Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ကျနော်နှင့် စီဘောက်စ်
Tuesday, July 31, 2007


ကျနော် စီဘောက်စ်ကို ဖြုတ်လိုက်တယ်။ ပြဿနာက ကြာလာရင် ကျနော်ကလည်း မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောတတ်တာနဲ့ ကြာသွားရင် ကိုယ့်အမြင်တွေကို မဖတ်ပဲ စီဘောက်စ်က ရေးထားတာကို ဖတ်ပြီး တော်တော်မိုက်ရိုင်းတဲ့ ဘလော့ဂ်ပဲ ဆိုပြီး ဘယ်သူမှ ကျန်တာကို (ရေးထားတဲ့ ကျနော့်ရဲ့အမြင်တွေကို) စိတ်မ၀င်စားမှာ စိုးတာက တခုပါ။ နောက်တခုက စီဘောက်စ်မှာ ၀င်ပြီးတော့နာမည် အမျိုးမျိုးအသုံးပြုပြီး (ဥပမာ- အမ သဒ္ဓါ နဲ့ မခင်မင်းဇော် ဘောက်စ်ထဲမှာ ရေးတာမျိုးကြောင့်ပါ။ ဘယ်သူတွေက ဒါကို အသုံးချပြီးရေးနေသလဲဆိုတာကို အားလုံးလည်း သိကြတယ်။ ပြန်တုံ့ပြန်ရင် ဒီထဲ မျောသွားမှာ စိုးပါတယ်။ ဒါတွေကြောင့် ကျနော်စီဘောက်စ်ကို ဖြုတ်လိုက်တယ်။

ဒါက စစ်အုပ်စု လုပ်နေကျပါ။ လွန်ခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပွဲနီးတော့လည်း သတင်းစာတွေထဲက အကြီးအကျယ် အပုတ်ချတာလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မွေးနေ့ပွဲပြီးတော့ အဲဒါတွေ သိပ်မပါတော့ဘူး။ ကျန်းမာရေးလိုလို ဘာလိုလိုဆောင်းပါးတွေလျှောက်ထည့်တယ်။ ဒါပေမယ့် Eleven Group က ထုတ်တဲ့ ဂျာနယ်တွေမှာရော၊ ကျန်တဲ့ ဂျာနယ်တွေမှာရော ဆက်တိုက် ပါလာတာက ဇူလိုင်လ တွင်းမှာ ပြန်လုပ်ခဲ့တဲ့ ညောင်နှစ်ပင် ညီလာခံ မတိုင်ခင်မှာ ခြိမ်းခြောက်တဲ့ သဘောထား ပါတဲ့ ဆောင်းပါးတွေ ၊ အသံလွှင့်ချက်တွေကို များများလွှင့်လာပါတယ်။ ဒါက သိပ်မထူးဆန်းဘူး။ ထူးဆန်းတာက ဘလော့ဂ်တွေထဲမှာ…။

မြန်မာလက်ဖက်ရည်ဆိုင်တုန်းက အထဲမှာ ဆွေးနွေးငြင်းခုန်၊ ဆဲဆို လုပ်လို့ရပေမယ့် အဲဒီ ဖိုရမ်ဟာ နအဖလက်မှန်းသိသွားတဲ့အခါ ပိတ်သွားတယ်။ အဲဒီ မပိတ်ခင်အထိ ဘလောဂ့် တွေမှာ ဘာမှ မဖြစ်သေးဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ဘလောဂ့်တွေကို သွေးတိုးစမ်း လာပါတယ်။ နာမည်တွေကတော့ အားလုံးသိပြီးသားပါ။ ထူးခြားတာက အတိုက်ခံရတဲ့ ဘလော့ဂ်အများစုဟာ သီးသီးသန့်သန့် ဖြစ်နေတာပါ။ စံပယ်ဖြူမဂ္ဂဇင်း ဇူလိုင်လထုတ် ထဲမှာ ပါတဲ့ ဘလော့ဂ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတပုဒ်ထဲမှာ စစ်တမ်းအရပြောရရင် မြန်မာပြည်သားတွေလုပ်တဲ့ ဘလော့ဂ် (၀က်ဆိုက်ဒ်ကို မဆိုလိုပါ) ဟာ ၃၀၀-၄၀၀ ကြားမှာပဲ ရှိပါသေးတယ်။

ဒါပေမယ့် ကျန်တဲ့ဘလော့ဂ်အများစုကို မပြောပဲ… အုပ်စုလေးတခုကို ပြောနေတာကိုက တော်တော်ထူးခြားလွန်းလှပါတယ်။ ဘယ်လိုပဲ ပြောပါစေ … ။ ကိုယ့်ကိုယ်ကို မြန်မာပြည်သားဆိုပြီး ကြွေးကြော်တဲ့သူတွေ၊ တိုင်းချစ် ပြည်ချစ်လို့ အော်နေတဲ့သူတွေက ကိုယ့်နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း မပြောပဲ စိတ်လိုလက်ရလာလာဆဲတာကိုတော့ စိတ်ပျက်မိတာတော့ အမှန်ပါ။

အခုကာလကလည်း သူတို့ကို တာဝန်ပေးထားပုံရပါတယ်။ ၈၈၈၈ နီးလာပြီ။ညောင်နှစ်ပင် အပြီးသတ်တော့မယ်။ အဲဒါကြောင့် ဘလော့ဂ်ထဲက တက်ကြွသူတွေကို ဆွဲထား။ မခံချင် အောင်ဆွပေး။ ဒီလောက်ပဲဖြစ်မှာပါ။ ဒါပေမယ့် ကိုယ်လုပ်ရမယ့် ကိစ္စ ကို သိသူတွေ ကတော့ ဘယ်ကလောက်ပဲ ရုန့်ရင်းကြမ်းတမ်းနေပါစေ။ ဆက်လုပ်သွားမှာ ဆိုတာကိုတော့ မယုံမရှိပါနဲ့။

နောက်တခု ဂရုစိုက်ဖို့ ဘလော့ဂါတွေကို အကြံပြုချင်ပါတယ်။ အိမ်မက်အိမ်မှာ ကွန်မန့်တွေထဲမှာ လူမျိုးရေး၊ ဘာသာရေးဆန့်ကျင်မှုတွေ ပါလာတာကို သတိထားမိပါ တယ်။ ရေးပုံသားပုံကလည်း အတိုင်အဖောက်နဲ့ (တယောက်တည်း အမည်အမျိုးမျိုးနဲ့ ဖြစ်နိုင်ပါတယ်) ညီနေတာပါ။ တခုခုအတွက် လမ်းလွှဲချင်နေတာလား ဆိုတာကို စိုးရိမ် မိပါတယ်။

ကိုယ်လုပ်ရမယ့်အရာကို လုပ်ဖို့အတွက် ဆဲဆိုသူများနဲ့ ပြန်လှန် ရန်မဖြစ်ချင်တာကြောင့် စီဘောက်စ်ကို ဖြုတ်ထားပါတယ်။ အာရုံမနောက်ချင်လို့ပါ။ ကိုမောင်ရင် ဥပမာ ပေးသလိုပေါ့ဗျာ..`အမိယုတ်က…´ဘာတဲ့.. သွားလေသူ ဗိုလ်စောမောင် စကားနဲ့ ပြောရင် သိချင်ရင် ရှာဖတ်ပါ။

Labels:

posted by မြင့်ဇေ @ 8:39 AM   1 comments
လွတ်မြောက်ရေးတိုက်ပွဲတွေဆီ ကျနော်လာခဲ့တယ်…. (၅)


သဘောင်္ဆိပ်ကမ်းက ခွာပြီးထွက်လာတာ ခရီးရဲ့တ၀က်ဖြစ်တဲ့ ချောင်းနှစ်ခွကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သဘောင်္ပေါ်ကဆင်းပြီး မုဒုံကိုဖြတ်လို့ ဖားအောက်ကို နောက်တခေါက်ထပ်ရောက်သွားပါတော့တယ်။ အရင် တည်းတဲ့အိမ်မှာ စောင့်နေတဲ့ ရဲဘော်တွေကလည်း ကျနော် ပြန်ပါလာတာတွေ့တော့ အံ့အားသင့် သွားကြပုံ ရတယ်။ သူတို့ကတော့ ရောက်လောက်ပြီထင်နေတာလေ။ အဲဒါနဲ့ သူတို့ကို အဖြစ်အပျက် ရှင်းပြတော့ထပ်ဝေဖန် ကြရော၊ ဒါမှတ်ပုံတင်ပျောက်လို့ဖြစ်တ ဆိုပြီား။ ကျနော်ကတော့ ပြန်ပြောတယ်။ ဒေါသလည်း နည်းနည်း ထွက်သွားတယ်။ တမင်သက်သက် လုပ်ပျောက်တယ်ဆိုရင်တော့ ဝေဘန်မှုက ပြဿနာမရှိပါ။ ဒါပေမယ့် အခုဟာ မတော်တဆအဖြစ်အပျက်ကြောင့် ပျောက်ရှသွားတာကိုတော့ ဒီလောက် ဝေဘန်နေရင်တော့ မဟုတ် တော့ဘူးးလို့ ပြန်ပြောလိုက်တယ်။ အဲဒီအတွက်လည်း ပထမတကြိမ် ဝေဘန်ပြီးသွားပြီပဲ။ အခုလုပ်ရမှာက ဘယ်လိုဆက်သွားမလဲဆိုတာကို ဆွေးနွေးဖို့ဖြစ်တယ်လို့ ပြောလိုက်မှ နည်းနည်းငြိမ်သွားကြတယ်။

အဲဒါနဲ့ သွားရမယ့်လမ်းကြောင်းကို ပြန်တွက်တော့ ကြာအင်းလမ်းကတော့ လုံးဝအခြေအနေမကောင်းဘူး။ ဒါကြောင့် ကျနော်တို့ တည်းတဲ့ အိမ်က ဘိုးတော်နဲ့ တိုင်ပင်တော့ သူက ရေးကို မီးရထားနဲ့ သွားဖို့ အကြံပေး တယ်။ ရေးမရောက်ခင်မှာ လမိုင်းဘူတာ ဆိုတာ ရှိတယ်။ အဲဒီမှာ သူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် လူငယ်တယောက်ရှိတယ်ပေါ့။ ပြီးတော့ အဲဒီလူကလည်း ထိုင်းဘက်သွားတဲ့လူတွေနဲရင်းနှီးတာကြောင့် အဲဒီလူ ဆီကို စာရေးပေးမယ်ဆိုပြီးပြောတယ်။ ဒါပေမယ့် တောခိုမယ့်အကြောင်းမပြောနဲ့ လို့ ဆိုတယ်။ ဟုတ်ကဲ့ပါ။

ကဲလမ်းကြောင်းကတော့ ရပြီ။ ဒါပေမယ့် ကြာအင်းခရီးစဉ်မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ ၆၀၀ ဟာ လုံးဝမရှိတော့ဘူး။ အဲဒါကြောင့် ခရီးစရိတ် ဘယ်နှယ့်လုပ်ရပ အားလုံးဝိုင်းစဉ်းစားကြတယ်။ ရှိတဲ့ ပိုက်ဆံက လမိုင်းလောက်ဘဲ ရမယ်။ ဘုရားသုံးဆူသွားဘို့ကတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ဘွားခနဲ ရောက် လာတယ်။ ပဲခူးအနောက်ခြမ်းက ကိုလင်း (ယခု ဖင်လန်တွင် နေထိုင်လျှက်ရှိ) ပါ။ သူလည်းရှောင်လာတာပါ။ ဒါပေမယ့် ခဏရှောင်ပြီး ပြည်တွင်းမှာ ဆက်လုပ်ဦးမယ်လို့ ဆိုတော့ …သူလည်း ဆက်နေဘို့ မလွယ်တဲ့ အကြောင်း ဆွေးနွေးရပါတယ်။ အဲဒါနဲ့ သူလည်း လိုက်မယ်ကွာဆိုပြီးပြောတော့ ကျနော်အတွက် ခရီးသွားဖော် အဖြစ်ရော၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်ရဲဘက် တဦးအဖြစ်ပါ အဆင်ပြေသွားပါတယ်။ နောက်တခုက လမ်းစရိတ်အဆင်ပြေသွားပါတယ်။ သူ့မှာ ရွှေဆွဲကြိုးပါလာတော့ အဲဒါကို လိုအပ်တဲ့အခါ ထုမယ်ပေါ့။

ဒါနဲ့ နောက်တရက်မှာ ကျနော်တို့ မော်လမြိုင်-ရေး ရထားနဲ့ ထွက်လာကြတယ်။ ရထားကတော့ ကျပ်လွန်းလှပါတယ်။ ကိုယ်မရောက်ဘူးတဲ့ ဒေသဆိုတော့ ဆိုင်းဘုတ်တခုချင်း ဖတ်ပြီး ရောက်မယ့် ဘူတာကို တမေးတည်း မေးရတော့တယ်။ နောက် စိုးလည်းစိုးရိမ်နေမိတယ်။ ကိုယ်တည်းမယ့်အိမ်ကရော အဆင်ပြေပါ့ မလား။

လမိုင်းဘူတာရောက်တော့ ညနေ၃ နာရီလောက်ရှိပါပြီ။ အဲဒါနဲ့ ကိုလင်းက ကျနော့်ကို တည်းမယ့် အိမ်လိုက်ပို့ တယ်။ ကို….. ရှိပါသလားဆိုတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ထွက်လာပြီး ကျနော်ပါဘဲလို့ ပြောတယ်။ အဲဒါနဲ့ ဖားအောက်က ထည့်ပေးလိုက်တဲ့ စာကိုထုတ်ပေးတော့ စာဖတ်ပြီး လာ.. လာ.. အိမ်ထဲဝင်ပါ ပြောတယ်။ ပြီးတော့ ထိုင်းကို ဘာသွားလုပ်မှာလဲ မေးတော့ ထိုင်းမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြန်ပြောလိုက်တယ်။ ဒါဆို ဒီအိမ်ကနေပြီး တပတ်လောက်စောင့်ပါ။ လူကြုံရှိရင် ထည့်ပေးပါ့မယ် ဆိုတော့ ကိုလင်းက နှုတ်ဆက်ပြီးထွက်သွားတယ်။ သူက မော့ဂနင်းရွာမှာ သွားတည်းမှာပါ။ ခရီးသွားဖို့ အဆင်ပြေမှ လှမ်းအကြောင်းကြားမယ်ပေါ့။ ဒါကလည်း လုံခြုံရေးအရ ခွဲတည်းကြတာပါ။

ညနေ ထမင်းစားသောက်ပြီး အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း ကိုလင်း ရုတ်တရက်ပြန်ရောက်လာတယ်။ ဘာများဖြစ်လို့လဲပေါ့။ ဘာမှဖြစ်တာမဟုတ်ဘူး။ သူသွားတည်းမယ့် အိမ်က အိမ်ရှင်တွေမရှိလို့ ပြန်လာတာ။ အဲဒါနဲ့ အိမ်ပိုင်ရှင် အကိုက ဒီမှာဘဲတည်းပါ။ နှစ်ယောက်တည်း လည်း အားနာစရာ မလိုဘူး။ အကိုကြီးအသိတွေဘဲလို့ ပြောတာနဲ့ နှစ်ယောက်သားတည်းဖြစ်သွားတယ်။

ဒီလိုနဲ့ စက်တင်ဘာထဲကို ၀င်လာတယ်။ အိမ်ရှင်အကိုလည်း ထိုင်းဘက်သွားမယ့် ကုန်သည်အဖွဲ့ စုံစမ်းတာက မရသေးဘူး။ တပတ်ကျော်သွားပြီ။ ကျနော်တို့လည်း အားနာလာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အခက် အခဲနဲ့ကိုယ်မဟုတ်လား။ ကျိတ်မှိတ်ပြီးနေနေရတယ်။ တနေ့ကျတော့ အိမ်ရှင်အကို က ပြောတယ်။ ညီတို့ ဒီအချိန် မိုးတွင်းမျိုးက သွားတဲ့လူရှားတယ်။ အဲဒါကြောင့် မင်းတို့ ခဏ အိမ်ပြန်လိုက်။ မိုးတွင်းကုန်ရင် ပြန်လာခဲ့။ အကို ရအောင်ပို့ပေးမယ် ဆိုတယ်။ အဲဒါနဲ့ ကျနော်တို့နှစ်ယောက်တည်း သီးသန့် တိုင်ပင်ကြတယ်။ အခြေအနေကတော့ မထူးတော့ဘူး။ သွားမယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းမယ် လို့ ဆုံးဖြတ်လိုက်တယ်။

ဆုံးဖြတ်ပြီး ကိုလင်းက အိမ်ရှင်အကိုကို အကျိုးအကြောင်း စကားပြောတယ်။ ကျနော်က ဘေးနားမှာထိုင်လို့။ တောခိုဘို့လာတဲ့ အကြောင်း ပြောလိုက်တော့ အိမ်ရှင်အကိုက ပြူးပြူးပျာပျာ ဖြစ်သွားတယ်။ ကျနော်တို့လည်း ငိုပြရတော့တာပေါ့။ သူတို့ကလည်း နိုင်ငံရေးအကြောင်းမသိတဲ့ သာမန်အရပ်သားတွေဆိုတော့ လန့်တာပေါ့။ သူကမေးတယ်။ ညီလေးတို့က ခေါင်းဆောင်တွေလား ဆိုပြီး။ ကျနော်တို့လည်း မဟုတ်ရကြောင်း နောက်လိုက်များသာ ဖြစ်ကြောင်းပေါ့။ ဒါပေမယ့် လိုက်ဖမ်းနေတဲ့ အတွက်ကြောင့် လာခြင်းဖြစ်ကြောင်း ပြန်ရှင်းပြရတာပေါ့။ အဲဒီမှာတင် ပိုဆိုးသွားတော့တယ်။

ကျနော်တို့က သာမန်ဆိုရင် ဖမ်းမှာမဟုတ်ဘူးပေါ့ဗျာ။ ဒါဆိုရင် လိုက်ဖမ်းတယ်ဆိုတာ အရေးအခင်းတုန်းက ခေါင်းဖြတ်တဲထဲ ပါလား လို့ မေးပြန်တယ်။ ကျနော်တို့လည်း ရယ်ချင်ပေမယ့် မရယ်ဖြစ်ဘူး။ ခေါင်းဖြတ်ဖို့ မပြောပါနဲ့။ ရန်တောင်မဖြစ်ရဲပါဘူး ဆိုတော့ သူက ဒါဆိုအိမ်ပြန်ပြီး ရှင်းပြလိုက်ပါ။ အေးအေးဆေးဆေး ပြန်နေပါလို့ ဆိုပြန်တယ်။ အဲဒါနဲ့ ကျနော်တို့က ငိုပြ၊ သူ့ခမျာမှာလည်း အကျပ်ရိုက်ပေါ့။ ဒါနဲ့ ကျနော်တို့က ရှင်းပြတယ်။ မကြာခင် ရွေးကောက်ပွဲ ပြီးသွားရင် (၁၉၉၀ ရွေးကောက်ပွဲကို ဆိုလိုတာပါ) ပါတီတခုခု အနိုင်ရမှာဖြစ်တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။ အခုဟာက အဖမ်းမခံချင်လို့ပါ ဆိုတော့ သူနည်းနည်းတွေတွေဝေေ၀ ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသုံးဆူသွားတဲ့ လမ်းကြောင်းပေါ်မှာ သူ့ ကရင် သူငယ်ချင်း ဆင်သမားတွေရှိကြောင်း၊ အဲဒီကို ပို့ထားပေးမယ်၊ အားလုံး အဆင်ပြေသွားတဲ့အချိန်ကျမှ အိမ်ပြန်ပေါ့လို့ ဆိုပါတယ်။ ကျနော်တို့က သုံးရက်လောက်အချိန်ပေးပါ။ ကြားမှာ ကျနော်တို့လည်း လူကြုံစုံစမ်းမယ်။ အကိုလည်း စုံစမ်းပေးပါ။ သုံးရက်မှ မဖြစ်ရင်တော့ ကျနော်တို့ အကို ပေးတဲ့ အကြံအတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြန်ပြောတယ်။ အမှန်က အဲဒီဆင်သမားတွေဆီ သွားနေရင်လည်း တောထဲရောက်မှာပါ။ ဒါနဲ့ သူကလည်း အိုကေ လို့ပြန်ပြောတယ်။

သုံးရက်အတွင်း ကျနော်နဲ့ကိုလင်းနှစ်ယောက်သား ရင်းနှီးပြီးသား ဒေသခံလူငယ်တွေကို ရသလောက် မေးမြန်းရတာပေါ့။ နှစ်ရက်ကြာတဲ့ ညမှာ ကျနော်တို့ နေတဲ့ အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေ သတင်းတခု ရလာ တယ်။ ကုန်သည်အဖွဲ့ တဖွဲ့ ဘုရားသုံးဆူဘက်တက်ဖို့ ရှိတယ်။ သန်ဘက်ခါလို့ ဆိုတယ်။ အဲဒါနဲ့ အိမ်ရှင် အကိုကို အဲဒီသတင်းပြောပြတော့ သူသွားစုံစမ်းကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ သန်ဘက်ခါမနက် ငါးနာရီ ထွက်မယ် ပြင်ထားပါ လို့ဆိုတယ်။ နောက်နေ့မနက်ကျတော့ ခရီးစဉ်မှာ လိုအပ်တာတွေ ၀ယ်ဘို့အတွက် ကိုလင်းရဲ့ ဆွဲကြိုးလေးဟာ ဆိုင်ရောက်သွားပါတယ်။ နောက်ခရီးထွက်ဖို့အတွက် ပြင်ဆင်ပေါ့။ ကိုလင်းက ငါးခြောက်၊ ဆေးလိပ်၊ ကြက်သွန်၊ဆားစသဖြင့် သယ်၊ ကျနော်ကတော့ လူနှစ်ယောက်စာအတွက် ဆန်ပေါ့။

မထွက်ခင်ညဘက် အိမ်ရှင်အကိုက ကြက်သားဟင်းနဲ့ ကျွေးပြီး စကားတော်တော်ပြောတယ်။ အတူနေတာ နည်းနည်းကြာသွားတာလည်း ပါတယ်။ နောက် တောထဲမှာ တခုခုဖြစ်တာကို စိုးရိမ်တာလည်း ပါပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ပြန်လာဖို့ကို တဖွဖွမှာတယ်။ တောထဲမှာ အဆင်မပြေဖြစ်ရင် ပြန်လာဘို့ကိုပြောတယ်။ နောက် သူကိုယ်တိုင်လည်း စစ်တပ်ကို မကြိုက်တဲ့အကြောင်း ၊ဒါပေမယ့် နိုင်ငံရေးကို နားမလည်လို့၊ မပတ်သက် ချင်လို့ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တယ်။

မနက်ကျတော့ အိမ်ရှင်အကိုက လေးနာရီလောက်လာနှိုးတယ်။ ထမင်းစားသောက်ပြီး ထမင်းထုတ်ထုတ်ပေး တယ်။ ပြီးတော့ ကုန်သည်အုပ်စုစောင့်နေတဲ့ ရွာအပြင်ကလမ်းဆုံလေးကို လိုက်ပို့တယ်။ ကုန်သည်အဖွဲ့ရောက် လာတော့ ကျနော်တို့က အလုပ်သွားလုပ်မယ်ဆိုတဲ့အကြောင်း၊ သေသေချာချာ လမ်းမှာ ဂရုစိုက်ပေးပါဆိုပြီး တဖွဖွမှာတယ်။ ကျနော်တို့ကိုလည်း သူပြောတာ၊ မှာတာတွေကို မမေ့ဘို့အကြောင်း ပြောပြီး ပြန်သွားတယ်။

အိမ်ရှင်အကိုရဲ့ ကျေးဇူးဟာ ကြီးလှပါတယ်။ သူသာ စိုးရိမ်ပြီး နယ်မြေခံတပ်တို့ ၊ ရဲတို့ကို တိုင်လိုက်ရင် ဒါမှမဟုတ် သူ့အိမ်ကနေ ကျနော်တို့အကြောင်း သိသိချင်း မနေခိုင်းတော့ရင် တကယ့်ကို အကျပ်ဆိုက်မှာပါ။ သူစိုးရိမ်ပေမယ့် ကျနော်တို့ သွားလို့ရအောင်လုပ်ပေးတာကိုက သာမန်လူတယောက်ရဲ့မသိစိတ်ထဲမှာတောင် စစ်တပ်ကိုအလိုလို ဆန့်ကျင်နေတာကြောင့် ဖြစ်မယ်လို့ ကျနော်တွေးထင်မိပါတယ်။ အဲဒီမှာတင် ကုန်သည်အုပ်စုက သွားမယ်၊ မော့ဂနင်ကို မိုးစင်စင်မလင်းခင် ဖြတ်မှ ရမယ်လို့ ပြောတာနဲ့ ကျနော်တို့ စထွက်လာကြတော့တယ်။ အရှေ့မှာတော့ အရုဏ်ပျိုးလုလု…။

Labels:

posted by မြင့်ဇေ @ 12:29 AM   1 comments
ရန်သူနှင့်စကားပြောခြင်း-၁
Monday, July 30, 2007


မြန်မာပြည်နိုင်ငံရေးပြဿနာကို ချဉ်းကပ်တဲ့အခါ တောင်အာဖရိက နမူနာနဲ့ ယှဉ်စဉ်းစားတာ များပါတယ်။ အဲဒါကြောင့် နယ်စပ်မှာ ဘာသာပြန်ထုတ်ဝေတဲ့ long walk to freedom လို့ခေါ်တဲ့ တောင်အာဖရိက လှုပ်ရှားမှုခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလားရေးတဲ့ စာအုပ်ကို အပိုင်းလိုက်ခွဲတင်ပေးလိုက်ပါတယ်။ ဖတ်ပြီးသူများ ရှိရင်တော့ ဆောရီးပါဗျာ။

မင်ဒဲလား
ရန်သူနှင့်စကားပြောခြင်း
ဂါမဏိ ဘာသာပြန်ဆိုသည်။
မူရင်းစာအုပ်အမည်
Long Walk to Freedom
ထုတ်ဝေဖြန့်ချီိ
မမကြီးစာပေ
( မြန်မာနိုင်ငံလွတ်လပ်သည့်သတင်းအေဂျင်စီ )
မူရင်းစာရေးသူ
Nelson Mandela
ပုံနှိပ်ခြင်း
ပထမအကြိမ်
အုပ်ရေ
၅၀၀
ပုံနှိပ်ရက်စွဲ
၂၀၀၅ ခုနှစ်။ အောက်တိုဘာလ
မျက်နှာဖုံးဒီဇိုင်းနှင့် အတွင်းအပြင်အဆင်
အောင်ထက်
ကွန်ပျူတာစာစီ
စောဒီထူး။ အောင်ထက်
တန်ဖိုး
ဘတ် ၁၀၀


“ထုတ်ဝေသူ၏ စေတနာ”

မြန်မာနိုင်ငံလွတ်လပ်သည့် သတင်းအေဂျင်စီ BINA မမကြီးစာပေ၏ ပထမဆုံးပွဲဦးထွက်ခြေလှမ်းအဖြစ် ဆရာဂါမဏီိ ဘာသာပြန်ဆိုသည့် “ရန်သူနှင့်စကားပြောခြင်း” စာအုပ်ကို ထုတ်ဝေခွင့်ရသည်မှာ သမိုင်းရေးရာလိုအပ်ချက်တရပ်ကို တထောင့်တနေရာမှ အုတ်တချပ်။ သဲတပွင့်အဖြစ် ဖြည့်စွက်ခွင့်ရသည်ဟု ယူဆလျက် များစွာဂုဏ်ယူ ၀မ်းမြောက်ခြင်း ဖြစ်ရသည်၊မိတ်ဆွေများနှင့် စကားပြောသည်ဖြစ်စေ။ ရန်သူနှင့်စကားပြောသည်ဖြစ်စေ အဓိကရည်ရွယ်ချက်မှာ ယနေ့ကာလ ပြည်သူလူထု၏ မျှော်မှန်းချက်များကိုဖြည့်စွက်နိုင်ရေး ဖြစ်သည်၊ ဤစာအုပ်သည်ယင်းရည်ရွယ်ချက်အောင်မြင်စေရေးအတွက် လိုအပ်နေသော ရပ်တည်ချက်။ အတွေးအမြင်နှင့် နည်းနာတို့ကို ဖော်ထုတ်၍မြန်မာပြည်လက်တွေ့နှင့် ကိုက်ညီစေရေး အတွက် ကြီးမားစွာ အထောက်အကူပြုသည်ဟု ယုံကြည်ပါသည်၊
သန်းထွတ်
ဥက္ကဌ
( မြန်မာနိုင်ငံလွတ်လပ်သည့် သတင်းအေဂျင်စီ )
၁၉ သြဂုတ်လ။ ၂၀၀၅၊

အမှာစကား

မင်ဒဲလား၏ “ရန်သူနှင့် စကားပြောခြင်း” ဘာသာပြန်စာအုပ်လေးအတွက် အမှာစာရေးပေးရန် ကိုသန်းထ္တွ် အကူအညီတောင်းလာသည့်အခါ ကျနော်အနေနှင့် ၀မ်းသာစွာဖြင့် လက်ခံခဲ့ပါသည်၊ အဘယ်ကြောင့်ဆိုသော် ဤစာအုပ်ငယ်လေးသည် မျက်မှောက် မြန်မာပြည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တနည်းမဟုတ် တနည်းနည်းနှင့်
အထောက် အကူ ဖြစ်စေနိုင်မည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်၊ ANC ခေါင်းဆောင် မင်းဒဲလားနောက်ဆုံးအကြိမ် အကျဉ်းကျခံခဲ့ရသည့် (၁၉၆၂)ခုနှစ် ကာလသည် ထိုကာလ၏ စကားအရ အရှေ့ လေ၏ တိုက်ခတ်မှုပြင်းထန်နေသော
ကာလ ဖြစ် သည်၊ ဖက်ဆစ်ဆန့်ကျင်ရေး။ နယ်ချဲဥနဆန့်ကျင်ရေး။ အမျိုးသားလွတ်မြောက်ရေး။ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးတိုက်ပွဲများ ပြင်းထန်နေခဲ့သည်၊ ထိုတိုက်ပွဲသူရဲကောင်းများ၏ အဖြစ်အပျက်ပုံရိပ်များသည် ထိုခေတ် လူငယ်နိုင်ငံရေးသမားများအပေါ်ရိုက်ခတ်မှု ကြီးမားခဲ့ပါသည်၊ ဒီမီထရော့၏ “နိုင်ငံရေးအစီရင်ခံစာ”။ ဖူးချစ်၏ “ကြိုးစင်ပေါ်ကမှတ်တမ်း”။ နေရူး၏“သမီးထံပေးစာ”။ ကတ်စထရို၏ “တရားရုံး လျောက်လဲချက်” များကို လူငယ် နိုင်ငံရေးသမားများများစွာ စိတ်ဝင်စား လေ့လာခဲ့ကြသည်၊ တချိန်တည်းတွင် တောင်အာဖရိကမှ အသား အရောင်ခွဲခြား ဆန့်ကျင်ရေး တိုက်ပွဲသူရဲကောင်းကြီး မင်ဒဲလားအပေါ် တကမ္ဘာလုံးကအာရုံရောက်ခဲ့ကြသည်၊

မင်ဒဲလားသည် (၆၂) ခုနှစ်။ အသက် (၄၄) နှစ်အရွယ်တွင် အကျဉ်းကျခံရပြီး။အသက် (၇၁) နှစ်တွင် အကျဉ်းထောင်မှ ပြန်လွတ်လာခဲ့သည်၊ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းသည် ရှောင်တခင်ကိစ္စမဟုတ်ချေ၊ မင်ဒဲလားကိုယ်တိုင် ၏ ကြံ့ခိုင်သောစိတ်ဓာတ်။ ကြံ့ခိုင်သော နိုင်ငံရေးရပ်တည်ချက်။ မိမိမူအပေါ် အလံမလှဲသည့် ရပ်တည်ကြိုးပမ်းမှု။ အေအန်စီ၏ လက်နက်ကိုင်တိုက်ပွဲ။ တောင်အာဖရိလူမည်းလူထု၏ စည်းရုံးတိုက်ပွဲဝင်မှု။ အနောက်နိုင်ငံ၏ဖိအားပေးမှု စသည် အကြောင်းအချက်များသည် အရေးပါသောနေရာတွင် ရှိခဲ့သည်၊ တောင်အာဖရိကတွင် မင်ဒဲလား လွတ်မြောက်လာခြင်း တွေ့ဆုံ ဆွေးနွေးရေးအဖြစ် ပေါ်လာခြင်းသည် လူဖြူအစိုးရ၏ အမျှော်အမြင်ရှိမှုမှ အစပြုခဲ့ခြင်း မဟုတ်ချေ၊ ပြည်တွင်းပြည်ပ ပြင်းထန်သော ဖိအားကြောင့် ဖြစ်သည်၊ အေအဲန်စီ ၏ မလျော့သော ဇွဲသတ္တိနှင့်တိုက်ပွဲများ။ ပြည်သူလူထု၏ မလျော့သော ဇွဲသတ္တနှင့် တိုက်ပွဲများသည် ဒီကလပ် လူဖြူ အစိုးရကို စားပွဲပေါ်သို့ တွန်းပို့ခဲ့ရာက အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်ခဲ့ရာမှနိုင်ငံရေးအပြောင်းအလဲများကို လူထု၏ဆန္ဒနှင့်အညီ လုပ်ဆောင်နိုင်ခဲ့ကြသည်၊

မင်ဒဲလားနှင့် အေအန်စီ ၏ ကြိုးပမ်းမှု။ ရပ်တည်မှုကိုကြည့်လျှင် မင်ဒဲလားက လက်နက် ကိုင်တော်လှန်ရေးသည် အကြမ်းဖက် မှု မဟုတ်ကြောင်း။ အကြမ်းဖက်မှုသည် အာဏာရှင်အစိုးရတို့၏ အမူအကျင့်သာဖြစ်ကြောင်း ရှင်းလင်းညွှန်ပြခဲ့ သည်၊ ၁၉၉၀ ခုနှစ်။ ဖေဖော်ဝါရီ(၂) ရက်နေ့တွင် လူဖြူအစိုးရ သမတဒီကလပ်က ပါလီမန်အစည်းအဝေးတွင် ANC, PAC,SAC အပါအ၀င် မတရားသင်းကြေညာထားသည့်အဖွဲ့ (၃၁) ဖွဲ့အပေါ် မတရားပိတ်ပင်မှုများကို ရုပ်သိမ်းခြင်း။ နိုင်ငံရေးအကျဉ်းသားများအား ထောင်များမှလွှတ်ပေးခြင်း။ သေဒဏ်ပေးမှုများကို ဆိုင်းထားခြင်း။မတရားအမိန့်အာဏာများကို ရုပ်သိမ်းခြင်း ပြုလုပ်ကြောင်း
ကြေညာခဲ့သည်၊ တောင်အာဖရိကပြဿနာကို ဆွေးနွေးဖြေရှင်းရန် အချိန်ရောက်ပြီဟုလည်း အတိအလင်းကြေညာခဲ့သည်၊ ဤသည်မှာ တောင်အာဖရိကတွင် အပြုသဘောဆောင်သည့် အလှည့်အပြောင်းသို့ ဆိုက်ရောက်ခြင်းဖြစ်သည်၊ (၇) ရက်အကြာ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင်မူ ဒီကလပ်ကိုယ်တိုင် မင်ဒဲလားနှင့် တွေ့ဆုံနှုတ်ဆက်ပြီးနောက်နောက်တရက်တွင် မင်ဒဲလားကို အကျဉ်းထောင်မှ ပြန်လွှတ်မည်ဖြစ်ကြောင်း ပြောကြားလိုက်ရာက မင်ဒဲလားလွတ်မြောက်လာပြီး အပြုသဘော ဆောင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ တဆင့်ပြီးတဆင့် ဖြစ်ပေါ်လာပြီး နောက်ဆုံးအနေဖြင့် တောင်အာဖရိကနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့လေသည်၊

မင်ဒဲလားထောင်မှ လွတ်မြောက်လာစဉ် သူ၏အသက်မှာ (၇၁) နှစ် ရှိပြီးဖြစ်သည်၊ထောင်မှလွတ်မြောက်လာပြီးနောက်တွင် သူ၏ ပထမဆုံးသောမိန့်ခွန်း (၁၉၉၀ ဖေဖော်ဝါရီ၁၁ရက်) တွင် “ခင်ဗျားတို့ရဲ့မလျော့တမ်း စွန့်လွတ်မှုတွေနဲ့ သူရဲကောင်းပီသ အနစ်နာခံမှုတွေက ကျနော့်ကို ဒီနေရာ ရောက်လာစေတာဖြစ်တယ်၊ ဒါကြောင့်မို့ ကျနော့် ဘ၀တသက်တာရဲ့ကြွင်းကျန်နေ သေးတဲ့ နှစ်ကာလတွေကို ခင်ဗျားတို့လက်ထဲအပ်ပါတယ်”ဟု ပြောကြားခဲ့သောစကားများသည် တောင်အာဖရိက ပြည်သူများကိုသာမက ကမ္ဘာ့ပြည်သူများကိုလည်း ကြီးစွာရိုက်ခတ်စေခဲ့သည်၊

ယခုအခါ မြန်မာပြည်ရှိ လူမျိုးပေါင်းစုံများ၏ အာဏာရှင်ကြီးစိုးမှုဖျက်သိမ်း ပစ်ရေး။ လူမျိုးကြီးဝါဒကြီးစိုးမှု ဖျက်သိမ်းရေး တိုက်ပွဲကြီးသည် အလွန်အရေးကြီးသည့်အပိုင်းသို့ဆိုက်ရောက်လာပြီးဖြစ်သည်၊ ဤအခြေအနေတွင် မင်းဒဲလားကို လည်းကောင်း။ အေအန်စီနှင့်အခြားတော်လှန်ရေးအဖွဲ့အစည်းများကိုလည်းကောင်း။ အာဖရိကပြည်သူများကို လည်းကောင်း။ လေ့လာ အတုယူသင့်သည့် အချက်များစွာရှိပါသည်၊ တဖက်မှာလည်း နအဖစစ်အာဏာရှင်များအနေဖြင့် ဂုဏ် သိက္ခာရှိသည့်ထွက်လမ်းကို ရွေးချယ်မည်ဆိုပါကဒီကလပ်အစိုးရ၏ ရဲရင့်သော အပြုသဘောခြေလှမ်းများကို လေ့လာ အတုယူရန် လိုမည်ဖြစ်သည်၊ ထို့ကြောင့် ဤဘာသာပြန်စာအုပ်လေးသည် ကောင်းကျိုးပြုလိုသူများအတွက် တနည်းမဟုတ် တနည်းနည်းနှင့် အထောက်အကူပြုစေနိုင်ပါကြောင်း ဖော်ပြလိုက်ရပါသည်၊
မန်းရှာလားဖန်း (၁၉။ ၃။ ၂၀၀၅)
(ကေအဲန်ယူအထွေထွေအတွင်းရေးမှူး)

အမှာစကား
မင်ဒဲလားကို ကျမစိတ်အ၀င်စားဆုံးအချက်က ထောင်ထဲမှာ (၂၇) နှစ် နေနိုင်တဲ့ အချက်ပဲ၊ ကျမ ထောင်ထဲမှာ (၄) နှစ်ခန့် နေခဲ့တုန်းက တနေ့တနေ့ကို ရှည်ရှည်လျားလျား ဖြတ်ကျော်ခဲ့တယ်၊ ပညာမရ။ စာမရေးနိုင်။ စာမဖတ်နိုင်ဘဲ အခန်းကျဉ်း လေးထဲမှာအလဟဿအချိန်ဖြုန်းခဲ့ရတယ်၊ အချိန်တွေကို ရက်တွေလတွေက စားစားပြီး ဖြုန်းပစ်နေရတယ်၊ ပြန်မရတဲ့ အချိန်တွေ တနေ့လွတ်မှာပဲဆိုတဲ့ မျှော်မှန်းချက်က ကျမတို့ကို ခွန်အားတွေပေးခဲ့တယ်၊ အသက်ရှင်စေခဲ့တယ်၊ မင်ဒဲလားက ဒီလိုအချိန်တွေကို စာရေးတယ်၊ စာဖတ်နိုင်တယ်၊ အချင်းချင်းဆွေးနွေးနိုင်တယ်၊ အသားအရောင်ခွဲခြားမှုကြောင့် ဖြစ်ပေါ်လာရတဲ့အကျိုးဆက်တွေပပျောက်ဖို့ လွတ်လပ်ငြိမ်းချမ်းတဲ့ လူမည်းကမြာတည်ဆောက်ဖို့ ဘယ်လိုကြိုးပမ်းရမယ်
ဆိုတဲ့ အတွေးကွန်ယက်ကို ဖြန့်ကျက်နိုင်တဲ့အခွင့်အရေးကို သူရရှိခဲ့တာက ကျမတို့ထက်သာတယ်၊

ထောင်ဝါဒါတွေနဲ့သူ့ဆက်ဆံရေးမှာလည်း သူဟာ နိုင်ငံရေးခေါင်းဆောင်အဖြစ် လေးလေးစားစားဆက်ဆံခံခဲ့ရတယ်၊ အသား အရောင် ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင်ဖြစ်တဲ့ မင်ဒဲလားနှင့်ထောင်အုပ်ချုပ်သူများအား လေးစားစွာ ဆက်ဆံခံရ သူဖြစ်တယ်၊ သူထောင်အတွင်းအကျဉ်းကျစဉ်က ရေးသားခဲ့တဲ့စာများကိုလည်း နောင်တချိန်မှာ ၀ါဒါတွေက ပြန်ပေးတဲ့ အတွက် သူ့ရဲ့မျှော်လင့်ချက်ကို ကိုယ်စားပြုတဲ့။ အသားအရောင်ခွဲခြားတတ်တဲ့ အာဏာရှင် တွေရဲ့ ဖိနှိပ်မှုကို မှတ်တမ်းတင် စေတဲ့။ သူရဲ့စာများကို ကျမတို့ ဖတ်ရှုလေ့လာခွင့်ရကြပါတယ်၊ သူရဲ့ရန်သူတော်တွေ။ သူ့ကိုအကျဉ်းကျစေတဲ့ အာဏာပိုင်တွေအပေါ် သူဟာမေတ္တာမပျက်ဘူး၊ သူရဲ့စိတ်ရှည်မှု။ ခံနိုင်ရည်ရှိမှု။ ခေါင်းဆောင်ပီသတဲ့ အရည်အချင်းရှိမှုတွေက အာဏာပိုင်တွေရဲ့သဘောထားကို ပြောင်းစေနိုင်တယ်၊ သူ့ရဲ့ ထောင်သက်တမ်းမှာ တနေရာက တနေရာကို ပြောင်းရွှေ့ ပေးတဲ့နေရာမှာ အကောင်းဘက်ကိုရွေးပေးတယ်၊ နောက်ဆုံးမှာ သူ့ရဲ့တောင်းဆိုချက်အတိုင်း အာဏာပိုင်တွေက လိုက် လျောကြတယ်၊ သမတဘိုသာနဲ့လည်း တွေ့ခွင့်ရတယ်၊ သူဟာ သူနဲ့တွေ့မယ့် အတိုက်အခံရဲ့ အကြောင်းကိုလေ့လာပြီးမှ ပေါ့ပေါ့ပါးပါး ယဉ်ကျေးမှုအကြောင်း။ ဖတ်ခဲ့ရတဲ့စာအုပ်အကြောင်းတွေ ဆွေးနွေးပြီး တင်းမားမှုလျော့ပါးချိန်ကြမှ သူလိုချင်တဲ့ နိုင်ငံရေးသမားတွေခြွင်းချက်မရှိလွှတ်ပေးဖို့ ပြောခဲ့တယ်၊ မလိုက်လျောနိုင်ပေမဲ့ တဦးနှင့်တဦး လေးစားကြတယ်လို့ ယူဆရမယ်၊

မင်ဒဲလားရဲ့ အကြမ်းမဖက်ရေး။ စေ့စပ်ဆွေးနွေးပြီး ငြိမ်းချမ်းစွာအဖြေရှာဖို့ဆိုတဲ့ သူရဲ့ ရပ်တည်ချက်မူဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မူအတိုင်းဖြစ်ပြီး ဒီ အကြမ်းမဖက်မှုကြောင့် နိုင်ငံတကာက အလေးထားကူညီမယ်လို့ဆိုတယ်၊ နောက်ဆုံးစေ့စပ် ဆွေးနွေးဖို့ ကမ်းလှမ်းလာတာ အောင်မြင်မှုကို ရရှိခဲ့တယ်၊ ဒီနေရာ စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းကို ရောက်အောင် ကြိုးပမ်းမှုတွေ တဖြေးဖြေးနဲ့အထွတ်အထိပ်ပိုင်း ရောက်လာပုံတွေဟာ ဒီမင်ဒဲလားရဲ့ “လွတ်လပ်ရေးသို့ခရီးရှည်” စာအုပ်ရဲ့
ဆွဲဆောင်မှုအရှိဆုံးအပိုင်းတွေပါဘဲ၊ ဆွေးနွေးပွဲရဲ့တဖက်လူတွေကလည်း ဆွေးနွေးညှိနှိုင်းမှုအပေါ်မှာ ယုံကြည်ချက်
ရှိနေလာပေမယ့်လည်း နအဖရဲ့ မသိကျိုးကျွံမူဝါဒ မကောင်းကျိုးကို အများကြီးဖော်ညွှန်းနေပါတယ်၊

၁၉၉၃ ခုနှစ် မင်ဒဲလားဟာ ငြိမ်းချမ်းရေးနိုဗယ်ဆုကို သူ့ရဲ့ဆွေးနွေးပွဲတဖက်က ပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာဒီကလပ်နဲ့အတူ တွဲရခဲ့ပါ တယ်၊ မတူကွဲပြားတဲ့ (၂) ဦး ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီးရခဲ့တဲ့ ဒီဆုကိုယူရင်း သူက မစ္စတာဒီကလပ်ကို “အသားအရောင်ခွဲခြားရေးစနစ်ကို ချမှတ်ခြင်းအားဖြင့် တိုင်းပြည်နဲ့ပြည်သူလူထုအပေါ် ဆိုးဆိုးဝါးဝါး အမှားကြီး ကျူး
လွန်ခဲ့မိပြီဆိုတာကို ၀န်ခံဖို့ သူဟာ သတ္တိရှိခဲ့တယ်၊ ပြည်သူတွေအားလုံးဟာ စေ့စပ်ဆွေးနွေး မှုတွေကတဆင့် တန်းတူဆွေးနွေးဖက်တွေအဖြစ်နဲ့ မိမိတို့အနာဂတ်ကို မိမိတို့ ဘယ်လိုလုပ်ချင်သလဲဆိုတာ အတူတကွ ဆုံးဖြတ်ပြဌာန်းရေးကို နားလည်သဘောပေါက်တဲ့ အမြော်အမြင်သူ့မှာရှိတယ်” လို့ ချီးကျူးဂုဏ်ပြုခဲ့တယ်၊

မစ္စတာမင်ဒဲလားက “ရန်သူနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့အတွက် အဲဒီရန်သူနဲ့ အတူအလုပ်လုပ်ရမည်၊ အဲဒီရန်သူဟာ ကိုယ့်အဖော်ဖြစ်လာစေမည်” လို့ ထောက်ပြခဲ့တယ်၊

ဒါဟာ မြန်မာနိုင်ငံက လူထုအပေါ်မှာ ငြိမ်းချမ်းစေချင်တဲ့။ သာယာဝပြောစေချင်တဲ့စေတနာသာ နအဖမှာရှိခဲ့ရင်။ နအဖနဲ့အလုပ်အတူတွဲလုပ်ဖို့။ ဒီမိုကရေစီဘက်တော်သားတွေကို လုံခြုံမှုပေးမယ့်အဖော် မလွဲမသွေဖြစ်လာရမှာပါလို့ စဉ်းစားမိရင်း ဒီမိုကရေစီရမယ့် အရိပ်အရောင်လေး ပေါ်ထွန်းလာပါစေလို့ ဆုတောင်းပြီး ဒီစာအုပ်ကို အထပ်ထပ်အခါခါဖတ်ပါ၊ သူများကို ငှားရင် ပြန်ပေးမှာမဟုတ်လို့ တအုပ်လောက်လက်ဆောင်ပေးလိုက်ပါလို့ တိုက်တွန်းပါတယ်၊
ဒေါ်စန်းစန်း
( ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)


ဘာသာပြန်သူ့စကား

နယ်လ်ဆင်မင်ဒဲလားဟာ ၁၉၆၂ ခု။ သြဂုတ်လ (၅) ရက်နေ့မှာ တောင်အာဖရိကလူဖြူအစိုးရရဲ့ တတိယအကြိမ်မြောက် ဖမ်းဆီးမှုကို ခံရပါတယ်၊ ဒါဟာ သူ့ဘ၀မှာ နောက်ဆုံးအကြိမ် အဖမ်းခံရတာလည်းဖြစ် တယ်၊ ဒီတခါ အဖမ်းခံရတဲ့အခါ ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ခံရပြီး အဲဒီကစလို့ ကာလတိုအချိန်ပိုင်းတချို့ကလွဲရင် ရော်ဘင်ကျွန်း အကျဉ်းစခန်းမှာပဲ အကျဉ်းကျခံခဲ့ရတယ်၊ ၁၉၈၂ ခု။ မတ်လ (၃၁) ရက်မှာတော့ တခြား နိုင်ငံရေးအကျဉ်းသားသုံးဦးနဲ့အတူ ရော်ဘင်ကျွန်းအကျဉ်းစခန်းကနေ ပြည်မမှာရှိတဲ့ ပိုးလ်စမိုးအကျဉ်းထောင်ကို ပြောင်းရွှေ့ ခဲ့ရတယ်၊

မင်ဒဲလားရဲဥန ကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း (၁၀) ဟာ ပိုးလ်စမိုး အကျဉ်းထောင်ကို စရောက်တာကနေ စတင်ထားတယ်၊ ဒီဆောင်းပါးမှာမင်ဒဲလားကိုယ်တိုင်ရေးအထုပ္ပတိ “လွတ်လပ်ရေးသို့ ခရီးရှည်” စာအုပ်LONG WALK TO FREEDOM ရဲ့ နောက်ဆုံးနှစ်ခန်းဖြစ်တဲ့ အပိုင်း(၁၀) “ရန်သူနဲ့ စကားပြောခြင်း” နဲ့ အပိုင်း (၁၁) “လွတ်လပ်ရေး” တို့ကို အပြည့်အစုံ ဘာသာပြန်ထားပါတယ်၊

ဒီစာအုပ်ဖတ်ပြီးရင် ရန်သူ။ နိုင်ငံတကာဒဏ်ခတ်အရေးယူမှု။လက်နက်ကိုင်တော်လှန်ရေး။ အကြမ်းဖက်မှု။ နိုင်ငံရေးအံတုမှု။ လူထုတိုက်ပွဲ။ဟစ်တိုင်။ ကွန်မြူနစ်ပါတီ။ ဒိုင်ယာလော့။ စားပွဲဝိုင်းတိုက်ပွဲ။ နှစ်ပွင့်ဆိုင်သုံးပွင့်ဆိုင်။ အမျိုးသားညီလာခံ စတဲ့ အယူအဆများနဲ့ပတ်သက်ပြီးအမြင်ရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်၊

ဂါမဏိ

Labels:

posted by မြင့်ဇေ @ 10:26 PM   0 comments
လွတ်မြောက်ရေးတိုက်ပွဲတွေဆီ ကျနော်လာခဲ့တယ်… (၄)
Wednesday, July 25, 2007


အဲဒီညတော့ ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ အဲဒါနဲ့ မနက်ခင်းကျတော့ နှစ်ယောက်သားက ဘယ်တော့ ပြန်ထွက်ရင်ကောင်းမလဲ ဆိုတာ ဆွေးနွေးဖြစ်ကြတယ်။ ရောက်ရောက်ချင်း ပြန်ထွက်ရင် ဒီကောင်တွေ ပို မသင်္ကာဖြစ်သွားနိုင်တယ်။ ဒါကြောင့် နောက် ၂ ရက်လောက် အခြေမပျက် ဆက်နေပြီးမှ ဒီကောင်တွေကို ပြောပြီးပြန်ကြတာပေါ့ ဆိုပြီး နှစ်ယောက်သဘောတူလိုက်ကြတယ်။။

အိမ်ရှင်တွေက ကျနော်တို့ကို မသိပေမယ့် တော်တော်သဘောကောင်းပါတယ်။ အဲဒီကာလက ရ၀တဥက္ကဌ ခန့်တယ်ဆိုတာလည်း သူတို့လူ ဆိုပေမယ့် အရေးတော်ပုံကလည်း တနှစ်ပြည့်ပြီးခါစပဲရှိသေးတယ်ဆိုတော့ သူတို့လည်း သိပ်တော့ သွေးက မနွေးသေးပါဘူး။ နောက် ရွေးကောက်ပွဲလည်းလုပ်မယ် ပြောထားတာဆိုတော့ သူတို့က အဲဒါပြီးရင်တော့ အခြေအနေ အပြောင်းအလဲရှိမယ်လို့ စဉ်းစားကြပုံရပါတယ်။


သူတို့သားတွေ တပည့်တွေကလည်း ကျနော်တို့နဲ့ ရွယ်တူဆိုတော့ ပေါင်းရသင်းရတာ တညအတွင်း အဆင်ပြေ သွားပါတယ်။ မနက်ဆိုရင် လက်ဖက်ရည်ဆိုင်သွားထိုင်တယ်။ အဲဒီလက်ဖက်ရည်ဆိုင်မှာတော့ အမြဲလိုလို မှတ်ပုံတင် သိမ်းထားတဲ့ ထောက်လှမ်းရေးနဲ့ ဆုံဖြစ်ပါတယ်။ သူ့ဝိုင်းသူထိုင်၊ ကိုယ့်ဝိုင်းကိုယ်ထိုင်ပါ။

အဲဒီညနေမှာ ကျနော်ပြောထားတာလည်း ယုတ္တိဖြစ်အောင်၊ နောက် တွေ့လည်းတွေ့ချင်တာနဲ့ အီစီကလီမလေးရဲ့ အိမ်ကို သွားလည်ကြတယ်။ အိမ်ရှင်သားနဲ့သွားတာပါ။ လူနဲ့ နာမည်ပဲသိပြီး လိပ်စာမသိတော့ တော်တော်ရှာရပါတယ်။ သွားတဲ့အချိန်က ၅နာရီလောက်ရှိပါပြီ။ အိမ်ရှေ့ရောက်တော့ နာမည်အော်ခေါ်တယ်။ အထဲက အသံပြန်ထွက်လာတယ်။ ဘယ်သူလဲတဲ့။ ကျနော် မြင့်ဇေပါ ပြောတော့ …. သိတယ်၊ သိတယ်၊ ၀င်လာခဲ့လို့ အော်တယ်။ ၀င်သွားတော့ မ…… ရှိလား ဆိုတော့ ရှိတယ်။ ရေချိုးနေတယ်၊ ထိုင်ဦးလေ.။ သူ့အမ ကပြောတယ်။

သိပ်မကြာပါဘူး။ ကျနော့် ပန်းကလေးထွက်လာပါတယ်။ (အခုတော့ ပန်းကြီးဖြစ်နေပြီပေါ့နော့်) ဟယ်… ဘာလာလုပ်တာလဲ၊ ဘယ်လောက်ကြာအောင်နေမှာလဲ၊ လဲပေါင်းများစွာ။ ကျနော်လည်း စိတ်မကောင်းခြင်းကြီး စွာနဲ့ လိမ်ရပါတော့တယ်။ အလည်လာတဲ့အကြောင်း၊ မကြာခင်ပြန်မယ့်အကြောင်း၊ ကျောင်းပိတ်လို့ မြန်မာပြည် တပတ်လုံး လျှောက်လည်တဲ့အကြောင်း၊ သူကတော့ တသြော်သြော်နဲ့။ ဒါပေမယ့် ယုံပုံမရပါဘူး။ ကျနော် ရှစ်လေးလုံးတုံးက လုပ်ဆောင်ခဲ့တာတွေ သူသိတာကိုး။

ဒါနဲ့ လာလည်တယ်ဆိုရင် ကြာအင်းသွားလည်မယ်လို့ သူကပြောတယ်။ ကျနော်ကတော့ မလည်တော့ဘူးလို့ ပြန်ပြောဖြစ်လိုက်တယ်။ သန်ဘက်ခါ ပြန်မယ်ဆိုတာလည်း တခါတည်း အသိပေးလိုက်တယ်။ တောထဲရောက်မှ သိရတာက ကြာအင်းရောက်ရင် (အဲဒိအချိန်က) တောထဲရောက်ပြီ။ နောက်တခုထပ်သိရတာက ကောင်မလေးရဲ့ ဦးလေးတယောက်က ကေအဲန်ယူက တပ်မှူးတဦးဆိုတာကိုပါ။ဒါနဲ့ စကားစမြည်နည်းနည်း ထပ်ပြောပြီး ပြန်လာခဲ့တယ်။

နောက်နေ့ကျတော့ ကျနော်တို့ ထောက်လှမ်းရေးကို သွားတွေ့တယ်။ မနက်ဖြန်ပြန်မယ်၊ မှတ်ပုံတင်ပြန်ပေးပါ။ ဆိုပြီး။အဲဒါနဲ့ ဒီကောင်တွေက သဘောင်္ဆိပ်ကျမှ လာပေးမယ်လို့ဆိုတယ်။ အဲဒါနဲ့ ပြန်မယ့်နေ့ရောက်တော့ သဘောင်္ဆိပ်အဆင်းမှာ ကောင်မလေးနဲ့ သူ့အမက လာနှုတ်ဆက်တယ်။ ကြာကြာမနေသွားလို့လည်း စိတ်မကောင်းဖြစ်နေပုံရတယ်။ နှုတ်ဆက်စကားပြောပြီး သဘောင်္ပေါ်တက်လာခဲ့တယ်။ ဥသြတခါဆွဲတော့မှ ကိုရွှေထောက်လှမ်းရေးများ တက်လာပြီး မှတ်ပုံတင်လာပေးတယ်။ မင်းတို့ အိမ်ကိုတန်းပြန်လို့လည်း ပြောသေးတယ်။ ဟုတ်ကဲ့ ပြန်မှာပါ၊ ကျေးဇူးပါပဲအကိုတို့ဘာတို့ အာပလာ လုပ်လိုက်ရသေးတယ်။
သဘောင်္စထွက်တော့ ကမ်းပေါ်က လက်ပြနေသူတွေက အများကြီး.. အဲဒီထဲက လက်ဖ၀ါးလေးတခုတည်းကိုပဲ ကျနော်ကရွေးမြင်နေမိတယ်။ (ဆက်ရန်)

Labels:

posted by မြင့်ဇေ @ 11:14 PM   1 comments
ကိုယ့်မြေကိုယ့်ရေမှာ အမိုးအကာပျောက်သူများ





အိုင်ဒီပီ (Internal Displaced Persons) ဆိုတာကို ပြည်တွင်းအိုးအိမ်မဲ့ ရွှေ့ပြောင်း နေထိုင်သူများ လို့ မြန်မာမှုပြုကြတယ်။ နအဖစစ်အစိုးရရဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေ၊ သနားအကြင်နာကင်းမဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လုပ်အားပေးခိုင်းစေမှုတွေ ကြောင့် ကိုယ့်ဇာတိရပ်ရွာထဲမှာလည်း နေလို့မရ၊ပြီးတော့ နယ်စပ်ဒုက္ခသည်စခန်းတွေဆီ သွားဖို့ကလည်းဝေး၊ ဇာတိမြေကိုလည်း မခွဲနိုင်တာကြောင့် မိသားစုပိုင် ဆိုင်မှုတွေကို ပလိုင်းထဲထည့် ကလေးငယ်တွေကို ကျောပိုးပြီး တောထဲတောင်ထဲမှာပဲ မိသားစုလိုက်လှည့်လည်နေထိုင်နေတဲ့သူတွေပါ၊ အဲဒီလို လှည့်လည်နေထိုင်နေရင်းမှာပဲ နအဖစစ်တပ်နဲ့တိုးရင် အသတ်ခံရပါသေးတယ်။

လူမသိသူမသိ သေဆုံးရတဲ့ ဖြစ်ရပ်တွေ၊ ပမာဏတွေလည်း သေချာမသိရပါဘူး။ အဲဒီလို နေထိုင်သူများဟာ ကရင်ပြည်နယ်တခုထဲမှာကိုပဲ အဲဒီလို ရွာရှောင်ရွာပုန်းနေနေရသူဟာ ၅၀၀၀၀ ကျော်ကျော်လောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ အဲ့ဒီထက်တောင် ပိုနိုင်ပါသေးတယ်။

သူတို့ကို အဓိက အကူအညီပေးနေတာကတော့ ဒေသခံ ပြောက်ကျားတပ်တွေ၊ နယ်စပ်ဒေသ အခြေစိုက် နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေးဝန်ထမ်းတွေ၊ နောက် ဖရီးဘားမားရိန်းဂျား (Free Burma Rangers) အဖွဲ့ စတာတွေဖြစ်ပါတယ်။

လူမမြင်နိုင်တဲ့ နေရာတွေမှာ သူတို့က နေတာများတဲ့အတွက် တောထဲတောင်ထဲမှာ လိုက်ပြီး အကူအညီပေးသူတွေက ရှာရပါတယ်။ အဲဒီအကြောင်းဓာတ်ပုံတွေနဲ့ လတ်ဆတ်တဲ့အစီရင်ခံစာ တခုကို တင်ပေးလိုက်ပါတယ်။


APPPB Update (July 20): HR Situation in Armed Conflict Zone, Karen State by Free Burma Rangers

Please find the following excerpts from the report by Free Burma Rangers (FBR). The report dated July 13, 2007 gives us an update on some of the Burma Army’s atrocities documented by FBR in Papun, Dooplaya and Nyaunglebin Districts of Karen State in May and June 2007.

FBR reports that Burma Army continues to terrorize and oppress villagers in Karen State in its attempt to completely dominate or drive out the civilian population. Frequent attacks have been launched in the last few months in which villagers are shot on site and homes ransacked and belongings destroyed. These attacks are intended to intimidate people and make life impossible, forcing villagers into refugee camps or forced relocation sites. For more information: www.freeburmarangers.org
1) PAPUN DISTRICT:
May: Two women from Takehder village in Luthaw Township, aged 22 and 18, were raped, had their breasts and ears cut, and were then killed. They were gathering vegetables in the jungle when captured by the Burma Army troops.
17 May: The Burma Army troops shot and killed Naw Ku Lue, 19 in her farm house, during an attack on Klaw Kloe Lo village and her body was burned with the house. In this same attack, 7 other houses and 20 tins of rice were also burned.

2) DOOPLAYA DISTRICT:
23 June: Burma Army and its allied DKBA (Democratic Karen Buddhist Army) troops captured a number of people from Htee K’Bler village in Dooplaya District and killed an entire family including two children, ages 4 and 13 and a grandmother, age 65. The names of the victims are:
3) NYAUNGLEBIN DISTRICT:
11 May: LIB 220 of LID (Light Infantry Division) 11 attacked the area of Htee Nya Mu Kee village and burned down one paddy store during the attack. As a result of this attack a total of 107 villagers fled into hiding (31 from Htee Nya Mu village, 19 from Htee Thu Kee and 57 from Wa Per Kwee villages) with no time to collect any of their belongings or food stores.
13 May: About 30 soldiers from LID 88 shelled Yaw Ki village with about 40 mortars, and then sprayed it with small arms fire. Saw Ra Say, 20, was shot dead and 4 farm huts with all belongings including rice and paddies were also burned down. All of the villagers have fled Yaw Ki and are now in hiding in the jungle.
30 May: The Burma Army attacked the Ta Kwa Doh village area of Ker Doh village tract in Kyauk Kyi Township.
2 June: The Burma Army LIB (Light Infantry Battalion) 540 captured six villagers from the area of Ya Kaing Taung village and accused of having contact with the KNU (Karen National Union). They were immediately killed. LIB 540 then informed the Ya Kaing Taung villagers that they must move their village to Tha Pyi Nyut.
4) FORCED LABOR
7 May: The Burma Army forced 154 villagers from Myaung Oo, Aung Chan That and Paw Pi Der villages in Mon Township to work on a new road between Toe Daw and Yin O Sein. This new road cuts through villagers' farmland and has destroyed over 500 acres. The road will connect the headquarters of LIB 599 at Toe Daw and LIB 590 at Yin O Sein. Another 5 villagers from Yulo and one from K’mulo were also conscripted for building a new camp between Yulo and Play Hsa Lo, at Lepelo.

Labels:

posted by မြင့်ဇေ @ 3:32 AM   0 comments
ညောင်နှစ်ပင်ကျိန်စာ
Tuesday, July 24, 2007
ေ၇းသူ-ဗသြ

ဗမာပြည်ရဲ့ နိုင်ငံရေးမိုးကောင်းကင်ဟာ အုံ့မှိုင်းနေတယ်၊ ဘာမဆို ဖြစ်ပေါ်နိုင်တယ် ဆိုတဲ့ လေထုမျိုးကလည်း တသုန်သုန်တိုက်ခတ်နေတာ သတိထားမိတယ်၊ ဗမာပြည်သားများ နဲ့ ဗမာပြည်အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေဟာ နအဖရဲ့ ညောင်နှစ်ပင် ညီလာခံကို မျက်မှောင်ကုတ်ပြီး စောင့်ကြည့် နေကြတယ်၊ သူတို့ရဲ့ဆုပ်ထားတဲ့ လက်သီးတွေထဲမှာတော့ ချွေးစေးတွေတောင်ပြန် နေတယ်။

စစ်အုပ်စုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သွားရင် တိုင်းပြည်နဲ့ အမျိုးသားတွေ ဘယ့်ကလောက် နစ်နာမယ်ဆိုတာ သိသူတိုင်း ဒီအချိန်မှာ ကိုယ်ဘာလုပ်နိုင်သလဲလို့ စဉ်းစားနေကြတယ်။ နယ်စပ်ဒေသတွေမှာ စစ်တွေပြန်ဖြစ်လာဦးမလား။ အာဏာ သိမ်းခွင့်ကို ဖွဲ့စည်းပုံအခြေခံအရ ပေးထားလို့ အာဏာတသိမ်းတည်းများ သိမ်းနေကြတော့မလား၊ ဒီပဲယင်း ထက်ဆိုးတဲ့ လုပ်ရပ်တွေ ထမင်းစားရေသောက်ကိစ္စလို ဖြစ်လာလေမလား၊ စိတ်သက်သာ ဘွယ်ရာကတော့ ဘာမှ မမြင်ရတာအမှန်။


ဒီလိုအချိန်မှာပဲ ဗမာပြည်ရဲ့ နိုင်ငံရေးလောကမှာ ဘီလူးစည်း-လူစည်းလည်း ပိုကွဲလာနေတယ်၊ အဲဒါက စစ်အုပ်စုကို ဆက် လက်ဆန့်ကျင်တိုက်ပွဲဝင်သွားလိုသူတွေနဲ့ နအဖဘက်က အလျှော့ပေးဟန်ပြယုံနဲ့ပဲ ပစ်ထောက်ခံ။ ပစ်ပူးပေါင်းလိုက်မယ်ဆိုတဲ့ လူတွေ သိသိသာသာ ကွဲပြားလာနေတယ်။ တချို့လူတွေဆိုရင် နအဖက ကိုယ့်ကိုလှည့်တောင် မကြည့်တဲ့ကြားကပဲ မျက်စတပစ်ထဲ ပစ်ပြနေကြတယ်၊ ဒီမောင်စေ့စပ်။ မယ်စေ့စပ်တွေ ကတော့ ညောင်နှစ်ပင်ပြီးတော့လည်း အထည်လဲဝတ်ပြီး နောက်တမျိုးနဲ့ တဘက်သတ်ပိုးကြ အုန်းမှာပဲ၊ မီဒီယာတချို့ဟာ ဗမာပြည်ထဲမှာရှိတဲ့ နအဖထောက်ခံသူ အရေအတွက် အချိုးအစားထက် အများကြီးပိုပြီး နအဖထေက်ခံသူတွေကို နေရာပေးပြောခိုင်းလာတယ်၊ တပြားဘိုးရ-ရ။ နှစ်ပြားဘိုးရ-ရ။ ရသမျှနဲ့ စေ့စပ်သာ စေ့စပ်လိုက်ကြဆိုတဲ့လမ်းစဉ်ကို မကျ ကျအောင် ချပေးနေသလား အောက်မေ့ရတယ်၊ တချို့ကဆိုရင် ဘယ်အချက်တွေဟာ ကိုယ့်ဘက်ကအလျှော့ပေးနိုင်တယ်။ ပေးသင့်တယ်လို့တောင် ပြောနေကြတယ်၊ ရှစ်လေးလုံး ဒီဘက်အပိုင်းမှာ ဒီလိုအသံတွေကို ဘယ်တုန်းကမှ အခုလောက် ကျယ်ကျယ် လောင်လောင် မကြားဖူးဘူး၊ ဒါဟာ တိုက်ဆိုင်မှုမှဟုတ်ရဲ့လားစဉ်းစားစရာဖြစ်လာတယ်၊ သူတို့ဟာ မြွေမျိုခံနေရတဲ့ မထွေးလေး ကိုပဲ လျှော့မပေးကောင်းလားလို့ အပြစ်တင်နေတယ်၊ တချို့ကတော့လည်း နအဖဟာ ဒီချုပ်နဲ့မို့ မဆွေးနွေးတာ။ တခြားလူ (ဥပမာ-ငါ)နဲ့ဆိုရင် ဆွေးနွေးမှာလို့ပြောနေ။ တင်နေတယ်၊ နအဖဆီမှာ မုန့်ဆီကျော်က ရှိကို မရှိတာဆိုတာ သူမသိဘူး ထင်ပါရဲ့။

သူတို့ပြောတာကို နည်းနည်းမှနားမယောင်သူတွေထဲမှာ ထိပ်ဆုံးကပါတာ ဗမာပြည်က လူထုကြီးပဲ၊ ရှင်ကြီးဝမ်းလည်းဝင်ဖူး။ ရှင်ငယ်ဝမ်းလည်းဝင်ဖူးနေသူတွေပီပီ နအဖရဲ့ စကား တွေကို တခွန်းမှနားမယောင်ဘူး၊ နအဖရဲ့သဘောထားဟာ ဘယ်သူနဲ့မှမစေ့စပ်ဘူး လို့ပဲ ဖော်ပြနေတယ်ဆိုတာ သူတို့အတွေ့အကြုံအရ ရှင်းနေတယ်၊ ဒါပေမဲ့ ရသလောက်နဲ့ ကျေနပ်ချင်သူများကတော့ နအဖ ခြေလှမ်းတလှမ်း လှမ်းလိုက်တိုင်း ဘာများစေ့စပ်လို့ ရမတုန်းလို့ မှန်ဘီလူးနဲ့ထောက်ကြည့်နေကြတယ်၊ နအဖရဲ့ပိုင်းဖြတ်ချက်ကို သူတို့မမြင်နိုင်ကြ သလိုပဲ၊ နောက်တခု သူတို့သေချာမကြည့်မြင်နိုင်တာက ပြည်သူလူထုကြီးရဲ့ အခြေအနေပဲ၊ ဒါကိုသူတို့ မသိတာလား။ သိရက်နဲ့ တန်ဘိုးမထားတာလား။ သူတို့ကိုယ်တိုင်မှသိတော့မယ်၊ ဒါပေမဲ့ လူထုကြီးရဲ့စိတ်ဓာတ်ကို နအဖ ဗိုလ်ချုပ်တွေ ကောင်းကောင်းသိတယ်၊ ဒါကြောင့် လည်း သူတို့ဟာအဲဒီလို ခွေးကတက်က ခစားပိုင်ခွင့် တောင်းနေသူတွေကို လုံးဝ ဂရုမစိုက်။ မသိချင်ဟန်ဆောင်နေတာပဲ။

စစ်ဗိုလ်ချုပ်တွေအဖို့လည်း အခုသူတို့ရွေးထားတဲ့ လမ်းကလွဲပြီး တခြားလိုက်စရာ မရှိဘူးဆိုတာ မမေ့ဖို့လိုတယ်၊ သူတို့ လက်ရှိခံစား နေရတဲ့စည်းစိမ်ဥစဏာ။ သူတို့သားမြေးမြစ်တွေအတွက် သူကြွယ်ဘ၀အာမခံချက် စတာအားလုံးဟာ အာဏာနဲ့ တိုက်ရိုက်ဆက်နေတယ်၊ အာဏာလက်ထဲမရှိရင် ဒါတွေအားလုံးပျောက်သွားမယ်လို့ သူတို့တွက်ထားပြီးသားဖြစ်တယ်၊ ဒါကြောင့် သူတို့ဟာ သေမြေကြီး။ ရှင်ရွှေထီး လုပ်နေတာဖြစ်တယ်၊ တဆက်တည်းမှာ ဒီတပွဲအတွက် ဘက်စုံပြင်ဆင်နေတာပဲ၊ ရပ်ကွက် ထဲက လူမိုက်လူဆိုးတွေကို တရားဝင် အဖွဲ့အစည်းဖြစ်အောင် ဖွဲ့ပေးတယ်။ အခွင့်အာဏာနဲ့ လက်နက် တပ်ဆင်ပေးတယ်။ လေ့ကျင့်ပေးတယ်။ ဒီပဲယင်းလိုအရေးအခင်းတွေမှာ လက်တွေ့ဆင်းခိုင်းတယ်၊ ၈၈ကျောင်းသားတွေ လူအင်အား ၄-၅ရာလောက်နဲ့ ရွှေတိဂုံဘုရားပေါ်တက်မှာကို အင်အားထောင်သောင်းပြပြီး ခြိမ်းခြောက်တယ်၊ နောက်ပြီး။ သူတို့ရဲ့ကောလာဟာလ စက်ရုံတွေကလည်း ထုံးစံအတိုင်း ကောလာဟာလတွေ အမျိုးမျိုး ထုတ်လွှင့်နေတယ်၊ ဘယ်မှာဖြင့်အင်မတန်ရက်စက်တဲ့ အမည်မသိ တပ်ဖွဲ့တဖွဲ့သွားလာ နေတယ်။ ဘယ်မှာဖြင့် အမည်မသိလူတွေ ရက်ရက်စက်စက်အသတ်ခံရထားတာတွေ့ရတယ် ဆိုတာမျိုးတွေနဲ့ လူတွေကို ခြောက်ခြားအောင်လုပ်ထားတယ်၊ နိုင်ငံရေးရှုပ်ထွေးစေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့မွေး ထားတဲ့ ခြံထဲကလူမျိုးစုံကို ပွဲထုတ်သဘောထားတွေ လွှင့်ခိုင်းတယ်၊ (ရလဒ်ကတော့ လူထုကြားမှာ အဲဒီလူတွေရဲ့ မရိုးသားမှုပဲ ပွင့်ကျသွားတယ်)၊

ဒီလို တိုင်းပြည်အတွက် အဆုံးအဖြတ်ကာလမှာ ကိုယ့်အရောင်အသွေးမှန်တွေ ဖော်ပြလာတာ မဆန်းဘူး၊ ဖော်လည်း ဖော်ပြကြရတော့မယ်၊ ကွဲထွက်မှုတွေ။ ပေါင်းစည်းမှု တွေအထိ ဖြစ်ကောင်းဖြစ်လာနိုင် တယ်၊ နိုင်ငံရေးဆိုတာ အရေးကြီးတဲ့ အကွေ့တကွေ့ရောက်ရင် နိုင်ငံရေးသမားတိုင်း မရှောင်မလွဲသာပဲ ကိုယ့်ရပ်တည်ချက်ကို ဖော်ပြရတာ မျိုးဖြစ်တတ်တယ်၊ အဲဒီလိုအခါမျိုးမှာ ဘယ်သူမှယီးတီးယားတား လုပ်လို့မရဘူး၊ အတိအကျ အဖြေပေးကြရတယ်၊ ဗန်းမော်တင်အောင်ပြောတဲ့ “လူတစ်ယောက်ရဲ့ တန်ဘိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ”ဆိုတာ ဒါကို ပြောတာ၊

ဒီစကားဟာ လူတယောက်မှမဟုတ်ပါဘူး။ အဖွဲ့အစည်းတခုနဲ့လည်း ဆိုင်ပါတယ်၊ အခုဒီချုပ်ဟာ ဒီတကွေ့မှာ သူ့ကို ပြည်သူလူထုက ပုံအပ်ထားတဲ့တာဝန်ကို ထမ်းဆောင်နိုင် မလား။ မထမ်းဆောင်နိုင်ဘူးလား ဆိုတာ ဖော်ပြရတော့မယ်၊ နအဖနဲ့ထိပ်တိုက် မတွေ့ချင်ပေမဲ့ နအဖမကြိုက်တာကိုတော့ အတိအလင်း ပြောရတော့မယ်၊ ဒီညောင်နှစ်ပင်ကချမှတ်လာမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် ဘယ်လို မြင်တယ်။ နအဖက “လူထုဆန္ဒခံယူပွဲ”လုပ်လာရင် လူထုကိုဘယ်လိုလှုံ့ဆော်မယ် စတာတွေ ပြောပြရတော့မယ်၊ ယုန်ကလေး နှာစေးနေလို့ မရတော့ဘူး၊ လူထုကတော့ ရှေ့ကိုတိုးတော့မှာ၊ သူတို့က လမ်းမှန်ပြနိုင်ဖို့လိုတယ်၊ လမ်းမှန်လည်းမပြနိုင်။ ရှေ့မှာလည်းပိတ်ဆို့နေမယ်ဆိုရင်တော့ ကိုယ့်တာဝန်ကိုယ်ယူ ပေတော့ ပဲ၊

တကယ်ကဒီအချိန်မှာ ငြိမ်းအဖွဲ့တော်တော်များများတောင်မှ အားဖြည့်တာ။ ပြင်ဆင်တာတွေ လုပ်နေတယ် ကြားတယ်၊ ဒီချုပ်လည်း ကိုယ့်တပ်ဖွဲ့ကို အနည်းဆုံး အတွေးအခေါ်အရ ပြင်ဆင်တာတော့ လုပ်သင့်ပြီ။

ကျန်စစ်အစိုးရကို ဆန့်ကျင်သူများအားလုံးလည်း အတိုက်အခံများအချင်းချင်း၊ အနည်းဆုံး ကိုယ့် အချင်းချင်း၊ သွေးစည်း ကြောင်းတော့ ဖော်ပြဖို့လိုပြီ။

ဗသြ

Labels:

posted by မြင့်ဇေ @ 11:49 PM   0 comments
လွတ်မြောက်ရေးတိုက်ပွဲတွေဆီ ကျနော်လာခဲ့တယ်.. (၃)


သြဂုတ်လလယ်ကျော်တော့ ကျနော်တို့ စထွက်ခဲ့ပါပြီ…အဲဒီအချိန်မှာ နဂိုအတုယူလာတဲ့ မှတ်ပုံတင် မရှိတော့တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ပိုင်ကိုပဲ သုံးပါတယ်။ သွားတော့ သုံးယောက်။ တယောက်က ကျနော်တို့ကို လိုက်ပို့တာပါ။ သူက တောထဲ သွားတဲ့အတွေ့အကြုံရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် သူက ကျနော်တို့ကို ကြာအင်းဆိပ်ကြီးအထိ လိုက်ပို့ပေးပြီးပြန် ရမှာပါ။

ဖားအောက်ကနေပြီး မော်လမြိုင်ကို ပြန်သွားရပါတယ်။ အဲဒီမွာ သေဘာၤစီးရမွာပါ။ နောက်ကျမှ သိရတာပါ။ အပေါင်ဘူတာတို့၊ ကျိုက်ထိုဘူတာတို့ကနေ ဆင်းပြီး တောဘက်ကို ဆိုက်ကားတစီးငှားပြီးသွားလိုက်ရင် မြို့ပြင်ထွက်တာနဲ့ ကျနော်တို့ သွားမယ့်နေရာဆီ ရောက်သွားတာပါပဲ။ ဒါလည်း တောထဲရောက်မှ သိရတာပါ။ အခုတော့ ကုန်းတတန်၊ ရေတတန်နဲ့ အသည်းထိတ်ထိတ်သွားရတော့တာပါ။


မော်လမြိုင်ကနေ သဘောင်္စီးတော့ ကျနော်နဲ့ လိုက်ပို့တဲ့ ရဲဘော်က တစု၊ ကိုမွှေးကြိုင်က တယောက်တည်း သပ်သပ် ခြားထားတဲ့ သံဇကာကို ကျောချင်းကပ်ပြီး လူခွဲစီးပါတယ်။ တစုံတခုဖြစ်ရင် တယောက်ယောက်ု လွတ်အောင်ပါ။ ဒါနဲ့ ကျနော်တို့လည်း ဒီခရီးကိုသွားဖူးတဲ့ ဟန်ဆောင်ပေမယ့် ဘယ်လိုမှ ဒေသခံနဲ့ကို မတူနိုင်ပါဘူး။ မော်လမြိုင်နဲ့ ဆိပ်ကြီး(ကြာအင်းဆိပ်ကြီးလို့သာ တွဲခေါ်တာ၊ ဆိပ်ကြီး သတ်သတ်၊ ကြာအင်းကသပ်သပ်ပါ) ရဲ့ အလယ်ဗဟိုလောက်မှာ ဆိပ်ကမ်းတခုကို (ချောင်းနှစ်ခွဆိပ်ကမ်းထင်တယ်။) ကပ်ပါတယ်။ အဲဒီမှာတင် ရဲတွေတက်လာပါတယ်။ အဲဒီ ဘေးတလျှောက်က မွန်တပ်နဲ့ ကရင်တပ်တွေ ကြီးစိုးတဲ့ဒေသဆိုတော့ သူတို့က လုံခြုံရေးအရ လိုက်ရသလို၊ နောက် ခရီးသည်တွေကို စစ်ဖို့ပါ။ ဒီမှာတင် ကျနော်တို့ မြွေစကိုက်တော့တာပါဘဲ။

သူတို့ထုတ်ထားတဲ့ အမိန့်က ရန်ကုန်နဲ့ အထက်ဘက်ကလာတဲ့လူတွေကို စစ်ရမယ်။ မသင်္ကာရင် ဖမ်းရမယ်ဆိုပြီး ထုတ်ထားတာပါ။ အဲဒီမှာ သဘောင်္ထွက်ပြီးစစစ်တာက ရဲဘော်မွှေးကြိုင်ထိုင်တဲ့ ဘက်ခြမ်းကိုပါ။ အဲဒီမှာ သူ့မှတ်ပုံတင်က ပဲခူးအနောက်ခြမ်းဆိုတော့ ငြိသွားတယ်။ ဒါပေမယ့်ပါလာတဲ့ ရဲတပ်ကြပ်ကြီး ကပ်ပြီး ခေါ်သွားပြီး မှ ပိုက်ဆံပေးလိုက်တာ အဆင်ပြေသွားတယ်။ ဒါနဲ့ သူက နဂိုထိုင်တဲ့နေရာကိုပြန်လာပြီး ကျောချင်းကပ်အနေ အထား နဲ့ အခြေအနေကို ရှင်းပြပါတယ်။ ကျနော့်ကိုလည်း ပိုက်ဆံပေးလိုက်ဖို့ပြောတယ်။ တွက်ကြည့်တော့ ပိုက်ဆံက ၄၀၀ ကျပ်လောက်ပဲ ရှိတာ။ နောက်ကျနော်က ဒါမျိုးတခါမှ ပေးဖူးတာမဟုတ်တော့ ပေါက်တဲ့နဖူးမထူးတော့ဘူး၊ နောက်ဒီလောက်လည်း ဒီကောင်တွေ ကြည့်မှာမဟုတ်ဘူးလို့ ထင်လိုက်မိတယ်။

ကျနော်တို့အလှည့်ရောက်တော့ ရန်ကုန်မှတ်ပုံတင် ဆိုတော့ မေးတော့တာပေါ့။ဘာလုပ်မလို့လဲ၊ ဘာကိစ္စနဲ့လာတာလဲ၊ အသိရှိလား စသဖြင့်။ ကျနော်တို့က ကျောင်းပိတ်ရက်ဖြစ်နေလို့ မော်လမြိုင်က အမျိုးတွေဆီ လာလည်တာကဆက်ပြီး စိးပွားရေးလုပ်ငန်းလေးဘာလေး စနည်းနာတာလို့ ပြန်ဖြေလိုက်တယ်။ အဲဒါနဲ့ မင်းတို့က ဆိပ်ကြီးကိုလာတာ အသိရှိလို့လား မေးတော့ ဖျတ်ခနဲ သတိရလိုက်တာ ကိုးတန်းနှစ်က ကျနော်နဲ့ အီစီကလီ ဖြစ်ခဲ့တဲ့ ကောင်မလေးကိုပါ။ အဲဒါနဲ့ ရှိပါတယ်ပေါ့၊ ကျနော်နဲ့ပါလာတဲ့ ရဲဘော်ကလည်း သူလည်း ရှိပါတယ်၊ ဘယ်နေရာမှာ နေပါတယ်၊ ဘယ်လောက်ခင်ကြောင်း အာရတော့တာပေါ့။ ဒါပေမယ့် သူတို့က မင်းတို့ မှတ်ပုံတင်တွေ သိမ်းထားမယ်။ ပြီးရင် ဆိပ်ကြီးရောက်မှ ဆက်စီစဉ်မယ်ပေါ့။ ရပါတယ် ဆိုပြီး ပြန်ပြောလိုက်ရပေမယ့် ရင်ကတော့ စိုးထိတ်နေပါပြီ။

ဒီလိုနဲ့ ရဲတယောက် စောင့်ကြည့်နေတော့ ဘာမှ တိုင်ပင်လို့မရ။ သူ သတိတချက် မထားမိတဲ့အချိန်မှာ ရဲဘော်မွှေးကြိုင်ကပြောတယ်။ ရောက်ပြီး ဟိုဘက်ကမ်းက နာရီဝက်စောင့်မယ်။ မလာရင် သူတော့ သွားမယ် ဆိုပြီး ပြောတယ်။ အိုကေ.. ပေါ့လေ ကျနော်ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကျနော်တို့ ဆိပ်ကြီးကို ရောက်သွားပါပြီ။ ကျနော်တို့ကို မဆင်းခိုင်းပါဘူး။ ခရီးသည်အားလုံးကုန်တော့မှ (ရဲဘော်မွှေးကြိုင်လည်း ဆင်းသွားပါပြီ) ကျနော်တို့ကို လာခေါ်တယ်။ ပြီးတော့ ကျနော်တို့ကို သဘောင်္ဆိပ်မှာ အ၀င်အထွက်လာကြည့်တဲ့ ထောက်လှမ်းရေးနှစ်ယောက်လက်ထဲ လူရော၊ မှတ်ပုံတင်ပါ ပေးရင်း အကျိုးအကြောင်းတွေ ရှင်းပြလို့ထားခဲ့တော့တယ်။

ထောက်လှမ်းရေးနှစ်ကောင်လုံးက ခပ်ပုပု…၊ ဒါပေမယ့် တယောက်က မျက်နှာက သိပ်မဆိုးလှ။ နောက်တယောက်ကတော့ အမိန့်ပေးတိုင်း လုပ်မယ့် ရုပ်မျိုး။ အဲဒီမှာတင် မေးခွန်းပေါင်းသောင်းခြောက်ထောင် မေးတော့တာပဲ၊ ရဲတွေ မေးခဲ့တဲ့ မေးခွန်းအတိုင်းပါပဲ။ သူတို့ဆီကို ခေါ်မသွားဘူး။ သဘောင်္ဆိပ်နဲ့ သိပ်မဝေးတဲ့ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပါ။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်က တယောက်ပြောတဲ့စကားကို တယောက်ပြန် နင်းပြောရင်း လှိမ့်ရတော့တာပေါ့။ (အဲဒီနေရာမှာ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ဖောက်ဖျက်သူလို့ ကြိုက်သလို ပြောကြစေတော့၊ လိမ်ရပါတော့တယ်၊ ကိုယ်က မြင့်မြတ်သူမဟုတ်သလို၊ အနာအကျင်လဲ လိုအပ်မှ ခံမယ့်သူပါ)။ ကျနော်နဲ့ ပါလာတဲ့ ရဲဘော်က ခိုင်ပါတယ်။ သူက ၈၈၈၈ ပြီးစမှာ တောခိုသွားပြီးမှ အခြေအနေကို စိတ်ပျက်ပြီး ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်ဝင်လာခဲ့တာ၊ ၀င်တဲ့နေရာကလည်း အခု ကျနော်တို့ ရောက်နေတဲ့ ဆိပ်ကြီးမှာ။

အဲဒီတုံးက ကြိုဆိုရေးတွေဘာတွေ လုပ်ကြတဲ့အချိန်မှာ သူက အိမ်တအိမ်မှာ တည်းခဲ့ဖူးတယ်။ ဒါပေမယ့် သူ့နာမည်အစစ်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ကိုဆွဲထားတဲ့အချိန်မှာ အဲ့ဒီဘိုးတော်က ရ၀တ ဥက္ကဌ ဖြစ်နေတယ်။ သူ့နာမည်ပြောတော့ ထောက်လှမ်းရေးလည်း ကြောင်တောင်ယောင်တောင်ဖြစ်သွားတယ်။ အဲဒါနဲ့ မင်းတို့ကို အဲဒီအိမ်လိုက်ပို့မယ် ပြောပြီး လိုက်ပို့တယ်။

အိမ်ရှေ့ ရောက်တော့ ထောက်လှမ်းရေးတွေက အိမ်ရှင် အဖိုးကြီးနာမည်ကို ခေါ်တယ်။ အဖိုးကြီးထွက်လာတော့ ဥက္ကဌ ခင်ဗျားအသိတွေလို့ သူတို့ကပြောတယ်.. ဟုတ်လား .. မေးတော့ အဖိုးကြီးကလည်း မမှတ်မိဘူး။ အဲဒီမှာတင် ကျနော်နဲ့ပါလာတဲ့ ရဲဘော်က ဟာ … အဘ ကျနော့်ကို မမှတ်မိဘူးလား။ ကျနော်က ဘယ်အုပ်စုနဲ့လာပြီး အဘအိမ်မှာတည်းခဲ့တယ်လေ၊ လွန်ခဲ့တဲ့ နှစ်က…။ သူအရမ်းကောင်းလွန်းပါတယ်။ အဖိုးကြီးက တကယ်တော့ သူ့ကို မမှတ်မိပါဘူး။ ဘာလို့ဆိုတော့ အဲဒီအချိန်တုံးက ပြန်ဝင်ခဲ့တဲ့ လူတွေကများတော့ လူတိုင်းကို တဦးချင်းစီမှတ်မိဖို့က အရမ်းခက်တယ်။ နောက် နာမည်တွေကလည်း တကယ့်အစစ်မသုံးခဲ့လို့ပါ။

ဒီမှာတင် အဖိုးကြီးလည်း နဝေတိမ်တောင်နဲ့ သိသလို ဟန်ဆောင်ပြီး ကျနော်တို့ကို လက်ခံလိုက်ရတယ်။ အဲဒါနဲ့ ကျနော်တို့ကို အပ်ပြီး ပြန်မယ်လုပ်နေတဲ့ ထောက်လှမ်းရေးတွေကို အကို ကျနော်တို့ မှတ်ပုံတင်လေး ပြန်ပေးပါဦး ပြောကြည့်တယ်။ သူတို့က ဘာမှမစိုးရိမ်ပါနဲ့မင်းတို့ ပြန်ရင် ငါတို့ကိုယ်တိုင် လာပေးပါ့မယ် ဆိုပြီး ပြောပြီးပြန်သွားကြရော။

ထောက်လှမ်းရေးတွေ ပြန်သွားတော့မှ ပါလာတဲ့ ရဲဘော်က အဖိုးကြီးကို လုံးဝ စည်းရုံးရတော့တယ်။ သူ့ရဲ့သားတွေကလည်း ကျနော့်နဲ့ အသက်သိပ်မကွာတော့ ဟိုမေးဒီမေးနဲ့ ကျနော်လည်း လုံးရတယ်။ ဘယ်သူ့ကိုသိလား၊ ဘယ်ဝါ့ကို သိလားပေါ့။ ကျနော်နဲ့ အီစီကလီဖြစ်တဲ့ကောင်မလေးရဲ့ လိပ်စာကိုလည်း သူတို့ဆီကပဲ ရလိုက်ပါတယ်။

ထမင်းသာစားပေမယ့် မဖြောင့်ခဲ့ပါဘူး။ အဲဒီအိမ်ရှင်တွေက ကျနော်နဲ့ ပါလာတဲ့ ရဲဘော်ကို မမှတ်မိတော့လို့ပါ။ အဲဒီညမှာ သူပြောတဲ့ နာမည်ကို ထမင်းစားပြီး အိမ်ရှင် ဘိုးတော်က ရုံးကစာရင်းတွေထဲမှာ သွားရှာပါတယ်။ ကျနော်တို့ အိပ်လောက်ပြီလို့  ထင်တဲ့အချိန်မှာ ပြန်လာပြီး သူ့မိန်းမကို တီးတိုးပြောတာ ကြားပါတယ်။

ဘယ်ကကလေးတွေလည်း မသိပါဘူးကွာ၊ သူတို့ပြောတဲ့ နာမည်တွေလည်း မတွေ့ဘူး။

ကျနော်တို့ကလည်း တိုင်ပင်ထားတာ တခုခုဖြစ်တာနဲ့ ဘေးနားက ချောင်းကို ပြေးပြီး လွတ်လွတ်မလွတ်လွတ် ရေကူးပြေးမယ်ပေါ့။ ဒါပေမယ့် အိမ်ရှင်တွေ အရမ်းကောင်းပါတယ်။ သူတို့မသိတဲ့လူတွေကို ဘာမှ မဖြစ်စေအောင် သူတို့အကျိုးအတွက် အသုံးမချခဲ့လို့ပါ။

Labels:

posted by မြင့်ဇေ @ 7:08 AM   0 comments
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၄၃နှစ်မြောက် ဓာတ်ပုံ
Monday, July 23, 2007


စမ်းချောင်းမြို့နယ် ချမ်းသာလမ်း ဆရာကြီး နေအိမ်၌ ဆရကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၃ နှစ်မြောက် အထိမ်းအမှတ်ကို ဆရာကြီး ဂူဗိမာန် စောင့်ရှောက်ရေး ကော်မတီနှင့် ဆရာကြီး၏ မိသားစုဝင်များ

Labels:

posted by မြင့်ဇေ @ 10:37 PM   1 comments
သစ်စေ့လေးများအိပ်နေချိန်မှာ ပွင့်လန်းဖို့အတွက် ပြင်ဆင်ကြရအောင်


တနေ့ က… အလုပ်လည်း မလုပ်ချင်။ အိပ်ကလည်း အိပ်ချင်နဲ့။ ၂၀၀၇ ခုနှစ် ဧပြီလထုတ် စံပယ်ဖြူ စာအုပ်လေးကို အသာလေးယူပြီး အခန်းထဲဝင်ပြီး ဖတ်လိုက်တာ.. အိပ်ချင်စိတ်လည်း ပျောက်သွားတယ်၊ မအိပ်အောင်လည်း ထိန်းထားလိုက်ရတယ်။ ဖတ်မိတဲ့ ဆောင်းပါးလေးက လွတ်လပ်အိမ်ရေးထားတဲ့ `သစ်စေ့များအိပ်နေချိန်နှင့် ပညာရေးတစေ့တစောင်း´ ဆိုတာပါ။

ဆောင်းပါးစအဖွင့်မှာ တရုတ်ပြည်က သတင်းတပုဒ်နဲ့စပါတယ်။ ဆောင်းပါးရှင်ကို သူ့မိတ်ဆွေတဦးက ပြောတာတဲ့။ ဘာသတင်းလဲဆိုတော့ တရုတ်ပြည်အလယ်ပိုင်းမှာ ရှေးဟောင်း အုတ်ဂူတခုကို ဖွင့်တော့ နှစ်ပေါင်းတထောင် သက်တမ်းရှိတဲ ပဒုမ္မာကြာစေ့ လေးတခုကို တွေ့သတဲ့။ အဲဒီမှာ သစ်စေ့လေးကို မျိုးပွားနိုင်မပွားနိုင် စမ်းကြည့်တော့ ပွားနိုင်သေးတာကို တွေ့ရတယ် ဆိုပဲ။ အံ့သြဖွယ်ကောင်းတာက သစ်စေ့လေးရဲ့ အိပ်နေတဲ့ အချိန်ဟာ နှစ်တထောင်… ပုံမှန် မျိုးစေ့တွေဆိုရင် တနှစ်ကျော်တယ်ဆိုရင်ပဲ ပိန်ရှုံ့ ခြောက်သွေ့ပြီး မျိုးပြတ်သွားတဲ့ အမျိုးမဟုတ်လား။

အဲဒါလေးဖတ်ရင်းနဲ့ တွံတေးသိန်းတန်ရဲ့ သီချင်းတောင်မှ အမှတ်ရလိုက်သေးတယ်။ `ပဒုမ္မာကြာရယ် ၊ ကျုပ်ရည်းစားနဲ့ ညားအောင်စောင့်ဦးကွယ်´ ဆိုတဲ့ စာသားလိုပေါ့။ ဖြစ်လည်းဖြစ်နိုင်တယ်။ တရုတ်ပြည်ရဲ့ သမိုင်းကလည်း ဒဏ္ဏာရီ အများသားမဟုတ်လား၊ နဂါးနိုင်ဓားထဲက ဇာတ်လိုက်တွေ ကျိန်စာဆိုထားတဲ့ သစ်စေ့လေးလည်း ဖြစ်နိုင်တာကိုး။

ထားတော့။ ပညာရှင်များက သစ်စေ့လေးဂူထဲမှာ ရောက်နေတဲ့ကာလကို ခေါ်တာ သိုးဆောင်းလိုခေါ်ရင် (Dormant Period) ဆိုပဲ။ သစ်စေ့လေး အိပ်နေချိန် လို့ မြန်မာမှု ဆောင်းပါးရှင်က ဆိုတယ်။ အဲဒီလို ဘာလို မျိုးပွားနိုင်လဲဆိုရင် သူမျိုးပွားဖို့အတွက် လိုအပ်တဲ့ အနေအထားအားလုံးကို ဒီသစ်စေ့လေးက ရလို့ဆိုတာပါပဲ။ ခြောက်သွေ့မှု၊ မြေအနေအထား၊ အေးစက်မှု စသဖြင့် ပေါ့ဗျာ။ ကျနော်ကတော့ စိတ်ဝင်စားတာ ဒီသစ်စေ့လေးလိုပဲ အခြား ရှင်သန်ခွင့်မရဘဲ ခေါက်ရိုးကျိုးနေတဲ့ ပုံစံခွက်ထဲက အကြောင်းအရာတွေကိုပါ။

ဆောင်းပါးရှင်က ကမ္ဘောဒီးယားက ပိုပေါ့ခေတ်နဲ့ အခုကာလ မျိုးဆက်သစ်တွေရဲ့ ပညာရေးကိုလေ့လာမှုကို နှိုင်းယှဉ်ပြ ထားပါတယ်။ ပိုပေါ့လက်ထက်က သုညခေတ်ကို ပြန်သွားဘို့ ကြံစည်တယ်။ ဆိုလိုတာက ပညာတတ်နေသူတွေဟာ အရင်းရှင်ပညာရေးရဲ့ အစေခံတွေဖြစ်တယ်။ ဒါကြောင့် ဒီပညာတတ်တွေထဲက အတွေးအခေါ်တွေကို ရှင်းဖို့ဆိုရင် သတ်ပစ်ရမယ်။ မျက်မှန်တတ်တာဟာ ပညာတတ်ခြင်းရဲ့ အဓိပ္ပါယ် ဖော်ကျူးချက်ဖြစ်တယ်။ ဒါကြောင့် မျက်မှန် တတ်သူတွေကို ရှင်းပစ်ရမယ်။ စသဖြင့် ပေါ့… ကိုယ်ယုံကြည်တဲ့ ၀ါဒရဲ့ တရားကိုယ်ကို မဆုတ်ကိုင်မိပဲ ကိုယ်လိုရာကို ကောက်ချက်ဆွဲပြီး ၀မ်းနည်းဖွယ်ရာ စက်ဆုပ်ဖွယ်ရာ လူသတ်ပွဲတွေကို ကျင်းပခဲ့ကြတယ်။ ပင်ကိုယ် မျက်စေ့မှုန်တဲ့ သူတောင်မှ မျက်မှန်မတပ်ရဲတော့ဘူး။ အဲဒီအဖြစ်အပျက်ကို သုညခေတ်လို့ ရည်ညွှန်းတာပါ။

ဒါပေမယ့် ဒီကာလမှာတော့ ဒီလို မဟုတ်တော့ပါဘူး။ကမ္ဘောဒီးယားရဲ တက်လာတဲ့ မျိုးဆက်သစ်တွေဟာ အန်ကောဝပ်ကြီးကို ပြန်ပြင်တယ်။ ထိန်းသိမ်းတယ်။ သူတို့ရဲ့ ရိုးရာဂီတတွေကို လေ့လာထားတဲ့ အဖြူတွေဆီက ပြန်ယူတယ်။ စသဖြင့်ပေါ့…။

ဒါရဲ့အဓိပ္ပါယ်က ရင်ထဲမှာ ပွားခွင့်မရတဲ့ သစ်စေ့ကို ရေခံမြေခံကောင်းကောင်းနဲ့ ထိန်းသိမ်းထားပြီး လုပ်ခွင့်ရတဲ့ အနေအထားမှာ ပြန်ပြီးပွားများတဲ့သဘောပါ။

ကဲ… ကျနော်တို့ရော ဘယ်လိုလဲ… ။ ဒီလို ထူပိန်းမှောင်မိုက်နေတဲ့ ခေတ်ကြီး စနစ်ကြီးအောက်မှာ သစ်စေ့တွေ တချိန်မှာ ပွင့်လန်းခွင့်၊ မျိုးပွားခွင့်ရအောင်လုပ်ထားဖို့လိုနေပါပြီ။ သစ်စေ့တွေနဲ့ တူတဲ့ မျိုးဆက်သစ်တွေ မဆွံ့အသွားအောင်၊ ရှင်သန်ကြီးပြင်းခွင့်ရအောင် သူတို့အိပ်နေရတဲ့ ကာလလေးမှာ ထာဝရ အိပ်မပျော်သွားဖို့အတွက် ရှင်သန်နိုင်မယ့် အနေအထား၊ အခြေအနေ၊ ရေခံမြေခံ လေးတွေ ဖန်တီးပေးကြပါစို့။ ဒါမှလည်း ကျနော်တို့ချစ်တဲ့ တိုင်းပြည်၊ လူမျိုး၊ ထုံးတမ်းဓလေ့အစဉ်အလာတွေ … ကို ထိန်းသိမ်းထားနိုင်မှာပါ။ သုညခေတ်ကို ပြန်မရောက်နိုင်မှာပါ။

ဒီစာလေးရဲ့ အထက်မှာ ပြောခဲ့တဲ့ အတိုင်းပဲ ကျနော်စာဖတ်ပြီးတော့ မအိပ်နိုင်တော့ပါဘူး။ အိပ်ပျော်သွားရင် ထာဝရ ဖြစ်သွားမှာဆိုးပါတယ်။ ဘာလို့ဆိုတော့ အိပ်ပျော်နေခဲ့ရတဲ့ ဘိုးတော် သစ်စေ့ကြီးတွေက ကျနော်တို့ကိုယ်တိုင် ဖြစ်နေခဲ့တာကိုး။ ကိုယ်မြင်ခဲ့တဲ့၊ ကိုယ်ထိတွေ့ခဲ့တဲ့ ဘ၀အရကိုက နောင်လာမယ့် သစ်စေ့လေးတွေ အိပ်နေရင်တောင်မှ နောင်တချိန်မှာ ပြန်ရှင်သန်လာစေနိုင်မယ့် အနေအထားကို ဖန်တီးဖို့ အပ်နှင်းခဲ့ပါပြီ။ သူတို့အနာဂတ် ၀င်းပစေဖို့အတွက် ကျနော်တို့က ပုခုံးနဲ့ ထမ်းတင်ကြရမယ်ဆိုတဲ့ ဆန္ဒနဲ့ ရေးလိုက်ပါတယ်။

Labels:

posted by မြင့်ဇေ @ 9:22 AM   1 comments
မောင်ဖိုးဇေလေးကရော ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်ရဲ့လား… … မနိုင်ပါဘူး၊ ဒါပေမယ့်…..


ကိုယ်ကျင့်တရားတဲ့…။ မခင်မင်းဇော်က တက်ဂ်လိုက်တာပါ။ ကျနော်ကတော့ ချောက်ထဲကိုသာ ခုန်ချလိုက်ချင်တော့တာပဲ။ ကိုယ့်ကိုကိုယ်ဖော် မသူတော်ဖြစ်မယ့် ဗြဟ္မာမင်းခေါင်းကြီးကို ကျနော့်အလှည့် ကိုင်ထားဦးဆိုပြီး လွှဲပေးလိုက်တာ။ အဲဒီ ခေါင်းကြီးကလည်း ကိုယ်ကိုယ်တိုင်ဖြစ်နေတော့ ကိုယ့်အကြောင်းကို အခြေခံပြီး ရေးရတော့မှာပေါ့… … ။ ကျနော်လည်း ကိုယ်ကျင့်တရားအရ မှားဖူးပါတယ်။ အဲ့သလို ရေးလို့ မောင်ဖိုးဇေတယောက်တော့ သူများသားပျိုသမီးပျိုတွေကို စော်ကားဖူးတယ်လို့ မထင်လိုက်ပါနဲ့။ မှားတာက ငယ်ငယ်က စွန်လွှတ်တဲ့ရာသီရောက်ရင် အမေ့ပိုက်ဆံအိတ်ထဲက အမေမသိအောင် ခိုးယူဖူးပါတယ်။ နောက်တော့ ကိုယ်ကိုယ်တိုင်လည်း မှားမှန်းသိ၊ မိဘတွေက ဝေဖန်တဲ့အခါကျတော့ အဲ့ဒီအကျင့် ပျောက်သွားပါတယ်။

ကိုယ်ကျင့်တရား… ။ မောင်ဖိုးဇေရာ မင်းတို့က ကြီးကြီးကျယ်ကျယ် ကိုယ်ကျင့်တရားလေးဘာလေး လျှောက်ပြောနေတယ်။ မင်းတို့ကရော ဘယ်လောက်များဆောက်တည်ထိန်းသိမ်း ကျင့်ကြံနိုင်လို့လဲ.. လို့ ပြောလာရင် ဟုတ်ကဲ့လို့ပဲ ပြောရမှာပါ။ လူတွေဟာ အားလုံး ခြောက်ပစ်ကင်းသဲလဲစင်တော့ မဟုတ်ကြဘူး။ အနှီ မောင်ဖိုးဇေသည်လည်း လူတယောက်ဖြစ်တာ ကြောင့် လေးပြစ်ငါးပြစ်လောက်ပဲ ကင်းပါတယ်။ ဒါပေမယ့် ပြဿနာက ခြောက်ပစ်ကင်းအောင်လုပ်ဖို့ထက်စာရင် ကိုယ်ရဲ့ ကျင့်ကြံဆောက်တည်မှုမှာ ဘယ်အရာဟာ မှားခဲ့တာလဲဆိုတာကို စရှာတွေဖို့.. တနည်းအားဖြင့် ကိုယ့်အမှားကိုယ်ပြန်သုံးသပ် တဲ့ အချက်က ပထဦးဆုံး လိုအပ်ပါတယ်။ အဲဒီအမှားဟာ ကိုယ်တဦးတည်းရဲ့ ဘ၀ကိုသက်ရောက်စေတာလား။ ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နေထိုင်တဲ့ လူမှုအ၀န်းအ၀ိုင်းကို သက်ရောက်စေတာလား။ ဒါကလည်း ကိုယ်ဟာ လူမှုအသိုင်း အ၀ိုင်းအတွင်း ဘယ်လောက် သြဇာသက်ရောက်တဲ့ အနေအထားမှာရှိနေသလဲဆိုတာနဲ့ ချိတ်ဆက်ပါတယ်။

ကိုယ်ဟာ သာမန်လူတယောက် ဆိုရင် အနိမ့်ဆုံးတော့ ကိုယ့်မိသားစုရဲ့အတွင်းပိုင်းကိုတော့ သက်ရောက်ပါတယ်။ အဲ့လိုပဲ ရာထူးဌန္တရ အလိုက် အဆင့်ဆင့်မှာ ကိုယ်ကျင့်တရားအရ တစုံတခုသော ဖောက်ပြန်မှုကို လုပ်သွားမယ်ဆိုလည်း ကိုယ်တာဝန်ယူတဲ့အဆင့်တိုင်းမှာလည်း သွားသက်ရောက်ပါတယ်။ ကိုယ်ကျင့်တရားဖောက်ပြန်တယ်ဆိုတာ သူများ သားမယားကို သွားစော်ကားမှလို့ သတ်မှတ်လို့ရတာ မဟုတ်ပါဘူး။ ဥပမာ အစိုးရဌာနတခုခုမှာ တာဝန်ရှိသူတယောက်က လာဘ်စားတာဟာလည်း ကိုယ်ကျင့်တရား ပျက်ယွင်းမှုပါပဲ။ သူ့ကို ဒီတာဝန်ပေးထားတာဟာ တိုင်းပြည်နဲ့ လူထုအတွက် လုပ်ဆောင်ပေးဖို့ကို တာဝန်ပေးခန့်အပ်ပါတယ်။ သူ့ရပ်တည်မှုအတွက် သင့်လျော်တဲ့ လစာပေးထားပါတယ်။ လုပ်ငန်းအတွက် လိုအပ်ချက်တွေ ဖြည့်တင်းပေးထားတယ်။ ဒါတွေကို အသုံးချပြီး လူထုကို ကူညီရမှာပါ၊ အစိုးရဗျူရိုကရေစီ ယန္တရားကို လည်ပတ်စေရမှာပါ။

အဲဒီဟာရဲ့ သက်ရောက်မှုက သူတာဝန်ယူရတဲ့ ဌာနမှာရှိတဲ့ ၀န်ထမ်းတွေပေါ်ကိုပါ။ သူကတောင် ဒီလို ကြိတ်သေးတာ ငါတို့လည်း ကြိတ်မဟဲ့ ဆိုပြီး သူ့အထွာနဲ့သူ လာဘ်ယူကြတော့တာပဲ။ အဲဒီတော့ ကြာလာတဲ့အခါ ဒီလာဘ်စားတဲ့ကိစ္စက ဌာနဆိုင်ရာမှာ အတည်မပြုရသေးတဲ့ မူကြီးတခုလိုဖြစ်လာတယ်။ အမှားတွေကို လုပ်လာကြရင်း အမှန်လို့ ထင်လာကြတဲ့ သဘောပါ။ ဒါကြောင့် အဲဒီလိုပြဿနာဟာ မကြီးခင်ကတည်း အရင်ရှင်းရတာပါ။ စီးပွားရေး ကျပ်တည်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ မရတော့ပါဘူး။ စီးပွားရေး ကျပ်တည်းတာက ကိုယ်တယောက်တည်း ကျပ်တည်းတာ မဟုတ်တဲ့ အတွက်ပါ။ ကိုယ့်ကို လာဘ်ပေးတဲ့လူတွေလည်း ကျပ်တည်း တာပဲ။ တပြည်လုံးလည်း ကျပ်တည်း တာပဲ။

ကိုယ်ကျင့်တရားထိန်းသိမ်းဖို့မှာ နှစ်ပိုင်းရှိပါတယ်။ တပိုင်းက ကိုယ်ကိုယ်တိုင် အမှားကို မြင်ပြီး ထပ်မမှား အောင် နေထိုင်ဖို့ပါ။ နောက်တချက်ကတော့ ဘေးကနေ လက်ခုပ်တီးမပေးဖို့လိုပါတယ်။ လူတယောက်ရဲ့ကောင်းကွက်ကိုပဲ ကြည့်ပြီး သူရဲ့မကောင်းတဲ့အချက်ကို ပြုပြင်လာနိုင်အောင် ဝေဖန်မပေးဖူးဆိုရင် ဒီ လူ့အ၀န်းအ၀ိုင်း၊ လူ့အဖွဲ့အစည်းဟာ တော်တော်ကြီး ကို စိတ်ဓာတ်ရေးရာအရ နိမ့်ကျနေပြီးဆိုတာကို ပြနေပါပြီ။ ကိုယ်ချစ်ရတဲ့၊ ခင်ရတဲ့ လေးစားရတဲ့သူဆိုရင် မကောင်းပြောတာ မကြိုက်ကြဘူးဆိုတာက လူ့သဘာဝပါ။ ဒါပေမယ့် အဲဒီလို မကောင်းပြောတာကို အဲဒီလူမခံရအောင် အဲဒီသူကို ပြုပြင် လာစေရေး အကြံပေးသင့်ပါတယ်။

နောက်တခုက အဲဒီလို ကိုယ်ကျင့်တရား ဖောက်ပြန်နေမှုကို ပြုပြင်ဖို့ မတိုက်တွန်းတဲ့ လူ့အ၀န်းအ၀ိုင်းဟာ သူတို့ကိုယ်တိုင် လည်း အဲဒီလို ဖြစ်လိုက်ဖို့ ၀န်မလေးတော့ပါဘူး။

ဆရာ လူထု ဦးစိန်ဝင်းရဲ့ `ရှက်စိတ်´ ဆောင်းပါးထဲမှာ ပါတဲ့ `ရှက်စိတ်ဆိုတာ ခေတ်တွေ ပြောင်းလာတာနဲ့အမျှ ဖွင့်ဆိုချက် တွေလည်း ပြောင်းသွားကြပြီဖြစ်ပါတယ်´ ဆိုတာလေးကို ပြန်ကုတ်လုပ်ပါတယ်။ ခေတ်မှီရေး၊ ခေတ်နှင့် အညီသွားနိုင်ရေးဟာ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်စောင့်ထိန်းရမယ့်တရားတွေကိုလည်း အဲဒီခေတ်ထဲကို သယ်သွားရမှာပါ။ အဲဒီလို တဦးတယောက်ချင်းကနေပြီး မသယ်ဆောင်၊ မစောင့်ထိန်းရင် လူ့အဖွဲ့အစည်းဟာ ခေတ်မီရုံသက်သက်ဘဲရှိပြီး ဟီရိသြတ္တပ္ပတရားကင်းမဲ့တဲ့၊ သူများသားပျိုသမီးပျိုကို ကြံစည်ခွင့်ရှိတဲ့၊ အများသူငှာရဲ့ ချွေးနည်းစာကို လာဘ်ယူခွင့်ရှိတဲ့ အခြေအနေကို ရောက်ရှိသွားမှာပါ။

နောက်တခုက အမျိုးသားနိုင်ငံတော်ဆိုတာ ကိုယ်ပိုင်ထူးခြားမှု၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ မိသားစု စံတန်ဖိုးတွေနဲ့ ဖွဲ့တည်ထားတာ ဖြစ်ပါတယ်။ အခြားသောနိုင်ငံများနဲ့ မတူတဲ့ အဲ့ဒီထူးခြားချက်တွေကို ဘယ်ခေတ်ဘယ်အခြေအနေရောက်ရောက် ထိန်းသိမ်းထားဖို့လိုပါတယ်။ ဒါပေမယ့် ခေတ်နဲ့ လျော်ညီအောင်တော့ တချို့အရာတွေ ပြင်ဆင်ဖြည့်စွက်ပေးရမှာပါ။ ဒါပေမယ့် အခြေခံတရားကိုတော့ ဆုတ်ကိုင်ထားဖို့ လိုပါတယ်။ ကိုယ်ကျင့်တရားကောင်းအောင်နေရင်ပဲကို အဲဒီ လူမျိုး၊ နိုင်ငံဟာ စိတ်ဓာတ်ရေးရာအရ မြင့်နေပါပြီ။

အောင်မြင်တဲ့ လူတွေကတော့ အောင်မြင်လေ ပိုပြီးစောင့်ထိန်းရလေပါ။ ဘာလို့ဆိုတော့ သူတို့ဟာ လူထုက အမြဲ စောင့်ကြည့်နေတာကို ခံနေရလို့ပါ။ တနည်းအားဖြင့် လူထုက သူတို့ကို ချစ်လို့ ၊ တန်ဖိုးထားလို့ပါ။ သူတို့ရဲ့ သက်ရောက်မှု က သက်ဆိုင်ရာနယ်ပယ်အလိုက် အရမ်းကြီးတော့ နေမှုထိုင်မှုကအစ အရမ်းဂရုစိုက်ရပါတယ်။ သူတို့ကို စံပြုထားတဲ့ လူဆိုရင် ပိုဆိုးပါတယ်။ သူတို့လုပ်သမျှကို အမှန်ထင်နေတော့ အဲဒီလူတွေကလည်း ကိုယ်မှားနေတာကို ပြင်ဖို့နေနေသာသာ ဒီလိုလုပ်တာ မှန်တယ်လိုတောင် ထင်လာကြပါတယ်။

ဒါကြောင့် အမှားကို မှားတယ်လို့ မြင်အောင် လုပ်ဖို့က ကိုယ်ကျင့်တရားထိန်းသိမ်းရေးရဲ့ ပထမအခြေခံလို့ ကျနော်မြင်တယ်။ လူပဲမှားတတ်တာပဲလေ ဆိုတဲ့ သံဝေဂလိုလို၊ လက်ကိုင်ထားရမယ့် တရားလိုလို ဘေးကနေ မပြောဖို့လဲ လိုပါတယ်။ အမှားကို အဲဒီလူကိုယ်တိုင်က မမြင်လည်း အကြံပေးရပါမယ်။
ဒုတိယအဆင့်ကတော မြင်ခဲ့တဲ့ အဲ့ဒီအမှားက ပြန်ပြင်ဖို့လုပ်ရမှာပါ။ ခေတ်ကြီးကိုက မှားနေတာပဲလို့လည်း မပြောဖို့ လိုပါတယ်။ မှားနေတာကိုသိရင် မှန်အောင်ပြန်ပြင်ဖို့ လူ့အဖွဲ့အစည်းတခုလုံးရော၊ တဦးချင်းစီအရပါ တာဝန်ရှိပါတယ်။

ကျနော်တို့က လက်ခုတ်တီးဖို့ သက်သက်လူလာဖြစ်တာမဟုတ်ပါဘူး။ ပွင့်လင်းတဲ့ စိတ်ဓာတ်မြင့်မားတဲ့ လူ့ဘောင် တည် ဆောက်ဖို့အတွက်လည်း ကျနော်တို့လက်တွေမှာ တာဝန်ရှိပါတယ်။

Labels:

posted by မြင့်ဇေ @ 3:04 AM   1 comments
စာနယ်ဇင်းသမားကြီး ဦးဝင်းတင် (ဟံသာဝတီ)
Sunday, July 22, 2007


ဦးဝင်းတင်ဟာ အင်မတန် စာရေးကောင်းလှတဲ့ ကလောင်ရှင်တဦးဖြစ်သလို။ ထက်မြက်တဲ့ သတင်းစာ ဆရာတဦးလည်း ဖြစ်ပါတယ်၊ ဦးဝင်းတင်ကို ၁၉၃၀ ခုနှစ်။ မတ်လ ၁၂ ရက်နေ့မှာ အဖ ဦးပု။ အမိ ဒေါ်အမာတို့မှ ဖွားမြင်ခဲ့ပါတယ်၊ မွေးရပ်ဇာတိမှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ ဖြစ်ပါတယ်၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ။ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံဘာသာတွဲဖြင့် ၀ိဇ္ဇာာဘွဲ့ရပါတယ်၊

စာနယ်ဇင်းနောက်ခံသမိုင်း
၁၉၄၃ ခုနှစ်တွင် ‘အကျိုးဆောင်’ ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့၍၁၉၅၃ ခုနှစ်တွင် AFP နိုင်ငံခြား သတင်းဌာနတွင် ညအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်၊ စာပေဗိမာန့် လက်ထောက်အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊


၁၉၅၄ မှ ၁၉၅၇ ခုနှစ်အထိ နယ်သာလန် (ဟော်လန်) နိုင်ငံ။ အမ်စတာဒမ်မြို့ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေးကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးရင်း တဘက်မှလည်း မြန်မာ ဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်၊ တဘက်တွင် စာသင်နေရင်း မြန်မာနိုင်ငံ သတင်းများ စုစည်းဖော်ပြတဲ့ ‘ဒို့ပြည်သတင်း’ သတင်းစာကို စောင်ရေ ၅၀၀ ခန့် ထုတ် ဝေ၍ ကမ္ဘာတ၀ှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့်အချိန်အထိ လုပ်ဆောင်ခဲ့ပါတယ်၊

၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်သူများတွင် ပါဝင်ခဲ့ပြီး။ ဦးစီးအယ်ဒီတာအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပါတယ်၊ ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရတဲ့နောက်ပိုင်း ၁၉၆၉ မှ ၁၉၇၈ ခုနှစ်အထိ ဟံသာဝတီသတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်ခဲ့ပါတယ်၊ ထိုကာလအတွင်း အနောက်ဥရောပနှင့် အရှေ့အာရှနိုင်ငံပေါင်း ၂၀ ခန့်သို့ သတင်းစာ ဆရာတယောက်အဖြစ် လေ့လာရေးခရီး သွားရောက်ခဲ့ပါတယ်၊
ဟံသာဝတီသတင်းစာကို မန္တလေးမြို့မှာ အခြေစိုက်ထုတ်ဝေခဲ့ပြီး ဦးဝင်းတင်ရဲ့ ‘၀င်းတင်’ ဆိုတဲ့ ကလောင် အမည်ဟာ ထင်ရှားလာပါတယ်၊ ‘ဦးဝင်းတင် (ဟံသာဝတီ)’ ဆိုတဲ့ အမည်နဲ့ မြန်မာနိုင်ငံမှာ ကျော်ကြားခဲ့ပါတယ်၊

စာပေလွတ်လပ်ခွင့် မရှိတဲ့ မဆလ စစ်အစိုးရလက်အောက်မှာ ထုတ်ဝေခဲ့ရတဲ့ သတင်းစာဖြစ်ပေမယ့် ဟံသာဝတီ သတင်းစာဟာ ထက်မြက်လှတဲ့ သတင်းစာဆရာ ဦးဝင်းတင်ရဲ့ လိမ်မာပါးနပ်မှုကြောင့် အဲဒီခေတ်က ထုတ်ဝေတဲ့ သတင်းစာတွေကြားမှာ ထူးခြားစွာ ထင်ရှားပေါ်လွင်ခဲ့ပါတယ်၊ ဟံသာဝတီသတင်းစာရဲ့ အယ်ဒီတာ့ အာဘော်တွေဟာ သတင်းစာဖတ်ပရိသတ်အတွက် တမူထူးခြားခဲ့ပါတယ်၊

ဦးဝင်းတင်ဟာ မန္တလေးမှာ နေထိုင်နေစဉ် သမိုင်း။ ယဉ်ကျေးမှု။ စာပေအနုပညာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်၊ မန္တလေး ‘ဓမ္မဗိမာန်’ စာတမ်းဖတ်ပွဲ။ ဟောပြောဖလှယ်ပွဲတွေ မှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်၊ ၁၉၇၇-၇၈ ခုနှစ်ထဲမှာ ‘စနေစာဖတ်ဝိုင်း’ ကို ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါတယ်၊ ဟံသာဝတီ ‘စနေစာဖတ်ဝိုင်း’ ဟာ မြန်မာနိုင်ငံ စာပေအနုပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ လှုပ်ရှားမှု တခု ဖြစ်ပါတယ်၊

မြန်မာစာပေလှုပ်ရှားမှု့ အရေးပါသော မန္တလေးမြို့မှ ‘စနေစာဖတ်ဝိုင်း’ စာတမ်းဖတ်ပွဲတွေ ဟံသာဝတီ သတင်းစာရဲ့ ထူးခြားတဲ့ ပြောင်မြောက်မှုများကြောင့် မဆလ စစ်အစိုးရဟာ ဟံသာဝတီသတင်းစာကို ၁၉၇၈ ခုနှစ် မှာ လုံးဝပိတ်ပစ်လိုက်ပါတယ်၊ ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်၊

ဦးဝင်းတင်ဟာ စာပေ။ ဂီတ။ သဘင်။ ပန်းချီ စတဲ့ အနုပညာရပ်များမှာလည်း ထဲထဲဝင်ဝင်။ နှံ့နှံ့စပ်စပ် နားလည် ခံစားနိုင်သူတဦးဖြစ်ပြီး။ လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာနိုင်ကာ နက်နက်ရှိုင်းရှိုင်း ခံစားဖွင့်ဆို။ သုံးသပ် တင်ပြတတ်သူတဦး ဖြစ်ပါတယ်၊

ဦးဝင်းတင်ဟာ ‘ပေါ်သစ်’ ဆိုတဲ့ ကလောင်အမည်နဲ့ စာပေ။ ဂီတ။ သဘင်။ ပန်းချီ စတဲ့ အနုသုခုမ ပညာရပ် တွေအကြောင်း ဆောင်းပါးတွေ။ စာတမ်းတွေ။ ဝေဖန်ရေးအကဲဖြတ်ချက်တွေကို အဆင့်အတန်းမြင့်မြင့် ရေးသားပြစုခဲ့ ပါတယ်၊ “ခြေမှာကကွက် လက်ဖျားကဗျာ မျက်နှာဇာတ်သိမ်း” ဆိုတဲ့ စာအုပ်ဟာ ပေါ်သစ်အမည်နဲ့ ထုတ်ဝေခဲ့တဲ့ ဦးဝင်းတင်ရဲ့ လက်ရာဖြစ်ပါတယ်၊
မြန်မာနိုင်ငံမှာ ရှားပါးလှတဲ့ ပန်းချီဝေဖန်ရေးဆောင်းပါးတွေကို ‘ပေါ်သစ်’ အမည်နဲ့ မဂ္ဂဇင်းတွေမှာ ရေးသားတင်ပြခဲ့ပါတယ်၊ အဲဒီဝေဖန်ရေးဆောင်းပါးတွေမှာ အတတ်ပညာ နည်းစနစ်ပိုင်းဆိုင်ရာရှုဒေါင့် အရောင် အတွဲအစပ် အလင်းအမှောင် စုတ်ချက် အထူအပါး အနုအရင့်ကနေ ခံစားမှုရသအာရုံရှုဒေါင့်ကရော အတွေးအခေါ် အမြင် အယူအဆ ဦးတည်ချက်ရှုဒေါင့်ပါမကျန် အနုစိတ် သုံးသပ်ကာ ရေးသားခဲ့ပါတယ်၊

အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် တတ်မြောက်သူဖြစ်တဲ့အလျောက် စာအုပ်ကောင်းတွေ ကို ဘာသာပြန်ဆိုခဲ့တဲ့ ဘာသာပြန် စာရေးဆရာတဦးလည်း ဖြစ်ပါတယ်၊ ခက်ခဲတဲ့ အရေးအသားတွေ။ စကားလုံး ဝေါဟာရ အဓိပ္ပါယ် နက်ရှိုင်းမှုတွေကြောင့် ဂျာနယ်ကျော် ဦးချစ်မောင်လို ပုဂ္ဂိုလ်ကြီးတွေကတောင် ဘာသာပြန်ဆို ပေမယ့် လက်တွန့်ခဲ့ရ တဲ့ သတင်းစာသမား အယ်ဒီတာတဦးအကြောင်း ရေးဖွဲ့ထားတဲ့ ‘ကွိ’ လို ၀တ္ထုကြီးကို ဘာသာပြန်ဆိုပေးခဲ့ပါတယ်၊ Northern Lightကို ဘာသာပြန်ဆိုတဲ့ ‘ဥတ္တရအလင်း’ ဟာလည်း ဦးဝင်းတင်ရဲ့ ဘာသာပြန် လက်ရာကောင်းစာအုပ်အဖြစ် မြန်မာနိုင်ငံမှာ ကျော်ကြားခဲ့ပါတယ်၊

ဦးဝင်းတင်ဟာ ပြည်ပနိုင်ငံတွေသို့ ခရီးသွားလာခဲ့ဖူးပြီး ခရီးသွားမှတ်တမ်းစာပေတွေကိုလည်း ရေးသားခဲ့ပါ တယ်၊ ‘ကမ္ဘာနီတွင် တဒင်္ဂ’ ဟာ သူ့ရဲ့ ဆိုဗီယက်နိုင်ငံခရီးစဉ်အတွင်း သူ တွေ့ကြုံခံစားခဲ့ရသည်များကို ရေးသား ထားတဲ့ လက်ရာကောင်းတအုပ် ဖြစ်ပါတယ်၊

ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ထွန်းလာတဲ့အခါ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ စာပေအနု ပညာရှင်တွေရဲ့ လက်မှတ်ပေါင်းစုံနဲ့ စာပေအနုပညာရှင်တွေရဲ့ ကြေညာချက်ထွက်ပေါ်လာရေးအတွက် ဦးစီးဆောင် ရွက်ခဲ့သူတဦးဖြစ်ပြီး။ အရေးတော်ပုံကြီးအတွက် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်၊ အရေးတော်ပုံ ကြီးအတွင်း စာနယ်ဇင်းသမဂ္ဂဖွဲ့စည်းဖြစ်ပေါ်လာတဲ့အခါ ဆရာဦးဝင်းတင်ဟာ ဒုဥက္ကဌ ဖြစ်ပါတယ်၊ ‘စပယ်ဦး’ စာပေတိုက်အတွင်းမှာ စခန်းချပြီး စာနယ်ဇင်းသမဂ္ဂရဲ့လှုပ်ရှားမှုတွေကို ဦးစီးပဲ့ကိုင်ပေးခဲ့ပါတယ်၊

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ‘သမဂ္ဂ’ သတင်းစာ ၈ စောင်မှာလည်း ပါဝင်ရေးသားပေးခဲ့ပါ တယ်၊ ၁၉၈၈ ခုနှစ် သြဂုတ်လ ၃၁ နေ့မှာ စတင်ပြီး အရေးတော်ပုံကြီးရဲ့ ပဲ့တင်သံ ‘ဆန္ဒဖော်သံ’ သတင်းစာကို ဆရာဦးဝင်းတင် ကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့ပါတယ်၊ ပြည်သူလူထုအတွင်း သတင်းအချက်အလက်မှန်များ ရောက်ရှိအောင် စစ်မှန်သော သတင်းစာသမား ကောင်း ပီသစွာ ကြိုးပမ်းအားထုတ်ဖြည့်ဆည်းပေးခဲ့ပါတယ်၊

နိုင်ငံရေးနောက်ခံသမိုင်း
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ အရေးတော်ပုံကြီးကို အကြမ်းဖက် နှိပ်ကွပ်ဖြိုခွင်းကာ စစ်တပ် က အာဏာသိမ်းပြီးနောက် သမိုင်းရေးလိုအပ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းထွက်ပေါ်လာတဲ့အခါ ဆရာဦးဝင်းတင်ဟာ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်၊ ဦးအောင်ကြီး။ ဦးတင်ဦး။ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦး ပူးပေါင်းဦးစီးပြီး တဘက်လျှင် ၄ ဦးကျစီ။ ပေါင်း ၁၂ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ ပါဝင်တာဝန်ယူခဲ့ပါတယ်၊

အဖွဲ့ချုပ် ပေါ်ပေါက်လာပြီး ကာလတိုတခုအတွင်းမှာပဲ အရှိန်အဟုန်ရလာတဲ့အခါ အဲဒီတုန်းက ဥက္ကဌ ဖြစ် ခဲ့တဲ့ ဦးအောင်ကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကွန်မြူနစ်တွေ ရှိနေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးဝင်းတင် အပါအ၀င် အဓိက ထိပ်ပိုင်းခေါင်းဆောင် ၈ ဦးကို ဖယ်ရှားဖို့ ကြိုးစားလုပ်ဆောင်လာပါတယ်၊ အဲဒီအခါ ဦးဝင်းတင် ဟာ မှန်မှန်ကန်ကန် ရပ်တည်ဖြေရှင်းရင်း မဲခွဲဆုံးဖြတ်ရေးအဆင့်အထိ ရောက်ရှိလာစေခဲ့ပါတယ်၊ ဗဟိုအလုပ်အမှု ဆောင် ကော်မတီနဲ့ ဗဟိုဦးစီးအဖွဲ့ဝင်အားလုံးရဲ့ ရှေ့ မှောက်မှာ အားလုံးရဲ့ ဆန္ဒမဲကို ရယူတဲ့အခါ ရှုံးနိမ့်ခဲ့ပြီး သဘောတူညီချက်အရ ဦးအောင်ကြီး သာ နှုတ်ထွက်သွားခဲ့ရပါတယ်၊ ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နဲ့အတူ အဖွဲ့ချုပ်အတွင်းမှာ ဆက်လက်ရပ်တည်ရင်း ဒီမိုကရေစီအောင်ပွဲခံနိုင်ရေး ရည်မှန်းချက်အတွက် ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့ပါတယ်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင် နိုင်ငံရေးပါတီတွေအတွင်းမှာ အင်အားအကောင်းဆုံး ဖြစ်လာခဲ့ပြီး အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ဖော်ကျူးတဲ့ ‘သတင်းမှတ်တမ်းလွှာ’ ကို ထုတ်ဝေတဲ့အခါ ဦးဝင်းတင် ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပါဝင်ခဲ့ပါတယ်၊ နိုင်ငံရေးပါတီအသီးသီးက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး သဘောထား၊ အမြင်၊ တင်ပြတောင်းဆိုချက်ဆိုင်ရာ စာအုပ်စာတမ်းတွေ ထုတ်ဝေလာကြတဲ့အခါ န၀တ စစ်အစိုးရ ဟာ နိုင်ငံရေးပါတီ တွေရဲ့ တရားဝင်အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားစည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ဖို့ မတရားသဖြင့် ကြိုးပမ်းလုပ်ဆောင်လာပါတယ်၊
၁၉၈၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်ဘုန်းမြင့် လက်မှတ်ရေးထိုးပြီး စာအုပ်စာတမ်းစာစောင်တွေ ရိုက်နှိပ်ထုတ်ဝေခွင့်ကို ကန့်သတ်တဲ့။ ပုံနှိပ်ထုတ်ဝေခွင့်အတွက် ‘မှတ်ပုံတင်’ လျှောက်ခိုင်းတဲ့ ကြေညာချက်အမှတ် ၃၈ ကို ထုတ်ပြန်ခဲ့ပါတယ်၊ ဒါဟာ တရားမဋတမှုမရှိတဲ့ အမိန့် ကြေညာချက်ဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးထိုင်ခဲ့ကြပြီး တုံ့ပြန်ဖို့ စဉ်းစားခဲ့တယ်၊ အဲဒီအခါ ‘ဟင်နရီ ဒေးဗစ်သော်ရိုး Henry David Thoreau’ ရဲ့ စာပိုဒ်ကို ကိုးကားပြီး ဦးဝင်းတင်က “အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမဋ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံ ကို တင်ခဲ့တယ်၊ လက်ခံသဘောတူညီမှုရခဲ့ပြီး ဒီချုပ်ပါတီ ရန်ကုန်တိုင်းရုံးမှာ ကျင်းပတဲ့ မဟာမိတ်ပါတီ ၄၆ ပါတီနဲ့ တွေ့ဆုံညှိနှိုင်းစည်းဝေးတဲ့ ၁၉၈၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ အစည်းအဝေးမှာ ဖြန့်ဝေပေးတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စာတမ်းကစပြီး ဒီကြွေးကြော်သံကို ထည့်သွင်းဖော်ပြရင်း စတင်သုံးစွဲခဲ့ပါတယ်၊ Henry David Thoreau - 1. All men recognize the right of revolution; that is, the right to refuse allegiance to and to resist the government, when its tyranny or its inefficiency are great and unendurable

ဖမ်းဆီးထောင်ချခံရခြင်း
၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့် တရားခံတဦး ၏ ဖခင်ထံ ၁၉၈၈ ခုနှစ် အောက်တိုဘာလအတွင်းက တယ်လီဖုန်းဆက် စကားပြောဆိုမှု ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရပြီး။ စစ်အစိုးရမှ ဦးဝင်းတင် ကို ၃ ရက်ကြာ အစာ မကျွေး။ အိပ်စက်ခြင်း မပြုနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်၊ ထိုနှစ် အောက်တိုဘာလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ဿကိးကိုင်အားပေးခဲ့ သည်ဟု အကြောင်းပြချက်ဖြင့် လွတ်ရက်စေ့ ကာနီး ၁၉၉၂ ခုနှစ် ဇွန်လတွင် ထောင်ဒဏ် ၁၁ နှစ် ထပ်မံချမှတ်ခံရပါတယ်၊



ထောင်တွင်းဖြတ်သန်းမှုသမိုင်း
ဦးဝင်းတင် ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ဖမ်းဆီးချိန်မှစ၍ အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်း မှာ ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားခဲ့ပါတယ်၊ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင် ကို အထူးတိုက်မှ အမှတ် ၃ တိုက်သို့ ပြောင်းရွှေ့ထားခဲ့ပါတယ်၊

မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ‘ယိုဇိုယိုကိုတာ’ လာရောက်စဉ်အတွင်း အကျဉ်းချခံနေရ သော နိုင်ငံရေးသမားများအပေါ် န၀တ အာဏာပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီး ပလပ်စတစ်အိတ် (ကျွတ်ကျွတ် အိတ်) တွေပေါ်မှာ အသေးစိတ်ရေးသားပေးပို့တဲ့စာကို အခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ပါဝင် လက်မှတ်ရေးထိုး ပေးပို့ခဲ့ပါတယ်၊
ဒါ့အပြင် အကျဉ်းထောင်အင်္ကျီတွေပေါ်မှာ “စု။ လွှတ်။ ပြန်တွေ့။ စု။ ဖျက်။ တွေ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ ပြည် နိုင်ငံရေးသုံးသပ်ချက်စာတမ်းကို ရေးသားပြုစုကာ အပြင်ကို ထုတ်ခဲ့ပါတယ်၊

“စု” ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး။
“လွှတ်” ဆိုတာက လွှတ်တော်ခေါ်ယူရေး။
“ပြန်တွေ့” ဆိုတာက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရေး။
“စု” ဆိုတာက ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေး။
“ဖျက်” ဆိုတာက အမျိုးသားညီလာခံကို ဖျက်သိမ်းရေး။
“တွေ့” ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နှင့် န၀တ (ယခု နအဖ) တွေ့ဆုံဆွေးနွေးရေး။

ဆိုတဲ့ နိုင်ငံရေးလမ်းစဉ်ကို ဦးဝင်းတင် ချမှတ်ခဲ့ပါတယ်၊ ၁၉၉၃ ခုနှစ်ကတည်းက တွေ့ဆုံဆွေးနွေးရေး လမ်း ကြောင်းကို နိုင်ငံရေးအကျဉ်းသားတွေအတွင်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး လမ်းကြောင်းဖော်ခဲ့သူ ဖြစ်ပါတယ်၊
အဲဒီစာတွေကို ၁၉၉၅ ခုနှစ် နိုဝင်ဘာလမှာ အကျဉ်းထောင်အတွင်းမှ ပြင်ပသို့ လျှို့ ဝှက်စွာ ထုတ်ပေးခဲ့ပါ တယ်၊ ထိုကိစ္စတွေကြောင့် ဦးဝင်းတင် ကို ၁၉၉၆ ခုနှစ် မတ်လ ၂၈ ရက်မှာ ထောင်ဒဏ် ၇ နှစ် ထပ်မံတိုးခဲ့ပါတယ်၊
၁၉၉၅-၉၆ ခုနှစ်အတွင်း ထောင်ချခံနေရစဉ် ထောင်တွင်းစာစောင်များ လျှို့ဝှက်ထုတ်ဝေခဲ့မှု။ စာမူတွေ ရေးသားပေးမှု။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာခြင်းကို ကြိုဆိုဝမ်းသာတဲ့ သဘောထား ထုတ်ဖော်ချက်တွေ ရေးသားပေးမှု အတွက် အကြောင်းပြပြီး ဆရာဦးဝင်းတင်ကို ပြစ်ဒဏ်တွေ ထပ်မံတိုးခဲ့ပါတယ်၊ ဒီလိုအဖြစ်မျိုးဟာ ဗမာပြည်သမိုင်းမှာ။ ထောင်သမိုင်းမှာ မရှိဘူးသေးတဲ့ အဖြစ်မျိုးပါ၊ ဆရာဦးဝင်းတင်အပေါ် န၀တ ရဲŒ အòငိး။ ရက်စက်ယုတ်မာမှု ဘယ်လောက်ကြီးမားတယ်ဆိုတာ ဗြောင်ကျကျ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်၊

သို့သော်လည်း အမြဲတမ်းနိုးကြားပြီး မည်ကဲ့သို့မှ ပိတ်ဆို့ဟန့်တာှးုမရတဲ့ ဦးဝင်းတင်ဟာ ယနေ့ထိတိုင် အောင်ပင် မှန်ကန်တဲ့ နိုင်ငံရေးပေါ်လစီတွေကို ထောင်တွင်းမှနေ၍ ချမှတ်ပေးနိုင်သူ ဖြစ်ပါတယ်၊ ၂၀၀၄ ခုနှစ်အတွင်း မှာပဲ ‘(ထ) လေးလုံး’ ဆိုတဲ့ ပေါ်လစီကို ချမှတ်ခဲ့ပါတယ်၊

ပထမ ‘ထ’ က ထူထောင်ရမယ်။
ဒုတိယ ‘ထ’ က ထိန်းသိမ်းရမယ်။
တတိယ ‘ထ’ က ထိုင်မနေနဲ့။
စတုတÎ ‘ထ’ က ထိတွေ့ရမယ်။
ဆိုပြီး ယနေ့ မြန်မာနိုင်ငံရဲŒ အခြေအနေနဲ့ ကိုက်ညီစွာဖြင့် ထက်ထက်မြက်မြက် ချမှတ်ခဲ့ပါတယ်၊

ဦးဝင်းတင်ဟာ အကျဉ်းကျနေစဉ်အတွင်းမှာ ၂၀၀၁ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ကြီး. ယူနက်စကို။ ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆု (UNESCO/Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်းခံခဲ့ရပါတယ်၊ အဲဒီနှစ်မှာပဲ ကမြာ့သတင်းစာများအသင်းကြီး (World Association of Newspaper, Wan) မှ လွတ်လပ်မှုရွှေကလောင်ဆု (Golden Pen of Freedom Award)ကို သာယာဝတီစမ်းစမ်းနွဲ့နှင့် အတူ ရရှိခဲ့ပါတယ်၊ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းကလည်း ဆုများ ပေးအပ်ခဲ့ပါတယ်၊

လက်ရှိ ကျန်းမာရေးအခြေအနေ
ဦးဝင်းတင်ဟာ ယခုအခါ ၇၇ နှစ်ပြည့်လို့ ၇၈ နှစ်ထဲကို ၀င်ရောက်နေပြီး ဖြစ်ပါတယ်၊ လက်ရှိ အင်းစိန် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်၊ အသက်အရွယ်ကြီးရင့်မှု။ ထောင်တွင်း အကျဉ်းကျခံကာလ ကြာမြင့်လာမှုတို့ကြောင့် ကျန်းမာရေးမှာ အဖက်ဖက်မှ ချွတ်ယွင်းလျက်ရှိပါတယ်၊ အထူးသဖြင့် လည်ပင်းကျီးပေါင်း တက်ရောဂါ။ အူကျရောဂါ။ သွေးတိုးရောဂါ။ ဆီးကျိတ်ရောင်ရောဂါ။ သွားကိုက်ရောဂါတို့ကို ခံစားနေရပါတယ်၊ သို့သော်လည်း စိတ်ဓာတ်ရေးရာ ကြံ့ခိုင်နေဆဲပါ၊

နောက်ဆုံးသတင်း
မကြာသေးခင် ရက်ပိုင်းအတွင်းက အကျဉ်းထောင်သို့ လာရောက်တွေ့ဆုံခွင့်ရတဲ့ မိတ်ဆွေတဦးကို ဦးဝင်းတင်ရဲ့ ပြောပြချက်အရ - သူ့ကို အကျဉ်းထောင်အရာရှိ နှစ်ဦးက ယခင် ရက်သတ္တပတ်အတွင်းမှာ သီးသန့် တွေ့ဆုံခဲ့ကြောင်း။ သူတို့က အကယ်၍ဦးဝင်းတင် ထောင်မှ လွတ်မြောက်မည်ဆိုပါက နိုင်ငံရေးဆက်လုပ်ရန် အစီအစဉ် ရှိ။ မရှိ မေးမြန်းခဲ့ကြောင်း။ ထိုအခါ သူက မိမိရဲ့ နိုင်ငံသားဝတ္တရားအရ ဒီမိုကရေစီရေးအတွက် ဆက်လက် ရုန်းကန်လှုပ်ရှားမည်မှာ သေချာကြောင်း ပြန်ပြောဆိုခဲ့သည်ဟု သိရပါတယ်၊ (မြန်မာသတင်းသမဂ္ဂ - ဘီအမ်အေ)

သူတို့အမြင်
“လောကမှာ တော်သူတွေ မရှားသလို ကောင်းသူတွေလည်း မနည်းပါဘူး၊ အနမတဂ္ဂ အင်မတန်များပြား လှတယ်လို့ ဆိုလိုက ဆိုနိုင်ပါတယ်၊ လွန်လွန်ကျူးကျူး ပြောရာ မရောက်ပါဘူး၊ ဒါပေမယ်လို့ တော်လည်းတော်။ ကောင်းလည်းကောင်းတဲ့ လူမျိုးကတော့ ရှားမှရှားလို့ ဆိုနိုင်လောက်အောင် ရှားပါတယ်၊ ဒီလိုလူ တကျိပ်လောက်ထဲ မှာ ဆရာဦးဝင်းတင် ပါဝင်တယ်” (ဗိုလ်တထောင်သတင်းစာ လူထုဦးစိန်ဝင်း)

“ရဲရင့်ကြံ့ခိုင်တဲ့ ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကို လိမ်လည်ဝန်ခံခိုင်းလို့ ဘယ်တော့မှ ရမယ် မဟုတ်ပါဘူး” (မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)

ဆရာကြီး ဦးဝင်းတင်၏ စကား
“နိုင်ငံရေးသမားကောင်းဆိုတာ နှစ်ရှည်သီးပင် စိုက်ရတဲ့ ဥယျဉ်မှူးစိတ်ဓာတ်မျိုး ရှိဖို့လိုတယ်၊ ‘ကိုယ် စားရမှ စိုက်မယ်’ ဆိုတဲ့ စိတ်မျိုးနဲ့တော့ နိုင်ငံရေးသမားကောင်း မဖြစ်နိုင်ဘူး”



အိန္ဒိယနိုင်ငံရောက် မြန်မာသတင်းမီဒီယာသမားများ

နေ့စွဲ - ဇူလိုင်လ ၁၈ ရက်။ ၂၀၀၇ ခုနှစ်၊

Labels:

posted by မြင့်ဇေ @ 10:31 PM   0 comments
ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမျိုးသားညီလာခံနှင့်ပတ်သက်၍ ထုတ်ပြန်ချက်
Saturday, July 21, 2007

Labels:

posted by မြင့်ဇေ @ 9:47 PM   0 comments
အာဇာနည်နေ့အခမ်းအနား ဓာတ်ပုံများ
Thursday, July 19, 2007

အမျိုးသားဒီမိုကရေစီအဖွဲဏ္ဍချုပ်မှာ ကျင်းပတဲ့ အခမ်းအနားဓာတ်ပုံများ
ပုံများကို ဆက်လက်ကြည့်ရှုလိုပါကအောက်ပါ လင့်ခ်ကို နှိပ်ပါ။

http://www.democraticforumburma.org/photos.html

Labels:

posted by မြင့်ဇေ @ 8:44 PM   0 comments
လွတ်မြောက်ရေးတိုက်ပွဲတွေရှိရာဆီ ကျနော်လာခဲ့တယ် (၂)


ရထားကလည်း တလိမ့်ချင်းပါပဲ။ သတိတရဖြစ်မှုကလည်း တလိမ့်ချင်းပါပဲ။ ကျနော် အိမ်ပေါ်ကနေ ခဏခဏ ဆင်းဖူးတယ်။ အမေကပဲ `နင့်လို့ သားမျိုး ကို မောင်းချရမယ်´ဟဲ့လို့ ခဏခဏ နှင်ချဘူးတာ။ ကျနော်ကလည်း တော်တော်ဆိုးပါတယ်။ နှင်ချတိုင်း ကျနော်ဆင်းသွားတာက နောက်ဖေးကျော ချင်းကပ်က အိမ်ကို။ အိမ်ကဆင်းတော့ ဟန်ကျပန်ကျ။ အိတ်တွေဘာတွေ ယူ၊ အ၀တ်အစားတွေ ထည့်၊ ပြီးတော့ နောက်ဖေးအိမ်မှာ သွားအိပ်နေတာ။ မနက်ကျမှ `အမေ့အိမ်လောက် ဘယ်အိမ်မှ မကောင်းဘူးဆိုတာ ကျနော်သိပါပြီ၊ အမေ´လို့ အမေ့၇င်ခွင် ခေါင်းထိုးပြောတော့ မျက်နှာက တင်းနေပေမယ့် အမေ့မျက်လုံးက အပျော်တွေနဲ့ ရွှန်းစိုနေခဲ့တယ်။

အိမ်က ကျနော်ပုံမှန်ဆင်းရရင် တညပါပဲ။ အမေလည်း ကျနော့်ကို တညထက် ပိုပြီး မျက်စေ့အောက်က အပျောက်မခံနိုင်ခဲ့ဘူး။ တခါ ကျနော်လည်း ဒေါသထွက်၊ အမေလည်း အရမ်းစိတ်ဆိုးတဲ့ အခါတုန်းကတော့ ကျနော်ထွက် သွားဖို့ စဉ်းစားသေးတယ်။ အဲဒီညတွင်းချင်းပဲ ကျနော့်သူငယ်ချင်းတွေ ကို လိုက်ရှာခိုင်းတာ ကားဂိတ်၊ ရထားဂိတ်အနှံ့ပါပဲ။ ဒါပေမယ့် ကျနော်လည်း ဘယ်ဝေးဝေးသွားနိုင်မှာ လဲ။ ဘယ်သူကများ အမေ့လောက် ကျနော့်ကို စိတ်ရှည်သည်းခံ နိုင်မှာလဲ။

ဒါပေမယ့် ဒီတခါကတော့ အိမ်ကနေ ထွက်ခဲ့ရတာ တည ထက်ပိုမယ်ဆိုတာ အမေရော၊ ကျနော်ရော သိရက်နဲ့ မေ့တိမေ့မောနေခဲ့တယ်။ ဒီတခါတော့ တဘ၀လုံးနီးနီးလောက် အိမ်ပြန်မရောက်နိုင်ဘူးဆိုတာ ကျနော်လည်း သိခဲ့ပါတယ်။ အမေလည်း သိနေပါပြီ။

ကျန်ခဲ့တဲ့ ရန်ကုန်မြို့ကို ငေးရင်းတွေးလာမိတဲ့ စိတ်ကူးအပိုင်းအစတွေပါ။ လင်းအာရုဏ် မရောက်ခင်မှာ ကျနော်တို့ ပဲခူးဘူတာကို ဖြတ်ခဲ့ပါပြီ။ ပြီးတော့ စစ်တောင်းမြစ်ကူးတံတား…ရထားက လေးလေး နှေးနှေး။

ကရင်-မွန်ပြည်နယ်အ၀င်မှာတော့ နည်းနည်းရင်ထိတ်ရပါပြီ။ရထားတဲ့ သတင်းက ရန်ကုန်နဲ့ အထက်အညာက လူတွေ လာသမျှ ဖမ်းထားဆိုတာကို ထောက်လှမ်းရေးတွေက ချပြထားတယ်ဆိုပဲ။ ဒါပေမဲ့ ကျနော်က မှတ်ပုံတင် နောက်တခု ဆောင်လာတော့ သိပ်မစိုးရိမ်လှ။ ဒီလိုစဉ်းစားတာဟာ နောက် အချိန်တချို့အတွင်းမှာပဲ မှားယွင်းသွားပြီဆိုတာကို ကျနော်သိလိုက်ရတယ်။

ဖြစ်ချင်တော့ သထုံ အကျော်မှာ ကျနော်အိမ်သာထဲဝင်မိတယ်။ ဖြစ်ချင်တော့ အိတ်ကပ်ထဲထည့်ထားတဲ့ မှတ်ပုံတင်အတုဟာ လျှောခနဲ ကျသွားလိုက်တာ အိမ်သာကမုတ်ထဲကို ကွက်တိပါပဲ။ ဘာလုပ်ရမှန်း မသိဖြစ်ပြီး ပြန်ထွက်လာ။ လိုက်ပို့သူ ရဲဘော်တွေကို ပြောတော့ အားလုံးက ဝေဖန်ရေးပေးတယ်။ အသုံးမကျဘူး.. ပေါ့ဆတယ်… စသဖြင့်။ တိုက်ဆိုင်တာ ဆိုပေမယ့်လည်း ကျနော်က ပြုလုပ်သူ ဖြစ်နေတော့ ကိုယ့်ကိုယ်ကိုပဲ ကျိန်ဆဲနေမိတယ်။ အသုံးမကျတဲ့ကောင် ဆိုပြီး … ဒါရဲ့ နောက်ဆက်တွဲက လက်မှတ်စစ်လာတိုင်း အိမ်သာထဲဝင်နေရတာပါဘဲ။

အဲဒီလို ကသိကအောက်ဖြစ်ရမယ် ကိစ္စ ကလွဲပြီး မုတ္တမရောက်သွားတယ် .. ပြီးတော့ မွန်တို့ဌာနေ ရာမညလည်း စေ့ငှအောင် မကည့်ဖြစ်တော့ဘူး။ တန်းပြီးကားပေါ်တက် မော်လမြိုင်နဲ့ သိပ်မဝေးလှတဲ့ ဖားအောက်ကျေးရွာကို ရောက်သွားတယ်။ ဒါက စခန်းတထောက်ပေါ့။

ဖြစ်ချင်တော့ ကျနော်တို့ တည်းခိုတဲ့ အိမ်နေရာက အပျိုမတွေ ချည်းသက်သက် မွေးထားတာ။ အဲဒါနဲ့ နေရေးထိုင်ရေးကို စဉ်းစားတော့ ဒီမှာတော့ နေလို့ မကောင်းလှဘူး။ ပတ်ဝန်းကျင်ကလည်း သတိထားမိ မယ်ဆိုပြီး ကျောကိုလယ်ကွင်းတွေဘက် ပေးထားတဲ့ လယ်တဲလေး (အိမ်နဲ့တော့ မဝေးလှပါ) မှာ တည်းလိုက်တယ်။

အဲဒီကာလက စီးပွားရေးကလည်း ဆိုးသထက်ဆိုးလာပြီမဟုတ်လား။ ကိုယ်တည်းမိတဲ့အိမ်ကလည်း မိသားစုများတယ်ဆိုတော့ ထမင်းစားရတာ အားနာလာတယ်။ အဲဒါနဲ့ ထွက်ရမယ့်လမ်းကို အမြန်ရှာရတော့တယ်။

လမ်းက နှစ်လမ်းစုံစမ်းရတယ်။ တခုက ကြာအင်းဆိပ်ကြီးကို ဆန်တက်ပြီး သွားတဲ့လမ်း၊ နောက်တခုက ရေးနားက ဖြတ်တဲ့လမ်း။ အဲဒါနဲ့ ဘယ်ဟာ အဆင်ပြေမလဲ မေးကြည့်တော့ ကြာအင်းဆိပ်ကြီး က ပိုလွယ်နိုင်တယ်ဆိုတဲ့ ကောက်ချက်က ထွက်လာတယ်။

တည်းတဲ့အိမ်က လူတွေလည်း ရိပ်မိတန်သလောက် ရိပ်မိနေပြီ။ ရွာထဲက တချို့လူတွေလည်း သိနေကြပြီ။ ဒါနဲ့ ကျနော်တို့ အမြန်စီစဉ်ရတော့တယ်။ ၁၉၈၉ ခုနှစ် သြဂုတ်လ နှောင်းပိုင်းကာလမှာ … ကြာအင်းဆိပ်ကြီးလမ်းက ကျနော်တို့အတွက် မြွေကိုက်တဲ့လမ်းဆိုတာ အဲဒီခရီးစဉ်မှာမှ သိရတော့တယ်။

Labels:

posted by မြင့်ဇေ @ 10:23 AM   1 comments
အာဇာနည်ဗိမာန်
Tuesday, July 17, 2007


သြော် အဆောင်ဆောင် နန်းတွေ ကြဌန်းတွေနှင့်နှော
အခေါင်မမြန်းခင်က
အောင်စာတန်း ချို့ စေဖို့၊ အောင်ပန်း ညှို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၄င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန်းမရဏာ စမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံပုဝါ အုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုလ်ချင်။

သြော် တပည့်အရင်းတွေမို့
က၀ိ မတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု
သောက ဗလောင်ဆူတော့
တောင်ဇဗ္ဗူ ပုဂံခေတ်ဆီက
ယခေါင်မူ ယမန်သနစ်တွေပေါ့
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒီဇဗ္ဗူ ရမ်းနေကြ
ကျန်ရစ်ကဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်
လူကြမ်းဒမြ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ
ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်
ရွှေမြန်မာဘုံမှာ အမင်းမင်း သမ္မတတွေနဲ့
သတင်းလှတဲ့ အင်းဝ ရာဇာအမွန်သာလွန်မင်းကိုမှ
သားရင်း ရှင်တရုတ်ကယ်က
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့်
ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့
ဟိုအရင် ယမန် နန်းတော်စီးစဉ်က
အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေ ဆုံးပုံနဲ့
တထုံး နောက်တနဲမှာတော့
မင်းရဲ နန္တမိတ် ခများညီသနင်းပေပေါ့
ပြည်မင်း ဂုဏ်ခံလို့
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်
မွန်တိုင်းနယ် ရွှေပြည်တခွင်မတော့
ဓမ္မစေတီဘုရင်း လက်ထက်တုန်းဆီက
လက်ရုံးရည် တသိန်လျှမ်းပေတဲ့
သမိန်ပရမ်း ဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်
မဟုတ်တရုတ် အကောင်တေလေ တစေ ကိုက်တာနဲ့
သြော်ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော
မရေမရာ သေရွာဆိုက်သလိုပါ့
အခိုက်အခါ မတူလို့မို့
ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့
ငါတလူ ငါသရမ်းရော့ မဟဲ့လို့
သာခန်း ပလ္လင် ညွှန်းပြီး
မြင်ကွန်းပိုင် သူပုန်ထစဉ်က
ကြုံရသူ မသာတော်နှင့်
ပမာသော် တူတယ်လို့ နှိုင်းမိတယ်
ရိုင်းသနဲ့ အတိတ် ယခင်လိုနော်ကွယ်
စစ်ကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့
မှိုင်းရဲ့ စိတ်ထင်။

မင်းစိတ်မင်းမာန် အကြံအဖန် တင်းလိုက်ပုံက
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့
ရန်ခပင်းတဲ့ မောင်းကာနှင်
ဒေါင်းမြန်မာတခွင်မှာဖြင့် အထက်သခင်သဘော
(အိုကွယ်) တကောင်း ရာဇ၀င်ကိုတဲ့ ဆက်ချင်သဘော။

နန်းမြို့တည်ရန်
မှန်းလို့ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထို လူ့ခ၀ဲကို မကြည်ညိုတဲ့
ဝသီအလို တဖြည်းဖြည်းရူးမဟဲ့လို့
တနွေးနွေး မူးမူးပြီးခွေးဘီလူးလို အကောင်မိုက်တွေက
သြော် အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ပဲ မိုက်မပေါ့လို့
ဗြောင်ကိုက်သဟာမှာ ယာယီ ယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့
ဂနာမငြိမ် တာဝတိံယွန်းကြပေါ့
ဖြေမကြည် နေရီတော့ လွမ်းစေဖို့
မြန်မာပြည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့
အစွမ်းကုန် သည်တခါဖြင့်
ပြည်ရွာညီညာဖို့ အုပ်ပေပေါ့
သုသာန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန် ပုထိုးကိုဖြင့်
ပါရမီ အဓိဌာန် တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့
မြန်မာမတော့ ပူစရာဖို့
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက
ဖောင်နန်းကုတို့နှင့်
အကြေဒဂုံတည်းဟူသော ရေစုန်မျောလေရဲ့
သြော် တောင်နန်းမြောက်နန်း အဆောင်ဆောင် ကြဌန်းနဲ့
အခေါင် မမြန်းရခင်က အောင်ပန်း ညို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော။ ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း
၁၉၄၇

Labels:

posted by မြင့်ဇေ @ 10:09 PM   0 comments
အာဇာနည်နေ့နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ကျော်ဇော၏ ပြောပြချက်
ကိုယ်တိုင်ရေးအထ္တုပတ္တိ အပိုင်း ၃ စာမျက်နှာ (၇မှ ၁၀အထိ ကောက်နှုတ်ဖော်ပြပါသည်။)

ဘီဘီစီ. မေးခွန်းအမှတ် (၁)၊ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန်သတ်သူဟာ ဘယ်သူလို့ ခင်ဗျားထင်မြင်ပါသနည်း၊
ဖြေ၊ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန်သတ်သူဟာ ဗြိတိသျှအစိုးရ ဖြစ်ပါတယ်၊ သူတို့ရဲ့လုပ်ကြံမှုကြီး ဖြစ်ပါတယ်၊

ဘီဘီစီ. မေးခွန်းအမှတ် (၂)၊ ဘာကြောင့်ဒီလိုပြောနိုင်ပါသနည်း၊
ဖြေ၊ အဘယ်ကြောင့်ဆိုသော် - ဗိုလ်ချုပ်အသတ်ခံရတာမှာ အကြောင်းရင်း (၄) ခုရှိတယ်လို့ ကျနော် ထင်မြင်ပါသည်၊


(က) ပထမအကြောင်းကတော့ ဗိုလ်ချုပ်သည် တိုင်းပြည်တပြည်လုံးကို စည်းလုံးညီညွတ်အောင် လုပ်နိုင်သူခေါင်းဆောင် ဖြစ်ပါသည်၊ ထို့ကြောင့် ဗြိတိသျှ တို့သည် မြန်မာပြည်တပြည်လုံး စည်းလုံးညီညွတ်သွားမှာကို ကြောက်ကြပါသည်၊ွှသည်မှာ အဓိကအကြောင်းရင်း ဖြစ်သည်၊
(ခ) ဒုတိယအကြောင်းမှာ ဗိုလ်ချုပ်သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြန်ပြီးစည်းလုံးညီင်္ညွတ် သွားနိုင်ပါသည်၊ ဗြိတိသျှတို့သည် ဤအချက်ကိုလည်း ပူပန်စိုးရိမ်ကြသည်၊
(ဂ) တတိယအကြောင်းမှာ ဗြိတိသျှတို့အနေနဲ့ ဗိုလ်ချုပ်ကိုဖယ်ရှားနိုင်လိုက်ရင် ဗမာပြည်ကိုလွယ်ကူစွာ ကိုင်တွယ်သွားနိုင်မည်ဟု ယူဆကြသည်၊
(ဃ) စတုတ္ထအချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်မှာ ဗြိတိသျှတို့. အုပ်စိုးမှုကို လက်နက်ကိုင်.ပြီး လွတ်လပ်ရေး အတွက်တိုက်ခဲ့သူ ဖြစ်သဖြင့် နောင်ဤကဲ့သို့မျိုး ဗြိတိသျှအင်ပါယာမှာ မပေါ်ရဲအောင် လက်စားချေဆုံးမရန်အတွက် တန်ပြန် သတ်ဖြတ်လိုခြင်း ဖြစ်ဟန်ရှိသည်၊
ဤအဖြေအတွက် အထောက်အထား အချက်အလက်များ ထင်မြင်ချက်များပေးရန် လိုတဲ့အတွက် အောက်ပါအတိုင်း အချက် တချို့ကို တင်ပြလိုက်ပါသည်၊
၁၊ ပထမအထောက်အထား၊
ဦးစော လက်နက်ကိုင်ရာဇ၀တ်မှုကြီး တခုအတွက် စီစဉ်လှုပ်ရှားနေသည်များကို ဗြိတိသျှအစိုးရက ကြိုတင်သိရှိနေခဲ့ပါသည်၊ ထိုလှုပ်ရှားမှုများသည် ဗိုလ်ချုပ်အောင်ဆန်းကို ဦးတည်နေသည် ဆိုသည်ကိုလည်း တို့နားလည်နိုင်သည်၊ ထိုကိစ္စနှင့်ပတ်သတ်၍ ကျနော်မှတ်မိနေတာ (၂) ချက်လောက် ရှိပါသည်၊
ပထမအချက်။ အစိးု ရပုလိပ်အဖွဲ့က ဗိုလ်ချုပ်တို့ လုပ်ကြံမှုအရေးအခင်းမပေါ်ခင်ကတည်းကဦး စောရဲ့ အိမကို အိမ်နီးချင်း ခြံတခြံအတွင်းက သစ်ပင်ပန်းပင်တွေအကြား အမြဲစောင့်ကြည့်ဖို့ အလှည့်ကျ တာဝန်ချပြီး စောင့်ကြည့်ရတဲ့ အထဲမှာ ကျနော် နှင့် ဆွေမျိုးနီးစပ်တော်သည့် ပုလိပ်ကလေး မောင်မောင်ဆိုသူ (နောင် စစ်တပ်တွင်းပြောင်းလာသည်၊) က ကျနော့်ကိုပြောပြဖူးတာတွေ ရှိပါသည်၊ ဦးစောနှင့် ခြံအတွင်းလှုပ်ရှားနေပုံတွေကို အခင်းမဖြစ်မီ တပတ်အလို သူစောင့်ကြည့်တာဝန်ကျစဉ် တွေ့ရသမျှကို အထက်ကိုအစီရင်ခံရကြောင်း သူတာဝန်မကျစဉ် အချိန်ကတည်းက စောင့်ကြည့်နေကြတာဖြစ်လို့ ဒီလို စောင့်ကြည့်နေတာဟာ တပတ်မကနိုင်ကြောင်း ဆိုပါတယ်။

ဒုတိယအချက်။ ၁၉၆၀ ခုနှစ်နှင့် (၇၀) ခုနှစ်များအတွင်း ဗိုလ်ချုပ်တို့ ကျဆုံးသော အာဇာနည်နေ့မှာမြန်မာသတင်းစာတစောင်ထဲတွင် ထိုနေ့အတွက် ဆောင်း ပါးတစောင် ပါလာပါသည၊် ဦး စောနေထိုင် သ ည့် အေဒီလမ်း နှင့် ဆိုင်သည့် မရမ်းကုန်းပလိပ်ဌာနမှ ထိုစဉ်က ဌာနအုပ်ဖြစ်ခဲ့သူ ပင်စင်စားပုလိပ်အရာရှိကြီး တဦးရေးသားသည့် ဆောင်းပါးထဲတွင် ဖွင့်ချထားသည်မှာ - ဗိုလ်ချုပ်တို့ အရေးအခင်းမဖြစ်မီ ဦးစောအိမ်ခြံအတွင်း လှုပ်ရှားဖြစ်ပျက်နေမှုတွေကို သူတို့ပုလိပ်ဌာနက ထောက်လှမ်းသိရှိပြီး အထက်သို့ အစီရင်ခံစာတွေ ရေးနေရသည်မှာ အတော်ကြာကြောင်း သူတို့လှုပ်ရှာသွားလာနေတာတွေ တွေ့ပြီး တခုခု ရာဇ၀တ်မှုကြီး လုပ်တော့မည်ဆိုသည်ကို သိနိုင်သော်လည်း အဘယ်ကြောင့်အရေးယူ ဖမ်းဆီးမှုတွေလုပ်ရန် အမိန့်မပေးသနည်း ဆိုသည်ကိုနားမလည်ကြောင်း ရေးသားထားပါသည်၊

ဤကိစ္စတွင် ဦးစောလှုပ်ရှားမှုတွေက ရာဇ၀တ်မှုကြီးတခုခု လုပ်တော့မည်ဆိုသည်ကို ဗြိတိသျှအစိုးရအနေနှင့် တော်တော်စောစောကတည်းကသိနေပြီး၊ ဘာကိုရည်ရွယ်သည်ဆိုတာလည်း သိနားလည်နိုင်ပါလျက် ထိထိရောက်ရောက် ကြိုတင်အရေးယူမှု ဘာမှမလုပ်ကြသည်မှာထင်ရှားပါသည်။
၂၊ ဒုတိယအထောက်အထား၊
က၊ ထိုကာလထုတ်ဝေသော သတင်းစာ၊ စာနယ်ဇင်းနှင့် စာအုပ်များအရ သိရှိချက်များ ဖြစ်ပါသည်၊ အင်္ဂလိပ်လူမျိုး ကပ္ပတိန်ဗီဗီယန်းနှင့်ဘရင်းဂန်းအလက် (၂၀၀) လက်နက်မှုကြီး ဖြစ်ပါသည်၊ ဗီဗီယန်းသည် စစ်ဘက်မှ ပုလိပ်ဘက်သို့ မကြာမီကမှပြောင်းလာသူ ဖြစ်ပါသည်၊ ပုလိပ်လက်နက်ပစ္စည်း ထောက်ပံ့ရေး ဌာန ရာဇ၀တ်ဝန်ကလေး ဖြစ်သည်၊ ဗီဗီယန်းက ဦးစောကို ဘရင်းဂန်းအလက် (၂၀၀) ထုတ်ပေးခဲ့သည်၊ ၂၄၊ ၆ ၊ ၄၇ နေ့တွင် ဦးစော၏ လူရင်းဖော်ကောင် ဘညွန့်နှင့် အဖွဲ့က ပုလိပ်ယောင်ဆောင်၍ ဗိုလ်တထောင် အမှတ် ၂၂၆ အခြေစိုက် လက်နက်တိုက်မှ ဗီဗီယန်းနှင့် ဦးစောတို့၏ စီစဉ်ပေးမှုဖြင့် လာရောက်ထုတ်ယူသွားခဲ့သည်၊ ထိုစဉ်က ထုတ်ယူသွားသည့် လက်နက်များမှာ ဘရင်းဂန်းသေနတ် အလက်
(၂၀၀)၊ ပြောင်းပို (၂၀၀) နှင့် မဂ္ဂဇင်း ကျည်ကပ် (၈၀၀) တို့ကို အလွယ်တကူထုတ်ယူ သွားခဲ့ကြသည်၊

ခ၊ ဒုတိယအကြိမ် ဗီဗီယန်းက ဦးစောအား ခဲယမ်းကျည်ဆန်များ နောက်ထပ်ထုတ်ပေးပြန်ရာ အရင်တခေါက်အတိုင်း ဦးစော၏ လူရင်းဖော်ကောင် ဘညွန့်နှင့် အဖွဲ့က ၁၀ ၊ ၇၊ ၄၇ နေ့က (၁၆) မိုင်ရှိ မင်္ဂလာဒုံ အခြေစိုက် ခဲယမ်းမီးကျောက်တပ်မှ သွားထုတ်ယူခဲ့ သည်၊ ထုတ်ယူသွားခဲ့သော ပစ္စည်းများမှာပွိုင့် (၃၀၃) ရိုင်ဖယ်နှင့် ဘရင်းသေနတ်ကျည်ဆံ (၁၀၀.၀၀၀)။ စတင်းကျည်ဆံ (၂၅.၆၀၀) (စစ်တပ်ထုတ် တပ်မတော်သမိုင်းတတိယတွဲ-နှာ ၁၄၉ တွင်ကျည်ဆံ (၂၅.၆၀၀) လို့သာဆိုထားရာ ထိုဂဏာန်း ပိုမှန်နိုင်) လက်ပစ်ဗုံး (၂၀၀) တို့ဖြစ်သည်၊ ထိုစာရင်းတွင် စတင်းဂန်းမည်မျှဟု မပါသော်လည်းအရေးအခင်းကြီးပြီးစ (၂၁ ၊ ၇ ၊၄၇) နေ့တွင် ဦးစောအိမ်အနီးရှိ ရေကန်ထဲတွင် သတင်းအရရှာဖွေရာတွင် ရေကန်အတွင်း ရေအောက်လေလုံသေတ္တာတွေအတွင်းတွင် ထည့်ထားသော ဘရင်းဂန်းအလက် (၁၇၀) နှင့် စတင်းဂန်းအလက် (၁၀၀) တို့ကို တွေ့ရှိရမိသည်ဟု ထိုကာလ စာနယ်ဇင်းများတွင်
ဖော်ပြခဲ့ပါသည်၊
ဂ၊ ထိုဘရင်းဂန်း အလက် (၂၀၀) နှင့် ကျည်ဆံများကိစ္စမှာ လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ပါဝင်ကြောင်း ကြီးမားသော အထောက်အထားကြီးဖြစ်ပေသည်၊ဤမျှလောက်များပြားသော (အစိုးရခြေလျင်တပ်ရင်း ၆ ရင်းစာခန့်ဖြစ်ပြီး ထိုကာလ ဗမာ့ တပ်မ တော် တပ်ရင်းများ၏ ထက်ဝက်စာဖြစ်သည်၊) လက်နက်များကို ဦးစောဝယ်ယူတာလည်းမဟုတ်။ ဗီဗီယန်းက ထုတ်ပေးတာသာဖြစ်သည်၊ ဤမျှလောက်များပြားသော လက်နက်ခဲယမ်းများကိုအထက် အာဏာပိုင်တို့. သဘောထားမပါဘဲ ထုတ်ပေးတာမဖြစ်နိုင်၊ ဗီဗီယန်းအတွက် ကိုယ်ကျိုးငွေကြေး ရရှိတာလည်း မရှိပေ၊ အလွန်ထင်ရှားသည့် အချက်ကြီး ဖြစ်ပေသည်။

ဃ၊ ထိုလက်နက်များထုတ်ပေးခဲ့ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံသတ်ဖြတ်ရေးအတွက် တွန်းအားပေးခြင်းသာမက နောက်တွင် ကြီးမားသော ကြံစည်ချက်ကြီးတခုလည်း ရှိနေသည်ကို ကျနော်တို့ မြင်နိုင်ပေသည်၊ ဤမျှများပြားသော လက်နက် ခဲယမ်းများ ကြောင့် ဦးစောက ဗိုလ်ချုပ်တို့ကို လုပ်ကြံသတ်ဖြတ်ရုံမျှမက နောက်ထပ်ဆက်ပြီး ဗမာပြည်တွင် သူအာဏာာရရှိရေးအတွက် ပုန်ကန်ကြွမှုကြီး ဖြစ်သွားနိုင်အောင်အတွက်ပါ ရည်ရွယ်ချက်နှင့်ပေးသည်ဟုလည်း ကောင်းစွာထင်ရှား သိနိုင်သည်၊ သို့ဖြင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ပြည်တွင်းစစ်ကြီးဖြင့် ပြိုကွဲအားနည်းသွားစေရန် ကြံစည်အားထုတ်ခဲ့ ကြောင်းလည်း ခန့်မှန်းသိရှိနိုင်ပေသည်၊

၃၊ တတိယအထောက်အထား၊
က၊ ဦးစောသည် လုပ်ကြံမှုကြီးအတွက် ၁၉၄၆ ခုနှစ် ကစပြီး လက်နက်ခဲယမ်းများ စုဆောင်းနေရာ ကုက္ကိုင်း အမှတ် (၁) ဘီအီးအမ်အီးတပ်မှ
တပ်မှူး အင်္ဂလိပ်လူမျိုး မေဂျာ စီ အိပ်ခ်ျ အိပ်ခ်ျ ရန်းနှင့် ရင်းနှီးကြပြီး ၄င်းထံမှ ဆပ်မရှင်းဂန်းတလက် အမေရိကန်ကာဘိုင် (၃) လက် စတင်းသေနတ် (၁)လက်၊ တော်မီသေနတ် (၂) လက်၊ လူဂါပစ္စတို (၁) လက်၊ ခြောက်လုံးပြူးသေနတ် (၂) လက် နှင့် ယမ်းတောင့်များကို ရယူခဲ့သည်၊

ခ၊ ထို့ပြင် အင်္ဂလိပ်လူမျိုး ဗိုလ်မှူးလန်းစိန်းထံမှလည်း စပရင်းဖီးရိုင်ဖယ်သေနတ် (၁) လက်၊ တော်မီသေနတ် (၂) လက်၊ ကာဘိုင်သေနတ်(၁) လက် နှင့် ယမ်းတောင့်များကို ရရှိခဲ့သည်၊ (၄င်းလက်နက်များမှာ အချို့ကိုငွေပေး ၀ယ်ယူပုံရသည်၊)
ဂ၊ ထို့ပြင်သတင်းစာများ အဆိုအရ ဗိုလ်ချုပ်ကိုပစ်သတ်သော ကျည်ဆံမှာ အလွန်ပြင်းထန်ပြီး အဆိပ်ပါသောကျည်ဆံဟု ဆိုကြသည်၊မိုင်းပွန်စော်ဘွားကြီး ဒဏ်ရာမပြင်းဘဲ သေဆုံးရသည်ဟု ဆိုသည်၊
ဃ၊ .လက်နက်များမှာ လုပ်ကြံမှုကြီးအတွက် အင်္ဂလိပ်ဗိုလ်မှူး နှစ်ဦးထံမှ ဦးစောက အခိုင်အမာ ကြိုတင်ရရှိထားခြင်းဖြစ်သည်၊
အထက်ပါဒုတိယနှင့် တတိယအထောက်အထားကြီး နှစ်ခုသည် လုပ်ကြံမှုတွင် ဗြိတိသျှအစိုးရ ပါဝင်ကြောင်း အလွန်ထင်ရှားသော
အထောက်အထားများဖြစ်သည်၊

၎၊ နောက်အထောက်အထား အချို့ကတော့။ ဗိုလ်ချုပ်လုပ်ကြံခံရမှု လိုက်လံစုံစမ်းစစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ ထိုစဉ်က ဒုတိယပုလိပ်မင်းကြီး ဖြစ်ခဲ့သူ ကွယ်လွန်သူဦးထွန်းလှအောင်သားဦးခင်အောင်က ၁၉၉၃ ခုနှစ်လောက်ကရေးခဲ့တဲ့ အောင်ဆန်းကို ဘယ်သူသတ်သလဲ စာအုပ်မှ လိုရင်းကို ဘီဘီစီက၁၉၉၃ ခုနှစ်အတွင်း အသံလွှင့်ချက်များကို ကျနော်ရရှိထားရာ ထိုအထဲမှ အတောက်အထားအချို့ကို ဆက်လက်တင်ပြသွားပါမည်။

၅၊ စတုတ္ထအထောက်အထားမှာ၊
က၊ ဦးခင်အောင်စာအုပ် ဖော်ပြချက်အရ ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီး တပတ်လောက်တွင် ဇူလိုင် (၂၅) ရက်နေ့လောက်တွင် ဗြိတိသျှအစိုးရဤလုပ်ကြံမှုကြီးမှာ ပါဝင်ပတ်သက်နေသည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့နေခဲ့မှုကြောင့် ဦးနုအစိုးရသည် ဗြိတိသျှတို့. ဆန္ဒနှင့်လည်း ကိုက်ညီအောင်အောက်ပါကြေညာချက်တခု ထုတ်ရန်စီစဉ်ခဲ့သည်၊ ၄င်းမှာဤလုပ်ကြံမှုကြီးတွင် အင်္ဂလိပ်ကိုလိုနီအစိုးရတို့ မပါဝင်ကြောင်း၊ အင်္ဂလိပ်အစိုးရနှင့်အတူ ဤလုပ်ကြံမှုကြီး၏ တရားခံအစစ်ကိုရဖို့ ကြိုးးစားရှာဖွေလျက်ရှိကြောင်း ဆိုသောတရားဝင် ကြေညာချက်ထုတ်ဖို့ပင် စီစဉ်ခဲ့ရသည်အထိ ဖြစ်ခဲ့ပါသည်၊

ခ၊ သို့သော် ၂၈၊၇၊၄၇ နေ့ထုတ် ရန်ကုန်လမ်းညွှန် သတင်းစာကြီးတွင် ပါလာသော သတင်းတပုဒ်ကြောင့် အခြေအနေပိုဆိုးဝါး လာခဲ့ရသည်၊
ဤသတင်း ဖြော်ပချက်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ ၁၉၄၇ ခု နှစ် ဇန်န၀ါရီလ အောင်ဆန်း - အက်တ လီ စာချုပ် ချုပ်ဆိုဖို့အတါက် အင်္ဂလန်ရောက်ခဲ့စဉ်က ဦးစောနှင့် သခင်ဗစိန်တို့က လက်မှတ်ထိုးဖို့ ငြင်းပယ်ခဲ့ကြသည်၊ ဦးစောသည် ဖဆပလကြီးအား ဖြိုခွဲရန်ရည်ရွယ်ချက်ဖြင့် အင်္ဂလန်မှာနေရစ်ခဲ့ကြောင်း၊ ထို့အပြင် လူဖြူများ၏ အကူအညီဖြင့် ဦးစော ငွေ (၅) သိန်း လက်ခံရရှိခဲ့ကြောင်း၊ အင်္ဂလန်မှ အရင်းရှင်အချို့က ဦးစောအား ငွေအမြောက်အမြား ပေးခဲ့ကြောင်း စသဖြင့် ရးသားထားပါသည၊် ထိုသတင်း ကြောင့် ဦးနုအစိုးရ၏ အထက်ပါ ကြေညာချက် ထုတ်ရေး အစီအစဉ်ကို မပြုလုပ်ပဲ ရုတ်သိမ်းခဲ့ရပါသည်။

ဂ၊ ထိုကိစ္စမှာ ဗြိတိသျှအစိုးရနှင့် ပဋိပက္ခမဖြစ်လိုတဲ့အပြင် ဗြိတိသျှတို့အပေါ် ကောလာဟလဖြစ်မှုတွေမှ ကာကွယ်ပေးလိုသော
ဦးနုအစိုးရသည်ပင်လျင် ထိုကာလက ဗြိတိသျှတို့နှင့် ပတ်သက်နေတဲ့ အထက်ပါလို သတင်းအမျိုးမျိုးများကြောင့် ကာကွယ်ပေးတဲ့ ကြေညာချက်မျိုးတောင်မထုတ်ရဲအောင် ဖြစ်ခဲ့ရသည်မှာလည်း ထင်ရှားတဲ့အချက်တခု ဖြစ်ပါသည်၊
၆၊ ပဉ္စမအထောက်အထား - ဤတွင်အချက်နှစ်ချက် ပါဝင်ပါသည်၊
က၊ ပထမ - ဦးစောသည် လက်စားချေရေး သက်သက်သာရည်ရွယ်ပါက ဗိုလ်ချုပ်အောင်ဆန်း တဦးတည်းသာ သတ်ဖြတ်ဖို့ဖြစ်နိုင်သည်၊ယခုမူ ဗိုလ်ချုပ်သာမက အစိုးရတဖွဲ့လုံးနှင့် ဦးနုကိုပါ လုပ်ကြံသတ်ဖြတ်တာဖြစ်သည် (ဗိုလ်ချုပ်အပါဝန်ကြီး (၇) ဦး။ အတွင်းဝန် (၁) ဦးနှင့် သက်တော်စောင့်(၁) ဦးတို့ ကျဆုံးရပြီး ကျန်ဝန်ကြီးအချို့ ကျည်ဆံမထိလို့ လွတ်မြောက်ရသည်) ထို့ကြောင့် လက်စားခြေရေး သက်သက်မဟုတ်နိုင်။ ပြီးရင်အစိုးရသစ်ရာထူးအတွက်ပါ ရည်ရွယ်သည်မှာ ထင်ရှားပါသည်၊
ခ၊ ထိုလုပ်ကြံမှုကြီးပြီးလျင် ဘုရင်ခံက ဦးစောကို အစိုးရသစ်ဖွဲ့ဖို့ ဖိတ်ခေါ်လိမ့်မည်လို့ ဦးစောကမျှော်လင့်ချက် ရှိနေသည်၊ ဦးစောကိုဖမ်းရာတွင်
သူ့အိမ်၌ `ဦးစော။ ၀န်ကြီးချုပ်´ ဆိုသောစာတန်းနှင့် လုပ်ထားသော တံဆိပ်တုံးကိုပင် တွေ့ရကြောင်း ဦးခင်အောင်စာအုပ်အရ သိရ သည်၊ ထိုကိစ္စကိုသတင်း စာများနှင့် ဘီဘီစီအသံလွှင့်ချက်များတွင်လည်း ဖော်ပြကြသည်၊ ထိုသို့ဖြစ်လျှင် ဤကဲ့သို့သော မျှော်လင့်ချက်မျိုး ရလာအောင် မည်သူတွေက လမ်းခင်းပေးသနည်း။ ဤသည်မှာ ဦးစောက လုပ်ကြံလာဖို့ လှုံ့ဆော် တိုက်တွန်းပေးသည့် အချက်ကြီးမဟုတ်ပါလား၊ ဤသည်မှာ လုပ်ကြံမှုကြီးဖြစ်လာအောင် မြှောက်ပင့် လှုံ့ဆော်ပေးတဲ့ မက်လုံးကြီး မဟုတ်ပါလား၊
အထက်ပါအချက် (၂) ချက်ကြောင့်လည်း ဤလုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ ပါဝင်နိုင်ပုံကို သိရှိနိုင်သည်၊
၇၊ ဆဌမအထောက်အထား၊
ဦးခင်အောင်စာအုပ်တွင် အချက်နှစ်ချက်ထပ်တွေ့ရပါသည်၊
က၊ ပထမက ဦးစော၏ရှေ့နေဖြစ်သူ အင်္ဂလန်မှ အင်္ဂလိပ်လူမျိုးရှေ့နေ ဖရက်ဒရစ်ဟင်နရီ သည် အင်္ဂလန်ရှိ သူ့အခန်းတွင် ရုတ်တရက်လုပ်ကြံသတ်ဖြတ်ခံရသည်၊
ခ၊ ဒုတိယက ဗိုလ်ချုပ်တို့လုပ်ကြံမှုကြီးကို အလွတ်စုံထောက်နေသူ အင်္ဂလိပ်လူမျိုး အက်ဖ်ကိုလင် မှာလည်း သူ၏ စာရွက်စာတမ်းများပျောက်ဆုံးသွားကာ လူလည်း ရုတ်တရက်သေဆုံးသွားသည်။ ထိုနှစ်ဦးသေဆုံးကြောင်း ယခင်က ကျန်ာတို့ မသိခဲ့ရ။ ဦးခင်အောင်စာအုပ်အရသာသိရသည်။အလွန်စဉ်းစားကြည့်စရာများ ဖြစ်ပါသည်၊ အမှုကြီး၏အရင်းခံ အဖြစ်အပျက်အချို့ကို သူတို့သိနေသဖြင့် နောင်ပေါက်ကြားမှာစိုး၍ ယခုလို အဆုံးစီရင် လိုက်ပုံရသည်၊
ဤကိစ္စသည်လည်း လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ ပါဝင်နိုင်ပုံကို များစွာသံသယ၀င်ဖွယ် ဖြစ်သည်၊

၈၊ သတ္တမအထောက်အထား၊
ဦးခင်အောင်စာအုပ်အရ သိရသည်မှာ ဦးစောသေဒဏ်စီရင်ချက် ချခံရပြီးနောက်ကြိုးးမိန့်ပေးခံရသူများ၏ အကျဉ်းထောင်အခန်းတွင်း နေရစဉ်သူလွတ်မြောက် ထွက်ပြေးရေးအတွက် ဗြိတိသျှအရာရှိများထံ အကူညီတောင်းခံမှုဖြစ်သည်၊ ဦးစောသည် ထိုကာလတွင်းက ထောင်မင်းကြီးဦးစံတင်ကိုလွတ်မြောက်ရေးအတွက် ငွေအမြောက်အမြားပေးမည်ဟု ဆိုပြီး ချဉ်းကပ်ခဲ့ဖူးသည်။ ဦးစံတင်က ဦးထွန်းလှအောင်နှင့် တိုင်ပင်ပြီး စီမံချက်တခုလုပ်ကာ ငွေပေးရင် လုပ်ပေးမည်ဟု ပြောရာ ထိုမှစပြီး ဦးစော၏ငွေရှာပုံတော်ကြောင့် ဦးစောနှင့်ဆက်စပ်သူ အင်္ဂလိပ်များအကြောင်း အံ့သြဖွယ် တွေ့ရတော့သည်ဟု ဆိုထား ပါသည်၊ ၄င်းငွေတောင်းစာများတွင် နာမည်ဝှက်များနှင့် စကားလုံးတွေပါ ရေးထားသည်၊

က၊ ပထမဆုံး ဦးစောငွေတောင်းသူကတော့ ကပ္ပတိန်ဗီဗီယန်း ဖြစ်ပါသည်၊ (ဦးစောကို ဘရင်းဂန်း ၂၀၀ နှင့် ခဲယမ်းများ ထုတ်ပေးသူဖြစ်သည်၊)
ဦးစောသည် ၄င်းဗီဗီယန်း - လက်နက်ထုတ်ပေးမှုဖြင့် ထောင်ထဲရောက်နေမှန်း မသိပေ၊ ဗီဗီယန်းက ဦးစောထံပြန်ပေးစာတွင် ငါတို့အားလုံး စီစဉ်ပေးနိုင်သည်၊ မင်းဘာလို့ လူရှည်ကြီးကို မဆက်သလဲ ဟု ရေးထားသည်ဟုဆိုထားသည်၊
ခ၊ ဦးစော ဒုတိယအရေးတကြီး ဆက်သွယ်သူမှာ ရန်ကုန်မြို့ ဗြိတိသျှကောင်ဆယ်က မစ္စတာ ဂျွန်စတီးဝပ်ဘင်ကလင် ဖြစ်ပြီး ငွေတောင်းစာရေးပြီးဆက်သွယ်တာဖြစ်သည်၊ (၄င်းမှာ ဗြိတိသျှသံတမန်ဖြစ်၍ နိုင်ငံရေးအရ ပိုအရေးကြီးသူဖြစ်သည်) ဘင်ကလင်က ထိုစာကိုဖတ်လိုက်ရတော့ သိပ်ခြောက်ခြားပြီး စာကိုဖျက်ဆီးကာ စာလာပို့သူ ပုလိပ်အရာရှိကို မောင်းထုတ်လိုက် သည်၊ နောက်ဦးစောက ၄င်းဘင်ကလင်ထံ သြဂုတ်လ ၂၂ - ၂၃ရက်နေ့များမှာ စာတွေထပ်ပို့သည်၊ ငွေတောင်းတာသာမက ခြိမ်းခြောက်သည့်စာများပါ ရေးခဲ့သည်ဟု ဆိုပါသည်၊ သို့ရာတွင် ဘင်ကလင်ထိုစာများမရတော့ပါ၊ အကြောင်းမှာ ဦးစော၏ ပထမစာရပြီးကတည်းက သူဗမာပြည်မှ ထွက်ခွာဖို့ပြင်ဆင်ပြီး နေအိမ်မှ ကမ်းနားလမ်းဟိုတယ်သို့ ပြောင်းနေခဲ့သည်၊
သူထွက်ခွာဖို့ စီစဉ်နေတုန်း သူ့ကိုဖမ်းဖို့ ဦးထွန်းလှအောင်က ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံ အကြောင်းကြားခဲ့သည်၊ ဦးကျော်ငြိမ်းကဘုရင်ခံထံတင်ပြရာ ဘုရင်ခံက သက်သေအထောက်အထားတွေ ထပ်မံတောင်းဆိုသည်ဟု ဆိုသည်၊ နောက်တနေ့ ဦးထွန်းလှအောင်က သူမထွက်ခွာမီရုတ်တရက် ထပ်သွားပြီး ဦးစော၏ နောက်ဆုံးစာကိုပြသည်၊ ဘင်ကလင်က ထိတ်လန့် ကြောက်ရွံ့သွားပြီး သူကိုဖမ်းလို့မရကြောင်း သူ့အနေဖြင့် သံတမန်ရေးရာ အကာအကွယ်များ ရှိထားကြောင်း ပြောပါသည်၊ ဤကိစ္စအပေါ် ဦးခင်အောင်ရေးထားသည်မှာ အမှန်ကတော့ မစ္စတာဘင်ကလင်အနေနှင့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ ၄င်း ဘယ်လိုပတ်သက်သလဲဆိုတာ အသေအချာသိလို့ပဲ ဖြစ်တယ် ဟု ဆိုထားပါသည်၊ ဦးထွန်းလှအောင်က သူ့ကိုမြန်မာနိုင်ငံမှအပြီးအပိုင် ထွက်သွားရန်ပြောခဲ့သည်ဟု ဆိုပါသည်၊ ထိုနေ့ ၄၊ ၉၊ ၄၇ နေ့ကစပြီး ၄င်း ဘယ်ရောက်သွားသည် အစမပေါ်တော့ ဟုဆိုသည်၊

ဂ၊ ဗီဗီယန်သည် ဘရင်းဂန်း (၂၀၀) နှင့် ကျည်ဆံများစွာ ဦးစောကိုထုတ်ပေးခဲ့သူဖြစ်၍ ဤလုပ်ကြံမှုနှင့် ပတ်သတ်ရာတွင် အရေးအပါဆုံးသူဖြစ်သည်၊ နောက်ဘင်ကလင်ဆိုသူမှာလည်း ဗြိတိသျှသံတမန်ဖြစ်၍ အရေးပါသူပင်ဖြစ်သည်၊ ဗိုလ်မှူးယန်းကို ဖမ်းဆီးပြီးစစ်ဆေးသောအခါတွင်လည်း၎င်း ဖြောင့်ချက်အရ ဦးစောနှင့် ဗြိတိသျှကောင်ဆယ်မှ ဘင်ကလင်တို့. ဆက်သွယ်မှုသည် သာမန်ထက်ပို၍ ဆက်သွယ်မှုရှိကြောင်း ဆိုထားပါသည်၊ ဗြိတိသျှအစိုးရမှ ထိုအရေးပါသူ (၂) ဦးထံသို့ ဦးစောက အရေးကြုံသောအခါ ငွေတွေအတင်းလှမ်းတောင်းယူပုံတွေကို ထောက်၍ထိုလုပ်ကြံမှုတွင် ဗြိတိသျှ အစိုးရတို့ပါဝင်နိုင်ပုံကို သိမြင်ယူဆနိုင်ပေသည်၊

၉၊ နောက်ဆုံး အဌမအထောက်အထားမှာ -
ဦးခင်အောင်စာအုပ်အရ အထက်ပါဗီဗီယန်း၏ နောက်ဆုံးအဖြစ်အပျက်ပင် ဖြစ်ပေသည်၊ ဖော်ပြထားပုံအရ ၄င်း ဗီဗီယန်းသည် ၁၉၄၉ ခုနှစ်မေလ အင်းစိန်တိုက်ပွဲမှ ကရင်များဆုတ်သွားရာတွင် အင်းစိန်ထောင်မှ လိုက်ပါသွားပြီး ၁၉၅၀ ခုနှစ်အထိ ကော့ကရိတ်မြို့အနီးတွင် စောဘဦးကြီးနှင့်အတူ ရှိနေခဲ့သည်၊ မြန်မာအာဏာပိုင်များက သူ့ကိုသတ်လိုက်ပြီဟု ဆိုသော်လည်း သူသည် ၁၉၅၀ ခုနှစ် အလယ်ပိုင်းလောက်တွင် ထိုင်းနိုင်ငံမှတဆင့် အင်္ဂလန်သို့ ပြန်သွားပြီး ၁၉၈၀ ခုနှစ်လောက်တွင်မှ ကွယ်လွန်သွားသည်ဟု ဆိုထားပါသည်၊ အမှုကြီးအတွက် အရေးကြီးပုဂ္ဂိုလ်လွတ်မြောက်သွားပုံ ဖြစ်ပါသည်၊ ဤတွင်လည်း ဗြိတိသျှအစိုးရတို့ ပါဝင်နိုင်ပုံကို ထင်ဟပ်သည်၊

အထက်ဖော်ပြပါ အထောက်အထားများကြောင့် ဗိုလ်ချုပ်တို့လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ ပါဝင်ကြောင်း ကျနော် ကောင်းစွာထင်မြင်ယူဆပါသည်၊ အထက်ဖော်ပြပါ အထောက်အထားများအနက် နံပါတ် (၂) ဗီဗီယန်းက ဦးစောအား ဘရင်းဂန်း (၂၀၀) နှင့် ကျည်ဆံများထုတ်ပေးမှုသည်၊ဗြိတိသျှအစိုးရတို့ ပါဝင်ကြောင်းအထင်အရှားဆုံး အချက်ကြီးဖြစ်သည်၊ ဒုတိယ ထင်ရှားသည့်အချက်မှာ နံပါတ် (၃) အရ လုပ်ကြံရေးအတွက် လက်နက်များ ကျည်ဆံများရောင်းတဲ့ ဗိုလ်မှူးယန်းနှင့် လန့်စဒိန်းတို့အမှုဖြစ်သည်၊ ဗီဗီာန်း ၏ဘရင်းဂန်း ၂၀၀နှင့် ကျည်ဆံများဦးစောအား ထုတ်ပေးမှုသည် လုပ်ကြံမှုကြီး ဖြစ်ရန် တွန်းဆော်ပေးရုံသာမျှမက နောက်ပိုင်းဦးစော အာဏာရရေး ပုန်ကန်ကြွရေးအတွက်ပါ ရည်ရွယ်သည်ဖြစ်သဖြင့် ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း.ဖဆပလ တပ်ပေါင်းစုကြီးအောက်တွင် စည်းလုံးညီညွတ်လာနေသော မြန်မာပြည်ကြီးကိုလည်း ပြည်တွင်းစစ်ဖြင့် ဖြိုခွဲအားနည်းသွားစေရန် လုပ်သောလုပ်ကြံမှုကြီးတခု လည်းဖြစ်သည်၊ ၄င်းမှဆက်၍ တွေးခေါ်နိုင်သည်မှာ ဦးစောလုပ်မသွားနိုင်သည့် နောက်ပိုင်းဖြစ်လာသော ဗမာပြည်၏ ပြည်တွင်းစစ်များ ဖြစ်လာအောင် လုပ်ရာတွင်လည်း ဗြိတိသျှအစိုးရတို့ တနည်းတဖုံပါဝင်ကြသည်ကို မျှော်မှန်းသိမြင်နိုင်ပေသည်၊
အထက်ပါအကြောင်းများကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်မှုတွင် ဗြိတိသျှအစိုးရတို့ ပါဝင်သည်ကို ကျနော်ထင်မြင်ယုံကြည်ရုံမျှမက ယခုနှစ် (၅၀) ကျော်ကြာ ဗမာပြည် ပြည်တွင်းစစ်ကြီး ဖြစ်လာအောင် ဖန်တီးကြရာတွင်လည်း ဗြိတိသျှအစိုးရတို့ တနည်းတဖုံပါဝင်နိုင်ကြောင်းလည်း ကျနော်ထင်မြင်ယူဆပါသည်၊

ဤသည်များမှာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှု အနှစ် (၅၀) မြောက် အထိမ်းအမှတ်အတွက် ဘီဘီစီအသံလွှင့်ဌာနမှ ကျနော်နှင့် တွေ့ဆုံမေးမြန်းခန်းမှ မေးခွန်း အမှတ် (၁) (၂) နှင့် ၄င်းတို့အပေါ် ကျနော်. ဖြေကြားချက်များ ဖြစ်ပါသည်၊

Labels:

posted by မြင့်ဇေ @ 2:06 AM   0 comments
စာမျက်နှာသစ်တခု
Saturday, July 14, 2007

တသက်လုံးစာအတွက်
ဗွီဒီယိုနှစ်ခွေက ဖေါ်ကျူးနိုင်ပါသလား။

ဘ၀ဆိုတာ ခပ်ပါးပါးပေမယ့်
ခေတ်ကပြဌာန်းတော့
သံတိုင်တွေနောက်
တောင်တန်းတွေပေါ်
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် ပစ်တင်ခဲ့သူ
(အခုတော့) ငြင်သာတိုးတိတ်အိပ်စက်ခဲ့ပေါ့။

ငါတို့ကိုယ်ပိုင်လမ်းမှာ
တစုံတယောက်ကို ဆုံးရှုံးရလေ
တရားကို ခင်တွယ်စိတ်ဟာ ပိုနက်ရှိုင်းလေ
ဦးခေါင်းကို အလေးအနက်ညွှတ်ခဲ့
ဒါဟာလည်း
သူ့ဝန်ကို မျှဝေယူခဲ့တာပါ။

တခါတလေ ပြုံးမိတယ်
မီးပန်းဆန်ဆန်
စကားလုံးနဲ့ ချီးမွမ်းမှုတွေအကြောင်း။

ကျွန်တော်ကတော့
ပွယောင်းနေတဲ့ ချစ်ခြင်းမေတ္တာတွေကြည့်ရင်း
အတူထိုင်ဖူးတဲ့
ယိုင်နဲ့နဲ့ ကွပ်ပျစ်ကလေးအကြောင်းပဲ တွေးနေမိတယ်။

၁၆၊ ၆၊ ၂၀၀၅ တွင်ကွယ်လွန်သွားသော ရဲဘော်ထက်မိုးအတွက်

Labels:

posted by မြင့်ဇေ @ 8:14 PM   0 comments
ခွဲဝေပေးရမည့်အရာများ
Thursday, July 12, 2007
ကျနော် မတတ်တခေါက်နဲပ ဘာသာပြန်ထားတာပါ။ လားအိုစ့် ၀တ္ထထုလေးတပုဒ်ပါ။ အကြောင်းအရာကတော့ မိခင်တွေရဲံ စိတ်ကို ဖွဲတာပါ။ နည်းနည်းလေး ဝေဖန် ပေးကြပါဦး။ ၀တ္ထု ရေးသူနာမည်က Outhine Bounyavong ပါ၊ အခု ဘာသာပြန်တာက လာအိုစ့်ကနေ အ၈င်္လိပ်ဘာသာကိုပြန်ပြီး ထုတ်ဝေတဲ့ စာအုပ်ါ၊ ၁၉၉၉ ။ ၀ါရှင်တန် တက္ကသိုလ် ထုတ်ဝေရေးက ထုတ်ခဲ့တာပါ။ ဖတ်ဖူးသူများ ဝေဖန်ပေးစေချင်ပါတယ်။ ကျနော်ကတော့ ယဉ်ကျေးမှုတွေ နားလည်လာနိုင်ဖို့ တခုတည်းပါ။ ၀တ်ထု နာမည်က mother's beloved ပါ

နွားလှည်းတစီးသွားဖို့သာသာလောက်သာ ရှိတဲ့ လမ်းကလေးအတိုင်း ကျနော်တို့ လျှောက် လာခဲ့ကြတယ်။ တောအုပ်အတွင်း နှစ်နာရီလောက်ဖြတ်သန်းလျှောက်ပြီးတော့ ကျယ်ပြန့်ပြီး မြက်ပင်တွေဖုံးလွှမ်းနေတဲ့ စားကျက်မြေတခုကို ကျနော်တို့ ရောက်သွားတယ်။ ကျနော်တို့ ဖြတ်လာခဲ့တဲ့ လမ်းရဲ့ ညာဘက်တကြောမှာက ၀ါခင်းတွေ၊ နှမ်းခင်းတွေ၊ သခွားခင်းတွေနဲ အခြားရိတ်သိမ်းရမယ့်သီးနှံစိုက်ခင်းတွေ။ဟိုအဝေးလှမ်းကြည့်ရင် အခြားသစ်ပင်ငယ် တွေကို အရိပ်မိုးနေတဲ့ အုန်းပင်ရှည်ရှည်တွေ။ အိမ်ခေါင်မိုး နှစ်ခု သုံးခုကို သစ်ပင်အုပ်ကြား ကနေ လှမ်းတွေ့ရတယ်။ တခြား အိမ်ခေါင်မိုးတွေကတော့ သိပ်သည်းတဲ့သစ်ကိုင်း သစ်ခက်တွေရဲ့ အနောက်မှာ ကွယ်နေတယ်။ နောက်ဆုံးတော့ ကျနော်တို့ရဲ့ ရည်မှန်းချက် ခရီးလမ်းဆုံးကို နီးကပ်လာခဲ့ပြီ။
ဒီခရီးမှာ ကျနော်နဲ့အတူ စာနယ်ဇင်းသမားနှစ်ယောက် ပါလာခဲ့တယ်။ သူတို့က ရွာနဲ့ ပတ်သက်တဲ့ စာမတတ်သူ ရာခိုင်နှုန်းကို အချက်အလက်စုဖို့ လိုက်လာတာပါ။ ကျနော်က ပညာသင်ကြားရေးမှာ အထောက်အကူအဖြစ် အသုံးချနိုင်မယ့် ကျေးလက်လူထုပါးစပ် ပုံပြင် တွေကို မှတ်တမ်းတင်ဖို့ပါ။

လမ်းဘေးအတိုင်း ကျနော်လျှောက်လာရင်း မမှားယွင်းနိုင်စိတ်ခံစားမှုတွေ၊ အမှတ်ရဖွယ်ရာ တွေ ပြန်နိုးထလာတယ်။ကျနော်ဟာ ကိုယ့်မွေးရပ်ဇာတိကို ဘယ်လို ခွဲခွာသွားခဲ့တယ်၊ ဘယ်လိုပြန်ရောက်လာခဲ့တယ်စတာတွေကို ကျနော် တွေးတောနေခဲ့တယ်။ ဖြတ်ခနဲ ပေါ်လာတဲ့ ဒီလို စိတ်လှုပ်ရှားစဖွယ် အမှတ်သညာပုံရိပ်တွေနဲ့ အတူ လျှောက်လာဆဲမှာပဲ လေထဲမှာလွင့်လာတဲ့ ခီအိုမြက် (လော အခေါ်အဝေါ်ပါ)ရဲ့ စူးရှတဲ့ရနံ့ကို ခံစားနေရတယ်။ တပင်နဲ့တပင် ပွတ်တိုက်မိနေတာကြောင့်ထင်တယ်။ ၀ါးပင်ရဲ့ အကိုင်း အခက်တွေဆီက ထွက်လာတဲ့ တဂျိဂျိ အသံ.. ။အဝေးဆီက ကြီးမားကြည်လင်တဲ့ သူတို့ရဲ့ အတောင်ပံတွေနဲ့ ရည်ရွယ်ရာမဲ့ အော်နေတဲ့ စီကာဒါ ပိုးကောင်တွေရဲ့ အသံတွေ။ ကျနော့်နားစည်ထဲမှာ လှပတဲ့ ဂီတသံတခုလို ပဲ့တင်ထပ်နေတယ်။ ကြားနေရတဲ့အသံတွေက ကျနော်ဇာတိချက်ကြွေနဲ့ တူညီလှတဲ့ ပတ်ဝန်းကျင် အနေအထားတခုကို ပဉ္စလက်ဆန်ဆန် ဖန်တီးနေပေမယ့် တကယ်တမ်းကတော့ ကျနော့်နဲအတူပါလာတဲ့ ခရီးသွားဖော်တဦးဖြစ်တဲ့ ဘွန်ခမ်း မွေးရပ်မြေကို ပြန်လာခဲ့ကြတာပါ။

သူ့ ဇာတိရွာကလေးကို ကွက်ကွက်ကွင်းကွင်းမြင်ရချိန်မှာတော့ စိတ်လှုပ်ရှားမှုအတိနဲ့ ဘွန်ခမ်းက ပြောပြတယ်။ `ကျနော် ဒီရွာကို ခွဲခဲ့တာ နှစ် နှစ်ဆယ်ရှိသွားခဲ့ပြီ။ ကျနော့်ရွာဆီ ရောက်မယ့် သယ်သွားမယ့်လမ်းကလေးကို မြင်လိုက်ရတော့ မောပန်းနွမ်းနယ်မှုတွေအားလုံး ပျောက်ကွယ်သွားသလိုပဲ။ ပန်းချီကားတချပ်ကို ဆွဲထားသလိုမျိုး ဖြစ်နေတယ်။´ ဘွန်ခမ်းရဲ့ အသံဟာ ပျော်ရွှင်ရယ်မောသံနဲ့ ပြည့်လျှမ်းနေတယ်။

ဒီနေရာမှာ သူမွေးဖွားခဲ့တဲ့ အကြောင်း။ပြီးတော့ ဒီနေရာမှာဘဲ သူအသက်ရှစ်နှစ်သားမှာ သူ့အမေ ဟာ ကွယ်လွန်သွားခဲ့တယ်ဆိုတဲ့ အကြောင်း။ သူ့ အဖေဟာ အခြားရွာက အမျိုးသမီး တယောက်နဲ့ နောက် အိမ်ထောင်ပြုခဲ့ပြီး စစ်ပွဲနဲ့ ရုန်းကန်ထကြွမှုတွေကြောင့် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေချိန် နှစ်ပေါင်းများစွာ အတောအတွင်း သူတို့မိသားစုဟာ တရွာပြီးတရွာ ပြောင်းရွှေ့ ပြီးနေထိုင်ခဲ့ရတဲ့ အကြောင်း ဘွန်ခမ်းက ကျနော်တို့ကို ပြန်ပြောပြတယ်။ အခုအချိန်တိုင်အောင် သူမွေးရပ်ကို ပြန်လာဖို့အတွက် တခါမှ အခွင့်အလမ်း လည်း မရခဲ့ဘူးလေ။ရွာမှာတော့ သူ့အမေရဲ့ အကို သူ့ဦးကြီးတယောက်ရှိနေဆဲဖြစ်ပေမယ့် အလွန့်ကို အိုမင်းနေပါပြီ။ ဘွန်ခမ်းဟာ သူ့ဦးကြီးကို လေးစားတန်ဘိုးထားကြောင်း ပြဖို့အနေနဲ့ လက်ဆောင်အဖြစ် နို့ဆီနှစ်ဘူးကို သယ်ဆောင်လာခဲ့တယ်။ လမ်းကကြမ်းတမ်းလွန်းပြီး နို့ဆီဗူး အပိုတွေက သယ်ဆောင်ရာမှာ လေးလံလွန်းမှာ ဖြစ်တဲ့အတွက်ကြောင့် ဘွန်ခမ်း အနေနဲ့ ဒီထက်ပို မယူလာနိုင်ခဲ့ပါဘူး။

`ရွာထဲက လူတွေက ခင်ဗျားကို မှတ်မိပါ့မလား´ ကျနော်မေးတော့
`ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူးဗျ၊ ဒါပေမယ့် ဦးကြီးအိမ်နေရာကို ကျနော်တိတိကျကျ မသိ တော့ လို့ ရွာထဲက လူတွေဆီမှာပဲ မေးမြန်းစုံစမ်းရမှာဘဲ။´
ကျနော်တို့လည်း ဥယျာဉ်များ၊ သစ်သီးခြံများ ပေါများကြွယ်ဝမှုကို အံ့သြချီးကျူးရင်း ဟိုကြည့်၊ဒီကြည့်နဲ့ ဆက်လျှောက်လာကြတယ်။ အဲဒီလိုနဲ့ ကျနော်တို့ရဲ့ ဘယ်ဘက်မှာရှိတဲ့ ဥယျာဉ်တခုကနေ စုံလင်လှတဲ့ ဟင်းသီးဟင်းရွက်အပြည့်နဲ့ ပလိုင်းကို ပိုးထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ထွက်လာတယ်။

`နေကောင်းရဲ့လား ဒေါ်ဒေါ်၊ ဘယ်နားမှာ နေတာလဲခင်ဗျ။´ ယဉ်ကျေးစွာနဲ့ ဘွန်ခမ်းက နှုတ်ဆက်ပြီးမေးတယ်။

`ဒီနားမှာပါပဲကွယ်´ ကျနော်တို့က မျက်နှာစိမ်းတွေဖြစ်တာကြောင့် သံသယရှိပုံရတယ်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြန်ဖြေတယ်။

`ကျနော်တို့က မြို့ပေါ်ကလာတာပါ။ ကျနော်ကို ဒီရွာမှာ မွေးခဲ့တာပါ။ ဒါပေမယ့် ကျနော် ရွာကနေ ထွက်သွားတာကတော့ နှစ်တော်တော်ကြာသွားပါပြီ။´ ဘွန်ခမ်းက ရှင်းပြနေတယ်။ အမျိုးသမီးကြီးရဲ့ မယုံကြည်မှု ပျောက်ကွယ်စေဖို့ပေါ့။
`ဟုတ်လား။ အဒေါ်ကတော့ ဒီမှာ ကြီးသွားတဲ့ မင်းတို့အရွယ်ကလေးတွေကို မမှတ်မိတော့ ပါဘူးကွယ်။ ဒါနဲ့ ဘယ်သူ့ရဲ့သား ၊ ဘယ်သူ့ရဲတူလဲ။´

ကျနော်တို့နာမည်တွေကို ပြောပြတော့ ဘွန်ခမ်းက သူ့မိဘများရဲ့ နာမည်တွေရော၊ သူ့ဦးကြီးရဲ့ နာမည်ကို ပါ ထည့်ပြီး ပြောလိုက်သေးတယ်။ ကိုယ်ဝန်ဆောင် အမျိုသမီးကြီးက သူ့ဦးကြီးကို ကောင်းကောင်းသိတယ်။ ရွာတောင်ပိုင်းမှာ နေတယ်လို့လည်းပြောတယ်။ သူကတော့ ရွာ့မြောက်ပိုင်းမှာနေတဲ့ `အမေကြီးပွန်း´ (မယ့်ပွန်း-မယ့်ဆိုတာထိုင်းမှာ အမေကို ခေါ်တာပါ။ လော က ထိုင်းနဲ့နီးတော့ လော မှာလည်းဒီစကားက အမေကို ခေါ်တာဖြစ်နိုင်ပါတယ်။ ဘာသာပြန်သူ) ဖြစ်ကြောင်းလည်း မိတ်ဆက်ပါတယ်။ ဘွန်ခမ်းက ဒီနာမည်ကို မကြား ခဲ့ဖူးကြောင်း အမူအရာပြတယ်။ ဒါပေမယ့် စကားပြောတဲ့ အခါမှာတော့ သိခဲ့လေသယောင် ပုံစံမျိုးနဲ့ ပြန်ပြောခဲ့ပါတယ်။ `အမေပွန်း၊ ကျနော်တို့ရွာရဲ့အခြေအနေကရော ဘယ်လိုလဲ´ လို့မေးတော့

အမယ်ကြီးက ရွာသူရွာသားတွေ အားလုံး အဆင်ပြေချောမွေ့ကြောင်း ပြန်ဖြေတယ်။ `သူတို့အားလုံး လုံလုံလောက်လောက်စားနိုင်ကြပါတယ်။ တယောက်တည်း လုပ်စာနဲ့ တအိမ်လုံးထိုင်စားလို့ရတယ်။ အသီးအနှံတွေကတော့ အများကြီးရောင်းရပေမယ့် အမြတ်က အရမ်းနည်းလွန်းတယ်ကွယ့်။ ဘာလို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတာကိုး၊´ အဲဒိလိုပြောပြီး လမ်းညာဖက်မှာရှိတဲ့ စပါးခင်းထဲကို ဆင်းသွားတယ်။ အိမ်က၀က်တွေအတွက် ၀က်စာကြိုဖို့ အပင်တွေ ခူးရဦးမယ်ဆိုပြီးတော့ ပြောသွားသေးတယ်။

ဘွန်ခမ်းက သူ့မှာပါလာတဲ့ နို့ဆီနှစ်ဗူးထဲက တဗူးကို ထုတ်ပြီး အမယ်ကြီးကို လှမ်းခေါ်တယ်။ ` ခဏလေး ဒေါ်ဒေါ်၊ ဒီနို့ဆီဗူးလေးကို ယူသွားပါ´လို့ပြောပြီးပေးတော့
`နတ်ကောင်းနတ်မြတ်စောင်မပါစေ၊ ငါ့သားရယ်´ ဆိုပြီး အမယ်ကြီး ဆုပေးတယ်။ ဆုပေးပြီးတော့ လမ်းခွဲထွက်ခွာသွားတယ်။

အလျင်ကလမ်းအတိုင်းပဲ ကျနော်တို့ဆက်လျှောက်လာကြတယ်။ ကျနော်ကတော့ ဘွန်ခမ်းရဲ့ ကြင်နာတတ်မှုကို ချီးကျူးနေမိတယ်။ သူ့ဦးလေးအတွက်ရည်ရွယ်ပြီး နို့ဆီနှစ်ဘူးကို ယူလာခဲ့ ပေမယ့် တဗူးကို လုံးဝမသိတဲ့ လူစိမ်းတဦးကို ပေးလိုက်တဲ့အတွက်ကြောင့်ပါ။

`ကျနော်တို့မိသားစုမှာ ဒါမျိုးလုပ်ဆောင်ဖို့အတွက် ကျနော်တို့ကို အမွေပေးခဲ့တာပါ။ အထူးသဖြင့် ကျနော်ကိုပေါ့။ ´ ဘွန်ခမ်းရဲ့ ပြန်ရှင်းပြတဲ့ စကားကြားရတော့ ကျနော့်မှာ ဂုဏ်ယူခြင်းရော၊ ၀မ်းမြောက်မှုပါ နှစ်ခုစလုံး ခံစားရတယ်။ `ကျနော့် အမေက ဒီလိုအလုပ်မျိုး လုပ်ဖြစ်ဖို့ သွန်သင်ပေးခဲ့တာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို တွေ့တဲ့အချိန်မှာ ကျနော်တို့ဆီမှာ အစားအသောက်တခုခု ပါလာခဲ့တယ်ဆိုရင် သူ့အတွက် ခွဲဝေ ပေးသင့်တယ် ဆိုတာကိုပေါ့။ နည်းတာများတာက အကြောင်းမဟုတ်ဘူး။ ဘယ်လောက်ပဲ ဖြစ်ဖြစ် ခွဲဝေ ပေးရမယ်။ ဒါဟာ ကျနော်တို့ရဲ့ ထိန်းသိမ်းရတဲ့ ရိုးရာအစဉ်အလာပဲ။ ဒီရွာက လူတော်တော်များများက ဒါကို လုပ်ကြတယ်။´

ဘွန်ခမ်းက ဆက်ပြောတယ်။ `အဖေက သူ့ကို အမေပြောခဲ့ဖူးတဲ့ ဇာတ်လမ်းတခု ပြန်ပြောပြ ဘူးတယ်။ အမေကျနော်ကို ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာပေါ့။ အမေက ရွာပြင်ထွက်ပြီး လမ်းလျှောက်ရတာကို ကြိုက်တယ်။ တရက်ကျတော့ လမ်းအတိုင်း အမေ လျှောက်နေတုန်း အမဲလိုက်ရာက ပြန်လာတဲ့ ကျနော်တို့ရွာသား လေးငါးခြောက်ယောက်နဲ့ သွားဆုံတယ်။ သူတို့က သမင်တကောင်ရလာတယ်။ အရည်ခွံလည်း ခွာပြီးသား။ အမဲလိုက်သူတွေအကြား ခွဲဝေဖို့အတွက် ခုတ်ထစ်နေတုန်း။ ဒါနဲ့ အမေ့ကို မုဆိုးတွေက သမင်သားဝေစု အများနည်းတူ ခွဲဝေပေးတယ်။ ကျနော်တို့ရဲ့ ရိုးရာအစဉ်အလာအရ ဒါဟာ ကိုယ်ဝန်ဆောင်တယောက်ရဲ့ အခွင့်အရေးပဲ။ အများဆုံးရတဲ့သူကတော့ သေနတ်ပိုင်ဆိုင်တဲ့ မုဆိုးပါပဲ။ သူက အခြားသူ တွေထက် နှစ်ဆရတဲ့အပြင် ခေါင်းရယ် ခြေလေးချောင်းရယ် အရည်ခွံရယ်ပါရတယ်။ ´

`အဲဒီညနေမှာပဲ ကျနော်မိသားစုဟာ ကြွယ်ဝခြင်းနဲ့ ကံကောင်းမှုအထိမ်းအမှတ်ဖြစ်တဲ့ သမင်သားကို စားကြတယ်။ နောက်နေ့မနက် အာရုဏ်တက်ခါနီးမှာ အမေဟာ ယောက်ျားလေး တယောက်ကို မွေးပါလေရော။ အဲဒီယောကျာ်းလေးက သူ့ရဲ့ဇာတိကို အခုလမ်းလျှောက်ပြီး ပြန်လာနေတဲ့ ကျနော်ပေါ့ဗျာ။ ´

ကျနော်တို့ အရမ်းကို စိတ်လှုပ်ရှားသွားကြတယ်။ စာနယ်ဇင်းသမားတဦးက `အဲဒီသမင်က ဘွန်ခမ်းဆိုပြီး ပြန်ဝင်စားတာ ဖြစ်နိုင်တယ်´ လို့ အရွှန်းဖောက်တော့
`ရွာသားတွေကတော့ အဲဒီလို ထင်ကြတာပဲ။ တကယ်လို့ အဲဒီသမင်ဟာ သေဆုံးပြီး နောက်သမင်တကောင်အဖြစ် ပြန်မွေးလာရင်လည်း ထပ်ပြီး အပစ်သတ်ခံရဦးမှာ သေချာသလောက်ပဲပေါ့။ ရွာသားတွေရဲ့ တဆင့်စကားကို ကျနော်ကြားရတာကတော့ ဒီဒေသက တောထဲမှာ သမင်တွေ မရှိသလောက်ဖြစ်သွားပြီ။´

`ဘယ်လောက်ဆိုးရွားလှတဲ့ ပျက်သုန်းမှုလဲ´ ကျနော်အလန့်တကြားရေရွတ်မိတယ်။ ဘွန်ခမ်းက သူ့ဇာတ်လမ်းကို ဆက်ပြောတယ်။

`ကိုယ်ဝန်ဆောင်တဦးဟာ သူ့ခန္ဓာကိုယ်ထဲက သူ့ရင်သွေး အာဟာရ ဖြစ်ဖို့အတွက် အစားအသောက်ကို ပုံစံတကျ လုံလုံလောက်လောက် စားဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တဦးဟာ အစားအစာပါလာတဲ့ တစုံတဦးကို ဆုံမိရင် ဆင်တကောင်လုံးကိုတောင်မှ စားပစ်နိုင်သလိုမျိုး အလွန်အမင်းဆာလောင်လာတယ်။ ကိုယ်ဝန်ဆောင်တဦးက ကျနော်ကို ဒါနဲ့ပတ်သက်ပြီး ပြောခဲ့ဘူးသေးတယ်။ တစုံတယောက်က သူ့ ကို အစားအသောက်ရှိရက်နဲ့ မခွဲဝေပေးဘူးဆိုရင် အဲဒီလူကို ဘယ်တော့မှ မမေ့တော့ဘူး။ သူ့အပေါ် ကြင်နာမှု မရှိတဲ့သူဆိုပြီး အဲဒီလူအပေါ် ခါးခါးသီးသီးဖြစ်မှုက ရှိနေလိမ့်မယ်။ ကျနော့်အဖေအပြောအရ အမေဟာ အပစ်သတ်ခံခဲ့ရတဲ့ သမင်အတွက် အလွန့်ကို စိတ်မကောင်းဖြစ်ခဲ့တယ်တဲ့။ သူကိုယ်တိုင်လည်း နောက်ပိုင်းသမင်သားကို ဘယ်တော့မှ မစားတော့ဘူး။ ဒါပေမယ့် သူရတဲ့ ဝေစုကိုတော့ အိမ်သားတွေအတွက် ယူလာလေ့ရှိတယ်။ ဒါမှသာ အသားစားဖို့ အခွင့်အလမ်း အိမ်သားတွေရမှာကိုး။ ကျနော့်ကို မွေးပြီးတော့ အမေဟာ အရမ်းကို ကျနော့်ကို ချစ်တယ်။ ကြင်နာတယ်။ ဒါပေမယ့် အမေဟာ သူ့ အချစ်ဆုံးသားတယောက် လူလားမြောက်ပြီး ပျော်ရွှင် နေတဲ့ မျက်နှာကိုတော့ တွေ့မြင်ရဖို့ အခွင့်အလမ်း ဘယ်တော့မှ မရတော့ပါဘူး။ ကျနော့်ကို ဘွန်ခမ်း လို့ အမည်ပေးခဲ့ပေမယ့် အမေကတော့ `ငါ့အချစ်ဆုံးလေး´ ဒါမှမဟုတ်ရင် `မေမေ့ အချစ်ရဆုံးလေး´ လို့ ခေါ်ရတာကိုပဲ နှစ်ခြိုက်တယ်။ ´

အဲဒီအချိန်မှာ ကျနော်တို့ဟာ ရွာထဲဝင်တဲ့ ဂိတ်တံခါးအနားကို ရောက်နေပါပြီ။ လမ်းကတော့ ကြမ်းလွန်းလှပါတယ်။ ဘွန်ခမ်းရဲ့ ဇာတ်လမ်းကို နားထောင်ပြီး မိခင်လောင်း ထွက်သွားရာ ဘက်ကို နောက်ပြန်လှည့်ကြည့်မိတော့ လယ်ကွင်းထဲမှာ သူရဲ့ ပုံရိပ်က ပျောက်ကွယ်လုဆဲဆဲ။ ဒါပေမယ့် ကျနော်မှတ်ဥာဏ်ထဲမှာတော့ သူဟာ စွဲထင်ကျန်ရစ်ခဲ့ပါတယ်။ ဒီကမ္ဘာထဲကို ၀င်ရောက်လာမယ့် အလွန်သေးငယ်လှတဲ့ လူသားတဦးအတွက် ကူညီဖို့ ခွဲဝေပေးရမယ့် တာဝန် ရှိတယ် ဆိုတဲ့ အသိတခုကို ပထမဆုံးအကြိမ်အဖြစ် ကျနော် ခံစားခဲ့ရတယ်။

Labels:

posted by မြင့်ဇေ @ 9:49 AM   0 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com