Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ရန်သူနှင့်စကားပြောခြင်း-၆ (ဂါမဏိ)
Friday, August 3, 2007




၉၁
ကျနော် ကိုဘီကိုအက်ဆီးထံက တိုက်ရိုက်တုံ့ပြန်ချက်မရပေမဲ့ အစိုးရဟာ ကျနော့်ကို နေထိုင်မှုဘ၀ပုံစံ နောက်တမျိုးနဲ့ထားဖို့ ပြင်ဆင်နေတဲ့လက္ခဏာတွေတော့တွေ့ရတယ်၊ ခရစ္စမတ်မတိုင်ခင်အကြိုရက်မှာ ပိုးလ်စမိုးဒုထောင်ပိုင် ဒုဗိုလ်မှူးကြီး ဂေါ်ဝီမာ့က်စ်က ကျနော် မနက်စာစားအပြီး ကျနော့်အခန်းဘေးက လျှောက်သွားရင်းနဲ့ “မင်ဒဲလား၊ ခင်ဗျားမြို့ထဲ လျှောက်မကြည့်ချင်ဘူးလား” လို့ ခပ်ပေါ့ပေါ့ပဲမေးလိုက်တယ်၊ သူ့စိတ်ထဲ ဘာရည်ရွယ်တယ်ဆိုတာ ကျနော်ရေရေရာရာ မသိပေမဲ့ ‘အင်း’ ဖြေလိုက်လို့ ပြဿနာမရှိနိုင်ဘူး ယူဆမိတယ်၊ ကောင်းပြီ၊ ဒါဆိုလိုက်ခဲ့ပေါ့လို့ သူကပြောတယ်၊ ကျနော်ဟာ ဗိုလ်မှူးကြီးနဲ့အတူ ကျနော့်အကျဉ်းခန်းကနေ ထောင်ဗူးဝရောက်တဲ့အထိ သော့ခတ်ထားတဲ့ သတ္တုတံခါး (၁၅) ချပ်ကို ဖြတ်ကျော်ပြီးနောက် ထောင်အပြင်ရောက်တဲ့အခါ သူ့ကားက ကျနော်တို့ကိုစောင့်နေတာ တွေ့ရတယ်၊

ကျနော်တို့ဟာ ပင်လယ်ကမ်းခြေနဲ့အပြိုင်သွားတဲ့၊ သာယာတဲ့လမ်းအတိုင်း ကိပ်တောင်းမြို့ထဲကို ကားမောင်းသွားကြတယ၊် သူ့ခေါင်းထဲဦးတည်ချက်သတ်သတ်မှတ်မှတ်မရှိဘဲ ကျနော့်တို့ဟာ စိတ်အေးလက်အေးပုံစံနဲ့ မြို့ထဲရှောက်ပတ် မောင်းကြ တယ်၊ ပြင်ပကမ္ဘာလောကကြီးထဲကလူတွေရဲ့ ရိုးရိုးသာမန်လှုပ်ရှားမှုတွေကြည့်ရတာ အင်မတန့်ကိုကြည့်ကောင်းနေတယ်၊ အဖိုးအို တွေက နေစာလှုံနေ၊ မိန်းမတွေက ဈေးဝယ်နေ၊ လူတွေက ကိုယ့်အိမ်မွေးခွေးနဲ့ လမ်းလျှောက်ထွက်နေကြတာတွေ၊ အဲသလို ဘာမှအဆန်းတကြယ်မဟုတ်တဲ့ နေ့စဉ်ဘ၀လှုပ်ရှားမှုတွေကိုပဲ ထောင်ကျနေသူတယောက်က သတိရအတမ်းတဆုံး ဖြစ်တယ်၊ ကျနော်ဟာ ထူးခြားဆန်းကြယ်တဲ့ နယ်မြေတခုကိုရောက်နေတဲ့၊ သိချင်မြင်ချင်စိတ်ပြင်းပြနေတဲ့ ကမ္ဘာလှည့်ခရီးသည်တယောက်လို ခံစားမိတယ်၊တနာရီလောက်ကြာတော့ ဗိုလ်မှူးကြီးမာ့က်စ်က လူရှင်းတဲ့လမ်းကလေး တလမ်းက ဆိုင်ကလေးတဆိုင်ရှေ့ ကားရပ်လိုက်တယ်၊ “ခင်ဗျား အအေးသောက်မလား” လို့ သူကမေးတယ်၊

ကျနော်ခေါင်းညိတ်လိုက်တော့ သူဆိုင်ထဲဝင်သွားတယ်၊ ကားပေါ်မှာ ကျနော်တယောက်ထဲ ထိုင်ကျန်နေခဲ့တယ်၊ အစပိုင်းမှာတော့ ကိုယ့်အခြေအနေကိုယ် မစဉ်းစားမိပါဘူး၊ ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ ကျနော် ပို၍ပို၍ စိတ်လှုပ်ရှားလာတော့တယ်၊ ကျနော်ဟာ (၂၂) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထောင်အပြင်မှာ အစောင့်အကြပ် မရှိဘဲ ရောက်နေတယ်၊


ကျနော်ဟာ တံခါးကိုဖွင့်၊ ကားထဲကခုန်ထွက်ပြီး အဝေးမှာပျောက်သွားတဲ့အထိ ထွက်ပြေးဖို့စိတ်ကူးပေါ်မိတယ်၊ ကျနော့် ကိုယ်တွင်း တစုံတခုကနေ အဲသလိုသာလုပ်လိုက်ဖို့ တိုက်တွန်းနေတယ်၊ ကျနော်ပုန်းလို့ရနိုင်တဲ့၊ သစ်ပင်တွေထူတဲ့ နေရာတခုကို လမ်းဘေးနားမှာ ကျနော်သတိပြုမိတယ်၊ ကျနော့်စိတ်ထဲ တအားတင်းကြပ်နေပြီး ချွေးးစီးတွေပြန်စပြုလာတယ်၊ ဗိုလ်မှူးကြီးကဘယ်သွားနေတာတုံး၊ ဒါပေမဲ့ အဲဒီအခိုက်မှာပဲ ကျနော် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်လိုက်နိုင်တယ်၊ ခုနက ပြောသလို လုပ်လိုက်ရင် အဆင်ခြင်မဲ့ရာ တာဝန်မဲ့ရာကျလိမ့်မယ်။ ဒါအ့ပြင်အန္တရာယ်ရှိမှာကတော့ ပြောစရာမလိုပါ၊ ဒီအခြေ အနေတခုလုံးဟာ ကျနော်ထွက်ပြေးချင်အောင် ကြံစည်ဖန်တီးထားတာလည်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဲသလိုတော့ ကျနော် မထင်မိပါ၊အချိန်အနည်းငယ်အကြာမှာ ဗိုလ်မှူးကြီးက ကိုကာကိုလာသံဗူးနှစ်ဗူးကိုင်ပြီး ကားဆီပြန်လျှောက်လာတာ တွေ့လိုက် ရတော့မှ ကျနော်အလွန့်ကို စိတ်သက်သာရာရသွားတယ်၊ကိပ်တောင်းမြို့က အဲဒီတနေ့တာဟာ လေ့လာရေး ခရီးများစွာရဲ့ အစဖြစ်တယ်ဆိုတာသိလာရတယ်၊ နောက်လအနည်းငယ်အတွင်းမှာ ကျနော်ဟာ ဗိုလ်မှူးကြီးနဲ့အတူ ကိပ်တောင်းမြို့ကို သာမကပဲ မြို့ပြင်ကရှုခင်းရှုကွက်တွေ၊ သာယာလှပတဲ့ပင်လယ်ကမ်းခြေတွေနဲ့ အေးချမ်းကြည်နူးဖွယ်တောင်တန်းတွေဆီ ထပ်သွားရတယ်၊ နောက်မကြာခင် ရာထူးပိုငယ်တဲ့အရာရှိတွေက ကျနော့်ကိုခေါ်လည်ခွင့်ရတယ်၊ ဒီအရာရှိငယ်တွေနဲ့အတူ ကျနော်ပုံမှန်သွားလည်တဲ့နေရာတခုကတော့ ‘ဥယျာဉ်’ လို့ ခေါ်တဲ့နေရာဖြစ်တယ်၊ အဲဒီနေရာက ထောင်ရဲ့စားဖိုအတွက် သီးနှံတွေ စိုက်ပျိုးထားရာ ထောင်ဝင်းအစွန်က မြေကွက်လေးတွေအစုလိုက်ရှိတဲ့နေရာ ဖြစ်တယ်၊ ကျနော်ဟာ သဘာဝ လောကထဲထွက်ရတာကို နှစ်သက်မိတယ်၊ မိုးကုပ်စက်ဝိုင်းမြင်ရတာ၊ နေရဲ့အပူရှိန် ကျနော့်ပခုံးပေါ်ခံစားရတာကို နှစ်သက်မိတယ်၊

တနေ့မှာ ကျနော်ဟာ ဗိုလ်ကြီးတယောက်နဲ့အတူ ဥယျာဉ်တွေဆီသွားခဲ့တယ်၊ ယာခင်းတွေထဲလျှောက်ကြည့်ပြီးနောက် ကျနော်တို့ဟာ မြင်းဇောင်းတွေဆီသွားခဲ့ကြတယ်၊ မြင်းဇောင်းတွေထဲမှာ လူဖြူလူငယ်နှစ်ယောက် အလုပ်ကြမ်းဝတ်စုံတွေ ၀တ်ပြီး မြင်းတွေကိုင်တွယ်နေတယ်၊ကျနော်က သူတို့ဆီလျှောက်သွားပြီး မြင်းတကောင်ကို သဘောကျကြောင်း စကားပြောရင်း“ဟေ့၊ ဒီမြင်းနာမည် ဘာလဲ” လို့ မေးလိုက်တယ်၊ အဲဒီလူငယ်ဟာ နည်းနည်းဂယောင်ချောက်ချားနိုင်ပြီးကျနော့် ကိုလည်း ပြန်မကြည့်ပါ၊ ဒီနောက် မြင်းနာမည်ကို ဗလုံးဗထွေးနဲ့ပြောတယ်၊ ဒါပေမဲ့ကျနော့်ကိုပြောတာမဟုတ်ဘဲ ဗိုလ်ကြီး ကိုပြောတာဖြစ်တယ်၊ ဒါနဲ့ကျနော်က နောက်တယောက်ကို သူ့မြင်းနာမည်ဘာလဲလို့ တလှည့်မေးတော့လည်း ခုနကလို တုံ့ပြန်မှုမျိုးပဲရတယ်၊ကျနော်ဟာ ဗိုလ်ကြီးနဲ့အတူ ထောင်ဆီပြန်လျှောက်လာရင်း လူငယ်နှစ်ယောက်ရဲ့ ထူးထူးဆန်းဆန်း အပြုအမူလို့ ကျနော်ထင်တာကို ဗိုလ်ကြီးကိုပြောမိတယ်၊ ဗိုလ်ကြီးကရယ်တယ်၊ “မင်ဒဲလား၊ အဲဒီနှစ်ယောက်ကဘာလဲဆိုတာ ခင်ဗျားမသိဘူးလား၊” ကျနော်က မသိကြောင်းပြောလိုက်တယ်၊ “သူတို့က လူဖြူအကျဉ်းသားတွေလေ၊ လူဖြူအရာရှိ တယောက်ရှေ့မှာ တိုင်းရင်းသားအကျဉ်းသားတယောက်က သူတို့ကိုမေးခွန်းတွေမေးတာ တခါမှမခံခဲ့ဖူးဘူးခင်ဗျ၊”

တချို့ဝါဒါငယ်တွေက ကျနော့်ကို တော်တော်ဝေးဝေးတွေအထိ ခေါ်သွားကြတယ်၊ ကျနော်တို့ဟာ ပင်လယ်ကမ်းခြေ မှာ လမ်းလျှောက်ကြတယ်၊ လဖက်ရည်ဆိုင်တဆိုင်ဝင်ပြီးလဖက်ရည် တောင်သောက်ကြသေးတယ်၊ အဲဒီနေရာတွေမှာ ကျနော့် ကို လူတွေမှတ်မိသလားဆိုတာ မကြာခဏစမ်းကြည့်မိတယ်၊ ဒါပေမဲ့ ဘယ်သူမှမမှတ်မိကြပါ၊ သတင်းစာထဲပါတဲ့ကျနော့် နောက်ဆုံးဓာတ်ပုံက ၁၉၆၂ ခုတုန်းကဖြစ်တယ်၊ဒီခရီးစဉ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ပညာရစေပါတယ်၊ ကျနော် ထောင်ထဲ ရောက်နေစဉ်လောကကြီးမှာ ဘယ်လိုပြောင်းလဲသွားခဲ့သလဲဆိုတာကို တွေ့ရတယ်၊ ကျနော်တို့ဟာ အဓိကအားဖြင့် လူဖြူ နယ်မြေတွေကိုပဲသွားခဲ့တဲ့အတွက် လူဖြူတွေခံစားနေရတဲ့ အလွန်အကျူး ချမ်းသာကြွယ်ဝမှုနဲ့ သက်တောင့်သက်တာ အဆင်ပြေမှုကို တွေ့ရတယ်၊ တိုင်းပြည်ဟာ ဆူပွက်အုံကြွနေပြီး မြို့သစ်တွေဟာ စစ်မီးအတိအလင်း တောက်လောင်ခါနီး ဖြစ်နေပေမဲ့ လူဖြူလောကကတော့ အေးဆေးငြိမ်သက်ပြီး ဘာမှမဖြစ်သလိုပါပဲ၊ သူတို့ရဲ့ဘ၀တွေဟာ ထိခိုက်မှုမရှိပါဘူး၊ တခါကတော့ အတော့်ကိုဖော်ရွေယဉ်ကျေးတဲ့ လူငယ်ဝါဒါ အရာခံဗိုလ်ဘရန်းက ကျနော့်ကို သူ့မိသားစုနေတဲ့တိုက်ခန်း ခေါ်ချ သွားပြီး သူ့ဇနီးသားသမီးတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာတော့ ကျနော်က သူ့ခလေးတွေဆီ ခရစ္စမတ် နှုတ်ခွန်းဆက်ကဒ်ပြားတွေနှစ်တိုင်းပို့ပေးခဲ့တယ်၊

ဒီစွန့်စားခန်းလေးတွေကို ကျနော်သဘောကျနှစ်òခိက်မိတာနဲ့အမျှ အာဏာပိုင်တွေဟာ ကျနော့်ကိုအာရုံလွှဲပေးဖို့အပြင် တခြားရည်ရွယ်ချက်တခုရှိတယ်ဆိုတာလည်း ကျနော်ကောင်းကောင်းသိမိတယ်၊ သူတို့ဟာ ကျနော့်ကို တောင်အာဖရိက နိုင်ငံရဲ့ နေ့စဉ်ဘ၀နဲ့ အသားကျကျွမ်းဝင်သွားစေချင်တယ်လို့ ကျနော်ထင်မိတယ်၊ တချိန်တည်းမှာ ကျနော်ထောင်ကလုံးလုံး လွတ်မြောက်ဖို့အတွက် အလျှော့ပေးစေ့စပ်ချင်စိတ်တွေပေါ်လာအောင် လွတ်လပ်မှုအသေးစားလေးတွေရဲ့အရသာမှာ တအား ယစ်မူးသွား စေချင်ပုံလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကျနော်ထင်မိပါတယ်၊

၉၂

၁၉၈၇ ခုမှာ ကျနော်ဟာ ကိုဘီကိုအက်ဆီးနဲ့ အဆက်အသွယ်ပြန်ဖြစ်ခဲ့တယ်၊ ကျနော်ဟာ သူနဲ့ သူ့နေအိမ်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးမှုတွေ အတော်များများလုပ်ခဲ့တယ်၊ အဲဒီနှစ်ကုန်ပိုင်းလောက်မှာ အစိုးရက ပထမဆုံးသောအခိုင်အမာကမ်းလှမ်းချက် လုပ်လာတယ်၊ကိုအက်ဆီးပြောတာက အစိုးရဟာ ကျနော်နဲ့ သီးသန့်ဆွေးနွေးပွဲတွေလုပ်ဖို့ အထက်တန်း အရာရှိကြီးတွေ ပါဝင်တဲ့ ကော်မတီတရပ်ခန့်အပ်ဖွဲ့စည်းမယ့် သဘောထားရှိတယ်လို့ ဆိုတယ်၊ဒါဟာ နိုင်ငံတော်သမတရဲ့ ရာနှုန်းပြည့် သိရှိခွင့်ပြုမှုနဲ့ လုပ်မှာဖြစ်တယ်လို့ ကိုအက်ဆီးကပြောတယ်၊ ကော်မတီအကြီးအကဲက ကိုအက်ဆီးကိုယ်တိုင်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်တွေကအကျဉ်းထောင်မင်းကြီး ဗိုလ်ချုပ်ကြီးဝီလမ်စီ၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖင်နီဗန်ဒါမာဝီနဲ့ အမျိုးသားထောက်လှမ်းရေးဌာနအကြီးအကဲဖြစ်သူ ပညာတံခွန်အသင်းသားဟောင်း ဒေါက်တာနီးလ်ဘားနာ့ဒ်တို့ဖြစ်တယ်၊ ပထမ သုံးယောက်က အကျဉ်းထောင်ယန္တရားနဲ့ပတ်သက်နေသူတွေဖြစ်တဲ့အတွက် တကယ်လို့ ဆွေးနွေးပွဲတွေမအောင်မမြင် ဖြစ်ရင် ဒါမှမဟုတ် သတင်းစာတွေကို ပေါက်ကြားသွားရင် ဆွေးနွေးတဲ့နှစ်ဖက်လုံးက ဖုံးဖိနိုင်မှာဖြစ်ပြီး ကျနော်တို့ဟာ အကျဉ်းထောင် အခြေအနေတွေ ဆွေးနွေးနေကြတာပဲဖြစ်တယ်၊ တခြားဘာမှ ဆွေးနွေး တာမဟုတ်ဘူးလို့ ပြောနိုင်မှာ ဖြစ်တယ်၊

ဒါပေမဲ့ ဒေါက်တာဘားနာ့ဒ် ပါဝင်နေတာကြောင့် ကျနော်စိတ်စနိုးစနောင့်ဖြစ်မိတယ်၊ သူဟာ တောင်အာဖရိကနိုင်ငံက စီအိုင်အေ လို အဖွဲ့မျိုးရဲ့ အကြီးအကဲဖြစ်ပြီး စစ်ထောက်လှမ်းရေးနဲ့လည်း ပတ်သက်နေတယ်၊ ကျနော်ဟာ တခြား အရာရှိ တွေနဲ့ဆိုရင် ဆွေးနွေးပွဲတွေ လျော်ကန်မှုရှိကြောင်း ကျနော့်အဖွဲ့အစည်းကိုဖြေရှင်းနိုင်ပေမဲ့ ဘားနာ့ဒ်နဲ့ဆွေးနွေးတာ လျော်ကန် ကြောင်းကိုတော့ ရှင်းပြဖို့မလွယ်ပါဘူး၊ ဘားနာ့ဒ်ပါနေတာဟာ ဆွေးနွေးပွဲတွေကို ပို၍ပြဿနာရှုပ်စေပြီး ပိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲအစီအစဉ်ကို ညွှန်းဆိုနေတယ်၊ ကျနော်က ကမ်းလှမ်းချက်ကို တညစဉ်းစားချင်တယ်လို့ ကိုအက်ဆီးကို ပြောလိုက်တယ်၊အဲဒီညမှာ ကျနော်က ဖြစ်နိုင်စရာအကျိုးဆက်အားလုံးကို ဆင်ခြင်ကြည့်တယ်၊ သမတဘိုသာဟာ လုံခြုံရေးကျွမ်းကျင်သူတွေနဲ့ ထောက်လှမ်းရေးအရာရှိတွေပါဝင်တဲ့၊ လျှို့ဝှက်ဌာနတခုဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေးကောင်စီလို့ ခေါ်တဲ့ဟာတခု ဖွဲ့စည်းထူထောင်ထားတယ်ဆိုတာကျနော်သိထားတယ်၊ သတင်းစာတွေအဆိုအရ အဲဒါကိုလုပ်တာဟာ သူ့အနေနဲ့ ၀န်ကြီးအဖွဲ့ရဲ့ အခွင့်အာဏာကို ကျော်လွန်ရှောင်ကွင်းပြီး သူ့ကိုယ်ပိုင်အာဏာ ကြီးထွားစေဖို့ဖြစ်တယ် လို့ဆိုပါ တယ်၊ ဒေါက်တာဘားနာ့ဒ်ဟာ ဒီအတွင်းစည်းကောင်စီမှာ အဓိကကျသူတယောက်ဖြစ်ပြီး သမတရဲ့ လက်ရင်းလူယုံတော် ဖြစ်တယ်လို့ ပြောကြတယ်၊ ကျနော်ကဘားနာ့ဒ်ကို လက်မခံဘဲငြင်းလိုက်ရင် ဘိုသာကို စိမ်းကားလိုက်ရာကျသွားလိမ့်မယ်လို့ တွေးမိတယ်၊ အဲသလိုနည်းလမ်းဟာ အင်မတန့်ကို အန္တရာယ်များတယ်လို့ ဆုံးဖြတ်လိုက်တယ်၊

နိုင်ငံတော်သမတကို ၀ိုင်းထဲဆွဲမထည့်ရင် ဘာမှဖြစ်လာနိုင်မှာမဟုတ်ပါ၊ မနက်မိုးလင်းတော့ ကျနော် ကိုအက်ဆီးထံ သူ့ကမ်းလှမ်းချက် လက်ခံကြောင်းစကားပါးလိုက်တယ်၊ ကျနော်ကိုင်တွယ်ဆောင်ရွက်ဖို့လိုတဲ့ အချက်အချာ ကိစ္စသုံးခုရှိတယ် ဆိုတာ ကျနော်သိတယ်၊ ပထမကိစ္စအနေနဲ့ ကျနော်ရှေ့ဆက်မတိုးခင် သုံးထပ်မှာရှိတဲ့ ကျနော့်အဖော်တွေ သဘောထား တီးခေါက်ကြည့်ချင်တယ်၊ ဒုတိယကိစ္စက အခုဖြစ်နေတာတွေကို လူဆာကာမြို့မှာရှိတဲ့ အော်လီဗာထံ ဆက်သွယ်သတင်းပို့ဖို့ အရေးကြီးတယ်၊ နောက်ဆုံးကိစ္စကတော့ တိုင်းပြည်ရဲ့ အဓိကကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ ကျနော့်အမြင်တွေနဲ့ အေအင်စီရဲ့ သဘောထားတွေကိုဖော်ထုတ်ရှင်းပြတဲ့ အဆိုပြုစာလွှာတစောင်ရေးဆွဲပြီး ဘိုသာဆီပို့ဖို့ရည်ရွယ်တယ်၊ ဒီအဆိုပြုစာလွှာဟာ အနာဂတ်ဆွေးနွေးပွဲတိုင်းအတွက် စကားပြောစရာအချက်အလက်တွေပေးလိမ့်မယ်၊ ကျနော်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ခွင့်တောင်းတဲ့အခါ အာဏာပိုင်တွေက ခပ်မြန်မြန်ပဲငြင်းလိုက်တာ အံ့သြစွာတွေ့ရတယ်၊ ဒီလိုငြင်းတာ အတော် ထူးခြား တယ်၊ ဒါဟာကျနော်နဲ့အစိုးရကြား လျှို့ဝှက်စကားပြောပွဲတွေရဲ့ အလားအလာနဲ့ပတ်သက်ပြီး အစိုးရဘက်က အတော်ကြီးကို စိတ်ဂယောက်ဂယက်ဖြစ်နေတာကိုပြတယ်လို့ ကျနော်ယူဆမိတယ်၊

ကျနော်က ပိုအဆင့်မြင့်တဲ့ အထက်အရာရှိတွေဆီ ထပ်တင်တဲ့အခါ နောက်ဆုံးမှာ ကျနော့်ပန်ြကားချက်ကို ခွင့်ပြုလိုက်တယ်။် ဒါပေမ့ဲ ခြွင်းချက်ကတော့ ကျနော်ဟာ ကျနော့်အဖော်တွေကို တယောက်ချင်းပဲတွေ့နိုင်ပြီး အားလုံးတပြိင်နက်တွေ့ခွင့်မရပါ၊
ကျနော် သူတို့နဲ့ ထောင်ဝင်စာခန်းမှာတွေ့ရတယ်၊ အသေးစိတ်အချက်တချို့မပြောဘဲချန်ထားဖို့ ကျနော်ဆုံးဖြတ်ထားတယ်၊ ဆွေးနွေးဘက်ကော်မတီတရပ် လက်တွေ့ဖွဲ့စည်းထားပြီးပြီဆိုတာမပြောဘဲ အစိုးရနဲ့စကားပြောရေးအယူအဆအပေါ် သူတို့အကြံညာဏ်ရယူဖို့ဖြစ်တယ်၊ ဝေါလ်တာနဲ့ ပထမဆုံးတွေ့ရတယ်၊ သူ့ကို ကျနော်က အကျဉ်းထောင်မင်းကြီးဆီရေးတဲ့စာ အကြောင်းနဲ့ ကိုအက်ဆီးနဲ့ကျနော် တွေ့ဆုံခဲ့တဲ့အကြောင်း ပြောပြလိုက်တယ်၊ အစိုးရနဲ့ ဆွေးနွေးပွဲတွေစဖို့စိတ်ကူးကို ကိုအက်ဆီးနဲ့ ဆွေးနွေးခဲ့ပြီး အစိုးရကလည်း စိတ်ဝင်စားပုံရတယ်လို့ ကျနော်ပြောပြတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အမြင်ဘယ်လိုရှိသလဲ၊ကျနော်ဟာ ဝေါလ်တာနဲ့အတူ အခက်အခဲအမျိုးမျိုးဖြတ်သန်းခဲ့ဘူးတယ်၊ သူဟာဆင်ခြင်တုံ တရားနဲ့ပြည့်စုံပြီး ညာဏ်ပညာရှိသူဖြစ်တယ်၊ ကျနော့်အကြောင်းလည်း သူ့ထက် ပိုသိသူမရှိပါ၊ သူ့သဘောထားထက်ပိုပြီး ကျနော် ယုံကြည်အားကိုးတဲ့ ဒါမှမဟုတ် တန်ဖိုးထားတဲ့သူမရှိပါ၊ ကျနော်ပြောတာကို ဝေါလ်တာ စဉ်းစားဆင်ခြင်ကြည့်တယ်၊ သူဟာ စိတ်စနိုးစနောင့်ဖြစ်နေတာ ကျနော်တွေ့ရပြီး အလွန်ဆုံးပြောရရင် သိပ်လှိုက်လှိုက်လှဲလှဲမရှိဘူးလို့ ပြောနိုင်ပါတယ်၊

သူက “မူအားဖြင့် ကျနော်ဟာ စေ့စပ်ဆွေးနွေးရေးကို မဆန့်ကျင်ပါဘူး၊ ဒါပေမဲ့ ကျနော့်ဆန္ဒကတော့ ဆွေးနွေးမှုတွေကို ကျနော်တို့က အစိုးရဆီ အစပြုကမ်းလှမ်းတာမဟုတ်ဘဲအစိုးရက ကျနော်တို့ဆီ အစပြုကမ်းလှမ်းတာဖြစ်စေချင်တယ်” လို့ပြောတယ်၊ကျနော်က တကယ်လို့ သူဟာ စေ့စပ်ဆွေးနွေးရေးကို မူအားဖြင့် မဆန့်ကျင်ဘူးဆိုရင် ဒီဆွေးနွေးပွဲကို ဘယ်သူကပဲ အစပြုကမ်းလှမ်းတာဖြစ်ဖြစ် ဘာအရေးလဲလို့ ပြန်ပြောလိုက်တယ်၊ အရေးကြီးတာက ဆွေးနွေးပွဲတွေ ဘယ်လိုစတယ်ဆိုတာမဟုတ်ဘဲ ဘာရလဒ်တွေထွက်သလဲ ဆိုတာဖြစ်တယ်၊ ကျနော်တို့ဟာ စေ့စပ်ဆွေးနွေးရေးကို ရှေ့ဆက် လုပ်သင့်တယ်၊ ဘယ်သူအရင်တံခါးခေါက်သလဲဆိုတာ ပူပင်မနေသင့်ဘူးလို့ ကျနော် ဝေါလ်တာကိုပြောလိုက်တယ်၊ ကျနော် ဟာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချထားပြီးပြီဆိုတာ ဝေါလ်တာသိမြင်ပြီး သူကကျနော့်ကိုဟန့်တားမှာမဟုတ်ကြောင်း ပြောတယ်၊ ဒါပေမဲ့ ကျနော်ဟာ ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ့်ဟာကိုယ်သိဖို့ သူမျှော်လင့်ကြောင်းပြောတယ်၊

နောက်ထပ်တွေ့ရသူက ရေးမွန်အမ်လှားဘားဖြစ်တယ်၊ ကျနော် ဝေါလ်တာ့ကို ရှင်းပြခဲ့သလိုပဲ သူ့ကို အခြေအနေ တခုလုံး ရှင်းပြတယ်၊ ရေးဟာ အမြဲပဲစကားနည်းသူဖြစ်တယ်၊ သူက ကျနော်ပြောပြတာတွေကို အချိန်ယူစဉ်းစားတယ်၊ ဒီ့နောက် ကျနော့်ကို လှမ်းကြည့်ပြီး ပြောလိုက်တယ်၊ “မာဒီဘား(မင်ဒဲလားရဲ့ ဆွေမျိုးစုအမည်)၊ ခင်ဗျား ဘာကိုစောင့်နေတာတုန်း၊ ကျနော်တို့ဟာ ဒါကို နှစ်အတော်ကြာကတည်းက စသင့်ခဲ့တာဖြစ်တယ်၊” အင်ဒရူးအမ်လန်ဂင်နီရဲ့ တုံ့ပြန်မှုကလည်း ရေးနဲ့ ဆင်တူဖြစ်တယ်၊ နောက်ဆုံးတွေ့ရသူက ကက်သီဖြစ်တယ်၊ သူ့တုံ့ပြန်မှုက ဆန့်ကျင်ဘက်ကဖြစ်ပါတယ်၊ ကျနော် အကြံပြုတာကို ရေးမွန်နဲ့အင်ဒရူးတို့ကထောက်ခံသလောက် သူကတော့ ပြတ်ပြတ်သားသားဆန့်ကျင်တယ်၊ သူက ဝေါလ်တာ ထက်တောင် ပိုပြင်းထန်နေပြီး ကျနော်တို့ကဆွေးနွေးပွဲတွေကို အစပြုကမ်းလှမ်းခြင်းအားဖြင့် အရှုံးပေးအညံ့ခံရာ ရောက်တယ်လို့ သူယူဆတယ်၊ ဝေါလ်တာလိုပဲ သူကစေ့စပ်ဆွေးနွေးရေးကို မူအားဖြင့်မဆန့်ကျင်ဘူးလို့ပြောတယ်၊ ကျနော်ကလည်း ဝေါလ်တာကိုပြန်ပြောခဲ့တဲ့အတိုင်းပဲ သူ့ကိုပြန်ပြောလိုက်တယ်၊ ဒါပေမဲ့ ကက်သီက ခေါင်းမာလှတယ်၊ သူက ကျနော်ဟာ လမ်းမှားအတိုင်း လွင့်မျောနေပြီလို့ ယူဆနေတယ်၊ ဒါပေမဲ့ သူဟာ စိုးရိမ်ကြောင့်ကြမှုတွေရှိနေသော်လည်း ကျနော်သွားမယ့်လမ်းကိုပိတ်ပင်ဟန့်တားမှာမဟုတ်ဘူးလို့ ပြောတယ်၊

အဲသလိုတွေ့ပြီး သိပ်မကြာခင် ကျနော်ဟာ အော်လီဗာတမ်ဗိုဆီက စာကလေးတစောင် ရခဲ့တယ်၊ အဲဒီစာကို ကျနော့်ရှေ့နေတယောက် ခိုးသွင်းပေးတာဖြစ်တယ်၊ သူက ကျနော်ဟာ အစိုးရနဲ့လျှို့ဝှက်ဆွေးနွေးမှုတွေလုပ်နေတယ်လို့ သတင်းတွေ ကြားပြီး စိုးရိမ်နေတယ်၊ ကျနော်ဟာ ကာလအတော်ကြာကြာ တယောက်ထဲနေရပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခွဲထားခံနေရတယ်ဆိုတာ သူသိကြောင်းပြောတယ်၊ မင်ဒဲလား ဘာတွေဖြစ်နေပြီလဲဆိုတာ သူစဉ်းစားတွေးတောနေမိမှာပါပဲ၊ အော်လီဗာရဲ့စာက တိုတိုနဲ့လိုရင်းရေးထားတယ်၊ သူသိချင်တာက ကျနော်အစိုးရနဲ့ ဘာတွေဆွေးနွေးနေသလဲဆိုတာ ဖြစ်တယ်၊ ကျနော် ဖောက်ပြန်သွားပြီလို့တော့ အော်လီဗာ ယူဆမှာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျနော်ဟာ သုံးသပ်အကဲဖြတ်ချက် အမှား လုပ်နေတယ်လို့ သူတွေးကောင်းတွေးမိနိုင်တယ်၊ တကယ်ပဲ သူ့စာရဲ့လေသံက အဲဒီပုံစံပေါက်နေတယ်၊

ကျနော်က အော်လီဗာဆီကို အင်မတန်တိုတောင်းတဲ့စာတစောင် ပြန်လိုက်တဲ့အထဲမှာ ကျနော်ဟာ အစိုးရကို အကြောင်းကိစ္စတခုနဲ့ပတ်သက်ပြီး စကားပြောနေကြောင်း၊ အဲဒီ အကြောင်းကိစ္စတခုထဲကိုသာ ပြောနေကြောင်း၊ အဲဒါကတော့ အေအင်စီနိုင်ငံလုံးဆိုင်ရာအမှုဆောင်ကော်မတီနဲ့ တောင်အာဖရိကအစိုးရတို့ တွေ့ဆုံဆွေးနွေးရေးကိစ္စဖြစ်ကြောင်း ရေးလိုက် တယ်၊ ကျနော် အသေးစိတ်တွေတော့ မရေးလိုက်ပါ၊ ဘာကြောင့်လဲဆိုတော့ဆက်သွယ်ရေးလမ်းကြောင်းရဲ့ လျှို့ဝှက်မှုထိန်းသိမ်းနိုင်စွမ်းကို ကျနော်မယုံကြည်လို့ပါပဲ၊ စာထဲမှာ အဲသလိုစကားပြောဆိုမှုတွေလုပ်ဖို့ အချိန်ကျလာ ပြီဖြစ်ကြောင်းနဲ့ ကျနော်ဟာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဖွဲ့အစည်းနစ်နာအောင်လုပ်မှာမဟုတ်ကြောင်း ရိုးရိုး ရှင်းရှင်းပဲ ပြောလိုက်တယ်၊အေအင်စီဟာ အစိုးရနဲ့ စကားပြောရေးကို ဆယ်စုနှစ်ပေါင်းများစွာ တောင်းဆိုခဲ့ပေမဲ့ ကျနော်တို့ဟာ ဒီလိုစကားပြောဆိုမှုတွေ တကယ်လက်တွေ့ဖြစ်ဖို့ အလားအလာနဲ့ တခါမှ မကြုံခဲ့ဖူးသေးပါ၊ စကားပြောရေးကို သဘောတရား အရစဉ်းစားတာက တကဏ္ဍ၊ လက်တွေ့ဆင်နွှဲတာကတော့ တကဏ္ဍဖြစ်ပါတယ်၊ ကျနော်ဟာ အော်လီဗာ့ဆီစာပြန်နေစဉ်မှာပဲ သမတဘိုသာထံ အဆိုပြုစာလွှာကိုလည်း စရေးနေပါတယ်၊ ဒီအဆိုပြုစာလွှာကို အော်လီဗာပါ မလွဲမသွေဖတ်ရအောင် ကျနော်လုပ်မှာဖြစ်တယ်၊ အော်လီဗာနဲ့ နိုင်ငံလုံးဆိုင်ရာအမှုဆောင်ကော်မတီက ကျနော့်အဆိုပြုလွှာဖတ်ရတဲ့အခါ ကျနော်လမ်းဘေးချော်ထွက်သွားပြီလို့ သူတို့စိုးရိမ်ပူပန်နေတာတွေ ပြေလျော့သွားလိမ့်မယ်ဆိုတာ ကျနော်သိတယ်၊

၉၃

လျှို့ဝှက်အလုပ်အဖွဲ့ရဲ့ ပထမဆုံးတရားဝင်ဆွေးနွေးပွဲကို ၁၉၈၈ ခု၊ မေလထဲမှာပိုးလ်စမိုးဝင်းထဲက သားနားအဆင့်မြင့်တဲ့ အရာရှိရိပ်သာမှာလုပ်ခဲ့တယ်၊ ကျနော်ဟာ ကိုအက်ဆီးကိုရော၊ ၀ီလမ်စီကိုပါ သိကျွမ်းပေမဲ့ ဗန်ဒါမာဝီနဲ့ ဒေါက်တာ ဘားနာ့ဒ် တို့ကိုတော့ တခါမှမတွေ့ခဲ့ဖူးပါဘူး၊ ဗန်ဒါမာဝီဟာ အေးဆေးပြီး သမာသမတ်ရှိသူတယောက်ဖြစ်တယ်၊ အရေးကြီးတဲ့ ကိစ္စရှိမှ စကားပြောတဲ့လူဖြစ်တယ်၊ ဒေါက်တာဘားနာ့ဒ်ကတော့ အသက် သုံးဆယ့်ငါးနှစ်ဝန်းကျင်လောက်ရှိပြီး အင်မတန့်ကို ထက်မြက်သူဖြစ်တယ်၊ တည်တည်ငြိမ်ငြိမ်နဲ့ အသိညာဏ်ကြွယ်ဝသူ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ကြပ်မတ်နိုင်စွမ်းရှိသူဖြစ်တယ်၊
ကနဦးဆွေးနွေးပွဲက အတော်လေးတင်းတင်းတောင့်တောင့်ဖြစ်ပေမဲ့ နောက်ပိုင်းဆွေးနွေးပွဲတွေမှာတော့ ကျနော်တို့ဟာ ပိုပြီးပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုးစကားပြောနိုင်ခဲ့တယ်၊

ကျနော် သူတို့နဲ့ လတချို့ကြာအောင် တပတ်တခါနီးနီးတွေ့ခဲ့တယ်၊ နောက်ပိုင်းမှာတော့ ဆွေးနွေးပွဲတွေဟာ အချိန်မှန် မဟုတ် တော့ဘူး၊ တခါတလေ တလကြာတဲ့အထိ ဆွေးနွေးပွဲ မဖြစ်ဘဲနေပြီးနောက် ရုတ်တရက်ချက်ခြင်း အပတ်တိုင်း ဆွေးနွေးပွဲ တွေ လုပ်ပြန်တယ်၊ ဆွေးနွေးပွဲတွေကို အများအားဖြင့် အစိုးရက စီစဉ်ကြီးမှူးတာဖြစ်ပေမဲ့ တခါတရံမှာတော့ ဆွေးနွေးပွဲ လုပ်ဖို့
ကျနော်က စပန်ကြားတာလည်း ရှိတတ်တယ်၊ရှေ့ပိုင်းဆွေးနွေးပွဲတွေအတွင်း ကျနော့်ဆွေးနွေးဖော်အသစ်တွေဟာ ဒေါက်တာ ဘားနာ့ဒ်ကလွဲရင် အေအင်စီအကြောင်း ဘာမှသိပ်မသိကြဘူးဆိုတာ ကျနော်တွေ့ခဲ့ရတယ်၊ သူတို့အားလုံးဟာ နှံ့စပ်ပေါက် ရောက်တဲ့ အာဖရိကန်းနားလူမျိုးတွေဖြစ်ပြီး တခြား သူတို့လူမျိုးတွေအားလုံးနီးပါးထက် အများကြီးပိုပြီး အမြင်ကျယ်သူတွေ ဖြစ်ပေမဲ့ အကြီးအကျယ်ဝါဒဖြန့်မှုရဲ့ သားကောင်တွေဖြစ်နေတဲ့အတွက် တချို့အချက်အလက်တွေနဲ့ပတ်သက်ပြီး သူတို့ကို
အမြင်ရှင်းသွားအောင် အရင်လုပ်ဖို့လိုတယ်၊ အေအင်စီအကြောင်းလေ့လာထားတဲ့ ဒေါက်တာဘားနာဒ်တောင်မှ သူ့သတင်း အချက်အလက်အများစုကို ပုလိပ်နဲ့ထောက်လှမ်းရေးဖိုင်တွဲတွေကရတာဖြစ်တယ်၊ ဒီ ပုလိပ်နဲ့ထောက်လှမ်းရေးမှတ်တမ်းမှတ်စု တွေ ဟာ ယေဘုယျအားဖြင့်မမှန်မကန်တွေဖြစ်ပြီး ဒီ သတင်းစုဆောင်းရယူခဲ့သူတွေရဲ့ အာဃာတဆန္ဒစွဲတွေစွန်းထင်းနေလို့
တန်ဖိုးလျော့ကျနေတာတွေဖြစ်တယ်၊ ဒေါက်တာဘားနာ့ဒ်အနေနဲ့လည်း ဒီတဘက်သတ်ကျမှု အစွဲတွေ ကူးစက်ခံရယုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး၊အစပိုင်းမှာ ကျနော်က အေအင်စီသမိုင်းကို အချိန်ယူအကြမ်းဖျင်းရှင်းပြပြီးနောက် အဖွဲ့အစည်းနဲ့ အစိုးရကြား သဘောထားကွဲလွဲနေတဲ့ အခြေခံကိစ္စရပ်တွေအပေါ် ကျနော်တို့ရပ်တည်ချက်အနေအထားကို ရှင်းပြခဲ့တယ်၊ ဒီပဏာမပြင်ဆင်မှုတွေပြီးတော့ ကျနော်တို့ဟာ ပင်မကိစ္စရပ်တွေကို အလေးပေးဆွေးနွေးကြတယ်၊ ဒီကိစ္စတွေကတော့ လက်နက်ကိုင်တိုက်ပွဲကိစ္စ၊အေအင်စီနဲ့ကွန်မြူနစ်ပါတီ မဟာမိတ်ဖွဲ့မှုကိစ္စ၊ လူများစုအုပ်ချုပ်ရေးပန်းတိုင်ကိစ္စနဲ့ လူမျိုးရေးအရ ရင်ကြားစေ့ရေးအယူအဆတို့ဖြစ်တယ်၊

ပထမဆုံးတင်တဲ့ကိစ္စဟာ ဘက်အတော်များများကကြည့်ရင် အရေးကြီးဆုံးကိစ္စဖြစ်တဲ့လက်နက်ကိုင်တိုက်ပွဲကိစ္စ ဖြစ်ပါတယ်၊ ဒီအကြောင်းကို လတချို့အချိန်ယူပြီးဆွေးနွေးခဲ့တယ်၊သူတို့က အေအင်စီဟာ အကြမ်းဖက်မှု (violence) ကို စွန့်လွှတ်ပြီး လက်နက်ကိုင် တိုက်ပွဲ ရပ်စဲတာ အရင်လုပ်မှ အစိုးရကစေ့စပ်ဆွေးနွေးရေးကိုသဘောတူမယ်၊ ကျနော်လည်း သမတဘိုသာနဲ့ တွေ့ခွင့်ရမယ်လို့ အတင်းရပ်ခံနေတယ်၊ သူတို့ပေးတဲ့ဆင်ခြေကတော့ အကြမ်းဖက်မှုဆိုတာ နိုင်ငံတော်အစိုးရက လက်မခံနိုင်တဲ့ ရာဇ၀တ်မှုအပြုအမူပဲဖြစ်တယ်လို့ဆိုတယ်၊ ကျနော်က အကြမ်းဖက်မှုအတွက်တာဝန်ရှိသူဟာ နိုင်ငံတော် အစိုးရဖြစ်တယ်၊ တိုက်ပွဲသဏ္ဍာန်သတ်မှတ်သူဟာ ဖိနှိပ်သူသာအစဉ်အမြဲဖြစ်ပြီး အဖိနှိပ်ခံတွေက သတ်မှတ်ဆုံးဖြတ်တာ မဟုတ်ဘူးလို့ ပြန်ပြောခဲ့တယ်၊ အကယှ်ု ဖိနှိပ်သူကအကြမ်းဖက်ရင် အဖိနှိပ်ခံတွေမှာ အကြမ်းဖက်တုံ့ပြန်ဖို့ကလွဲပြီး တခြား ရွေးစရာ နည်းလမ်းမရှိဘူး၊ ကျနော်တို့ အရေးကိစ္စမှာဆိုရင်အကြမ်းဖက်မှုဟာ သင့်တော်မှန်ကန်တဲ့၊ တရားတဲ့၊ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ သဏ္ဍာန်တခုမျှသာဖြစ်တယ်၊ တကယ်လို့ နိုင်ငံတော်အစိုးရကသာ ငြိမ်းချမ်းတဲ့နည်းနာတွေသုံးဖို့ ဆုံးဖြတ်လိုက်ရင် အေအင်စီကလည်း ငြိမ်းချမ်းတဲ့နည်းလမ်းတွေသုံးမှာဖြစ်တယ်လို့တောင် ကျနော်အရဲစွန့် ပြောလိုက်တယ်၊ “အကြမ်းဖက်မှုစွန့်လွှတ်ဖို့ဆိုတာ ခင်ဗျားတို့ရဲ့တာဝန်ဖြစ်တယ်၊ကျနော်တို့အပေါ် မတည်ဘူး” လို့ ကျနော်ပြောလိုက်တယ်၊ ဒီပြဿနာနဲ့ ပတ်သက်ပြီး သူတို့နားလည်သဘောပေါက်မှုတိုးတက်အောင် ကျနော်လုပ်နိုင်ခဲ့တယ်လို့ ကျနော်ထင်မိပေမဲ့ ဒီကိစ္စဟာ မကြာခင်မှာပဲ ဒဿနပြဿနာအဖြစ်ကနေလက်တွေ့ပြဿနာနယ်ပယ်ကို ရွှေ့လာတယ်၊ ၀န်ကြီးကိုအက်ဆီးနဲ့ ဒေါက်တာဘားနာဒ်တို့ထောက်ပြတာက အမျိုးသားပါတီ ဟာ အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို စေ့စပ်ဆွေးနွေးမှာမဟုတ်ဘူးလို့ ထပ်ခါထပ်ခါကြေညာထားခဲ့တယ်၊ ဒါကြောင့်အစိုးရဟာ စကားဗလောင်းဗလဲလုပ်ရာ မရောက်ဘဲနဲ့ အေအင်စီနဲ့ဆွေးနွေးမယ်လို့ ဘယ်လိုလုပ်ပြီး ဗြုန်းစားကြီးကြေညာနိုင်မှာလဲတဲ့၊ သူတို့ဘက်က ဆွေးနွေးပွဲတွေ စလုပ်နိုင်ဖို့ အေအင်စီကတစုံတရာ အလျော့ပေးမှုလုပ်မှ အစိုးရဟာ သူ့ဘက်ကပြည်သူတွေကြား သိက္ခာမကျမှာ ဖြစ်တယ်လို့ သူတို့ကပြောကြ တယ်၊

သူတို့ပြောတာ ဆီလျော်လျောက်ပတ်တဲ့အချက်ဖြစ်ပြီး ကျနော် ကောင်းကောင်းနားလည်ပေးနိုင်တဲ့အချက်လည်းဖြစ်တယ်၊ ဒါပေမဲ့ ကျနော် သူတို့ကို ထွက်ပေါက်မပေးနိုင်ပါဘူး၊“လူကြီးမင်းတို့ခင်ဗျား၊ ခင်ဗျားတို့ရဲ့အကျဉ်းအကျပ်ကို ဖြေရှင်းပေးဖို့ဟာ ကျနော့်အလုပ် မဟုတ်ပါဘူး” လို့ ကျနော်ပြောလိုက်တယ်၊ သူတို့ဟာ အေအင်စီနဲ့စားပွဲတ၀ိုင်းထဲ ထိုင်မဆွေးနွေးဘဲနဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူး၊ တောင်အာဖရိကနိုင်ငံရဲ့ အခြေအနေအတွက် အဖြေမရနိုင်ဘူးဆိုတာ သူတို့လူတွေကို ပြောပြရ လိမ့်မယ်လို့ပဲ ကျနော်သူတို့ကို ရိုးရိုးရှင်းရှင်းပြောလိုက်တယ်၊“ပြည်သူတွေ နားလည်သဘောပေါက်ကြမှာပါ” လို့ ကျနော်ပြောလိုက်တယ်၊အေအင်စီက ကွန်မြူနစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားမှုကလည်း လက်နက်ကိုင်တိုက်ပွဲလိုပဲ သူတို့ကို အင်မတန် စိတ်ဒုက္ခပေးနေပုံရတယ်၊ အမျိုးသားပါတီဟာ ၁၉၅၀ ခုနှစ်များက စစ်အေး တိုက်ပွဲဝါဒရေးရာတွေရဲ့ ရှေးရိုးစွဲတရားသေအကျဆုံးအယူအဆတွေကို လက်ခံထားပြီးဆိုဗီယက်ပြည်ထောင်စုကို မိစ္ဆာာအင်ပါယာကြီးအဖြစ်၊ ကွန်မြူနစ်ဝါဒကို မာရ်နတ်ဆိုးလုပ်ရပ်အဖြစ် သဘောထားနေတယ်၊ ဒီအမြင်ကနေ အမှန်အတိုင်းပြောင်းလဲမြင်အောင် ဘယ်လိုမှလုပ်လို့မရနိုင်ပါဘူး၊ ကွန်မြူနစ်ပါတီဟာ အေအင်စီကိုလွှမ်းမိုးကြီးစိုးပြီး ထိန်းချုပ်ထားတယ်၊ အဲဒါကြောင့် စေ့စပ် ဆွေးနွေးမှု တွေစနိုင်ဖို့အတွက် ကျနော်တို့ဟာ ပါတီနဲ့အဆက်ဖြတ်ရမယ်လို့သူတို့က ထပ်တလဲလဲပြောနေတယ်၊

ကျနော်ပထမဆုံးပြန်ပြောတာက တော်လှန်ရေးမာနရှိတဲ့ ဘယ်လွတ်လပ်ရေးတိုက်ပွဲဝင်သမားကမှ သူဆန့်ကျင်တိုက်ခိုက် နေတဲ့ အစိုးရရဲ့ အမိန့်ပေးစေခိုင်းမှုကို လိုက်နာမှာမဟုတ်ဘူး၊ ဒါမှမဟုတ်လည်း ရန်ဘက်တယောက်ကျေနပ်စေဖို့အတွက် ကာလကြာရှည်လက်တွဲခဲ့တဲ့မဟာမိတ်တယောက်ကို လက်တွဲဖြုတ်ဘေးဖယ်ထုတ်မှာမဟုတ်ဘူးလို့ ပြောလိုက်တယ်၊ ဒီနောက် တော့ ကျနော်က ပါတီနဲ့အေအင်စီဟာ သီးခြားဖြစ်ပြီး မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်၊ လူမျိုးရေးဖိနှိပ်မှု ဖယ်ရှားရေးနဲ့ လူမျိုးမခွဲခြားတဲ့ တောင်အာဖရိကနိုင်ငံ ပေါ်ထွန်းရေးဆိုတဲ့ ရေတိုရည်မှန်းချက်တွေ နှစ်ဖွဲ့လုံးမှာတူညီကြပေမဲ့ ရေရှည်ရည်မှန်းချက်တွေကတော့မတူကြဘူးလို့ ရှည်ရှည်ဝေးဝေးရှင်းပြခဲ့တယ်၊

ဒီဆွေးနွေးမှုဟာ လနဲ့ချီကြာခဲ့တယ်၊ အာဖရိကန်းနားလူမျိုးအများစုလိုပဲ သူတို့ကလည်း အေအင်စီထဲမှာရှိတဲ့ ကွန်မြူနစ် အများအပြားဟာ လူဖြူတွေ (သို့မဟုတ်) ကုလားတွေဖြစ်တဲ့အတွက် အဲဒါတွေက အေအင်စီထဲကလူမည်းတွေကို ချုပ်ကိုင်နေတယ်လို့ထင်ကြတယ်၊ ကျနော်ကအေအင်စီနဲ့ ကွန်မြူနစ်ပါတီတို့ ပေါ်လစီပိုင်းမှာ သဘောထားကွဲလွဲခဲ့ပြီး အေအင်စီ ဘက်ကအသာစီးရခဲ့တဲ့အခါသမယအများအပြားကို ထောက်ပြခဲ့ပေမဲ့ အဲဒါဟာ သူတို့အမြင်ကို မပြောင်းစေနိုင် ခဲ့ပါဘူး၊ နောက်ဆုံးမှာတော့ ကျနော်ဟာကျွဲမြီးတိုလာပြီး “လူကြီးမင်းတို့ဟာကိုယ့်ကိုယ်ကို အသိညာဏ်ပြည့်ဝတယ်လို့ ယူဆကြတယ်မဟုတ်လား၊ ကိုယ့်ကိုယ်ကို စကားပြောကောင်းတယ်၊ သူများကိုဖြောင်းဖျနားချနိုင်စွမ်းရှိတယ်လို့ ယူဆကြတယ်မဟုတ်လား၊ ကဲ .. အခု ခင်ဗျားတို့က လေးယောက်ရှိတယ်၊ ကျနော်က တယောက်ထဲပဲရှိတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ကကျနော့်ကို မချုပ်ကိုင်နိုင်ဘူး၊ ဒါမှမဟုတ် ကျနော့်စိတ်ကိုပြောင်းအောင်မလုပ်နိုင်ဘူး၊ ခင်ဗျားတို့မလုပ်နိုင်တာကို ကွန်မြူနစ်တွေကလုပ်နိုင်တယ်လို့ ဘယ်လိုလုပ်ပြီး ခင်ဗျားတို့စဉ်းစားကြတာလဲ”လို့ သူတို့ကိုပြောလိုက်တယ်၊

သူတို့ဟာ ပြည်သူပိုင်သိမ်းရေးအယူအဆကိုလည်း စိုးရိမ်ပူပန်ကြတယ်၊ အေအင်စီနဲ့ လွတ်လပ်ရေးကြေညာစာတမ်းဟာ တောင်အာဖရိကစီးပွားရေးကို အုံလိုက်ကျင်းလိုက် ပြည်သူပိုင်သိမ်းရေး ထောက်ခံထားတယ်လို့ သူတို့ကစွပ်စွဲတယ်၊ ကျနော်က တချို့သောစက်မှုလုပ်ငန်းတွေ၊ အခုကတည်းက လက်ဝါးကြီးအုပ်လုပ်ငန်းဖြစ်နေတဲ့ စက်မှုလုပ်ငန်းတွေရဲ့ အကျိုးအမြတ်တွေကို ပိုပြီးမျှမျှတတဖြန့်ခွဲရေး ကျနော်တို့လိုလားကြောင်း၊ အဲဒီလိုနယ်ပယ်တွေမှာတော့ ပြည်သူပိုင်သိမ်း တာဖြစ်ကောင်း ဖြစ်လာနိုင်ကြောင်း ရှင်းပြလိုက်တယ်၊ ဒါပေမဲ့ ၁၉၅၆ ခုတုန်းက“လွတ်မြောက်ရေး” စာစောင်အတွက် ကျနော်ရေးတဲ့ဆောင်းပါးတပုဒ်ထဲမှာ လွတ်လပ်ရေးကြေညာစာတမ်းဟာ ဆိုရှယ်လစ်စနစ်တည်ဆောက်ဖို့ ပုံစံပြာမူကြမ်းဆွဲ ထားတာမဟုတ်ဘဲအာဖရိကပုံစံအရင်းရှင်စနစ်တည်ဆောက်ဖို့ ပုံစံပြာမူကြမ်းသာဖြစ်တယ်လို့ ပြောထားတာသူတို့ကို ညွှန်းပြခဲ့တယ်၊ ကျနော်ဟာ အဲဒီကတည်းက အခုထိအယူအဆမပြောင်းခဲ့ဘူးလို့သူတို့ကိုပြောလိုက်တယ်၊

တခြားအဓိကဆွေးနွေးစရာကဏ္ဍကတော့ လူများစုအုပ်ချုပ်ရေးကိစ္စဖြစ်ပါတယ်၊ တကယ်လို့ လူများစုအုပ်ချုပ်ရေးဖြစ်ရင် လူနည်းစုအခွင့်အရေးတွေ နင်းချေခံရလိမ့်မယ်လို့သူတို့ထင်ကြတယ်၊ လူဖြူလူနည်းစုရဲ့ အခွင့်အရေးတွေကို အေအင်စီက ဘယ်လိုကာကွယ်စောင့်ရှောက်ပေးမလဲဆိုတာ သူတို့သိချင်ကြတယ်၊ ကျနော်က တောင်အာဖရိကနိုင်ငံသမိုင်းမှာ တောင်အာဖရိက ပြည်သူတွေအားလုံး လူမျိုးတွေအားလုံးကို စည်းလုံးညီညွတ်အောင်ကြိုးစားတဲ့ နေရာမှာ အေအင်စီကိုမီတဲ့ အဖွဲ့အစည်း မရှိဘူးလို့ ပြောလိုက်တယ်၊ ကျနော်က လွတ်လပ်ရေးကြေညာစာတမ်းရဲ့ စကားချီးအခန်းကိုညွှန်းပြတယ်၊ အဲဒီမှာ “တောင်အာဖရိကနိုင်ငံကိုနိုင်ငံတွင်းနေထိုင်သူ လူမည်းလူဖြူအားလုံးက ပိုင်ဆိုင်သည်” လို့ ပါတယ်၊ ကျနော်က လူဖြူတွေဟာ လည်း အာဖရိကတိုက်သားတွေဖြစ်တယ်၊ ဘယ်အနာဂတ်နိုင်ငံရေးစနစ်မှာမဆို လူများစုဟာ လူနည်းစုကို လိုအပ်မှာဖြစ်တယ် လို့ သူတို့ကိုပြောလိုက်တယ်၊ “ကျနော်တို့က ခင်ဗျားတို့ကိုပင်လယ်ထဲမောင်းချချင်စိတ်မရှိပါဘူး” လို့ ကျနော်ပြောလိုက်တယ်၊

Labels:

posted by မြင့်ဇေ @ 12:23 AM  
0 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com