Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ရန်သူနှင့်စကားပြောခြင်း (၄) (ဂါမဏိ)
Thursday, August 2, 2007


၈၉
၁၉၈၅ ခုမှာ ထောင်ဆရာဝန်က ပုံမှန်ဆေးစစ်မှုလုပ်ပြီးတော့ ကျနော့်ကို ဆီးရောဂါပါရဂူထံ ညွှန်လိုက်တယ်၊ ဆီးရောဂါပါရဂူက ကျနော့်မှာ ပရောစတိတ်ဂလင်း (ဆီးအကြိတ်)ကြီးနေတယ်လို့ ရောဂါစစ်ချက်ပေးပြီး ခွဲစိတ်ကုသဖို့ ထောက်ခံတိုက်တွန်း တယ်၊ သူက ဒါဟာသာမန်လုပ်ရိုးလုပ်စဉ်ပါပဲလို့ ပြောတယ်၊ ကျနော်ဟာ မိသားစုနဲ့တိုင်ပင်ပြီး ခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်လိုက် တယ်၊ကျနော့်ကို ကိပ်တောင်းမြို့မှာရှိတဲ့ ဗေါ့လ်က်ဆေးရုံကို လုံခြုံရေးထူထပ်စွာနဲ့ ခေါ်သွားတယ်၊ ခွဲစိတ်မှုမလုပ်ခင် ၀င်နီက လေယာဉ်နဲ့လာပြီး ကျနော့်ကိုတွေ့ခွင့်ရခဲ့တယ်၊ ဒါပေမဲ့ ကျနော့်ကိုလာတွေ့သူ တခြားတယောက်ရှိသေးတယ်၊ မျှော်လင့်မထား သူ။ အံအားသင့်စရာကောင်းသူဖြစ်ပါတယ်၊ သူကတော့ တရားရေးဝန်ကြီးကိုဘီကိုအက်ဆီးပါပဲ၊ သိပ်မကြာခင်တုန်းက ကျနော် သူ့ဆီစာရေးပြီး အေအင်စီနဲ့အစိုးရ ဆွေးနွေးပွဲလုပ်ရေးကိစ္စပြောဖို့ သူနဲ့တွေ့ ခွင့်တောင်းခဲ့တယ်၊ သူက ဘာမှ မပြန်ကြား ခဲ့ပါ၊ ဒါပေမဲ့ ဒီမနက်မှာတော့ သူဟာ ဆိုင်းမဆင့်ဗုံမဆင့် ဆေးရုံကိုရောက်ချလာတယ်၊ မမာမကျန်းဖြစ်လို့ ရက်တချို့အိပ်ယာထဲလဲနေတဲ့မိတ်ဆွေဟောင်းတယောက်ဆီ လူနာလာမေးတဲ့ ပုံစံမျိုးပါပဲ၊ သူဟာလုံးလုံးကြီးကို ယဉ်ကျေး
ပျူငှာနေ ရင်းနှီးဖော်ရွေနေတယ်၊ ကျနော်တို့ဟာ အဓိကအားဖြင့် အာလာပသလ္လာပတွေပဲပြောကြတယ်၊ ကျနော်က အခုအဖြစ်ကို အင်မတန့်ဖြစ်ရိုးဖြစ်စဉ်လို။ မထူးဆန်းသလိုပုံစံမျိုးသရုပ်ဆောင်နေပေမဲ့ စိတ်ထဲမှာတော့ အံ့သြနေမိတယ်၊ အစိုးရဟာ အေအင်စီနဲ့ တစုံတရာသဘောတူညီချက်ရဖို့လိုတယ်ဆိုတာကို ၄င်းတို့ပုံစံအတိုင်း ဖြေးဖြေးလေးလေး။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ စဉ်းစားတွက်ချက်မိနေပြီဖြစ်တယ်၊ ကိုအက်ဆီးရဲ့ လာရောက်လည်ပတ်မှုဟာ သံလွင်ခက်တခက်ပါပဲ၊


ကျနော်တို့ဟာ နိုင်ငံရေးမဆွေးနွေးခဲ့ပေမဲ့ အကဲဆတ်တဲ့ပြဿနာတခုတော့ ကျနော် တင်လိုက်သေးတယ်၊ အဲဒါကတော့ ကျနော့်ဇနီးရဲ့အနေအထားဖြစ်တယ်၊ သြဂုတ်လထဲကျနော် ဆေးရုံမတက်ခင်လေးမှာ ၀င်နီဟာ ဂျိုဟန်နစ္စဘာဂ်မြိုံ့ကို ဆေးကုခံဖို့ သွားခဲ့တယ်၊ ဘရင်းဖို့မြို့ ကနေ တခြားကိုခရီးသွားခွင့်ဆိုတာ ကျနော့်ဆီလာတွေ့တာ။ ဒါမှမဟုတ် ဆရာဝန်ဆီသွားတာပဲ အခွင့်ရတယ်၊ သူမ ဂျိုဟန်နစ္စဘာဂ်မြိုံ့ရောက်နေစဉ် ဘရင်းဖို့(နယ်နှင်ဒဏ်ခံနေရသောနေရာ)မှာရှိတဲ့ သူမအိမ်နဲ့အိမ်အနောက်ဖက်က ဆေးခန်းဟာ မီးလောင်ဗုံးခွဲဖျက်ဆီးခံရတယ်၊ ၀င်နီမှာ တခြားနေစရာအိမ်လည်းမရှိတော့ ဂျိုဟန်နစ္စဘဂ်မှာပဲ ဆက်နေဖို့ဆုံးဖြတ်လိုက်တယ်၊ ဒါပေမဲ့ တကယ်ကတော့ ဂျိုဟန်နစ္စဘဂ်မြိုံ့ဟာ သူမကိုကန့်သတ်ခွင့်ပြုထားတဲ့ နယ်မြေအပြင်ဘက်မှာဖြစ်တယ်၊ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ ဘာမှမဖြစ်ခဲ့ဘူး၊ ဒီနောက်မှာတော့ လုံခြုံရေးပုလိပ်က သူမကို ဘရင်းဖို့ကအိမ်ကို ပြင်ပြီးပြီ ဖြစ်တဲ့အကြောင်းနဲ့ သူမပြန်ရမယ့်အကြောင်း စာရေးအကြောင်းကြားလာတယ်၊ ဒါပေမဲ့ သူမက ပြန်ဖို့ငြင်းခဲ့တယ်၊ ၀င်နီကို ဂျိုဟန်နစ္စဘာဂ်မှာပဲ ဆက်နေခွင့်ပေးဖို့နဲ့ ဘရင်းဖို့ကို အတင်းအကြပ်မပြန်ခိုင်းဖို့ ကိုအက်ဆီးကို ကျနော် ပန်ကြားခဲ့တယ်၊ ကိုအက်ဆီးက သူ့အနေနဲ့ဘာကိုမှ ကတိမပေးနိုင်ကြောင်း။ ဒါပေမဲ့ စုံစမ်းလေ့လာကြည့်ပေးမယ့်အကြောင်း ပြောတယ်၊ ကျနော် သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်၊

ကျနော်ဟာ ခွဲစိတ်ကုသပြီးနောက် ဆေးရုံမှာပဲ နာလန်ထရင်း ရက်တချို့ကြာခဲ့တယ်၊ ဆေးရုံကဆင်းတဲ့အခါ ကျနော့်ကို ဗိုလ်မှူးချုပ်မန်ရိုးကလာခေါ်တယ်၊ ထောင်မှူး။ ထောင်ပိုင်တွေဟာ ဆေးရုံဆင်းအကျဉ်းသားတွေကို လာကြိုရိုးထုံးစံမရှိပါဘူး၊ ဒါကြောင့် ကျနော်ချက်ခြင်းပဲ မသင်္ကာဖြစ်မိတယ်၊အပြန်ကားစီးလာရင်း ဗိုလ်မှူးချုပ်မန်ရိုးက သာမန်စကားစမြည် ပြောနေသ လိုမျိုး အမှုမဲ့အမှတ်မဲ့ပုံစံနဲ့ “မင်ဒဲလား။ အခု ခင်ဗျားကို ခင်ဗျားမိတ်ဆွေတွေဆီ ပြန်ခေါ်မသွားတော့ဘူး” လို့ ပြောလိုက်တယ်၊ သူဘာဆိုလိုသလဲလို့ ကျနော်မေးလိုက်တယ်၊ “အခုကစပြီး ခင်ဗျား တယောက်ထဲပဲ နေရတော့မယ်၊” ဘာကြောင့်လဲလို့ ကျနော်ကမေးတယ်၊ သူခေါင်းခါပြတယ်၊ “ကျနော်လည်း မသိဘူးဗျ၊ ခုနလေးတင်ပဲ ရုံးချုပ်က ဒီညွှန်ကြားချက်ကိုပေးလာတာ” လို့ ပြန်ပြောတယ်၊ခါတိုင်းလိုပဲ အခုတခါလည်း ကြိုတင်သတိပေးမှုမရှိ။ အကြောင်းပြချက်မရှိပါ၊ ပိုးလ်စမိုး ပြန်ရောက်တော့ ကျနော့်ကို ထောင်ရဲ့မြေညီထပ်က အခန်းတခန်းကိုခေါ်သွားတယ်၊ အရင်နေခဲ့တဲ့အခန်းရဲ့အောက် သုံးထပ်နိမ့်ပြီး အဆောင် ချင်းလည်း လုံးဝမတူတော့ပါ၊ကျနော့်နေရာက အခန်းသုံးခန်းနဲ့ သီးသန့်အိမ်သာ။ ရေချိုးခန်းပါတယ်၊ တခန်းကိုအိပ်ခန်း။ တခန်းကို စာကြည့်ခန်းနဲ့ နောက်တခန်းကို ကျန်းမာရေးလေ့ကျင့်ရာအဖြစ်သုံးလိုက်တယ်၊အကျဉ်းထောင်စံနှုန်းတွေအရဆိုရင် ဒီနေရာဟာ နန်းတော်တမျှပါပဲ၊ ဒါပေမဲ့ အခန်းတွေကစိုထိုင်းပြီး မှိုစော်နံတယ်၊ သဘာဝအလင်းရောင်လည်း နည်းနည်းလေးပဲရတယ်၊ ကျနော်က ဗိုလ်မှူးချုပ်ကို ဘာမှမပြောတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီလိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ချက်ကို
သူပေးတာမဟုတ်မှန်း ကျနော်သိလို့ဖြစ်ပါတယ်၊ ဒီပြောင်းရွှေ့မှုရဲ့ အလားအလာတွေ။ အကျိုးဆက်တွေကို ကျနော် အချိန်ယူပြီး စဉ်းစားချင်သေးတယ်၊ ဘာကြောင့် အစိုးရဟာ ဒီခြေလှမ်းကိုလှမ်းလိုက်သလဲ၊


ဒါကို လမ်းပေါက်ဖွင့်ပြမှုတခုအဖြစ်ပြောဖို့တော့ တော်တော့်ကိုလိုပါသေးတယ်၊ ဒါပေမဲ့ နောက်ထပ်ရက်သတ္တပတ်အနည်းငယ် အတွင်းမှာတော့ ကျနော့်အနေအထားသစ်နဲ့ပတ်သက်ပြီး သဘောပေါက်သိမြင်မှုတခုရလာတယ်၊ အပြောင်းအလဲဟာ ပြဿနာဝန်ထုပ်ဝန်ပိုးမဟုတ်ဘူး၊ အခွင့်အလမ်းတခုဖြစ်တယ်လို့ ကျနော်ဆုံးဖြတ်လိုက်တယ်၊ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေ နဲ့ခွဲရတာကို ကျနော်စိတ်မကောင်းဖြစ်မိတယ်၊ ကျနော့်ဥယျာဉ်ခြံနဲ့ တတိယထပ်ကနေရောင်ရတဲ့ ကွင်းပြင်လေးကိုလည်း လွမ်းမိတယ်၊ ဒါပေမဲ့ ကျနော်ရဲ့ တကိုယ်တော်ဘ၀ဟာကျနော့်အတွက် တစုံတရာလွတ်လပ်မှုဖြစ်စေတယ်၊ အဲဒါနဲ့ ကျနော်ဟာ ကိုယ်စဉ်းစားဆင်ခြင်နေတာကြာပြီဖြစ်တဲ့ ကိစ္စရပ်တခုဆောင်ရွက်နိုင်အောင် ဒီတကိုယ်တော်ဘ၀ကို အသုံးချဖို့ ဆုံးဖြတ်လိုက် တယ်၊ အဲဒီကိစ္စရပ်ကတော့ အစိုးရနဲ့ဆွေးနွေးပွဲတွေစတင်ရေးပါပဲ၊ ကျနော်တို့တိုက်ပွဲဟာ စေ့စပ်ဆွေးနွေးပွဲတွေကတဆင့်သာ ရှေ့ကို အကောင်းဆုံးတွန်းတင်နိုင်မယ့်အချိန်ရောက်လာပြီလို့ ကျနော်နိဂုံးချုပ် ကောက်ချက်ဆွဲထားတယ်၊ အကယ်၍ ကျနော်တို့ဟာတွေ့ဆုံဆွေးနွေးမှု အမြန်စမလုပ်ရင် နှစ်ဘက်လုံးဟာဖိနှိပ်မှု။ အကြမ်းဖက်မှုနဲ့ စစ်ပွဲဆိုတဲ့ အမိုက်မှောင်ထဲ မကြာခင် နစ်မြုပ်သွားကြလိမ့်မယ်၊ ကျနော့်ရဲ့ တကိုယ်တော်ဘ၀ဟာ အဲဒီဆွေးနွေးရေး ဦးတည်ချက်သွားဖို့ ခြေလှမ်းစလှမ်းနိုင်မယ့် အခွင့်အရေးပေးနေပြီး ဒီလိုကြိုးပမ်းချက်တွေကို ပျက်ပြားစေနိုင်လေ့ရှိတဲ့ ဘေးကမျက်လုံး ဒေါက်ထောက် ကြည့်မှုမျိုးတွေလည်းမရှိဖြစ်နေတယ်၊ကျနော်တို့ဟာ လူဖြူလူနည်းစုအုပ်ချုပ်ရေးကို ရာစုနှစ်တခုရဲ့လေးပုံသုံးပုံ (၇၅ နှစ်)ကြာအောင် တိုက်ပွဲဝင်နေခဲ့ကြတယ်၊ ကျနော်တို့ဟာ လက်နက်ကိုင်တိုက်ပွဲကို ဆယ်စုနှစ်နှစ်ခု(အနှစ် ၂၀) ကျော်ဆင်နွှဲနေခဲ့တယ်၊

နှစ်ဖက်လုံးက လူပေါင်းများစွာသေခဲ့ကြပြီ၊ ရန်သူဟာအင်အားကြီးပြီး ကြံ့ခိုင်ပြတ်သားတယ်၊ ဒါပေမဲ့ သူတို့ဗုံးကြဲ လေယာဉ် တွေ။ တင့်ကားတွေတပုံကြီးရှိနေတာတောင်မှ သူတို့ဟာ သမိုင်းရဲ့အမှားဘက်ခြမ်းမှာရောက်နေတယ်ဆိုတာ သိမြင်ခံစား လာပုံရတယ်၊ ကျနော်တို့ဖက်မှာတော့ အမှန်တရားရှိနေတယ်၊ ဒါပေမဲ့ အင်အားတော့မရှိသေးပါဘူး၊ စစ်ရေးအရ အောင်ပွဲခံဖို့ ဆိုတာမဖြစ်နိုင်ဘူးလို့ မပြောနိုင်တောင်မှအတော်အလှမ်းဝေးတဲ့ အိပ်မက်ဖြစ်တယ်ဆိုတာ ကျနော့်အတွက်ရှင်းနေပါတယ်၊ မလိုအပ်ဘဲနဲ့ ပဋိပက္ခတခုထဲမှာ နှစ်ဘက်လုံးက အသက်တွေသန်းချီပြီးမဟုတ်တောင် ထောင်ချီပြီး အဆုံးခံဖို့ဆိုတာ ဘယ်လိုမှအဓိပ္ပါယ်မရှိပါဘူး၊ သူတို့လည်း ဒါကို ကောင်းကောင်းသိပုံရတယ်၊စကားပြောဖို့အချိန်ကျနေပါပြီ၊ ဒီကိစ္စဟာ အင်မတန့်ကို အကဲဆတ်တဲ့ကိစ္စဖြစ်တယ်၊ ဆွေးနွေးတယ်ဆိုတာကိုအားနည်းတဲ့လက္ခဏာအဖြစ်။ သစ္စာဖောက်တဲ့ လက္ခဏာအဖြစ် နှစ်ဘက်စလုံးက သဘောထားကြတယ်၊ တဖက်ဖက်က ထင်ရှားတဲ့အလျှော့ပေးမှုတွေမလုပ်မချင်း နောက်တဖက်ကစားပွဲဝိုင်းဆီလာမှာ မဟုတ်ပါဘူး၊ အစိုးရက ကျနော်တို့ဟာ ကွန်မြူနစ်တွေရဲ့အကြမ်းဖက် ( Terrorist) အဖွဲ့အစည်းဖြစ်တယ်၊ အစိုးရဟာ အကြမ်းဖက်သမားတွေ (သို့မဟုတ်) ကွန်မြူနစ်တွေနဲ့ ဘယ်တော့မှစကားပြောမှာ မဟုတ်ဘူးလို့ ထပ်ခါထပ်ခါ အခိုင်အမာပြောထားတယ်၊ ဒါဟာ အမျိုးသားပါတီ(အသားအရောင်ခြွဲခားရေးဝါဒီ-လြူဖူပါတီ)ရဲ့ တရားသေခံယူချက်ဖြစ်တယ်၊ အေအင်စီကလည်း အစိုးရဟာ ဖက်ဆစ်ဖြစ်တယ်။ လူမျိုးခွဲခြားရေးသမားဖြစ်တယ်။ အစိုးရဟာ အေအင်စီကို မတရားသင်းကြေညာထားတာမပယ်ဖျက်မချင်း။ နိုင်ငံရေးအကျဉ်းသားအားလုံးကိုခြွင်းချက်မရှိ ပြန်မလွှတ်
မချင်း။ မြို့သစ်တွေ (လူမည်းများအတွက် သီးသန့်သတ်မှတ်ထားသော မြို့နယ်များ) ကနေ စစ်တပ်တွေပြန်မရုပ်မချင်း။ အစိုးရနဲ့စကားပြောဖို့မရှိဘူးလို့ ထပ်ခါထပ်ခါ အခိုင်အမာပြောထားတယ်၊

အစိုးရနဲ့ စကားပြောရေးဆုံးဖြတ်ဖို့ဆိုတာ အလွန့်ကိုအရေးကြီးတဲ့အတွက် ဒီဆုံးဖြတ်ချက်ဟာ လူဆာကာမြိုံ့ (အေအင်စီဗဟိုရှိရာ ဇမ်ဘီယာနိုင်ငံမြို့တော်)မှာပဲ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်၊ ဒါပေမဲ့ စကားပြောရေး… ဖြစ်စဉ်ဟာ စဖို့လိုနေပြီလို့ ကျနော်ယူဆတယ်၊ နောက်ပြီး အော်လီဗာနဲ့ သေသေချာချာဆက်သွယ်ဖို့ ကျနော့်မှာ အချိန်လည်းမရှိ။ နည်းလမ်း လည်း မရှိဖြစ်နေတယ်၊ ကျနော်တို့ဘက်က တယောက်ယောက်က ပထမဆုံးခြေလှမ်းကိုစလှမ်းဖို့လိုနေပြီး ကျနော့်ရဲ့ သီးသန့်တကိုယ်တော်အနေအထားသစ်က အဲသလိုလုပ်နိုင်ဖို့ လွတ်လပ်မှုကိုရော။ ကျနော့်ကြိုးပမ်းချက်တွေ မပေါက်ကြားရေးအတွက် အနိမ့်ဆုံးအားဖြင့် ကာလတခု အာမခံချက်ကိုပါ အခွင့်အလမ်းပေးနေပါတယ်၊ ကျနော်ဟာ အခုဆိုရင် အင်မတန်ကောင်းတဲ့။ တကိုယ်တည်း သီးသန့်ချုပ်နှောင်ခံရမှုမျိုး ခံနေရတယ်၊ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေဟာ ကျနော့်အပေါ်သုံးထပ်မှာသာရှိနေပေမဲ့သူတို့ဟာ ဂျိုဟန်နစ္စဘာဂ်မှာ ရောက်နေသလိုပါပဲ၊ သူတို့ကိုတွေ့ဖို့ဆိုရင် ကျနော်ဟာ တရားဝင်ပန်ကြားချက်တခု တင်ပြရတယ်၊ အဲဒီပန်ကြားစာကို ပရီတိုးရီးယားရုံးချုပ်က ခွင့်ပြုထောက်ခံဖို့ လိုတယ်၊ အဲသလို ခွင့်ပြုကြောင်းပြန်ကြားချက်ရဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာလေ့ရှိပါတယ်၊ ခွင့်ပြုချက်ရတဲ့အခါ ကျနော်ဟာ သူတို့နဲ့ ထောင်ဝင်စာတွေ့တဲ့နေရာမှာ တွေ့ရတယ်၊
ဒါဟာဖြင့် ထူးခြားသစ်ဆန်းတဲ့ အတွေ့အကြုံတခုပါပဲ၊ ကျနော့်ရဲဘော်တွေနဲ့ ဘ၀တူအကျဉ်းသားတွေဟာ အခုဆိုရင် ကျနော့်ကို တရားဝင်ထောင်ဝင်စာတွေ့သူတွေ ဖြစ်နေပြီ၊ ကျနော်တို့ဟာ အရင်က နှစ်ပေါင်းများစွာအတူနေခဲ့ပြီး တရက်ကို နာရီပေါင်းများစွာ စကားပြောနိုင်ခဲ့တယ်၊အခုတော့ တရားဝင်လျှောက်လွှာတွေတင်။ ချိန်းဆိုချက်တွေလုပ်မှရပြီး ပြောစကား တွေ လည်းဘေးကစောင့်နားထောင်ခံရတယ်၊ကျနော်ဟာ အခန်းသစ်ရောက်ပြီး ရက်အနည်းငယ်အကြာမှာ အဲသလို တွေ့ဆုံမှုတခုစီစဉ်ပေးဖို့ ထောင်ပိုင်ကိုပန်ကြားခဲ့တယ်၊ သူစီစဉ်ပေးလို့ ကျနော်တို့လေးယောက်တွေ့ရပြီး ကျနော်နေရာ ပြောင်းခံရတဲ့ကိစ္စ ဆွေးနွေးကြတယ်၊ ဝေါလ်တာ။ ကက်သီနဲ့ ရေးတို့ဟာ ကျနော်နဲ့ လူချင်းကွဲသွားလို့ ဒေါသထွက်နေကြတယ်၊ သူတို့က ပြင်းပြင်းထန်ထန်ကန့်ကွက်မှုတရပ်လုပ်ချင်ကြပြီး ကျနော်တို့ကို ပြန်ပေါင်းထားဖို့ တောင်းဆိုချင်ကြတယ်၊ ကျနော့်တုံ့ပြန်ချက်ဟာသူတို့မျှော်လင့်ထားသလို မဟုတ်ခဲ့ပါ၊ ကျနော်က “ဒီမှာကိုယ့်လူတို့။ ကျနော့်အနေနဲ့ ဒါကို ဆန့်ကျင်သင့် တယ်လို့ မထင်ဘူး” လို့ ပြောလိုက်တယ်၊ ကျနော့်ကိုထားတဲ့နေရာသစ်ဟာ အဆင့်မြင့်တယ်၊ ဒါကို နိုင်ငံရေး အကျဉ်းသားအားလုံးအတွက် အစဉ်အလာဖြစ်အောင်လုပ်သွားနိုင်မယ်လို့ ကျနော်က ပြောပြတယ်၊ ပြီးတော့ ကျနော်က “ဒီကိစ္စကနေ ကောင်းတာတခုခုဖြစ်ချင်ဖြစ်လာနိုင်တယ်၊ အခုဆိုရင် အစိုးရက ကျနော်တို့ကို ချဉ်းကပ်နိုင်ဖို့အနေအထားမှာ ကျနော်ရှိနေပြီ” လို့ ခပ်ဝါးဝါးထပ်ဖြည့်ပြောလိုက်တယ်၊ ဒီနောက်ဆုံးရှင်းပြချက်ကို သူတို့ သိပ်ဂရုမမူမိကြပါ၊ ဂရုမူမှာ မဟုတ်ဘူးဆိုတာလည်း ကျနော်သိပါတယ်၊

ကျနော် ဘာလုပ်မယ်ဆိုတာ ဘယ်သူ့မှမပြောဖို့ ဆုံးဖြတ်ထားတယ်၊ အပေါ်ထပ်ကကျနော့် လုပ်ဖော်ကိုင်ဖက်တွေရော။ လူဆာကာက ရဲဘော်တွေရော မပြောဖို့ဖြစ်တယ်၊ အေအင်စီဟာ အစုအပေါင်းတခုဖြစ်ပေမဲ့ ဒီနေရာမှာ အစိုးရက စုပေါင်း ဆွေးနွေးတိုင်ပင်မှုကိုမဖြစ်နိုင်အောင်လုပ်ထားတယ်၊ ကျနော့်အဖွဲ့အစည်းနဲ့ ဒီကိစ္စတွေဆွေးနွေးဖို့ ကျနော့်မှာ လုံခြုံမှုလည်းမရှိ၊ အချိန်လည်းမရှိ ဖြစ်နေတယ်၊ အပေါ်ထပ်က ကျနော့်အဖော်တွေဟာ ကျနော့်အဆိုပြုချက်ကို ရှုတ်ချပြစ်တင်ကြမှာ ကျနော် သိတယ်၊ အဲသလိုဆိုရင် ကျနော့်ရဲ့ ရှေ့ဆောင်ရှေ့ရွက်မှုဟာ လျှောမွေးဖြစ်သွားလိမ့်မယ်၊ ခေါင်းဆောင်တယောက်ဟာ ကိုယ့်လူတွေကိုလမ်းမှန်အတိုင်းဦးဆောင်နေတယ်ဆိုတာ ယုံကြည်မှုအပြည့်နဲ့ ကိုယ့်အုပ်ရှေ့ကို ထိုးထွက်သွားပြီး ဦးတည်ချက် အသစ်အတိုင်း ထွက်သွားရမယ့်အချိန်အခါတွေရှိတယ်၊ နောက်ဆုံးအချက်အနေနဲ့ တကယ်လို့ အရာကိစ္စတွေ မျှော်လင့်စီစဉ်ထားသလိုဖြစ်မလာရင် ကျနော့်ရဲ့ တကိုယ်တော်သီးသန့် အကျဉ်းခံဘ၀ကို ကျနော့်အဖွဲ့အစည်းအနေနဲ့ အကြောင်းပြချက်ပေးစရာလည်းရတယ်၊ ဘယ်လိုလဲဆိုတော့ အဖိုးကြီးက တယောက်ထဲနေနေရပြီး အကုန်လုံးနဲ့ အဆက်ပြတ်နေတယ်။ သူ့လုပ်ရပ်တွေဟာ သူ့တဦးချင်းနဲ့ပဲ ဆိုင်တယ်။ အေအန်စီကို ကိုယ်စားမပြုဘူးလို့ ဆင်ခြေပေးနိုင်တယ်လေ ….၊

Labels:

posted by မြင့်ဇေ @ 2:20 AM  
0 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com