|
ရန်သူနှင့်စကားပြောခြင်း(၃) |
Thursday, August 2, 2007 |
၈၈
ပိုးလ်စမိုးမှာ ကျနော်တို့ဟာ အပြင်ကအဖြစ်အပျက်တွေနဲ့ ပိုဆက်စပ်မိကြတယ်၊ တိုက်ပွဲဟာ ပြင်းထန်လာနေပြီး ရန်သူ့ လုံးပမ်းရုန်းကန်မှုတွေဟာလည်း အလားတူတိုးမြှင့်နေတာ ကျနော်တို့ သတိထားမိတယ်၊ ၁၉၈၁ ခုမှာ တောင်အာဖရိက ကာကွယ်ရေးတပ်ဖွဲ့က မိုဇမ်ဘစ်နိုင်ငံမာပူတိုမှာရှိတဲ့ အေအင်စီရုံးတွေကိုဝင်စီးရာမှာ မိန်းမတွေနဲ့ကလေးတွေအပါအ၀င် ကျနော်တို့လူ (၁၃) ယောက်ကို သတ်ပစ်ခဲ့တယ်၊ ၁၉၈၂ ခု၊ ဒီဇင်ဘာလမှာ အမ်ကေ (MK)(အေအန်စီ၏ လက်နက်ကိုင်တပ် ) ကကိပ်တောင်းမြို့ပြင်က ဆောက်လက်စ ကိုးဘာဂ် နျူကလီးယားဓာတ်အားပေးစက်ရုံကို ဗုံးခွဲခဲ့တယ်၊ တိုင်းပြည်တ၀ှမ်းက တခြား စစ်ဖက်ပစ်မှတ်တွေနဲ့ အသားအရောင်ခွဲခြားရေးပစ်မှတ် အများအပြားကိုလည်း ဗုံးတွေထောင်ခဲ့တယ်၊ အဲဒီတလထဲမှာပဲ တောင်အာဖရိကစစ်တပ်ကလီဆိုသိုနိုင်ငံ၊ မာစာရုမှာရှိတဲ့ အေအင်စီစခန်းတခုကိုတိုက်ခိုက်ခဲ့ရာမှာ အမျိုးသမီးတွေနဲ့ခလေးတွေတဒါဇင်အပါအ၀င် လူ (၄၂) ယောက်ကို သတ်ခဲ့တယ်၊
၁၉၈၂ ခု၊ သြဂုတ်လမှာ တက်ကြွလှုပ်ရှားသူ လူဖြူရုသ်ဖာတ်စ်ဟာ သူမပြည်ပြေးဘ၀နဲ့ နေနေရတဲ့မာပူတိုမြို့မှာ အဝေးက ပို့လာတဲ့စာအိတ်တွေ ဖောက်ဖတ်နေစဉ် စာအိတ်ဗုံးတလုံးကြောင့် အသက်ဆုံးခဲ့ရတယ်၊ သူမဟာ ဂျိုးဆလိုဗို(လူဖြူ ဂျူးလူမျိုး ကွန်မြူနစ်ပါတီခေါင်ေးဆောင်) ရဲ့ ဇနီးဖြစ်ပြီး သတ္တိ ရှိတဲ့၊ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားတက်ကြွသူ တယောက်ဖြစ်တယ်၊ လပေါင်းအတော်ကြာကြာလည်းထောင်ကျဘူးတယ်၊ သူမဟာ စည်းရုံးရေးကောင်းတဲ့ အမျိုးသမီးလည်း ဖြစ်ပြီး ကျနော် ၀စ်တ်စ်(တက္ကသိုလ်)တက်တုန်းက သူမကိုပထမဆုံးစသိကျွမ်းခဲ့တယ်၊ သူမအသတ်ခံရမှုဟာ ကျနော်တို့တိုက်ပွဲကိုနိုင်ငံတော်အစိုးရကတိုက်ဖျက်ရာမှာ ဘယ်လောက်အတိုင်းအတာအထိ ရက်စက်ယုတ်မာနေတယ်ဆိုတာကို ဖော်ပြလိုက်တာပဲဖြစ်တယ်၊
အမ်ကေရဲ့ ပထမဆုံးကားဗုံးခွဲမှုက ၁၉၈၃ ခု၊ မေလမှာဖြစ်ခဲ့တယ်၊ အဲဒီကားဗုံးဟာပရီတိုးရီးယားမြို့လယ်က လေတပ်နဲ့ စစ်ထောက်လှမ်းရေးရုံးကို ရည်ရွယ်ခဲ့တာဖြစ်တယ်၊ ဒါဟာမာစာရုနဲ့ တခြားနေရာတွေမှာ အေအင်စီကို စစ်တပ်က အသားလွတ်ကြီးတိုက်ခိုက်တာတွေကိုလက်တုန့်ပြန်ဖို့ ကြိုးပမ်းချက်တရပ်ဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲ အရှိန်မြင့်လာတာကို ရှင်းရှင်းလင်းလင်းပြနေတယ်၊အရပ်သားတွေထိခိုက်သေဆုံးတာဟာ ၀မ်းနည်းစရာမတော်တဆမှုတခုဖြစ်ပြီး အသေအပျောက် စာရင်း ကြောင့် ကျနော်အင်မတန်တုန်လှုပ်ချောက်ချားမိပါတယ်၊ ဒီထိခိုက်မှုတွေကြောင့် စိတ်မကောင်းဖြစ်ရပေမဲ့ ဒီလို မတော်တဆမှုတွေဟာ စစ်ရေးတိုက်ပွဲဆင်နွှဲဖို့ဆုံးဖြတ်ချက်ရဲ့ ရှောင်လွဲမရနိုင်တဲ့ အကျိုးဆက်ဖြစ်တယ်လို့ သဘော ပေါက်မိတယ်၊ လူသားတွေရဲ့မှားယွင်းနိုင်မှုဟာ အမြဲတမ်းပဲ စစ်ပွဲရဲ့ အစိတ်အပိုင်းတခုဖြစ်နေပြီး အဲဒီအတွက်ပေးဆပ်ရတဲ့ တန်ဖိုးဟာ အမြဲမြင့်မားနေတာပါပဲ၊ ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာနိုင်တယ်ဆိုတာ ကျနော်တို့သိတဲ့အတွက်ကြောင့် လက်နက်ကိုင်ဖို့ဆုံးဖြတ်ချက်ကို အလွန်တရာမှ အလေးအနက်ထားပြီး ဆုတ်ဆိုင်းဆိုင်းနဲ့ ချခဲ့တာဖြစ်တယ်၊ ဒါပေမဲ့ ဗုံးပေါက်တဲ့အချိန်မှာ အော်လီဗာ(အေအန်စီ ဥက္ကဌ) ပြောခဲ့သလိုလက်နက်ကိုင်တိုက်ပွဲဟာ အသားအရောင်ခွဲခြားရေး အစိုးရရဲ့ အကြမ်းဖက်မှုက ကျနော်တို့ကို တွန်းပို့ချမှတ်လို့ ပေါ်လာတာဘဲဖြစ်ပါတယ်၊
အစိုးရရော၊ အေအင်စီရော စစ်ရေးနဲ့နိုင်ငံရေးဆိုတဲ့ လမ်းကြောင်းနှစ်ကြောင်းပေါ်မှာ လျှောက်နေကြတယ်၊ နိုင်ငံရေးမျက်နှာစာ မှာ အစိုးရဟာ လူမည်း အာဖရိကတိုက်သားတွေကို ကပြားတွေ၊ ကုလားတွေနဲ့ ခွဲပစ်ဖို့ကြိုးစားတဲ့အနေနဲ့ ထုံးစံအတိုင်း သွေးခွဲအုပ်ချုပ်ရေးမဟာဗျူဟာကို ကျင့်သုံးနေတယ်၊ ၁၉၈၃ ခ၊ု နိုဝင်ဘာလမှာ လုပ်တဲ့ဆန္ဒခံယူပွဲတခုမှာ လူဖြူမဲ ဆန္ဒရှင်တွေ က ဘိုသာ(၀န်ကြီးချုပ် -နောင်သမတ) ရဲ့ လွှတ်တော်သုံးရပ်ပါလီမန်ဆိုတဲ့ဟာ ထူထောင်ဖို့စီမံကိန်းကို ထောက်ခံအတည်ပြု ခဲ့ကြတယ်၊ လွှတ်တော်သုံးရပ် ဆိုတာကတော့ လူဖြူလွှတ်တော်အပြင် ကုလားလွှတ်တော်နဲ့ကပြားလွှတ်တော်ကိုထောင်ဖို့ ဆိုလိုတာဖြစ်တယ်၊ ဒါဟာ ကုလားတွေနဲ့ကပြားတွေကိုစနစ်ထဲဆွဲဆောင်ခေါ်ယူပြီး၊ အာဖရိကတိုက်သားတွေနဲ့ ခွဲခြားပစ်ဖို့ ကြိုးပမ်းတာဖြစ်တယ်၊ဒါပေမဲ့ ဒီကမ်းလှမ်းချက်ဟာ ‘ကလေးကစားစရာ တယ်လီဖုန်းရုပ်’ သက်သက်ပဲဖြစ်တယ်၊ဘာကြောင့်လဲ ဆိုတော့ ကုလားတွေနဲ့ကပြားတွေရဲ့ ပါလီမန်လှုပ်ရှားမှုအားလုံးဟာ လူဖြူဗီတိုအောက်မှာရှိနေလို့ဖြစ်တယ်၊ ဒါဟာ အစိုးရက အသားအရောင်ခွဲခြားရေးကို ပြုပြင်ပြောင်းလဲနေပါတယ်လို့ ပြင်ပကမ္ဘာကထင်အောင် လှည့်စားတာလည်းဖြစ်တယ်၊ ဘိုသာ့ လှည့်ကွက်ဟာ ပြည်သူတွေကို မလှည့်ဖျားနိုင်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ မဲဆန္ဒပေးခွင့်ရှိတဲ့ကုလားနဲ့ကပြား မဲဆန္ဒရှင် (၈၀) ရာခိုင်နှုန်းကျော်က ၁၉၈၄ ခ၊ု ပါလီမန်လွှတ်တော်သစ်ရွေးကောက်ပွဲကိုသပိတ်မှောက်ကြလို့ဖြစ်ပါတယ်၊
အင်အားကောင်းတဲ့ အောက်ခြေလူထုနိုင်ငံရေးလှုပ်ရှားမှုတွေ တိုင်းပြည်ထဲမှာထူထောင်ဖွဲ့စည်းလာကြပြီး အဲဒီအဖွဲ့တွေဟာ အေအင်စီနဲ့ ခိုင်မာတဲ့ချိတ်ဆက်မှုတွေထားရှိကြတယ်၊ အဲဒီထဲမှာ အဓိကအဖွဲ့ကတော့ ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (UDF ယူဒီအက်ဖ်) ဖြစ်ပြီး ဒီအဖွဲ့ဟာ ကျနော့်ကို နာယကအဖြစ် ကြေညာထားတယ်၊ ယူဒီအက်ဖ် တည်ထောင်တာဟာ ၁၉၈၃ ခု၊ အသားအရောင်ခွဲခြားရေး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ဆန့်ကျင်ကန့်ကွက်မှုနဲ့ ၁၉၈၄ ခ၊ု သီးခြား ခွဲထားတဲ့ ပါလီမန်လွှတ်တော်သုံးရပ်အတွက်ပထမဆုံးရွေးကောက်ပွဲတွေကို ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်စပ်ညှိနှိုင်းပေးဖို့ တည်ထောင်တာဖြစ်တယ်၊ ယူဒီအက်ဖ်ဟာ မကြာမီအတွင်းမှာ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး အဖွဲ့အစည်း (၆၀၀) ကျော်ကိုစုစည်းထားတဲ့ အင်အားကောင်းအဖွဲ့ကြီးတခုအဖြစ် တိုးတက်ထွန်းကားလာပြီး အလုပ်သမားသမဂ္ဂတွေ၊ အကျိုးတူ အဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ကျောင်းသားအသင်းအပင်းတွေ ပါဝင်ခဲ့ကြတယ်၊အေအင်စီဟာ လူထုထောက်ခံမှု အသစ် တဖန်ပြန်ရနေတယ်၊ သဘောထားအမြင်ကောက်ယူချက်တွေအရ အေအင်စီဟာ ရာစုနှစ်တခုရဲ့ လေးပုံတပုံ (၂၅ နှစ်) လောက် မတရားသင်းကြေညာခံထားရတာတောင်မှ အာဖရိကတိုက်သားတွေကြား လူထုထောက်ခံမှုအရဆုံး နိုင်ငံရေး အဖွဲ့အစည်း ဖြစ်နေတာကို ပြနေတယ်၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးတိုက်ပွဲတခုလုံးကိုလည်း ကမ္ဘာက အာရုံစိုက် နေပြီဖြစ်တယ်၊ ၁၉၈၄ ခုမှာ ဘုန်းတော်ကြီးဒက်စ်မွန်တူးတူးငြိမ်းချမ်းရေးနိုဗယ်လ်ဆု ချီးမြှင့်ခံရတယ်၊ (ဘုန်းတော်ကြီးတူးတူးဆီ ချီးကျူးဂုဏ်ပြုကြောင်းကျနော့်ပေးစာကို အာဏာာပိုင်တွေက ပို့ပေးဖို့ငြင်းဆန်ခဲ့တယ်၊) တောင်အာဖရိက အစိုးရဟာတနေ့တခြားကြီးမားလာနေတဲ့ နိုင်ငံတကာ့ဖိအားကို ခံနေရတယ်၊ တကမ္ဘာလုံးကနိုင်ငံတွေဟာ ပရီတိုးရီးယားအစိုးရအပေါ် စီးပွားရေးဒဏ်ခတ်အရေးယူမှုတွေ စတင်ချမှတ်လာကြတယ်၊အစိုးရဟာ ကျနော့်ကို ‘အကဲစမ်းမှုတွေ’ နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်၊ စတာကတော့ အကျဉ်းထောင်ဝန်ကြီး ကရူးဂါးကနေ ကျနော့်ကို ထရန်စကေး နယ်(ဟန်ပြလူမည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်)မှာသွားနေဖို့ နားချတာတွေက စစမ်းခဲ့တယ်၊ ဒါတွေဟာ စေ့စပ်ဆွေးနွေးဖို့ ကြိုးပမ်းမှုတွေမဟုတ်ဘဲ ကျနော့်ကို ကျနော့် အဖွဲ့အစည်းနဲ့ ကင်းကွာသွားအောင် ကြိုးပမ်းတာပဲဖြစ်တယ်၊ ကရူးဂါးက ကျနော့် ကို တခြားအကြိမ် အတော်များများမှာလည်း “မင်ဒဲလား၊ ခင်ဗျားနဲ့ဆိုရင်တော့ ကျနော်တို့ တွဲလုပ်လို့ရနိုင်တယ်၊ ဒါပေမဲ့ ခင်ဗျားအပေါင်းအသင်းတွေနဲ့တော့ မဖြစ်ဘူးဗျ၊ ဦးနှောက်သုံးပါဗျာ” လို့ပြောခဲ့တယ်၊ ဒီရှေ့ပြေးချဉ်းကပ်မှုတွေကို ကျနော် မတုံ့ပြန်ခဲ့ပေမဲ့ သူတို့ဟာ တိုက်ခိုက်မယ့်အစား စကားပြောနေတယ်ဆိုတဲ့အချက်ကိုက စစ်မှန်တဲ့စေ့စပ်ဆွေးနွေးပွဲတွေ အတွက် နိဒါန်းအဖြစ် ကြည့်မြင်လို့ရနိုင်ပါတယ်၊
အစိုးရဟာ ရေအတိမ်အနက်စမ်းနေတယ်၊ ၁၉၈၄ ခု နှောင်းပိုင်းနဲ့ ၁၉၈၅ ခု အစပိုင်းမှာ ထင်ရှားတဲ့ အနောက်နိုင်ငံ ခေါင်းဆောင်နှစ်ယောက် ကျနော့်ကို ထောင်ဝင်စာလာတွေ့တယ်၊တယောက်က ဗြိတိသျှအထက်လွှတ်တော်အမတ်လည်းဖြစ်၊ ဥရောပပါလီမန်အမတ်လည်းဖြစ်တဲ့ နိကိုးလပ်စ်ဘဲသဲလ်ဖြစ်ပြီး နောက်တယောက်ကတော့ ဂျော့တောင်းတက္ကသိုလ် ဥပဒေ ပါမောက္ခလည်းဖြစ်၊ အမေရိကန်အထက်လွှတ်တော် ၀ါးတားဂိတ်ကော်မတီ အတိုင်ပင်ခံဟောင်း တယောက်လည်းဖြစ်တဲ့ ဆင်မြူယယ်ဒက်ရှ်ဖြစ်တယ်၊ ဒီထောင်ဝင်စာတွေ့မှုနှစ်ခုလုံးကို တရားရေးဝန်ကြီးအသစ် ကိုဘီကိုအက်ဆီးက ခွင့်ပြုတာ ဖြစ်တယ်၊ ဒီဝန်ကြီးသစ်ဟာ အာဖရိကန်းနားလူမျိုး(ဒက်ခ်ျအနွယ်ဝင် လူဖြူ) ခေါင်းဆောင် အမျိုးအစားသစ်ဖြစ်ပုံရတယ်၊ ကျနော်ဟာ အမတ်ကြီး ဘဲသဲလ်နဲ့ ထောင်ပိုင်ရုံးခန်းမှာတွေ့ရတယ်၊ ရုံးခန်းထဲမှာ သမတဘိုသာရဲ့ ရှုသိုးသိုးစူအောင့်အောင့်ဓာတ်ပုံကြီးတပုံက လွှမ်းမိုးနေတယ်၊ ဘဲသဲလ်ဟာပျော်ပျော်နေတတ်ပြီး ၀၀ဖိုင့်ဖိုင့်ဖြစ်တယ်၊ ကျနော် သူနဲ့ပထမဆုံးအကြိမ်တွေ့တဲ့အခါ သူ့ရဲ့ဝဖိုင့်မှုနဲ့ ပတ်သက်ပြီး နောက်ခဲ့တယ်၊ ကျနော်က သူနဲ့လက်ဆွဲနှုတ်ဆက်ရင်း “ခင်ဗျားကြည့်ရတာ ချာချီနဲ့ ဆွေမျိုးတော်ပုံရတယ်” လို့ ပြောတော့ သူကရယ်တယ်၊
အမတ်ကြီးဘဲသဲလ်က ပိုလ်စမိုးထောင်တွင်း ကျနော်တို့အခြေအနေတွေ သိချင်တာကို ကျနော်ပြောပြလိုက်တယ်၊ ကျနော်တို့ ဟာ လက်နက်ကိုင်တိုက်ပွဲအကြောင်း ဆွေးနွေးကြရာမှာကျနော်က အကြမ်းဖက်မှု (Violence) စွန့်လွှတ်ရေးဟာ ကျနော်တို့ ပေါ်မူမတည်ဘဲ အစိုးရပေါ်မူတည်ကြောင်း သူ့ကိုရှင်းပြခဲ့တယ်၊ ကျနော်တို့ဟာ စစ်ရေးပစ်မှတ်အစစ်အမှန်တွေကိုပဲ ဦးတည်ပြီး ပြည်သူတွေကိုဦးမတည်ကြောင်း ထပ်လောင်းအာမခံခဲ့တယ်၊ “ကျနော့်အနေနဲ့ ကျနော်တို့လူတွေက၊ ဥပမာအားဖြင့် ဟောဒီက ဗိုလ်မှူးကို လုပ်ကြံသတ်ဖြတ်စေဖို့ မလိုလားပါဘူး” လို့ ပြောရင်း ကျနော်တို့ထောင်ဝင်စာတွေ့ စကားပြောတာတွေကို နားထောင်မှတ်ယူနေတဲ့ဗိုလ်မှူးဖရစ်ဇ်ဝန်စစ်တတ်ကို လက်ညှိုးထိုးပြလိုက်တယ်၊ ၀န်စစ်တတ်ဟာ စကားနည်းပြီး သဘောကောင်းတဲ့ လူတယောက်ဖြစ်ပေမဲ့ ကျနော်မှတ်ချက်ပေးလိုက်တာကြားတော့တွန့်သွားတယ်၊
အမတ်ကြီးဘဲသဲလ်နဲ့တွေ့ပြီး ဘာမှသိပ်မကြာခင် ပါမောက္ခဒက်ရှ်နဲ့တွေ့ရတဲ့အခါ ကျနော်က လူမျိုးမခွဲခြားတဲ့ အနာဂတ်တောင်အာဖရိကနိုင်ငံအတွက် အနိမ့်ဆုံးလိုအပ်ချက်အဖြစ် ကျနော်မြင်ထားတာတွေကို ရှင်းလင်းချပြခဲ့တယ်၊ အဲဒါတွေကတော့ ဇာတိပြည်နယ်(ံHomeland) (ဟန်ပြကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်) တွေမရှိတဲ့ တပြည်ထောင်စနစ်၊ အမျိုးသားလွှတ်တော်အတွက် လူမျိုးမခွဲတဲ့ရွေးကောက်ပွဲနဲ့ လူတကိုယ်မဲတမဲတို့ဖြစ်ပါတယ်၊ အစိုးရက လူမျိုးကွဲ လက်ထပ် ထိမ်းမြားရေး ပိတ်ပင်ထားတဲ့ ဥပဒေတွေနဲ့ တခြားအသားအရောင်ခွဲခြားရေးဥပဒေစည်းမျဉ်းတချို့ပယ်ဖျက်ဖို့ရည်ရွယ်ကြောင်း ကြေညာတာအပေါ် ကျနော့်အနေနဲ့ စိတ်အားတက်ကြွကျေနပ်မှုဖြစ်မဖြစ် ပါမောက္ချဒက်ရှ်ကမေးတယ်၊ ကျနော်က “ဒါဟာ အာပလာပါဘဲ၊ ကျနော့်ရည်မှန်းချက်က လူဖြူမတယောက်နဲ့လက်ထပ်နိုင်ဖို့၊ ဒါမှမဟုတ် လူဖြူသီးသန့်ရေကူးကန်မှာ ရေကူးရဖို့ မဟုတ်ဘူး၊ ကျနော်တို့လိုချင်တာက နိုင်ငံရေးအရတန်းတူမှုပဲဖြစ်တယ်” လို့ ပြန်ပြော လိုက်တယ်၊ ကျနော်တို့ဟာ အစိုးရကို စစ်မြေပြင်မှာ အနိုင်ရဖို့မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ အစိုးရအနေနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်ကိုင်ရာမှာ အခက်အခဲ ဖြစ်အောင်တော့ လုပ်နိုင်တယ်လို့ကျနော်ကဒက်ရှ်ကို အတော်ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်တယ်၊
အဲသလောက်အဆင်မချောတဲ့ ထောင်ဝင်စာတွေ့မှုကိုတော့ ရှေးရိုးစွဲသတင်းစာဖြစ်တဲ့ “၀ါရှင်တန်တိုင်းမ်” ရဲ့အယ်ဒီတာ အမေရိကန် နှစ်ယောက်နဲ့ကြုံခဲ့တယ်၊ သူတို့ကြည့်ရတာကျနော့် သဘောထားတွေ၊ အမြင်တွေကိုစူးစမ်းဖို့ထက် ကျနော်ဟာ ကွန်မြူနစ်တယောက်၊အကြမ်းဖက်သမားတယောက် (ွှTerrorist) ဖြစ်တယ်ဆိုတာ သက်သေပြဖို့ ပိုစိတ်သန်ပုံရတယ်၊ သူတို့ မေးသမျှမေးခွန်းတွေဟာ အဲဒီဖက်ကိုဇောင်းပေးနေတယ်၊ ကျနော်ဟာ ကွန်မြူနစ်လည်းမဟုတ်ဘူး၊ အကြမ်းဖက်သမားလည်း မဟုတ်ဘူးလို့ ကျနော်က ထပ်လောင်းပြောတဲ့အခါသူတို့က ကျနော်ဟာ ခရစ်ယာန်ဘာသာဝင်တယောက်လည်းမဟုတ်ဘူးလို့ သက်သေပြဖို့ကြိုးစားကြပြန်တယ်၊ သူတို့ပြောတာက သင်းအုပ်ဆရာ မာတင်လူသာကင်းဟာ အကြမ်းဖက်မှုကို ဘယ်တုန်း ကမှ မကျင့်သုံးခဲ့ဘူးလို့ ပြောတယ်၊ ကျနော်က သူတို့ကို မာတင်လူသာကင်းတိုက်ပွဲဝင်ခဲ့ရတဲ့အခြေအနေတွေဟာ ကျနော်တို့အခြေအနေတွေနဲ့ လုံးလုံးလျားလျားကွဲပြားတဲ့အကြောင်း၊ အမေရိကန်နိုင်ငံဟာ အကြမ်းမဖက်တဲ့ ကန့်ကွက် ဆန္ဒပြမှုတွေကို အကာအကွယ်ပေးတဲ့အခြေခံဥပဒေအရ တန်းတူအခွင့်အရေးတွေအာမခံတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ကြောင်း (ဒါပေမဲ့လည်း လူမည်းတွေအပေါ် အာဃာတတွေရှိနေဆဲပါ)၊ တောင်အာဖရိကနိုင်ငံကတော့ တန်းမတူရေးကို အခြေခံ ဥပဒေနဲ့ အမွှန်းတင် ပစားပေးထားတဲ့ အာဏာရှင်နိုင်ငံဖြစ်ပြီးအကြမ်းမဖက်မှုကို အင်အားသုံးတုံ့ပြန်တဲ့ စစ်တပ်ရှိကြောင်း ပြန်ပြောလိုက်တယ်၊ ကျနော်ဟာခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ပြီး တလျှောက်လုံး ခရစ်ယာန်ဖြစ်ခဲ့တယ်လို့ ပြောလိုက် တယ်၊ ကျနော်က ခရစ်တော်တောင်မှ တခြားရွေးစရာနည်းလမ်းမရှိတော့တဲ့အခါ ဘုရားကျောင်းတော်ထဲက ငွေတိုးချေး စားသမားတွေမောင်းထုတ်ဖို့ အင်အားသုံးခဲ့ရသေးတယ်၊ခရစ်တော်ဟာ အကြမ်းဖက်မှု (Violence) လိုလားသူမဟုတ်ပေမဲ့ မကောင်းမှုကိုဆန့်ကျင်ဖို့မလွှဲမရှောင်သာ အင်အားသုံးခဲ့ရတယ်လို့ ပြောလိုက်တယ်၊ အဲဒီနှစ်ယောက်ဟာ ကျနော့်အမြင် တွေကို သဘောပေါက်လက်ခံသွားလိမ့်မယ်လို့တော့ ကျနော်မထင်မိပါ၊
ပြည်တွင်းမှာလည်း ပြဿနာတွေကြုံနေ၊ ပြည်ပကလည်း ဖိအားပေးတာခံနေရတဲ့ဘိုသာဟာ ဟိုမရောက်ဒီမရောက်ခြေလှမ်းနဲ့ အလျှော့ပေးကမ်းလှမ်းလာတယ်၊ ၁၉၈၅ ခုဇန်န၀ါရီလ (၃၁) ရက်နေ့မှာ သမတဘိုသာက ပါလီမန်တွင်းဆွေးနွေးရင်းနဲ့ အကယ်၍ကျနော်ဟာ‘အကြမ်းဖက်မှု (Violence) ကို နိုင်ငံရေးလက်နက်တခုအဖြစ်သုံးတာ ခြွင်းချက်မရှိ စွန့်လွှတ်ရင်’ ကျနော့်ကို ပြန်လွှတ်ပေးမယ်လို့ လူသိရှင်ကြားကမ်းလှမ်းခဲ့တယ်၊ ဒီကမ်းလှမ်းချက်ကို နိုင်ငံရေးအကျဉ်းသားအားလုံး အပေါ် လည်း တိုးချဲ့ကမ်းလှမ်းခဲ့တယ်၊ နောက်ပြီး သူကကျနော့်ကို အများပြည်သူရှေ့မှာ စိန်ခေါ်တဲ့ပုံစံနဲ့ “ဒါကြောင့် အခုဆိုရင် မစ္စတာမင်ဒဲလားရဲ့ လွတ်မြောက်မှုကို အဟန့်အတားပြုနေတာက တောင်အာဖရိကအစိုးရမဟုတ်တော့ပါဘူး၊ မင်ဒဲလား ကိုယ်တိုင်ပဲဖြစ်တော့တယ်” လို့ ထပ်ပြောလိုက်သေးတယ်၊ အစိုးရဟာ ကျနော့်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး အဆိုပြုချက် တခု လုပ်ဖို့ရှိတယ်ဆိုတာ အာဏာပိုင်တွေက ကျနော့်ကိုကြိုတင်သတိပေးထားပြီးဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒါကို နိုင်ငံတော် သမတက ပါလီမန်လွှတ်တော်တွင်းမှာ လုပ်လိမ့်မယ်လို့တော့ ကျနော်မျှော်လင့် မထားခဲ့ဘူး၊ ကျနော်မှတ်သား မိသလောက် ဆိုရင် အဲဒါဟာ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း ကျနော့်ကိုလွှတ်ပေးဖို့ အစိုးရက ခြောက်ကြိမ်မြောက်ခြွင်းချက်နဲ့ ကမ်းလှမ်းတာဖြစ်တယ်၊ ဘိုသာ့ မိန့်ခွန်းကို ရေဒီယိုကနေ နားထောင်ပြီးတာနဲ့ ကျနော်က ထောင်ပိုင်ထံ ကျနော့်ဇနီးနဲ့ ကျနော့် ရှေ့နေအီစမိုင်အယွဗ်တို့ အရေးတကြီးထောင်ဝင်စာလာတွေ့စေဖို့ ပန်ကြားခဲ့တယ်၊ သူတို့လာတွေ့မှ သမတရဲ့ ကမ်းလှမ်းမှု အပေါ် ကျနော့်တုံ့ပြန်ချက်ကို ရေးမှတ်ယူခိုင်းလို့ရမှာဖြစ်ပါတယ်၊
ဝင်နီနဲ့အီစမိုင်တို့ဟာ တပတ်လောက်ကြာတဲ့အထိ ထောင်ဝင်စာလာတွေ့ခွင့်မရခဲ့ဘူး၊ ဒီအတောအတွင်း ကျနော်က နိုင်ငံခြားရေးဝန်ကြီး ပစ်ဘိုသာဆီ စာတစောင်ရေးပြီး ကျနော့်လွတ်မြောက်ရေးအတွက် ခြွင်းချက်အနေအထားတွေကိုပယ်ချခဲ့ တယ်၊ အများပြည်သူသိတုံ့ပြန်ချက်တခုလုပ်ဖို့လည်း ပြင်ဆင်နေခဲ့တယ်၊ အဲဒီတုံ့ပြန်ရေးနဲ့ပတ်သက်ပြီး ကျနော်ဟာ ကိစ္စရပ် အတော်များများလုပ်ဖို့ စိတ်ထက်သန်နေတယ်၊ ဘာလို့လဲဆိုတော့ ဘိုသာ့ကမ်းလှမ်းချက်ဟာ ကျနော့်ကိုအေအင်စီက ပယ်ချထားတဲ့ပေါ်လစီတခု လက်ခံဖို့သွေးဆောင်ခြင်းအားဖြင့် ကျနော်နဲ့ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေအကြား သပ်လျှိုဖို့ ကြိုးပမ်းချက်တခုဖြစ်လို့ပါပဲ၊ ကျနော်ဟာ အဖွဲ့အစည်းအပေါ် သံသယဖြစ်စရာမလိုအောင် သစ္စာရှိတယ်ဆိုတာ ယေဘုယျ အားဖြင့် အေအင်စီတဖွဲ့လုံးကိုရော၊ အထူးသဖြင့် ဥက္ကဌ အော်လီဗာတမ်ဗိုကိုပါထပ်မံအာမခံချင်တယ်၊ ထို့အပြင် အစိုးရဆီကို သူတို့ရဲ့ကမ်းလှမ်းချက်ကို ပူးတွဲပါ ခြွင်းချက်တွေ ကြောင့်ပယ်ချရပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြ၏နာအဖြေရှာဖို့လမ်းကြောင်းဟာ စစ်ပွဲမဟုတ်ဘဲစေ့စပ်ဆွေးနွေးရေးဖြစ်တယ်လို့ ကျနော်ယူဆကြောင်း သတင်းစကားပါးဖို့လည်း ဆန္ဒရှိတယ်၊ ဘိုသာက ကျနော်တို့ ပခုံးပေါ်ကို အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်လို့ ပုံချချင်နေတယ်၊ ကျနော်ကတော့ ကျနော်တို့အပေါ် ကျူးလွန်တဲ့အကြမ်းဖက်မှုကို ကျနော်တို့က ပြန်တုံ့ပြန်တာသာဖြစ်တယ်လို့ ကမ္ဘာကိုထပ်မံအတည်ပြုကြေညာလိုတယ်၊ အကယ်၍ ကျနော်ထောင်ကထွက်လာတဲ့အခါ ကျနော်စအဖမ်းခံခဲ့ရတုန်းက အခြေအနေတွေပဲပြန်ကြုံရရင် ကျနော် အဖမ်းခံ ရစေခဲ့တဲ့လှုပ်ရှားမှုတွေကိုပဲ မဖြစ်မနေပြန်လုပ်ရလိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိမြင်ကြစေဖို့ ရည်ရွယ်တယ်၊
ကျနော်ဟာ သောကြာနေ့မှာ ၀င်နီနဲ့ အီစမိုင်တို့ကို တွေ့ရတယ်၊ တနင်္ဂနွေနေ့မှာဆိုဝီတိုမြို့ ဂျာဘူလာနီအားကစားကွင်းမှာ ယူဒီအက်ဖ်လူထုစည်းဝေးပွဲလုပ်ဖို့ရှိတယ်၊ အဲဒီမှာကျနော့်တုံ့ပြန်ချက်ကို လူသိရှင်ကြားထုတ်ပြန်ဖို့ဖြစ်တယ်၊ အဲဒီထောင်ဝင်စာ တွေ့မှုကို ကြီးကြပ်နေတာက ကျနော်အကျွမ်းတ၀င်မရှိတဲ့ ၀ါဒါတချို့ဖြစ်တယ်၊ သမတဆီ ကျနော့်ပြန်ကြားချက် ကိစ္စ စဆွေး နွေးကြတဲ့အခါ ခပ်ငယ်ငယ်ဝါဒါတယောက်ကကြားဝင်ပြီး မိသားစုကိစ္စတွေပဲ ဆွေးနွေးပြောဆိုခွင့်ရှိတယ်လို့ ၀င်ပြောတယ်၊ ကျနော်က သူ့ကိုဂရုမစိုက်ဘဲ ဆက်ပြောနေတဲ့အခါ သူကမိနစ်အနည်းငယ်အကြာမှာ ကျနော်ကောင်းကောင်းမသိတဲ့၊ နည်းနည်း ရာထူးပိုကြီးတဲ့ဝါဒါတယောက် သွားခေါ်လာတယ်၊ အဲဒီဝါဒါက ကျနော့်ကို နိုင်ငံရေးဆွေးနွေးတာရပ်ဖို့ပြောတော့ ကျနော်က ဒါဟာ တမျိုးသားလုံးနဲ့ချီပြီး အရေးကြီးတဲ့ကိစ္စဆွေးနွေးနေတာ ဖြစ်တယ်၊ နိုင်ငံတော်သမတဆီက ကမ်းလှမ်းချက်နဲ့ ပတ်သက်တယ်လို့ ပြန်ပြောလိုက်တယ်၊ တကယ်လို့သူ ဒီဆွေးနွေးမှုကို ဟန့်တားချင်ရင် သမတကိုယ်တိုင်ဆီက အမိန့် တိုက်ရိုက်ယူဖို့လိုတယ်လို့ကျနော် သူ့ကိုသတိပေးလိုက်တယ်။ “တကယ်လို့အဲဒီ အမိန့်ရဖို့ သမတဆီ မင်းဖုန်းမဆက်ချင်ရင် ကျေးဇူးပြုပြီး ငါတို့ကို နောက်ထပ်မနှောင့်ယှက်ပါနဲ့” လို့ ကျနော် ခပ်အေးအေးပြောလိုက်တယ်၊ သူ ထပ်မနှောင့်ယှက်တော့ပါ၊
ကျနော်ကြိုတင်ပြင်ဆင်ရေးသားထားတဲ့မိန့်ခွန်းကို အီစမိုင်နဲ့ဝင်နီ့ကိုပေးလိုက်တယ်၊ အဲဒီထဲမှာ အစိုးရဆီပြန်ကြားချက်အပြင် ယူဒီအက်ဖ်ကို ကောင်းကောင်းလှုပ်ရှား အလုပ်လုပ်နိုင်တဲ့အတွက် ကျေးဇူးတင်ချီးကျူးကြောင်း နိုင်ငံသိပြောကြားထားပြီး ဂိုဏ်းးချုပ်ကြီးတူးတူးကို နိုဘယ်လ်ဆုရတဲ့အတွက် ချီးကျူးဂုဏ်ပြုလိုက်တယ်၊ ဒီဆုဟာ ပြည်သူတရပ်လုံးနဲ့ဆိုင်တယ် ဆိုတာ ကိုပါထည့်ပြောထားတယ်၊ ၁၉၈၅ ခု၊ ဖေဖော်ဝါရီ (၁၀) ရက်၊ တနင်္ဂနွေနေ့မှာ ကျနော့် သမီးဇင်ဇီက ကျနော့်ပြန် ကြားချက်ကို လက်ခုပ်တီး သြဘာပေးနေတဲ့ လူအုပ်ကြီးကိုဖတ်ပြတယ်၊ဒီပြည်သူတွေဟာ ကျနော့်စကားတွေကို တောင်အာဖရိကနိုင်ငံထဲ ဘယ်နေရာမှာမဆို တရားဝင်နားမထောင်နိုင်ခဲ့တာ အနှစ် (၂၀) ကျော်ပြီဖြစ်တယ်၊ဇင်ဇီဟာ သူ့အမေလိုပဲ စကားပြောတာ မာန်ပါတယ်၊ သူမက အခုစကားတွေပြောဖို့ဒီအားကစားကွင်းထဲ အဖေကိုယ်တိုင်ရောက်နေသင့်တယ်လို့ပြောတယ်၊ ကျနော့် မိန့်ခွန်းဖတ်ပြတာ သူမဖြစ်တယ်ဆိုတာသိရလို့ ကျနော်ဂုဏ်ယူမိတယ်၊
"ကျနော်ဟာ အာဖရိကအမျိုးသားကွန်ဂရက်ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်၊ ကျနော်ဟာ အာဖရိကအမျိုးသားကွန်ဂရက်ရဲ့ အဖွဲ့ဝင်တယောက်အမြဲဖြစ်ခဲ့ပြီး သေတဲ့အထိ အဖွဲ့ဝင်ဆက်ဖြစ် နေပါလိမ့်မယ်၊ အော်လီဗာတမ်ဗိုဟာ ကျနော့်အတွက် အကိုတယောက်မကပါဘူး၊ သူဟာ နှစ်ပေါင်းငါးဆယ်နီးပါး ကျနော့်ရဲ့အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းလည်းဖြစ်၊ ရဲဘော် ရဲဘက်လည်းဖြစ်တယ်၊ခင်ဗျားတို့အထဲမှာ ကျနော့်လွတ်မြောက်ရေးကို အထူးလိုလားမျှော်လင့်သူ ဘယ်သူ့ထက်မဆို အော်လီဗာ တမ်ဗိုက ကျနော့်လွတ်မြောက်ရေးကိုပိုပြီး မျှော်မှန်းလိုလားတာဖြစ်တယ်၊ ကျနော်လွတ်ဖို့ အတွက်ဆိုရင် သူ့အသက်တောင်စွန့်မယ်ဆိုတာ ကျနော်သိတယ်၊ အစိုးရက ကျနော့်အပေါ်ချမှတ်လိုတဲ့ ခွင်းချက်တွေကို ကျနော် အံ့သြမိတယ်၊ ကျနော်ဟာလူကြမ်းတယောက်မဟုတ်ပါဘူး၊ ကျနော်တို့အတွက် တခြားခုခံဆန့်ကျင်ရေးသဏ္ဍာန်လမ်းကြောင်း တွေအားလုံး ပိတ်သွားတော့တဲ့အခါမှ ကျနော်တို့ဟာ လက်နက်ကိုင်တိုက်ပွဲဘက်လှည့်တာဖြစ်တယ်၊ ဘိုသာဟာ (ယခင်ဝန်ကြီးချုပ်တွေဖြစ်ခဲ့တဲ့) မာလန်၊ စထရီဒွမ်၊ ဗားဝုဒ်တို့နဲ့ မတူကြောင်းပြပါ၊ အကြမ်းဖက်မှု စွန့်လွှတ်ကြောင်း ကြေညာလိုက်စမ်းပါ၊ အသားအရောင်ခွဲခြားရေးဝါဒ ဖျက်သိမ်းမယ်လို့ ပြောလိုက်ပါ၊ ပြည်သူလူထုရဲ့အဖွဲ့အစည်းဖြစ်တဲ့ အာဖရိကအမျိုးသားကွန်ဂရက်ကိုမတရားသင်းကြေညာတာ ရုပ်သိမ်းပစ်ပါ၊ အသားအရောင်ခွဲခြားရေးဝါဒ ဆန့်ကျင်မှုကြောင့် ထောင်ကျခံနေရသူတွေ၊ နယ်နှင်ဒဏ်ခံနေရသူတွေ၊ ပြည်နှင်ဒဏ်ခံနေရသူတွေအားလုံးကို လွတ်လပ်ခွင့်ပေးလိုက်ပါ၊ ပြည်သူလူထုက ကိုယ့်အုပ်ချုပ်မယ့်သူကို ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လွတ်လပ်စွာနိုင်ငံရေးလှုပ်ရှားခွင့်ကို အာမခံလိုက်စမ်းပါ၊ ကျနော်ဟာ ကိုယ့်လွတ်လပ်မှုကို အင်မတန်တန်ဖိုးထားလိုလားပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့လွတ်လပ်မှုကို ပိုလို့တောင် တန်ဖိုးထားလိုလားတယ်၊ ကျနော် ထောင်ထဲရောက်တဲ့ အခါသမယနောက်ပိုင်း လူပေါင်းများစွာသေကြေခဲ့ကြရပြီးလွတ်လပ်မှု ကိုမြတ်နိုးလို့ လူပေါင်းများစွာ ဒုက္ခခံစားခဲ့ကြရပါပြီ၊ အဲဒီသေဆုံးဒုက္ခှရောက်သူတွေအတွက် ပူဆွေးငိုကြွေးခဲ့ကြတဲ့ ကျန်ရစ်သူ မုဆိုးမတွေ၊ကျန်ရစ်သူဖတဆိုး မိတဆိုးတွေ၊ ကျန်ရစ်သူမိခင်နဲ့ ဖခင်တွေအပေါ် ကျနော်အကြွေးတင်နေပါတယ်၊ဒီရှည်ကြာပြီး အထီးကျန်နိုင်တဲ့၊ အလဟဿဖြစ်သွားတဲ့ နှစ်ကာလများအတွင်း ကျနော်တယောက်ထဲသာ ဒုက္ခခံစားခဲ့ရတာမဟုတ်ပါဘူး၊ ကျနော်ဟာ ကိုယ့်ဘ၀ကိုယ်ခင်တွယ်ရာမှာ ခင်ဗျားတို့ထက်မလျော့ပါဘူး၊ ဒါပေမဲ့ ကျနော်ဟာ ကိုယ်လွတ်ဖို့အတွက် ကိုယ့်မွေးရာပါအခွင့်အရေးကို ရောင်းမစားပစ်နိုင်ပါဘူး၊ အလားတူပဲ ပြည်သူတွေရဲ့မွေးရာပါအခွင့်အရေးကိုလည်း ရောင်းစားဖို့ အတွေးအခေါ်မရှိပါဘူး၊
ပြည်သူလူထုရဲ့အဖွဲ့အစည်း ပိတ်ပင်ခံနေရတဲ့အချိန်မှာ ကျနော့်ကိုကမ်းလှမ်းလာတာဟာဘာလွတ်လပ်မှုလဲ၊ ကျနော့်ကို ခရီးသွားခွင့်လက်မှတ်ပြစ်မှုနဲ့ အဖမ်းခံရနိုင်စရာရှိတဲ့အခြေအနေမှာ ကျနော့်ကို ကမ်းလှမ်း လာတာ ဘာလွတ်လပ်မှုလဲ၊ ဘရင်းဖို့မြို့ ကို နယ်နှင်ဒဏ်ခံနေရတဲ့ ကျနော့်ရဲ့ချစ်လှစွာသောဇနီးသည်နဲ့အတူ မိသားစုဘ၀ ခံစားရဖို့ ကျနော့်ကို ကမ်းလှမ်း လာတာ ဘာလွတ်လပ်မှုလဲ၊ မြို့ထဲနေရဖို့ ခွင့်ပြုချက်လျှောက်ရတဲ့အခြေအနေမှာ ကျနော့် ကမ်းလှမ်းလာတာ ဘာလွတ်လပ်မှု လဲ၊ ကျနော့်ရဲ့ တောင်အာဖရိကနိုင်ငံသားဖြစ်မှုကိုယ့်က မလေးစားခံရတဲ့အခြေအနေမှာကျနော့်ကို ကမ်းလှမ်းလာတာ ဘာလွတ်လပ်မှုလဲ။လွတ်လပ်တဲ့လူတွေသာ စေ့စပ်ဆွေးနွေးနိုင်ပါတယ်၊ အကျဉ်းသားတွေဟာ ဆွေးနွေးသဘောတူချက်တွေ လုပ်လို့မရနိုင်ပါဘူး၊ ကျနော်နဲ့တကွ ခင်ဗျားတို့ပြည်သူတွေ လွတ်လပ်မှုမရှိချိန်မှာ ကျနော့်အနေနဲ့ ဘာကိုမှ ကတိပေးသဘော တူမှု မလုပ်နိုင်ပါဘူး၊ လုပ်လိမ့်မှာလည်း မဟုတ်ပါဘူး၊ခင်ဗျားတို့ရဲ့လွတ်လပ်မှုနဲ့ ကျနော့်လွတ်လပ်မှု ခွဲခြားမရနိုင်ပါဘူး၊ ကျနော် ပြန်ကိုလာမှာပါ၊ ”
Labels: အခြား စာမျက်နှာ |
posted by မြင့်ဇေ @ 12:21 AM |
|
|
|
ကျနော့်အကြောင်း |
Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
|
ယခုလ မာတိကာ |
|
ယခင်လ မာတိကာ အဟောင်းများ |
|
အလည်သွားဖြစ်တဲ့ ဘလော့များ |
|
Powered by |
|
|