Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ရန်သူနှင့်စကားပြောခြင်း- ၅ (ဂါမဏိ)
Thursday, August 2, 2007


၉၀
နေရာပြောင်းပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ကျနော်ဟာ ကိုဘီကိုအက်ဆီးထံ စကားပြောရေးကိစ္စနဲ့ပတ်သက်ပြီး စကားပြောဆိုဆွေးနွေးဖို့ အဆို ပြုကမ်းလှမ်းစာ ရေးလိုက်တယ်၊ ခါတိုင်းလိုပဲ ဘာပြန်ကြားချက်မှမရပါ၊ ကျနော် နောက်တခါ စာထပ်ရေးတယ်၊ ဒါလည်းဘာမှ တုံ့ ပြန်မှုမရှိပြန်ပါဘူး၊ ဒါဟာထူးဆန်းပြီး စိတ်ဓာတ်ကျစရာပါပဲ၊ ကျနော်ပြောတာကို ကြား အောင် တခြားအခွင့်အလမ်းရှာဖို့လိုတယ်ဆိုတာ ကျနော့်အနေနဲ့ သဘောပေါက်လာတယ်၊ အဲဒီ အခွင့်အလမ်းက ၁၉၈၆ ခု နှစ်ဦးပိုင်းမှာ ပေါ်လာတယ်၊၁၉၈၅ ခု၊ အောက်တိုဘာလက နာဆောမှာကျင်းပတဲ့ ဗြိတိသျှဓနသဟာယအဖွဲ့ အစည်းအဝေးတခုမှာ ဓနသဟာယခေါင်းဆောင်တွေဟာ တောင်အာဖရိကနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှုတွေ ထဲ ပါဝင်ရေး၊ မပါဝင်ရေး သဘောတူညီမှုမရနိုင်ဘဲ ဖြစ်ခဲ့တယ်၊

ဒါဟာ အဓိကအားဖြင့် ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက်ချာက ခေါင်းမာမာနဲ့ ဒဏ်ခတ်ရေးကို ဆန့်ကျင်နေလို့ ဖြစ်ပါတယ်၊ လိပ်ခဲတည်းလည်းအခြေအနေ ဖြေရှင်းဖို့အတွက်၊ စည်းဝေးနေကြတဲ့နိုင်ငံတွေက တောင်အာဖရိကနိုင်ငံကို ‘ထင်ရှားသောပုဂ္ဂိုလ်များ’ ပါဝင်တဲ့ ကိုယ်စားလှယ်တဖွဲ့လွှတ်ပြီး အသားအရောင်ခွဲခြားရေးဝါဒ အဆုံးသတ်စေဖို့ရာမှာ ဒဏ်ခတ်အရေးယူမှုတွေဟာ သင့်လျော်တဲ့အထောက်အကူလက်နက်ဖြစ်မဖြစ် ပြန်အစီရင်ခံစေဖို့ သဘောတူ လိုက်ကြတယ်၊ ၁၉၈၆ ခုနှစ်စမှာ နိုင်ဂျီးရီးယားနိုင်ငံ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးအိုလူစီဂန်အိုဘာစန်ဂျိုနဲ့ သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မယ်လ်ကွမ်ဖရေဇာတို့ ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၇) ဦးပါ ထင်ရှားသောပုဂ္ဂိုလ်များအဖွဲ့ဟာအချက်အလက် ရှာဖွေရေးခရီးစဉ်အဖြစ် တောင်အာဖရိကနိုင်ငံကို ရောက်လာတယ်၊


ဖေဖော်ဝါရီလမှာ ကျနော့်ကို ဗိုလ်ချုပ်ကြီး အိုဘာစန်ဂျိုလာတွေ့ပြီး ကိုယ်စားလှယ်အဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ တာဝန်ပိုင်း သဘောသဘာဝကို ဆွေးနွေးခဲ့တယ်၊ သူဟာ ကျနော်နဲ့ ကိုယ်စားလှယ်တဖွဲ့လုံး တွေ့ဆုံဆွေးနွေးပွဲ လုပ်ရေးဖြစ်နိုင်စေဖို့ စိတ်ထက်သန်နေတယ်၊ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မေလထဲမှာ အဲဒီတွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ စီစဉ်လိုက်တယ်၊ ကျနော်နဲ့တွေ့ပြီးရင် ဒီအဖွဲ့ဟာ အစိုးရအဖွဲ့နဲ့ ဆွေးနွေးဖို့ရှိတယ်၊ ဒီတော့ ကျနော်က ဒါကို စေ့စပ်ဆွေးနွေးပွဲကိစ္စအကောင် အထည်ဖော်ဖို့ အခွင့်အရေးတခုအဖြစ် သဘောထားခဲ့တယ်၊အစိုးရက ကျနော်နဲ့အဲဒီအဖွဲ့ တွေ့ဆုံစကားပြောကြမယ့်ကိစ္စကို ထူးခြားမှုကြီးတခု
အဖြစ် သဘောထားတယ်၊ တွေ့ဆုံပွဲမတိုင်ခင် နှစ်ရက်အလိုမှာ ကျနော့်ကို ဗိုလ်မှူးချုပ် မန်ရိုးလာတွေ့တယ်၊ သူနဲ့အတူ အ၀တ်ချုပ်သမားတယောက်ခေါ်လာတယ်၊ ထောင်ပိုင်က “မင်ဒဲလား၊ ကျနော်တို့က ခင်ဗျား ဒီလူတွေနဲ့တွေ့တဲ့အခါ အောက်ကျ နောက်ကျမဖြစ်စေချင်ဘူး၊ အဲဒီ ထောင်အ၀တ်အစားဟောင်းတွေ မ၀တ်စေချင်ဘူး၊ ဒါကြောင့် ဒီအ၀တ်ချုပ် ဆရာက ခင်ဗျားကိုယ်တိုင်းတွေယူပြီး သင့်တော်တဲ့ဝတ်စုံတထည်ချုပ်ပြီး ဆင်ပေးလိမ့်မယ်” လို့ ပြောတယ်၊ အ၀တ်ချုပ်သမားဟာအတော်ထူးချွန်တဲ့ ပညာရှင်ဖြစ်ပုံပါပဲ၊ ဘာ့ကြောင့်လဲဆိုတော့ နောက်တနေ့မှာ သူပို့လာတဲ့ ဒေါင်လိုက် အစင်းနဲ့ အနောက်တိုင်းဝတ်စုံကိုဝတ်ကြည့်တဲ့အခါ တကယ့်ကို အံကိုက်ဖြစ်နေလို့ပါ၊ကျနော့်ကို ရှပ်အင်္ကျီတထည်၊ လည်စီး၊ ရှူးဖိနပ်၊ ခြေစွပ်နဲ့ အတွင်းခံဘောင်းဘီတွေလည်းထုတ်ပေးတယ်၊ ထောင်ပိုင်က ကျနော့်ဝတ်စားဆင်ယင်မှုအသစ်ကို သဘောကျပြီး “မင်ဒဲလား၊ခင်ဗျားအခု အကျဉ်းသားနဲ့မတူတော့ဘူး၊ ၀န်ကြီးချုပ်နဲ့ တူနေပြီဗျ” လို့ ပြောပြီးပြုံးတယ်၊

ကျနော်နဲ့ ထင်ရှားသောပုဂ္ဂိုလ်များအဖွဲ့တွေ့ဆုံပွဲမှာ ထူးခြားထင်ရှားတဲ့ လေ့လာသူနှစ် ယောက်လည်း လာတက်တယ်၊ သူတို့ကတော့ ကိုဘီကိုအက်ဆီးနဲ့ အကျဉ်းထောင်မင်းကြီး ဒု ဗိုလ်ချုပ်ကြီးဝီလမ်စီတို့ ဖြစ်တယ်၊ ဒီနှစ်ယောက်ကလည်း အ၀တ်ချုပ်ဆရာလို ကျနော့်ကိုယ်တိုင်းလာယူတာ လာအကဲခတ်တာ ဖြစ်ပေမဲ့ ထူးထူးဆန်းဆန်းပဲ သူတို့ဟာ အစည်းအဝေး စပြီး သိပ်မကြာခင်ပြန်ထွက်သွားကြတယ်၊ ကျနော်က သူတို့ကို ကျနော့်မှာ ဘာမှဖုံးကွယ်စရာ မရှိဘူးလို့ပြောပြီး အတင်း ဆက်နေခိုင်းပေမဲ့လည်း သူတို့က ထွက်သွားကြတယ်၊ သူတို့ထွက်မသွားခင် ကျနော်ကသူတို့ကို အခုအချိန်ဟာ စစ်တိုက်ဖို့အချိန်မဟုတ်တော့ဘဲ စေ့စပ်ဆွေးနွေးဖို့ အချိန်ရောက်လာပြီဖြစ်တဲ့အကြောင်းနဲ့၊ အစိုးရနဲ့အေအင်စီတို့ဟာ ထိုင်ပြီးစကားပြောသင့်ပြီလို့ ပြောလိုက်တယ်၊

ထင်ရှားသောပုဂ္ဂိုလ်များအဖွဲ့ဟာ အကြမ်းဖက်မှု (Violence) ကိစ္စ၊ စေ့စပ်ဆွေးနွေးရေးကိစ္စ၊ နိုင်ငံတကာဒဏ်ခတ် အရေးယူမှု ကိစ္စတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေ အများကြီးမေးကြတယ်၊ စစချင်းမှာပဲ ကျနော်က ကျနော်တို့ဆွေးနွေးမှုတွေအတွက် အခြေခံဘောင်ကိုချထားလိုက်တယ်၊ ကျနော်က သူတို့ကို “ကျနော်ဟာ လှုပ်ရှားမှုရဲ့ခေါင်းဆောင်မဟုတ်ပါဘူး၊ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဟာ လူဆာကာòမိ့မှာရှိတဲ့ အော်လီဗာတမ်ဗို ဖြစ်တယ်၊ ခင်ဗျားတို့ သူ့ကိုသွားတွေ့သင့်တယ်၊ ခင်ဗျားတို့ သူ့ကို ကျနော့်အမြင်တွေ ပြောပြနိုင်ပါတယ်၊ ဒါပေမဲ့ ဒီအမြင်တွေဟာ ကျနော့်တယောက်တည်းရဲ့ တဦးချင်းအမြင်တွေဖြစ်ပါတယ်၊ ဒီအမြင်တွေဟာ ဒီထောင်ထဲမှာရှိတဲ့ ကျနော့်အဖော်တွေရဲ့ အမြင်တွေကိုတောင် ကိုယ်စားမပြုပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်ကျနော့် အနေနဲ့ အေအင်စီနဲ့အစိုးရ ဆွေးနွေးပွဲတွေစတင်ရေးကို လိုလားပါတယ်” လို့ ပြောလိုက်တယ်၊

အဖွဲ့ဝင်အများအပြားက ကျနော့်ရဲ့ နိုင်ငံရေးအယူအဆနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိကြတယ်၊ အေအင်စီခေါင်းဆောင်မှု အောက်မှာ တောင်အာဖရိကနိုင်ငံ ဘယ်လိုပုံထွက်မလဲဆိုတာကိုလည်း စိုးရိမ်ကြတယ်၊ ကျနော်ကသူတို့ကို ကျနော်ဟာ တောင်အာဖရိက အမျိုးသားရေးဝါဒီတယောက်ဖြစ်ကြောင်း၊ ကွန်မြူနစ်တယောက်မဟုတ်ကြောင်း၊ အမျိုးသားရေးဝါဒီတွေဟာ အရောင်အသွေးမျိုးစုံရှိကြောင်းနဲ့ ကျနော်ဟာ လူမျိုးမခွဲခြားတဲ့ လူ့ဘောင်တရပ်ထူထောင်ရေးကိုခိုင်ခိုင်မာမာခံယူထားကြောင်း ပြောလိုက်တယ်၊ ကျနော်ဟာ လွတ်လပ်ရေးကြေညာစာတမ်း (၁၉၅၅ ခု အေအင်စီ ပြည်သူ့ညီလာခံက ချမှတ်ခဲ့တဲ့စာတမ်း) (Freedom Charter) ကို ယုံကြည်ကြောင်း၊ ကြေညာစာတမ်းဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအခြေခံမူတွေကို ဖော်ပြညွှန်းဆိုထားပြီး ဆိုရှယ်လစ်စနစ် ပုံစံကြမ်း ဆွဲထားတားမဟုတ်ကြောင်း သူတို့ကို ကျနော်ပြောပြတယ်၊ လူဖြူ လူနည်းစုဟာ တောင်အာဖရိကနိုင်ငံသစ်မှာမလွဲမသွေ လုံခြုံမှုခံစားရစေဖို့ ကျနော်အလေးထားကြောင်းပြောပြတယ်၊ ကျနော် တို့ ပြဿနာ အတော်များများဟာ အစိုးရနဲ့အေအင်စီကြား ဆက်သွယ်မှုမရှိလို့ ပေါ်လာတာဖြစ်တယ်လို့ ကျနော်ယူဆ ကြောင်းနဲ့ ဒီပြဿနာတချို့ဟာ လက်တွေ့ဆွေးနွေးပြောဆိုရင်းနဲ့ ဖြေရှင်းနိုင်ကြောင်း သူတို့ကို ကျနော်ပြောလိုက်တယ်၊

သူတို့က ကျနော့်ကို အကြမ်းဖက်မှု (Violence) ကိစ္စနဲ့ပတ်သက်ပြီး စေ့စေ့စုံစုံမေးကြတယ်၊ ကျနော်က အကြမ်းဖက်မှု ကိုစွန့်လွှတ်ဖို့ ဆန္ဒမရှိသေးပေမဲ့ အကြမ်းဖက်မှုဟာ တောင်အာဖရိကနိုင်ငံရဲ့အခြေအနေကို အဆုံးစွန်ဖြေရှင်းချက်တော့ ဘယ်တော့မှ မဖြစ်နိုင်တဲ့အကြောင်းနဲ့လူသားတွေဟာ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ပင်ကိုယ်သဘာဝအရ စေ့စပ် ဆွေးနွေးပြီးနားလည်မှုတစုံတရာရယူဖို့လိုအပ်တယ်လို့ ခိုင်ခိုင်မာမာပြောလိုက်တယ်၊ အခုပြောနေတာတွေဟာ ကျနော့်အမြင် တွေပဲ ဖြစ်ပြီး အေအင်စီအဖွဲ့အစည်းရဲ့အမြင်တွေ မဟုတ်ဘူးဆိုတာကိုနောက်ထပ်တကြိမ် အသေအချာပြောရင်းနဲ့ ကျနော်က အကယ်၍ အစိုးရက မြို့သစ်တွေမှာချထားတဲ့ စစ်တပ်နဲ့ပုလိပ်ကိုရုပ်သိမ်းပေးရင် အေအင်စီကလည်း ဆွေးနွေးပွဲရှေ့ပြေးအဖြစ် လက်နက်ကိုင်တိုက်ပွဲရပ်ဆိုင်းထားဖို့ သဘောတူနိုင်စရာရှိတယ်လို့ အကြံပြုလိုက်တယ်၊ ကျနော့်ကို လွှတ်ရုံသက်သက်နဲ့ တိုင်းပြည်ထဲကအကြမ်းဖက်မှုတွေ ရပ်တန့်စေမှာမဟုတ်သလို စေ့စပ်ဆွေးနွေးပွဲတွေကို အစပျိုးပေါ်ပေါက်စေမှာလည်း မဟုတ်ဘူးလို့ သူတို့ကို ကျနော်ပြောလိုက်တယ်၊ ကျနော်နဲ့ကိစ္စပြီးသွားတဲ့အခါ အဖွဲ့က လူဆာကာမှာရှိတဲ့ အော်လီဗာကိုရော၊ ပရီတိုးရီးယားက အစိုးရအရာရှိတွေကိုရော တွေ့ဆုံဖို့အစီအစဉ်ရှိတယ်၊ ကျနော်တို့ဟာ သင့်တော်တဲ့ အခြေအနေတွေ အောက်မှာ အစိုးရနဲ့စကားပြောမယ်ဆိုတာကို အစိုးရဘက်က သိစေချင်တယ်၊ ကျနော့်ရပ်တည်ချက်နဲ့ အော်လီဗာ့ ရပ်တည်ချက် အတူတူပဲဆိုတာကိုလည်း အော်လီဗာကိုသိစေချင်တယ်၊

မေလမှာ ထင်ရှားသောပုဂ္ဂိုလ်များအဖွဲ့က ကျနော့်ကို နောက်ဆုံးတကြိမ်တွေ့ဆုံဖို့ စီစဉ်ထားတယ်၊ ကျနော်ကတော့ အကောင်း မြင်စိတ်ရှိနေတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ လူဆာကာလည်းရောက်၊ ပရီတိုးရီးယားလည်းရောက်ခဲ့တဲ့အတွက် စေ့စပ်ဆွေးနွေးရေးမျိုးစေ့ကိုချခဲ့ပြီလို့ ကျနော်မျှော်လင့်မိတာကြောင့်ဖြစ်တယ်၊ ဒါပေမဲ့ ကျနော်နဲ့ အဖွဲ့တွေ့မယ့်နေ့မတိုင်မီရက် မှာ ဓနသဟာယအဖွဲ့ကဧည့်သည်တော်တွေ ဖန်တီးဖော်ထုတ်ထားသမျှ ခံစားချက်ကောင်းအားလုံးကို ဖျက်ဆီးပစ်တဲ့ ခြေလှမ်းတလှမ်း တောင်အာဖရိကအစိုးရက လှမ်းလိုက်တယ်၊ ထင်ရှားသောပုဂ္ဂိုလ်များအဖွဲ့က အစိုးရအဖွဲ့ဝန်ကြီး တွေ နဲ့တွေ့ဆုံဖို့ စီစဉ်ထားတဲ့နေ့မှာ တောင်အာဖရိကကာကွယ်ရေးတပ်ဖွဲ့ဟာ သမတဘိုသာရဲ့အမိန့်အရ ဘော့စ၀ါနာ၊ ဇမ်ဘီယာနဲ့ ဇင်ဘာဘွေတို့မှာရှိတဲ့ အေအင်စီစခန်းတွေကို လေကြောင်းကတိုက်ခိုက်မှုတွေနဲ့ ကွန်မန်ဒိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်၊ ဒါဟာ ဆွေးနွေးပွဲတွေကို လုံးဝထိခိုက်အောင်ထိုးနှက်ပစ်လိုက်ပြီး ထင်ရှားသောပုဂ္ဂိုလ်များအဖွဲ့ဟာ တောင်အာဖရိကနိုင်ငံ ကနေ ချက်ခြင်းပဲထွက်ခွာသွားတော့တယ်၊ စေ့စပ်ဆွေးနွေးရေး ရှေ့တဆင့်တက်စေဖို့ ကျနော့်ကြိုးပမ်းချက်တွေ ဟန့်တားခံ လိုက်ရပြန်ပြီလို့ ကျနော်ခံစားမိတယ်၊အော်လီဗာတမ်ဗိုနဲ့အေအင်စီက တောင်အာဖရိကနိုင်ငံမှာ အစိုးရအုပ်ချုပ်လို့ မရနိုင် အောင်လုပ်ဖို့ ပြည်သူလူထုကိုလှုံ့ဆော်ထားပြီး ပြည်သူတွေကလည်း လှုံ့ဆော်မှုအတိုင်း လိုက်နာလုပ်ဆောင်နေကြတယ်၊ မငြိမ်သက်မှုအခြေအနေနဲ့ နိုင်ငံရေးအကြမ်းဖက်မှုဟာ မြင့်မားတဲ့အဆင့်သစ်တခုရောက်လာတယ်၊ လူထုတွေရဲ့ဒေါသဟာ မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေတယ်၊မြို့သစ်တွေဟာ အုံကြွနေကြတယ်၊ နိုင်ငံတကာ့ဖိအားဟာ တနေ့တခြား ပိုအားကောင်းလာ
တယ်၊

၁၉၈၆ ခု၊ ဇွန်လ (၁၂) ရက်မှာ အစိုးရဟာ ကန့်ကွက်ဆန္ဒပြမှုကို ချုပ်ထိန်းဖို့ ကြိုးပမ်းချက် အဖြစ် အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်၊ အပြင်ပန်းကနေ ဘယ်လိုပဲကြည့်ကြည့် ဒီအချိန်ဟာ စေ့စပ်ဆွေးနွေးပွဲလုပ်ဖို့ မသင့်တဲ့အချိန်လို့ထင်ရတယ်၊ ဒါပေမဲ့ စိတ်ပျက်စရာအကောင်းဆုံးအချိန်အခါတွေဟာ ရှေ့ဆောင်ရှေ့ရွက်ထိုးထွင်းမှုတရပ်စလုပ်ဖို့ အချိန်အတိအကျလည်း
မကြာခဏ ဖြစ်တတ်တယ်၊ အဲဒီလိုအချိန်မျိုးမှာ လူတွေဟာဝေခွဲရခက်တဲ့ အကျဉ်းအကြပ်ထဲကထွက်ပေါက်ကိုရှာဖွေကြတယ်၊ အဲဒီလမှာပဲ ကျနော်က ထောင်မင်းကြီး ဗိုလ်ချုပ်ဝီလမ်စီထံကိုရိုးရိုးလေးပဲ စာတစောင်ရေးလိုက်တယ်၊ “ကျနော် ခင်ဗျားကို တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးကြီးကိစ္စတခုအတွက် တွေ့ချင်တယ်” လို့ပဲ ရေးလိုက်တယ်၊ ဗုဒ္ဓဟူးနေ့တနေ့မှာ စာကို ဗိုလ်မှူးချုပ်
မန်ရိုးလက်ထဲ ထည့်လိုက်တယ်၊

အဲဒီအပတ်စနေနေ့မှာတော့ ကျနော့်ကို ပရီတိုးရီးယားကဆင်းလာနေပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဝီလမ်စီနဲ့ တွေ့ရအောင်ပြင်ထားဖို့ ထောင်ပိုင်ကပြောလာတယ်၊ ဒီတွေ့ဆုံမှုကို ထုံးတမ်းစဉ်လာပုံစံနဲ့မဆောင်ရွက်ပါ၊ ထောင်ဝင်စာတွေ့ရာနေရာမှာ ဗိုလ်ချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးတာလုပ်မယ့်အစား ကျနော့်ကို ပိုးလ်စမိုးထောင်ဝင်းထဲမှာရှိတဲ့ သူတည်းခိုနေထိုင်ရာဆီခေါ်သွားတယ်၊ ၀ီလမ်စီ ဟာ ပွင့်လင်းတဲ့လူတယောက်ဖြစ်ပြီး ကျနော်တို့ဟာ ချက်ခြင်းပဲ လိုရင်းကိစ္စဆွေးနွေးကြတယ်၊ ကျနော် တရားရေး ၀န်ကြီး ကိုဘီကိုအက်ဆီးနဲ့ တွေ့ချင်တယ်လို့ သူ့ကိုပြော လိုက်တယ်၊ သူက ဘာကိစ္စတွေ့ချင်တာလဲလို့မေးတယ်၊ ကျနော်က နိုင်ငံရေးကိစ္စတွေကိုထောင်ဝန်ထမ်းတယောက်နဲ့ မဆွေးနွေးချင်လို့အဖြေပေးရမှာ တွန့်ဆုတ်နေမိတယ်၊ ဒါပေမဲ့ ကျနော် နောက်တော့ ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ်၊ “ကျနော် ၀န်ကြီးကိုတွေ့ချင်တဲ့အကြောင်းကတော့ အစိုးရနဲ့ အေအင်စီကြား ဆွေးနွေးပွဲပြ၏နာကို တင်ချင်လို့ပါ၊” သူတခဏစဉ်းစားပြီးနောက် “မင်ဒဲလား၊ ခင်ဗျားသိတဲ့အတိုင်းပဲ ကျနော်က နိုင်ငံရေးသမားမဟုတ်ဘူးဗျ၊ အဲဒီလိုကိစ္စမျိုးတွေ ကျနော်မဆွေးနွေးနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ကျနော့် လုပ်ပိုင်ခွင့် အပြင်မှာ ဖြစ်နေတယ်ခင်ဗျ” လို့ ပြောတယ်၊ သူက ခဏစကားပြောရပ်ပြီး အခုမှတစုံတရာကိုသွားစဉ်းစားမိပုံမျိုးနဲ့ “ကြုံကြိုက်ချင်တော့ တရားရေးဝန်ကြီးက ကိပ်တောင်းမြို့မှာရောက်နေတယ်ဗျ၊ ခင်ဗျားသူနဲ့ တွေ့ချင်တွေ့ရနိုင်တယ်၊ ကျနော် မေးကြည့်ဦးမယ်လေ” လို့ ပြောတယ်၊

ဗိုလ်ချုပ်က ၀န်ကြီးဆီဖုန်းဆက်ပြီး သူတို့နှစ်ယောက် ခဏစကားပြောကြတယ်၊ ဖုန်းချပြီးတဲ့အခါ ဗိုလ်ချုပ်ကြီးက ကျနော့်ဘက် လှည့်ပြီး “၀န်ကြီးက ‘ခေါ်လာခဲ့’ လို့ ပြောတယ်ဗျ” လို့ပြောတယ်၊ မိနစ်တချို့ကြာပြီးနောက် ကျနော်တို့ဟာ ဗိုလ်ချုပ်ရဲ့ကားနဲ့ သူတည်းခိုရာကထွက်လာပြီး ကိပ်တောင်းမြို့က ၀န်ကြီးအိမ်ကို ဦးတည်ခဲ့တယ်၊ လုံခြုံရေးက မတင်းကြပ်လှပါ၊ ဗိုလ်ချုပ်ရဲ့ ကားကို တခြားကားတစီးတည်းပဲ အစောင့်လိုက်ပါလာတယ်၊ အခုတွေ့ဆုံပွဲပေါ်ပေါက်လာတဲ့ လွယ်ကူမှုနဲ့မြန်ဆန်မှုတို့ကြောင့် အစိုးရဟာ ဒီတွေ့ဆုံမှုကို ကြိုတင်စီစဉ်ထားတာများလားလို့တောင် ကျနော်သံသယဖြစ်မိတယ်၊ သူတို့ကြိုတင်စီစဉ်တာ ဟုတ်မဟုတ်အရေးမကြီးပါ၊ အရေးကြီးတာက စေ့စပ်ဆွေးနွေးပွဲများဆီ ပထမဆုံးခြေလှမ်းစလှမ်းဖို့ အခွင့်အရေးပဲဖြစ်ပါတယ်၊
မြို့ထဲက ကိုအက်ဆီးနေတဲ့ အစိုးရဂေဟာရောက်တော့ ကိုအက်ဆီးက ကျနော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး သူ့နားနေခန်းထဲက သက်တောင့်သက်သာရှိတဲ့ ကုလားထိုင်တွေပေါ်ထိုင်ကြ တယ်၊ ကျနော် ထောင်အ၀တ်အစားတွေ လဲလာဖို့ အခွင့်အရေးမရလိုက်တဲ့အတွက် သူကတောင်းပန်စကားပြောတယ်၊ ကျနော်ဟာ သူနဲ့သုံးနာရီကြာစကားပြောဆိုခဲ့ပြီး သူ့ရဲ့ကျွမ်းကျင်နှံ့စပ်မှု၊ တဖက်သားစကားနားထောင်ဖို့ စိတ်ပါလက်ပါရှိမှုတို့ကို အသိအမှတ်ပြုမိတယ်၊သူက အသိအမြင် ကြွယ်ကြွယ်၀၀နဲ့ လိုအပ်သလိုဆက်စပ်ပတ်သက်တဲ့ မေးခွန်းတွေမေးတယ်၊ဒီမေးခွန်းတွေဟာ အစိုးရနဲ့အေအင်စီတို့ကို ပိုင်းခြားထားတဲ့ကိစ္စရပ်တွေနဲ့ သူအကျွမ်းတ၀င်ဖြစ်မှုကို ထင်ဟပ်ပြနေတယ်၊ သူက ကျနော့်ကို ဘယ်အခြေအနေတွေ အောက်မှာ ကျနော်တို့ဟာ လက်နက်ကိုင်တိုက်ပွဲရပ်စဲမလဲလို့ မေးတယ်၊ ကျနော်ဟာ အေအင်စီတဖွဲ့လုံးကို ကိုယ်စားပြု ပြောတာဟုတ်မဟုတ်မေးတယ်၊ တောင်အာဖရိကနိုင်ငံသစ်မှာ လူနည်းစုတွေအတွက် အခြေခံဥပဒေအရ အာမခံချက်တွေ တမျိုးမျိုးပေးဖို့ မျှော်မှန်းစိတ်ကူးထားတာရှိသလားမေးတယ်၊ သူ့မေးခွန်းတွေဟာ အစိုးရနဲ့အေအင်စီကွဲလွဲစေတဲ့ ကိစ္စရပ်တွေရဲ့ အနှစ်ကို ဆုပ်မိတယ်၊

ထင်ရှားသောပုဂ္ဂိုလ်များအဖွဲ့နဲ့တုန်းကပုံစံအတိုင်း ကျနော်ပြန်ရှင်းပြီးနောက်မှာ ကိုအက်ဆီးဟာ တစုံတရာ ဆုပ်ဆုပ်ကိုင်ကိုင် အချက်အလက် ရချင်ပုံရတယ်လို့ ကျနော်ထင်မိတယ်၊သူက “နောက်ခြေလှမ်းကဘာလဲ” လို့ မေးတယ်၊ ကျနော်က နိုင်ငံတော်သမတနဲ့ နိုင်ငံခြားရေးဝန်ကြီးပစ်ဘိုသာတို့နဲ့တွေ့ချင်တယ်လို့ ဖြေလိုက်တယ်၊ ကိုအက်ဆီးက သူ့ဘေးမှာရှိတဲ့ စာရွက်ပိုင်းအုပ်ကလေးပေါ်မှာ အဲဒါကိုရေးမှတ်လိုက်ပြီး ကျနော့်ပန်ကြားချက်ကို လမ်းကြောင်းအတိုင်းပို့ပေးမယ်လို့ ပြောတယ်၊ ဒီနောက်မှာ ကျနော်တို့ လက်ဆွဲနှုတ်ဆက်ကြပြီး ကျနော့်ကို ပိုးလ်စမိုးထောင်မြေညီထပ်က တယောက်တည်း သီးသန့်ထားရာတိုက်ခန်းဆီ ကားမောင်းပြန်ပို့ပေးတယ်၊

ကျနော်ဟာ အင်မတန့်ကို စိတ်အားတက်မိတယ်၊ အစိုးရဟာ တိုင်းပြည်ထဲက သောင်မတင် ရေမကျအနေအထားကို ကျော်လွှားဖို့ စိတ်အားထက်သန်နေပြီး၊ ရပ်တည်ချက်ဟောင်းတွေကို စွန့်ခွာလိုတယ်ဆိုတာ အခုအခါ သိမြင်ခံယူလာပြီလို့ ကျနော်ထင်မိတယ်၊ အပေးအယူအလျော့အတင်းလုပ်စေ့စပ်မှုရဲ့ နိဒါန်းအစကို ကျနော် ခပ်ရေးရေးမြင်နေမိတယ်၊ ကျနော့် တွေ့ဆုံမှုကို ဘယ်သူ့မှမပြောပြခဲ့ပါ၊ ကျနော် တယောက်ယောက်ကို အသိမပေးသေးခင် ဆွေးနွေးပွဲဖြစ်စဉ် ကောင်းကောင်း လည်ပတ်သွားစေချင်တယ်၊ တခါတလေကျ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ခူးပြီးခပ်ပြီးအသင့်ဖြစ်တဲ့ ပေါ်လစီ ပေးဖို့ လိုတာရှိတယ်၊ ပိုးလ်စမိုးနဲ့လူဆာကာမှာရှိတဲ့ ကျနော့်ရောင်းရင်းတွေဟာ အခြေအနေကို သေသေချာချာ စူးစမ်းလေ့လာပြီးရင် ကျနော့်ကို ထောက်ခံကြမယ်ဆိုတာ ကျနော်သိတယ်၊ ဒါပေမဲ့ ဒီအလားအလာကောင်းပုံရတဲ့ အစချီမှုအပြီးမှာ ဘာမှထပ်မဖြစ် တော့ပဲနေပြန်တယ်၊ ရက်သတ္တပတ်ပေါင်းများစွာ၊ ဒီနောက် လပေါင်းများစွာကြာတဲ့အထိ ကိုအက်ဆီးထံက ဘာစကားတခွန်းမှ မကြားရပါ၊ကျနော်ဟာ နေမထိထိုင်မသာဖြစ်ပြီး သူ့ထံ နောက်ထပ်စာတစောင်ရေးလိုက်တယ်၊

Labels:

posted by မြင့်ဇေ @ 10:26 PM  
0 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com