အမခင်မင်းဇော် Tag တာကို ဖတ်ကြည့်ပြီး အဘား အဘား အော်မိသည်။ မည်သို့မည်ပုံ စိတ်ကူးများရပြီး ဤအကြောင်းကို Tag ရခြင်းကို အမှန်တကယ်ပင်။ ကျနော့်ဘလော့်ဂ်၏ profile တွင် ကြော်ငြာထိုးထားသည်ကို တွေ့ရက်နှင့်။ ပြီးမှ ပြန်စဉ်းစားမိသည်က လက်တွဲဖော်ဆိုသည်မှာ ချစ်သူရည်းစားရှိခြင်းနှင့် မဆိုင်ဘဲ၊ ကိုယ်ကြိုတင်ရည်ရွယ်ထားသည့် ကိုယ်နှင့် တဘ၀စာလုံး ရိုးမြေတကျ ရှိနေမည့်သူအပေါ် မိမိ၏ မျှော်မှန်းထား ချက်များကို ရည်ရွယ်ခြင်းဖြစ်နိုင်၍ အနှီ အတွေးများဖြင့် ဖုန်တက်နေသောဘလော့ဂ်အား နှစ်သစ်မတိုင်မီ ဖုန်သုတ်လိုက်ရချေသည်။ လက်တွဲဖော်...၊ ငယ်ငယ်တုန်းကတော့ ရင်ခုန်ဘူးတဲ့ အရွယ်တူတွေရှိသပေါ့။ စံတွေ၊ တန်ဖိုးတွေလည်း မသတ် မှတ်ထားပါဘူး။ မိန်းကလေး၊ယောကျာ်းလေး အတူတွဲနေရတဲ့ကျောင်းဆိုတော့ တကျောင်းတည်းနေရတော့ နီးစပ်ပြီး စိတ်ဝင်စားမှုတွေရှိခဲ့တာ အမှန်ပါ။ မလေးနက်သေးတော့လည်း မေ့မေ့ပျောက်ပျောက် ပါဘဲ။ မမေ့ပျောက်လို့ရရော ရနိုင်ပါ့မလား။ အခုဆိုရင်သူတို့က မျိုးဆက်သစ်ကလေး ဘယ်နှစ်ယောက်များ ရနေပြီလဲ မှ မသိ။ အဲဒီမလေးနက်သေးတဲ့အရွယ်နဲ့ တောထဲ၊တောင်ထဲရောက်တော့ တော်လှန်ရေးသမားဘ၀အစဆိုတော့ သိတယ်မဟုတ်လား။ အသားကုန် တက်ကြွနေတာ။ တော်လှန်ရေးကိုလည်း ရေမရှည်လောက်ပါဘူးပေါ့။ အောင်ပွဲမကြာခင်ရမယ်..ဘာ..ညာနဲ့ အောင်ပွဲရပြီးမှ မြို့ပေါ်က ကျန်ခဲ့တဲ့ အီစီကလီလေးကို ယူမယ်ပေါ့။ အဲဒါနဲ့ တနှစ်လည်း မရ၊ ငါးနှစ်လည်းမရ ကြာလာတော့ အဲဒီ စိတ်ကလေး က အငုတ်တောင်မကျန်တော့ဘူး။ နည်းနည်းရင့်ကျက်လာပြီး အခြေအနေကိုလည်း ခန့်မှန်းမိလာတော့ သွားရတဲ့ရှေ့တန်းအခြေခံဒေသက တိုင်းရင်းသူကလေးတွေကို စိတ်ကတိမ်းညွှတ်လာတယ်။ အမှန်ကတော့ ကိုယ့်ကိုယ်ကို စိုးရိမ်တာလည်း ပါတယ်။ ဒီအချိန်မှာ မယူရင် နောက်မလွယ်ဘူးပေါ့လေ။ အဲဒီအချိန်မှာတော့ လေးလေးနက်နက်စဉ်းစားလာရပြီ။ စံတချို့ထုတ်နှုတ်လာတတ်ပြီ။ အဲဒီလိုဒေသတွေက အရမ်းခေါင်းပါးတာလေ။ တော်လှန်ရေးသမားဆိုတာက လည်း လူထုထဲဝင်ရင် ကိုယ့်စည်းကိုယ့်ကမ်း၊ ကိုယ့်နိုင်ငံရေးရေချိန်နဲ့ဖြတ်သန်းနိုင်မှ စည်းရုံးရေးလုပ်ဟန်မပျက် တာမို့လား။ နောက်ကျနော်တို့က ဒေသခံတွေမဟုတ်ဘူး။ မြေပြန့်ကလာတာဆိုတော့ တချက်မှားတာနဲ့ နဂိုစောင်းနေတဲ့ အမြင်က ပိုစောင်းသွားနိုင်တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ လေးလေးနက်နက် တန်ဘိုးထားပြီး လက်တွဲဖော်အဖြစ် ရည်ရွယ်ခဲ့သူတော့ ရှိခဲ့တယ်။ တချို့သိတဲ့သူတွေက ရယ်ကြဦးမယ်။ ဒါပေမယ့် စံဆိုတာက ကိုယ်သတ်မှတ်တာနဲ့လည်း ပြီးတာ ဟုတ်တဲ့ကိစ္စမှ မဟုတ်တာ။ ကိုယ့်ဘက်ကချည်း သတ်မှတ်လို့မရတာလည်း အမှန်။ သူ့ရဲ့သတ်မှတ်ချက်ထဲမှာလည်း ကိုယ်က ၀င်ဆံ့ဦးမှ။ ဖိတ်စာတခြမ်းချည်း ရိုက်ရတဲ့ အဖြစ်မျိုးပေါ့။ ယဉ်ကျေးမှုရေချိန်အရ ကွာခြားနေပြန်ရင်လည်း သူသိတဲ့ ဘ၀ကတခု၊ ကိုယ်နားလည် တာက တခြားနဲ့ ဘ၀ဟာ အလွဲလွဲအချော်ချော်။ ကိုယ့်ဘ၀ကိုနားလည်ပေးမယ့်သူ၊ ကိုယ့်ဘ၀ကို မျှဝေထမ်းကူမယ့်သူ၊ ကိုယ့်အလုပ်ကို မငြူမစူနဲ့ အေးအေးလူလူ ပါရမီဖြည့်မယ့်သူဆိုတာ တော်လှန်ရေးသမား တဦးအတွက် တော်တော်လေးလေးပင်ပင်ရှာရခက်လှပါတယ်။ အဲဒါနဲ့ဘဲ လက်တွဲဖော်ဆိုပြီး ရည်ရွယ်သမျှမှာ ကိုယ်ကတော့ ကျန်ရစ်ဖြစ်ခဲ့ရတာချည်းပါ။ အဲဒီတုန်းကတော့ တောထဲမှာ ရိုးမြေကျနေဘို့ ရည်ရွယ်ရင်း တောင်ယာခုတ်၊ တောအလုပ်လုပ်ပေါ့လေ။ ဒါပေမယ့် ဘ၀အမြင်ကွာခြားတဲ့ လူနှစ်ဦးအတွက်တော့ နီးစပ်ဖို့တောင်မှ တော်တော်ကြီးကိုလုံးပမ်းရတာ။ ပေါင်းစပ်ဘို့ဆိုတာက တောင်တန်းနဲ့ ပင်လယ်။ ဒီလိုနဲ့ ဘ၀ရဲ့တောင်းဆိုမှုကြောင့် တနေရာရောက်ခဲ့ရပြန်တယ်။ အခုတော့ လက်တွဲဖော်ဖြစ်ရမယ့် စံဟာ ငယ်နုစဉ်ကထက်စာရင် ပိုပြီး ဘ၀ဆန်လာသလိုဘဲ။ ရိုးရိုးရှင်းရှင်း လေးပါဘဲ။ ကိုယ့်အလုပ်ကို နားလည်ရမယ်။ ကိုယ့်ကို မကူညီနိုင်ရင်တောင်မှ မငြူစူရဘူး။ကိုယ့်ကိုလည်း ထိန်းကျောင်းပေးရမယ်။ (ကိုပေါရေးတဲ့ ဗျစ်ရည်ကိစ္စမျိုးပေါ့၊ ကိုယ့်ဘက်ကလည်း ကြိုးစားထိန်းသိမ်းရမှာပါ) မငြူစူအောင်လည်း မတင့်တယ်ရင်တောင်မှ ခါးလှ ၀မ်းဝဘို့ကိုတော့ ကိုယ်က တာဝန်ယူရမှာပေါ့။ အထူးသဖြင့် တတိယနိုင်ငံထွက်ဘို့ မတောင်းဆိုရဘူး။ ဒီလောက်ပါဘဲ။ အဲဒီလောက်လေးအတွက်နဲ့တောင်မှ လက်တွဲဖော်က မရလို့ အဘား အဘားဆိုပြီး အော်လိုက်ရပါတယ် Tag ပိုင်ရှင် မခင်မင်းဇော်ခင်ဗျ။ Labels: ရောက်တက်ရာရာ |