|
စာနယ်ဇင်းသမားကြီး ဦးဝင်းတင် (ဟံသာဝတီ) |
Sunday, July 22, 2007 |
ဦးဝင်းတင်ဟာ အင်မတန် စာရေးကောင်းလှတဲ့ ကလောင်ရှင်တဦးဖြစ်သလို။ ထက်မြက်တဲ့ သတင်းစာ ဆရာတဦးလည်း ဖြစ်ပါတယ်၊ ဦးဝင်းတင်ကို ၁၉၃၀ ခုနှစ်။ မတ်လ ၁၂ ရက်နေ့မှာ အဖ ဦးပု။ အမိ ဒေါ်အမာတို့မှ ဖွားမြင်ခဲ့ပါတယ်၊ မွေးရပ်ဇာတိမှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ ဖြစ်ပါတယ်၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ။ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံဘာသာတွဲဖြင့် ၀ိဇ္ဇာာဘွဲ့ရပါတယ်၊
စာနယ်ဇင်းနောက်ခံသမိုင်း ၁၉၄၃ ခုနှစ်တွင် ‘အကျိုးဆောင်’ ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့၍၁၉၅၃ ခုနှစ်တွင် AFP နိုင်ငံခြား သတင်းဌာနတွင် ညအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်၊ စာပေဗိမာန့် လက်ထောက်အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊
၁၉၅၄ မှ ၁၉၅၇ ခုနှစ်အထိ နယ်သာလန် (ဟော်လန်) နိုင်ငံ။ အမ်စတာဒမ်မြို့ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေးကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးရင်း တဘက်မှလည်း မြန်မာ ဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်၊ တဘက်တွင် စာသင်နေရင်း မြန်မာနိုင်ငံ သတင်းများ စုစည်းဖော်ပြတဲ့ ‘ဒို့ပြည်သတင်း’ သတင်းစာကို စောင်ရေ ၅၀၀ ခန့် ထုတ် ဝေ၍ ကမ္ဘာတ၀ှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့်အချိန်အထိ လုပ်ဆောင်ခဲ့ပါတယ်၊
၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်သူများတွင် ပါဝင်ခဲ့ပြီး။ ဦးစီးအယ်ဒီတာအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပါတယ်၊ ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရတဲ့နောက်ပိုင်း ၁၉၆၉ မှ ၁၉၇၈ ခုနှစ်အထိ ဟံသာဝတီသတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်ခဲ့ပါတယ်၊ ထိုကာလအတွင်း အနောက်ဥရောပနှင့် အရှေ့အာရှနိုင်ငံပေါင်း ၂၀ ခန့်သို့ သတင်းစာ ဆရာတယောက်အဖြစ် လေ့လာရေးခရီး သွားရောက်ခဲ့ပါတယ်၊ ဟံသာဝတီသတင်းစာကို မန္တလေးမြို့မှာ အခြေစိုက်ထုတ်ဝေခဲ့ပြီး ဦးဝင်းတင်ရဲ့ ‘၀င်းတင်’ ဆိုတဲ့ ကလောင် အမည်ဟာ ထင်ရှားလာပါတယ်၊ ‘ဦးဝင်းတင် (ဟံသာဝတီ)’ ဆိုတဲ့ အမည်နဲ့ မြန်မာနိုင်ငံမှာ ကျော်ကြားခဲ့ပါတယ်၊
စာပေလွတ်လပ်ခွင့် မရှိတဲ့ မဆလ စစ်အစိုးရလက်အောက်မှာ ထုတ်ဝေခဲ့ရတဲ့ သတင်းစာဖြစ်ပေမယ့် ဟံသာဝတီ သတင်းစာဟာ ထက်မြက်လှတဲ့ သတင်းစာဆရာ ဦးဝင်းတင်ရဲ့ လိမ်မာပါးနပ်မှုကြောင့် အဲဒီခေတ်က ထုတ်ဝေတဲ့ သတင်းစာတွေကြားမှာ ထူးခြားစွာ ထင်ရှားပေါ်လွင်ခဲ့ပါတယ်၊ ဟံသာဝတီသတင်းစာရဲ့ အယ်ဒီတာ့ အာဘော်တွေဟာ သတင်းစာဖတ်ပရိသတ်အတွက် တမူထူးခြားခဲ့ပါတယ်၊
ဦးဝင်းတင်ဟာ မန္တလေးမှာ နေထိုင်နေစဉ် သမိုင်း။ ယဉ်ကျေးမှု။ စာပေအနုပညာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်၊ မန္တလေး ‘ဓမ္မဗိမာန်’ စာတမ်းဖတ်ပွဲ။ ဟောပြောဖလှယ်ပွဲတွေ မှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်၊ ၁၉၇၇-၇၈ ခုနှစ်ထဲမှာ ‘စနေစာဖတ်ဝိုင်း’ ကို ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါတယ်၊ ဟံသာဝတီ ‘စနေစာဖတ်ဝိုင်း’ ဟာ မြန်မာနိုင်ငံ စာပေအနုပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ လှုပ်ရှားမှု တခု ဖြစ်ပါတယ်၊
မြန်မာစာပေလှုပ်ရှားမှု့ အရေးပါသော မန္တလေးမြို့မှ ‘စနေစာဖတ်ဝိုင်း’ စာတမ်းဖတ်ပွဲတွေ ဟံသာဝတီ သတင်းစာရဲ့ ထူးခြားတဲ့ ပြောင်မြောက်မှုများကြောင့် မဆလ စစ်အစိုးရဟာ ဟံသာဝတီသတင်းစာကို ၁၉၇၈ ခုနှစ် မှာ လုံးဝပိတ်ပစ်လိုက်ပါတယ်၊ ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်၊
ဦးဝင်းတင်ဟာ စာပေ။ ဂီတ။ သဘင်။ ပန်းချီ စတဲ့ အနုပညာရပ်များမှာလည်း ထဲထဲဝင်ဝင်။ နှံ့နှံ့စပ်စပ် နားလည် ခံစားနိုင်သူတဦးဖြစ်ပြီး။ လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာနိုင်ကာ နက်နက်ရှိုင်းရှိုင်း ခံစားဖွင့်ဆို။ သုံးသပ် တင်ပြတတ်သူတဦး ဖြစ်ပါတယ်၊
ဦးဝင်းတင်ဟာ ‘ပေါ်သစ်’ ဆိုတဲ့ ကလောင်အမည်နဲ့ စာပေ။ ဂီတ။ သဘင်။ ပန်းချီ စတဲ့ အနုသုခုမ ပညာရပ် တွေအကြောင်း ဆောင်းပါးတွေ။ စာတမ်းတွေ။ ဝေဖန်ရေးအကဲဖြတ်ချက်တွေကို အဆင့်အတန်းမြင့်မြင့် ရေးသားပြစုခဲ့ ပါတယ်၊ “ခြေမှာကကွက် လက်ဖျားကဗျာ မျက်နှာဇာတ်သိမ်း” ဆိုတဲ့ စာအုပ်ဟာ ပေါ်သစ်အမည်နဲ့ ထုတ်ဝေခဲ့တဲ့ ဦးဝင်းတင်ရဲ့ လက်ရာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ရှားပါးလှတဲ့ ပန်းချီဝေဖန်ရေးဆောင်းပါးတွေကို ‘ပေါ်သစ်’ အမည်နဲ့ မဂ္ဂဇင်းတွေမှာ ရေးသားတင်ပြခဲ့ပါတယ်၊ အဲဒီဝေဖန်ရေးဆောင်းပါးတွေမှာ အတတ်ပညာ နည်းစနစ်ပိုင်းဆိုင်ရာရှုဒေါင့် အရောင် အတွဲအစပ် အလင်းအမှောင် စုတ်ချက် အထူအပါး အနုအရင့်ကနေ ခံစားမှုရသအာရုံရှုဒေါင့်ကရော အတွေးအခေါ် အမြင် အယူအဆ ဦးတည်ချက်ရှုဒေါင့်ပါမကျန် အနုစိတ် သုံးသပ်ကာ ရေးသားခဲ့ပါတယ်၊
အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် တတ်မြောက်သူဖြစ်တဲ့အလျောက် စာအုပ်ကောင်းတွေ ကို ဘာသာပြန်ဆိုခဲ့တဲ့ ဘာသာပြန် စာရေးဆရာတဦးလည်း ဖြစ်ပါတယ်၊ ခက်ခဲတဲ့ အရေးအသားတွေ။ စကားလုံး ဝေါဟာရ အဓိပ္ပါယ် နက်ရှိုင်းမှုတွေကြောင့် ဂျာနယ်ကျော် ဦးချစ်မောင်လို ပုဂ္ဂိုလ်ကြီးတွေကတောင် ဘာသာပြန်ဆို ပေမယ့် လက်တွန့်ခဲ့ရ တဲ့ သတင်းစာသမား အယ်ဒီတာတဦးအကြောင်း ရေးဖွဲ့ထားတဲ့ ‘ကွိ’ လို ၀တ္ထုကြီးကို ဘာသာပြန်ဆိုပေးခဲ့ပါတယ်၊ Northern Lightကို ဘာသာပြန်ဆိုတဲ့ ‘ဥတ္တရအလင်း’ ဟာလည်း ဦးဝင်းတင်ရဲ့ ဘာသာပြန် လက်ရာကောင်းစာအုပ်အဖြစ် မြန်မာနိုင်ငံမှာ ကျော်ကြားခဲ့ပါတယ်၊
ဦးဝင်းတင်ဟာ ပြည်ပနိုင်ငံတွေသို့ ခရီးသွားလာခဲ့ဖူးပြီး ခရီးသွားမှတ်တမ်းစာပေတွေကိုလည်း ရေးသားခဲ့ပါ တယ်၊ ‘ကမ္ဘာနီတွင် တဒင်္ဂ’ ဟာ သူ့ရဲ့ ဆိုဗီယက်နိုင်ငံခရီးစဉ်အတွင်း သူ တွေ့ကြုံခံစားခဲ့ရသည်များကို ရေးသား ထားတဲ့ လက်ရာကောင်းတအုပ် ဖြစ်ပါတယ်၊
ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ထွန်းလာတဲ့အခါ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ စာပေအနု ပညာရှင်တွေရဲ့ လက်မှတ်ပေါင်းစုံနဲ့ စာပေအနုပညာရှင်တွေရဲ့ ကြေညာချက်ထွက်ပေါ်လာရေးအတွက် ဦးစီးဆောင် ရွက်ခဲ့သူတဦးဖြစ်ပြီး။ အရေးတော်ပုံကြီးအတွက် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်၊ အရေးတော်ပုံ ကြီးအတွင်း စာနယ်ဇင်းသမဂ္ဂဖွဲ့စည်းဖြစ်ပေါ်လာတဲ့အခါ ဆရာဦးဝင်းတင်ဟာ ဒုဥက္ကဌ ဖြစ်ပါတယ်၊ ‘စပယ်ဦး’ စာပေတိုက်အတွင်းမှာ စခန်းချပြီး စာနယ်ဇင်းသမဂ္ဂရဲ့လှုပ်ရှားမှုတွေကို ဦးစီးပဲ့ကိုင်ပေးခဲ့ပါတယ်၊
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ‘သမဂ္ဂ’ သတင်းစာ ၈ စောင်မှာလည်း ပါဝင်ရေးသားပေးခဲ့ပါ တယ်၊ ၁၉၈၈ ခုနှစ် သြဂုတ်လ ၃၁ နေ့မှာ စတင်ပြီး အရေးတော်ပုံကြီးရဲ့ ပဲ့တင်သံ ‘ဆန္ဒဖော်သံ’ သတင်းစာကို ဆရာဦးဝင်းတင် ကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့ပါတယ်၊ ပြည်သူလူထုအတွင်း သတင်းအချက်အလက်မှန်များ ရောက်ရှိအောင် စစ်မှန်သော သတင်းစာသမား ကောင်း ပီသစွာ ကြိုးပမ်းအားထုတ်ဖြည့်ဆည်းပေးခဲ့ပါတယ်၊
နိုင်ငံရေးနောက်ခံသမိုင်း ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ အရေးတော်ပုံကြီးကို အကြမ်းဖက် နှိပ်ကွပ်ဖြိုခွင်းကာ စစ်တပ် က အာဏာသိမ်းပြီးနောက် သမိုင်းရေးလိုအပ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းထွက်ပေါ်လာတဲ့အခါ ဆရာဦးဝင်းတင်ဟာ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်၊ ဦးအောင်ကြီး။ ဦးတင်ဦး။ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦး ပူးပေါင်းဦးစီးပြီး တဘက်လျှင် ၄ ဦးကျစီ။ ပေါင်း ၁၂ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ ပါဝင်တာဝန်ယူခဲ့ပါတယ်၊
အဖွဲ့ချုပ် ပေါ်ပေါက်လာပြီး ကာလတိုတခုအတွင်းမှာပဲ အရှိန်အဟုန်ရလာတဲ့အခါ အဲဒီတုန်းက ဥက္ကဌ ဖြစ် ခဲ့တဲ့ ဦးအောင်ကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကွန်မြူနစ်တွေ ရှိနေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးဝင်းတင် အပါအ၀င် အဓိက ထိပ်ပိုင်းခေါင်းဆောင် ၈ ဦးကို ဖယ်ရှားဖို့ ကြိုးစားလုပ်ဆောင်လာပါတယ်၊ အဲဒီအခါ ဦးဝင်းတင် ဟာ မှန်မှန်ကန်ကန် ရပ်တည်ဖြေရှင်းရင်း မဲခွဲဆုံးဖြတ်ရေးအဆင့်အထိ ရောက်ရှိလာစေခဲ့ပါတယ်၊ ဗဟိုအလုပ်အမှု ဆောင် ကော်မတီနဲ့ ဗဟိုဦးစီးအဖွဲ့ဝင်အားလုံးရဲ့ ရှေ့ မှောက်မှာ အားလုံးရဲ့ ဆန္ဒမဲကို ရယူတဲ့အခါ ရှုံးနိမ့်ခဲ့ပြီး သဘောတူညီချက်အရ ဦးအောင်ကြီး သာ နှုတ်ထွက်သွားခဲ့ရပါတယ်၊ ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နဲ့အတူ အဖွဲ့ချုပ်အတွင်းမှာ ဆက်လက်ရပ်တည်ရင်း ဒီမိုကရေစီအောင်ပွဲခံနိုင်ရေး ရည်မှန်းချက်အတွက် ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့ပါတယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင် နိုင်ငံရေးပါတီတွေအတွင်းမှာ အင်အားအကောင်းဆုံး ဖြစ်လာခဲ့ပြီး အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ဖော်ကျူးတဲ့ ‘သတင်းမှတ်တမ်းလွှာ’ ကို ထုတ်ဝေတဲ့အခါ ဦးဝင်းတင် ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပါဝင်ခဲ့ပါတယ်၊ နိုင်ငံရေးပါတီအသီးသီးက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး သဘောထား၊ အမြင်၊ တင်ပြတောင်းဆိုချက်ဆိုင်ရာ စာအုပ်စာတမ်းတွေ ထုတ်ဝေလာကြတဲ့အခါ န၀တ စစ်အစိုးရ ဟာ နိုင်ငံရေးပါတီ တွေရဲ့ တရားဝင်အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားစည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ဖို့ မတရားသဖြင့် ကြိုးပမ်းလုပ်ဆောင်လာပါတယ်၊ ၁၉၈၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်ဘုန်းမြင့် လက်မှတ်ရေးထိုးပြီး စာအုပ်စာတမ်းစာစောင်တွေ ရိုက်နှိပ်ထုတ်ဝေခွင့်ကို ကန့်သတ်တဲ့။ ပုံနှိပ်ထုတ်ဝေခွင့်အတွက် ‘မှတ်ပုံတင်’ လျှောက်ခိုင်းတဲ့ ကြေညာချက်အမှတ် ၃၈ ကို ထုတ်ပြန်ခဲ့ပါတယ်၊ ဒါဟာ တရားမဋတမှုမရှိတဲ့ အမိန့် ကြေညာချက်ဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးထိုင်ခဲ့ကြပြီး တုံ့ပြန်ဖို့ စဉ်းစားခဲ့တယ်၊ အဲဒီအခါ ‘ဟင်နရီ ဒေးဗစ်သော်ရိုး Henry David Thoreau’ ရဲ့ စာပိုဒ်ကို ကိုးကားပြီး ဦးဝင်းတင်က “အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမဋ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံ ကို တင်ခဲ့တယ်၊ လက်ခံသဘောတူညီမှုရခဲ့ပြီး ဒီချုပ်ပါတီ ရန်ကုန်တိုင်းရုံးမှာ ကျင်းပတဲ့ မဟာမိတ်ပါတီ ၄၆ ပါတီနဲ့ တွေ့ဆုံညှိနှိုင်းစည်းဝေးတဲ့ ၁၉၈၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ အစည်းအဝေးမှာ ဖြန့်ဝေပေးတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စာတမ်းကစပြီး ဒီကြွေးကြော်သံကို ထည့်သွင်းဖော်ပြရင်း စတင်သုံးစွဲခဲ့ပါတယ်၊ Henry David Thoreau - 1. All men recognize the right of revolution; that is, the right to refuse allegiance to and to resist the government, when its tyranny or its inefficiency are great and unendurable
ဖမ်းဆီးထောင်ချခံရခြင်း ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့် တရားခံတဦး ၏ ဖခင်ထံ ၁၉၈၈ ခုနှစ် အောက်တိုဘာလအတွင်းက တယ်လီဖုန်းဆက် စကားပြောဆိုမှု ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရပြီး။ စစ်အစိုးရမှ ဦးဝင်းတင် ကို ၃ ရက်ကြာ အစာ မကျွေး။ အိပ်စက်ခြင်း မပြုနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်၊ ထိုနှစ် အောက်တိုဘာလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ဿကိးကိုင်အားပေးခဲ့ သည်ဟု အကြောင်းပြချက်ဖြင့် လွတ်ရက်စေ့ ကာနီး ၁၉၉၂ ခုနှစ် ဇွန်လတွင် ထောင်ဒဏ် ၁၁ နှစ် ထပ်မံချမှတ်ခံရပါတယ်၊
ထောင်တွင်းဖြတ်သန်းမှုသမိုင်း ဦးဝင်းတင် ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ဖမ်းဆီးချိန်မှစ၍ အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်း မှာ ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားခဲ့ပါတယ်၊ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင် ကို အထူးတိုက်မှ အမှတ် ၃ တိုက်သို့ ပြောင်းရွှေ့ထားခဲ့ပါတယ်၊
မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ‘ယိုဇိုယိုကိုတာ’ လာရောက်စဉ်အတွင်း အကျဉ်းချခံနေရ သော နိုင်ငံရေးသမားများအပေါ် န၀တ အာဏာပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီး ပလပ်စတစ်အိတ် (ကျွတ်ကျွတ် အိတ်) တွေပေါ်မှာ အသေးစိတ်ရေးသားပေးပို့တဲ့စာကို အခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ပါဝင် လက်မှတ်ရေးထိုး ပေးပို့ခဲ့ပါတယ်၊ ဒါ့အပြင် အကျဉ်းထောင်အင်္ကျီတွေပေါ်မှာ “စု။ လွှတ်။ ပြန်တွေ့။ စု။ ဖျက်။ တွေ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ ပြည် နိုင်ငံရေးသုံးသပ်ချက်စာတမ်းကို ရေးသားပြုစုကာ အပြင်ကို ထုတ်ခဲ့ပါတယ်၊
“စု” ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး။ “လွှတ်” ဆိုတာက လွှတ်တော်ခေါ်ယူရေး။ “ပြန်တွေ့” ဆိုတာက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရေး။ “စု” ဆိုတာက ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေး။ “ဖျက်” ဆိုတာက အမျိုးသားညီလာခံကို ဖျက်သိမ်းရေး။ “တွေ့” ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နှင့် န၀တ (ယခု နအဖ) တွေ့ဆုံဆွေးနွေးရေး။
ဆိုတဲ့ နိုင်ငံရေးလမ်းစဉ်ကို ဦးဝင်းတင် ချမှတ်ခဲ့ပါတယ်၊ ၁၉၉၃ ခုနှစ်ကတည်းက တွေ့ဆုံဆွေးနွေးရေး လမ်း ကြောင်းကို နိုင်ငံရေးအကျဉ်းသားတွေအတွင်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး လမ်းကြောင်းဖော်ခဲ့သူ ဖြစ်ပါတယ်၊ အဲဒီစာတွေကို ၁၉၉၅ ခုနှစ် နိုဝင်ဘာလမှာ အကျဉ်းထောင်အတွင်းမှ ပြင်ပသို့ လျှို့ ဝှက်စွာ ထုတ်ပေးခဲ့ပါ တယ်၊ ထိုကိစ္စတွေကြောင့် ဦးဝင်းတင် ကို ၁၉၉၆ ခုနှစ် မတ်လ ၂၈ ရက်မှာ ထောင်ဒဏ် ၇ နှစ် ထပ်မံတိုးခဲ့ပါတယ်၊ ၁၉၉၅-၉၆ ခုနှစ်အတွင်း ထောင်ချခံနေရစဉ် ထောင်တွင်းစာစောင်များ လျှို့ဝှက်ထုတ်ဝေခဲ့မှု။ စာမူတွေ ရေးသားပေးမှု။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာခြင်းကို ကြိုဆိုဝမ်းသာတဲ့ သဘောထား ထုတ်ဖော်ချက်တွေ ရေးသားပေးမှု အတွက် အကြောင်းပြပြီး ဆရာဦးဝင်းတင်ကို ပြစ်ဒဏ်တွေ ထပ်မံတိုးခဲ့ပါတယ်၊ ဒီလိုအဖြစ်မျိုးဟာ ဗမာပြည်သမိုင်းမှာ။ ထောင်သမိုင်းမှာ မရှိဘူးသေးတဲ့ အဖြစ်မျိုးပါ၊ ဆရာဦးဝင်းတင်အပေါ် န၀တ ရဲŒ အòငိး။ ရက်စက်ယုတ်မာမှု ဘယ်လောက်ကြီးမားတယ်ဆိုတာ ဗြောင်ကျကျ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်၊
သို့သော်လည်း အမြဲတမ်းနိုးကြားပြီး မည်ကဲ့သို့မှ ပိတ်ဆို့ဟန့်တာှးုမရတဲ့ ဦးဝင်းတင်ဟာ ယနေ့ထိတိုင် အောင်ပင် မှန်ကန်တဲ့ နိုင်ငံရေးပေါ်လစီတွေကို ထောင်တွင်းမှနေ၍ ချမှတ်ပေးနိုင်သူ ဖြစ်ပါတယ်၊ ၂၀၀၄ ခုနှစ်အတွင်း မှာပဲ ‘(ထ) လေးလုံး’ ဆိုတဲ့ ပေါ်လစီကို ချမှတ်ခဲ့ပါတယ်၊
ပထမ ‘ထ’ က ထူထောင်ရမယ်။ ဒုတိယ ‘ထ’ က ထိန်းသိမ်းရမယ်။ တတိယ ‘ထ’ က ထိုင်မနေနဲ့။ စတုတÎ ‘ထ’ က ထိတွေ့ရမယ်။ ဆိုပြီး ယနေ့ မြန်မာနိုင်ငံရဲŒ အခြေအနေနဲ့ ကိုက်ညီစွာဖြင့် ထက်ထက်မြက်မြက် ချမှတ်ခဲ့ပါတယ်၊
ဦးဝင်းတင်ဟာ အကျဉ်းကျနေစဉ်အတွင်းမှာ ၂၀၀၁ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ကြီး. ယူနက်စကို။ ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆု (UNESCO/Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်းခံခဲ့ရပါတယ်၊ အဲဒီနှစ်မှာပဲ ကမြာ့သတင်းစာများအသင်းကြီး (World Association of Newspaper, Wan) မှ လွတ်လပ်မှုရွှေကလောင်ဆု (Golden Pen of Freedom Award)ကို သာယာဝတီစမ်းစမ်းနွဲ့နှင့် အတူ ရရှိခဲ့ပါတယ်၊ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းကလည်း ဆုများ ပေးအပ်ခဲ့ပါတယ်၊
လက်ရှိ ကျန်းမာရေးအခြေအနေ ဦးဝင်းတင်ဟာ ယခုအခါ ၇၇ နှစ်ပြည့်လို့ ၇၈ နှစ်ထဲကို ၀င်ရောက်နေပြီး ဖြစ်ပါတယ်၊ လက်ရှိ အင်းစိန် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်၊ အသက်အရွယ်ကြီးရင့်မှု။ ထောင်တွင်း အကျဉ်းကျခံကာလ ကြာမြင့်လာမှုတို့ကြောင့် ကျန်းမာရေးမှာ အဖက်ဖက်မှ ချွတ်ယွင်းလျက်ရှိပါတယ်၊ အထူးသဖြင့် လည်ပင်းကျီးပေါင်း တက်ရောဂါ။ အူကျရောဂါ။ သွေးတိုးရောဂါ။ ဆီးကျိတ်ရောင်ရောဂါ။ သွားကိုက်ရောဂါတို့ကို ခံစားနေရပါတယ်၊ သို့သော်လည်း စိတ်ဓာတ်ရေးရာ ကြံ့ခိုင်နေဆဲပါ၊
နောက်ဆုံးသတင်း မကြာသေးခင် ရက်ပိုင်းအတွင်းက အကျဉ်းထောင်သို့ လာရောက်တွေ့ဆုံခွင့်ရတဲ့ မိတ်ဆွေတဦးကို ဦးဝင်းတင်ရဲ့ ပြောပြချက်အရ - သူ့ကို အကျဉ်းထောင်အရာရှိ နှစ်ဦးက ယခင် ရက်သတ္တပတ်အတွင်းမှာ သီးသန့် တွေ့ဆုံခဲ့ကြောင်း။ သူတို့က အကယ်၍ဦးဝင်းတင် ထောင်မှ လွတ်မြောက်မည်ဆိုပါက နိုင်ငံရေးဆက်လုပ်ရန် အစီအစဉ် ရှိ။ မရှိ မေးမြန်းခဲ့ကြောင်း။ ထိုအခါ သူက မိမိရဲ့ နိုင်ငံသားဝတ္တရားအရ ဒီမိုကရေစီရေးအတွက် ဆက်လက် ရုန်းကန်လှုပ်ရှားမည်မှာ သေချာကြောင်း ပြန်ပြောဆိုခဲ့သည်ဟု သိရပါတယ်၊ (မြန်မာသတင်းသမဂ္ဂ - ဘီအမ်အေ)
သူတို့အမြင် “လောကမှာ တော်သူတွေ မရှားသလို ကောင်းသူတွေလည်း မနည်းပါဘူး၊ အနမတဂ္ဂ အင်မတန်များပြား လှတယ်လို့ ဆိုလိုက ဆိုနိုင်ပါတယ်၊ လွန်လွန်ကျူးကျူး ပြောရာ မရောက်ပါဘူး၊ ဒါပေမယ်လို့ တော်လည်းတော်။ ကောင်းလည်းကောင်းတဲ့ လူမျိုးကတော့ ရှားမှရှားလို့ ဆိုနိုင်လောက်အောင် ရှားပါတယ်၊ ဒီလိုလူ တကျိပ်လောက်ထဲ မှာ ဆရာဦးဝင်းတင် ပါဝင်တယ်” (ဗိုလ်တထောင်သတင်းစာ လူထုဦးစိန်ဝင်း)
“ရဲရင့်ကြံ့ခိုင်တဲ့ ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကို လိမ်လည်ဝန်ခံခိုင်းလို့ ဘယ်တော့မှ ရမယ် မဟုတ်ပါဘူး” (မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)
ဆရာကြီး ဦးဝင်းတင်၏ စကား “နိုင်ငံရေးသမားကောင်းဆိုတာ နှစ်ရှည်သီးပင် စိုက်ရတဲ့ ဥယျဉ်မှူးစိတ်ဓာတ်မျိုး ရှိဖို့လိုတယ်၊ ‘ကိုယ် စားရမှ စိုက်မယ်’ ဆိုတဲ့ စိတ်မျိုးနဲ့တော့ နိုင်ငံရေးသမားကောင်း မဖြစ်နိုင်ဘူး”
အိန္ဒိယနိုင်ငံရောက် မြန်မာသတင်းမီဒီယာသမားများ
နေ့စွဲ - ဇူလိုင်လ ၁၈ ရက်။ ၂၀၀၇ ခုနှစ်၊
Labels: အခြား စာမျက်နှာ |
posted by မြင့်ဇေ @ 10:31 PM |
|
|
|
ကျနော့်အကြောင်း |
Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
|
ယခုလ မာတိကာ |
|
ယခင်လ မာတိကာ အဟောင်းများ |
|
အလည်သွားဖြစ်တဲ့ ဘလော့များ |
|
Powered by |
|
|