသောက်ချင်မလားဆိုပြီး ၀ယ်ခိုင်းတာဖြစ်ပါတယ်၊ ကျနော်ခိုင်းတဲ့အခါ စ၀ါ့တ်မျက်နှာရှုံ့မဲ့သွားတာ သတိထားမိလို့ဘာပြဿနာရှိလဲ မေးကြည့်မိတယ်၊ သူက “မစ္စတာမင်ဒဲလား၊ ဆရာခိုင်းလို့ ကျနော်အဲဒီဝိုင်ကို ဆရာ့အတွက်အမြဲဝယ်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီ့ဝိုင်က အပေါစားကြီးခင်ဗျ၊ ကောင်းလဲ မကောင်းဘူး” လို့ ပြောတယ်၊ကျနော်ကသူ့ကို ကျနော်ဝိုင်အပြင်းတွေမကြိုက်တဲ့အကြောင်းနဲ့ ဂျော့ခ်ျကလည်း ခွဲခြားမသိမှာ သေချာ ကြောင်းပြောလိုက်တယ်၊ မစ္စတာစ၀ါ့တ်က ပြုံးပြီး အလျှော့ပေးစေ့စပ်မှုတခု ကမ်းလှမ်းတယ်၊ သူအပြင်ထွက်ပြီး ၀ိုင်နှစ်ပုလင်းဝယ်လာမယ်၊ ၀ိုင်အပြင်းတပုလင်းနဲ့ ကျနော့်နီဒါဘာ့ဂ် တပုလင်းဝယ်လာပြီး ဧည့်သည်ကို ဘယ်ဟာသောက်ချင် လဲ မေးမယ်တဲ့၊ ကျနော်က “ကောင်းပြီလေ၊ ခင်ဗျားစမ်းသပ်ချက်ကို လက်တွေ့ကြည့်ရအောင်” လို့ ပြောလိုက်တယ်၊ကျနော်တို့ လေးယောက် နေ့လည်စာစားဖို့ ၀ိုင်းထိုင်ကြတဲ့အခါ စ၀ါ့တ်က ပုလင်းနှစ်လုံးကိုင်ထွက်လာပြီး ဧည့်သည်တွေကို “လူကြီးမင်းများ၊ ဘယ်ဝိုင်သုံးဆောင်ပါမလဲ” လို့ မေးတယ်၊ဂျော့ခ်ျဟာ ကျနော့်ကိုတောင်လှည့်မကြည့်ပဲ ၀ိုင်အပြင်းပုလင်းကို လက်ညှိုးထိုးပြတယ်၊ အရာခံဗိုလ်စ၀ါ့တ်ကတော့ ပြုံးရုံပဲပြုံးလိုက်ပါတယ်၊

Labels:

posted by မြင့်ဇေ @ 10:21 PM  
0 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com