သြော် အဆောင်ဆောင် နန်းတွေ ကြဌန်းတွေနှင့်နှော အခေါင်မမြန်းခင်က အောင်စာတန်း ချို့ စေဖို့၊ အောင်ပန်း ညှို့ရရှာတဲ့ တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ ၄င်းကံကြမ္မာ အလုပ်ပေထင့် သောင်းမြန်းမရဏာ စမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင် ဒေါင်းလံပုဝါ အုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုလ်ချင်။
သြော် တပည့်အရင်းတွေမို့ က၀ိ မတင်းနိုင်ဘူးကွဲ့ သတိကင်းကာ မျက်ရည်ကျကျပြီး ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု သောက ဗလောင်ဆူတော့ တောင်ဇဗ္ဗူ ပုဂံခေတ်ဆီက ယခေါင်မူ ယမန်သနစ်တွေပေါ့ ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒီဇဗ္ဗူ ရမ်းနေကြ ကျန်ရစ်ကဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့် လူကြမ်းဒမြ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့ သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင် ရွှေမြန်မာဘုံမှာ အမင်းမင်း သမ္မတတွေနဲ့ သတင်းလှတဲ့ အင်းဝ ရာဇာအမွန်သာလွန်မင်းကိုမှ သားရင်း ရှင်တရုတ်ကယ်က ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့် ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့ ဟိုအရင် ယမန် နန်းတော်စီးစဉ်က အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေ ဆုံးပုံနဲ့ တထုံး နောက်တနဲမှာတော့ မင်းရဲ နန္တမိတ် ခများညီသနင်းပေပေါ့ ပြည်မင်း ဂုဏ်ခံလို့ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင် မွန်တိုင်းနယ် ရွှေပြည်တခွင်မတော့ ဓမ္မစေတီဘုရင်း လက်ထက်တုန်းဆီက လက်ရုံးရည် တသိန်လျှမ်းပေတဲ့ သမိန်ပရမ်း ဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့် မဟုတ်တရုတ် အကောင်တေလေ တစေ ကိုက်တာနဲ့ သြော်ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော မရေမရာ သေရွာဆိုက်သလိုပါ့ အခိုက်အခါ မတူလို့မို့ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့ ငါတလူ ငါသရမ်းရော့ မဟဲ့လို့ သာခန်း ပလ္လင် ညွှန်းပြီး မြင်ကွန်းပိုင် သူပုန်ထစဉ်က ကြုံရသူ မသာတော်နှင့် ပမာသော် တူတယ်လို့ နှိုင်းမိတယ် ရိုင်းသနဲ့ အတိတ် ယခင်လိုနော်ကွယ် စစ်ကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ မှိုင်းရဲ့ စိတ်ထင်။
မင်းစိတ်မင်းမာန် အကြံအဖန် တင်းလိုက်ပုံက အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့ ရန်ခပင်းတဲ့ မောင်းကာနှင် ဒေါင်းမြန်မာတခွင်မှာဖြင့် အထက်သခင်သဘော (အိုကွယ်) တကောင်း ရာဇ၀င်ကိုတဲ့ ဆက်ချင်သဘော။
နန်းမြို့တည်ရန် မှန်းလို့ရည်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ ထိုထို လူ့ခ၀ဲကို မကြည်ညိုတဲ့ ၀သီအလို တဖြည်းဖြည်းရူးမဟဲ့လို့ တနွေးနွေး မူးမူးပြီးခွေးဘီလူးလို အကောင်မိုက်တွေက သြော် အမှောင်စရိုက်ကယ်နှင့် ပြောင်ပြောင်ပဲ မိုက်မပေါ့လို့ ဗြောင်ကိုက်သဟာမှာ ယာယီ ယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့ ဂနာမငြိမ် တာဝတိံယွန်းကြပေါ့ ဖြေမကြည် နေရီတော့ လွမ်းစေဖို့ မြန်မာပြည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့ အစွမ်းကုန် သည်တခါဖြင့် ပြည်ရွာညီညာဖို့ အုပ်ပေပေါ့ သုသာန် တံခွန်စောင်းရရှာတဲ့ ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့် အလွန်ကောင်းစွာ ကမ္ဘာတည်မည့် အာဇာနည် ဗိမာန် ပုထိုးကိုဖြင့် ပါရမီ အဓိဌာန် တမျိုးရယ်နှင့် ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့ မြန်မာမတော့ ပူစရာဖို့ တဗျူဟာ အောင်ခမန်းတွင်မှ လူမသမာ အမှောင်သန်းချိန်မို့ သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကုတို့နှင့် အကြေဒဂုံတည်းဟူသော ရေစုန်မျောလေရဲ့ သြော် တောင်နန်းမြောက်နန်း အဆောင်ဆောင် ကြဌန်းနဲ့ အခေါင် မမြန်းရခင်က အောင်ပန်း ညို့ရရှာတဲ့ အောင်ဆန်းတို့ သေပုံနှမြော။ ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၉၄၇
Labels: မေ့မရသည့် သမိုင်းများ |