|
အပိုင်း ၁၀၊ ရန်သူနဲ့စကားပြောခြင်း (2) |
Wednesday, August 1, 2007 |
ပိုးလ်စမိုး အဆင့်မြင့်လုံ ခြုံရေးအကျဉ်းထောင်ဟာ ကိပ်တောင်းမြို့ အရှေ့တောင်ဘက် မိုင်အနည်းငယ်အကွာ မှာရှိတဲ့ တိုကိုင်လို့ ခေါ်တဲ့ လူဖြူဆင်ခြေဖုံးရပ်ကွက်ရဲ့အစွန်မှာ တည်ရှိတယ်၊ ဒီရပ်ကွက်ဟာ ကြွယ်ဝချမ်းသာတဲ့ လူဖြူတွေနေထိုင်ရာဖြစ်ပြီး မြက်ခင်းစိမ်းစိမ်းခြံဝင်းတွေနဲ့ သပ်ရပ်တဲ့အိမ်တွေရှိတယ်၊ အကျဉ်းထောင်ကိုယ်၌ ကလည်း ကိပ်ကျွန်းဆွယ်အငူရဲ့ထူးထူးခြားခြားလှပတဲ့ ရှုမျှော်ခင်းအလယ်မှာရှိနေတယ်၊ မြောက်ဖက်က ကွန်စတန်ရှဘဂ်တောင်တွေနဲ့ တောင်ဖက်က ဧကရာပေါင်းများစွာရှိတဲ့ စပျစ်ခြံတွေကြားမှာဖြစ်တယ်၊ ဒါပေမဲ့ပိုးလ်စမိုးရဲ့ မြင့်မားလှတဲ့ ကွန်ကရစ်တံတိုင်းတွေနောက်ရောက်နေတဲ့ ကျနော်တို့အတွက်တော့ဒီသဘာဝအလှကို မမြင်ရပါဘူး၊ အကျဉ်းသားတွေ မြင်ရတဲ့ မိုးကောင်းကင်ကို အပြာရောင်ရွက်ဖျင်တဲအဖြစ် စာဆိုအော်စကာဝိုင်းလ်ဒ် ဖွဲ့ဆိုထားတဲ့စိတ်ထိခိုက်စရာ စာသားတွေရဲ့ အမှန်တရားကို ပိုးလ်စမိုးမှာ ကျနော် ပထမဆုံးနားလည်သဘောပေါက်လာခဲ့တယ်၊ ပိုးလ်စမိုးဟာ ခေတ်ဆန်တဲ့ အပြင်ပန်းသဏ္ဍာာန်ရှိပေမဲ့ အတွင်းနှလုံးသားကတော့ ဟောင်းအိုနေတယ်၊ အဆောက်အအုံတွေ။ အထူးသဖြင့် ထောင်ဝန်ထမ်းတွေအတွက်အဆောက်အအုံတွေဟာ သန့်ရှင်းပြီးခေတ်မှီတယ်၊ ဒါပေမဲ့ အကျဉ်းသားတွေနေတဲ့ အဆောက် အအုံတွေကတော့ ရှေးကျဟောင်းနွမ်းပြီး ညစ်ပတ်လှတယ်၊ ကျနော်တို့ကလွဲရင်ပိုးလ်စမိုးမှာရှိတဲ့ အကျဉ်းသားအားလုံးဟာ ရိုးရိုးရာဇ၀တ်အကျဉ်းသားတွေဖြစ်ပြီး သူတို့အပေါ်အာဏာပိုင်တွေကိုင်တွယ်ဆက်ဆံမှုဟာ ဖိနှိပ်ချုပ်ချယ်လှတယ်၊ ကျနော်တို့ကိုတော့ အဲဒီအကျဉ်းသားတွေနဲ့ သီးခြားထားတယ်၊ ဆက်ဆံပုံလည်းကွာခြားတယ်၊
ကျနော်တို့ဟာ နောက်တနေ့မနက်ကျမှာပဲ ကိုယ့်ပတ်ဝန်းကျင်အနေအထားတွေကို သေသေချာချာသိရတယ်၊ ကျနော်တို့ လေးယောက်ကို ထောင်ရဲ့ထိပ်ဆုံးထပ် အဆင့်မြင့်အထူးတိုက်ခန်းမှာ နေရာချထားတာ ဖြစ်တယ်၊ အဲဒါဟာ လေးထပ် အဆောက်အအုံရဲ့အပေါ်ဆုံးထပ်က အတော်ကျယ်ဝန်းတဲ့ အခန်းတခန်းဖြစ်တယ်၊ လေးထပ် (အပေါ်ဆုံးထပ်) တထပ်လုံးမှာ အကျဉ်းသားဆိုလို့ ကျနော်တို့လေးယောက်ပဲရှိတယ်၊ ပင်မအခန်းကြီးဟာ သန့်ရှင်းသပ်ရပ်ခေတ်မှီပြီး (ပေ ၅၀ - ပေ ၃၀ ) အကျယ် လေးထောင့်ကျကျအခန်းကြီးဖြစ်တယ်၊ သီးခြားအခန်းငယ်တခုမှာတော့ အိမ်သာ။ ဆီးစွန့်ခွက်။ မျက်နှာသစ် ကြွေခွက်နှစ်ခုနဲ့ ရေချိုးရေပန်းနှစ်ခုရှိတယ်၊ ကုတင်အိပ်ရာ ပီပီသသ လေးလုံးရှိပြီး အိပ်ရာခင်းတွေ။ တဘက်တွေလည်းရှိတယ်၊ ဒါဟာဆိုရင် လွန်ခဲ့တဲ့ (၁၈) နှစ်လုံးလုံး သံမံတလင်းကြမ်းပြင်ပေါ်မှာ ဖျာပါးပါးလေးတွေ ခင်းအိပ်ခဲ့ရတဲ့လူတွေအတွက် ကြီးကျယ်လှတဲ့စည်းစိမ်ဖြစ်ပါတယ်၊ ရော်ဘင်ကျွန်းနဲ့ ယှဉ်လိုက်ရင်တော့ ကျနော်တို့ဟာ ကြယ်ငါးပွင့်ဟော်တယ်တခုမှာ ရောက်နေသလိုပါပဲ၊
အဲဒါအပြင် ကျနော်တို့မှာ (L) ပုံစံ လေဟာပြင်အမိုးဖွင့်ကွင်းတခု သီးသန့်ရှိသေးတယ်၊ အဲဒီကွင်းဟာ ဘောလုံးကွင်း တ၀က်လောက်ကျယ်ပြီး နေ့ဘက်မှာ ကျနော်တို့ သွားလာ လှုပ်ရှားဖို့ ဖွင့်ပေးထားတယ်၊ အဲဒီကွင်းကို (၁၂) ပေ အမြင့်ရှိတဲ့ အဖြူရောင်ကွန်ကရစ်နံရံတွေကာထားလို့ ကျနော်တို့ဟာ မိုးကောင်းကင်ပဲတွေ့ရတယ်၊ ဒေါင့်တဒေါင့်မှာတော့ ဆင်မျက်လုံး လို့ခေါ်တဲ့ ကွန်စတန်ရှဘဂ်တောင်တန်းတွေရဲ့ အစိတ်အပိုင်းတခုကိုမြင်ရတယ်၊ အဲဒီတောင်ထိပ်ဖျားလေးကို ရေခဲမျောတုံးကြီးနဲ့တူတဲ့။ ကျန်တဲ့ကမ္ဘာကြီးရဲ့အဖျားလေးအဖြစ် ကျနော်တခါတလေစဉ်းစားမိတယ်၊
ဘာအကြောင်းပြချက်မှမပေးပဲ အခုလိုဗြုန်းစားကြီး ကိုယ်အခြေကျနေတဲ့ဆီကနေအရွှေ့ခံရတာဟာ အင်မတန်ကို ဂယိမ်းဂယိုင်ဖြစ်သွားစေပါတယ်၊ ထောင်ကျနေတဲ့ လူတယောက်ဟာ ဘာမှန်းမသိတဲ့ ရုတ်တရက်အပြောင်းအလဲတွေ။ လှုပ်ရှားမှုတွေကို ရင်ဆိုင်ဖို့အသင့်ပြင်ထားရပါတယ်၊ ဒါပေမဲ့ ဘယ်လောက်ပဲပြင်ထားပြင်ထား ဘယ်တော့မှ အသားကျသွားတယ်မရှိပါဘူး၊ အခု ကျနော်တို့ဟာ ပြည်မမှာရောက်နေပေမဲ့ အရင်ထက်ပိုပြီး အထီးကျန်နေသလို ခံစားရတယ်၊ ကျနော်တို့အတွက် တကျွန်းဟာ တိုက်ပွဲရဲ့အချက်အချာနေရာ ဖြစ်လာခဲ့တယ်၊ ကျနော်တို့ဟာ အချင်းချင်းအပြန် အလှန် အားပေးကြပြီး ထောင်ပြောင်းစရက်သတ္တပတ်တွေမှာ ကျနော့်တို့ ဘာကြောင့်အပြောင်းခံရသလဲဆိုတာကို ခန့်မှန်းတွက်ချက်ရင်း အချိန်ဖြုန်းခဲ့တယ်၊ လူငယ်အကျဉ်းသားတွေအပေါ် ကျနော်တို့ သြဇာလွှမ်းတာကို စောစောပိုင်း ကတည်းက အာဏာပိုင်တွေ မကျေနပ်ကြ။ စိုးရိမ်ကြတာ ကျနော်တို့သိခဲ့တယ်၊ ဒါပေမဲ့ ထောင်ပြောင်းရတဲ့အကြောင်းရင်းက မဟာဗျူဟာပိုင်းအရ ပိုပြီးဖြစ်ပုံရတယ်၊
အာဏာပိုင်တွေဟာ ကျွန်းပေါ်ကအေအင်စီ (အာဖရိကအမျိုးသားကွန်ဂရက်) ခေါင်းဆောင် ပိုင်းတွေ ဖယ်ရှားပစ်ခြင်းအားဖြင့် အေအင်စီကို ခေါင်းဖြတ်ဖို့ကြိုးစားတာလို့ ကျနော်တို့ယူဆကြတယ်၊ ရော်ဘင်ကျွန်းကိုယ်၌က ရေရှည်တည်တံ့နေတဲ့ တိုက်ပွဲမော်ကွန်းတခုဖြစ်လာနေပြီး အာဏာပိုင်တွေဟာ ကျနော်တို့ကိုရွှေ့ပစ်ခြင်းအားဖြင့် ရော်ဘင်ကျွန်းရဲ့ အရေးပါတဲ့သင်္ကေတလက္ခှဏာကို ပပျောက်သွားစေချင်တယ်၊ ဝေါလ်တာ။ ရေးမွန်နဲ့ကျနော်ဟာ အဆင့်မြင့်ခေါင်းဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတယ်၊ ဒါပေမဲ့ အံချော်နေတာတခုကတော့ အရွှေ့ခံရတဲ့အထဲမှာ အမ်လန်ဂင်နီပါနေတာဖြစ်တယ်၊ အင်ဒရူးအမ်လန်ဂင်နီဟာ အဆင့်မြင့်ခေါင်းဆောင်အဖွဲ့ဝင်လည်းမဟုတ်။ တကျွန်းခေါင်းဆောင်ပိုင်းရဲ့ ရှေ့တန်းမှာပါတာလည်း မဟုတ်ပါ၊ ဒါပေမဲ့ အာဏာပိုင်တွေဟာ ဒါကိုမသိတာလည်းဖြစ်နိုင်တယ်လို့ ကျနော်တို့ယူဆကြတယ်၊ အဖွဲ့အစည်းအကြောင်း သူတို့ ထောက်လှမ်းရရှိထားတဲ့သတင်းတွေဟာအများအားဖြင့် မတိမကျ မမှန်ကန်တာတွေဖြစ်တယ်၊ကျနော်တို့တွေးဆချက် မှန်ပုံရကြောင်း နောက်လအနည်းငယ်အကြာမှာ အတည်ပြုနိုင်ခဲ့တယ်၊ အဆင့်မြင့်ခေါင်းဆောင်အဖွဲ့ဝင် အမှန်တကယ်ဖြစ်တဲ့ ကက်သီဟာ ကျနော်တို့ဆီရောက်လာလို့ဖြစ်ပါတယ်၊ ပိုအရေးကြီးတဲ့အချက်ကတော့ ကက်သီဟာ ကျနော်တို့ရဲ့ ဆက်သွယ်ရေး တာဝန်ခံဖြစ်ပြီး သူလုပ်ပေးခဲ့လို့ ကျနော်တို့ဟာ လူငယ်အကျဉ်းသားသစ်တွေနဲ့ဆက်သွယ်နိုင်ခဲ့တာဖြစ်တယ်၊
ကက်သီရောက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ရော်ဘင်ကျွန်းကလာတာ မဟုတ်တဲ့။ ကျနော်တို့မသိတဲ့ လူတယောက်လည်း ထပ်ရောက်လာတယ်၊ သူ့နာမည်ကပက်ထရစ်မာကူဘီလားဖြစ်ပြီး လူငယ်ရှေ့နေတယောက်။ အရှေ့ပိုင်းကိပ်ပြည်နယ်က အေအင်စီအဖွဲ့ဝင်တယောက်ဖြစ်တယ်၊ သူဟာ ဂရစ်ဖစ်အမ်ဇင်ဂီလက်အောက်မှာ အလုပ်သင်ရှေ့နေလုပ်ခဲ့ဖူးတယ်၊ အမ်ဇင်ဂီဟာ အင်မတန်ကိုလေးစားခံရတဲ့ ရှေ့နေတယောက်ဖြစ်ကာ ထိမ်းသိမ်းခံအေအင်စီ အဖွဲ့ဝင်တွေအများအပြားအတွက် ရှေ့နေလိုက်ပေးခဲ့ဖူးပြီး မနှစ်က ဒါဘန်မြို့နားမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်၊ မာကူဘီလားဟာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ထောင်ဒဏ်အနှစ်(၂၀) ချခံရပြီး ဂျိုဟန်နစ္စဘဂ်မြို့ ဒီယက်ပ် ကလူ့ဖ်အကျဉ်းထောင်ကနေ ပိုးလ်စမိုးထောင်ကိုပြောင်းခံရတာဖြစ်တယ်၊ ဒီယက်ပ်ကလူ့ဖ်ထောင်မှာ သူဟာ အကျဉ်းသား တွေကို စည်းရုံးရာမှာအင်မတန်တက်ကြွ လှုပ်ရှားနိုင်ခဲ့တယ်၊
ပထမတော့ ကျနော်တို့ဟာ ဒီလူသစ်ရောက်လာတာနဲ့ပတ်သက်ပြီး သံသယရှိခဲ့ကြတယ်၊ အာဏာပိုင်တွေက လုံခြုံရေး အတွက် မြှုပ်သွင်းထားတာများဖြစ်မလားလို့ စဉ်းစားမိကြတယ်၊ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဒီလိုမဟုတ်ဘူးဆိုတာတွေ့ခဲ့တယ်၊ ပက်ထရစ်ဟာထက်မြက်ပြီး ခင်မင်စရာကောင်းတဲ့။ ခံယူချက်ခိုင်မာတက်ကြွသူတယောက်ဖြစ်ပြီး ကျနော်တို့နဲ့ အင်မတန် အတွဲမိသွားတယ်၊ ကိုယ့်အကျင့်စရိုက်နဲ့ကိုယ် အရိုးစွဲနေတဲ့။ ပြီးခဲ့တဲ့ အနှစ် (၂၀) လုံးလုံး အတူတူနေခဲ့ကြတဲ့ အဖိုးကြီးတစုနဲ့ တခန်းထဲ အတူတူအိပ်ရနေရတာ သူ့အတွက်တော့ သိပ်လွယ်လှမှာမဟုတ်ပါဘူး၊ အခုဆိုရင် ကွန်ကရစ်ကမ္ဘာကြီးထဲ နေနေရတော့ ကျနော်ဟာ ရော်ဘင်ကျွန်းရဲ့သဘာဝအလှကို တမ်းတမိတယ်၊ ဒါပေမဲ့လည်း ကျနော်တို့ရဲ့နေအိမ်သစ်မှာ စိတ်ဖြေသိမ့်စရာတွေအတော်များများရှိပါတယ်၊ ဥပမာတခုအနေနဲ့ပြောရရင် ပိုးလ်စမိုးမှာ အစားအသောက်က အများကြီး ပိုကောင်းတယ်၊ နှစ်ပေါင်းများစွာ ယာဂုပြဲ တနေ့သုံးခါစားခဲ့ရပြီးနောက် ပိုးလ်စမိုးက အသားနဲ့ဟင်းသီးဟင်းရွက် ပီပီပြင်ပြင် ပါတဲ့ညစာတွေဟာ ဧည့်ခံထမင်းစားပွဲနဲ့တူနေတယ်၊
ကျနော်တို့ဟာ သတင်းစာနဲ့မဂဇြင်းတွေ အတော်လေးစုံစုံဖတ်ခွင့်ရပြီး အရင်ကပိတ်ပင်ခံရတဲ့ “တိုင်းမ်” မဂ္ဂဇင်းနဲ့ လန်ဒန်မြို့ထုတ် “ဂါးဒီးယန်းအပတ်စဉ်”တို့လို စာစောင်မျိုးတွေ တောင်ရတယ်၊ အဲဒါဟာ ကျနော်တို့အတွက် ပိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးကိုကြည့်ဖို့ ပြတင်းပေါက်တပေါက်ရတာပါပဲ၊ ကျနော်တို့မှာ ရေဒီယိုတလုံးလည်းရှိတယ်၊ ဒါပေမဲ့ အဲဒါဟာ ပြည်တွင်း အသံလ$င့်ရုံတွေပဲဖမ်းလို့ရပြီး ကျနော်တို့ အင်မတန်နားထောင်ချင်တဲ့ ဘီဘီစီကမ္ဘာတလွှား အစီအစဉ်ကို ဖမ်းလို့မရပါ၊ ကျနော်တို့ကို ၀ါဒါတွေထမင်းစားချိန် နေ့ခင်း (၁၂) နာရီမှ (၂) နာရီအထိကလွဲရင် လေဟာပြင်ကွင်းထဲ တနေ့လုံး ထွက်ခွင့်ပေးထားတယ်၊ ဟန်ပြစတိသဘောအလုပ်လုပ်ရမယ်ဆိုတာမျိုးတောင် မရှိပါဘူး၊ ကျနော်ဟာ အခန်းကြီးနားက အခန်းလေးတခုကိုစာကြည့်ခန်းအဖြစ်သုံးခဲ့တယ်၊ အဲဒီမှာ ကုလားထိုင်တလုံး။ စားပွဲတလုံးနဲ့ စာအုပ်စင်တွေရှိပြီးနေ့ဘက်ဆို ကျနော် စာရေးစာဖတ်လုပ်နိုင်ခဲ့တယ်၊ရော်ဘင်ကျွန်းတုန်းက ကျနော်ဟာ ကျဉ်းကျဉ်းကြပ်ကြပ်အခန်းလေးထဲမှာပဲ ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်၊ ဒါပေမဲ့ ခုတော့ လေ့ကျင့်ခန်းအားရပါးရလုပ်ဖို့ နေရာကျယ်ကျယ်ရှိနေပါပြီ၊ ပိုးလ်စမိုးမှာ ကျနော်ဟာ မနက်ငါးနာရီအိပ်ရာထပြီး ကျနော်တို့အခန်းထဲမှာ တနာရီခွဲကြာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တယ်၊ နေရာမရွှေ့ဘဲပြေးတာ။ ကြိုးခုန်တာ။ထိုင်-ထနဲ့ လက်ချောင်းထိပ်တွေနဲ့ထောက်ပြီး ဒိုက်ထိုးတာ ပုံမှန်လုပ်တယ်၊ ကျနော့်ရဲဘော်တွေဟာ စောစောထတတ်သူတွေ မဟုတ်ကြတော့ ကျနော့်လုပ်ငန်းစဉ်တွေကြောင့် သိပ်မကြာခင်ပဲကျနော့်ကို အခန်းထဲမှာ အင်မတန်အမြင်ကတ်စရာပုဂ္ဂိုလ် ဖြစ်လာစေခဲ့တယ်၊ ပိုးလ်စမိုးရောက်ပြီး သိပ်မကြာခင် ဇနီးသည်ဝင်နီ ထောင်ဝင်စာလာတွေ့တယ်၊ ထောင် ၀င်စာတွေ့ရတဲ့နေရာဟာ ရော်ဘင် ကျွန်းတုန်း ကနေရာထက် အများကြီးပိုကောင်းပြီး ခေတ်မှီတာတွေ့ရလို့ ကျေနပ်ဝမ်းမြောက်မိတယ်၊ ထောင်ဝင်စာခန်းမှာ မှန်ချပ်ကြီးကြီးတချပ်ကာထားလို့ တယောက်ကိုတယောက် ခါးအထက်ပိုင်းမြင်နိုင်ပြီး ပိုအဆင့်မြင့်တဲ့မိုက်ကရိုဖုန်းတွေ တပ်ထား တဲ့အတွက် ကျနော်တို့ဟာ တယောက်ပြောတာကိုတယောက် မနည်းအာရုံစိုက် နားထောင်ဖို့မလိုတော့ပါဘူး၊ မှန်ပြတင်းကြီးဟာ အနိမ့်ဆုံးအားဖြင့် တယောက်နဲ့တယောက် ပိုပြီးနီးစပ်မှုရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေတယ်၊ ထောင်ထဲမှာ ဒီလိုထင်ယောင်မှားမှုမျိုးတွေဟာ စိတ်သက်သာရာရစေပါတယ်၊ ကျနော့်ဇနီးနဲ့မိသားစုအတွက် ရော်ဘင်ကျွန်းကို လာတွေ့ရတာထက် ပိုးလ်စမိုးကိုလာတွေ့ရတာက အများကြီးပိုလွယ်ကူတယ်၊ ဒါကိုက ဧရာမကွာခြားမှုဖြစ်သွားတယ်၊ ထောင် ၀င်စာတွေ့တာတွေကို ကြီးကြပ်မှုကလည်း ပိုပြီးလိုက်လိုက်လျောလျော ပြေပြေလည်လည်းဖြစ် လာတယ်၊ ၀င်နီ ထောင်ဝင်စာ တွေ့တာတွေကို အများအားဖြင့်ကြီးကြပ်ရတာက အရာခံဗိုလ်ဂျိမ်းစ်ဂရက်ဂရီ ဖြစ်တယ်၊ သူဟာ ရော်ဘင်ကျွန်းတုန်းက စာပေးစာယူဆင်ဆာသမားတယောက်ဖြစ်တယ်၊ ကျနော် သူ့ကိုကောင်းကောင်းမသိပါ၊ ဒါပေမဲ့ သူကတော့ ကျနော်တို့ရဲ့ စာအ၀င် အထွက်တွေ စစ်ဆေးရတဲ့တာဝန်ရှိတော့ ကျနော်တို့ကိုကောင်းကောင်းသိနေပါတယ်၊ ပိုးလ်စမိုးမှာ ကျနော်ဟာ ဂရက်ဂရီနဲ့ပိုရင်းနှီးလာတယ်၊ သူဟာ တခြားပုံစံကျဝါဒါတွေနဲ့ စာရင် နှစ်လိုဖွယ်ရာဖြစ်တာတွေ့ရတယ်၊ သူဟာ အရည်အချင်းရှိပြီး စကားအေးအေးဆေးဆေးပြောတတ်တယ်၊ ၀င်နီ့ကို ယဉ်ယဉ်ကျေးကျေး လေးလေးစားစားဆက်ဆံတယ်၊ “အချိန်စေ့ပြီဟေ့” လို့ ဟောက်မဲ့အစား “မစ္စစ်မင်ဒဲလားရေ။ နောက်ထပ်ငါးမိနစ်ပဲ ကျန်တော့တယ်ခင်ဗျ”လို့ ပြောတတ်တယ်၊
သမ္မာကျမ်းစာမှာပြောထားတာက ဥယျာဉ်တွေဟာ ဥယျာဉ်မှူးတွေရဲ့အရင်ပေါ်တယ်လို့ ဆိုထားပေမဲ့ ပိုးလ်စမိုးမှာတော့ အဲသလိုမဟုတ်ခဲ့ဘူး၊ ပိုးလ်စမိုးမှာ ကျနော်ဟာ ဥယျာဉ် တခုပြုစုပျိုးထောင်ခဲ့ရာမှာ အဲဒါဟာ ကျနော့်ရဲ့အပျော်မွေ့ဆုံး စိတ်ဖြေ ရာ တခုဖြစ်လာခဲ့တယ်၊ဥယျာဉ်စိုက်ခြင်းဟာ ကျနော့်တို့ကို ပိတ်လှောင်ဝိုင်းရံထားတဲ့၊ ပျင်းရိငြီးငွေ့ဖွယ်ရာ ကွန်ကရစ်ကမ္ဘာကြီး ကနေ ကျနော် ထွက်ပြေးတဲ့နည်းတခုပါပဲ၊ အဆောက်အအုံရဲ့ အမိုးပေါ်မှာရှိတဲ့ နေရာ လွတ်အားလုံးနဲ့ အဲဒီနေရာတွေ တနေကုန်နေရောင်ရနေပုံကို စူးစမ်းလေ့လာပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ကျနော်ဟာ ဥယျာဉ်ခြံတခုစလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ထောင်မှူးဆီကအဲဒီဥယျာဉ်လုပ်ခွင့်လည်း တောင်းခံရရှိခဲ့တယ်၊ (၄၄) ဂါလံဆံ့ ဆီပီပါခွံ (၁၆) လုံးကို နှစ်ခြမ်းစီပိုင်းပြီး ကျနော့်ထောက်ပံ့ပေးဖို့ ထောင်အာဏာပိုင်တွေကို ပန်ကြားခဲ့တယ်၊ အာဏာပိုင်တွေက ဒီပီပါခွံအပိုင်းတွေကို မြေသြဇာကြွယ်ဝစိုစွတ်တဲ့မြေကြီးနဲ့ ဖြည့်ပေးတယ်၊ ဒီလိုနဲ့ ဧရာမပန်းအိုးကြီး (၃၂) လုံး ရလာတယ်၊
ကျနော်ဟာ ကြက်သွန်နီ၊ ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့်၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်၊ ခါဂျက်ဥ၊ သခွားသီး၊ ပန်းဂေါ်ဖီစိမ်း၊ သကြားမုံလာ၊ ဆလပ်ရွက်၊ ခရမ်းချဉ်သီး၊ ငြုတ်ကောင်း၊ စထရော်ဘယ်ရီနဲ့ တခြားသီးနှံတွေ အများကြီးစိုက်တယ်၊ အဖြစ်ထွန်းဆုံးအချိန်မှာ ကျနော့်ဥယျာဉ်ထဲ အပင်ပေါင်း (၉၀၀) နီးပါးရှိခဲ့တယ်၊ ဒီဥယျာဉ်ဟာ ကျနော် ရော်ဘင်ကျွန်း မှာစိုက်ခဲ့တဲ့ဥယျာဉ်ထက် ပိုကြီးကျယ်ပါတယ်၊ တချို့မျိုးစေ့တွေကို ကျနော်ဝယ်ယူပြီး တချို့ကိုတော့ ထောင်ပိုင် ဗိုလ်မှူးချုပ်မန်ရိုးကပေးတယ်၊ ဥပမာအားဖြင့် ပန်းဂေါ်ဖီစိမ်းနဲ့ ခါဂျက်ဥတို့ဆိုရင် သူပေးတာဖြစ်တယ်၊ သူဟာ အဲဒီသီးနှံတွေကို အတော့်ကိုကြိုက်တဲ့လူဖြစ်တယ်၊ ၀ါဒါတွေကလည်း သူတို့ကြိုက်တဲ့ ဟင်းသီးဟင်းရွက်တွေရဲ့မျိုးစေ့တွေ ပေးကြတယ်၊ မြေသြဇာ အဖြစ် သုံးဖို့ နွားချေးအကောင်းစားလည်း ထောက်ပံ့ပေးတယ်၊
ကျနော်ဟာ မနက်တိုင်း မြက်ဦးထုပ်တလုံးဆောင်း၊ လက်အိတ်ကြမ်းတွေစွပ်ပြီး ဥယျာဉ်ထဲ နှစ်နာရီလောက် အလုပ်လုပ်တယ်၊ တနင်္ဂနွေနေ့တိုင်း ကျနော်က ဖိုကြီးကို ဟင်းသီးဟင်းရွက်တွေသွင်းပေးတယ်၊ သာမန်ရာဇ၀တ်အကျဉ်းသားတွေအတွက်အထူး ဟင်းလျာတခွက် ချက်ပေးနိုင်အောင်လို့ ဖြစ်ပါတယ်၊ ကျနော့်ဥယျဉ်ခြံထွက်အတော်များများ ၀ါဒါတွေကိုလည်း ပေးကမ်းခဲ့ တယ်၊ သူတို့ဟာ ရတဲ့ဟင်းသီးဟင်းရွက်လတ်လတ်ဆတ်ဆတ်တွေသယ်သွားဖို့ကျောပိုးအိတ်တွေ ယူယူလာတတ်တယ်၊ ပိုးလ်စမိုးမှာတွေ့ရတဲ့ပြဿနာတွေဟာ ရော်ဘင်ကျွန်းမှာ ကျနော်တို့ကြုံခဲ့တဲ့ ပြဿနာတွေလောက် အရေးမပါ လှပါဘူး၊ ဗိုလ်မှူးချုပ်မန်ရိုးဟာ လူကြီးလူကောင်းဆံပြီး ကူညီချင်စိတ်ရှိသူတယောက်ဖြစ်တယ်၊ ကျနော်တို့ လိုအပ်တာတွေ အသေအချာရစေဖို့ အတော့်ကို ဂရုတစိုက်ဆောင်ရွက်ပေးတယ်၊ ဒါပေမဲ့လည်း တခါတရံ ပြဿနာလေးတွေဟာ ထိန်းမနိုင် သိမ်းမရကြီးမားပေါက်ကွဲလာတတ်တယ်၊ ၁၉၈၃ ခုနှစ်မှာ ၀င်နီနဲ့ သမီး ဇင်ဇီ ထောင်ဝင်စာလာတွေ့တုန်း ကျနော်က ထောင်ကထုတ်ပေးတဲ့ ရှူးဖိနပ်တွေ ဆိုက်ငယ်နေတဲ့အတွက် ဖိနပ်ပေါက်နေတယ်လို့ ဇနီးသည်ကို ပြောလိုက်မိတော့ ၀င်နီဟာ စိုးရိမ်ပူပန်သွားခဲ့တယ်၊ သိပ်မကြာခင် ကျနော့်ခြေချောင်းတချောင်း ဖြတ်လိုက်ရတယ်ဆိုပြီး သတင်းစာတွေထဲ ပါလာတယ်လို့သိရတယ်၊ ဆက်သွယ်ရေးအခက်အခဲကြောင့် ထောင်ထဲကသတင်းဟာ အပြင်လောကမှာ မကြာခဏ ကားချဲ့သွားတတ်တယ်၊ အကယ်၍သာ ကျနော်ဟာ ဇနီးသည်ဆီဖုန်းဆက်ပြီး ကျနော့်ခြေထောက်ကောင်းတဲ့ အကြောင်းလောက် ကို ပြောပြနိုင်ခဲ့ရင် အဲသလိုအရှုပ်အရှင်းတွေ ပေါ်လာမှာမဟုတ်ပါဘူး၊ သိပ်မကြာခင်မှာ ဟယ်လင်စွတ်ဇမင်း(သဘောထားပြော့ပျောင်းတဲ့ တိုးတက်ရေးပါတီက ပါလီမန်အမတ်) ထောင်ဝင်စာလာတွေ့ခွင့်ရပြီး ကျနော့်ခြေချောင်း အကြောင်းမေးတယ်၊ အကောင်းဆုံးအဖြေကတော့ လက်တွေ့ပြတာပဲလို့ ကျနော်စဉ်းစားပြီး ခြေအိတ်ချွတ်။ ခြေထောက်တွေကို မှန်ပြူတင်းရောက်အောင်မြှောက်ပြီး ခြေချောင်းတွေ လှုပ်ပြလိုက်တယ်၊
ကျနော်တို့တိုက်ခန်းရဲ့စိုထိုင်းမှုကို ကျနော်တို့ မကျေမနပ်တိုင်ကြားခဲ့ကြတယ်၊ ဒီစိုထိုင်းမှုကြောင့် ကျနော်တို့ မကြာမကြာအအေးမိတတ်တယ်၊ နောက်ပိုင်းကျတော့ တောင်အာဖရိက သတင်းစာတွေထဲမှာ ကျနော်တို့တိုက်ခန်းထဲ ရေတွေလျှံနေတယ်လို့ ရေးကြတဲ့အကြောင်းကျနောသတင်း ကြားရတယ၊် ကျနော်တို့ဟာ တခြားအကျဥ်း သားတွေနဲ့ ထိ တွေ့ဆက သွယ်ခွင့်ရဖို့လည်း ရဖို့လည်း တောင်းဆိုခဲ့တယ်၊ နောက်ပြီး ကျနော်တို့အမြဲပူညံပူညံလုပ်နေတဲ့ အခြေခံမကျေနပ် ချက်ကိုလည်း ယေဘုယျအားဖြင့် တိုင်တန်းတောင်းဆိုခဲ့ကြတယ်၊ အဲဒါကတော့ ကျနော်တို့ကို နိုင်ငံရေး အကျဉ်းသားတွေ အဖြစ် အသိအမှတ်ပြုဆက်ဆံရေးဖြစ်ပါတယ်၊
၁၉၈၄ ခု၊ မေလမှာတော့ အဆင်မပြေမှုတွေအားလုံးကနေ ဖြေသိမ့်စရာတစုံတရာရခဲ့တယ်၊ ကြိုတင်ချိန်းဆိုထားတဲ့အတိုင်း ၀င်နီ။ ဇင်နီနဲ့ ဇင်နီ့အငယ်ဆုံးသမီးတို့ ထောင်ဝင်စာလာတွေ့တဲ့အခါ ကျနော့်ကို အရာခံဗိုလ်ဂရက်ဂရီက ခါတိုင်း ထောင်ဝင်စာတွေ့နေကျနေရာကိုခေါ်သွားမယ့်အစား သီးခြားအခန်းတခန်းထဲသွင်းလိုက်တယ်၊ အဲဒီအခန်းထဲမှာ စားပွဲငယ်လေးတလုံးပဲရှိပြီး ဘာအကာအရံမှ ခြားထားတာမရှိပါ၊ အာဏာပိုင်တွေဟာ အပြောင်းအလဲတခုလုပ်လိုက်တယ်လို့ သူက ကျနော့်ကို အလွန်တရာအေးဆေးစွာပြောပြတယ်၊ အဲဒီနေ့ဟာနောင်မှာ ‘ထိတွေ့’ ထောင်ဝင်စာလို့ခေါ်တဲ့ ထောင်ဝင်စာ တွေ့မှုတွေရဲ့အစဖြစ်ပါတယ်၊ဒီနောက် ဂရက်ဂရီဟာ အခန်းပြင်ထွက်သွားပြီး ကျနော့်ဇနီးနဲ့သမီးကိုသွားတွေ့တယ်၊ ၀င်နီနဲ့ နှစ်ဦးချင်း စကားပြောဖို့ ခွင့်တောင်းတယ်၊ ဂရက်ဂရီက ၀င်နီ့ကိုသီးသန့်ခေါ်တဲ့အခါဝင်နီက ကျနော်နေမကောင်းလို့ များလားထင်ပြီး တကယ့်ကိုလန့်သွားတယ်၊ ဒါပေမဲ့ ဂရက်ဂရီကသူမကို တံခါးပေါက်ကခေါ်သွင်းလာတော့ ကျနော်တို့နှစ်ယောက်လုံး ကိုယ့်ကိုယ်ကို မသိလိုက်ဘဲတခန်းထဲမှာ အတူတူရောက်နေကြပြီး တယောက်ကိုတယောက် ဖက်ထား မိကြ တယ်၊ကျနော်ဟာ ဒီလောက်နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျနော့်ဇနီးကို နမ်းခဲ့။ ဖက်ခဲ့ရတယ်၊ ဒါဟာ ကျနော် အကြိမ်တထောင်လောက် စိတ်ကူးယဉ်အိပ်မက်မက်ခဲ့တဲ့အဖြစ်ပါပဲ၊ ကြည့်ရတာ အခုလည်း စိတ်ကူးယဉ်အိပ်မက် မက်နေဆဲလိုပါပဲ၊ ကျနော်ဟာသူမကိုဖက်ထားမိတာ တကမ္ဘာလောက်ကြာမယ်လို့ ထင်ရတယ်၊ ကျနော်တို့ ရဲ့ နှလုံးခုန်သံတွေကလွဲရင် ကျနော်တို့နှစ်ယောက်ဟာ ငြိမ်သက်ပြီးတိတ်ဆိတ်နေတယ်၊ ကျနော်ဟာ သူမကို ဖက်ထား ရာကနေ မလွှတ်ချင်ပေမဲ့ လွှတ်လိုက်ပြီး သမီးကိုဖက်လိုက်တယ်၊ ဒီနောက် သမီးရဲ့ကလေးကို ကျနော့်ပေါင်ပေါ်တင်လိုက်တယ်၊ ကျနော့်ဇနီးရဲ့ လက်ကလေးကိုတောင် မထိရတာ(၂၁) နှစ် ရှိသွားခဲ့ပါပြီ၊
Labels: အခြား စာမျက်နှာ |
posted by မြင့်ဇေ @ 3:03 AM |
|
|
|
ကျနော့်အကြောင်း |
Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
|
ယခုလ မာတိကာ |
|
ယခင်လ မာတိကာ အဟောင်းများ |
|
အလည်သွားဖြစ်တဲ့ ဘလော့များ |
|
Powered by |
|
|